ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ် ပါတီအလုပ်အမှုဆောင်အဖွဲ့ဝင်များအား စည်းကမ်းထိန်းသိမ်းရေး အရ တာဝန်များ ရပ်စဲကာ အသစ်ပြန်လည်ဖွဲ့စည်းမည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ ဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး မြို့နယ်အဆင့်ပါတီဝင်များအကြား ဝေဖန်မှုများထွက်ပေါ်လျှက်ရှိသည်။
NLD ဗဟိုအနေဖြင့် လက်ရှိ ဝါးခယ်မမြို့နယ် အလုပ်အမှုဆောင်အဖွဲ့အား ဖျက်သိမ်းလိုက်ပြီး မြို့နယ် အတွင်းရေးမှူး ကိုလည်း ပါတီဝင်အဖြစ်မှ ထုတ်ပယ်ခဲ့ရာ အကြောင်းပြချက်မရှိဘဲ ထုတ်ပယ်ခံရခြင်းဖြစ် ကြောင်းနှင့် ဂုဏ်သိက္ခာ အရလည်း ထိခိုက်ကြောင်း ကာယကံရှင်များက သတင်းမီဒီယာများထံ ပြောကြားထားသည်။
ယင်းဖြစ်ရပ်နှင့်ပတ်သက်ပြီး ပါတီတွင်းပွတ်တိုက်မှုများကြောင့် လာမည့် အထွေထွေရွေးကောက်ပွဲတွင် အောင်နိုင် ရေးလုပ်ငန်းများအား ထိခိုက်လာမည့်အပေါ် စိုးရိမ်မှုများလည်းရှိနေကြောင်း သိရသည်။
NLD ဗဟိုအနေဖြင့် ယခုအရေးယူမှုဖြစ်စဉ်တွင် ပါဝင်ပတ်သက်ပြီး အဓိကတာဝန်ရှိသူအား ဆက်လက်ဖော်ထုတ် သွားမည်ဖြစ်ပြီး မြို့နယ်အလုပ်အမှုဆောင်အဖွဲ့သစ်ကိုလည်း ပြန်လည်ဖွဲ့စည်းမည်ဖြစ်ကြောင်း ပြောသည်။
အရေးယူမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး ဝေဖန်မှုများ၊ ရွေးကောက်ပွဲအပေါ် ထိခိုက်နိုင်မည့်အခြအနေနှင့် အရေးယူရသည့် အကြောင်းအရင်းများအား ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်နှင့် ဧရာဝတီတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌဖြစ်သူ ဒေါက်တာမျိုးညွန့်ကို ဆက်သွယ် မေးမြန်းထားသည်။
မေး ။ ။ ဝါးခယ်မမြို့နယ် အလုပ်အမှုဆောင်အဖွဲ့ဝင်တွေအားလုံးကို အရေးယူလိုက်တဲ့ အကြောင်းအရင်း ရှင်းပြပေးပါဦးခင်ဗျာ။
ဖြေ ။ ။ ဝါးခယ်မမြို့နယ် အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌက ပညာရေးကွန်ရက်ကနေပြီးတော့ ကျောင်းသားတွေကို ထောက်ပံ့တဲ့ ငွေကြေးနဲ့ ပတ်သက်တဲ့ကိစ္စတွေမှာ တိုင်ကြားမှုရှိပါတယ်၊ အဲဒီလိုတိုင်ကြားမှုကို ဧရာဝတီတိုင်း စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က စစ်ဆေးတယ်။ စစ်ဆေးတော့ ငွေကြေးကို ပေးရမယ့်အချိန်မှာ မပေးဘဲ ထိန်းသိမ်း ထားတာကို တွေ့ရှိတယ်ဆိုပြီး သူတို့က ပြောပါတယ်။
ဒီအတွက် အရေးယူသင့်ပါတယ်ဆိုပြီးတော့ သုံးသပ် တင်ပြထားပါတယ်။ အဲဒီသုံးသပ်တင်ပြချက်ကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးမှာ ဆက်လက်ပြီးတော့ စဉ်းစားဆွေးနွေးတဲ့အခါမှာ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ရဲ့ အစီအရင်ခံစာကိုအတည်ပြုပြီးတော့ အဲဒီမြို့နယ် အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌကို အရေးယူလိုက်တယ်။
အဲဒီလိုအရေးယူလိုက်တာကို ဝါးခယ်မမြို့နယ်အလုပ်အမှုဆောင်အဖွဲ့က အစည်းအဝေးခေါ်ယူပြီးတော့ အစည်းအဝေး ဆုံးဖြတ်ချက်အရ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ စည်းကမ်းထိန်းသိမ်းရေးဆုံးဖြတ်ချက်ကို လက်မခံနိုင်ကြောင်းဆိုပြီးတော့ စာပြန်လာတယ်ခင်ဗျ။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို မြို့နယ်အလုပ်အမှုဆောင် အဖွဲ့တခုက အခုလို လက်မခံနိုင်ကြောင်း ဆုံးဖြတ်တာဟာ ပါတီတွင်း အဆင့်ဆင့် တာဝန်ယူမှု တာဝန်ခံမှုကို ပျက်စီးစေတဲ့အတွက် လောလော ဆယ်မှာ ကျနော်တို့ ဝါးခယ်မမြို့နယ်အလုပ်အမှုဆောင်အဖွဲ့ကို တာဝန်ကနေ ရပ်ဆိုင်းလိုက်တယ်၊ ဖျက်သိမ်းလိုက်တယ်။
ပြီးရင် ဒီကိစ္စမှာ ဘယ်သူတွေ ပါဝင်ပတ်သက်ပြီး အဓိကတာဝန်ရှိသူ ဘယ်သူဖြစ်လဲဆိုတာကို ဆက်လက် ဖော်ထုတ် ပြီးတော့ အလုပ်အမှုဆောင်အဖွဲ့ကို ပြန်လည်အသစ်ဖွဲ့စည်းဖို့အတွက် ကျနော်တို့ ဆက်လက်လုပ်သွားမှာဖြစ်ပါတယ်။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို လက်မခံနိုင်ကြောင်း လက်မှတ်ရေးထိုးတင်ပြလာတဲ့ မြို့နယ်အတွင်းရေးမှူး ကိုတော့ ကျနော်တို့ထပ်ပြီးတော့ အရေးယူထားပြီးပါပြီ။ သူ့ကိုပါတီကနေ ထုတ်ပယ်ပြီး အရေးယူတာဟုတ်ပါတယ်။
မေး ။ ။ ဒီဖြစ်ရပ်ကြောင့် လာမယ့်ရွေးကောက်ပွဲမှာ ရလာဒ်ပိုင်းကို ထိခိုက်လာနိုင်တယ်ဆိုတဲ့ ဝေဖန်မှုတွေကို ဘယ်လိုများ သုံးသပ်မိပါသလဲ။
ဖြေ ။ ။ ဝါးခယ်မမြို့နယ်ဟာ ၂၀၁၅ တုန်းကလည်း လွှတ်တော်ကိုယ်စားလှယ်များက သူတို့ရဲ့ အောင်နိုင်ရေးအဖွဲ့များနဲ့ အဓိကဆောင်ရွက်ခဲ့ရတာဖြစ်ပါတယ်။ ဒေသခံ အဖွဲ့တွေမှာ အားနည်းချက်ရှိတဲ့အတွက် ကျနော်တို့ မဲအနည်းငယ်နဲ့ ကပ်ပြီး နိုင်ခဲ့တဲ့ နေရာလည်းဖြစ်ပါတယ်။ အဲဒီတော့ ဒီလိုအပြောင်းအလဲလည်းဖြစ်တဲ့အခါကျတော့ ပိုပြီး ဂရုစိုက်ရမှာတော့ ဖြစ်ပါတယ်။ သို့သော်လည်း ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို မလိုက်နာနိုင်ဘူး။ လက်မခံနိုင်ဘူး ဆိုတဲ့ ကိစ္စကိုတော့ ကျနော်တို့က အရေးမယူလို့ မဖြစ်ပါဘူး။ ဒါကြောင့် အရေးယူရတာပါ၊ အောင်နိုင်ရေးမှာတော့ ထူးခြားတဲ့ အပြောင်းအလဲရှိမယ်လို့ ကျနော်တို့မထင်ပါဘူး။ နဂိုကတည်းကလည်း ခက်ခက်ခဲခဲ အောင်မြင်အောင် ကြိုးစားထားရတဲ့ နယ်မြေပဲဖြစ်ပါတယ်။
မေး ။ ။ ယခုဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဘာများဖြည့်စွက်ပြောချင်ပါသေးလဲ ခင်ဗျာ။
ဖြေ ။ ။ ကျနော်တို့က မြို့နယ်တွေကို လုပ်ပိုင်ခွင့်ပေးပါတယ်။ နောက်ပြီး တိုင်းနဲ့ပြည်နယ်တွေကိုလည်း ထပ်မံပြီး လုပ်ခွင့်ပေးပါတယ်။ သို့သော် မြို့နယ်ဟာ မိမိမြို့နယ်ရဲ့ အတိုင်းအတာအရ လုပ်ပိုင်ခွင့်ရှိပါတယ်၊ တိုင်းနဲ့ပြည်နယ် ကလည်း တိုင်းနဲ့ပြည်နယ်အတိုင်းအတာအရ လုပ်ပိုင်ခွင့်ရှိပါတယ်။ သို့သော် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ကတော့ အဖွဲ့ချုပ်တခုလုံးရဲ့ ရည်မှန်းချက်တွေ ပြည့်ဝအောင် တနိုင်ငံလုံးနဲ့ချီပြီး စဉ်းစားဆုံးဖြတ်ရတာဖြစ်တဲ့အခါမှာ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို မြို့နယ်အလုပ်အမှုဆောင် အဖွဲ့တွေက မဖြစ်မနေလိုက်နာဖို့လိုပါတယ်ခင်ဗျ။ ဒီအချက်ကိုတော့ ကျနော်ထပ်ပြီးတော့ ဒါကိုအသိပေးချင်ပါတယ်။
You may also like these stories:
ရွေးကောက်ပွဲတွင် မဲပေးပြီး တပြိုင်နက် စတင်မဲရေတွက်သည့်စနစ် ဆက်လက်ကျင့်သုံးမည်
ကျောက်မဲက အရပ်သားသေဆုံးမှု ကျူးလွန်သူများကို အရေးယူရန် တောင်းဆို
ရွေးကောက်ပွဲ လေ့လာသူများ ဆောင်ရွက်ရန် အရေးပါသော အချက် ၃ ချက် ချန်လှပ်ခံရဟုဆို