ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်မှာ ပုဂံရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်ဒေသ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် အသိအမှတ် ပြုခံရတာ ၁ နှစ် တင်းတင်း ပြည့်သွားပြီ ဖြစ်ပါတယ်။ ဒီ ၁ နှစ်တာ ကာလအတွင်း ပုဂံမှာ အပြောင်းအလဲတွေ ဖြစ်ခဲ့သလို COVID 19 ဂယက်ကြောင့် ခရီးသွား လုပ်ငန်းတွေ ရပ်ဆိုင်းသွားတဲ့ အခါမှာလည်း ပုဂံဟာ အတော်လေး ထိသွားပါတယ်။
ဒီလို အခြေအနေတွေ၊ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ပြီး နောက်ပိုင်း မြန်မာ အစိုးရဘက်က ဆက်လက်ဆောင်ရွက်ရမယ့် ကိစ္စတွေ၊ ယဉ်ကျေးမှု အမွေအနှစ်တွေ ရေရှည်တည်တံ့ဖို့ ကြုံနေရတဲ့ စိန်ခေါ်မှုတွေ စတာတွေနဲ့ ပတ်သက်လို့ ရှေးဟောင်း သုတေသနနဲ့ အမျိုးသားပြတိုက် ဦးစီးဌာန(ပုဂံဌာနခွဲ) ညွှန်ကြားရေးမှူး ဒေါက်တာ သန်းထိုက်ကို ဧရာဝတီက တွေ့ဆုံ မြန်းထားပါတယ်။
ဒေါက်တာ သန်းထိုက်ဟာ၂၀၂၀ ဧပြီ ၁ ရက်ကမှ ပုဂံဒေသကို စတင်ရောက်ရှိ တာဝန်ထမ်းဆောင်နေတာဖြစ်ပြီး ထို့မတိုင် ခင်က မြောက်ဦး ရှေးသုဌာနခွဲမှာ ညွှန်ကြားရေးမှူး အဖြစ် တာဝန်ယူရင်း မြောက်ဦးဒေသ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရေး အတွက် ကြိုးပမ်းဆောင်ရွက်ရာမှာ ပါဝင်ခဲ့သူတဦးလည်း ဖြစ်ပါတယ်။

မေး။ ။ ပုဂံမှာ ဘုရားတွေ ပြန်ဖွင့်နေပါပြီလား။ လက်ရှိ ပုဂံဒေသ အခြေအနေ ဘယ်လိုရှိပါသလဲ။
ဖြေ။ ။ ကိုဗစ်စဖြစ်တာ သိသာတာ ပုဂံမှာတော့ ၃ လပိုင်း အလယ်လောက်ကစပြီး ပြည်တွင်းရော၊ ပြည်ပရော ခရီးသွား ဝင်ရောက်မှု မရှိတော့ဘဲနဲ့ ဒီ ၆ လပိုင်းဆန်းလောက်ကျမှ တိုင်းဒေသကြီး အစိုးရရဲ့ ခရီးသွား ဖြေလျှော့မှုကြောင့် အခု ပြည် တွင်း ခရီးသည်တော့ ဖြည်းဖြည်း ပြန်လည်ဝင်ရောက်လာတာ ရှိပါတယ်။
ကျနော်တို့ ဌာနက ကိုဗစ်ဖြစ်တဲ့ အချိန်၊ စပြီး ခရီးသွားဝင်ရောက်မှု မရှိတဲ့အချိန်မှာ ဘုရားပုထိုး စေတီကြီးတချို့နဲ့ နံရံ ပန်းချီတွေရှိတဲ့ ဘုရားတွေကို ဖျက်ဆီး ဆုံးရှုံးမှု ခံရမှာစိုးလို့ ပိတ်ထားတာ ရှိပါတယ်။ အခုတော့ ဝန်ထမ်းတွေနဲ့ ခရီးသွား ဝင်ရောက်မှု အပေါ် မူတည်ပြီး တချို့ဘုရားတွေ ဖွင့်ပေးထားတာတွေ ရှိတယ်။ အဲဒီထဲမှာ ဂေါပကရှိတဲ့ ဘုရားကြီး ၁၇ ဆူ ကို သက်ဆိုင်ရာခရိုင်နဲ့ တိုင်းဒေသကြီးရဲ့ ညွှန် ကြားချက်နဲ့အညီ ပြန်လည် ဖွင့်လှစ် ဆောင်ရွက်နေပါတယ်။
ပုဂံဒေသကို လာမယ့် ခရီးသွားဧည့်သည်တွေကို ပေးချင်တဲ့ သတင်း အချက်အလက်ကတော့ သက်ဆိုင်ရာ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းကမ်းအတိုင်း လိုက်နာဖို့ ဖြစ်ပါတယ်။ အဓိကက နှာခေါင်းစည်း (mask)တပ်ဖို့၊ လက် သန့်ဆေးရည်တွေ ဖြစ်နိုင်ရင် ကိုယ်နဲ့ တပါတည်း ဆောင်ထားတာ အကောင်းဆုံးပေါ့။ ကျနော်တို့ဘက်က လုပ်ပေးထား တာတွေလည်း ရှိပါတယ်။ အဓိက ဂေါပက ရှိတဲ့ ဘုရားကြီးတွေမှာ လက်သန့်ဆေးရည် ရှိတယ်။ တခါတလေ ဘုရားဖူးတွေ မှာ mask မပါလို့ ရှိရင်လည်း mask တွေ ရောင်းပေးတာမျိုးတွေ ရှိပါတယ်။
တိုင်းဒေသကြီးရဲ့ ပုဂံဒေသအတွက် သီးသန့် ညွှန်ကြားချက်ကတော့ ဒီ ၆ လပိုင်း ၁ ရက်က စတာ။ မန္တလေးတိုင်းအတွင်း မှာရှိတဲ့ မြို့နယ်တွေကနေ သွားလာလို့ ရတယ်။ Quarantine ဝင်စရာ မလိုတော့ဘူး။ မန္တလေးတိုင်းရဲ့ အပြင် ရန်ကုန်လိုမျိုး Semi lockdown ချထားခဲ့တဲ့ မြို့တွေကနေ လာမယ်ဆိုရင် ကျန်းမာကြောင်း ဆေးလက်မှတ်တွေ ဘာတွေ ပြဖို့ လိုတယ်။
အကယ်၍ အဲဒါတွေ မပါဘူး၊ စစ်မယ်ဆိုရင်၊ ကိုယ်လည်း အပူချိန်ရှိတယ် ဆိုရင် Quarantine ဝင်ရမှာ ဖြစ် ပါတယ်။ ဒါမျိုးလေးတွေ ကြိုတင် သိရင်တော့ ပုဂံဒေသကို လာရောက်ပြီး လည်ပတ်တာ အဆင်ပြေတာပေါ့။ ပုဂံဒေသ ကတော့ ပြည်တွင်း ခရီးသွားတွေအတွက် ဘာမှ အနှောင့်အယှက် မဖြစ်ပါဘူး။ save ဖြစ်တဲ့ ဧရိယာတခု ဖြစ်ပါတယ်။ လက်ရှိအနေအထားပေါ့လေ။
မေး။ ။ အခုဆိုရင် ပုဂံဟာ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်တာ ၁ နှစ်ပြည့်သွားပြီ ဖြစ်ပါတယ်။ ဒီ ၁ နှစ်အတွင်း ပုဂံမှာ ဘာ တွေ ထူးထူးခြားခြား ပြောင်းလဲသွားတာမျိုး ရှိပါသလဲ။
ဖြေ။ ။ ပြောင်းလဲတာတော့ ထိန်းသိမ်း စောင့်ရှောက်မှု အပိုင်းတွေပေါ့။ တခြားတဖက်မှာလည်း ဆက်လုပ်ဖို့ ကျန်နေသေး တဲ့ အပိုင်းတွေ အများကြီး ရှိပါတယ်။ ကမ္ဘာ့အမွေအနှစ် စာရင်း ဝင်ရောက်ပြီးတဲ့ နောက်ပိုင်းမှာ ကျနော်တို့ ဆက်လက် ဆောင်ရွက်ရမယ် ဆိုတဲ့ ညွှန်ကြားချက်တွေ ရှိပါတယ်။ အဲဒါက အားလုံး ၁၉ ချက်ပေါ့။ ဒါတွေကို ပြန်လည် လိုက်နာ ဆောင်ရွက်ပြီးတော့မှ ကမ္ဘာ့အမွေအနှစ် ကော်မတီကို ၂၀၂၁ ဒီဇင်ဘာ ၃၁ ရက်မှာ ကျနော်တို့ရဲ့ ဆောင်ရွက်ပြီးစီးမှု အခြေ အနေကို ပြန်လည် တင်ပြဖို့ လုပ်ငန်းစဉ်တွေ ရှိသေးတယ်။
အများစု ၁၆ ချက် လောက်ကတော့ ဆောင်ရွက်ပြီးစီးတဲ့ လုပ်ငန်းတွေ ရှိတယ်။ ဒီထဲမှာ ဆက်လက်ဆောင်ရွက်ရန် ကျန်တဲ့ အချက် ၃ ချက် ရှိတယ်။ အဲဒါက ကိုဗစ်နဲ့လည်း ဆိုင်ပါတယ်။ လူအများစုလည်း အပြင်ကို ထွက်လို့မရတာ။ Research (သုတေသန) လုပ်ဖို့ အပိုင်းတွေ။ ပုဂံခေတ်ရဲ့ ရေဝေရေလဲ စနစ်နဲ့ ပတ်သက်ပြီး လက်ရှိ မြေပြင်ရဲ့အနေ အထားတွေ သုေ တသန ပြုလုပ်ဆောင်ရွက်ဖို့ ဆိုတဲ့အချက်၊ နောက်တခုက Inventory (ပုဂံရှိ အမွေအနှစ်အဆောက်အအုံများစာရင်း) ပေါ့။ ကျနော်တို့ တင်ပြထားတဲ့ ပုဂံရဲ့ Inventory ကို စနစ်တကျ ပြန်လည်ပြုစု တင်ပြပေးဖို့ စသဖြင့် ဒီလိုအချက်တွေကို မြေ ပြင်ကွင်းဆင်းဖို့ တချို့ အပိုင်းလေးတွေ ကျန်ပါတယ်။ ဒီအပိုင်းတွေသည် ၂၀၂၁ ဒီဇင်ဘာ မတိုင်ခင်မှာ ဆောင်ရွက်ရမှာ ဖြစ် တဲ့အတွက် ဒီကြားကာလမှာ ပြီးစီးအောင် ဆောင်ရွက်သွားနိုင်မှာ ဖြစ်ပါတယ်။ ဒါတွေက ကမ္ဘာ့အမွေအနှစ်ဝင်ပြီး နောက် ပိုင်းကာလမှာ ကျနော်တို့ ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေ ဖြစ်ပါတယ်။
မေး။ ။ ဒီ ၁၉ ချက်ထဲမှာ တချက် အပါအဝင်ဖြစ်တဲ့ သတ်မှတ်ဧရိယာအတွင်း ကျူးကျော်ရောက်ရှိနေတာတွေ ဖယ်ရှားဖို့ ကိစ္စတွေကရော ဘယ်အတိုင်းအတာထိ ဆောင်ရွက်ပြီးပါပြီလဲ။
ဖြေ။ ။ အဲဒါတွေကတော့ အဆင့်လိုက် ကျေးရွာဆိုလည်း ကျေးရွာ၊ မြို့နယ်ဆိုလည်း မြို့နယ်၊ ဟိုတယ်ဆိုလည်း ဟိုတယ် ဇုန်အလိုက် ဆောင်ရွက်နေတာ ရှိပါတယ်။ အဲဒီထဲမှာ ဆိုရင် ဟိုတယ်တွေပေါ့။ Property Area ထဲမှာရှိတဲ့ ဟိုတယ်တွေ စာရင်းဆို ၁၅ လုံး ရှိပါတယ်။ အဲဒီ ဟိုတယ် ၁၅ လုံးမှာ ဆောက်ပြီး Operation (လုပ်ငန်းလည်ပတ်) ဖြစ်နေတဲ့ ဟိုတယ်က ၈ လုံး ရှိပါတယ်။ ကျန်တဲ့ ၇ လုံးက ဆောက်လုပ်ရန် ဆောင်ရွက်ဆဲပေါ့။ ဆောင်ရွက်ဆဲ ဆိုတဲ့နေရာမှာ ကျနော်တို့က Bagan Hotel Strategy (ပုဂံဟိုတယ်ဆိုင်ရာမဟာဗျူဟာ)ဆိုပြီး ဆောင်ရွက်နေတာ ရှိပါတယ်။
အဲဒါက ဒီအမွေအနှစ်ဇုန်ထဲမှာ အရင်ကာလကတည်း တည်ရှိခဲ့တဲ့ ဟိုတယ်တွေနဲ့ အမွေအနှစ်နဲ့ သဟဇာတ ဖြစ်အောင် ဘယ်လိုဆက်ပြီး ရှေ့လျှောက် သွားကြမလဲဆိုတဲ့ ဆွေးနွေး ဆုံးဖြတ်ချက်ပေါ့။ ဒီ မဟာဗျူဟာနဲ့ ပတ်သက်ပြီး ပညာရှင် ဒေါက်တာ ရစ်ချက်မက်ကေး (Pro Richard Mackay) က ရေးဆွဲ ဆောင်ရွက်နေပါတယ်။ လက်ရှိမှာ Strategy က အကြမ်း ပြီးသွားတဲ့ အပေါ်မှာ ကျနော်တို့ရယ်၊ ဟိုတယ်ပိုင်ရှင်တွေရယ်၊ ဟိုတယ်ခရီး ဝန်ကြီးဌာနရယ်၊ ပညာရှင်တွေ ရယ်နဲ့ ပေါင်းစပ်ပြီး အစည်းအဝေးတွေ လုပ်ပြီးတော့ ညှိနှိုင်း ဆောင်ရွက်နေတာတွေ ရှိပါတယ်။
Property Area ထဲမှာ ရှိတဲ့ ဟိုတယ်တွေက အမွေအနှစ်နဲ့ လိုက်ဖက်အောင် သူတို့အနေနဲ့ ဘယ်လို လိုက်နာရမလဲ။ ကမ္ဘာ့ အမွေအနှစ် စည်းမျဉ်းစည်းကမ်းတွေနဲ့ ကိုက်ညီအောင် ရေရှည် ဘယ်လို စီမံသွားကြမလဲဆိုတဲ့အပိုင်းတွေ ဆက်လက် ဆွေးနွေးဖို့ ကျန်ရှိပါသေးတယ်။ ဒါက ကျနော်တို့ လက်ရှိဆောင်ရွက်ဆဲပေါ့။ ဒီ Encroachment (ပိုင်နက်ကျူးလွန်ခြင်း) ဆိုတဲ့ အပိုင်းတွေမှာ တချို့နောက်ပိုင်း Plan(အစီအစဉ်)တွေ၊ Management framework ထဲမှာလည်း ပါပြီးသားပါ။ ပုဂံမှာ ဘယ်နားမှာတော့ ဟိုတယ်ဇုန် လုပ်မယ် စသဖြင့် ကျနော်တို့မှာ Plan တွေ ရှိပြီးသားပါ။ ဒါတွေကိုလည်း တဖြည်း ဖြည်းနဲ့ အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့တွေ ရှိပါတယ်။
မေး။ ။ ဆရာပြောတဲ့ ဟိုတယ် ၁၅ လုံးက ဘယ်ဟာတွေလဲ။ ပုဂံမြို့ဟောင်းထဲမှာပဲ ရှိနေတာလား။
ဖြေ။ ။ အဓိကက ပုဂံမြို့ဟောင်းထဲမှာ အများစုပေါ့။ မြို့သစ် တချို့အပိုင်းတွေမှာလည်း ရှိတယ်။ တည်နေရာနဲ့တကွ တင် ပြထားတာတွေ ရှိပါတယ်။ ပုဂံဇုန်က ဟိုးအရင်ကာလက ကမ္ဘာ့အမွေအနှစ် ဆိုပြီး စတင်ဆောင်ရွက်ခြင်း မရှိခင်ကတည်း က ဒီဟိုတယ်တွေက ဒီဧရိယာမှာ ရှိခဲ့ကြတော့ ကမ္ဘာ့အမွေအနှစ် တင်တဲ့အခါ အမွေအနှစ်ဇုန်ထဲမှာ ဒီလိုဟာတွေ ရှိနေခဲ့ တယ်။ ဒါတွေကို ကျနော်တို့က အမွေအနှစ်နဲ့ သဟဇာတ ဖြစ်အောင် ဘယ်လို လုပ်မလဲ ရေရှည်ပေါ့လေ။ ဒီဆွေးနွေးချက် အပေါ်မှာ မူတည်ပြီး ခုနကပြောတဲ့ Bagan Hotel Strategy ဆိုတာလေး ပေါ်ပေါက်လာတာပေါ့။
မေး။ ။ တကယ်တမ်းက ဒီဟိုတယ်တွေကို အပြီးတိုင် ဖယ်ရှားရေးလို့ ပြောထားတာဆိုတော့ ဒီ Strategy က အလုပ် ဖြစ်ပါ့မလား။
ဖြေ။ ။ ဆွေးနွေးချက်တော့ ဒီဟိုတယ်နဲ့ပတ်သက်ပြီး အမျိုးမျိုးရှိတယ်။ တချို့အစောပိုင်း ဆွေးနွေးပြီးတာမှာ ဒီဟို တယ် တွေက သူတို့ ရင်းနှီးမြှုပ်နှံမှုအရ အရင်းကျေကာလ ဆိုပြီး ဆွေးနွေးတာတွေလည်း ရှိတယ်။ ဥပမာ အရင်းကျေကာလ သည် ၁၀ နှစ်လား၊ ၁၅ နှစ်လား၊ နှစ် ၂၀ လား စသဖြင့် အသေးစိတ် ဆွေးနွေးဖို့တွေ ရှိတယ်။ အရင်းကျေကာလပြီးရင် ဒီဟိုတယ်တွေ ဘာလုပ်မှာလဲ။ ဟိုတယ်ဇုန် ဧရိယာကိုရွှေ့ဖို့ စသဖြင့် အစောပိုင်းတွေက ဒါမျိုး ဆွေးနွေးတာတွေ ရှိတယ်။
ကျနော်တို့က သေချာပြန်စဉ်းစား ကြည့်တော့ အရင်းကျေ ကာလပြီးတဲ့အခါမှာ ဒီဟိုတယ်တွေကို ဖျက်မလား ဒါမှမဟုတ် ဒီတိုင်းထားပြီး Community center လုပ်မလား ဒါတွေက ဆက်လက်ပြီးလုပ်ဖို့ ရှိတာပေါ့။ လက်ရှိ ဆွေးနွေးနေတဲ့ မဟာ ဗျူဟာမှာ အဓိက ပါတာကတော့ Impact (သက်ရောက်မှု) အနည်းဆုံးဖြစ်အောင်၊ အမွေအနှစ်နဲ့ လိုက်လျောညီထွေ ဖြစ် နိုင်အောင်၊ သူတို့လည်း Operation လုပ်နိုင်အောင် စသဖြင့် ဆွေးနွေးနေတာ ရှိပါတယ်။
မေး။ ။ ဟိုတယ်လုပ်ငန်းရှင်တွေ ဘက်ကရော လိုလိုလားလား ရှိရဲ့လား။ ဘယ်လို အခက်အခဲတွေ ရှိပါသလဲ။
ဖြေ။ ။ ညှိနှိုင်းရတဲ့ အပိုင်းကတော့ ၂ ပိုင်းပေါ့။ တပိုင်းက ပညာရှင်တွေအတွက် လုပ်ပေးရတဲ့ ကုန်ကျစရိတ်။ ဒီဟာကို ဟို တယ် ၁၅ လုံးကနေ ကျခံနိုင်ဖို့။ နောက်တခုက သူ့အကြံပြုချက်အပေါ် လိုက်နာဆောင်ရွက်ဖို့အပိုင်း။ တချို့ ဟိုတယ်တွေ ဆိုရင် အမွေအနှစ်နဲ့ သဟဇာတ မဖြစ်တဲ့ တည်ဆောက်မှုမျိုးတွေ ဆိုရင် ဖျက်မှာလား။ Impact ကို အနည်းဆုံးဖြစ်အောင် လုပ်မှာလား စတဲ့ အကြံပြုချက်တွေကို ဒီဟိုတယ်တွေကနေ လိုက်နာဆောင်ရွက်တယ်ဆို ရေရှည်ဆောင်ရွက်လို့ အဆင် ပြေသွားမှာပေါ့။
လိုက်နာဆောင်ရွက်ဖို့ ခက်တယ်ဆိုရင်လည်း သူတို့မှာ ဘာခက်လဲဆိုတဲ့ ဟာကို နောက်တကြိမ် သူနဲ့ အစည်းအဝေး လုပ် ဖို့တွေ ရှိပါတယ်။ အဲဒီလို ဆုံတဲ့အခါကျရင် သူတို့ရဲ့ အခက်အခဲကိုလည်း ပြော။ ပညာရှင်နဲ့ ဆွေးနွေးပြီး အဖြေရှာပေါ့။ ဘယ်လို လုပ်မလဲဆိုတဲ့ အပိုင်းတွေ ဆက်ဆွေးနွေးဖို့ ရှိပါသေးတယ်။
မေး။ ။ ကမ္ဘာ့အမွေအနှစ် ဝင်ပြီးနောက်ပိုင်း ပုဂံမှာ ပုံစံမျိုးစုံနဲ့ ကျူးတာတွေ ပိုများလာတယ်လို့ သိရပါတယ်။ ဒါတွေကို ဘယ်လို ကိုင်တွယ်ဆောင်ရွက်နေပါသလဲ။
ဖြေ။ ။ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်တာ တနှစ်ပြည့်သွားပြီ။ ဒီကြားကာလမှာ ကျနော်တို့ ဆက်လက်ဆောင်ရွက်ရမယ့် ၁၉ ချက်ထဲက တခုသည် Awareness (အသိပညာပေးမှု)လည်း ပါသေးတယ်။ ပြည်သူလူထုကို အမွေအနှစ်ရဲ့ သိကောင်း စရာတွေ ချပြဖို့၊ ဆွေးနွေးဖို့။ Community participation (လူထုပါဝင်မှု)ပေါ့။ ကိုယ့်ရဲ့အမွေအနှစ်ကို လိုက်နာထိန်း သိမ်း စောင့်ရှောက်ပေးဖို့ အပြင် ပထမဆုံး Negotiation (စေ့စပ်ညှိနှိုင်း)နဲ့ သွားပြီး နောက်ပိုင်း သူတို့ကိုယ်တိုင် ပါဝင်လာ၊ ဦးဆောင်လာပြီးတော့ ကာကွယ်နိုင်တဲ့ အဆင့်ထိ ဖြစ်အောင် organize (စည်းရုံး) လုပ်ဖို့တွေ ကျန်တာပေါ့။
ဒါတွေ ဆက်မလုပ်နိုင်သေးဘူး။ ဘာကြောင့်ဆို ကိုဗစ်ပေါ့။ လူစုလူဝေး မလုပ်ရတို့ ဒီလို အတားအဆီး၊ အကန့်အသတ် တွေကြောင့်လည်း ပါတယ်။ Plan တွေ အစောကြီးကတည်းက ဆွဲထားတာတွေတော့ ရှိတယ်။ ကျေးရွာ၊ ရပ်ကွက်၊ မြို့ နယ်အလိုက် တအိမ်ထောင်ချင်း တက်ပြီး ရှင်းတာတို့၊ လူစုလူဝေးနဲ့ ကျနော်တို့က ထိုင်ပြီး အားလုံးရှင်းပြတာ၊ သူတို့ ကိုယ် တိုင်က Participation ဖြစ်ပြီးလုပ်တာတို့။ ဒီလိုမျိုးဖြစ်အောင် ဖြည်းဖြည်းနဲ့ ဆက်လက်လုပ်ဆောင်ဖို့အပိုင်းတွေ ကျန်တာ ပေါ့လေ။ ဘာပဲပြောပြော ရပ်ရွာလူထုပါဝင်မှပဲ အမွေအနှစ်က ရေရှည်တည်တံ့နိုင်အောင် ထိန်းသိမ်းစောင့်ရှောက်နိုင်မှာ။
မေး။ ။ ဒီလို ကျူးတဲ့သူတွေကို အရေးယူမှု အပိုင်းကရော ဘယ်လိုရှိပါသလဲ။
ဖြေ။ ။ အရေးယူမှု အပိုင်းလည်း ရှိပါတယ်။ ပထမဆုံး ညှိနှိုင်းတာနဲ့ သွားတယ်။ တချို့လူကတော့ မသိလို့ ကျူးတယ်။ တချို့ သိသိကြီးနဲ့ ကျူးတယ်။ တချို့ကလည်း စီးပွားရေး အလို့ငှာ လောဘနဲ့ကျူးတယ်။ ဘယ်လိုပဲ ကျူးကျူး၊ ကျူးတဲ့အား လုံးကို နံပါတ် ၁ အချက် သတိပေးတယ်။ သိအောင်ရှင်းပြတယ်။ နောက်ဆုံးအဆင့်ကျမှသာ ဥပဒေအရ အရေးယူတဲ့ကိစ္စ ကို ဆောင်ရွက်တာ ဖြစ်တယ်။ ဥပဒေအရ ဆောင်ရွက်တာတွေလည်း ရှိပါတယ်။
ဥပမာ ပြီးခဲ့တဲ့တခေါက် ကျူးကျော်မှုပေါ့။ ခြံစည်းရိုးတွေခတ်တာ၊ အမွေအနှစ်ဇုန်ထဲမှာ သူတို့ပိုင်တယ် ဆိုပြီး လာပြီးတော့ ခြံစည်းရိုး ခတ်တဲ့အခါ အမွေအနှစ်မှာ Visual impact (မြင်ကွင်း ထိခိုက်မှု)ဖြစ်တယ်။ ရှေးခေတ်က မရှိခဲ့တဲ့ ဒီအမွေအနှစ် ဒေသမှာလာပြီး ခေတ်သစ် ခြံစည်းရိုးတွေ၊ အုတ်တံတိုင်းတွေ ခတ်တယ်။ အဆောက်အအုံတွေ ဆောက်တယ်ဆိုရင် ပုဂံ ခေတ်က မရှိခဲ့တဲ့ Landscape ကို ပျက်သွားတာပေါ့။ ဒါသည် ကျနော်တို့က ထိန်းသိမ်းရမယ့်အပိုင်း ဖြစ်ပါတယ်။ ဒါတွေကို သူတို့က ပိုင်တယ်ဆိုပြီး ခတ်ကြတဲ့ဟာတွေကို ပထမဆုံး နားလည်အောင် ရှင်းပြတယ်။
ဘုန်းတော်ကြီးတွေ၊ သံဃာ့ အဖွဲ့အစည်းတွေဆိုလည်း တချို့ လူပုဂ္ဂိုလ်ကနေ လှူဒါန်းတယ်ဆိုပြီး သူက မြေပိုင်ရှင်ဖြစ် တယ်ပေါ့။ သာသနာ့မြေ ဖြစ်အောင်လုပ်တယ်။ ပြီးတော့ ခြံစည်းရိုးတွေ ခတ်၊ တံတိုင်းတွေ လုပ်တယ်။ ဒါတွေကို မလုပ်ပါနဲ့ ဆိုပြီး တားမြစ်ပြီးတော့ အရင်ဆုံးလျှောက်တယ်။ မရတဲ့အချိန်ကျမှ သက်ဆိုင်ရာ မြို့နယ်သံဃာ့နာယက အဖွဲ့ အစည်းကို ဦးတိုက် လျှောက်ထားပြီး ညှိနှိုင်းဆောင်ရွက်တဲ့အခါ တချို့ ဆရာတော်တွေဆိုလည်း ပြန်ပြီး သူတို့ တည် ဆောက်ခဲ့တဲ့ ခြံစည်းရိုးတွေ ပြန်ဖျက်တာလည်း ရှိပါတယ်။
ဒါတွေက ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်မှုတွေ မလုပ်ခင် လိုက်နာဆောင်ရွက်သွားတဲ့ ကိစ္စမျိုးတွေလည်း ရှိ တယ်။ တချို့ကိစ္စတွေကျ ဥပဒေကြောင်းအရ တရား ရင်ဆိုင်ထားရတာမျိုးတွေလည်း ရှိတယ်။ လုပ်ငန်းရှင် ကြီးကြီးထဲက ဧရာ ဟိုတယ်ဆို ဆောက်လက်စ ဟိုတယ်လေးတွေ။ မဆောက်ရပါဘူးလို့ ပြောတယ်။ ဆက်လုပ်တယ်။ ကျနော်တို့က လည်း ဥပဒေကြောင်းအရ အရေးယူတယ်။ နောက်ပိုင်း သူတို့ မလွတ်ကင်းပါဘူးဆိုတဲ့ ဟိုတယ်အဆောက်အဦ ၂ လုံး T3 နဲ့ T5 ကို ပြန်ဖျက်လိုက်တယ်။ ဒီလို အရေးယူဆောင်ရွက်မှုလည်း ရှိပါတယ်။
ဒေသခံ အသေးလေးတွေကနေ မဆောက်ရပါဘူး ဆိုတဲ့ ကျူးကျော်တဲလေးတွေက အစပေါ့။ ဘယ်လိုပဲပြောပြော ကျနော် တို့က လူတန်းစား မရွေးပါဘူး။ အမွေအနှစ်ပေါ်မှာ ထိခိုက်တဲ့ဟာမှန်သမျှ၊ အကုန်လုံး တရားမဝင် ဖြစ်တာမှန်သမျှ အရေး ယူ ဆောင်ရွက်တာပါပဲ။ ဘာပဲပြောပြော အားလုံးက လိုက်နာမှဖြစ်မှာ။ အကုန်လုံးက နည်းနည်းကျူးတာနဲ့၊ များများ ကျူး တာနဲ့၊ နည်းနည်းဖျက်တာနဲ့၊ များများဖျက်တာနဲ့ ဆိုရင်တော့ ကြာရင် ပျက်သွားဖို့ပဲ ရှိတယ်။
မေး။ ။ ကိုဗစ်ကာလ အတွင်း ပုဂံဘုရားတွေ ဌာပနာ ဖောက်ခံရတာ၊ လောကထိပ်ပန် ဘုရား အဝင်တံခါး မီးရှို့ခံရတာတွေ နဲ့ ပတ်သက်လို့ အရေးယူမှုနဲ့ လုံခြုံရေးပိုင်းဆိုင်ရာ ဝေဖန်ထောက်ပြမှုတွေ ရှိသလို အမွေအနှစ် ထိန်းသိမ်းရေး ရဲတပ်ဖွဲ့ ဖွဲ့ပေးဖို့ အကြံပြုချက်တွေလည်းရှိတော့ ဒီအပေါ် ဘယ်လိုယူဆချက် ရှိပါသလဲ။
ဖြေ။ ။ ယူဆချက် အမျိုးမျိုး ရှိတာပေါ့။ တချို့လည်း နိုင်ငံရေးဘက်ကို လှည့်ပြောကြတယ်။ တချို့ကျလည်း သက်သက် အမွေအနှစ်ကို ရည်ရွယ်ချက်ရှိရှိ ဖျက်တယ်ပေါ့။ ကျနော်တို့ အကြံပြုချက် တင်ပြထားတာ ရှိပါ တယ်။ လုံခြုံရေး အင်အားကို တိုးမြှင့်မှာလား။ အခု ပုဂံဒေသအပါအဝင် ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်တဲ့ သရေခေတ္တရာ၊ ဗိဿနိုး၊ ဟန်လင်းတို့တွေမှာ ရှိတာက Tourism police ကမ္ဘာလှည့် ခရီးသွားတွေကို ကူညီစောင့်ရှောက်ပေးတဲ့ ရဲတပ်ဖွဲ့ ပေါ့။
ဒါပေမယ့် ကျနော်တို့မှာ ဘာလိုနေလဲဆို Heritage police (အမွေအနှစ် ထိန်းသိမ်းရေးရဲ) ပေါ့။ ဒီအမွေအနှစ်ကို ကာကွယ် ထိန်းသိမ်း စောင့်ရှောက်ပေးတဲ့ Heritage police ရှိမယ်ဆို၊ ဖြစ်နိုင်မယ်ဆိုရင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့ တပ်ဖွဲ့ခွဲ တဖွဲ့အ နေနဲ့ တိုးမြှင့်ပြီး အမွေအနှစ်ဒေသတွေမှာ သီးခြား ကာကွယ်စောင့်ရှောက်ပေးတဲ့ ရဲတပ်ဖွဲ့အင်အားမျိုး ရှိရင်တော့ ပိုပြီး အ ဆင်ပြေပါတယ် ဆိုတဲ့ အကြံပြုချက်တွေမှာ တင်ပြထားတာ ရှိပါတယ်။ ဒါကတော့ လုံခြုံရေးပိုင်းပေါ့။
နောက်တခုက ဘုရားတွေကို CCTV (စောင့်ကြည့် ကင်မရာ) တပ်ပြီး ဘုရားတွေရဲ့ လုံခြုံရေးကို စောင့်ကြည့်သွားမလား ဆိုတာလည်း ဆွေးနွေးနေတာ ရှိပါတယ်။ ဒီအမွေအနှစ် ဒေသထဲမှာ Huawei ကုမ္ဗဏီတို့က လာပြီး စစ်တမ်းကောက်နေ တာ ရှိ တယ်။ ကျနော်တို့ဌာနနဲ့ ပေါင်းပြီးတော့ ဘယ်နားမှာ ဘယ်လို CCTV ကင်မရာ တပ်မယ်ဆိုရင် အဆင်ပြေမလဲ။ ဒီ CCTV ကင်မရာကြောင့်ပဲ အမွေအနှစ်ကို သွားပြီး Impact ဖြစ်မှာလည်းစိုးတယ်။ ဒါမျိုးတွေ အမျိုးမျိုး ညှိနှိုင်းဆောင်ရွက်နေ ဆဲ ဖြစ် ပါတယ်။
မေး။ ။ ပုဂံမှာရှိနေတဲ့ အမွေအနှစ်တွေနဲ့ ဒေသခံတွေကြား မျှခြေညီအောင် ဘယ်လို စီမံဆောင်ရွက်နေပါသလဲ။
ဖြေ။ ။ ဒါက ပြဋ္ဌာန်းထားပြီးသားပါ။ ကမ္ဘာ့အမွေအနှစ်ဆိုင်ရာ Operational guideline ထဲမှာ သေချာ ညွှန်ကြားချက် ရှိပြီးသား။ အမွေအနှစ်နဲ့ Community (လူ့အဖွဲ့အစည်း) သဟဇာတဖြစ်မှပဲ Sustainable (ရေရှည်တည်တံ့) ဖြစ်မယ်။ အမွေအနှစ်နဲ့ အတူယှဉ်တွဲနေထိုင်တဲ့ Community ဆိုတာ ယနေ့မှ ပေါ်လာတာလည်း မဟုတ်ဘူး။ ဟိုးပုဂံခေတ်ကတည်း က အတူတူနေလာခဲ့ကြတဲ့ လူ့အဖွဲ့အစည်းကို ခုအချိန်ကျမှ မနေရဘူး၊ မလုပ်ရဘူးဆိုတာ မဟုတ်ဘူး။ ဒီအတိုင်းလေးကိုပဲ ကိုယ့်ရဲ့ရိုးရာလည်း မပျောက်ဘဲနဲ့ လူလည်း နေထိုင်လို့ရပြီး သဟဇာတပေါ့။
ဒီအမွေအနှစ် ထိန်းသိမ်းရေးအပိုင်းကိုပဲ ရေရှည်ခံအောင် ထိန်းသိမ်းမယ်ဆို Community အတွက် ဖွံ့ဖြိုးတိုးတက်ရေး အချို့ လိုအပ်ချက်တွေက မဖြစ်ဘူးပေါ့။ ဒီ လူ့အဖွဲ့အစည်းအတွက် လိုအပ်တဲ့ အခြေခံအဆောက်အအုံတွေဆို သူ့ရဲ့ Operational guideline ထဲမှာ လုပ်လို့ရတဲ့ ဟာတွေ လုပ်ပေးလို့ရတယ်။ လုပ်လို့မရဘူး ဆိုတဲ့ဟာကို လုပ်ပေးလို့မရဘူး။ ဒါကိုလည်းသိအောင် လူထုကို ရှင်းပြဖို့ကလည်း အရေး ကြီးပါတယ်။
မေး။ ။ ကမ္ဘာ့အမွေအနှစ်ဒေသ တခုမှာ တာဝန်ယူ ဆောင်ရွက်နေရတဲ့ ဆရာ့အတွက် အကြီးမားဆုံး စိန်ခေါ်မှုက ဘာဖြစ် မလဲ။
ဖြေ။ ။ ပုဂံက ပြည်တွင်းရော ပြည်ပရော ခရီးသွားဧည့်သည် လာရောက်ကြတဲ့အတွက် Demand တွေ များတယ်။ ခရီး သည်အတွက် ဝန်ဆောင်မှု လုပ်ငန်းတွေ အရမ်းကို လိုအပ်တယ်လို့ ယူဆပြီး စီးပွားရေးလုပ်ငန်းရှင်ကလည်း Development issue တွေ လုပ်ချင်တယ်။ ဒီလိုပဲ ဒေသခံပြည်သူကလည်း သူ့ရဲ့ စားဝတ်နေရေးအတွက် ဒီထက် ရယူနိုင် တဲ့ အခွင့်အရေးမျိုး နဲ့ ဖန်တီးတဲ့အခါ အမွေအနှစ်ကို Impact တွေ ဖြစ်လာတယ်။ ဒါတွေက ခရီးသွားဝင်ရောက်မှုကနေ ဖြစ်လာတဲ့ တောင်းဆိုမှုတွေကြောင့် ဖြစ်လာတဲ့ Development pressure တွေပေါ့။
ငါတို့ ဒီအမွေအနှစ်ကြောင့် ဒီလို ဝင်ငွေရပါလား ဆိုတာမျိုး သူတို့စိတ်ထဲမှာ ရောက်ရင် အမွေအနှစ် ရေရှည်တည်တံ့အောင် ငါတို့ ဘယ်လို ထိန်းသိမ်းမလဲ ဆိုတဲ့ စိတ်ကူးမျိုးပါရမှ ရေရှည်တည်တံ့မှုတွေ ဖြစ်မယ်။ Development issue တိုင်းကိုသာ လိုက်ခွင့်ပြုရင် ဒီအမွေအနှစ်က ကြာရှည်မခံတော့ဘူး။ ကာကွယ်မှုမှ မရှိဘဲနဲ့ နည်းနည်းချင်း ဖျက်တာနဲ့ များများဖျက်တာနဲ့ အကြီးကြီးဖျက်တဲ့သူတွေ နဲ့ ပေါင်းနေရင်တော့ ဒီအမွေအနှစ်က ရေရှည် မခံတော့ဘူး။ အဲဒါလေးတော့ ပြောဖို့ အများကြီး လိုပါသေးတယ်။
ဆက်စပ်ဖတ်ရှုရန်
ခရီးသွားလုပ်ငန်းက အကျမြန်ပြီး အတက်တော့ နှေးတယ်
ပုဂံဘုရားဌာပနာ ဖောက်ထွင်းခံရမှုများ ဆက်တိုက် ဖြစ်ပေါ်နေ
ပုဂံရှေးဟောင်း တာမဏီဘုရားစု အနီး ခြံခတ်မှု ပြန်လည် ဖျက်သိမ်း