၂၀၂၀ ရွေးကောက်ပွဲသည် လာမည့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ရောက်ရှိလာတော့မည် ဖြစ်ရာ ယင်းရွေးကောက်ပွဲကို ဦးဆောင် ကျင်းပပေးရမည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ အခန်းကဏ္ဍက အရေးကြီးလာသည်။
ကော်မရှင် ဥက္ကဌ အပါ အဝင် တာဝန်ရှိသူများက ၂၀၂၀ ရွေးကောက်ပွဲကို လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ တခု ဖြစ်အောင် ကျင်းပပေးမည်ဟု အာမခံထားသော်လည်း ဝေဖန် ဆွေးနွေးမှုများ ရှိနေဆဲ ဖြစ်သည်။
ယခု ကော်မရှင်ကို ဦးတင်အေး၏ ကော်မရှင်ဟောင်းနှင့် နှိုင်းယှဉ်ဝေဖန်နေကြသလို ရွေးကောက်ပွဲ မကျင်းပမီ အခင်း အကျင်းက အားရစရာ မရှိဘဲ ကော်မရှင်၏ တာဝန်ကျေပွန်မှုအပေါ်တွင်လည်း မေးခွန်းထုတ်မှုများလည်း ရှိနေသည်။ ထို့ပြင် ရွေးကောက်ပွဲ ကော်မရှင်၏ လွတ်လပ်မှုနှင့် အစိုးရ၏ လောင်းရိပ်က မလွတ်ဆိုသည့် ဝေဖန်မှုများကလည်း ကြား နေရဆဲ ဖြစ်သည်။
ထို့ကြောင့် ၂၀၂၀ ရွေးကောက်ပွဲ မကျင်းပမီ ရွေးကောက်ပွဲ ကော်မရှင်အပေါ် အမြင်များကို နိုင်ငံရေး ပါတီများ၊ လွှတ်တော် ကိုယ် စားလှယ်များ၊ ရွေးကောက်ပွဲ ကော်မရှင် စောင့်ကြည့် လေ့လာသူများကို ဧရာဝတီ၏ နေပြည်တော်ရုံးခွဲမှ သတင်းထောက်များက ဆက်သွယ် မေးမြန်းထားသည်များကို ပြန်လည် ကောက်နုတ်ဖော်ပြလိုက်ပါသည်။
ဒေါက်တာ ရန်မျိုးသိမ်း (နိုင်ငံရေး လေ့လာသုံးသပ်သူ)
ကျနော့်အမြင်ကတော့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ Performance (စွမ်းဆောင်မှု)ပေါ့လေ။ သူတို့ရဲ့ စွမ်းဆောင်ရည်ကိုတော့ သိပ်ပြီးတော့ အားမရဘူး။ ဆိုလိုချင်တဲ့သဘောက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဆိုတာက မဲဆန္ဒရှင်ပြည်သူလူထုက ရွေးကောက်ပွဲအပေါ်မှာ စိတ်ဝင်စားလာအောင် နိုင်ငံရေးပါတီတွေ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးပြီးတော့ နည်းလမ်းတွေရှာသင့်တယ်။
နိုင်ငံရေးပါတီတွေနဲ့အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးပြီးတော့ ဒီရွေးကောက်ပွဲဟာ တကယ်လွပ်လပ်ပြီး တ ရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင်လုပ်ဖို့အတွက် ဘယ်လိုအစီအမံတွေချထားတယ်။ ဘယ်လိုပုံစံနဲ့ဖော်ဆောင်မယ်။ ဒါမျိုးတွေကို မျက်နှာစုံညီပေါ့။ အကြေအလည် အသိပေးဆွေးနွေးတာမျိုးတွေ လုပ်ဖို့ကောင်းတယ်လို့ မြင်တယ်။
အဲဒီအပြင်ကို သတင်းမီဒီယာတွေနဲ့လည်းပဲ ပုံမှန်သတင်းစာရှင်းလင်းတာမျိုးပေါ့။ အခု COVID -19 ကာလမှာ သီးခြား သတင်းစာ ရှင်းလင်းပွဲ မလုပ်နိုင်ရင်တောင်မှ အွန်လိုင်းကနေတဆင့် ပုံမှန်သတင်းစာရှင်းလင်းပွဲလုပ်ပြီးတော့ သတင်း ထုတ်ပြန်တာမျိုး သတင်းမီဒီယာတွေရဲ့ မေးခွန်းတွေကို ဖြေကြားတာမျိုး ဒါမျိုးတွေကို ထိထိရောက်ရောက် လုပ်နိုင်လို့ ရှိရင် ရွေးကောက်ပွဲပေါ်မှာ ပြည်သူလူထုရဲ့ စိတ်ဝင်စားမှုကိုလည်း ဆွဲတင်နိုင်မယ်။ နောက်ပြီးတော့ ဒီရွေးကောက်ပွဲဟာ တကယ်လွပ်လပ်ပြီး တရားမျှတပါ့မလားဆိုတဲ့ နိုင်ငံရေးပါတီအချို့နဲ့ အရပ်ဘက်အဖွဲ့အစည်းအချို့ စိုးရိမ်မှုတွေ ကိုလည်း လျှော့ချနိုင်လိမ့်မယ်လို့ မြင်တယ်။
တကယ်တန်းပြောရရင်တော့ ဒီကော်မရှင်ကို သူက ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်တွေအရ နိုင်ငံတော် သမ္မတ ကရွေးချယ်ပြီးတော့ ခန့်အပ်တာဝန်ပေးတာမျိုးဖြစ်နေတယ်။ ဖြစ်သင့်တာတော့ အများပြည်သူကြားမှာ လေးစားခံရတဲ့ ပုဂ္ဂိုလ်တွေ၊ တန်ဖိုးထားခံရတဲ့ပုဂ္ဂိုလ်တွေ၊ တကယ့်နိုင်ငံတော်ရဲ့ အမိအဖသဖွယ်ဖြစ်တဲ့ ပုဂ္ဂိုလ်မျိုးတွေကို ဒီကော်မရှင်ထဲမှာ ထည့်သွင်းပြီးဖွဲ့စည်းနိုင်မယ်ဆိုရင်တော့ ဒါပိုကောင်းတာပေါ့။
သို့သော်လည်း ၂၀၁၀ ရွေးကောက်ပွဲကနေစပြီး အခုချိန်ထိဖွဲ့စည်းခဲ့တဲ့ ရွေးကောက်ပွဲကော်မရှင်တွေကို ကြည့်ရင်တော့ သိပ်အားရစရာမရှိဘူး။ တကယ်ဘက်မလိုက်တဲ့ တကယ်ပြည်သူလူထုကြားမှာ အလေးစားခံရတဲ့ ပုဂ္ဂိုလ်မျိုးတွေနဲ့ ဖွဲ့စည်းခဲ့တာမျိုး မတွေ့ရဘူး။ သက်တမ်း ၂ ခုမှာရှိတဲ့ ကော်မရှင် ၂ ခုကတော့ ကျနော့်အမြင်ကတော့ သိပ်တော့ ထူးမခြားနားပဲလို့ မြင်တယ်။
အရင်ကော်မရှင်ကလည်း ဒီလောက်ပြီး စွမ်းဆောင်ရည်ကောင်းတယ်လို့ပြောဖို့ခက်တယ်။ သို့သော်လည်း သေချာတာ ကတော့ ဥပမာ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံတဲ့အပိုင်း၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံတဲ့အပိုင်း၊ သတင်း မီဒီယာတွေနဲ့တွေ့ဆုံတဲ့အပိုင်းမှာတော့ လက်ရှိပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ အရင်ရွေးကောက်ပွဲ ကော်မရှင်ထက် ပိုပြီးတော့ စွမ်းဆောင်ရည်အားနည်းတယ်လို့မြင်တယ်။ တွေ့ ဆုံမှုတွေ နည်းတယ်။ နောက်ပြီးတော့ ညှိနှိုင်း ဆွေးနွေး အမြင်ဖလှယ်မှုတွေ နည်းတယ်။ အဲဒီလိုတော့ သုံးသပ်လို့ရပါတယ်။
ဒေါက်တာ နန္ဒာလှမြင့် (ပြောရေးဆိုခွင့်ရှိသူ)
ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီ
ကော်မရှင်နဲ့ ပတ်သက်ရင်တော့ ပြောစရာတွေက အများကြီး။ ကော်မရှင်ရဲ့ အခုနောက်ဆုံး ထုတ်တဲ့ ကြေညာချက်တွေကို ကြည့်လိုက်ရင်ကို ဘက်လိုက်ဖို့ ကြိုးစားနေတယ်လို့ပဲ မြင်နေရတယ်။ ဥပမာ ပြည်ထောင်စုရဲ့ အကြီးအကဲတွေ နိုင်ငံတော် သမ္မတတွေ အတိုင်ပင်ခံတွေကို . . . နိုင်ငံတော် အစိုးရက ကြေညာထားတာက ကိုဗစ်ကာလမှာ လူ ၅ ဦးထက် မစုရဘူး။ အခုဆို သက်တမ်းတောင် တိုးပြန်ပြီ။ ဒါက နိုင်ငံတော်က ကျန်းမာရေးအရ ညွှန်ကြားထားတာ။
ကော်မရှင်ကကျတော့ အခုအကြီးအကဲတွေ အားလုံးကို ပါတီစည်းရုံးရေး လူထုစည်းရုံးရေး လုပ်လို့ ရပြီဆိုပြီးတော့ တ ရားဝင် ကြေညာချက်ထုတ်ပြီးတော့မှ ပြောထားပြီ။ ဒီဘက်မှာ ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်လောင်းတွေက ကိုယ်စားလှယ်လောင်းတောင် မှတ်ပုံမတင်ရသေးဘူး။ ဒါကလည်း သိသာထင်ရှားတဲ့ လုပ်ရပ်ပေါ့။
နောက်ပြီး မဲဆန္ဒနယ်တွေ ပြုပြင်ပြောင်းလဲလိုက်တာတွေ ရှိတယ်။ လူဦးရေပေါ်မှာ အခြေခံပြီးတော့ ဆောင်ရွက်တယ်လို့ ပြောသော်လည်းပဲ တကယ်တန်း ကျနော်တို့ ကြည့်လိုက်တဲ့အခါကျတော့ ပြည်ခိုင်ဖြိုး အားကောင်းနေတဲ့ ကျေးရွာတွေကို ကစားပစ်လိုက်တာကို တွေ့ ရတယ်။ နောက်ဥပမာ ဆိပ်ကမ်းလို ပြည်ခိုင်ဖြိုးအားကောင်းတဲ့ မြို့နယ်တွေကို ဖျက်သိမ်းပစ် တယ်။
နောက်တခါ ဖာပွန်လိုမျိုးမှာ ပြည်ခိုင်ဖြိုး အမျိုးသား လွှတ်တော် ကိုယ်စားလှယ်နေရာ ၂ နေရာလုံးက ပြည်ခိုင်ဖြိုး ရထား တာကို လူဦးရေးအကြောင်းပြပြီး ဖာပွန်မှာ တနေရာတိုးပြီးတော့ NLD အားကောင်းတဲ့ မြဝတီမှာ အမျိုးသား လွှတ်တော် ၂ နေရာ ပေးလိုက်တာမျိုးတို့၊ မပြေးသော်လည်း ကန်ရာရှိ လူဦးရေကို အခြေခံပြီးတော့ မဲဆန္ဒနယ်တွေ ရွေ့လိုက်တယ် လို့ ပြောသော်လည်း ပြန်သုံးသပ်ကြည့်လိုက်တဲ့အခါ ပြည်ခိုင်ဖြိုးအားကောင်းတဲ့နေရာကို အားနည်းအောင် လုပ်သွား ပြီးတော့ NLD အားနည်းတဲ့နေရာကို အားကောင်းအောင် လုပ်တဲ့ ပုံစံမျိုးသွားတွေ့ရတယ်။ အဲဒါကြောင့် အခုချိန်အထိ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လိ့မ်မယ်လို့ ပြည်ခိုင်ဖြိုးက လုံးဝကို မယုံကြည်ဘူး။
မုံရွာအောင်ရှင် (ဗဟို ပြန်ကြားရေး အတွင်းရေးမှူး)
အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်
ရွေးကောက်ပွဲကော်မရှင်က အာဏာရပါတီ အာဏာရ အစိုးရအပေါ်မှာ ဘက်လိုက်မှု ရှိတယ်။ အသာပေးတယ် ဆိုတဲ့ ပြောသံဆိုသံတွေ ကြားရတယ်။ သို့သော်လည်း ရွေးကောက်ပွဲ ကော်မရှင်က ဘာပြောသလဲဆိုရင် သူတို့ Free and Fair ဖြစ်အောင် အတတ်နိုင်ဆုံး ကြိုးစားပြီးလုပ်မယ်။ နောက်ဘယ်နိုင်ငံရေးပါတီမှ ရွေးကောက်ပွဲ ဥပဒေရဲ့ အထက်မှာ မရှိရဘူး ဆိုတာ ပြောထားတာရှိပါတယ်။
အဲဒါကြောင့် ဒီဟာနဲ့ပတ်သက်လို့တော့ Free and Fair ဖြစ်တယ်မဖြစ်ဘူး၊ အထူးမပြောလိုဘူး။ ဒီရွေးကောက်ပွဲဟာ Free and Fair ဖြစ်မယ်ဆိုတာတော့ ယုံကြည်ပါတယ်။ နောက်တချက်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင်ကလည်း ရုရှားမှာ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တယ်။ တပ်မတော်က အဓိကကတော့ ရွေးကောက်ပွဲကို Free and Fair ဖြစ်အောင် လုပ်ဆောင်ပေးမယ်လို့ ပြောထားတာရှိတဲ့အတွက်ကြောင့် ဒီကိစ္စမှာ တပ်မတော်အဝန်းအဝိုင်းကလည်း Free and Fair ဖြစ်အောင် ကူညီပေးမယ်လို့ ယူဆပါတယ်။
ကျနော်တော့ ပြောချင်တာက မကြာခင်က ရွေးကောက်ပွဲကော်မရှင်က နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် သို့မဟုတ် သမ္မတ၊ ဝန်ကြီးတွေ ဒုတိယဝန်ကြီးတွေ မဲဆွယ်စည်းရုံးခွင့်ရှိတယ်လို့ ကြေညာချက်ထုတ်ပြန်လိုက်တယ်။ အဲဒါက ပြည်ထောင်စု အစိုးရ ဥပဒေအရ ထုတ်တာ။ ပြည်ထောင်စုအစိုးရ ဥပဒေအရ ကော်မရှင်က ပုဒ်မ ၆၊ ပုဒ်မ ၇ တို့ ပုဒ်မ ၁၇ တို့လေ။ အဲဒီ အပေါ်မှာ မူတည်ပြီးထုတ်တာ။ ဒီဟာက တရားဝင်တယ်လို့ ကျနော်ပြောချင်တယ်။ နောက်တခုက ပြည်ထောင်စု အစိုးရ ဥပဒေပဲ၊ လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်ကလဲ ဒီဥပဒေအတိုင်းပဲ၊ အဲဒီတုန်းက ဦးသိန်းစိန်အစိုးရ ကျင့်သုံးပြီး ဒီလိုပဲ လုပ်ခဲ့တာပဲ။ အခုကျမှ ဒါက အသစ်အဆန်းမဟုတ်ဘူးလို့ပဲ ပြောချင်ပါတယ်။
ရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ဆောင်ချက်ကတော့ အခုအချိန်အထိ တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲ ကျင်းပ နိုင်အောင် အတတ်နိုင်ဆုံး ကြိုးစားလုပ်နေတယ်လို့ ကျနော်မြင်ပါတယ်။
တခြားဖြည့်စွက်ပြောချင်တာက ရွေးကောက်ပွဲကော်မရှင်က ဘယ်နိုင်ငံရေးပါတီအတွက်မှ ဘယ်အစိုးရအတွက်မှ ဘက် လိုက်ပြီး ဆုံးဖြတ်ခဲ့တာမရှိဘူး။ အခုအချိန်အထိပေါ့လေ။ သူ့လုပ်ထုံးလုပ်နည်းအရပဲ ကြေငြာချက် ထုတ်ပြန်တယ်။ All Inclusive ပေါ့။ အားလုံးပါဝင်နိုင်အောင် ကြိုးစားပြီး လုပ်နေတယ်လို့ပဲ ကျနော်မြင်ပါတယ်။
ဦးမင်းမင်း (ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူ/ပြည်မြို့ )
ရွေးကောက်ပွဲ ကော်မရှင်တွေဆိုတာကလည်း တကယ့် တကယ်ပြောရင်တော့ ဘယ်ကော်မရှင်ပဲဖြစ်ဖြစ် သူ့ဟာနဲ့သူ ကတော့ ဘက်လိုက်မှုတွေကတော့ ရှိနေမှာပဲလေ။ ရှိမှာပဲ။ ဘာလို့လည်းဆိုတော့ အဲဒီကော်မရှင်ကလည်းပဲ လက်ရှိ တည်ဆဲအစိုးရက ဖွဲ့စည်းပေးထားတဲ့ ကော်မရှင်ဖြစ်တဲ့အတွက်ပေါ့နော်။ အဲတာကတော့ ရှင်းရှင်းပြောရရင်တော့ ဘက်လိုက်မှုတွေကတော့ တနည်းနဲ့မဟုတ် တနည်းရှိနေမှာပဲ။
ဘေဘုယျအားဖြင့်ပြောရရင်တော့ တည်ဆဲအစိုးရက သူတို့ကတော့ ပိုပြီးတော့ အခွင့်အလမ်းသာအောင်လို့ ကြိုးစားကြ မှာပဲလေ။ ဒါကလည်း ဒီမြန်မာနိုင်ငံမှမဟုတ်ဘူး။ တမ္ကာလုံး ရွေးကောက်ပွဲတွေရဲ့ ထုံးစံပဲ။ အဲတော့ Free and Fair ဖြစ်ဖို့ ဆိုတာက ပြောရင်တော့ စောင့်ကြည့်သူတွေရော ပြည်သူလူထုအပေါ်မှာရော သူတို့တကယ်ကို ရိုးသား ဖြောင့်မတ်မှ အဆင်ပြေမှာ။ ဒါပေမယ့် အဲလိုမျိုးကတော့ ဖြစ်ဖို့ကတော့ မလွယ်ဘူး။ မလွယ်ဘူးဆိုတော့ ဘက်လိုက်မှုကတော့ အနည်းနဲ့အများရှိမှာပဲ။ အဲဒီတော့ ဘက်လိုက်မှုကို ပိုပိုပြီးတော့ လျှော့ချနိုင်အောင်ပဲ ကြိုးစားလို့ရမှာလေ။ ဘက်မလိုက်ဘူးဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ဘူး။
ဦးစိုင်းရဲကျော်စွာမြင့် (အမှုဆောင် ဒါရိုက်တာ)
ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသည့် ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့ လှုပ်ရှားမှုအဖွဲ့ (PACE)
၂၀၂၀ အတွက်ကတော့ ကော်မရှင်ရဲ့ ဆောင်ရွက်ချက်တွေ စောင့်ကြည့်ဖို့လိုဦးမယ်။ ရွေးကောက်ပွဲအကြိုကာလကို စပြောရရင်တော့ သတင်းအချက်အလက်ထုတ်ပြန်တဲ့နေရာမှာတော့ အကန့်အသတ်ရှိတယ်လို့ အကြမ်းဖျင်း ပြော လို့ရပါတယ်။
ဥပဒေ မူဘောင်ပိုင်းဆိုင်ရာမှာတော့ အရင်ကော်မရှင်တုန်းကလည်း ဒီဥပဒေမူဘောင်တွေကို သုံးတာပါပဲ။ အခု ကော်မရှင် ကလည်း ဒီဥပဒေမူဘောင်တွေကိုပဲ အသုံးပြုတာပဲ။ ဥပဒေမူဘောင်ပိုင်းဆိုင်ရာမှာတော့ ကြီးမားတဲ့ အပြောင်းအလဲ မရှိ ဘူး။ ဒါပေမယ့် ချဉ်းကပ်ပုံပေါ့လေ။ အရင်ကော်မရှင်ကကျတော့ ၂၀၁၅ မှာ ဦးဆောင်ကျင်းပခဲ့တဲ့ ကော်မရှင်ကကျတော့ နိုင်ငံရေးပါတီတွေနဲ့ ပုံမှန်တွေ့ဆုံတာတွေ သူတို့ လုပ်တယ်။ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ပုံမှန်တွေ့ဆုံတာတွေ သူတို့လုပ်တယ်။ အဲတာပြီးတော့မှ ဆွေးနွေးမယ် ညှိနှိုင်းကြမယ် သဘောတူတာလည်းရှိတယ်။ မတူတာလည်းရှိတယ်။
ဒီကော်မရှင်ကတော့ ပြင်ပဆက်ဆံရေးဗျူဟာကတော့ မတူဘူး။ ဒီကော်မရှင်ကတော့ ဒီလိုမျိုး ပုံမှန် တွေ့ဆုံတာမျိုးတွေ သူတို့ သိပ်လုပ်လေ့မရှိဘူး။ ဒါကတော့ လောလောဆယ် ယေဘုယျအားဖြင့် ကွာခြားချက်လို့ ကျနော်တို့ ပြောလို့ရပါတယ်။ အရင်ကော်မရှင်မှာကတော့ ကြီးမားတဲ့အပြောင်းအလဲက ဘာလဲဆိုလို့ရှိရင် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာခွင့်ကို တရားဝင်ဖြစ်အောင် လုပ်နိုင်ခဲ့တယ်။
ဒီကော်မရှင်မှာကတော့ ၂၀၁၇ မှာ ရွေးကောက်ပွဲကြေငြာတာကို ၆ လ စောပြီး ကြေငြာနိုင်ခဲ့တယ်။ ကြားဖြတ်ရွေးကောက် ပွဲမှာပေါ့။ ရွေးကောက်ပွဲဖြစ်စဉ် အသေးစိတ်ကိုလည်း ၆ လ စောပြီးမှ သူတို့ကြေငြာနိုင်ခဲ့တယ်။ ဒါပေမယ့် ၂၀၁၈ မှာတော့ ပြန်ပြီးနောက်ဆုတ်သွားတယ်။ ဒီလက်ရှိ ၂၀၂၀ မှာတော့လည်း သတင်း အချက်အလက် ထုတ်ပြန်တာ ကြေညာတာ နဲ့ပတ်သက်လို့ အားနည်းသွားတာကို ပြန်တွေ့ရမယ်။
နောက်တချက်ကကျတော့ ၂၀၁၅ ရွေးကောက်ပွဲမှာ ကတော့ ရွေးကောက်ပွဲဖြစ်စဉ်တွေအားလုံးကို စောင့်ကြည့် လေ့လာ ခွင့်ပေးခဲ့တယ်။ ၂၀၁၇ မှာလည်း အလားတူပဲ ဒီကော်မရှင်လက်ထက်ပါပဲ ၂၀၁၇ မှာလည်း ပေးခဲ့တယ်။ ၂၀၁၈ မှာ လည်း ပေးခဲ့တယ်။ ဒါပေမယ့် ၂၀၂၀ မှာတော့ ပြီးခဲ့တဲ့ရက်က ထုတ်ပြန်တဲ့ အထဲမှာတော့ ရွေးကောက်ပွဲ ဖြစ်စဉ် တခု လုံး ရွေးကောက်ပွဲ အစောပိုင်းကာလ ရွေးကောက်ပွဲကာလ ရွေးကောက်ပွဲနှောင်းပိုင်းကာလ အဲဒီမှာ ကာလအားလုံးမှာ တချို့ဖြစ်စဉ်တွေကို စောင့်ကြည့်လေ့လာခွင့်မပေးတော့ပဲ ပြန်ရုပ်သိမ်းလိုက်တာမျိုး ကျနော်တို့တွေ့ရတယ်။ ဒါကတော့ အကြမ်းဖျင်းကွာခြားချက်ပါပဲ။
အဓိကကတော့ ရွေးကောက်ပွဲကောင်း ဟုတ်လား၊ မဟုတ်ဘူးလားဆိုတဲ့ တိုင်းတာတဲ့နေရာမှာ ကျနော်တို့ ပွင့်လင်း မြင် သာမှုကိုပြောတာကိုး။ အဲတော့ ဒီပွင့်လင်းမြင်သာမှု အပိုင်းမှာ ခြေတလှမ်းနောက်ပြန်ဆုတ်သွားတယ်လို့ ကျနော်တို့ အ ကြမ်းဖျင်းတော့ သုံးသပ်လို့ ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင်ရွေးကောက်ပွဲ အထွေထွေရွေးကောက်ပွဲနဲ့ ကြား ဖြတ်ရွေးကောက်ပွဲ ၂ ခုမှာ ကြည့်ခွင့်ရခဲ့တဲ့ ကိစ္စတွေဟာ။ ၂၀၁၀ တုန်း က ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာခွင့်ဆိုတာ မရှိဘူး။
၂၀၁၂ မှာလည်း ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာမှု ဆိုတာမရှိဘူး။ ၂၀၁၅ကျမှ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာမှုက စတာကိုး။ ၂၀၁၅ မှာ ရှိတယ်။ ၂၀၁၇၊ ၂၀၁၈ က သိပ်ထူးထူးခြားခြား ပြောင်းလဲတာ မရှိဘူး။ ၂၀၂၀ မှာ အဲဒီလိုဖြစ်လိုက် တဲ့အခါကျတော့ ကျနော်တို့က ပြန်ယှဉ်ကြည့်မယ်ဆိုရင် ၂၀၁၅၊ ၁၇၊ ၁၈ နဲ့ ပြန်ယှဉ်ကြည့်မယ်ဆိုရင် ဒါ ကျနော် တို့ ရွေးကောက်ပွဲဖြစ်စဉ် ပွင့်လင်းမြင်သာမှုနဲ့ ပတ်သက်လို့ နောက်ခြေတလှမ်းဆုတ်သွားတယ်လို့ အကြမ်း ဖျင်း ပြောလို့ရပါတယ်။
ဒေါ်ထုမေ (အမျိုးသား လွှတ်တော် ကိုယ်စားလှယ်)
ရခိုင် ဒီမိုကရေစီ အဖွဲ့ ချုပ်
ရွေးကောက်ပွဲ ပုံမှန်လည်ပတ်မှုအတိုင်း မှန်မှန်ကန်ကန် ရွေးကောက်ပွဲကော်မရှင်က ကိုင်တွယ်ရမှာ ဖြစ်ပါတယ်။ အခု လက်ရှိအချိန်မှာ ဘယ်လောက်မျှတလဲ ဘယ်လောက်လွတ်လပ်မှုရှိလဲ အပေါ်မှာ ပါတီတွေအချို့ကတော့ ဝေဖန်တာတွေ တွေ့ရတယ်။ မမြင်နိုင်တဲ့ ချုပ်ကိုင်မှုတွေ တွေ့ရတယ်။ အာဏာရပါတီဘက်ကို အလေးသာနေသလို တွေ့ရတယ်။ ဒါတွေ က တချို့အရာတွေ ထောက်ပြစရာတွေ ဖြစ်ပါတယ်။
ဒီနေ့လို ကော်မရှင်ကနေပြီးတော့ ဇူလိုင်လ ၁ ရက်နေ့မှာ ဒါတွေ ဒါတွေ လုပ်လို့ရပါပြီလို့ ကြေငြာတာနဲ့ တပြိုင်နက် အာဏာရပါတီက သူ့ပါတီမှာ စည်းရုံးဖို့ အဆင်သင့်ဖြစ်နေခဲ့ပြီ။ ဒီလောက်တရက်ထဲနဲ့ ဒါက ဥပမာအနေနဲ့ ထောက်ပြ တာပေါ့။ ဇူလိုင်လ ၁ ရက်နေ့မှာ ကြေငြာတယ်။ ဇူလိုင်၂ရက်နေ့မှာ အာဏာရပါတီက သူ့ရဲ့ လုပ်ငန်းဆောင်တာတွေကို ဒီလိုမျိုးလုပ်နေတယ်ဆိုပြီးတော့ ကြေငြာချက်ထုတ်ပြန်တာတွေ သူ့လုပ်ဆောင်ချက်တွေ လုပ်တာတွေ ကျမတို့ တွေ့ ရပါတယ်။ ဒါဟာ သတင်းအချက်အလက်ကို ကြိုပြီးရထားတဲ့ ပုံပေါ်ပါတယ်။
တကယ်တန်းကျလို့ရှိရင် ပါတီတွေမှာ သူ့ရဲ့လုပ်ဆောင်ချက်ကိုလုပ်ဖို့ ၃၊ ၄၊ ၅ ရက်ဆိုသလို အနည်းဆုံး စီအီးစီ မီတင်တွေ နဲ့ နေပြီးတော့ သတင်းအချက်အလက်ကို ရရှိတဲ့အခါမှာ စီမံခန့်ခွဲမှုတွေ လုပ်ရတာပါ။ ဒီလိုမျိုး သတင်းအချက်အလက် ရရှိမှုကနေ လက်ဦးနေသလို ဖြစ်နေတဲ့အတွက်ကြောင့်မိုလို့ ဒီပဏာမ အခြေအနေကတည်းက သတင်း အချက်အလက် ရရှိမှုသည် ပါတီတွေကြား တပြေးညီမဟုတ်တဲ့အခါမှာ ဘက်လိုက်မှုတွေရှိတယ်လို့ ဝေဖန်တာတွေ ရှိပါတယ်။
နောက်တချက်ကနေ တိုင်းရင်းသားဒေသတွေမှာ အရင်တုန်းက သတ်မှတ်ထားတဲ့ရက်တွေကို လျှော့လိုက်တာကိုလည်း တိုင်းရင်းသား အခွင့်အရေးလှုပ်ရှားသူတွေ၊ တိုင်းရင်းသားပါတီတွေက ကော်မရှင်ရဲ့ ဆောင်ရွက်ချက်ကို မေးခွန်း ထုတ်ကြ တာတွေ့ရပါတယ်။ ဒါကြောင့်မို့ ကျမအနေနဲ့ ဒီအချက်အလက်တွေကို ကြည့်ခြင်းအားဖြင့် အာဏာရပါတီကို တိမ်းညွွှတ်နေ တာမျိုး မြင်သွားနိုင်ပါတယ်။ ဒီလိုမျိုး မဖြစ်ရလေအောင် ကော်မရှင်သည် ရွေးကောက်ပွဲဝင်မယ့် ပါတီများနဲ့ ဒီထက်မက ထဲထဲဝင်ဝင် ဆွေးနွေးဖို့ တိုင်ပင်ဖို့ ဖြစ်ပေါ်လာနိုင်ခြေရှိတဲ့ စိန်ခေါ်ချက်တွေကို အဖြေရှာထားဖို့ လိုမယ်လို့ထင်ပါတယ်ရှင့်။
ဦးဖေသန်း (ဗဟိုအလုပ်မှုဆောင် အဖွဲ့ ဝင်)
ရခိုင်အမျိုးသားပါတီ
ကျနော်တို့ကတော့ ကော်မရှင်ရဲ့ လုပ်ဆောင်ချက်တွေအပေါ်မှာ သတင်းမီဒီယာတွေနဲ့ Facebook တွေကပဲ ကြားနေ ရတာပေါ့။ သူတို့ကတော့ ကော်မရှင်ကတော့ သတင်းစာရှင်းလင်းပွဲတွေ လုပ်ပြီးတော့ ပါတီတွေကို ဖိတ်ပြီး ရှင်းပြ တာတွေတော့ရှိတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ အဓိက အငြင်းပွားနေရတဲ့ကိစ္စက သမ္မတ အပါအဝင် ဝန်ကြီးတွေရဲ့ ဆောင်ရွက်မှုဟာ ဖွဲ့စည်းပုံအကန့်အသတ်ကို ဖွဲ့စည်းပုံရဲ့ ပြဌာန်းချက် ပုဒ်မ ၆၄၊ ၂၃၂ အဲဒါတွေကို ကျော်လွန် ဆန့်ကျင်ပြီးတော့ လုပ်တယ်ဆိုတဲ့ အငြင်းပွားမှုပေါ့နော်။
အဲဒီပုဒ်မတွေကတော့ သမ္မတပဲဖြစ်ဖြစ် ပြည်ထောင်စုဝန်ကြီးပဲဖြစ်ဖြစ် အစိုးရအဖွဲ့ ဖြစ်နေစဉ်ကာလအတွင်းမှာ မဲဆွယ် စည်းရုံးခွင့်မရှိဘူးပေါ့။ ပါတီလုပ်ငန်းတွေကို ဆောင်ရွက်ခွင့်မရှိဘူးဆိုပေမယ့် ကော်မရှင်က အဲဒါတွေကို ခွင့်ပြု လိုက်တဲ့ အချိန်မှာ အငြင်းပွားမှုတွေတော့ရှိတာပေါ့။ ဥပဒေတရပ်ရပ်က မိခင် Mother Law ဖွဲ့စည်းပုံ အခြေခံ ဥပဒေကိုတော့ ကျော်လို့မရဘူး။ ကျော်လို့မရတဲ့အချိန်အခါမှာ ဒီလိုလုပ်ပိုင်ခွင့်ရှိတယ်ဆိုပြီး ဖွဲ့စည်းပုံကို ကျော်လွန်ပြီး ကော်မရှင်က ခွင့်ပြုလိုက်ခြင်းဟာတော့ တော်တော်ကို အငြင်းပွားစရာဖြစ်တာပေါ့။
ဒီပုံစံမျိုးနဲ့ တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ပါ့မလား။ ဒါဟာ ကော်မရှင်ဆိုတာက လက်ရှိအစိုးရက ဖွဲ့ပေးထားတဲ့ ကော်မရှင် ဆိုတော့ အစိုးရအပေါ်မှာ ဘက်လိုက်မှုရှိသလားဆိုတဲ့ စိုးရိမ်ပူပန်မှုတော့ တွေ့ ကြုံနေရပါတယ်။ ခံစားနေရပါတယ်။ အဲဒါကို အကောင်းဆုံးဖြေရှင်းနိုင်ဖို့ မျှော်လင့်ပါတယ်။
ဦးစိုင်းထွန်းအေး (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်
မြန်မာနိုင်ငံရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အာဏာရတဲ့အစိုးရက ခန့်အပ်တဲ့ပုံစံဖြစ်နေတဲ့အတွက် ဘက် လိုက်မှုတော့ရှိတယ်လို့ ကျနော်တို့က ယူဆတယ်။ အထူးသဖြင့် အခုဆိုရင် မဲဆန္ဒနယ်ပြင်ပရောက်နေတဲ့ မဲဆန္ဒရှင်တွေကို ရက်ပေါင်း ၆၀ ပေါ့။ ၂ လပြည့်တာနဲ့ အဲဒီဒေသမှာရှိတဲ့ ကိုယ်စားလှယ် မဲပေးခွင့် ပေးတာတွေ ဘာတွေဟာ တိုင်းရင်းသား ဒေသမှာရှိတဲ့ နိုင်ငံရေးပါတီတွေကို အကြပ်အတည်းဖြစ်စေတယ်။ သူတို့ရဲ့ မဲအားသာချက်တွေကို ထိခိုက်စေတယ်။
ကော်မရှင်ကို လွတ်လပ်တဲ့ Body တခုဖြစ်စေချင်တယ်။ အစိုးရရဲ့ အောက်မှာရှိနေတဲ့ အဖွဲ့မျိုး ပုံစံမျိုး၊ အစိုးရ မျက်နှာကို ကြည့်နေရတဲ့ ကော်မရှင်ဥက္ကဌလိုမျိုးတော့ မဖြစ်စေချင်ဘူး။ ဒါက ၂၀၀၈ ဖွဲ့စည်းပုံအခြခံဥပဒေရဲ့ အားနည်းချက်ပေါ့။ အခုက ဘာလဲဆိုတော့ အာဏာရပါတီရဲ့ သြဇာတွေက ကြီးမားနေတဲ့ သဘော ရှိတာပေါ့။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုယ်၌ကိုက တန်းတူညီမျှမှုသဘောတွေ နည်းပါးနေတဲ့အတွက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥ ပဒေအောက်မှာ အတိုင်းဆောင်ရွက်နေတဲ့ ရွေးကောက်ပွဲတွေဟာဖြင့် ဖက်ဒရယ်ကို သွားမယ့်ပုံစံမျိုးတွေမှာတော့ အရင် အတိုင်းပဲဖြစ်နေမယ်လို့ ကျနော်တို့က အဲလိုထင်မြင်တယ်။