လမ်းပန်း ဆက်သွယ်ရေးကောင်းတဲ့ မြေပြန့်ဒေသတွေမှာ ကျောင်းဖွင့်ချိန်ဆိုရင် မူလတန်းကနေ အထက်တန်းအထိ ကလေးတွေက စာသင်ခန်းတွေကို အရောက်သွားပြီး အခမဲ့ ပညာရေးကို သင်ယူနိုင်ကြပေမယ့် ဝေးလံခေါင်ဖျားတဲ့ တောင်ပေါ် ဒေသတွေမှာတော့ ကျောင်းတက်ဖို့ကို ခက်ခက်ခဲခဲ ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်းက တအန်း (ပလောင်) လူမျိုးတွေဆိုရင် တောင်ပေါ်တွေမှာ ဘိုးစဉ်ဘောင်ဆက် နေထိုင်ကြတာကြောင့် မြေ ပြန့်မြို့တွေနဲ့ အလှမ်းဝေးပြီး သူတို့ရွာတွေမှာ မူလတန်းကျောင်းတက်ဖို့တောင် ၁ နာရီကနေ၂ နာရီခန့် လမ်းလျှောက်ပြီး ကျောင်းတက်ကြရပါတယ်။
ပညာရေးမှာ အခြေခံ မူလတန်းကို တတ်ဖို့ ရုန်းကန်ရသလို ကျန်းမာရေး စောင့်ရှောက်မှုစနစ်ကလည်း တောင်ပေါ်ဒေသ တွေမှာ မရှိသလောက်ပါပဲ။ အချို့ကတော့ သူတို့ရဲ့ ဘဝပေးကံနဲ့ တောင်ပေါ်မှာနေတာကြောင့် ပညာရေး၊ ကျန်းမာရေး အခွင့်အရေးတွေ မရတာလို့ ယူဆကြပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ပန်ကူစစ်ဘေးရှောင်စခန်းက တာဝန်ခံ တဦးဖြစ်တဲ့ တအန်းလူမျိုး ဒေါ်အေးအို ကတော့ ပညာရေး၊ ကျန်းမာရေး အခြေခံ ရပိုင်ခွင့်တွေ မရတာက တန်းတူညီမျှတဲ့ စနစ်မရှိလို့ ဆိုပြီး ပြောဆိုပါတယ်။
ဒေါ်အေးအိုတို့ ဒေသမှာ ပညာရေး၊ ကျန်းမာရေးနဲ့ ပတ်သက်ရင် ဘာတွေ ကြုံတွေ့နေရသလဲ ဆိုတာကို ဧရာဝတီ အကြီး တန်း သတင်းထောက် နန်းလွင်နှင်းပွင့်က တွေ့ဆုံမေးမြန်းထားပါတယ်။
မေး။ ။ စစ်ဘေးရှောင်နေရတာ ၅ နှစ် ရှိပြီဆိုတော့ လက်ရှိအခြေအနေက ဘယ်လို ရှိကြပါသလဲ။
ဖြေ။ ။ ကျမတို့ စပြောင်းလာကတည်းက NGO တွေ INGO တွေက စားဝတ်နေရေး အားလုံးကို အရပ်ဘက်အဖွဲ့တွေရော က ကူညီတယ်။ အခုထိတော့ အထောက်အပံ့ ရနေတုန်းပဲ။ လူကယ်ပြန်ကတော့ တလကို လူတဦး ဆန် ၆ ပြည် ပေးပါ တယ်။ အဲဒါက လောက်တဲ့အချိန်လည်း လောက်တယ်။ တခါတလေလည်း မလောက်ငှပါဘူး။ တောင်ပေါ်ကလူတွေဆို တော့ သရေစာ မစားဘူး။ ထမင်းပဲ အားထားစားတော့ ထမင်းက စားနိုင်ကြတော့ မလောက်ပါဘူး။
နိုင်ငံရေး အခြေအနေ နည်းနည်းအေးရင်တော့ ရွာကို ပြန်ကြည့်ဖြစ်တယ်။ အခုက ပြန်ပြီး ရုတ်ရုတ် ရုတ်ရုတ်နဲ့ ဖြစ်နေတာ ဆိုတော့ မသွားဖြစ်တာ ၁ လလောက် ရှိပါပြီ။ ရွာကို တချို့လူတွေက ပြန်ချင်တယ်။ ကိုယ့်စားဝတ်နေရေး၊ ခြံဝင်းနဲ့ လုပ် စားမယ့် နေရာတွေက အဲဒီမှာပဲရှိတာဆိုတော့ ပြန်ချင်ကြတယ်။ တချို့တွေကလည်း မပြန်ချင်တော့ဘူး။ ဘာလို့လဲဆို တော့ နိုင်ငံရေးက မတည်ငြိမ်ရင် အဲဒီဘက်က တိုက်ပွဲက ခဏခဏ ဖြစ်တယ်။ အသက်အန္တရာယ်ကို စိုးရိမ်တဲ့ လူတွေက တော့ သိပ်မပြန်ချင်ကြဘူး။
ဒီမှာ နေတာက အစစ အရာအရာ အဆင်ပြေပေမယ့် စားဝတ်နေရေးက အဆင်မပြေဘူး။ ကိုယ်လုပ်ကိုင်စားမယ့် နေရာက မရှိဘူး။ အဖွဲ့အစည်းတွေက ထောက်ပံ့မှုနဲ့ စားနေရတယ်။ အဖွဲ့အစည်းက ရပ်ပြီ၊ မထောက်ပံ့တော့ဘူး ဆိုရင် ကျမတို့မှာ ဒီနေရာမှာ လုပ်ကိုင်စားရမယ့် နေရာ မရှိပါဘူး။
မေး။ ။ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကြားမှာ တိုက်ပွဲတွေ တိုက်နေကြတဲ့အပေါ် အစ်မတို့ ဘယ် လို နားလည်လဲ။
ဖြေ။ ။ ကျမတို့က နိုင်ငံရေးသမား မဟုတ်တော့ သိပ်နားမလည်ဘူး။ ဘာကြောင့် ဖြစ်တာလဲပေါ့။ သူတို့ ပြောတာကတော့ တရားမျှတမှု မရှိတာ၊ တန်းတူညီမျှရေးတို့ တန်းတူအခွင့်အရေးတို့ မခံစားရလို့ ဆိုပြီး ပြောတာပါပဲ။
မေး။ ။ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေက တန်းတူညီမျှရေးတို့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်တို့အပေါ် အစိုးရနဲ့ ညှိနှိုင်းချင်တဲ့အကြောင်း ပြောလာတာ နှစ်တွေကြာပါပြီ။ အစ်မတို့လို ကြားမှာ စစ်ဘေးဒဏ် ခံနေရသူ တဦးအနေနဲ့ရော တန်းတူညီမျှရေးတို့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်တို့ ဆိုတာကို ဘယ်လို နားလည်လဲ။
ဖြေ။ ။ ကျမ အရင်က ဒါတွေမသိဘူး။ ကျမက တောင်ပေါ်မှာပဲ နေတော့ အရင်က ဗမာစကားတောင် မတတ်ဘူး။ ဒီဘက် ကို ပြောင်းလာမှ ဗမာစကား တတ်တာ။ အရင်က တောင်ပေါ်မှာနေတုန်းကဆို သူများရဲ့ ဖိနှိပ်ခံထားရမှန်းလည်း ကျမ မသိ ဘူး။ အရင်တုန်းကဆို လူ့အခွင့်အရေးတို့၊ တန်းတူညီမျှရေးတို့ ဆိုတာ မသိဘူး။ တောင်ပေါ်မှာ လမ်းပန်း ဆက်သွယ်ရေး လည်း မရှိ၊ ပညာရေး၊ ကျန်းမာရေး မရှိနဲ့ နေခဲ့ရတာ။ ကိုယ် ဒီလောက် နစ်နာခဲ့တာလည်း ကိုယ့်အခွင့်အရေးကိုယ် နစ်နာ နေမှန်းလည်း နားမလည်ဘူး။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တို့ ဘာတို့ကတော့ ခေါင်းဆောင်တွေ ပြောတာတော့ ဟုတ်မှာပါ။ ကျမ တို့ကတော့ သိပ်နားမလည်ဘူး။
ကျမတို့ ဒီဘက်ကို ပြောင်းလာတော့ သိလာတာက မြို့မှာကျတော့ ရန်ကုန်၊ မန္တလေးတို့ကျတော့ ရေတွေ မီးတွေ တိုက် တွေနဲ့ ဆေးပေးခန်းတွေ ဆေးရုံဆေးခန်းတွေလည်း အလွယ်တကူ ရနိုင်တယ်။ ပညာရေးလည်း အလွယ်တကူ ရနိုင်တယ်။ ကျမတို့ တောင်ပေါ်မှာကျတော့ ကျမတို့ ဒီနိုင်ငံမှာ မွေးတာပဲ။ ဒီတိုင်းရင်းသားတွေပဲ။ ဒါပေမယ့် အခွင့်အရေး မရတော့ ပညာရေးလည်း မရှိဘူး။ ကျမတို့မှာ စာသင်ကျောင်းလည်း မရှိဘူး။ ကျမတို့ ငယ်ငယ်ကတည်းက ပညာ မသင်ရတာ လည်း စာသင်ကျောင်း မရှိလို့ပဲ။
ကျန်းမာရေး ဆေးပေးခန်းလည်း မရှိဘူး။ ကျေးလက်မှာ ဘာမှ မရှိဘူး။ ဒီလို မွေးဖွားပြီး အသက်ဆုံးရှုံးတဲ့ မိခင်တွေလည်း အများကြီးပဲ။ ကျမ ဒီဒုက္ခသည် စခန်းကို ရောက်တော့ ပြန်စဉ်းစားမိတာ ကျမတို့က အခွင့်အရေးတွေ မသိလို့ မရှိလို့။ သိခဲ့ ရင် တောင်းလို့ ရမယ်လေ။ မသိလို့ မတောင်းခဲ့ရဘူး။ တကယ်ဆို ကျန်းမာရေး ဆေးပေးခန်းတွေ ရှိရမယ်။ ဒါက ကိုယ်ရ သင့် ရထိုက်တဲ့ အခွင့်အရေး ဆိုတာ အခုမှပဲ သိတယ်။ ကလေးတွေဆိုလည်း ကျောင်းထားရတာ အခမဲ့ ဆိုတာ အခုမှ သိ တယ်။
မေး။ ။ တောင်ပေါ်မှာ ကလေးတယောက်က စာသင်ဖို့ ဘယ်လို အခြေအနေတွေ ရှိလို့လဲ။
ဖြေ။ ။ ကျမတို့ ရွာမှာ အသက် ၄၀ နဲ့ ၃၅ နှစ် အထက်ကို ကြည့်ကြည့်ပါ။ တယောက်မှ စာမတက်ဘူး။ မြန်မာလိုက စာရော စကားရော မတက်ဘူး။ ကျမတို့ စာတတ်ချင်ကြတယ်။ ကျမဆို တအား နောင်တ ရပါတယ်။ ကျမ ကျောင်း အရမ်းတက် ချင်လို့ ပညာတက်ချင်လို့ ကျမ စစ်ကိုင်းမှာ မယ်သီလရှင် သွားလုပ်ရပါတယ်။ အဲဒါနဲ့မှ ရေးတတ်၊ ဖတ်တတ် ကျမ တက် တာပါ။ အခုထိလည်း ကျမတို့ ကလေးတွေကို လွှတ်နေရတုန်းပါပဲ။ ဒီမှာက သိပ်အဆင်မပြေလို့ပါ။ အောက်ပြည်က ပရဟိတ ကျောင်းမှာပဲ တော်တော်များများ သွားတက်ကြတာပါ။
အတန်းငယ်တဲ့ ၅ တန်းကနေ ၇ တန်းထိက ကျောင်းနဲ့ ဝေးတယ်။ သွားသွားလာလာ အဆင်မပြေပါဘူး။ နေ့ချင်းပြန် ရ မယ်ဆိုရင် မြို့ပေါ်သွားတက်ရင်လည်း အဆင်မပြေပါဘူး။ ဝေးတယ်။ ကျမတို့နားက မူလတန်းတွေပဲ ရှိတယ်။ အတန်း ကြီးလာတော့ ငွေရေးကြေးရေး မတတ်နိုင်တော့ ၉ တန်းနဲ့ ကျောင်းထုတ်ရတာ အများကြီးပဲ။ ၉ တန်း တယောက်ထားဖို့ ဆို အနည်းဆုံး ၄ သိန်း၊ ၅ သိန်းရှိမှ ထားလို့ ရမယ်လေ။ မတတ်နိုင်ကြလို့ မထားကြတာပါ။
မေး။ ။ အဲဒီတော့ အစ်မတို့ ကလေးတွေ ရွာက ကလေးတွေကို အခု ကျောင်းဘယ်လို ထားသလဲ။
ဖြေ။ ။ ကျမတို့ စစ်ဘေးရှောင်စခန်းက ကလေး အယောက် ၁၀၀ ကျော်လုံးက စစ်ကိုင်း၊ ပြင်ဦးလွင်နဲ့ မန္တလေးက ပရဟိ တ ကျောင်းတွေမှာ သီလရှင်ဝတ်၊ ကိုရင်ဝတ်ပြီး ကျောင်းတက်ကြပါတယ်။ ဘယ်လို အဆက်အသွယ်ရလဲ ဆိုတော့ ကျမ တို့ ရွာကို သီလရှင် ဆရာလေး တပါးက အလှူလာခံတယ်။ သူက ကျမတို့ကို သနားတယ်။ သူကလည်း တအန်းလူမျိုးပဲ။ ကလေးတွေက ရွာမှာ ၄ တန်း အောင်ရင် ၅ တန်း ဆက်မတက်ကြတော့ ဘာလို့ ဆက်မတက်ကြတာလဲလို့ မေးရင်း တောင်ပေါ်မှာက ခက်ခဲတယ်။ ကျောင်းတက်ဖို့ ၄ နာရီ လမ်းလျှောက်ရတယ်။
ရွာမှာ ကျောင်းမရှိလို့ တောင်ပေါ်ရွာကနေ ကွတ်ခိုင်မြို့ထိ သွားတက်ရတာပါ။ နေ့ချင်းပြန် ကျောင်းတက်ရတော့ ဆက် မတက်နိုင်ကြတော့ဘူး။ အဲဒါနဲ့ ဆရာလေး လာတော့ အချိတ်အဆက်ရပြီး ဆရာလေးကို ပို့ပေးပါဆိုတော့ ကျမက ရွာထဲ က မိဘတွေနဲ့ ခေါ်ပြီး မိတ်ဆက်ပေးတယ်။ အဲဒီလိုနဲ့ ပို့ကြတာပါ။
အစကဆို ကျမတို့ရွာမှာ မူလတန်းတောင် မရှိဘူး။ ကျမတို့ ကျောင်းတောင်းတယ် အစိုးရမှာ။ မရတော့ မရမကကို တောင်း တယ်။ ပညာရေးရုံးနဲ့ ထွေအုပ်ရုံးကို မျက်စိနောက်လောက်အောင်ကို သွားပြီး တောင်းခဲ့တယ်။ ၂၀၀၅ ခုနှစ်မှာ အစိုးရက ကျောင်းချပေးတော့ မူလတန်းကျောင်း ရပါတယ်။
မူလတန်းကျော်တဲ့ ကလေးတွေဆို ကွတ်ခိုင်မှာပဲ တက်ရတယ်။ ဆိုင်ကယ်ရော ကားလမ်းရော မပေါက်လို့ ရွာကနေ ကျောင်းကို ရောက်ဖို့ ခြေလျင်ပဲ ၄ နာရီ သွားရပါတယ်။ မိန်းကလေးတွေဆိုရင် စိတ်မချတော့ ကျောင်းမတက်တော့ဘူး။ ကျမတို့ ရွာမှာ အရင်က ၄ တန်းအောင်ရင် ကျောင်းထွက်ကြတာပဲ။
ပရဟိတကျောင်းတွေနဲ့ အချိတ်အဆက်ရတော့ ကျမ ပထမဆုံး ၂၀၁၃ မှာ ပို့တာ ကလေး အယောက်၂၀ ပို့ပါတယ်။ အဲဒါ က ပထမဦးဆုံး စပို့တာပါ။ ကျမတို့ရွာမှာ ကျမတို့ ငယ်ငယ်တုန်းကဆိုရင်တော့ ပထမဆုံးအနေနဲ့ စစ်ကိုင်းမှာ ကျောင်း သွား တက်တာဆိုရင် ကျမတု့ိ အသုတ်ပဲ၊ ကျမနဲ့ အတူ ၁၇ ယောက် သွားတက်ကြတယ်။ တခြားသူတွေ ဘယ်သူမှ ကျောင်းမတက်ဖူးဘူး။ နောက် ဒီရွာရဲ့ ဒုတိယ အသုတ်အဖြစ် ပို့တာက ၂၀၁၃ မှာ ကျမတို့ ကလေးတွေ အယောက် ၂၀ ကို ပြန်စပို့တာပါ။ ကျမ အမျိုးသား (ပန်ကူရွာ အုပ်ချုပ်ရေးမှူး) ဆိုရင်လည်း ကိုရင်ဝတ်ပြီး မိထ္ထီလာမှာ ကျောင်းတက် တာပါ။
မေး။ ။ မြို့ပေါ်က သီလရှင်ဝတ်၊ ကိုရင်ဝတ်နဲ့ဆိုလည်း ကလေးတွေက အရမ်းကြီး ပြည့်ပြည့်စုံစုံနေရတာ မဟုတ်ဘူးနော်။ အပတ်စဉ် အလှူခံထွက်ရတာနဲ့ တချို့ဆိုလည်း ဆင်းဆင်းရဲရဲပဲ ဖြတ်သန်းရတာပဲလေ။ ဘာလို့ အဝေးကြီး မြို့မှာ သွား ထားရတာလဲ။ ကိုယ့် တောင်ပေါ်ဒေသနဲ့ ဘာကွာလို့လဲ။
ဖြေ။ ။ ဘယ်သူမဆို ဘယ်မိဘမဆို ကိုယ့်သားသမီးကို မခွဲချင်ပါဘူး။ ကိုယ့်အနီးအနားမှာ ထားရင် ပညာမတက်ဘူး။ ခွဲရမှာတော့ ဘယ်သူမဆို ဝမ်းနည်းတာပေါ့။ အများထဲ သွားထားတော့ သိပ်အဆင်မပြေပါဘူး။ ဖျားနာရင်တောင် မိဘ ကိုယ်တိုင် စောင့်ရှောက်လို့ မရဘူး။ ဒါပေမယ့် ကျမတို့ ပညာရေး အရမ်း ခက်ခဲနေလို့ သွားထားရတာပါ။ ဒီမှာ ထားရင် လည်း ပညာမတက်ဘူး။ ဟိုမှာထားတော့လည်း မိဘတွေက စိတ်ဆင်းရဲရတယ်။ ဒါပေမယ့် သူတို့အတွက် ပညာရေးကို ဦးစားပေးတဲ့ သဘောနဲ့ ထားကြတာပါ။
တချို့ကျတော့လည်း ကိုယ့်ဒေသမှာ စစ်ပွဲက အရမ်းဖြစ်နေတော့ ဟိုမှာ ဘာဖြစ်ဖြစ် ဆိုပြီး အသက် ၅ နှစ်၊ ၇ နှစ်ကတည်း က ကလေးတွေကို ပို့လိုက်ကြတယ်။ မြို့မှာက ဆေးရုံဆေးခန်းလည်း နီးတယ်။ ဖျားနာလည်း ကုရ လွယ်တယ်။ ဟိုပြေး ဒီပြေးလည်း မပြေးရဘူး။ အသက်အန္တရာယ် ကင်းရှင်းမယ်လို့ ယူဆပြီး ထားတာလည်း ရှိပါတယ်။ ပညာရေးအတွက် တွေးပြီးထားတာလည်း ရှိပါတယ်။ ဟိုမှာ ဆိုရင်တော့ ပညာလည်း သင်ရမယ်။ ကျန်းမာရေးလည်း တခုခုဖြစ်ရင် လွယ် တာကြောင့် ထားကြတာပါ။
ကျမဆိုရင် သားသမီးတွေကို ၂၀၁၃ မှာ အကြီးမကို စပို့တယ်။ ကျမ မပို့တာက အကြီးဆုံး ကောင်လေးက၂၀၀၇ မှာ ၁၀ တန်း တက်တယ်။ စစ်ကိုင်းက ပရဟိတကျောင်းကို အဆက်အသွယ် မရလို့ မထားလိုက်ရတာ။ ဒုတိယ သမီးကျတော့ ၈ တန်းတည်းက ထားတယ်။ အခု ဘွဲ့ယူတော့လည်း စစ်ကိုင်းမှာပဲ ယူတာပါ။ သူက ၉ တန်းထိ သီလရှင်ဝတ်နဲ့ပေါ့။ ၁၀ တန်း ကျတော့ လူထွက်တယ်။ လူဝတ်နဲ့ ကျောင်းတက်တယ်။ ဘွဲ့ရတဲ့အထိပဲ။
သီလရှင်ဆရာလေး အဆောင်မှာပဲ နေရင်း တက်တာပါ။ အခုတော့ သမီးကြီးက ဓာတုဗေဒနဲ့ ဘွဲ့ရထားပါပြီ။ ၃ ယောက် မြောက် ယောက်ျားလေးကလည်း စစ်ကိုင်းကိုပဲ ပို့ပါတယ်။ တတိယတန်းကတည်းက ပို့တာ အခုဆိုရင် သူက တက္ကသိုလ် တတိယနှစ်တောင် ရောက်နေပါပြီ။ သူလည်း အခု စစ်ကိုင်းမှာပါပဲ။
ကျမ သားသမီးတွေက စ ပို့ပို့ချင်းတုန်းကတော့ နားမလည်ကြဘူး။ သူတို့ကို ခွဲနိုင်တယ်ဆိုပြီး ထင်ကြတယ်။ နောက်တော့ မှ ရွာမှာ နေရင် စာမတက်မှာ စိုးလို့ ပို့လိုက်တယ် ဆိုတာကို သိလာကြတယ်။ ပရဟိတကျောင်း ထားပေမယ့်လည်း ကျမ က စာဝိုင်းတွေ ဆရာတွေ ထပ်ငှားပေးပါသေးတယ်။ ကလေးတွေ စိတ်ချမ်းသာအောင် မုန့်ဖိုးတွေလည်း ပို့ရတာပေါ့။ ကျမ ပထမ သမီးကြီးကို စစ်ကိုင်း စပို့တုန်းကဆို ၇ ရက်လောက် ကျမ ထမင်း မစားနိုင်ဘူး။ အစာအိမ်ရောဂါဖြစ်ပြီး ကွတ်ခိုင် ဆေးရုံမှာ ဆေးရုံ တင်လိုက်ရတယ်။ အဲဒီလို ဆေးရုံတက်ရင်းနဲ့မှလည်း စစ်ကိုင်းက ဆေးရုံနဲ့ ကွတ်ခိုင်က ဆေးရုံ ဘယ်လို ကွာတယ် ဆိုတာကို သိရတာ။
သမီးကြီးကို ပို့လိုက်တုန်းက ဘယ်လို ခံစားရတယ် ဆိုတာတောင် မပြောတတ်တော့ဘူး။ သူက ၈ တန်း တက်တုန်းက ပို့ တာလေ။ ကျမ သီတင်းကျွတ်မှာ သွားတွေ့တယ်။ ဆရာလေးတွေကလည်း ဂရုစိုက်တယ်။ တိုင်းရင်းသား ကလေးတွေ ကိုလည်း ချစ်တယ်လေ။ ဒီရွာကနေဆိုရင် ကျမ ပို့ထားတာ အယောက် ၄၀ တောင် ရှိပါတယ်။ မယ်သီလရှင်ကျောင်းကို ပို့ ထားတာလေ။ စစ်ကိုင်းမှာ အယောက် ၄၀၊ ပြင်ဦးလွင်မှာ ယောကျ်ားလေးရော မိန်းကလေးရော အယောက် ၅၀ ပို့ထား တယ်။
ပြင်ဦးလွင်မှာ ပို့ထားတဲ့ ထဲက နည်းနည်း ငယ်တဲ့ ကလေးတွေကျ အလှူခံလည်း မထွက်နိုင်ဘူးလေ။ သူတို့ကတော့ လူ ဝတ်နဲ့ပဲ တက်တယ်။ ပြင်ဦးလွင်ကျတော့ သီလရှင်ကျောင်း၊ မိဘမဲ့ကျောင်းပါ။ နောက် ယောက်ျားလေးတွေ မန္တလေး၊ ဖောင်တော်ဦးကျောင်းမှာ ပို့ထားတာလည်း အယောက် ၂၀ လောက် ရှိပါတယ်။ အကုန် ဒီဒုက္ခသည်စခန်းက ချည်းပဲပါ။ အားလုံး စုစုပေါင်းဆို ပရဟိတကျောင်းမှာ လက်ရှိ တက်နေတာ ၁၀၀ ကျော် ပါတယ်။
၂၀၁၃ ကနေ ၂၀၂၀ ထိ ပရဟိတကျောင်းမှာ သွားတက်ပြီး ၁၀ တန်းအောင်တာ မိန်းကလေး ၄ ယောက် ရှိပါတယ်။ ယောက်ျားလေးက ၆ ယောက် ရှိပါတယ်။
မေး။ ။ တောင်ပေါ်ဒေသနဲ့ ပတ်သက်ရင် ဒေသဖွံ့ဖြိုးရေးနဲ့ အခြေခံ ရပိုင်ခွင့်တွေဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေးတွေကို မလုပ်ပေးနိုင်တာက တိုက်ပွဲတွေ ဖြစ်နေလို့ ဒေသ မအေးချမ်းလို့ ဆိုတဲ့ ပြောဆိုချက်တွေ ရှိတယ်။ ဒါကို လက်ခံပါသလား။
ဖြေ။ ။ သူတို့ အခု စစ်ဖြစ်နေလို့ မဖွံ့ဖြိုးဘူးဆိုရင် ထားပါတော့။ အရင်ကရော စစ်မဖြစ်ခင်တုန်းကရော ဒီပုံစံက ဒီပုံစံပါပဲ။ ပိုတောင်မှ ဖိနှိပ်ခံရသလိုပဲ။ စစ်မဖြစ်ခင် ကျမတို့ မတိမ်းရှောင်ခင်ကတည်းက ပညာရေးမှာ အရမ်း ခက်ခဲတယ်။ ကျန်းမာ ရေးမှာလည်း အခက်အခဲ ရှိတယ်။ စားဝတ်နေရေးရော အခက်အခဲရှိတယ်။ အခုမှပဲ စစ်ဘေးရှောင်စခန်း ရောက်ပြီး နောက်မှ သူများက ကူညီလို့ ဆွေးနွေးပွဲတွေ သွားရင်းက ကျမတို့ နားလည်လာတယ်။ အရင်က စစ်မဖြစ်ဘူးလေ။ ဘာလို့ ကျမတို့ ဒေသ မဖွံ့ဖြိုးတာလဲ။
အခုကတော့ ထားပါတော့ စစ်ဖြစ်လို့ပေါ့။ ကျမ ငယ်ငယ်ကတည်းက ဒီပုံစံက ဒီပုံစံပါပဲ။ ကျမတို့ ငယ်ငယ်တုန်းကဆို ဘယ် လက်နက်ကိုင်မှ မရှိဘူး။ KIA ကိုပဲ ကြားဖူးတယ်။ သူတို့ကလည်း တနှစ်တခါလောက်ပဲ လာပြီး အစည်းအဝေး လုပ်တာ။ ဘာတိုက်ပွဲမှလည်း မရှိခဲ့ဘူး။ ၂၀၁၅ မှာ တိုက်ပွဲစဖြစ်မှ ကျမတို့ ရှောင်လာတာပါ။
မေး။ ။ နေပြည်တော်မှာ နိုင်ငံရေး ဆွေးနွေးပွဲတွေ ကျင်းပတယ်။ အနာဂတ်မှာ တိုင်းရင်းသား လူမျိုးတွေ တောင်းဆိုတဲ့ တန်းတူညီမျှရေးနဲ့ တိုင်းပြည်ကို ဘယ်လို ပြန်လည် တည်ဆောက်မယ် ဆိုတာတွေပေါ့။ ဒါကတော့ ထိပ်ပိုင်း ခေါင်းဆောင် တွေ ဆွေးနွေးတာပေါ့။ အစ်မ အနေနဲ့ ဆိုရင်တော့ အရပ်သားတဦးအနေနဲ့ အစ်မနေတဲ့ ပတ်ဝန်းကျင်၊ ဒီရှမ်းပြည်နယ်ကို ဘယ်လို ဖြစ်စေချင်တဲ့ ဆန္ဒရှိပါသလဲ။
ဖြေ။ ။ ကျမ အနေနဲ့တော့ အားလုံးရဲ့အခွင့်အရေး၊ တန်းတူညီမျှရေးကို ရစေချင်ပါတယ်။ နေပြည်တော်တို့ ရန်ကုန်တို့ မန္တ လေးတို့ ဘယ်လိုနေသလဲ။ မြို့ကြီးတွေနေသလိုပဲ မြို့ငယ်ကိုလည်း ဖြစ်စေချင်ပါတယ်။ လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာ ရေးတို့မှာပါ။ အခုက ကွာဟပါတယ်။ မြို့ကြီးနဲ့ မြို့ငယ်ဆိုတာ ကျန်းမာရေး၊ပညာရေးမှာ အရမ်းကွာဟ ပါတယ်။ ကျမက တော့ တန်းတူညီမျှရေး ဖြစ်စေချင်ပါတယ်။
ကျန်းမာရေးမှာလည်း နှိုင်းယှဉ်မယ်ဆိုရင် အများကြီး ကွာဟပါတယ်။ ကျမ ငယ်ငယ်က မယ်သီလရှင် စာသင်ကျောင်း၊ စစ်ကိုင်းမှာ ဆေးရုံတက်ရတော့ အဲဒီမှာ သူနာပြုက ဆက်ဆံရေးလည်း ကောင်းတယ်။ လာပြီဆို ဆရာလေး ဘာဖြစ်လဲဆို တော့ ကျမ ရောဂါတောင် ပျောက်သွားသလိုပဲ။ ကြိုဆိုနေတာ။ အားပေးစကား ပြောတယ်။ ဆေးရုံရောက်တာနဲ့ ကျမက ရောဂါတောင် ပျောက်နေပြီ။ ကျမ အခု ကွတ်ခိုင်မှာလည်း ဆေးရုံသွားဖူးတယ်။ ကျမက အစာအိမ်ရောဂါ ရှိတယ်။
ဆေးရုံကို ရောက်တော့ ကျမက ကြောက်လို့ ပိုတောင် နာလာတယ်။ ဆေးမရှိတာနဲ့ ဆေးစောင့်နေရတာနဲ့။ နာက နာနေ ပြီ။ ဆေးက မရှိ။ စာလေး ရေးပေးတာကို သွားဝယ်ရတယ်။ ပိုက်ဆံကလည်း ခက်ခဲတယ်။ မရှိတော့ ပိုက်ဆံက လိုက်ချေး ရသေးတယ်။ ရန်ကုန်မှာ ကျမ ဆေးရုံတက်ဖူးတယ်။ ဝယ်ရမယ်ဆိုတာ မပြောဘူး။ လာတာနဲ့ တခါတည်း တန်းကုပေး တယ်။ ကျမတို့ ကွတ်ခိုင်မှာက ဆေးက ပြေးဝယ်ရတယ်။ လူနာက မတတ်နိုင်၊ ပိုက်ဆံ အခက်အခဲရှိရင် ဟိုမှာ ချေးရ၊ ဒီမှာ ချေးရနဲ့ အကြွေးလည်း ဝယ်မရ။ ဒါက မြို့ပေါ် အခြေအနေပါ။
ကျမတို့ ကျေးရွာဆို ပိုဆိုးတာပေါ့။ ဆေးရုံဆေးခန်း ရှိမှန်းကို မသိတာပါ။ ကျေးလက်မှ ကျန်းမာရေး စောင့်ရှောက်မှု ရသင့် တယ် ဆိုတာကို နားမလည်ကြတာပါ။ ကျေးလက်မှာ လူနာရှိရင် အကုန် အရေးပေါ် ကားခေါ်ပြီးပဲ ကွတ်ခိုင်မြို့ပေါ်ကို ပို့ရ တာပါ။ ဘာမှ မရှိဘူး။ ကျမတို့ ဘာမှ မရပါဘူး။ ကလေး အပူကျဆေးလောက် လိုချင်ရင်တောင် ကွတ်ခိုင်မြို့ပေါ်ကို ပြေးရ ပါတယ်။ ကျေးလက်ဆေးခန်း ဆရာမကို သွားပြရင် အပူလောက် တိုင်းပေးပြီး ဆေးမရှိဘူး။ အားနာတယ်။ ဘယ်လိုလုပ်ရ မလဲ ဆိုပြီး ပရာစီတမော့ လောက် တိုက်ပြီး မြို့ပေါ် ပြေးရတာပါ။ အခုလည်း ဒီလိုပါပဲ။ ကျမကတော့ ပညာရေး၊ ကျန်းမာ ရေးမှာ မြို့နဲ့ တောင်ပေါ် မခွဲပဲ အကုန် တန်းတူ ရချင်တယ်။
မေး။ ။ အစ်မ အခု ပြောတဲ့ ပညာရေး၊ ကျန်းမာရေးတွေ တန်းတူ ရဖို့ဆိုရင် ဘယ်လိုဖြစ်စေချင်တဲ့ ဆန္ဒရှိလဲ။
ဖြေ။ ။ ကျမတို့က တန်းတူညီမျှ အခွင့်အရေးသာ ပေးမယ်ဆိုရင် ကိုယ့်လူမျိုး ကိုယ်အုပ်ချုပ်တာက ပိုအဆင်ပြေပါမယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုတာက ကိုယ့်လူမျိုးက ကိုယ့်ကို အုပ်ချုပ်တာ ပိုအဆင်ပြေပါတယ်။ အဲဒီလိုပဲ ကျမ ထင်တာပါ။
မေး။ ။ အစ်မပြောတဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရရင် အခုနဲ့ ဘာတွေ ပြောင်းလဲမယ်လို့ ထင်လို့လဲ။
ဖြေ။ ။ ပြောင်းလဲမယ်လို့ ထင်တယ်။ ပြည်သူတွေက ဖိနှိပ် မခံရတော့ဘူး။ ကျမတို့ တောရွာမှာ ဘယ်လောက်ပဲ မြို့နဲ့ ဝေးဝေး၊ စာသင်ကျောင်းလေးတော့ ရှိမယ်လို့ ထင်တာပဲ။ အခုလည်း တော်တော်များများက အစိုးရတွေ မဖွင့်ပေးတဲ့ နေ ရာမှာ ကိုယ်ထူကိုယ်ထ ကျောင်းတွေ တအန်းပညာရေး အင်စတီကျူ့က လိုက်ဖွင့်တာ ရှိတယ်။ ဆရာမတွေ ချပေးထား တာလည်း ရှိတယ်။ ကိုယ့်လူမျိုး ကိုယ်ဆိုတော့ နားလည်တဲ့သူက နားမလည်တဲ့ လူအပေါ် ကိုယ်ချင်းစာစိတ် ရှိတယ်။ ပရဟိစိတ်လည်း ရှိတာပေါ့။
မေး။ ။ ဒါဆိုရင် ကိုယ့်တိုင်းရင်းသား လူမျိုးအလိုက် ခေါင်းဆောင်တွေက အုပ်ချုပ်တဲ့ အစိုးရအာဏာ ပိုင်တွေဖြစ်လာရင် ပညာရေး၊ ကျန်းမာရေး အကုန် လွယ်လွယ်ကူကူ ရလာမယ်လို့ အစ်မက ဆိုလိုတာလား။
ဖြေ။ ။ ဟုတ်တယ်။ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရရင် ပညာရေး၊ ကျန်းမာရေးမှာ လွယ်လွယ်ကူကူ ရလာမယ်လို့ ယုံကြည်တယ်။ အခု ကျမ အမြင်ဆိုရင် ကိုယ့်လူမျိုး အချင်းချင်း ကျောင်းလိုက်ဖွင့်ပေးတာ ရှိတယ်။ အစိုးရတွေ လက်လှမ်းမမီတဲ့ နေရာ တွေမှာလေ။ ကိုယ်ထူကိုယ်ထနဲ့ ကိုယ့်ဘာသာ ဖွင့်နေတာ ကျောင်းက ၁၀၀ ကျော် ရှိတယ်။ အခုဆို၂၀၀ ကျော် လောက် တောင် ရှိပြီ ထင်တယ်။
မေး။ ။ အခုလို တိုက်ပွဲတွေ ဖြစ်နေတာကရော တိုင်းရင်းသားလူမျိုးတွေ ရချင်တဲ့ တန်းတူညီမျှရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရ မယ်လို့ ထင်ပါသလား။
ဖြေ။ ။ အဲဒါတော့ ကျမက မပြောတတ်ပါဘူး။ တကယ်လို့ အစိုးရတွေက ကိုယ့်တိုင်းရင်းသားတွေလို့ ယူဆရင် တော့ စစ်မတိုက်ဘဲနဲ့ ကောင်းကောင်းမွန်မွန် ပေးမှာပေါ့။ ကောင်းကောင်းမွန်မွန် ဆွေးနွေးပွဲနဲ့ ပေးရင်တော့ ရမယ်လို့ ကျမ မျှော်လင့်ပါတယ်။
ဆက်စပ်ဖတ်ရှုရန်
၂၀၂၀ ရွေးကောက်ပွဲအတွက် တိုင်းရင်းသားပါတီများ ညီညွတ်အင်အားကောင်းလာ
‘ဝ’ လူမျိုးများ လူသားစားသည့် ဓလေ့ မရှိဟု ‘ဝ’အမျိုးသား ပါတီပြော
ကွတ်ခိုင်တွင် အချိန်မရွေး တိုက်ပွဲ ဖြစ်လာနိုင်ကြောင်း KIA သတိပေး
COVID-19 တည်ငြိမ်မှ အစိုးရနှင့် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့တို့ Bilateral ဆွေးနွေးမည်