ပြီးခဲ့သည့် မတ်လနှောင်းပိုင်းက မြန်မာနိုင်ငံတွင် ကိုဗစ် ၁၉ ရောဂါ အတည်ပြုလူနာ ပထမဆုံး တွေ့ရှိခဲ့ပြီး ခရီးသွားလုပ်ငန်း ဆိုင်ရာများ လုံးဝ ရပ်တန့်သွားပြီးနောက် ၃ လခန့်အကြာတွင် အစိုးရက ခရီးသွားလာမှု ကန့်သတ်ချက်များကို ဖြည်းဖြည်း ချင်း ဖြေလျော့လာနေပြီ ဖြစ်သည်။
ခရီးသွားလုပ်ငန်းအပေါ် မှီခိုရပ်တည်နေရသည့် ပုဂံ-ညောင်ဦး ဒေသ၌လည်း ၃ လခန့် ခရီးသွားလုပ်ငန်းများ ရပ်ဆိုင်းခဲ့ပြီး ဟိုတယ်၊ စားသောက်ဆိုင်ကြီးများကစ၍ မြင်းလှည်းမောင်းသူ၊ အမှတ်တရပစ္စည်း အရောင်းဆိုင်များအဆုံး အထိနာသွားခဲ့ သည်။ ယခုအခါ အစိုးရ၏ ဖြေလျော့မှုများနှင့်အတူ ပုဂံသို့ ပြည်တွင်းခရီးသွားတချို့ လာရောက် လည်ပတ်နေကြပြီ ဖြစ်ရာ ဒေသခံတို့၏ မျှော်လင့်ချက်များ ရောင်ခြည်သန်းလာပြီဟု ဆိုနိုင်ပေသည်။
ထို့ကြောင့် ပုဂံဒေသ ခရီးသွားလုပ်ငန်း လက်ရှိ အခြေအနေ၊ ကိုဗစ်ကြောင့် ထိခိုက်မှုများ၊ ဒေသခံတို့၏ အနာဂတ် မျှော် လင့်ချက်တို့နှင့် ပတ်သက်၍ ပုဂံ-ညောင်ဦး ဧည့်လမ်း ညွှန်အသင်းနှင့် ပုဂံအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအသင်း (Bagan Heritage Trust) တို့၏ အမှုဆောင် ကိုမြင့်နိုင်ကို ဧရာဝတီက တွေ့ဆုံမေးမြန်းထားပါသည်။

မေး ။ ။ ကိုဗစ်ကြောင့် ပုဂံဒေသ ခရီးသွားလုပ်ငန်း ရပ်တန့်သွားတဲ့အခါ ဒေသအတွင်း ဘယ်လို ထိခိုက်မှုတွေ ရှိပါသလဲ။
ဖြေ ။ ။ COVID-19 ကပ်ရောဂါက ကမ္ဘာတခုလုံးမှာ ထိခိုက်မှုများတယ်။ အဲဒီထဲက အထိခိုက်ဆုံးကဏ္ဍက ခရီးသွား လုပ်ငန်းပါ။ မြန်မာနိုင်ငံအနေနဲ့ ပြောရရင် ခရီးသွားလုပ်ငန်းကဏ္ဍက မြန်မာနိုင်ငံ GDP ရဲ့ ၅ ရာခိုင်နှုန်းလောက်ထိ ရှိပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၉ ခရီးသွားနှစ်မှာ မြန်မာနိုင်ငံကို tourist (ကမ္ဘာလှည့်ခရီးသည်)ပေါင်း ၄ သန်းကျော် လာသွားပြီး သုံးသွားတဲ့ သုံးစွဲငွေက ၂ ဘီလီယံကျော်တယ်လို့ ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ တကယ့်ကြီးမားတဲ့ အစိတ်အပိုင်းတခုပါ။ အဲဒီ မှာ ပုဂံကလည်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရဲ့ တကယ့်အရေးပါတဲ့ destination (ခရီးစဉ်)တခုပါ။ ပုဂံဒေသတခုလုံးက လည်း ခရီးသွားလုပ်ငန်းကို မှီတည်နေတာဆိုတော့ အကြီးမားဆုံး ထိခိုက်ပါတယ်။

ပုဂံမှာ အဓိက ဟိုတယ်ပေါင်း ၂၅၀ လောက် ရှိတာမှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းက ၅၀၀၀ လောက် ရှိတယ်။ အဲဒီမှာ တ ချို့က လုံးဝနားသွားတယ်။ တချို့က လစာတဝက်နဲ့။ တချို့က လစာမဲ့နဲ့ ခွင့်ယူကြပြီး နားသလောက် ဖြစ်သွားတယ်။ အခုချိန် မှာ ဟိုတယ် အသေးလေး ၃၂ လုံးလောက်ပဲ ပြန်ဖွင့်တာ တွေ့ရပါသေးတယ်။ စားသောက်ဆိုင် ကဏ္ဍမှာလည်း ဆိုင်ပေါင်း ၄၀၀ နီးပါးလောက် ရှိတယ်။ tourism (ခရီးသွားလုပ်ငန်း)မှာ အသုံးပြုတဲ့ စားသောက်ဆိုင်အကြီးတွေက ၁၃၅ ဆိုင်ရှိပြီး ဝန်ထမ်းပေါင်း ၄၀၀၀ ခန့် ရှိတယ်။ သူတို့လည်း နားသလောက် ဖြစ်သွားတယ်။
car rental (အငှားကားဝန်ဆောင်မှု) ၄၀၀ လောက်ရှိတယ်။ သူတို့က ရာသီချိန်မှာ tourist တွေနဲ့ အလုပ်လုပ်ပြီး တခြားအချိန်မှာတော့ ပြည်တွင်းခရီးသွားတွေနဲ့ အလုပ်လုပ်ကြတာ များတယ်။ ဒီနှစ်ရာသီမှာတော့ ပြည်တွင်း ခရီးသွားတွေလည်း မလာတဲ့အတွက် သူတို့လည်း အများကြီး ထိပါတယ်။ မြင်းလှည်း ၂၅၀ လောက်လည်း tourist တွေကို အဓိက ထားတာ ဆိုတော့ သူတို့လည်း ထိတယ်။ စက်လှေ ၁၅၀ နီးပါးလောက်လည်း လုပ်ငန်း ရပ်သလောက် ဖြစ်သွားပါတယ်။ ပုဂံ မြို့ဟောင်းကြီးထဲမှာ အမှတ်တရပစ္စည်း (souvenir shop) အရောင်းဆိုင်လေးတွေ ၂၀၀၀ နီးပါးလောက်လည်း နေ့စဉ် ဝင်ငွေကို မှီခိုနေရတာ ဖြစ်တဲ့အတွက် သူတို့လည်း အထိနာပါတယ်။

အဲဒီတော့ ပုဂံမှာ အကြီးမားဆုံး ထိပါတယ်။ ပြီးတော့ ဒေသကသူတွေ tourism မကောင်းတဲ့အခါ သူတို့ရဲ့ သုံးစွဲတဲ့ငွေတွေ (spending power) ထိုးကျသွားတယ်။ သူတို့နဲ့ တခြားစီးပွားရေး လုပ်ငန်းလေးတွေလည်း အကုန်လိုက်ပြီးတော့ ထိတယ်။ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေ၊ car rental တွေ နားတဲ့အခါ သူတို့ကို supplier(ထောက်ပံ့) လုပ်နေတဲ့ SME အကုန် လုံးလည်း ထိကုန်တယ်။ စီးပွားရေး ကျဆင်းကုန်ပါတယ်။
မေး ။ ။ ပုဂံမှာ ဧည့်လမ်းညွှန်အဖြစ် လုပ်ကိုင်သူ ဘယ်လောက်ရှိလဲ။ ဒီဧည့်လမ်းညွှန်တွေရဲ့ အခြေအနေတွေကရော ဘယ်လိုရှိပါသလဲ။
ဖြေ ။ ။ ပုဂံမှာ ဧည့်လမ်းညွှန်ပေါင်း ၃၀၀ နီးပါး ရှိပါတယ်။ ကျနော်တို့ ပုဂံဧည့်လမ်းညွှန်အသင်းကို အသင်းဝင်ထားတာပဲ ၂၀၀ လောက်ရှိတယ်။ လောလောဆယ် ဧည့်လမ်းညွှန်အလုပ်တွေလည်း ရပ်နားသွားတော့ အနည်းစုကတော့ online shopping တွေ၊ မိသားစု စီးပွားရေးမှာ ဝင်လုပ်တာမျိုးလေးတွေ တွေ့ရပါတယ်။ အများစုကတော့ professional (အသက်မွေးဝမ်းကြောင်းလုပ်ငန်း)ကို လုံးဝ မချိန်းနိုင်သေးပါဘူး။ professional ချိန်းနိုင်ဖို့ရာ အချိန်တခုလည်း လိုပါတယ်။ အများအားဖြင့် ဧည့်လမ်းညွှန်တွေက tourism ကိုချစ်လို့ လုပ်ကြတာဖြစ်လို့ ဒီလောကကို မစွန့်ခွာချင်ဘူး။
နောက်ပြီး ကျနော်တို့ စဉ်းစားနေကြတာက ခရီးသွားလုပ်ငန်းတခု ပြန်စမယ်ဆိုရင် ပြည်တွင်းခရီးသွားလုပ်ငန်းက ပြန်စမယ်ပေါ့။ အဲဒီမှာ ကျနော်တို့ ဧည့်လမ်းညွှန်တွေရဲ့ အခန်းကဏ္ဍ ဘယ်လောက်ရှိမလဲ။ ကျနော်တို့ ဘယ်လောက် ချဲ့ထွင်နိုင်မလဲ။ ဧည့်လမ်းညွှန်အသင်းက အဲဒီကိစ္စတွေကို စဉ်းစားနေပါတယ်။ ဧည့်လမ်းညွှန်တွေ ပြည်တွင်း ခရီးသွားလုပ်ငန်းကနေ စ ပြီးတော့ အလုပ်တွေ ပြန်လုပ်ကြမယ်။ အလေ့အကျင့်တွေ ယူကြမယ်။ Post COVID အလွန် tourist ခရီးသွားရာသီ စတဲ့အခါ ဧည့်လမ်းညွှန်အသင်းအနေနဲ့ tour guide အများစုကို အဆင်သင့်ဖြစ်နေအောင် ကြိုးစားဖို့ စိတ်ကူးထားကြပါတယ်။

မေး ။ ။ အထူးသဖြင့် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း ပြန်လည်နလန်ထူဖို့က ကြာအုံးမယ့် သဘောရှိတော့ ဧည့်လမ်း ညွှန်တွေအနေနဲ့ တောင့်ခံနိုင်ပါ့မလား။ သူတို့ရဲ့ အနာဂတ်က ဘယ်လိုဖြစ်လာနိုင်လဲ။
ဖြေ ။ ။ အများစုကတော့ ဒီခရီးသွားလုပ်ငန်းက ၁/၂ နှစ်လောက် ကြာနိုင်တယ်ပေါ့။ ဒါပေမယ့် ခရီးသွားလုပ်ငန်းဆိုတာ ကမ္ဘာပေါ်မှာ တကယ့်ကို ပြီးဆုံးသွားတဲ့ အလုပ်တခုတော့ မဟုတ်ပါဘူး။ ကျနော်တို့က အကောင်းမြင်ပါတယ်။ အခု ခရီး သွားလုပ်ငန်း ရပ်တန့်သွားတယ်ဆိုတာလည်း ကိုဗစ်ကြောင့်လို့ ယူဆတယ်။ ပုဂံက တကယ်တမ်းတော့ ကမ္ဘာကျော်တဲ့ destination တခုပါ။ ပြည်တွင်းမှာလည်း ပုဂံကို လူသိများတဲ့အတွက် အတိုင်းအတာ ကာလတခု၊ Post COVID ကာလ တခုမှာတော့ ပြည်တွင်းခရီးသွားတွေ အများကြီး လာမှာပါ။
နောက်ပြီး ကမ္ဘာ့အမွေအနှစ်ဝင်ထားတဲ့ ပုဂံဟာ ကမ္ဘာမှာ ကျော်ကြားစပြုလာပါပြီ။ စီမံခန့်ခွဲမှု ကောင်းကောင်းသာ လုပ်နိုင်မယ်ဆိုရင် ပုဂံကလည်း ကိုဗစ်ကာလအလွန်မှာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာမယ်လို့ ယူဆပါတယ်။ အမေရိကန် Forbes မဂ္ဂ ဇင်းက Post COVID အလွန်မှာ ခရီးသွားလာမှု အကောင်းဆုံး နိုင်ငံ ၇ ခုဆိုပြီး ကြေညာသွားပါတယ်။ အဲဒီထဲမှာ မြန်မာနိုင်ငံပါတဲ့အတွက် သင့်တင့်တဲ့ ကာလတခုမှာ ပုဂံဒေသ ခရီးသွားလုပ်ငန်းဟာ ပြန်ခေါင်းထောင်လာမယ်လို့ ယူဆပါတယ်။ တကယ်လို့ ဒီကာလကြီး ရှည်ကြာနေမယ်ဆိုရင်လည်း professional တွေပြောင်းဖို့ တချို့ ကြိုးစားကြလိမ့်မယ် ထင်ပါတယ်။

မေး ။ ။ တကယ်လို့ စားဝတ်နေရေး အခက်အခဲတွေကြောင့် လုပ်ငန်းပြောင်းသွားကြမယ်ဆိုရင် ခရီးသွားကဏ္ဍအတွက် ဘယ်လို ထိခိုက်မှုတွေ ရှိနိုင်မလဲ။
ဖြေ ။ ။ ထိခိုက်နိုင်ပါတယ်။ အဲဒီကိစ္စက ကျနော်တို့ အကြောက်ဆုံးပဲ။ ၂၀၁၂ ရှေ့ပိုင်းလောက်မှာ မြန်မာနိုင်ငံကို ကမ္ဘာ လှည့်ခရီးသွားဧည့်သည် ၆ သိန်းကျော်လောက်ပဲ လာတယ်။ ၂၀၁၂ ကျတော့ နိုင်ငံကလည်း ပြောင်းလဲလာ၊ ပွင့်လင်းလာတယ်။ လူစိတ်ဝင်စားမှုလည်း မြင့်တက်လာတယ်။ အဲဒီမှာ နိုင်ငံခြားဧည့်သည်တွေ ဝုန်းကနဲ တက်လာတယ်။ ၁ သန်းခွဲ၊ ၂ သန်းခွဲ ရောက်တယ်။ ၂၀၁၄ မှာဆို ၃ သန်းခွဲ ၄ သန်းလောက် ရောက်သွားတယ်။ အဲဒီအချိန်မှာ tourism က မထိန်းနိုင်တော့ဘူး။ ကျွမ်းကျင်တဲ့ ဧည့်လမ်းညွှန်ကလည်း မနိုင်တော့ဘူး။
ဒီတော့ မြင်းလှည်းမောင်းတဲ့ လူတွေ၊ ပြင်ပက အင်္ဂလိပ်စကားပြောတတ်တဲ့ လူတွေကို tourism မှာ ခေါ်သုံးခဲ့တာတွေရှိ တယ်။ ဟိုတယ်မှာလည်း ထို့နည်းတူပဲ။ တကယ့်ကျွမ်းကျင်တဲ့ ဝန်ထမ်းတွေမလောက်တော့ ဖြစ်သလို ခန့်ရတာတွေ၊ ဟို တယ်တွေ မလောက်တာ၊ စားသောက်ဆိုင်တွေက အဆင်မပြေတာတွေ ရှိလာတယ်။ အဲဒီအတွက် မြန်မာ့ tourism ဟာ အဆင်မပြေတာတွေ အများကြီး ဖြစ်သွားတယ်။ အဲဒီအတွေ့အကြုံ ကျနော်တို့မှာ ရှိပါတယ်။ အခုကိုဗစ်ဖြစ်တော့ လုပ်ငန်း အများစုက ရပ်သွားတယ်။ တချို့လည်း ဒီလောကထဲက ထွက်သွားပါလိမ့်မယ်။

Tourism မှာက သိမ်မွေ့ပါတယ်။ တကယ် ကျွမ်းကျင်တဲ့ ဧည့်လမ်းညွှန်တွေ၊ ဟိုတယ်၊ စားသောက်ဆိုင် ဝန်ထမ်းတွေ လို အပ်ပါတယ်။ tourism ပြန်စမယ်။ သူတို့ ဒီလောကထဲကို ပြန်ဝင်မလာတော့ဘူးဆိုရင် tourism ဟာ အခက်တွေ့အုံးမှာပါ။ ကျနော်တို့ အကြောက်ဆုံးကတော့ တကယ့်ကျွမ်းကျင်တဲ့ ဝန်ထမ်းလေးတွေ ဒီလောကကနေ လွင့်သွားမှာ။ တခြား professional ပြောင်းသွားမှာတော့ စိုးရိမ်မိပါတယ်။
မေး ။ ။ စီမံခန့်ခွဲမှု ကောင်းကောင်းသာ လုပ်နိုင်မယ်ဆိုရင် ကိုဗစ်အလွန် ပုဂံဒေသခရီးသွားလုပ်ငန်း ပြန်လည် ဖွံ့ဖြိုးလာ မယ်ဆိုတာမျိုး ပြောသွားတော့ ဒီအတွက် ပြင်ဆင်နေတာမျိုးတွေ ရှိပြီလား။
ဖြေ ။ ။ ကိုဗစ်အလွန်ကတော့ ခရီးသွားလုပ်ငန်းဟာ ပုံစံတမျိုးနဲ့ ပြောင်းရတော့မယ်။ new normal ကို သွားကြရတော့မယ် ပြောတယ်။ ကျနော်တို့ နဂိုသွားနေတဲ့ destination တွေ၊ သွားနေတဲ့ပုံစံတွေ၊ ဧည့်သည်ကို ဝန်ဆောင်မှု ပေးတာတွေ၊ ဟိုတယ် စားသောက်ဆိုင်တွေကအစ ပြင်ဆင်တာတွေ အကုန်လုံး ပြောင်းရမှာပေါ့။ ပြောင်းရပြီဆို တနိုင်ငံလုံး စံချိန်စံညွှန်း တခုထဲနဲ့ ပြောင်းမှပဲ ပိုပြီးအဆင်ပြေမှာ။ MOHT (ဟိုတယ်/ခရီး)က National guideline ဆိုပြီး ထုတ်ထားတာ ရှိပါတယ်။ အဲဒီမှာ ကျနော်တို့ ဧည့်လမ်းညွှန်တွေ ဘာလုပ်ရမယ်။ ဟိုတယ်၊ စားသောက်ဆိုင်တွေ ဘာလုပ်သင့်တယ် ဆိုတာမျိုးတွေ ပါဝင်ပါတယ်။ ဒါက အရေးကြီးဆုံးပဲ။
ဥပမာ ကျနော်တို့ ခရီးသွားလာမှုပုံစံတွေ ပြောင်းရတဲ့အခါ ပုဂံမှာဆို traffic (အစုအဝေး) ဖြစ်တဲ့နေရာတွေ ရှောင်ရှား ရတော့မှာ။ ပုဂံမှာ အာနန္ဒာလို၊ ရွှေစည်းခုံလို နေရာမျိုးတွေမှာ လူစုလူဝေး မဖြစ်အောင် ဧည့်လမ်းညွှန်တွေ၊ ကုမ္ဗဏီတွေက ပါးပါးနပ်နပ် လုပ်ရတော့မယ်။ တခြား public area တွေ ပုဂံမှာ ပြင်ဆင်ရတော့မယ်။ national guideline ထဲမှာက တနိုင်ငံလုံးကို ခြုံပြီး ထွက်ထားတာ။ ဒီတော့ ပုဂံ guideline (လမ်းညွှန်ချက်) ဆိုတာ တခုထွက်ဖို့ ဧည့်လမ်းညွှန်အသင်းက ကြိုး စားနေပါတယ်။ ဒီလမ်းညွှန်ချက်မှာ အဓိကက ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ထားတဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစီအမံတွေ စက်လှေ၊ ကားတွေနဲ့ taxi တွေပေါ်မှာ လုပ်ရမယ်။ နေဝင်၊ နေထွက် ကြည့်တဲ့နေရာတွေမှာ ကျန်းမာရေးနဲ့ ညီညွတ်အောင်၊ social distancing တွေနဲ့ လိုက်လျောညီအောင် ဘယ်လိုလုပ်မလဲ။ ဘုရားတွေဝင်ပြီး လှည့်လည်တဲ့အခါ traffic မဖြစ်အောင် ဘယ်လိုရှောင်မလဲ။ ဒီလိုမျိုး စဉ်းစားချက်တွေကို ပုဂံလမ်းညွှန်အနေနဲ့ ရေးပြီးထွက်ဖို့ ကြိုးစားမယ်။ အဲဒီလို ထွက်ဖို့ကြိုးစားရမှာ MOHT က အကြံပေးထားတဲ့အတိုင်း DMO ဖွဲ့ဖို့ ကြိုးစားနေပါတယ်။

မေး ။ ။ DMO ဆိုတာ ဘာကိုပြောတာလဲ။ ဒီအဖွဲ့ကရော ဘာတွေ လုပ်ရမှာပါလဲ။
ဖြေ ။ ။ DMO ဆိုတာ Destination Management Organization ဒေသဆိုင်ရာခရီးသွားလုပ်ငန်းအဖွဲ့ပါ။ DMO ဖွဲ့ဖို့ လိုအပ်တယ်လို့ တောင်းဆိုလာခဲ့တာ နှစ်တော်တော်ကြာပါပြီ။ အခုတော့ ကိုဗစ်အကြိုကာလအတွက် ပြင်ဆင်မှုတရပ်အနေနဲ့ DMO ကို ဖွဲ့ပါမယ်။ ခုနကပြောတဲ့ National guideline, Bagan guideline တွေကို DMO အဖွဲ့က ဦးစီးပြီး အလုပ်လုပ်ရပါမယ်။ ဒီတော့ DMO အဖွဲ့က သွက်သွက်လက်လက်နဲ့ အလုပ်လုပ်နိုင်ဖို့တော့ လိုပါတယ်။
အခု DMO ဖွဲ့စည်းပုံကို ကြည့်မယ်ဆို တဝက်လောက်က ဌာနဆိုင်ရာတွေ ပါနေတယ်။ ဒါလည်း အတွေ့အကြုံအရတော့ ဝန်ထုပ်ဝန်ပိုး ဖြစ်မယ်နဲ့တူတယ်။ ကိုဗစ်အလွန် ပုဂံခရီးသွားလုပ်ငန်းကို DMO အဖွဲ့က National/Bagan guideline တွေနဲ့ ဒါတွေကို ပူးပေါင်းလုပ်ဆောင်ရမယ်။ အခုက DMO ဖွဲ့လိုက်နိုင်တဲ့အတွက် နောက်အဆင့်တခုကို တက်လာတာတော့ မှန်ပါ တယ်။ ဒါပေမယ့် tourism နယ်ပယ်ကသူတွေ များများပါပြီး သွက်သွက်လက်လက် လုပ်နိုင်မယ်ဆိုရင် ပိုကောင်းမယ် လို့ မျှော်လင့်ပါတယ်။
DMO အဖွဲ့တွေက တခြားနိုင်ငံတွေမှာ ဖွဲ့ပြီးပါပြီ။ ထိုင်း၊ ကမ္ဘောဒီးယား စသဖြင့်။ မြန်မာနိုင်ငံက အခုမှ စတာပါ။ အခု ပုံစံအတိုင်းဆို DMO က ဌာနဆိုင်ရာတွေနဲ့ တဆင့်ပြီးတဆင့် သွားရမယ့်ပုံစံမျိုး ပေါက်နေတယ်။ အဲဒါလေး ပြုပြင်နိုင်ရင်တော့ ပို ပြီးကောင်းမယ်။ ကျနော်တို့အနေနဲ့ DMO ထဲမှာ သွက်သွက်လက်လက်အလုပ်လုပ်ပြီး နိုင်ငံတော်အဆင့် အဆုံးအဖြတ်ပေးနိုင်မယ့် ပုဂ္ဂိုလ်တယောက် ဒုသမ္မတလို၊ ဝန်ကြီးလိုဟာမျိုးနဲ့ တိုက်ရိုက်ချိတ်ဆက်နိုင်တဲ့ အခွင့်အရေး တခုတော့ လိုချင်ပါတယ်။ နောက်တခုက ဘတ်ဂျက် စီမံခန့်ခွဲပိုင်ခွင့်။ DMO က ပုဂံ destination ထဲမှာ ဘယ်ဟာတွေ လိုအပ်တယ်ဆိုတာကို အကြံပေးနိုင်တဲ့၊ သုံးစွဲနိုင်တဲ့ အခွင့်အလမ်းတွေလည်း လိုအပ်မယ်။ ကျနော့်အနေနဲ့ ကိုဗစ်အလွန်မှာ ပုဂံခရီးသွားကို အကောင်းမြင်ပါတယ်။ အောင်မြင်မှု၊ မအောင်မြင်မှု ဆိုတာတော့ DMO အဖွဲ့ရဲ့ လုပ်နိုင်ကိုင်စွမ်း အပေါ်မှာ မူတည်လိမ့်မယ် ထင်ပါတယ်။

မေး ။ ။ အခု ပုဂံ DMO ဖွဲ့စည်းတာ ဘယ်အဆင့်ရောက်နေပြီလဲ။
ဖြေ ။ ။ DMO ဖွဲ့စည်းဖို့ လူရွေးနေပါပြီ။ DMO အဖွဲ့မှာ ဌာနဆိုင်ရာက ၁၂ ယောက် ပါပါတယ်။ ကျနော်တို့ tourism အဖွဲ့ တယောက် ပါပါတယ်။ အဲဒါကို ကျနော်တို့ လူစာရင်းတွေညှိပြီး ဖွဲ့ဖို့ကြိုးစားနေပါပြီ။ ကိုဗစ်အလွန် မတိုင်ခင်မှာ ဒီအဖွဲ့လေး အဆင်သင့်ဖြစ်နေဖို့ မျှော်လင့်ပါတယ်။ ဒါမှ ကျနော်တို့က ပုဂံလမ်းညွှန်ချက်တခုကို ကောင်းကောင်းမွန်မွန် ချမှတ်နိုင်မှာပါ။
နောက်တခုက visitor management plan (ခရီးသွားဧည့်သည်စီမံခန့်ခွဲမှု) လိုအပ်မယ်။ ဒါကို DMO အဖွဲ့ရော၊ တခြား ဧည့်လမ်းညွှန်၊ မော်တော်ကား သယ်ယူပို့ဆောင်ရေးနဲ့ ဟိုတယ်၊ ခရီးသွားလုပ်ငန်းရှင် အသင်းတွေက လိုက်လုပ် နိုင်ရင် အဆင်ပြေပါမယ်။ ချုပ်ပြီးပြောမယ်ဆို ကိုဗစ်အလွန်ကာလမှာ ပုဂံခရီးသွား အောင်မြင်ခြင်း မအောင်မြင်ခြင်းက DMO အဖွဲ့ရဲ့ လုပ်ငန်း စွမ်းဆောင်နိုင်မှုနဲ့ visitor plan တခုကို ဘယ်လောက် ကောင်းကောင်းမွန်မွန် လုပ်နိုင်မလဲဆိုတဲ့အပေါ်မှာ မူတည် လိမ့်မယ် ထင်ပါတယ်။ ဒါတွေက တခြားနိုင်ငံတွေမှာ လုပ်တာ ကြာပါပြီ။ ကျနော်တို့ နိုင်ငံက အခု ကိုဗစ်ကာလကျမှ လုပ်ဖို့ ကြိုးစားကြတာ။ အမှန်က အဲဒီနှစ်ချက် မရှိလို့ရှိရင် ခရီးသွားလုပ်ငန်း တိုးတက်ဖို့ အားနည်းမယ် ထင်ပါတယ်။
မေး ။ ။ ခရီးသွားလုပ်ငန်း ကဏ္ဍအတွက် နိုင်ငံတော်ရဲ့ ထောက်ပံ့ပေးမှုကရော လက်တွေ့မှာ တကယ်အကျိုးဖြစ်ထွန်းရဲ့ လား။ ဘယ်လိုအခြေအနေ ရှိပါသလဲ။
ဖြေ ။ ။ နိုင်ငံတော်က ထောက်ပံ့တဲ့ relief plan မှာ ခရီးသွားလုပ်ငန်း ပါပါတယ်။ ဒါပေမယ့် အနည်းအကျဉ်းပဲ ရလိုက်ပါတယ်။ ကျနော် သိသလောက်ပြောရရင် ပုဂံမှာ ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်လို့ relief plan ရထားတာ သိပ်မကြားမိဘူး။ သေချာတာတခုက ဧည့်လမ်းညွှန်တွေ၊ သယ်ယူပို့ဆောင်ရေး၊ အမှတ်တရပစ္စည်းအရောင်းဆိုင် အသင်းတွေ၊ အသေးစား တုတ်တုတ်၊ Ebike လေးတွေ သူတို့နဲ့ ပတ်သက်လို့တော့ ဘာမှမရဘူး။ ဘာလို့ဆို သူက သတ်မှတ်ချက်တွေက များလည်း များတယ်။ မြင့်လည်းမြင့်တယ်။ အဲဒါတွေနဲ့ ဒီကလုပ်ငန်းလေးတွေက ဘောင်မဝင်တဲ့အတွက် ဘာမှတော့ မရလိုက်ဘူး။

မေး ။ ။ ခရီးသွားလုပ်ငန်းအတွက် အစိုးရအနေနဲ့ ဘာတွေ ဆောင်ရွက်ပေးစေချင်လဲ။ အကြံပြုချင်တာရှိမလား။
ဖြေ ။ ။ ခရီးသွားကဏ္ဍက အစိုးရ အဆက်ဆက်မှာ အမြဲတမ်း ဘေးဖယ်ခံရတဲ့ ကဏ္ဍဖြစ်ပါတယ်။ နောက်ဆုံး ထောက်ပံ့မှုအနေနဲ့ပဲ သွားရတယ်။ ဂရုစိုက်ပြီးတော့ အကောင်အထည်ဖော်တဲ့ဟာတွေ မရှိပါဘူး။ ဒါပေမယ့် တကယ်တမ်း တွက် ကြည့်လိုက်ရင် ခရီးသွားကဏ္ဍရဲ့ GDP က မြင့်ပါတယ်။ အဲဒီတော့ အာရုံစိုက်စေချင်ပါတယ်။ လောလောဆယ် ဒီကာလမှာ ခရီးသွားလုပ်ငန်းအတွက် သက်သက် relief plan တွေ လာသင့်ပါတယ်။ ဧည့်လမ်းညွှန်တွေ၊ အသေးစား လုပ်ငန်းလေး တွေ၊ စားသောက်ဆိုင်တွေ အတွက်ပေါ့။
အဲဒါ ကျနော်က လုပ်ငန်းရှင်တွေကို ထောက်ပံ့ဖို့ ဆိုချင်တာမဟုတ်ပါဘူး။ ဒီလုပ်ငန်းတွေ အသက်ဆက်နေမှ သူ့နောက်က ဝန်ထမ်းတွေ၊ မိသားစုတွေ အဆင်ပြေမယ်။ နောက်ပြီး သူတို့ကျွမ်းကျင်ထားတဲ့ ပညာတခုနဲ့ တခြား professional တခု ကို ရောက်မသွားဘဲနဲ့ အဆင်ပြေမယ်လို့ ယူဆပါတယ်။ DMO အဖွဲ့ကိုလည်း တကယ့်ကို လုပ်ပိုင်ခွင့်ရှိရှိနဲ့ ဘတ်ဂျက်စီမံခန့် ခွဲနိုင်ခွင့်၊ နိုင်ငံတော်အကြီးအကဲတွေနဲ့ တိုက်ရိုက်ဆက်ဆံပြီး လုပ်နိုင်မယ့်ဟာမျိုး လိုအပ်ပါတယ်။ အဲဒါက ပုဂံတခုတည်းအ တွက် ပြောတာတော့ မဟုတ်ဘူး။ တကယ့် tourist destination တိုင်းအတွက် ပြောတာဖြစ်ပါတယ်။

မေး ။ ။ ပုဂံရဲ့ ခရီးသွားလုပ်ငန်း ပြန်လည် နလန်ထူနိုင်ဖို့ အချိန်ဘယ်လောက်ယူရမယ်ထင်လဲ။
ဖြေ ။ ။ ခရီးသွားလုပ်ငန်းက အကျမြန်ပြီး အတက်တော့ နှေးတယ်။ ကိုဗစ်အလွန်မှာ ခရီးသွားလုပ်ငန်း ပြန်လည် နလန် ထူဖို့ဆိုတာ အချိန်ယူရပါမယ်။ သူနဲ့ဆက်စပ်နေတဲ့ ဘဏ်လုပ်ငန်းတွေ၊ ဟိုတယ်၊ စားသောက်ဆိုင်၊ လေကြောင်းလိုင်း လုပ် ငန်းကြီးတွေ အကုန်လုံးက တဖြည်းဖြည်း အချိန်တခုယူပြီးမှ ထနိုင်မယ် ထင်ပါတယ်။ ဒါက သဘာဝပဲလေ။ လူတွေက နောက်ဆုံးအဆင်ပြေမှပဲ ခရီးသွားမှာလေ။ ခရီးသွားတဲ့အခါကျလည်း သက်တောင့်သက်သာ သွားချင်တယ်။ ကိုဗစ်အ လွန်ကာလ ခရီးသွားတဲ့အခါ အဟန့်အတားတွေက အများကြီး ဖြစ်လာမှာပါ။ ကျန်းမာရေး ထောက်ခံချက်တွေ ယူတာမျိုး၊ လေယာဉ်ပေါ်တက်တဲ့အခါ လိုက်နာရမယ့်စည်းကမ်းတွေ၊ တခြားနိုင်ငံရောက်ရင် Quarantine ဝင်ရတာတွေ၊ Deposit တင်ရတာတွေ အများကြီးပါ။ အဲဒါတွေကို ခရီးသွားတွေက အလေ့အကျင့် ရှိအုံးမှာမဟုတ်ဘူး။ အဲဒီတော့ ဖြည်းဖြည်းချင်းပဲ ခရီးသွားလုပ်ငန်း ပြန်စမှာပါ။
မေး ။ ။ ဒီအတွက် ခရီးသွားလုပ်ငန်းကို မှီတည်နေရတဲ့ ပုဂံဒေသခံတွေ ရေရှည်တောင့်ခံနိုင်ပါ့မလား။
ဖြေ ။ ။ အဲဒါတော့ ကြိုးစားရမှာပေါ့။ အခုလည်း ပြည်တွင်း ခရီးသွားလေးတွေ နည်းနည်းရောက်လာတော့ ဒေသခံတွေအနေနဲ့ ဝမ်းသာကြတယ်။ ပြည်တွင်းခရီးသွားနဲ့ tourist နဲ့ လုပ်တဲ့လုပ်ငန်းဆိုပြီး ပုဂံမှာ နှစ်ပိုင်း ရှိပါတယ်။ tourist နဲ့လုပ်တဲ့ လုပ်ငန်းတွေက ပိုကြီးတာပေါ့လေ။ ဟိုတယ်ကြီးတွေ၊ စားသောက်ဆိုင် အကြီးတွေမှာ မေးကြည့်တာ သူတို့ ကတော့ အနည်းဆုံး ၁ နှစ်လောက်ထိ နားရလိမ့်မယ် ထင်တယ်။ ဒါပေမယ့် အခု ပြည်တွင်း ခရီးသွားလေးတွေ နည်းနည်း လာတဲ့အတွက် သူတို့နဲ့အလုပ်လုပ်တဲ့ အသေးစား လုပ်ငန်းလေးတွေ အဝတ်အထည်ရောင်းတာ၊ တုတ်တုတ်လေးတွေ၊ car rental တွေအတွက်တော့ ဝမ်းသာစရာ ကောင်းပါတယ်။

မေး ။ ။ ဧည့်လမ်းညွှန်တဦးဖြစ်တဲ့ အစ်ကို့အနေနဲ့ရော ပုဂံဒေသ အနာဂတ်အတွက် ဘယ်လို မျှော်လင့်ထားပါသလဲ။
ဖြေ ။ ။ ပုဂံကို အကောင်းမျှော်လင့်ပါတယ်။ ပုဂံနဲ့ခေတ်ပြိုင် အန်ကောဝပ်နဲ့ ယှဉ်မယ်ဆို ခရီးသွားလုပ်ငန်းက မတရားကြီး ကျန်ခဲ့တယ်။ အခု ပုဂံကို ခရီးသွား လာနေတာက ၃ သိန်းနဲ့ ၄ သိန်းကြားပဲ ရှိတယ်။ ၂၀၁၉ မှာ ၄ သိန်းကျော် ရှိတယ် လ်ို့ သိရတယ်။ ဒီ ၄ သိန်းကျော်လောက် လာတောင်တာမှ ဒေသမှာ အဆင်ပြေမှု ရှိပါတယ်။ လူငယ်တွေ အလုပ်အကိုင် အခွင့်အလမ်း ပေါများတယ်။ ထိုင်းနိုင်ငံမှာဆို ၃၈ သန်း၊ အန်းကောမှာဆို ၁၀ သန်းလောက် လာတယ်။
ပုဂံမှာ လိုအပ်နေတာက tourism အပေါ် မှန်ကန်တဲ့စီမံခန့်ခွဲမှုနဲ့ အစိုးရတွေရဲ့ ရင်းနှီးအားထုတ်မှု ဖြစ်ပါတယ်။ ကျနော်တို့ ကြော်ငြာကောင်းကောင်း လိုတယ်။ အစိုးရအဖွဲ့ရဲ့ ဂရုစိုက်မှု၊ ကောင်းမွန်တဲ့ visitor management plan တခု၊ DMO ကောင်းကောင်းနဲ့ဆိုရင် ပုဂံရဲ့ အနာဂတ်ဟာ ကောင်းမယ်လို့ မြင်ပါတယ်။ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်လည်း ဖြစ် သွားပြီ ဆိုတော့။ ကျနော်တို့ နိုင်ငံက ကိုဗစ်ကို နိုင်နိုင်နင်းနင်း ထိန်းချုပ်ထားနိုင်တဲ့ အနေအထား တခုမှာ ရှိတယ်။ ပြည်တွင်းမှာလည်း ကြိုးစား အားထုတ်မှုတွေ ရှိတယ်။ အဲဒါတွေကို ကမ္ဘာကိုသိအောင် ပြောသင့်တယ်လို့ ယူဆတယ်။
ခရီးသွားလုပ်ငန်းက ပုဂံဒေသရဲ့ အသက်သွေးကြောပါ။ ခရီးသွားလုပ်ငန်းနဲ့ ဆက်စပ်ပြီးတော့ ယဉ်ကျေးမှုဆိုင်ရာ ထိန်း သိမ်းဖို့ဆိုတာလည်း ပါတယ်။ ရှိနေတဲ့ အနှစ် ၁၀၀၀ ကျော်က ယဉ်ကျေးမှုအမွေအနှစ်တွေကို ထိန်းသိမ်းမယ်။ ပြီးရင် ဒါနဲ့ ဆက်စပ်တဲ့ ခရီးသွားလုပ်ငန်းကို စနစ်တကျ ဖော်ဆောင်နိုင်မယ်ဆိုရင် ပုဂံ အနာဂတ်အတွက် အကောင်းဘက်က မျှော်လင့်ပါတယ်။
You may also like these stories:
ရှေးဟောင်းပစ္စည်း တရားမဝင် ဝယ်ယူစုဆောင်းမှုကြောင့် ရှေးဟောင်းမြို့တွေ ပစ်မှတ်ဖြစ်လာတယ်
ကမ္ဘာ့အမွေ ပုဂံဒေသအတွင်း ဥပဒေမဲ့ အဆောက်အအုံ တိုးချဲ့မှုများ ပြုလုပ်နေ