ချင်းအမျိုးသားတပ်ဦး (CNF) ၏ သတ္တမအကြိမ်ပါတီညီလာခံသက်တမ်း၊ ဒုတိယအကြိမ် ဗဟိုအလုပ်အမှုဆောင် ကော်မတီ အစည်းအဝေးကို ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၇ ရက်မှ ၁၅ ရက်ထိ ဗဟိုဌာနချုပ် ဝိတိုရိယစခန်းတွင် ၇ ရက်တာ ကျင်းပပြုလုပ်ခဲ့သည်။
ထိုအစည်းအဝေးဆုံးဖြတ်ချက်ထဲတွင် ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်တွင် စစ်ရေး လှုပ်ရှားမှု ပြုလုပ်နေသည့် ရက္ခိုင်စစ်တပ် (AA) ကို ပလက်ဝမှ ဆုတ်ခွာခိုင်းမည်ဟု သတင်း ထွက်ပေါ်လာမှုနှင့် ပတ်သက်ပြီး CNF ၏အထွေထွေအတွင်းရေးမှူး (၂)၊ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကို ဧရာဝတီသတင်းထောက် လဲ့လဲ့ က ဆက်သွယ်မေးမြန်းထားသည်။
မေး ။ ။ အစည်းအဝေးမှာ ပလက်ဝနဲ့ ပတ်သက်ပြီး ဘာတွေဆွေးနွေးဖြစ်သေးလဲ။ ပလက်ဝ မြို့နယ်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ဆရာတို့အနေနဲ့ ဘယ်လိုမြင်လဲ။
ဖြေ ။ ။ ပလက်ဝမှာ တပ်မတော်နဲ့ ရခိုင်တပ်တို့ရဲ့ စစ်ရေးပဋိပက္ခက ပုံမှန်လိုမဟုတ်ပဲ ကျနော်တို့ ဒေသခံ ချင်း ပြည်သူတွေ အပေါ် စစ်ရာဇဝတ်မှုကျူးလွန်တဲ့အဆင့်ကို ရောက်နေပြီလို့ ကျနော်တို့က သုံးသပ်တယ်။ အဲဒီ သုံးသပ်ချက်နဲ့ တဆက်ထဲ အဲဒါတွေက တကယ့်အနာဂတ်မှာ ချင်းအမျိုးသားရဲ့ လုံခြုံရေးကို ထိခိုက်လာ တယ်။ အဲဒါကြောင့် ဒီအခြေအနေက ချင်းအမျိုးသားတရပ်လုံးအတွက် အရေးပေါ်အခြေအနေ ဖြစ်နေပြီလို့ သုံးသပ်တယ်။
ဒီတော့ အဖြစ်သင့်ဆုံးကတော့ ကျနော်တို့ လက်ရှိ တပ်မတော်နဲ့ AA ကြားမှာဖြစ်နေတဲ့ တိုက်ပွဲတွေ ရပ်တန့်ဖို့ ရယ်၊ ပြီးတော့ AA အနေနဲ့ ချင်းပြည်သူတွေနေထိုင်တဲ့နေရာတွေမှာ စစ်ရေးအရ အခြေကျလှုပ်ရှားနေထိုင်ခြင်း မပြုဖို့ အလေးအနက် တောင်းဆိုတယ်။ ဆက်စပ်ပြီးတော့မှ ဘယ်လိုကိုင်တွယ်မလဲဆိုတာတော့ ကျနော်တို့က ဖြစ်စဉ်ပေါ်မှာ ပြန်လည်သုံးသပ်ပြီးတော့ လုပ်ရမှာပေါ့။
မေး ။ ။ အခုလုပ်နေတဲ့ အစည်းအဝေးမှာ ပလက်ဝက ချင်းလူမျိုးတွေ လုံခြုံရေးအတွက် AA ကို တိုက်ထုတ်မှ ရတော့မယ်ဆိုတဲ့ အနေအထားမျိုးကို ပြောသွားတယ်လို့ သိရတယ်။ အဲဒါ ရှင်းပြပေးပါလား။
ဖြေ ။ ။ ဟုတ်တယ်။ ကျနော်တို့က AA ချင်းတောင်မှာ လှုပ်ရှားလာတဲ့ ၂၀၁၆ မှာကတည်းက ကျနော်တို့ဘက် ကနေမှ သူတို့ ထိပ်ပိုင်း ခေါင်းဆောင်တွေနဲ့ စစ်ရေးလျော့ချဖို့ ဆွေးနွေးခဲ့တယ်။ ကျနော်တို့ ချင်းတောင်က အင်မတန်မှ ဆင်းရဲတော့ ဒေသခံပြည်သူ လူထုရဲ့ ဒုက္ခတွေကို တင်ပြတယ်။ သူတို့ဘက်က ကျနော်တို့ တင်ပြ ဆွေးနွေးတာတွေကို မလိုက်နာဘူးလို့ ပြောရမှာပေါ့။ အဲ့လိုမလိုက်နာ ကျနော်တို့ ပွင့်ပွင့်လင်းလင်းနဲ့ စားပွဲပေါ်မှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အဖြေရှာ ဖြေရှင်းဖို့ ကျနော်တို့ ကမ်းလှမ်းချက်ကို AA က လက်မခံဘူး။
နောက်ဆုံးကတော့ ကျနော်တို့က လက်နက်ကိုင်အဖွဲ့အစည်းဆိုတော့ အဲ့လိုအနေအထားတွေ မရောက်နိုင် ဘူးလို့ ပြောလို့ မရဘူး။ အကောင်းဆုံးကတော့ အဖြစ်သင့် ဆုံးကတော့ သူတို့က အဲဒီနေရာမှာ တိုက်ပွဲမဖော်နဲ့ အဲဒီနေရာမှာ ခြေကုတ်မယူဖို့ကတော့ အဓိက ဖြစ်ပါတယ်။ လက်နက်ကိုင်အချင်းချင်း လက်နက်ကိုင်ပြီး ဖြေရှင်းရတာကတော့ အကောင်းဆုံးအဖြေတော့ မဟုတ်ဘူး ဒါ ကျနော်တို့ အတွေ့အကြုံအရ။
ရှေ့က တိုင်းရင်းသားလက်နက်ကိုင်တွေကြည့်တဲ့အခါမှာ အထဲထဲမှာ နယ်မြေထိစပ်မှုအရ ပြဿနာတွေ အမျိုး မျိုး ကြုံတွေ့ရပါတယ်။ အဲဒါ ကောင်းကျိုးထက် ဆိုးကျိုးကို နွယ်သွားတယ်။ ကျနော်တို့ဘက်ကတော့ မဖြစ် စေချင်တာ အမှန်ပဲ။ အဲ့လိုညှိနှိုင်းလို့မှ မရဘူးဆိုရင်တော့ အကောင်းဆုံး နည်းလမ်းကတော့ အေးအေး ဆေးဆေး ဖြေရှင်းဖု့ိ၊ တကယ်လို့ အဲ့လိုဖြေရှင်းလို့မရဘူးဆိုရင်တော့ နောင်လာမယ့် ကိစ္စတွေကတော့ AA မှာပဲ အဓိက တာဝန်ရှိတယ်။ ကျနော်တို့ကတော့ အကောင်းဆုံးဖြစ်စေချင်တယ်။
မေး ။ ။ အခုနောက်ပိုင်းမှာ တပ်မတော်နဲ့ AA ကြား တိုက်ပွဲတွေ ပြင်းထန်လာတာကြောင့် အခုဆိုရင် စစ်ရှောင် ၁ သောင်းနီးပါးရှိလာနေပြီဆိုတော့ ဒီအတွက် AA နဲ့ ထပ်ပြီး ဆွေးနွေးဖို့ ရှိသေးလား။
ဖြေ ။ ။ ကျနော်တို့ စစ်ရေးအရ တိုက်ထုတ်ဖို့ဆိုတာက အင်မတန် စဉ်းစားရမယ့် အချက်ဖြစ်တယ်။ နှစ်ဘက် နစ်နာတာပဲ ရှိမယ်။ ကျနော်တို့က သူတို့နဲ့ ကမ်းလှမ်းပြီးတော့ ဆွေးနွေးပြီးပြီ။ ဒါပေမဲ့ သူတို့က ကျနော်တို့ ပြော တာကို လက်မခံဘူး၊ မနာခံဘူးလို့ ပြောရမှာပေါ့။ ဒါပေမဲ့ ကျနော်တို့ ပြီးခဲ့တဲ့ ညီလာခံကနေ ဒီနေ့အထိ သူတို့နဲ့ ဆွေးနွေးတာတော့ မရှိဘူး။ ဥပမာဆိုရင် သူတို့ဘက်က ကမ်းလှမ်းလာရင်တော့ တမျိုးပေါ့။ အခုထိတော့ သူတု့ိနဲ့ ဆွေးနွေးဖို့က ဆုံးဖြတ်ချက်တွေဘာတွေမကျသေးဘူး။
AA နဲ့ ပါတ်သက်ပြီး အစိုးရတပ်နဲ့ ကျနော်တို့ဘာမှ မညှိနှိုင်းဘူး၊ အဓိက နှစ်ဖက် တိုက်ပွဲရပ်ဖို့ပါ။ တိုက်ပွဲ မဖန်တီးနိုင်အောင်က AA အနေနဲ့ ပလက်ဝ ဒေသကနေ ဆုတ်ဖို့ပေါ့။
မေး ။ ။ အစိုးရနဲ့ အပစ်ရပ် ငြိမ်းချမ်းရေးယူထားတဲ့ CNF က AA နဲ့တပ်တို့ကြား တိုက်ပွဲတွေကြောင့် ဒုက္ခရောက် ရတဲ့ ချင်းလူမျိုးတွေကို အကာအကွယ်ပေးဖို့၊ တိုက်ထုတ်ဖို့ ကျေးရွာတွေကနေ ချင်းလူငယ် ၄၀၀၀ ကျော်ကို စစ်သင်တန်းပေးနေတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေပါတယ်။ ဒီသတင်းအပေါ်မှာ ဆရာတို့ ဘာများပြော ချင်ပါသလဲ။
ဖြေ ။ ။ အဲဒီသတင်းတော့ ကျနော်တို့ မသိဘူး။ ကျနော်တို့ အဲ့လိုမျိုး ချင်းလူငယ်တွေကို သပ်သပ် ခေါ်ပြီးတော့ စစ်ရေးသင်တန်းပေးတာတို့၊ ဘာတု့ိ မရှိဘူး။ ဒါပေမဲ့ ကျောင်းသား လူငယ်တွေကို ခေါ်ပြီးတော့မှ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးတာတွေတော့ ရှိပါတယ်။ ကျနော်တို့ အခြေခံ စစ်သင်တန်း ပေးတာတွေတော့ ကျနော် တို့က မလုပ်ဘူး။ လူငယ်တွေမှ မဟုတ်ပါဘူး။ ချင်းပြည်သူတွေအားလုံးကို ငြိမ်းချမ်းရေးကိစ္စတွေ ချပြတာတို့ ဘာတို့တော့ လုပ်တယ်။
မေး ။ ။ ပလက်ဝမှာ AA က အရပ်သားတွေ ဖမ်းဆီးခံရတာ နှစ်ချီကြာနေပြီ အခုထိ ပြန်လွှတ်မပေးသေးတဲ့ သူတွေ ရှိနေသေးတယ်။ ချင်းတိုင်းရင်းသားတွေကို AA ကဖမ်းသွားတဲ့ကိစ္စ ဆရာတို့အနေနဲ့ ဘာများပြော ချင်ပါ သလဲ။
ဖြေ ။ ။ နှစ်ဘက်တိုက်ပွဲကြောင့် ကျနော်တို့ ချင်းလူမျိုးတွေ၊ ဒေသခံတွေ AA နဲ့ ပဋိပက္ခက အရပ်သားတွေ အပေါ် စစ်ရာဇဝတ်မှုကျူးလွန်တယ်လို့ ကျနော်တို့က အဲ့လို သုံးသပ်ပြီး သတ်မှတ်တာဖြစ်တယ်။ မဆိုင်တဲ့ စစ်ရေး အရသော်လည်းကောင်း၊ စစ်ရေးအရ မဟုတ်သော်လည်းကောင်း အရပ်သားတွေရဲ့ လုံခြုံရေးကို သေချာ သုံးသပ်ရမှာဖြစ်တယ်။ အဲဒါတွေအထိ ကျူးလွန်လာတယ်ဆိုတာက တကယ်စစ်ရာဇဝတ်မှုကို တိုင်းရင်းသားတွေအပေါ် လုပ်နေတယ်လို့ ကျနော်တို့က သတ်မှတ်ထားတာ ဖြစ်တယ်။ အဲဒါ လုံးဝ မလုပ် သင့်တဲ့ ကိစ္စဖြစ်တယ်။
အရပ်သားတွေကို အတတ်နိုင်ဆုံးအကာအကွယ်ပြုရမယ်။ ကျနော် တို့ CNF က ဂျနီဗာရဲ့ စစ်ဘက်ဆိုင်ရာ လမ်းညွှန်မှုဥပဒေတွေကို အတတ်နိုင်ဆုံး လိုက်နာထားတဲ့ အဖွဲ့အစည်းဆိုတော့ အဲဒါတွေက ဘယ်လက်နက် ကိုင်အဖွဲ့အစည်းဖြစ်ဖြစ် အစိုးရတပ်မတော်က အတတ်နိုင်ဆုံး ရှောင်ကျဉ်ရမယ့်ဟာ ဖြစ်တယ်။ အဲဒါတွေ ဖြစ်လာတော့ အဲဒီနေရာမှာ AA က ခြေကုတ်မယူတာ ကောင်းတယ်လို့ မြင်တယ်။
မေး ။ ။ အခုဆိုရင် ပလက်ဝက ချင်းရွာတွေက တိုက်ပွဲရဲ့ မြေဇာပင်တွေဖြစ်ရတယ်။ ဒီလိုမဖြစ်ရအောင် CNF အနေနဲ့ ဘာတွေလုပ်ဆောင်သွားဖို့ရှိလဲ။
ဖြေ ။ ။ ချင်းရွာတွေ တိုက်ပွဲရဲ့ မြေဇာပင်ဖြစ်ရတာနဲ့ ပတ်သက်ပြီး ကျနော်တို့ရဲ့ ချင်းအမျိုးသားတပ်ဦး တပ်မတော် ဆိုတာ ချင်းအမျိုးသားလက်နက်ကိုင် အဖွဲ့အစည်း ဖြစ်သလို ချင်းပြည်သူတွေက အဲဒီကိစ္စကြောင့် တော်တော် အပြောခံရတယ်။ အမုန်းခံရတယ်။ ကိုယ့်ပြည်နယ်မှာ ဒီလိုဖြစ်နေပြီ။ ချင်းလက်နက်ကိုင် အဖွဲ့ အစည်းက ကိုယ့်အမျိုးသားကို မကာကွယ်နိုင်ဘူးလား။ အမျိုးသားလက်နက်ကိုင် မဟုတ်ဘူးလား။ အဲဒီ အော်သံတွေက များလာတယ်။ အဲဒါတွေက ကျနော်တို့ အဖွဲ့အစည်းတွေအထိ ထိခိုက် လာတယ်လို့ မြင်တယ်။
ဆိုတာ့ အကောင်းဆုံးကတော့ အဲဒါတွေ ရပ်တန့်ပါ။ မလုပ်သင့်ဘူး။ မလုပ်သင့်တာကို ဆက်လုပ်နေမယ်ဆိုရင် နောင်ဖြစ်လာမယ့်ဟာတွေကတော့ ဒီတကယ့်ကာယကံ အဖွဲ့အစည်းတွေရဲ့တာဝန်ပဲဖြစ်တယ်လို့ ကျနော်တို့က ရှုမြင်တယ်။ အဲဒီအတွက်လည်း ကျနော်တို့က အတတ်နိုင်ဆုံး ဘယ်လိုပဲဖြစ်ဖြစ် ချင်း IDP ကော်မတီဆိုပြီးတော့ အတတ်နိုင်ဆုံး ပံ့ပိုးမှုတွေလုပ်နိုင်တယ်။ပြင်ပက ချင်းတွေထံက အလှူခံပြီး ပံ့ပိုးမှုတွေ လုပ်နေတယ်။
မေး ။ ။ AA က CNF ရဲ့ ပြောစကားကို နားမထောင်ရင် ပွင့်ပွင့်လင်းလင်း တိုက်ထုတ်သွားမယ်လို့ CNF ဥက္ကဋ္ဌ ပူဇင်ကျုံးက ပြောထားတာတယ်လို့ သိရတယ်။ အဲဒါက ဘယ်လိုမျိုးလည်းရှင်းပြပေးပါ။
ဖြေ ။ ။ သူပြောချင်တဲ့ အနေအထားက အစိုးရတပ်နဲ့ ကျနော်တို့ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် သဘောတူညီချက်ထဲမှာ ချင်းပြည်နယ်ထဲမှာ အစိုးရတပ်မတော်နဲ့ ချင်းတပ်မတော်ကလွှဲလု့ိ မည်သည့် လက် နက်ကိုင် အဖွဲ့အစည်းမှ မထားရဘူးလို့ သဘောတူညီချက်ရှိတယ်။ တဖက်မှာ အစိုးရကလည်း တာဝန် ရှိတယ်။ ကျနော်တို့ တဖွဲ့ထဲမဟုတ်ဘူး။ အစိုးရကနေ ကျနော်တို့ကို ဘယ်ဒေသမဆို နေလို့ရတယ်။ ပလက်ဝ ဒေသမှာ ကျနော်တို့ တပ်ကို နေခွင့်မပေးဘူး။
တကယ်လို့သာ ကျနော်တို့ကိုသာ ပလက်ဝဒေသမှာ နေခွင့်ပြုရင် ဒီလိုအခြေအနေဆိုးအထိ ဖြစ်လာမှာမဟုတ် ဘူးလို့ ကျနော်တို့က ထင်တယ်။ အခုကတော့ ဖြစ်လာပြီဆိုတော့ AA ခြေကုတ်မယူနိုင်အောင် အကောင်းဆုံး နည်းလမ်းရှာပြီး ကျနော်တို့ကတော့ လုပ်ရမှာပဲ။ အကြမ်းနည်းနဲ့ စစ်ရေးအရ ဖြေရှင်းမလား။ နိုင်ငံရေးအရ ဖြေ ရှင်း မလားကျနော်တို့ကတော့ ပြောလို့ မရဘူး။ သူတို့ ကျနော်တု့ိပြည်နယ်မှာ မနေနိုင်ဖို့ တိုက်ထုတ်မယ် ဆို တာက ဘယ်လို တိုက်ထုတ်မလဲဆိုတာက စစ်ရေးအရလည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ နိုင်ငံရေးဆွေးနွေးပွဲ အရ လည်း ဖြစ်နိုင်တာပေါ့။ အမျိုးမျိုး ပြောလို့ ရပါတယ်။
မေး ။ ။ လက်ရှိလုပ်နေတဲ့အစည်းအဝေးမှာ ဘယ်လိုအကြောင်းအရာတွေ ဆွေးနွေးဖြစ်လဲ။ ဘာတွေဆုံးဖြတ် ချက်ချတာရှိလဲ။
ဖြေ ။ ။ အခုလုပ်နေတဲ့ ဒုတိယအကြိမ် ဗဟိုအလုပ်အမှုဆောင် ကော်မတီ အစည်းအဝေးကို ဇူလိုင် ၇ ရက်မှ ၁၅ ရက် အထိ လုပ်တယ်။ ကျနော်တို့ဆွေးနွေးတာက လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်ကို ဆွေးနွေးပြီးတော့မှ ငြိမ်းချမ်းရေး ဖြစ်စဉ်က ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဆက်လက်ပြီးတော့မှ ဆွဲကိုင်သွားမယ်။
ပြီးတော့ လက်ရှိဖြစ်နေတဲ့ ပလက်ဝနဲ့ ရခိုင်ပြည်နယ်မှာရှိတဲ့ IDP ကိစ္စ၊ ကူညီပံ့ပိုးရေး၊ လက်ရှိဖြစ်နေတဲ့ ပလက်ဝမှာ အစိုးရတပ်နဲ့ AA တို့ ဖြစ်တဲ့ တိုက်ပွဲ ကိစ္စ၊ ဒီတိုက်ပွဲတွေရဲ့အကျိုးဆက်ကြောင့် ဖြစ်တဲ့ကိစ္စတွေကို ကျနော်တို့ ချင်းပြည်သူနဲ့ လက်တွဲပြီးတော့ ဘယ်လိုကိုင်ဆွဲသွားမလဲဆိုတာ အဲဒါတွေကို ကျနော်တို့က ဆွေးနွေးဖြစ်တယ်။
You may also like these stories:
AA အဖွဲ့ ချင်းပြည်နယ်ထဲမှ ဆုတ်ခွာရန် CNF သတိပေး
ချိန်ခါလိန်ရွာ တိုက်ပွဲကြောင့် ပိတ်မိနေသူများကို ပြန်ကယ်ထုတ်
ကသာတွင် ဧရာဝတီမြစ်ရေတက်၍ အိမ်ခြေ ၁၃၀ ခန့် ပြောင်းရွှေ့