အံ့ဩဖွယ် ကိုဗစ်ထိန်းချုပ်ရေး ဆက်ထိန်းထားရန် WHO မြန်မာပြည်ဆိုင်ရာ ကိုယ်စားလှယ် တိုက်တွန်း

ကျော်ဖြိုးသာ
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ မြန်မာပြည်ဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာ စတီဖင် ပေါလ်ဂျော့စ် Stephan Paul Jost / ကျော်ဖြိုးသာ / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

မတ်လနှောင်းပိုင်းတွင် မြန်မာနိုင်ငံ၌ COVID-19 ဖြစ်ပွားမှုကို ပထမဆုံး အတည်ပြုခဲ့ ပြီးနောက် ၃ လ ကျော်သွားခဲ့ပြီဖြစ်ရာ တကမ္ဘာလုံး အတိုင်းအတာဖြင့် လူပေါင်း သန်း တဝက်ကျော် သေဆုံးခဲ့ရသော ကိုရိုနာဗိုင်းရပ်စ်အား တိုက်ဖျက်ရာတွင် မြန်မာနိုင်ငံ၏ လုပ်ဆောင်မှုများကို ပြန်လည်သုံးသပ်ရန် သင့်လျော်သော အချိန်တခု ဖြစ်ပါသည်။

ဇူလိုင်လ ၁ ရက် နေ့အထိ တနိုင်ငံလုံးတွင် အတည်ပြုထားပြီး ဖြစ်သော ရောဂါ ကူးစက်ဖြစ်ပွားမှု စုစုပေါင်း ၂၉၉ ခုရှိရာ တွင် ၂၂၂ ဦး မှာ ပြန်လည်သက်သာလာခဲ့ပြီ ဖြစ်သည်။ မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ထိုင်းနှင့် တရုတ်ကဲ့သို့သော အိမ်နီးချင်းနိုင်ငံများတွင် ဇူလိုင် ၁ ရက်နေ့ အထိ ထိုင်းနိုင်ငံတွင် ၅၈ ဦးနှင့် တရုတ်နိုင်ငံတွင် ၄၀၀၀ ကျော် သေဆုံးခဲ့ချိန်တွင် မြန်မာနိုင်ငံ၌ သေဆုံးသူ အရေအတွက်က ၆ ဦးသာ ရှိသေးသည်။

မြန်မာနိုင်ငံ၏ COVID-19 တုန့်ပြန်မှုအပေါ် သူ၏အကဲဖြတ်မှုအား မေးမြန်းသည့်အခါ မြန်မာနိုင်ငံရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ ကိုယ်စားလှယ် ဒေါက်တာ စတီဖင် ပေါလ်ဂျော့စ် Stephan Paul Jost က “မြန်မာနိုင်ငံသည် ယခုအချိန်အထိ ထူးထူးခြားခြား ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခဲ့သည်” ဟု ရိုးရိုးရှင်းရှင်းပင် ပြောကြားခဲ့သည်။

“အခုအချိန်အထိ အတော်လေးအောင်မြင်မှုရနေတဲ့ အကြောင်းရင်းမှာ အကြောင်းပြချက်များစွာ ရှိပါတယ်။ နံပါတ် ၁ ကတော့ မြန်မာနိုင်ငံက အလွန်စောစီးစွာ တကယ်တော့ ဇန်နဝါရီ ၅ ရက်က စပြီးတော့ စတင်ခဲ့ပါတယ်” ဟု သူက ယခု သီ တင်းပတ်အတွင်းတွင် ဧရာဝတီသို့ပြောကြားခဲ့သည်။ မြန်မာနိုင်ငံက စောင့်ကြည့်ရေး အတွက် ပြင်ဆင်မှုများ စတင်ခဲ့သည့်နေ့ကို သူက ရည်ညွှန်းခြင်း ဖြစ်သည်။ အထူးသဖြင့် WHO နှင့် အခြားသူများက တရုတ်နိုင်ငံ ဝူဟန်မြို့မှ မရှင်းပြနိုင်သည့် အဆုတ်ရောင်ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်၍ အကြောင်းကြားခဲ့ပြီး နောက်တရက်တွင် နယ်စပ်ဖြတ်ကျော်ရေး စခန်းများတွင် စောင့်ကြည့်ရေးအတွက် ဖြစ်သည်။

မြန်မာနိုင်ငံက အစိုးရဝန်ကြီးဌာနမျိုးစုံ ပူးပေါင်းဆောင်ရွက်သည့် ချဉ်းကပ်မှုတခုကို လုပ်ဆောင်ခဲ့သည်ဟု သူက ထောက်ပြခဲ့သည်။ ဝူဟန်မှ လာသည့် လေယာဉ်ခရီးစဉ်များနှင့် တရုတ်မှခရီးသွားများအတွက် ဖေဖော်ဝါရီ ၁ ရက်မှ စ၍ ဆိုက်ရောက် ဗီဇာများကို ခေတ္တရပ်နားခြင်း၊ နောက်ပိုင်းတွင် သင်္ကြန်ပွဲတော်နှင့် လူစုလူဝေး ပြုလုပ်မှုများကို ရပ်ဆိုင်းခြင်းနှင့် ဆိုင်းငံ့ခြင်း၊ တိုင်းပြည်၏ အစိတ်အပိုင်းများအားလုံး (အထူးသဖြင့်ရန်ကုန်တိုင်း) တွင် တစိတ်တပိုင်း ပိတ်ဆို့ ကန့်သတ်ခြင်းများကို ပြုလုပ်ခဲ့ကြောင်း သူက ပြောသည်။ ၎င်းတို့သည် လူထု ကျန်းမာရေး ဆိုင်ရာနှင့် ကြိုတင် ပြင်ဆင်မှုများ၊ တုန့်ပြန်မှုများ ခိုင်မာ အားကောင်းစေရန် တိုင်းပြည်က မည်သို့ အမှန်တကယ် အားကုန်ထုတ်ခဲ့သည် ဆိုခြင်း၏ ဥပမာများဖြစ်သည်ဟု သူက ဆိုသည်။

ထို့ပြင် COVID-19 ကာကွယ်ခြင်း၊ ကုသခြင်းနှင့် ပြင်ဆင်ခြင်းများပြုလုပ်ရန် အရပ်ဘက်နှင့် စစ်ဘက် ကဏ္ဍ ၂ ခုလုံးမှ ကိုယ်စားလှယ်များ အပါအဝင် အဓိက ဝန်ကြီးဌာနများ အားလုံး အကျုံးဝင်သော ကော်မတီ တခုကို ဖွဲ့စည်းခြင်းနှင့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်မြင်သံကြားမှ လက်ဆေး သရုပ်ပြမှု တို့ကလည်း မှန်ကန်သော သတင်းစကားများ ပြည်သူများထံသို့ များနိုင်သမျှ များများ ရောက်ရှိရန် အလွန် အရေးပါခဲ့ကြောင်း WHO ကိုယ်စားလှယ်က ပြောသည်။

“ဒါကြောင့် တိုင်းပြည်က ပြည်သူ့ကျန်းမာရေး၊ ကြိုတင်ပြင်ဆင်ထားမှုတွေနဲ့ တုန့်ပြန်မှုတွေ ခိုင်မာအားကောင်းစေဖို့ တတ်နိုင်တာ အားလုံးကို အမှန်တကယ် လုပ်ခဲ့ပါတယ်။ အဲဒါက မြန်မာနိုင်ငံမှာ ရောဂါဖြစ်ပွားမှု တတ်နိုင်သမျှ အနည်းဆုံးဖြစ်အောင် ကျနော်တို့ ကြိုးစားတဲ့ နေရာမှာ တကယ်ကို အရေးပါခဲ့ပါတယ်” ဟု ဒေါက်တာ စတီဖင် ပေါလ်ဂျော့စ်က ပြောသည်။

အစိုးရအနေဖြင့် မတ်လမှ စတင်၍ COVID-19 စစ်ဆေးမှုစွမ်းရည်ကို အောင်မြင်စွာ တိုးချဲ့ နိုင်ခဲ့ပြီး လက်တွေ့ကျသော ပြင်ဆင်မှုကို အာရုံစိုက်ရင်း နယ်စပ်ဖြတ်ကျော်သည့် နေရာ အားလုံးတွင် စောင့်ကြည့်စစ်ဆေးခြင်းကို မြှင့်တင်ခြင်းနှင့် နိုင်ငံတကာ လေကြောင်းခရီးစဉ်များ ဆိုင်းငံ့ခြင်း (ရောဂါဖြစ်ပွားမှု အရေအတွက်ကို နည်းပါးအောင် ထိန်းထားနိုင်သည့် ခြေလှမ်းများ) စသည်တို့အပြင် ယခုအခါ ကွာရန်တင်း quarantine အစီအမံများ အကောင်အထည်ဖော်မှုမှ တဆင့် ပြည်တွင်းပျံ့နှံ့မှုကို ကာကွယ် စောင့်ကြပ်ခြင်းများ ပြုလုပ်နေသည်။

“မြန်မာနိုင်ငံက ကဏ္ဍအားလုံးမှာ မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် သွားနိုင် ခဲ့တယ်လို့ ကျနော် ထင်ပါတယ်” ဟု သူက ပြောသည်။

အစိုးရအနေဖြင့် အကောင်းဆုံးရရှိနိုင်သည့် နည်းပညာနှင့် ကူးစက်ရောဂါဆိုင်ရာ သတင်းအချက်အလက်များကို စဉ်ဆက်မပြတ် စီးဆင်းစေခြင်း သေချာအောင် WHO က ကူညီခဲ့သည် ဟု ဒေါက်တာ စတီဖင်က ပြောသည်။ ကိုရိုနာဗိုင်းရပ်စ်သည် ဗိုင်းရပ်စ်အသစ် တမျိုးဖြစ်သောကြောင့် အရေးကြီးသည့် အတွက် ရောဂါ၏ သဘောသဘာဝကို စဉ်ဆက်မပြတ် စုဆောင်းရန်လိုအပ် ကြောင်း၊ သို့မှသာလျှင် ကျန်းမာရေးအာဏာပိုင်များက ပြောင်းလဲနေသော အခြေအနေနှင့် လိုက်လျောညီထွေဖြစ်အောင် ပြုလုပ်နိုင်မည် ဖြစ်သည်ဟု သူက ပြောကြားခဲ့သည်။

အောက်ပါတို့သည် ဧရာဝတီနှင့် ဒေါက်တာ စတီဖင် ပေါလ်ဂျော့စ်တို့၏ အင်တာဗျူးမှ ကောက်နုတ်ချက်များ ဖြစ်ပါသည်။ WHO ၏ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲက မကြာတော့မည့် အနာဂတ်တွင် မြန်မာနိုင်ငံမှ COVID-19 နှင့် ပတ်သက်သည့် သူ၏ မျှော်လင့်ချက်များ၊ မြန်မာနိုင်ငံတွင် ရောဂါပိုးတွေ့ရှိရသည့် အရေအတွက်နှင့် ပတ်သက်၍ အချို့သူများ၏ သံသယဝင်မှုများ၊ ရခိုင်ပြည်နယ်တွင် အေဂျင်စီ၏ ယာဉ်တစီး တိုက်ခိုက်ခံရစဉ်အတွင်း WHO ဝန်ထမ်းတဦး သေနတ် ထိမှန် သေဆုံးခဲ့ရခြင်း၊ မြန်မာနိုင်ငံအနောက်ပိုင်းတွင် အင်တာနက် ဖြတ်တောက်ခံထားရခြင်းက COVID-19 တုံ့ပြန်မှု အပေါ် မည်သို့ သက်ရောက်မှု ရှိခဲ့ခြင်းနှင့် အခြား အကြောင်းအရာများကို ပြောဆိုခဲ့ပါသည်။

မေး။ ။ မြန်မာနိုင်ငံက ပြည်တွင်းခရီးသွားလုပ်ငန်းနဲ့ အခြား စီးပွားရေးလုပ်ငန်းတွေကို ပြန်လည် ဖွင့်လှစ်ခွင့်ပြုထားပြီးဖြစ်ပါတယ်။ မဝေးတော့တဲ့အနာဂတ်မှာ မြန်မာနိုင်ငံရဲ့ COVID-19 အခြေအနေနဲ့ ပတ်သက်ပြီး ခန့်မှန်းချက်က ဘယ်လိုရှိပါသလဲ။

ဖြေ။ ။ ကောင်းပါပြီ၊ ကျနော်တို့ ဆက်လက်ပြီး သတိရှိရှိ စောင့်ကြည့်နေဖို့လိုတယ်။ ဒါက သိပ်ကိုအရေးကြီးပါတယ်။ သဘောကတော့ COVID-19 အတွက် ဖြစ်နိုင်ခြေ ရှိတဲ့ ရောဂါလက္ခဏာတွေကို စောင့်ကြည့်ခြင်း ဖြစ်ပါတယ်။ အဲဒါတွေ အဖျားတက်ခြင်း၊ ချောင်းဆိုးခြင်း၊ အထူးသဖြင့် ချောင်းခြောက်ဆိုးခြင်းနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများနဲ့ အနည်းငယ် ဖျားနာခြင်းတွေပေါ်မှာ အခြေခံပါတယ်။

အခု ကျနော်တို့က မုတ်သုန်ရာသီထဲကို ဝင်ရောက်လာပါပြီ တုပ်ကွေးကလည်း အရေးကြီးတဲ့ ရောဂါတခုဖြစ်ပါတယ်။ ကံကောင်းထောက်မစွာနဲ့ပဲ တုပ်ကွေးရောဂါနဲ့ COVID-19 ကာကွယ်ရေးတွေက အတူတူပဲ ဖြစ်နေပါတယ်။ လူမှုရေးနဲ့ ရုပ်ပိုင်းဆိုင်ရာ အရ အလှမ်းဝေးဝေး နေမှုများက အထောက်အကူ ဖြစ်စေနိုင်ပါတယ်။ မကြာခဏ လက်ဆေးခြင်းက ကူညီပေးပါလိမ့်မယ်၊ မျက်နှာဖုံးတပ်ဆင်ထားခြင်းကလည်း ကူညီ ပေးနိုင်ပါတယ်။

ဒါကြောင့် COVID-19 နဲ့ တုပ်ကွေးရောဂါ ၂ မျိုးလုံးအတွက် စောင့်ကြည့်စစ်ဆေးမှုကို မြှင့်တင်ထားသင့်ပါတယ်။ အခု ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာန (MOHS) က အဲဒါကို လုပ်နေပါတယ်။ ဒါ့အပြင် တီဘီရောဂါနဲ့ ပတ်သက်လို့လည်း ကျနော်တို့ အဲဒါကို ဂရုစိုက်ဖို့ လိုပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ အဲဒါကလည်း အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတခု ဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ ကျနော်တို့ရဲ့ ကျန်းမာရေးလုပ်သားတွေကို တကိုယ်ရေ အကာအကွယ်ပေးတဲ့ ကိရိယာတွေနဲ့ ဘေးကင်းအောင် ထားရှိဖို့ လိုအပ်ပါတယ်။ အဲဒါကို တိုင်းပြည်ကလည်း လုပ်နေသလို တခြား မိတ်ဖက် အများအပြားကလည်း ပါဝင်ပေးခဲ့ပါတယ်။ အဲဒါက COVID-19 တုန့်ပြန်မှု အတွက်ရော တီဘီရောဂါ ကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးအတွက်ပါ အရေးကြီးပါတယ်။ မရှိမဖြစ် လိုအပ်တဲ့ ကျန်းမာရေး ဝန်ဆောင်မှုတွေကို ပြန်လည် စတင်ရေးနဲ့ ဆက်လက်လုပ်ဆောင်ရေး တို့အတွက်လည်း အဓိကသော့ချက်ဖြစ် ပါတယ်။ အဲဒါဆို ကာကွယ်ဆေးရှိမှ ကာကွယ်နိုင်တဲ့ ရောဂါဖြစ်မလာနိုင်တော့ဘူး။

ကျနော်တို့က တုပ်ကွေး ကာကွယ်ဆေး ၂၃၀၀၀ လည်း စုဆောင်းထားပြီး ဖြစ်ပါတယ်။ အဲဒါက ရာသီတုပ်ကွေးအတွက် ဖြစ်ပါတယ်။ ဒါမှသာ အဓိက ဆေးရုံများနဲ့ အဓိက ဓာတ်ခွဲခန်းတွေက အရေးပါတဲ့ ကျန်းမာရေးလုပ်သားတွေကို ရာသီတုပ်ကွေးကနေ ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ အဲဒါက ဝန်ထုတ်ဝန်ပိုးကို လျှော့ချဖို့နဲ့ COVID-19 နဲ့ တုပ်ကွေး ရောဂါကြားမှာ ဖြစ်နိုင်ခြေ တခုနဲ့ တခု ထပ်နေခြင်းကို လျှော့ချဖို့လည်း ကူညီ ပေးပါတယ်။ ကျနော်တို့ WHO ကလည်း ပြည်သူလူထုကို ရာသီ တုပ်ကွေးရောဂါ ကာကွယ်ဆေးထိုးဖို့ တိုက်တွန်းပါတယ်။

အသက် ၆၅ နှစ်ကျော်သူတိုင်း၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ အသက် ၆ လအထက် ကလေးများအတွက် တိုက်တွန်းထားပါတယ်။ နောက်ပြီးတော့ လှုပ်ရှားနိုင်မှု အားနည်းတဲ့သူတွေနဲ့ ကျန်းမာရေး ဝန်ထမ်းများကဲ့သို့ အန္တရာယ်များတဲ့သူတွေ အတွက်လည်း ဖြစ်ပါတယ်။ ကျနော်တို့ ထောက်ခံချက် ပေးထားတာကို ခင်ဗျားတို့ သိပါတယ်။ အဲဒါက အသုံးဝင်ပါတယ်၊ အထောက်အကူ ဖြစ်စေပါတယ်။ ဘယ် ကာကွယ်ဆေးမှ ၁၀၀ ရာနှုန်း ထိရောက်မှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ရောဂါရဲ့ ပြင်းထန်မှုကို လျှော့ချဖို့ ကူညီပေးပါတယ်။ တုပ်ကွေး ရောဂါဖြစ်ပွားမှု အချို့ကိုလည်း လျှော့ချပေးပါလိမ့်မယ်။ ဒီအချိန်မှာတော့ ဘာမှ မရှိတာထက်စာရင် အဲဒါက အများကြီး ပိုကောင်းပါတယ်။

မေး။ ။ အခုအချိန်အထိ မြန်မာနိုင်ငံမှာ COVID-19 ဖြစ်ပွားမှု အရေအတွက်က ၃၀၀ နီးပါးရှိပြီး တော်တော်လေးကို နည်းနေသေးတယ်။ အခြားတဖက်မှာတော့ တချို့လူတွေ က အဲဒီ အရေအတွက်ကို သံသယဝင်ကြပါတယ်။ အမှန်တကယ် အရေအတွက်က အများကြီး ပိုမိုမြင့်မားတယ်လို့ သူတို့က ဆိုကြပါတယ်။ အဲဒါကို ဘယ်လို သဘောရ ပါသလဲ။

ဖြေ။ ။ တကယ်တော့ မြန်မာနိုင်ငံက အခုအချိန်အထိ ကျနော် ရည်ညွှန်းခဲ့တဲ့ လုပ်ဆောင်မှုများ အားလုံးမှာ အလွန် ကောင်းမွန်ခဲ့ပါတယ်။ ဝန်ကြီးဌာနပေါင်းစုံ အတူ ပါဝင်တဲ့ ချဉ်းကပ်မှု၊ စောစီးစွာ အရေးယူ ဆောင်ရွက်မှု၊ စောင့်ကြည့် ထိန်းချုပ်ခြင်းကို မြင့်မြင့်မားမား ဆက်လက်ထားရှိခြင်း၊ ပြည်သူ့ကျန်းမာရေးအစီအမံများ ခိုင်မာခြင်း၊ သိရှိရတဲ့ ကူးစက်မှုတိုင်းနဲ့ သိရတဲ့ ထိတွေ့မှုတိုင်းကို သီးခြားထားရှိဖို့ ကြိုးစားခြင်း၊ သိရှိရတဲ့ ကူးစက်မှုတိုင်းကို ကုသပေးခြင်း၊ ပြည်ပမှပြန်လာသူတွေ သို့မဟုတ် ကယ်ဆယ်ရေးလေယာဉ်များနဲ့ ပြန်လာသူတွေ သို့မဟုတ် COVID-19 နဲ့ ထိတွေ့မိနိုင်သူတွေကို သီးသန့်ခွဲခြားနေထိုင်စေခြင်းတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီအစီအမံ တွေကို ဒီမှာ စနစ်တကျ လိုက်နာကျင့်သုံးခဲ့ပြီး အခြားနိုင်ငံများထက် အလွန် စောစီးစွာ စတင် ပြုလုပ်ခဲ့ပါတယ်။

ဒါကြောင့် အဲဒါတွေက ကူးစက်ခံရမှုတွေကို အမှန်တကယ် လျော့ကျစေပါလိမ့်မယ်။ တချိန်တည်းမှာပဲ စမ်းသပ် စစ်ဆေးခြင်းကို တိုးချဲ့ခဲ့ပါတယ်။ ဒါကြောင့် အကယ်၍များ မှားယွင်းတဲ့ ကိစ္စတွေ အများကြီးရှိခဲ့ရင် အဲဒါကို တခြားနည်းလမ်းတွေနဲ့ ကျနော်တို့ တွေ့ရပါလိမ့်မယ်။ ဥပမာ ရောဂါ ဖြစ်ပွားမှု အများအပြားကို ကျနော်တို့ တွေ့ရ ပါလိမ့်မယ်။ အဲဒါတွေကို ကျနော်တို့ တွေ့မနေရပါဘူး။ ပုံမှန်မဟုတ်တဲ့ ဖြစ်ရပ်တွေကို ကျနော်တို့ တွေ့မြင်ရပါလိမ့်မယ်။ ဒီလိုမျိုး ရောဂါဖြစ်ပွားမှုတွေကို ခင်ဗျားတို့ အမှန်တကယ် မဖုံးကွယ်နိုင်ပါဘူး။ MOHS က (ဖုံးကွယ်ရန်) ကြိုးစားနေတယ်လို့လည်း ကျနော် မထင်ပါဘူး။ ဘာကြောင့်လည်း ဆိုတော့ စောစောစီးစီး ပြီးသွားတာက သူတို့ အတွက် ပိုကောင်းလိမ့်မယ် ဆိုတာကို သူတို့ ကောင်းကောင်းသိကြလို့ ဖြစ်ပါတယ်။

ကျနော့်အတွက် စိုးရိမ်ပူပန်မှု ကတော့ နည်းနည်း ကွဲပြားခြားနားပါတယ်။ အဲဒါကတော့ ဒီလို အလွန်ကောင်းတဲ့ အားထုတ်မှုကို ကျနော်တို့ ဘယ်လောက်ကြာအောင် ထိန်းသိမ်းထားနိုင်မလဲ။ ဘာကြောင့်လဲဆိုတော့ လူတွေက မောနေကြပြီ။ တကယ်လို့ ကျနော်တို့က တနေ့ကို ၂၄ နာရီ၊ တပတ်ကို ၇ ရက် အလုပ်လုပ်မယ်ဆိုရင် ဘာကိုမျှော်လင့်ရမလဲ။ တချိန်ချိန်မှာ ကျနော်တို့ ပင်ပန်းနွမ်းနယ်လာလိမ့်မယ်ကို ခင်ဗျားသိတယ်။ ကျနော့်အတွက်ကတော့ အဲဒါက ရှေ့မှာ ရှိနေနိုင်တဲ့ အန္တရာယ် ပါပဲ။ ကျနော်တို့ အားလုံးက သာမန် လူသားတွေသာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အံ့သြစရာ ကောင်းတဲ့ တုံ့ပြန်မှုတွေကို တနည်းနည်းနဲ့ ဆက်လက် ထိန်းသိမ်းထားနိုင်ရေး သေချာအောင် ကျနော်တို့ ပြုလုပ်ဖို့ လိုအပ်ပါတယ်။

ဒါကြောင့် ပွင့်ပွင့်လင်းလင်းပြောရရင် မြန်မာနိုင်ငံ အောင်မြင်ခဲ့တယ်ဆိုတာ ကျနော် သံသယ မဖြစ်ပါဘူး။ မြန်မာနိုင်ငံက ကဏ္ဍများစွာမှာ ကျယ်ကျယ်ပြန့်ပြန့် စည်းရုံးခြင်းအားဖြင့် အောင်မြင်ခဲ့ပါတယ်။ အရပ်ဘက်နဲ့ စစ်ဘက်ကြားမှာ ပူးပေါင်း ဆောင်ရွက်မှုများမှတဆင့်လည်း အပါအဝင် ဖြစ်ပါတယ်။ ဒီအတွက် လူအများအပြားက ပံ့ပိုးပါဝင်ခဲ့ကြပါတယ်။ ဒါပေမယ့် အဓိကအလုပ်ကိုတော့ အမျိုးသားကျန်းမာရေး အာဏာပိုင်များက ပြုလုပ်ခဲ့ပါတယ်။ ဒီ ကြိုးပမ်းအားထုတ်မှုတွေ ရှေ့တန်းကို ရောက်ဖို့နဲ့ လိုအပ်တဲ့အချိန်မှာ ရှိနေရေး သေချာစေဖို့ ဦးဆောင်ခဲ့ပါတယ်။ နည်းလမ်းများစွာနဲ့ ရုန်းကန်နေရတဲ့၊ အရင်းအမြစ်တွေက အကန့်အသတ်နဲ့သာ ရှိနေတဲ့၊ ဆင်းရဲတဲ့ နိုင်ငံ တနိုင်ငံက ရှိသမျှ အားလုံးကို ထုတ်ပြီး လုပ်ဆောင်ခဲ့တာကို မြင်တွေ့ရခြင်းက စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဒါကို ဆက်လက်ပြီး အပြည့်အဝ ထိန်းချုပ်သွားနိုင်ရေးနဲ့ COVID-19 ကို လက်လျှော့ အရှုံးမပေးရရေး သေချာအောင် ကျနော်တို့ လုပ်ရပါမယ်။

ဟုတ်ပါတယ်၊ ဒီဟာက ခန့်မှန်းရခက်တဲ့ ဗိုင်းရပ်စ်တခုပါ။ ခင်ဗျား မကြည့်ဘဲနဲ့ သို့မဟုတ် မကြိုးစားဘဲနဲ့၊ ဒါနဲ့ ပတ်သက်ပြီး ဘာမှ မလုပ်တော့ဘဲနဲ့ ခင်ဗျားကို တိုက်ခိုက်နိုင်ပါတယ်။ ပိုပြီး ခက်ခဲလာမယ့် စိန်ခေါ်မှု ဖြစ်လာမယ့် ဒီ အံ့အားသင့်စရာ အားထုတ်မှုကို တကယ်ကို ထိန်းသိမ်းထားပါတယ်။ ဒါက အောင်မြင်မှုတခု မဟုတ်ဘူးဆိုတာကို မယုံကြည်ပါနဲ့။ ဘာကြောင့်လဲဆိုတော့ အောင်မြင်တခုလို့ ကျနော် ယုံကြည်တယ်၊ ခင်ဗျားတို့ နည်းလမ်းများစွာနဲ့ တွေ့နိုင်ပါတယ်၊ ထပ်ပြောရရင် ကျနော် ရည်ညွှန်းခဲ့ ပြီးတဲ့ တချို့ အပြင် ပြီးခဲ့တဲ့ ၅ ပတ်အတွင်း ကျနော်တို့မှာ ပြည်တွင်းကူးစက် ပျံ့နှံ့မှု မများခဲ့ဘူး၊ ဖြစ်ပွားမှု အားလုံးနီးပါးကလည်း ကယ်ဆယ်ရေး လေကြောင်း ခရီးစဉ်တွေ (အခြားနိုင်ငံများမှ ပြန်လာကြသော မြန်မာနိုင်ငံသားများ) ကနေတဆင့် ဖြစ်ခဲ့တာပါ။

မြန်မာနိုင်ငံက ဒါနဲ့ ပတ်သက်ပြီး အလွန်ဂရုစိုက်ခဲ့ပါတယ်။ မြန်မာနိုင်ငံကို ဝင်ရောက် လာမယ့် လေယာဉ်ခရီးစဉ်များ ကန့်သတ်ချက်တွေကိုလည်း တိုးချဲ့ခဲ့ပါတယ်။ WHO အနေနဲ့ လုပ်ဆောင်ချက်တွေမှာ ဝင် မပါ ပါဘူး။ အထွေထွေ လမ်းညွှန်ချက် တခုကို ကျနော်တို့က ပေးပါတယ်။ ဒါပေမယ့် ကျနော်တို့က ခင်ဗျား ဒါကို လုပ်ရမယ် သို့မဟုတ် ဟိုဟာကို လုပ်ရမယ်လို့ တိုင်းပြည်တွေကို ကျနော်တို့ မပြောပါဘူး။ တိုင်းပြည်တွေက ပြည်သူ့ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး အကြောင်းတွေ နဲ့ ယဉ်ကျေးမှုဆိုင်ရာအ ကြောင်းတွေ၊ နိုင်ငံ အတွင်းမှာ ပျံ့နှံ့နေတဲ့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာအချက်များ အတွင်းက သူတို့ရဲ့ ကိုယ်ပိုင် အခြေအနေများနဲ့အညီ မှန်ကန်တဲ့ ဟန်ချက်ညီမျှမှု ရ အောင် လုပ်နေကြပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ရင် မြန်မာနိုင်ငံက ဆက်လက်ပြီး သတိထားရင်းနဲ့ ဖြစ်ပွားမှုတွေ ထပ်ဝင်မလာအောင် စောင့်ကြပ်ခြင်း အားဖြင့် မှန်ကန်သော ဆုံးဖြတ်ချက်တွေ ပြုလုပ်နေတယ်လို့ ကျနော် သေသေချာချာ ယုံကြည်ပါတယ်။

မေး။ ။ ခင်ဗျားဘက်က အကောင်းမြင်မှုတွေ ရှိနေပေမယ့် COVID-19 အပေါ် မြန်မာနိုင်ငံရဲ့ တုံ့ပြန်မှုကို နိုင်ငံပြင်ပမှာ လုံးလုံး မသိရှိကြပုံ ရပါတယ်။ နိုင်ငံတကာ မီဒီယာ သတင်းတွေက ဖြစ်စဉ်တခုလုံးကို အမှန်တကယ် ဖော်ထုတ်ပြခြင်းမျိုး မဟုတ်ဘဲ နိုင်ငံအတွင်းမှာ တချို့သူတွေက ဆေးဝါးမဟုတ်တဲ့ ကုသမှုတွေ လုပ်နေကြတယ်ဆိုတာ အပေါ်မှာပဲ အာရုံစိုက်ခဲ့ကြပါတယ်။

ဖြေ။ ။ ကောင်းပြီ၊ ခင်ဗျားတို့ စောင့်ကြည့်သင့်တယ်လို့ပဲ ကျနော် ပြောရပါလိမ့်မယ်၊ ဒါက မပြီးသေးဘူး။ COVID-19 သည် ပြောင်းလဲနေတဲ့ လမ်းကြောင်းတခုနဲ့ အတူ မာရသွန် ပြေးပွဲတခု ဖြစ်တယ်ဆိုတာကို နားလည်ထားဖို့ အလွန် အရေးကြီးပါတယ်။ ကျနော်တို့ ဘယ်လမ်းကြောင်းကို ကာကွယ်ရမလဲ ဆိုတာကို မသိသေးပါဘူး အဲဒါက ဗိုင်းရပ်စ် အသစ်တမျိုး ဖြစ်ပါတယ်။ အဲဒါရဲ့ တချို့ အခြေခံတွေကို ကျနော်တို့ အခုထိ နားမလည်သေးပါဘူး။ တချိန်တည်းမှာပဲ ခင်ဗျားက သိရှိရတဲ့ ထိတွေ့မှုတိုင်း၊ သိရှိရတဲ့ ကူးစက်မှုတိုင်းကို သီးခြား ခွဲထုတ်ထားမယ်ဆိုရင်၊ သိရှိရတဲ့ ထိတွေ့မှုတိုင်းကို ခြေရာခံပြီးတော့ သူတို့ကို သီးခြား ခွဲထားမယ် ဆိုရင်၊ ဖြစ်နိုင်ချေရှိတဲ့ ထိတွေ့မှုတိုင်း အတွက် ခင်ဗျားတို့မှာ quarantine နေရာတခု ရှိမယ်ဆိုရင်၊ နောက်ပြီးတော့ သူတို့ဟာ ထိတွေမှု ရှိတယ်ဆိုတာကို ခင်ဗျားတို့ အတည်ပြုနိုင်တာနဲ့ တပြိုင်နက် နောက်ပြီး အထူးသဖြင့် တကယ်လို့ သူတို့က ကူးစက်ခံရတယ်လို့ အတည်ပြု ခံရတဲ့အခါ သူတို့ကို သီးခြားခွဲထားမယ်ဆိုရင် ဘယ်လို အလုပ်ဖြစ်သလဲ ဆိုတာ ကျနော်တို့ ကောင်းကောင်း နားလည်ကြပါတယ်။

ဒါကြောင့် ဒီအချက်တွေက အလုပ်ဖြစ်တယ် ဆိုတာကို ကျနော်တို့သိတယ်၊ အဲဒါတွေက နေရာတိုင်းမှာ အလုပ်ဖြစ်တယ်၊ နောက်လာမယ့် အချိန်ကာလမှာလည်း အဲဒါတွေက အခြေခံ အချက်တွေဖြစ်တယ်။ တနေ့မှာ ဒီဇာတ်ကြောင်းကို ပြောကြမယ်ဆိုရင် မြန်မာနိုင်ငံက အောင်မြင်တဲ့နိုင်ငံတွေထဲမှာ ပါဝင်ဖို့ အခွင့်အရေးတွေ အများကြီးရှိတယ် လို့ ကျနော် ထင်ပါတယ်။ ဒါပေမယ့် ဒါက ကမာ္ဘလုံးဆိုင်ရာကပ်ရောဂါ ဖြစ်တာကြောင့် ဒါကို ပြောဖို့ စောလွန်းပါသေးတယ်။

ကျနော်တို့မှာ ကာကွယ်ဆေးမရှိဘူး၊ ထိရောက်တဲ့ ကုထုံးတွေ မရှိဘူး၊ အဲဒါ ဖြစ်လာဖို့ အချိန် အတော်အတန် ယူရမယ်။ ဝမ်းနည်းစွာနဲ့ ပဲ ပြောရရင် ပြီးသွားဖို့ အဝေးကြီး လိုပါသေးတယ်။ ဒါက လူသားမျိုးနွယ်အတွက် အခြေအနေ အသစ်တခု ဖြစ်ပါတယ်။ သို့သော် လက်ရှိချဉ်းကပ်မှု၊ အလေးအနက်ထားမှု၊ ကဏ္ဍအလိုက် ပူးပေါင်းဆောင် ရွက်မှုနဲ့ ပြသခဲ့ပြီး ဖြစ်တဲ့ ကောင်းမွန်တဲ့ ခေါင်းဆောင်မှုတွေနဲ့ အတူ မြန်မာနိုင်ငံက နောက်ဆုံးမှာ အောင်မြင်တဲ့ နိုင်ငံများထဲမှာ ပါဝင်ဖို့ အခွင့်အလမ်းများ အားလုံး ရှိပေမယ့်လည်း အဲဒီကိုရောက်ဖို့ သတိကြီးမှုနဲ့ ညီညွတ်မှုကို ဆက်လက် အသုံးချ နိုင်ရပါမယ်။ ကျနော်တို့က စောင့်ကြည့် ထိန်းချုပ်ရေးမှာ ဆက်လက် ရင်းနှီးမြှုပ်နှံဖို့၊ ဖြစ်စဉ် စီမံခန့်ခွဲမှုမှာ ဆက်လက်ရင်းနှီးမြှုပ်နှံဖို့နဲ့ ကျန်းမာရေးစနစ်မှာ ဆက်လက် ရင်းနှီးမြှုပ်နှံဖို့ လိုအပ်ပါတယ်။

မေး။ ။ ဧပြီလအတွင်းမှာ WHO ကျန်းမာရေးလုပ်သား တယောက် ရန်ကုန်ကို COVID ဓာတ်ခွဲနမူနာများ သယ်ဆောင်စဉ် ရခိုင်ပြည်နယ်မှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။ အစိုးရက စုံစမ်းစစ်ဆေးရေးကော်မတီ တခု ဖွဲ့စည်းခဲ့ပြီး သူတို့က အခင်းဖြစ်ပွားရာ နေရာကို ၂ ကြိမ် သွားရောက်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး နောက်ထပ် ထပ်မံ တစုံတရာ သိရှိရတာ ရှိပါသလား။

ဖြေ။ ။ ဆောင်ရွက်နေဆဲ စုံစမ်းစစ်ဆေးမှု တခုအပေါ် မှတ်ချက်မပေးဘဲ နေဖို့ ကျနော်ကို ခွင့်ပြုပါ။ ကျနော့်အတွက် အဲဒါက သင့်တော်မှာ မဟုတ်ပါဘူး။ ဒါက အစိုးရက စတင်ခဲ့တဲ့ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု တခုပါ။ သူတို့ လုပ်ခဲ့တာကို ကျနော်တို့ ကြိုဆိုပါတယ်။ ကုလသမဂ္ဂ ဌာနေ ညှိနှိုင်းရေးမှူး၊ ကျနော် ကိုယ်တိုင်နဲ့ သက်ဆိုင်ရာ ဝန်ထမ်းတွေက အစပိုင်းမှာ (စုံစမ်းစစ်ဆေးရေး) အဖွဲ့နဲ့လည်း တွေ့ဆုံခဲ့ကြပြီးပါပြီ။ အဲဒါက အစပိုင်းမှာ ကျနော်တိုရဲ့ အမြင်ကို ရှာဖွေဖို့ သူတို့ ကြိုးစားခြင်းမျိုးပါပဲ။ ဟုတ်ပါတယ်။ ပြုလုပ်နေဆဲ စုံစမ်းစစ်ဆေးမှု တခုအပေါ် ကျနော် နောက်ထပ် မှတ်ချက်ပေးမှာ မဟုတ်ပါဘူး။

စုံစမ်းစစ်ဆေးမှု ပြီးစီးပါစေ။ အဲဒါက ဟုတ်ပါတယ်။ ဝန်ထမ်းတဦးကို ဆုံးရှုံးလိုက်ရခြင်း က WHO နဲ့ ကုလသမဂ္ဂ မိသားစုတခုလုံး အတွက် အလွန် နာကျင်ရတဲ့ ကိစ္စတခု ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ လိုအပ်တဲ့ ဂုဏ်သိက္ခာနဲ့ သင့်တင့် လျောက်ပတ်မှု ကို ကျနော်တို့က သတိပြုမိဖို့ အလွန်အရေးကြီးပါတယ်။ ငြိမ်းချမ်းရေးက အလွန်အရေးကြီးတယ် ဆိုတာကို အဲဒါက ပြနေပါတယ်။ ဘာကြောင့်လဲဆိုတော့ မည်သူတဦးတယောက်မျှ ဒုက္ခမခံစား သင့်ပါဘူး။ ငြိမ်းချမ်းရေး မရှိခြင်းရဲ့ ရလဒ်တခု အနေနဲ့ မည်သူ တဦးတယောက်မျှ ဆင်းရဲဒုက္ခ မခံရသင့်ပါဘူး။ ဒါက အရေးအကြီးဆုံးအချက် ဖြစ်ပါတယ်။ အကြမ်းမဖက်ခြင်းက ကမာ္ဘကို ကယ်တင်နိုင်တဲ့ နည်းလမ်းဖြစ်ပါတယ်။ အကြမ်းဖက်ခြင်းက နည်းလမ်း မဟုတ်ပါဘူး။

မေး။ ။ တချို့လူ့အခွင့်အရေးအဖွဲ့ တွေက ရခိုင်ပြည်နယ် မြောက်ပိုင်းနဲ့ ချင်းပြည်နယ် မှာ အင်တာနက် ဖြတ်တောက် ထားတာနဲ့ ပတ်သက်ပြီး စောဒက တက်နေကြပါတယ်။ ပြည်သူတွေကို COVID-19 နဲ့ ပတ်သက်ပြီး အမှောင်ထုထဲကို ရောက်နေစေတယ် လို့ပြောကြတယ်။ တနှစ်ကြာ အင်တာနက် ဖြတ်တောက်ထားခြင်းကြောင့် “သိန်းနဲ့ ချီတဲ့ ပြည်သူတွေက” ဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ဘာကိုမှ သိရှိနိုင်မှာ မဟုတ်ဘူးလို့ CNN က ဖော်ပြခဲ့ပါတယ်။ အဲဒါ အမှန်ပဲလား။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လို မှတ်ချက်ပေးချင်ပါသလဲ။

ဖြေ။`။ ကောင်းပါပြီ။ မဟုတ်ပါဘူး။ သူတို့ဖော်ပြသလောက်ကြီး မှန်တယ်လို့တော့ ကျနော် မထင်ပါဘူး။ ကျန်းမာရေး အာဏာပိုင်တွေက အဲဒီကို သတင်းစကားတွေ ရောက်ဖို့ အားထုတ်ကြိုးပမ်းမှု အားလုံးကို လုပ်ခဲ့တယ်လို့ ကျနော် ထင်ပါတယ်။ အဲဒီကို သတင်းစကားတွေ ပေးပို့ရေးအတွက် တခြားနည်းလမ်းတွေလည်း ရှိပါတယ်။ ရေဒီယိုကို မြန်မာနိုင်ငံမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေတုန်းပါပဲ။ အဲဒါ မှန်ပါတယ်။ အံ့သြလောက်စရာ သတင်းစကား ပေးပို့မှု အများအပြားက ရေဒီယိုက ထွက်ပေါ်လာ ခဲ့ပါတယ်။ ရုပ်မြင်သံကြားမှာ အလွန်ကောင်းမွန်သော သတင်းစကားပေးပို့မှု များစွာ ထွက်ပေါ် လာခဲ့ပါတယ်။ အဲဒါက အလွန်အရေးကြီးပါတယ်။ ကျနော်တို့ WHO မှာလည်း ဒါကို အကူအညီပေးဖို့ နည်းလမ်းငယ်တခု ရှိပါတယ်။ အင်္ဂလိပ်နဲ့ မြန်မာ ၂ ဘာသာ နဲ့ ထုတ်ဝေထားတဲ့ သတင်းလွှာ တွေနဲ့ အထောက်အကူပြုခဲ့ပါတယ်။

မေး။ ။ တကယ်လို့ အိမ်နီးချင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရမယ်ဆိုရင် COVID-19 ကို တုံ့ပြန် တဲ့ နေရာမှာ မြန်မာနိုင်ငံရဲ့ စွမ်းဆောင်ရည် နဲ့ ပတ်သက်လို့ ဘယ်လို ထင်ပါသလဲ။

ဖြေ။ ။ ပထမဆုံး အနေနဲ့ ပြောရမယ်ဆိုရင် ကျနော် ရည်ညွှန်းပြီး ဖြစ်တဲ့အတိုင်း COVID-19 နဲ့ ပတ်သက်လို့ မြန်မာနိုင်ငံက ယူဆောင်လာခဲ့တဲ့ လေးနက်မှု၊ တက်ကြွမှု၊ ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်မှုနဲ့ ခေါင်းဆောင်မှုတွေအတွက် ကျနော် အလွန်ပျော်ရွှင်မိပါတယ်။ အိုကေ၊ ဒါက တိုင်းပြည်ကို ခုချိန်အထိ ကြံ့ကြံ့ခံနိုင်စေတဲ့ ထူးခြားတဲ့ တုန့်ပြန်မှုတခု ဖြစ်ခဲ့ပါတယ်။ ကျနော်က “အခုအချိန်ထိ” လို့ ဆက်ပြောနေပါတယ်။ ဘာကြောင့်လဲဆိုတော့ မနက်ဖြန်မှာ ဘာဖြစ်မလဲဆိုတာကို ကျနော် မသိလို့ပါ။ ကျနော် မမျှော်လင့်ပေမယ့်လည်း တနေရာရာမှာ ဖြစ်ပွားမှု အတိုင်းအတာ တစုံတခုက အမြဲတမ်း ရှိနေနိုင်ပါတယ်။ ရခိုင်ပြည်နယ် အပါအဝင် စနစ် ထဲမှာ ဆက်ပြီး ရင်းနှီးမြှုပ်နှံဖို့ လိုပါတယ်၊ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ ဘင်္ဂလားဒေ့ရှ်ကို ကြည့်မယ်ဆို ကူးစက်မှု ၁၂၅၀၀၀ ရှိတယ်။ ဘင်္ဂလားဒေ့ရှ် တနိုင်ငံ ထဲမှာ ကူးစက်မှုပေါင်း ၁၃၀၀၀၀ နီးပါး ရှိပါတယ်။ ဘေးချင်းကပ်နေတဲ့ အိမ်နီးချင်း နိုင်ငံပါ။ ဒါကြောင့် ကြိုတင်ပြင်ဆင်မှုတွေ ဆက်လက်လုပ်ဆောင်တဲ့ အနေနဲ့ ဗိုင်းရပ်စ် ရောက်လာနိုင်ချေနဲ့ သူဖြတ်လာမယ့် လမ်းကြောင်းကို ရှာဖွေခြင်း အတွက် ပိုမို ကောင်းမွန်တဲ့ ကိရိယာတွေ တပ်ဆင်ဖို့နဲ့ ကျော်ဖြတ်ရမယ့် နည်းလမ်း ရှာဖွေဖို့ ရခိုင်ပြည်နယ်မှာ၊ ကျန်းမာရေးဌာနများမှာ ရင်းနှီးမြှုပ်နှံဖို့ လိုအပ်ပါတယ်။ ကျနော် ပြောချင်တာက အဲဒါက အလွန်သေးငယ်တဲ့ ဗိုင်းရပ်စ်ပိုး ဖြစ်ပါတယ်။ သူက ဖြတ်သန်းဖို့ လမ်းကို ရှာပါလိမ့်မယ်။ ဒါကြောင့် ကျနော်တို့ အဲဒီအတွက် အဆင်သင့် ဖြစ်ဖို့ လိုအပ်ပါတယ်။

မေး။ ။ အစိုးရတပ်တွေနဲ့ ရက္ခိုင်စစ်တပ် (AA) ရဲ့ ကြားက ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေက ကိုရိုနာဗိုင်းရပ်စ် တုန့်ပြန်မှုအပေါ် ဘယ်လို သက်ရောက်မှုရှိခဲ့ပါသလဲ။

ဖြေ။ ။ ကောင်းပြီ၊ ဟုတ်ပါတယ်၊ အဲဒါက ပိုပြီး ခက်ခဲစေခဲ့ပါတယ်။ ကျနော် ပြောချင်တာကတော့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ဒေါက်တာ အန်တိုနီယို ဂူတားရတ်စ် António Guterres က စစ်ပွဲဖြစ်နေတဲ့ အဖွဲ့အစည်းအားလုံးကို တိုက်ပွဲတွေရပ်တန့်ပြီး တကမာ္ဘလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေးတခုနဲ့ COVID-19 ကို အတူတကွ ကိုင်တွယ်ဖြေရှင်းဖို့ လူသားမျိုးနွယ်ရဲ့ ကြီးမားတဲ့ ရည်မှန်းချက်မှာ အတူတကွ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းခဲ့ပြီး ဖြစ်ပါတယ်။ ပြီးတော့ ဒီက ပဋိပက္ခတွေမှာ ပါဝင်နေသူတွေကလည်း တိုက်ပွဲကိုရပ်ပြီး COVID-19 ကြိုတင်ပြင်ဆင်မှုနဲ့ တုံ့ပြန်မှုတွေမှာ အာရုံစူးစိုက်ရေးကို လုပ်နိုင်ကြမယ်လို့ ကျနော် စိတ်အားထက်သန်စွာ၊ ရိုးသားစွာ မျှော်လင့်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒါကို ဆန့်ကျင် အောင်မြင်ခြင်းက ကြီးကျယ်တဲ့ကိစ္စတခု ဖြစ်ပါတယ်။ ဒါကို အန္တရယ် မဖြစ်ပါစေနဲ့။ တခြား ကိစ္စတွေလည်း အများကြီး ရှိနေပါတယ်။ ကျနော်တို့ရဲ့ ယာဉ်မောင်းကိစ္စမှာ မြင်တွေ့ခဲ့ရတဲ့အတိုင်း၊ ရခိုင်ပြည်နယ်မှာ အရပ်သားများစွာ တွေ့မြင်ခဲ့ရတဲ့ အတိုင်း ပဋိပက္ခရဲ့ အကျိုးဆက်အနေနဲ့ တခြား အကြောင်းအရာ အများအပြားကို အန္တရယ် မဖြစ်ပါစေနဲ့။ အငြင်းပွားမှုတွေကို ဖြေရှင်းဖို့ အကြမ်းမဖက်သော နည်းလမ်းများစွာ ရှိပါတယ်။ အဲဒါတွေက အလုပ်လည်း ဖြစ်ပါ တယ်။ ဒါကို တကမာ္ဘလုံးမှာ မြင်တွေ့ခဲ့ရ ပြီးပါပြီ။

( Kyaw Phyo Tha ၏ WHO Country Chief Urges Myanmar to Sustain ‘Amazing’ COVID-19 Response ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။ )

You may also like these stories:

ကိုဗစ်က ချန်ရစ်ခဲ့မယ့် ယဉ်ကျေးမှုသစ်များ

ကိုဗစ် ကုသမှုအတွက် remdesivir ဆေးကို ဒေါ်လာ ၂၃၄၀ ဖြင့် ရောင်းချမည်

ကိုဗစ်-၁၉ နဲ့ နပန်းလုံးနေရတဲ့ ရုပ်ရှင်နဲ့ ဂီတလောက

ကိုယ်ဝန်ဆောင်နှင့် ၂ နှစ်အောက် ကလေးများကို ငွေကြေးထောက်ပံ့မည့် နေရာထပ်တိုး

Did you find apk for android? You can find new Free Android Games and apps.
Loading