သက်ငယ်မုဒိမ်းမှု ဖြစ်ပွားမှုများလည်း လျော့ကျသွားခြင်း မရှိသလို ကျူးလွန်သူအများစုမှာလည်း ပတ်ဝန်းကျင်ရှိ နီးစပ် သူများ ဖြစ်နေတတ်ကြသည်ကို တွေ့ရသည်။
ရန်ကုန်လို မြို့ကြီးတွင်ပင် သက်ငယ်မုဒိမ်းမှုသည် နှစ်စဉ် အရေအတွက် တိုးလာနေပြီး ရန်ကုန် တောင်ပိုင်းခရိုင်တခုလုံး တွင်၂၀၂၀ နှစ်ဆန်းပိုင်းကစပြီး ယနေ့ အချိန်အထိ အသက် ၁ဝ နှစ်မှ ၁၆ နှစ်အတွင်း ဖြစ်ပွားခဲ့သော မုဒိမ်းမှု အရေ အတွက်မှာ ၁၁ မှု အထိ ရှိပြီဖြစ်သည်။
တရားရုံးများတွင်လည်း သက်ငယ်မုဒိမ်းနှင့် ပတ်သက်၍ တရားစီရင်မှု အချိန်ကြာမြင့်ခြင်းမှာ ယနေ့ထက်တိုင် ရှိနေဆဲပါ။ ထိုသို့ တရားစီရင်ရေး အပိုင်းတွင်လည်း ကျူးလွန်ခံရသည့် မိန်းကလေးကို ကလေးသူငယ် တရားရုံးတွင် စီရင်မှု စတင် ဆောင်ရွက်နေသော်လည်း အမှန်တကယ် အဆိုပါ မိန်းကလေးငယ်များ၏ စိတ်ဒဏ်ရာ သက်သာရေးအတွက် စနစ်တကျ မဆောင်ရွက်နိုင်သေးပေ။
ထိုကိစ္စများနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်း တောင်ပိုင်းခရိုင်၏ လူမှုဝန်ထမ်း ဦးစီးဌာနမှ Case Manager ဖြစ်သူ ဒု ဦးစီးမှူး ဒေါ်စိုးစိုးထိုက်ကို ဧရာဝတီ သတင်းထောက် ထက်ခေါင်လင်းက တွေ့ဆုံမေးမြန်းခဲ့ပါသည်။
မေး။ ။ အခု သက်ငယ်မုဒိန်း ကျူးလွန်မှုတွေဟာ အသက် ၁ဝ နှစ်ကနေ ၁၆ နှစ်ကြား မိန်းကလေးတွေ ကျူးလွန်ခံရတာ များနေတယ်။ အဲဒါ ဘာကြောင့်လို့ ယူဆလဲ။ မိဘတွေကရော ဘယ်လို ထိန်းသိမ်း စောင့်ရှောက်ဖို့ လိုတယ်လို့ ယူဆလဲ။
ဖြေ။ ။ ကျမ ကိုင်တွယ်ခဲ့တဲ့ ဖြစ်စဉ် တော်တော်များများက ၁၂ နှစ်ကနေ ၁၆ နှစ် ကြားထဲက မိန်းကလေးတွေ ဖြစ်တာ တော်တော် များတယ်။ ဒီအရွယ်လေးတွေက မိဘရဲ့သွန်သင်ဆုံးမှုအောက်မှာ ကြီးပြင်းရတဲ့ ကလေးတွေ။ မိဘက အရေး ကြီးဆုံးပဲ။
ကလေး စိတ်ပညာနဲ့သွားမယ်ဆို အပျိုဖော်ဝင်စ အရွယ်ဆို ဆန့်ကျင်ဘက် လိင်တွေကို စိတ်ဝင်စားလာတယ်။ စိတ်ပိုင်း ဆိုင်ရာ၊ ခန္ဓာကိုယ်မှာ ရှိတဲ့အရာတွေဖြစ်တဲ့ ရုပ်ပိုင်းဆိုင်ရာတွေ ပြောင်းလဲလာပြီ။ မိဘတွေက ဒီအရွယ်ဆို ကြိုပြီး ပြောပြ ထားဖို့ လိုတယ်။ အခုလဲ Sexual Education ကို သင်ခန်းစာထဲမှာ သင်ဖို့ လုပ်လာတယ်။ တချို့ဆရာမတွေက အား ကောင်းမောင်းသန်နဲ့ သင်နိုင်သလို တချို့ကျတော့လည်း ရှက်တယ်ဆိုတာ ရှိတာပေါ့။
တကယ်တော့ ဒါက ရှက်စရာလို့ ယူဆနေလို့ မရဘူး။ ဒါက သဘာဝပဲလေ။ ရှက်လို့ မပြောဘဲနေကာမှ ပိုဆိုးသွားတဲ့ အရာတွေ ရှိတယ်။ အပျိုပေါ် စဝင်လာကတည်းက ဒါတွေ ပြောပြထားဖို့ လိုလာပြီ။ မူကြို အရွယ်ထဲက ဘယ်နေရာ မကိုင် ရဘူး၊ ကိုင်ရင် အော်ရမယ်၊ ထွက်ပြေးရမယ် စသဖြင့် ပြောပြထားဖို့လိုတာ။
ကလေးကို ဘယ်အချိန်ထဲက သင်ပေးရမလဲ မေးမယ်ဆို ကလေး သိတတ် နားလည်တတ်လာပြီ ဆိုတာနဲ့ကို သင်ပေး ထားဖို့ လိုတယ်။ မိဘတွေကိုယ်တိုင်က ဒီဟာကြီးက ရှက်စရာ ဆိုပြီး ဒီအတိုင်း ကလေးတွေ ကြီးပြင်းသွားကြတော့ အသိပညာ၊ ဗဟုသုတ မရှိကြတော့ဘူး။ အကျိုးဆက်ကို မသိတဲ့အခါကျတော့ ဒီလိုဖြစ်ရပ်တွေ အများကြီး ရှိလာတယ်။
မိန်းကလေးဆိုရင် ရာသီစလာချိန်၊ ယောကျ်ားလေးဆိုရင် သုတ်ပိုးတွေ စလွှတ်နိုင်ပြီးဆိုတဲ့အချိန် အဲဒီလိုတွေမှာ လိင် ဆက်ဆံမိရင် ကိုယ်ဝန် စရှိနိုင်ပြီ။ မမျိုးဥ ဘယ်အချိန် စကြွေတယ် စသဖြင့် အသိပညာ ပေးထားဖို့ လိုတယ်။ ဒီအရွယ် တွေက စိတ်ကစားလာပြီ။ အထိအတွေ့တွေကို သာယာလာပြီ။ အဲဒါကြောင့် မရှောင်နိုင်တာလဲ ပါတယ်။
မေး။ ။ ကျူးလွန်တဲ့သူတွေက ကိုယ့်ပတ်ဝန်းကျင်က လူတွေ၊ ပထွေးလို၊ အစ်ကိုဝမ်းကွဲလို၊ ဦးတွေလို လူတွေက အဓိက ကျူးလွန်တာ တွေ့နေရတယ်။ အဲဒီတော့ ဒါဆို ဘယ်လို ကိုယ့်သမီးကို ထိန်းသိမ်းစောင့်ရှောက်ရမယ့် နည်းလမ်းလေး ပြောပြပါလား။
ဖြေ။ ။ သက်ငယ်မုဒိမ်းမှာ များသောအားဖြင့် ရင်းနှီးတဲ့သူကပဲ လုပ်တာ။ သူစိမ်းက လုပ်တာ ရှားတယ်။ အရွယ်ရောက် လာရင် မောင်နှမတွေတောင်မှ တခြင်ထောင်ထဲ ရောသိပ်တာမျိုး၊ အဖေနဲ့ သမီးနဲ့ တခြင်ထောင်ထဲ အိပ်တာမျိုး မဖြစ်စေ ချင်ဘူး။
အမေနဲ့ သမီးနဲ့ တခြင်ထောင်ထဲ အိပ်တာမျိုးက ပိုပြီး လုံခြုံတယ်။ ကျမတို့က အဖေတိုင်း၊ ယောကျာ်းတိုင်းကို မဆိုလိုဘူး။ ဒါပေမယ့် သူတို့ရဲ့ စိတ်ခံစားချက်ကိုပဲ ဦးစားပေးတဲ့ အဖေမျိုးဆို သမီးလည်း မရှောင်ကြဘူး။ စမ်းသပ်ချင်စိတ် ရှိနေတော့ မောင်နှမဆိုတာလည်း ခေါင်းထဲရှိမှာ မဟုတ်ဘူး။ ပထွေးဆို ပိုဆိုးသေးတယ်။ သူ့သားသမီးမှ မဟုတ်တဲ့အတွက် သူတို့ရဲ့ ကာမ လောက်ကိုပဲ သူတို့သိတယ်။
တချို့မိဘတွေက စားဝတ်နေရေးပဲ လုံးပမ်းနေရတော့ ကိုယ့်သားသမီးကို ပြန်မကြည့်နိုင်ဘူး။ တကယ်က ကိုယ့်သားသမီး ဘယ်သူနဲ့ ပေါင်းနေလဲ၊ ဘယ်လို အတတ်ပညာတတ်နေလဲ ဆိုတာ ပြန်လာရင် ပြန်စကားတွေ ပြောသင့်တယ်။ သက်ငယ် မုဒိမ်းမှ မဟုတ်ဘူး။ ကလေးပေါ် ကျရောက်မယ့် အန္တရာယ်တွေကို မိဘက သိနေရမယ်။
တယောက်ယောက်က အနိုင်ကျင့်တယ် ဆိုတောင် ဘယ်သူလဲ၊ ဘာကြောင့်လဲဆို အဖြေရှာပြီး ကလေးအတွက် ကာကွယ် စောင့်ရှောက်ပေးဖို့ လိုတယ်။ မိဘတွေ အလုပ်များများ၊ စီးပွားရေး အကျပ်အတည်းပဲ ရှိရှိ ကိုယ့်သားသမီးကို ဂရုတစိုက် စောင့်ကြည့်နေသင့်တယ်။
မေး။ ။ ကျနော်တို့ မြန်မာနိုင်ငံရဲ့ အခြေအနေအရ မိဘတွေဟာ စီးပွားရေးနဲ့ လုံးပမ်းနေကြရတယ်။ ဒါက ရန်ကုန်လိုမြို့မှာ အများကြီးပဲ။ အဲဒီလိုဆိုတော့ ဆရာမတို့ အနေနဲ့ ဒါကို ဘယ်လိုသုံးသပ်မလဲ။
ဖြေ။ ။ မှန်ပါတယ်။ ဒါက ဆင်းရဲမွဲတေမှုနဲ့ ပညာမတတ်မှုတွေပေါ့။ ပညာတတ်ခဲ့ရင်၊ စားနိုင်သောက်နိုင်ရှိခဲ့ရင် ကိုယ့်သား သမီး ကိုယ်တိုင် စောင့်ရှောက်နိုင်မှာပေါ့။ အခုက ဆင်းရဲတဲ့ အသိုင်းအဝိုင်းမှာ ဒီလိုမျိုး ဖြစ်တာ။ ချမ်းသာတဲ့ အသိုင်းအဝိုင်း မှာ ရှိတော့ ရှိပါတယ်။ ဒါပေမယ့် နည်းတယ်။
အဲဒီတော့ ကျမတို့ လူမှုဝန်ထမ်းအနေနဲ့ ရပ်ရွာအထိဆင်းပြီး အသိပညာပေးတယ်။ ကလေးသူငယ် ကာကွယ်စောင့် ရှောက်ရေး၊ သက်ငယ် မုဒိမ်းနဲ့ ဘယ်လိုဆောင်၊ ဘယ်လိုရှောင်ဆိုတာ ပေးတယ်။ နောက်တခု ဖြစ်လာရင် ကိုယ့်သား သမီးကို အပြစ် မပြောမိစေနဲ့။ ဒီအရွယ်က စိတ်ကစားတဲ့ အရွယ်တွေ။ ဒါမျိုး သူများ လာလုပ်ရင် သူတို့ အော်ချင်မှ အော် မယ်။ သာယာချင် သာယာနေမယ်။ ကျေနပ်ပြီး၂ ဦး သဘောတူ ဖြစ်ချင် ဖြစ်နေမယ်။ ကလေးကို မက်လုံးလေးတခု ပေးပြီး လုပ်ချင်လုပ်တာ ဖြစ်နေမယ်။
ဒီအရွယ်မှာ အပြစ်ပြောလို့ မရဘူး။ သူ့ရဲ့စိတ်ပိုင်းဆိုင်ရာပဲ။ တချို့က သူကိုယ်တိုင်က အီစီကလီလုပ်လို့၊ ရွထနေလို့ စသဖြင့် ပြောကြတယ်။ တကယ်တော့ မဟုတ်ဘူး။ အသိဉာဏ်ရှိတဲ့ လူကြီးကိုက ဆင်ခြင်ရမှာလေ။ ကျူးလွန်တဲ့သူနဲ့ ခံရတဲ့သူမှာဆို ကျူးလွန်တဲ့သူမှာပဲ အပြစ်ရှိတယ်။ ခံရတဲ့ကလေးမှာ အပြစ်မရှိဘူး။ တကယ်ဆို ကျမတို့ ကိုယ်တိုင်ကိုက ကာကွယ်စောင့်ရှောက်မှု ညံ့တယ်လို့ ပြောလို့ရတယ်။
မေး။ ။ ဆရာမတို့ အသိပညာပေးတာက ကလေးတို့၊ ကလေး မိခင်တို့ပေါ့။ လူမှုရေး အဖွဲ့တွေကလည်း အဲဒီလို လုပ်တာပဲ။ ကလေးအခွင့်အရေးက အစပေါ့။ အဲဒီတော့ အမျိုးသားတွေကို အဲဒါ ပတ်သက်ပြီး ထိန်းကျောင်းဖို့၊ ပညာပေးဖို့ အားနည်း နေသလား။
ဖြေ။ ။ ကျမတို့မှာ ရန်ကုန်တိုင်း ဒေသကြီးအတွက် အမျိုးသမီး ကော်မတီဆိုတာ ဖွဲ့ထားတယ်။ ဘာလုပ်လဲဆိုတော့ အမျိုးသမီး၊ အမျိုးသား ရှိတဲ့ စက်ရုံတွေမှာ ဟောပြောပွဲတွေ လုပ်တယ်။ အမျိုးသမီး အကြမ်းဖက်တာ၊ သက်ငယ်မုဒိမ်း စတာတွေနဲ့။ ဥပဒေအကြောင်းတွေ ရှင်းပြတယ်။ ကျမတို့ချည်း မဟုတ်ဘူး။ ရဲပါတယ်။ ရှေ့နေပါတယ်။ ဥပဒေအရာရှိ ပါတယ်။ ဥပဒေကလည်း ဘာလုပ်ရင် ထောင် ဘယ်နှယ်နှစ် ကျမယ်ဆိုတောပေါ့။ ကျမတို့ လူမှုဝန်ထမ်းက ဖြစ်လာတဲ့ သူကို ဘယ်လို စောင့်ရှောက်ပေးတယ်ပေါ့။
အဓိကက ဖြစ်ပြီးမှ သွားလုပ်ပေးတာထက် မဖြစ်ခင် ကြိုတင်ကာကွယ်တာက ပိုထိရောက်တယ်။ ခက်တာက ကျမတို့ ဘယ်လောက် ပညာပေးပေး အမျိုးသားတွေက ကျမတို့ခေါ်တိုင်း မလာကြဘူး။ ကျမဘယ်လိုလုပ်ချင်လဲဆို ဆိုက်ကား ဂိတ်၊ ဆိုင်ကယ် ကယ်ရီဂိတ်တို့၊ အမျိုးသား အများဆုံး ရှိတဲ့နေရာ ဖြစ်တဲ့ လက်ဖက်ရည်ဆိုင်တို့၊ ဘတ်စ်ကားပေါ်တို့ ထိုင်ပြီးတော့ကို ပြောချင်တာ။
ဘာဖြစ်လို့လဲဆို သူတို့လဲ တန်ဖိုးရှိတဲ့သူတွေပဲ။ လူတိုင်းက သူ့တန်ဖိုးနဲ့သူ ရှိကြတာ။ ဥပဒေနဲ့ မငြိစွန်းစေချင်ဘူး။ ကလေး တွေကိုလည်း ဓားစာခံ မဖြစ်စေချင်ဘူး။ ကလေးတင် မကဘူး။ အမျိုးသမီးတွေကိုပါ မဖြစ်စေချင်တာ။ ကိုယ်တယောက်ထဲ အင်အားနဲ့တော့ မရဘူး။ ဒါတွေကို ဆက်ပြီး အကောင်အထည် ဖော်သွားမှာပါ။
ကားပေါ်ဆို နှမချင်း ကိုယ်ချင်းမစာ ထိကပါး ရိကပါး လုပ်တာမျိုး ရှိတယ်။ အဲဒီလိုဆို စတေကာလေးတွေကပ်၊ ဥပဒေတွေ ကားပေါ်က လူတွေကို ပြောပြပေါ့။ ယောက်ျားတွေကို အပြစ်ပြောတာ မဟုတ်ဘူး။ လူတိုင်းမှာ ကိုယ့်တန်ဖိုး ကိုယ်ရှိတယ်။ ကိုယ့်တန်ဖိုး ကိုယ်ထားဖို့ပေါ့။ သူများကို တန်ဖိုးထားတာနဲ့ ကိုယ့်တန်ဖိုးက အလိုလို တက်လာတာပဲလေ။ သူတို့ရဲ့ တန်ဖိုး လေးတွေကို ဆွဲထုတ်ပြီး အကောင်းဘက်ကို ပြောင်းရမှာပေါ့။ ကလေးတို့၊ အမျိုးသမီးတို့ဆိုတာ ပစ်မှတ်ထားရမယ့် သား ကောင် မဟုတ်ဘူး၊ တန်ဖိုးထားရမယ့် သူတွေဆိုတာ ပညာပေးရမှာပေါ့။
မေး။ ။ သက်ငယ်မုဒိမ်းနဲ့ ပတ်သက်ရင် ဥပဒေအရ ထိရောက်မှု မရှိဘူးလို့ ပြည်သူတွေက အားမလို အားမရ ဖြစ်နေကြ တယ်။ ဗစ်တိုးရီးယား အမှုဆို အခုထိ အစရှာမရသေးဘူး။ မင်းရာဇာ အမှုတို့လို မီဒီယာမှာ ပြောနေသလိုပေါ့။ တရားရုံး တွေက စီရင်တဲ့အခါ ရှည်ကြာသလိုပေါ့။ သက်ငယ်မုဒိမ်းလို မြန်မြန် ဖော်ထုတ်အရေးယူ ပြောနေကြတယ်။ ဆရာမတို့လို ဖြေရှင်းနေကြရသူတွေ ဘယ်လို ပြောချင်လဲ။
ဖြေ။ ။ ကြန့်ကြာနေတဲ့ဟာက ဟိုးရှေးတုန်းက ပိုတောင် ဆိုးသေးတယ်။ ဒီဘက်နောက်မှာ တော်တော်လေး မြန်မြန် အမိန့်ချတာမျိုး ရှိခဲ့တယ်။ ကျမရဲ့အတွေ့အကြုံအရ ဘာကြောင့် ကြာရလဲဆိုရင် တရားလို သက်သေရော၊ တရားခံ သက်သေရော လာမထွက်ကြဘူး။
ကျမတို့ကလေးတွေက အသက်မပြည့်ကြဘူး။ ဆင်းရဲတော့ မွေးစာရင်းတောင် မရှိကြဘူး။ အသက် အထောက်အထားကို ရှာလို့ မရတာမျိုးပေါ့။ ကျမတို့က ကျောင်းတွေမှာ ထောက်ခံစာ ယူကြရတယ်။ ဒီဟာ တင်သွင်းရုံတင် မဟုတ်ဘူး။ ဒီကျောင်းက ဆရာမတွေက ဒီကလေး ဟုတ်ပါတယ်၊ မှန်ပါတယ် ဆိုတာ၊ သက်ငယ် မုဒိမ်းကျူးလွန်တာ သူမြင်တယ်၊ မမြင်ဘူး ပြောစရာ မလိုဘဲ ဒီခုနှစ်သက္ကရာဇ်နဲ့ ထွက်ဆိုရုံလေးကို တရားရုံးကြောက်ပြီး လာမထွက်ဘူး။
ကလေးတိုင်းကိုက လူတိုင်းမှာကို တာဝန်ရှိတာ။ မိဘတင် တာဝန်ရှိတာ မဟုတ်ဘူး။ မိဘပြီးရင် ရပ်ရွာ၊ အစိုးရ အားလုံး တာဝန်ရှိတာ။ ကျမက အပြစ်ပြောတာ မဟုတ်ဘူး။ စစ တရားခွင်ဝင်တုန်းက ကျမတို့လည်း ကြောက်တာပဲ။ ဘာတွေများ မေးမလဲပေါ့။ အဲဒီလိုနဲ့ အမှုတွေက ကြာနေတာ။
တချို့ ပတ်ဝန်းကျင် သက်သေတွေကလည်း လာပြီး မထွက်ရဲတာ အဲဒီလိုပဲ။ တရားခံဘက်က ခြိမ်းခြောက်ထားတာတွေ၊ ငွေပေးထားတာတွေ။ တခါတလေ ဥပဒေ အကြံပေး ပြောင်းတာ၊ ရှေ့နေပြောင်းတာ၊ တရားသူကြီး ပြောင်းတာ စသဖြင့်ပေါ့ တရားရုံးချိန်းတွေ ကြာတာ ရှိတယ်။ မြန်မြန်စစ်၊ မြန်မြန်မေး၊ မြန်မြန်ချ ဆိုပိုပြီး ထိရောက်တယ်။
သက်ငယ် မုဒိမ်း တခုဖြစ်တိုင်း ကျမတို့က အုပ်ချုပ်ရေးမှူး သတင်းပို့ပြီး အမှုဖွင့်၊ ဆေးစစ်၊ ရှေ့နေရဖို့၊ ကလေးမိသားစုကို စိတ်ပိုင်းဆိုင်ရာ အထောက်အကူ ပေးရတယ်။ ဒီလိုဖြစ်တဲ့ ကလေးတွေမှာ စိတ်ဓာတ်ကျတာ၊ လူတောထဲ ပြန်ဝင်မဆံ့ပဲ အပြင် မထွက်ရဲတာ ဖြစ်တတ်တယ်။
အမှန်က ကလေးမှာ အပြစ်မှ မရှိတာ။ ကျူးလွန်တဲ့သူသာ အပြစ်ရှိတာ။ ကလေးက အပြင်မထွက်နိုင်စရာကို အကြောင်း မရှိဘူး။ စိတ်ခွန်အားတွေ ပေးရတယ်။ ပတ်ဝန်းကျင်ကိုလည်း ကျမတို့က နားလည်အောင် ပြောရတယ်။ ကျောင်းပြန်တက် ချင်လဲ ကျောင်းပြန်တက်ဖို့၊ တခြားကျောင်းပြောင်းချင်လဲ တခြားကျောင်းကို ချိတ်ဆက်ပေးရတယ်။ တချို့ ကျောင်းတွေမှာ ဒီကလေး ဒီလိုဆို လက်မခံချင်တာမျိုး ရှိတယ်။
အဲဒါကို ကျမတို့က ကျောင်းအုပ်ကို နားလည်အောင် ရှင်းပြရတယ်။ အဲဒီလိုဖြစ်လို့ မိဘကိုလည်း အပြစ်သွားပြောလို့ မရဘူး။ အပြစ်ကို အသိပညာပေးသင့်တဲ့ အရာလို့ ပေးပြီး သူဘာလုပ်သင့်လဲ ဆိုတာကို ပြောပြရတယ်။
မေး။ ။ အခု သက်ငယ်မုဒိမ်းမှာ ထောင်ဒဏ် ၂ဝ လောက်အထိ ပေးလာတယ်။ ဒါပေမယ့် တချို့က သေဒဏ်အထိ ပေးသင့်တယ်လို့ မြင်တာ ရှိတယ်။ အဲဒီအပေါ်ရော ဘယ်လိုမြင်လဲ။
ဖြေ။ ။ ကျမရဲ့အမြင်ကတော့ သက်ငယ်မုဒိမ်းကို သေဒဏ်ပေးမယ်ဆိုရင် ၁၅ ၊ ၁၆ နှစ်လေးတွေ ရည်စားထားမယ်၊ ချိန်း တွေ့မယ်။ တဖက် ကောင်လေးက ၁၉၊၂ဝ လောက်ဆို ချစ်ကြ၊ ကြိုက်ကြနဲ့ ကျူးလွန်မိကြမယ်။ မိန်းကလေးက ၁၈ နှစ် အောက်ဖြစ်နေတော့ မကျေနပ်လို့ သက်ငယ် မုဒိမ်းနဲ့ တရားစွဲမယ်။
အဲဒီလို သဘောတူရာကနေ အသက်မပြည့်တာနဲ့ သက်ငယ် မုဒိမ်းဆို ကောင်လေးက သေမှာပဲ။ အဲဒီကောင်လေးက ကျမတို့ သားသမီး ဖြစ်ခဲ့မယ်ဆိုရင် ကောင်လေးဘက်က ဖြစ်သင့်ရဲ့လား။ သဘောတူ ချစ်ကြိုက်ပြီး ဖြစ်ရာကနေ သက် ငယ် မုဒိမ်း ဖြစ်ခဲ့တာမှာပေါ့။ ဒါလေးတွေလည်း ထည့်တွက်ဖို့တော့ လိုတာပေါ့။
မေး။ ။ အကယ်၍ ပထွေး ကျင့်လိုက်တာ၊ အဖိုးက မြေးကို ကျင့်တာ စသဖြင့်ပေါ့။ အဲဒီ ဟာမျိုးဆိုရင်ရော။
ဖြေ။ ။ အဲဒီဟာမျိုးကတော့ ကျမတို့ ဗုဒ္ဓဘာသာအရ ကျမတို့မှာ လုပ်တဲ့ဟာအတွက် ထိုက်တန်တဲ့ ပြစ်ဒဏ် ပေးသင့်လား ဆိုတဲ့ ယူဆတာမျိုးနဲ့ လုပ်နေသလားပေါ့။ တခါတလေ တရားသူကြီး ကိုယ်တိုင်က သေဒဏ်ကျစေလို့ အမိန့်ပေးမယ် မထင်ဘူး။ အဲဒီဟာ အတွက်တော့ သိပ်မပြောချင်ဘူး။ ဒါပေမယ့် ၁၉ နှစ်၊ ၂ဝ နှစ်လို ချစ်ကြိုက်ရာကနေ သက်ငယ် မုဒိမ်း ဖြစ်ခဲ့တဲ့သူတွေ အတွက်ဆိုရင်တော့ ခံရသူဘဝအတွက်က နစ်နာတာပေါ့။
မေး။ ။ တချို့ ဖြစ်ရပ်တွေမှာ မုဒိမ်းမှု ကျူးလွန်ခံရတဲ့သူကို မိန်းမကိုယ် ပျက်ယွင်းမှုကိုသာ စစ်ပြီးတော့ နောက်ဆက်တွဲ ကိုယ်ဝန် ရှိ မရှိ၊ ကာလသားရောဂါပိုး၊ HIV/AIDS စသဖြင့် ကူးစက်ရောဂါတွေကို စစ်ဆေးတာမျိုး မရှိဘူးလို့ ဝေဖန်ကြ တာလဲ ရှိတယ်။ အဲဒီအပေါ်ရော ဘယ်လိုယူဆလဲ။
ဖြေ။ ။ ကျန်းမာရေး အပိုင်းတော့ ကျမအနေနဲ့ ဝင်စွက်ဖက်လို့ မရဘူးပေါ့။ ဒါပေမယ့် တချို့လည်း စစ်ပေးပါတယ်။ ကျမ ကိုင်တဲ့ အမှုတွေဆိုရင် ဒါတွေကို စစ်ပေးပါတယ်။ တနေရာနဲ့ တနေရာ မတူတာလည်း ဖြစ်နိုင်ပါတယ်။ ကျန်းမာရေးအပိုင်း ကျမသိပ်တော့ နားမလည်ဘူး။
ကျမတို့ ကလေးတွေကို ကူညီနေတဲ့အခါဆို ကလေးရဲ့ မိန်းမကိုယ်မှာ ထိုးသွင်းဒဏ်ရာ ရှိမရှိ၊ သုတ်ပိုး ရှိမရှိ အဓိက စစ် တာပေါ့။ စစ်ပြီးရင် ဒီကလေး အသက်အရွယ်ပေါ် မူတည်ပြီး ၁၂ နှစ်အထက်ဆို မမျိုးဥ ကြွေနိုင်တဲ့အရွယ်ဆို မတော်တဆ ကိုယ်ဝန် ရှိသွားနိုင်တယ်ပေါ့။ ကျူးလွန်ခံရတဲ့ ရက်ကိုကြည့်ပြီး ၃ ရက်ထက် မကျော်ရင် ၇၂ နာရီ အရေးပေါ် သန္ဓေတား ဆေးတိုက်။ ကျော်သွားရင် NGO တွေနဲ့ ချိတ်စစ်တယ်။ ကာလသားပိုးက အစ ကျမတို့ စစ်တယ်။
မေး။ ။ လူမှုဝန်ထမ်းဌာနကို သက်ငယ်တွင်သာမက မုဒိမ်းမှုဖြစ်ရင် ရဲတပ်ဖွဲ့မှာ အမှုဖွင့်ပေမယ့် ဆရာမတို့ ဌာနဆီ ကူညီပေး ဖို့ကို သတင်းပို့တာမျိုး မရှိတဲ့ ဖြစ်ရပ်တချို့လည်း တွေ့ရတယ်။ အဲဒီတော့ မိန်းကလေးတွေကို စောင့်ရှောက်ဖို့ ဌာနတခုနဲ့ တခု ဘာကြောင့် ချိတ်ဆက်မှု အားနည်းနေသေးတာလဲ။
ဖြေ။ ။ ကျမတို့လည်း တက်နိုင်သမျှ ရဲဌာနတွေကို ပညာပေးမှုတွေ လုပ်တယ်။ ကလေးသူငယ်နဲ့ ပတ်သက်ရင် ချိတ်ဆက် ဖို့။ ကျမကိုင်တဲ့ နယ်တွေကတော့ ချိတ်ဆက်ကြပါတယ်။ အိမ်ဖော်ကိစ္စ၊ လမ်းဘေးကလေးကိစ္စက အစေပေါ့။ ဒါက ရဲဌာန ရဲ့ သဘောထားနဲ့ ဆိုင်တယ်။ နောက် ကျမတို့ဌာနက ကိုင်တွယ်တဲ့သူတွေနဲ့လည်း ဆိုင်ပါတယ်။
ကျမတို့ ဌာနက သိသိချင်း ချက်ချင်းကို လုပ်တယ်။ တချို့ဟာတွေက ကျမတို့မသိတာ။ တခါတလေကျ ကျမတို့ ပညာ ပေးထားတဲ့ စခန်းမှူး၊ ရဲအုပ် စသဖြင့် သူတို့က နယ်ပြောင်းသွားပြီး တခြားသူဆိုတော့ သတင်း ပို့ရကောင်းမှန်း မသိတာလဲ ဖြစ်နိုင်တာပေါ့။
မေး။ ။ ကလေးသူငယ် တရားရုံးတွေတော့ ဖွင့်လာပြီ။ အရွယ်မရောက်သေး တဲ့ သက်ငယ်မုဒိမ်းမှုမျိုးဆို NGO တခုခုက ကလေးကို လုံခြုံစိတ်ချတဲ့ နေရာမှာ မေးမြန်း ထွက်ဆိုချက်တွေက တရားရုံးမှာ အတည်မပြုသင့်ဘူးလား။
ဖြေ။ ။ မှန်တယ်။ ကလေးတယောက်က သက်ငယ်မုဒိမ်း ဖြစ်ရင် ပထမဆုံး မိဘကို ပြောရပြီ။ မိဘနဲ့ ပတ်သက်တဲ့ ဆွေမျိုး က မေးပြန်တော့တခါ။ ရပ်ကွက် အုပ်ချုပ်ရေးမှူးကို သွားတိုင်တော့ တခါ။ ရဲစခန်း သွားတိုင်တော့ ရဲက မေးပြန်ပြီ။ ဆေး သွားစစ်တော့ စစ်မယ့်သူက တိတိကျကျ သိချင်တော့ မေးပြန်ပြီ။
NGO ဖြစ်ဖြစ်၊ ကျမတို့ဌာနဆိုင်ရာဖြစ်ဖြစ် သတင်းပို့လိုသိတော့ သွားမေးရပြန်ပြီတခါ။ ရှေ့နေချိတ်ပေးတော့ ပြောရပြန်ပြီ တခါ။ မီဒီယာတွေကသိတော့ လာမေးပြန်ပြီ တခါ။ သူပြောချင်လား၊ မပြောချင်လား မသိ ပြောနေရပြီ။ ကဲ တရားရုံး ရောက်တော့ ကိုယ့်ဘက်ရှေ့နေကလည်းမေး၊ တရားခံ ရှေ့နေကလည်းမေးပြန်ပြီ။ လိုအပ်ရင် တရားသူကြီး ကိုယ်တိုင် မေးပြန်ပြီ။
ကလေးမှာ ထပ်ခါတလဲလဲ ပြောနေရတယ်။ ကျမတို့က လိုအပ်ရင် ကလေးကို မေးတာ အသံဖမ်းပြီးတော့ အဲဒီအသံဖိုင်ကို တရားခွင်မှာ တင်သွင်းပေးတာမျိုး လုပ်ရင် ရနိုင်တယ်လို့ သိထားတယ်။ ဒါပေမယ့် တရားခွင်မှာ ကလေးရဲ့ ထွက်ချက်က ပိုပြီး အရေးကြီးပါတယ်။ ကျန်တဲ့သူတွေအနေနဲ့ တကယ်လို့ သိချင်ရင် စဖြစ်တုန်းက မေးတဲ့ အသံဖိုင်ကို အတည်ယူပြီး လုပ်လိုက်ရင်တော့ ကလေးရဲ့ စိတ်ဒဏ်ရာ ပိုသက်သာတာပေါ့။ အဲဒီစနစ် အကောင်အထည် ဖော်နိုင်ရင်တော့ ပိုကောင်း တာပေါ့။
ဆက်စပ်ဖတ်ရှုရန်
၁၂ နှစ်အရွယ် မိန်းကလေးကို ခိုးယူပေါင်းသင်းခဲ့သူအား ဖမ်းဆီး