ပဲခူးရိုးမသစ်တောများသည် ဆယ်စုနှစ်အတွင်း သစ်ထုတ်တဲ့ ကုမ္ပဏီ၊ သစ်ခိုးဂိုဏ်းများကြောင့် ပြုန်းတီးမှုများ ရှိလာသည်။ တနိုင်ငံလုံး အတိုင်းအတာဖြင့် သစ်ထုတ်ယူခွင့်ကို ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်အတွင်း ရပ်ဆိုင်းပြီးနောက် သစ်ထုတ်ယူ နိုင်စွမ်း အကြီးအကျယ် ကျဆင်းခဲ့သည့် မြန်မာ့ကျွန်းသစ်မူရင်းဒေသ ပဲခူးရိုးမတွင် ကျွန်းနှင့် သစ်မာထုတ်ယူခြင်းမပြုဘဲ ၁ဝ နှစ်အထိ အနားပေးရန် သယံဇာတနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
သစ်တော ကြိုးဝိုင်းပေါင်း ၁ဝ၃ ခု (ဧက ၃ သန်းကျော်) ရှိသည့် ပဲခူးရိုးမတလျှောက် သစ်ခိုးထုတ်မှုများ လျော့နည်း ပပျောက်စေပြီး သစ်တော ပြုန်းတီးမှုများ ကာကွယ်နိုင်ရန် ပြန်လည် ကုစားရေး လုပ်နေသော်လည်း သစ်ခိုးထုတ်မှုများကို ဆက်လက် ရင်ဆိုင်နေရဆဲဖြစ်ရာ ထိုအခြေအနေများကို ပဲခူးတိုင်း အစိုးရအဖွဲ့မှ သစ်တောဝန်ကြီး ဒေါက်တာ စောညိုဝင်းအား ဧရာဝတီ သတင်းထောက် ထက်ခေါင်လင်းက ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ ပဲခူးတိုင်းထဲက ဒေသအချို့မှာ တနေ့ကို သစ် တန် ၂ဝ လောက်အထိ ခိုးထုတ်နေကြတယ်လို့ ဒေသခံတွေက ပြောနေကြတဲ့အပေါ် ဝန်ကြီးအနေနဲ့ သုံးသပ်ပေးပါဦး။
ဖြေ။ ။ တရားမဝင်သစ်နဲ့ သစ်တောထွက် သယံဇာတတွေကို ကော်မတီဖွဲ့ပြီးတော့ လုပ်နေပါတယ်။ ပဲခူးတိုင်း ဝန်ကြီးချုပ် ကိုယ်တိုင် ဥက္ကဋ္ဌ၊ နယ်လုံဝန်ကြီးက ဒုဥက္က}၊ ကျနော်က ဒုဥက္ကဋ္ဌ ၂ အနေနဲ့ကို တောက်လျှောက် ဖမ်းနေပါတယ်။ အမှန်က ဒီအချိန်မျိုးက သစ်ခိုးထုတ်မှုတွေ နည်းနည်း လျော့သွားရမယ့် အချိန်ဗျ။
ခေတ်အဆက်ဆက်က တရားမဝင်သစ်ကိစ္စ တောက်လျှောက် ဖြစ်နေတာ။ ရသလောက် ပိတ်ဆို့ ဖမ်းဆီးနေပါတယ်။ ဖမ်းဆီးမှုတွေလည်း တိုးတိုးနေပါတယ်။ ကျနော်တာဝန်ယူတဲ့ ကာလမှာတင် တနှစ်ကို သစ်တန်ချိန် ၅ ထောင်လောက် အထိကို ဖမ်းဆီးမိတယ်။
သစ်ခိုးလမ်းတွေကို ဖြတ်တောက်ပစ်တယ်။ သစ်ခိုးတာက လမ်းကြောင်းမျိုးစုံပဲဗျ။ အုတ်တွင်း-ပေါက်ခေါင်းလမ်းကနေ နေပြည်တော် လယ်ဝေးလမ်းဘက်လည်း ဆင်းတာ တွေ့ရတယ်။ အမြန်လမ်းကို အသုံးပြုပြီး ထွက်တာလည်းရှိတယ်။ အဲဒီ လမ်းတွေကို ကျနော်တို့က တော်တော်လေး ပိတ်လိုက်နိုင်လို့ ဒီဘက်ကနေ ထွက်တဲ့ သဘောမျိုး ဖြစ်နေတယ်။
မေး။ ပဲခူးရိုးမက သစ်ထုတ်လုပ်မှုတွေ ရပ်နေတယ် ဆိုပေမယ့် တနေ့တန် ၂ဝ ထွက်တာ ပမာဏ အများဆုံးဖြစ်နေမယ် ယူဆပါလား။
ဖြေ။ တနေ့ကို တန် ၂ဝ ထွက်မယ်ဆို အနည်းဆုံး ကားကြီး ၅ စီး ထွက်ရမယ်။ ကားသေးဆိုရင် အစီး ၃ဝ၊ ၄ဝ ထွက်ရမယ်။ တနေ့တန် ၂ဝ ဆိုတာ ကျနော်ကိုယ်တိုင် လိုက်တဲ့အခါမှာ တချို့လတွေကို တရက်ထဲ တန် ၁ ထောင်မိတယ်။ တနေ့ကို ၃၃ တန်လောက် မိတယ်။ လွတ်သွားတဲ့ဟာ ရှိနိုင်တာပဲ။
မေး။ သစ်ခိုးထုတ်တဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး ဘယ်လိုကိုင်တွယ် ဆောင်ရွက်နေပါသလဲ။
ဖြေ။ ။ ကျနော်တို့ ပြည်သူကို ကိုယ်စားပြုတက်လာတဲ့ အစိုးရ၊ ပြည်သူရွေးချယ်တဲ့ အစိုးရ။ ပြည်သူ့အတွက် အစွမ်းကုန် ကျနော်တို့ ကြိုးစားပေးနေတယ်။ ကျနော်ပြောနိုင်တာက ကျနော်တို့ တာဝန် ကျနော်တို့ယူနိုင်တယ်။
ကျနော်တို့ အကုန်လုပ်ပေးနိုင်သလားဆို မလုပ်ပေးနိုင်ဘူး။ ပွင့်ပွင့်လင်းလင်းပြောရရင် တာဝန်ယူနိုင်တာ သစ်တောဌာန တမျိုးထဲပဲရှိတယ်။ ဒါတောင် သစ်တောရဲတွေကို ကျနော်တို့ မနိုင်ဘူး။ သစ်ခိုးထုတ်တာနဲ့ ပတ်သက်ရင် အခြားအဖွဲ့နဲ့ ပူးပေါင်းထားတာ ၈ ဖွဲ့လောက်ရှိတယ်။ ဒီအဖွဲ့တွေနဲ့ ကျနော်တို့ တရားဥပဒေစိုးမိုးရေးကို ဘယ်လိုလုပ် ရနိုင်မလဲ။ ကျနော်တို့ဘက်ကတော့ အကောင်းဆုံး လုပ်နိုင်တာတွေ လုပ်နေပါတယ်။
မေး။ ။ သစ်တွေ ခိုးထွက်နေတဲ့လမ်းမှာ တိုးဂိတ်တွေရှိတယ်။ တိုးဂိတ်တွေမှာလည်း သစ်တောရဲ၊ နယ်မြေရဲ စသဖြင့် အကုန်ရှိတယ်။ အဲဒီကနေ စိမ့်ထွက်နေတာကို ပြည်သူတွေက ဝေဖန်နေကြတဲ့အပေါ် ဝန်ကြီး ဘယ်လို ပြောချင်ပါသလဲ။
ဖြေ။ ။ ဖြစ်လည်း ဖြစ်နိုင်ပါတယ်။ မဖြစ်နိုင်တာလည်း ရှိတယ်။ ဥပမာ ဇီးကုန်းတိုးဂိတ်ဆို ရှောင်လမ်းရှိတယ်။ ဂိတ်ကို မဖြတ်ပဲ သွားလို့ရတဲ့လမ်းရှိတယ်။ တချို့မြို့တွေကြတော့ ရှောင်လမ်း မရှိဘူး။ အဲဒီလိုနေရာတွေမှာတော့ အဂတိကိစ္စတွေ ပါလာနိုင်တယ်။
မေး။ ။ ပဲခူးက သစ်လုပ်ငန်းရှင်တချို့နဲ့ စကားပြောတဲ့အခါ အခု ခိုးသစ်တွေဟာ ရန်ကုန်ကို တိုက်ရိုက်ဝင်နေတာလို့ ပြောတယ်။ ပဲခူးကို မဝင်တော့ဘူးတဲ့။ နောက်ပြီး ရန်ကုန်က လက်ကြီးသစ်လုပ်ငန်းရှင်တချို့က နောက်ကွယ်ကနေ စက်ကြီးတွေကအစ ပံ့ပိုးပေးနေတာလို့ ပြောကြတဲ့အပေါ်မှာလည်း ဘယ်လိုများ ပြောပြချင်ပါလဲခင်ဗျာ။
ဖြေ။ ။ အဲဒါက နဂိုထဲကပဲဗျ။ တိုင်းဒေသကြီး အဆင့်လောက်ထိ တိုင်းတခုနဲ့တခု မနိုင်ဘူး။ ချိတ်ဆက်ပြီးလုပ်မှ ရမှာ။ ဥပမာ ရိုးမရဲ့အရှေ့နဲ့ အနောက်ကို ဖြတ်ဖောက်ထားတဲ့ မြို့ကျောင်း-စိန်ကန့်လန့်လမ်းကို ကျနော်တို့ ပိတ်လိုက်နိုင်တော့ ပဲခူးကို မဆင်းလာတော့ဘူး။ ပဲခူးရိုး အနောက်ဘက်ခြမ်းကဆို ထောက်ကြန့်အထိ လမ်းပေါက်တယ်။ အဲဒီလမ်းက ခက်တယ်ဗျ။ အဲဒီလမ်းကနေ ပဲခူးကို ဘယ်လိုလုပ် ပြန်ပတ်လာမလဲ။ ရန်ကုန်ပဲ ဆင်းမှာပေါ့။ လမ်းဟောင်းတလျှောက် ဂိတ်တွေကို ကျော်တယ်၊ သစ်တောရဲနဲ့ အရပ်ဘက် ရဲတွေကို ဘယ်လို စိမ့်ထွက်ထွက် ဒါက သဘာဝ ကျစရာ တခုတော့မဟုတ်ဘူး။ ကျနော်တို့က သတင်းတခုခုရ ကျနော်ကိုယ်တိုင် နေ့ည ထလိုက်တယ်။ ဒါပေမယ့် ၁ဝဝ ရာခိုင်နှုန်း တော့ မလုပ်နိုင်ဘူး။
ဒါက ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရကို ကျနော်တို့မှာ တရားဥပဒေ စိုးမိုးမှုကို အကောင်အထည်ဖော်ဖို့ အားနည်းနေသေးတဲ့ အပိုင်းပဲ။ တကယ် တောထဲမှာ ခိုးခုတ်တဲ့သူတွေက ဘယ်လောက်မှ ရတာမဟုတ်ဘူး။ သူတို့နောက်က စီးပွားရေး လုပ်ငန်း ရှင်ကြီးတွေက လုပ်နေတာ။ နောက်ပြီး အဲဒီလူတွေက ရန်ကုန်မှာတင် ဒေသတွင်းသုံးလုပ်တာ မဟုတ်ဘူး။ အချောထည် လုပ်ပြီး နိုင်ငံခြားပို့တာ။ ဘယ်နေရာကနေ ဒီလိုခိုးသစ်တွေ ထွက်နေလဲဆိုတာ ရှင်းနေတာပဲ။ ရန်ကုန် သဘောင်္ဆိပ်တွေ ကနေ ကွန်တိန်နာအလိုက် ပို့ခွင့်ရတာကိုက သဘာဝမကျဘူး။
မေး။ ။ ဒီလို ဖြစ်ရပ်တွေအပေါ် ဘယ်လိုထိန်းချုပ်မှုတွေ လုပ်နေပါသလဲ။
ဖြေ။ ကျနော်တို့ အခု ဒေသခံတွေကို ကိုယ်ပိုင်စိုက်ခင်းတွေ ပေးနေတယ်။ သူတို့စိုက်၊ သူတို့ထုတ် ဆိုတဲ့ မူဝါဒအတိုင်းပဲ။ အရင်ကတော့ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်တွေရဲ့ စိုက်ခင်းပဲရှိတယ်။ အခု ဒေသခံစိုက်ခင်းဖြစ်တော့ သူတို့ပိုင်တဲ့ သစ်တောကို သူတို့ ထိန်းမှာပဲ။ နိုင်ငံတော်ပိုင်ဆိုရင်တော့ ခုတ်ကြမှာပဲဗျ။
နောက်ပြီး သူတို့အတွက် လိုအပ်တဲ့ ရုပ်ပိုင်းဆိုင်ရာကဏ္ဍတွေ ဖြည့်ပေးတယ်။ ဒေသသုံး ထင်းသုံးစွဲမှု မြင့်လို့ လျှပ်စစ်မီးတွေ လုပ်ပေးတယ်။ သူတို့ရဲ့ လူမှုဘဝနဲ့ လုပ်ပိုင်ခွင့်တွေကို မြှင့်တင်ပေးတယ်။
တကယ်ဆို ကြိုးဝိုင်းတော၊ ကြိုးပြင်တော့ အကုန်လုံးကို သူများနိုင်ငံတွေလုပ်သလို ဘယ်သူမှ ဝင်ထွက်ခွင့်မရှိဆိုတဲ့ ပုဒ်မ ၁၄၄ ထုတ်ပြန်ဖို့လိုတယ်။ အဲဒါမှ သစ်တောတွေထဲမှာ ဥပဒေစိုးမိုးရေး အပြည့်အဝ လုပ်လို့ရမှာ။ ရဟတ်ယာဉ်နဲ့ စောင့်ကြည့်မလား၊ ကောင်းကင်ကင်မရာနဲ့ စောင့်ကြည့်မလား။ ပစ်စရာရှိ ပစ်ကို ပစ်ရမယ်။
အဲဒီအတိုင်းသာလုပ်။ ကျနော်တို့သစ်တောတွေက ပြန်စိုက်စရာတောင်မလိုဘူး။ နောင် ၁ဝ နှစ်ဆို သူ့အလိုလိုကို ပြန်တက်လာမယ်။ နောက်ပြီး တောထဲက ရွာတွေကို တရားမဝင်ရွာတွေအဖြစ် သတ်မှတ်ပြီး သူတို့ကို အခု နောက်က ထောက်ပံ့ပေးနေတဲ့ လက်ကြီးတွေကို မရ ရအောင်ဖြတ်။ နိုင်ငံခြားပို့နေတဲ့ သစ်အချောထည်တွေကိုပိတ်။ အဲဒီလိုပိတ်ရင် နိုင်ငံခြားကို သွားကြားထိုးတံတခုတောင် ထွက်မရတော့ဘူး။ ကမ်းနားကနေ ကွန်တိန်နာအလိုက် မထွက်အောင်လုပ်နိုင်မှ ဒီသစ်ခိုးထုတ်တာတွေက ငြိမ်သွားမှာ။
မေး။ ။ လက်ရှိ အစိုးရလက်ထက်မှာ ပြင်ထားတဲ့ သစ်တောဥပဒေကရော သစ်ခိုးထုတ်တာတွေအတွက် ပြည့်စုံမှု ရှိရဲ့လား။
ဖြေ။ ။ ပါသင့်သလောက်တော့ ပါပါတယ်။ ဒါပေမယ့် အပြည့်အစုံ မပါဘူးဗျ။ လက်ရှိအစိုးရကိုယ်တိုင်က ပြည်သူတွေကို ငဲ့တော့ သစ်တောတွေမှာ လူမဝင်ရဆိုတဲ့ ပုဒ်မ ၁၄၄ ထုတ်လို့မရဘူး။
နောက်တခုက အခု ဥပဒေမှာ ၁ တန်အောက်ဆိုရင် ပြည်သူသုံးဆိုတာ ပါတယ်။ အဲဒီတော့ ကျနော်တို့က ဖမ်းတယ်။ ပရိုဘောက် ကားတစီးမှာဆို ၁ တန်အောက်ပဲ။ မြေပြင်မှာ ပြည်သူသုံးဆိုပြီး ဒဏ်ကြေး ၂ ဆနဲ့ ပြီးသွားတယ်။ ကျွန်းလို သစ်ဆိုတော့ တမျိုးပေါ့။ ကျနော်တို့မှာ ထိန်းမရဘူးဖြစ်နေတယ်။
တရားစီရင်ရေးမှာလည်း ကျနော်တို့ဖမ်းလို့ တရားရုံးတွေမှာ လူစည်နေသလားမမေးနဲ့။ ဒါပေမယ့် ဖမ်းမိတဲ့ယာဉ်၊ ယန္တရား အကုန်လုံး လွှတ်ပေးလိုက်တယ်။ လိုင်စင်မဲ့ ကားတွေလောက်ပဲ သိမ်းတာ။ လိုင်စင်ပါတဲ့ကားဆို လွှတ်တာချည်း။
ဒီမြို့နယ်မှာ ဖမ်းမိတဲ့ကား၊ လူတွေ နောက်တမြို့နယ်မှာ နောက်တကြိမ် ထပ်ဖမ်းမိလည်း လွှတ်လိုက်တာပဲ။ ဖမ်းတဲ့အခါ ကားပေါ်က ဆင်းပြေးတယ်။ လမ်းဘေး သေးပေါက်သလိုလိုနဲ့ ကျနော်တို့က မင်း ဒီကားကမဟုတ်လားဆို ဖမ်းလို့မှ မရတာ။ ကားက လိုင်စင်ရှိတယ်ဆိုလည်း ပိုင်ရှင်တွေက သူတို့မသိပါဘူး၊ ငှားသွားတာပါ ဘာညာနဲ့ ပြန်လွှတ် ပေးလိုက် ရတာပဲ။ အဲဒီတော့ အဖက်ဖက်က ပြုပြင်ပြောင်းလဲဖို့လိုတယ်။ ရှု့ထောင့်တခုထဲက လုပ်လို့မရဘူးဖြစ်နေတယ်။
အဲဒီထက် အရေးကြီးတာက တရားရုံးတွေရဲ့ အရည်အသွေး ပြည့်မီအောင်လုပ်ဖို့ပဲ။ ဥပဒေထဲမှာလည်း စနစ်တကျနဲ့ ပြင်းထန်စွာ ကန့်သတ်ရမယ်။ ချိန်းဆောလို လက်နက်ကို တရားမဝင်အဖြစ် မသတ်မှတ်ထားဘူး။ အရောင်းအဝယ်အတွက် တိုင်းဒေသကြီးအလိုက် ညွှန်ကြားချက်တွေ ထုတ်ပေးထားပေးမယ့် လိုင်စင်လုပ်ထာထက် လက်မှတ်မရှိဘဲ တရားမဝင်က ၁ဝ ဆလောက်အထိ ရှိနေတယ်။ အဲဒီချိန်းဆောတွေကို လက်နက်ဥပဒေလို ကန့်သတ်သာလုပ်ကြည့်လိုက်။ ဘယ်သူမှ တင်ပြီး မရောင်းရဲတော့ဘူး။
မေး။ ။ ပဲခူးရိုးမ အခြေပြုပြီး မှီတည်နေတဲ့ ဒေသခံ ၆ သိန်းလောက်ရှိတော့ သူတို့ကိုရော ပညာပေးလုပ်ငန်းတွေ လုပ်ဖြစ်ပါသလား။
ဖြေ။ ။ ကျနော်တို့ အသိပညာပေးတာ တောက်လျှောက်လုပ်တယ်။ တခုပြောမယ်။ ဝါးကို စက်မှုကုန်ကြမ်းအဖြစ် ပြည်ထောင်စု အဆင့်ကနေ လာလျှောက်သမျှ အကုန်ခွင့်ပြုပေးနေတယ်။ ဝါးဆိုတာမျိုးက ဖြစ်လွယ်တယ်။ စနစ်တကျ စိုက်မယ်ဆို ၅ နှစ်ကနေ ၁ဝ နှစ်အတွင်း ငွေပေါ်တဲ့လုပ်ငန်း။
ဒါပေမယ့် ဖြစ်တဲ့ပြဿနာက တကယ့်အရည်အသွေးမီတဲ့ ဈေးကွက်မရှိဘူး။ သူများနိုင်ငံတွေက ဝါးမီးသွေးဖုတ်တယ်။ အခု ပြောနေသလို ဝါးကို ထရံလုပ်မယ်၊ ဝါးကတ် လုပ်မယ်။ ဒါပေမယ့် ကျနော်တို့ဆီမှာ ဈေးကွက် ဘယ်လောက်ရှိလဲ။ ဝါးတူ လုပ်တာတောင် ဈေးကွက် ဘယ်လောက်ရှိလဲ။ ဒါတွေကို နိုင်ငံခြားတင်ပို့လို့ မရဘူး။
ဝါးပါကေးထုတ်တဲ့ ဂျပန်၊ ကိုရီးယား၊ တရုတ် စတဲ့ဟာတွေကို မမီရင်တောင် အရည်အသွေး နီးနီးထုတ်နိုင်ရင်တောင် ဈေးကွက်ရနိုင်တယ်။ အဲဒီလို သစ်တောထွက် ပစ္စည်းထုတ်နိုင်ဖို့လိုတယ်။
ကျနော်တို့ဆီမှာ ပွင့်လင်းမြင်သာတဲ့ ဈေးကွက်မရှိဘူး။ ပြည်တွင်းသုံးအနေနဲ့ဘဲ ထုတ်ရတယ်။ သူများနိုင်ငံတွေ ဝါးစိုက်တယ်ဆိုတာတောင် ဧက ထောင်ချီစိုက်ပေမယ့် သင့်တင့်တဲ့ နိုင်ငံတကာ ဈေးကွက်ကို ရှာထားပြီးသား။
နိုင်ငံရေးလည်း တည်ငြိမ်တယ်၊ လက်နက်ကိုင် အဖွဲ့အစည်းတွေလည်း မရှိဘူး။ အာမခံနိုင်တဲ့ ဈေးကွက်ရှိတော့ လုပ်ငန်းတွေကို လုပ်နိုင်တယ်။ အခု ကျနော်တို့က လုပ်တယ်။ ဈေးကွက်ကမရှိဘူး။ ပြည်တွင်းသုံးက ဘယ်လောက် သုံးမှာလဲ။
သစ်က နိုင်ငံတကာ ဈေးကွက်ရှိတယ်။ အဲဒီတော့ အဲဒီ ဒေသခံတွေကိုယ်တိုင် သဘာဝပတ်ဝန်းကျင်နဲ့ ရေမြေတောတောင် အားလုံးကို ချစ်မြတ်နိုးတတ်ဖို့ ကြိုးစားရမယ်။ သူတို့ကို တကယ်လည်း လုပ်ပိုင်ခွင့် ပေးရမယ်။ စနစ်တကျ ကာကွယ်ချင်တဲ့ စိတ်နဲ့ ကာကွယ်တဲ့အခါ ရမယ့် အကျိုးအမြတ်တွေကို ဖန်တီးပေးရမယ်။ အဲဒါမှ အောင်မြင်မှာ။
ကိုယ်စိုက်တဲ့အပင် ပေးမခုတ်ဘူး။ နိုင်ငံတော်စိုက်တဲ့ဟာဆို ခုတ်မှာပဲ။ ငါတို့ဘိုးဘွားခေတ်က ထားခဲ့လို့ ငါတို့သုံးရသလို ငါတို့ခေတ်မှာ ထားခဲ့မှ ငါတို့ သားသမီးတွေ သုံးရမယ်ဆိုတဲ့အတွေးရှိပေမယ့် စားဝတ်နေရေးအရ အတွေးက အတွေးပဲ ရှိတယ်။ စားဝတ်နေရေး မပြည့်စုံတော့ နောင်လာမှ လာဆိုသလို ခုတ်နေကြတာပဲ။
You may also like these stories:
ပဲခူးရိုးမ သစ်ခိုးထုတ်မှုများ ဘယ်သူတွေပါဝင် ပတ်သက်နေသလဲ
သစ်မှောင်ခိုလုပ်ငန်းက မူးယစ်ဆေးဝါးပြီးရင် အမြတ်အစွန်း အများဆုံး