ဥရောပသမဂ္ဂ (EU) ၏ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး Kristian Schmidt သည် မြန်မာနိုင်ငံတွင် ၃ နှစ်ကြာ တာဝန် ထမ်းဆောင်ပြီးနောက် Brussels ရှိ EU ရုံးချုပ်သို့ မကြာသေးမီက ပြန်သွားခဲ့သည်။ သို့သော် မြန်မာနိုင်ငံရှိ EU ကိုယ်စားလှယ်အဖွဲ့ ၏ လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေပြီး၊ မြန်မာနိုင်ငံနှင့် ခိုင်မာသော ပူးပေါင်းဆောင်ရွက်မှုများ ဆက်ရှိသွားမည်ဟု ၎င်းက ဆိုသည်။
မြန်မာနိုင်ငံဆိုင်ရာ EU ကိုယ်စားလှယ်အဖွဲ့သည် လတ်တလောတွင် မြန်မာ့ ကြွေးမြီများ ပြန်လည် ပေးဆပ်ရေးကို ဆိုင်းငံ့ထားခြင်းမှသည် COVID-19 ကပ်ရောဂါကာလ အလုပ်လက်မဲ့ ဖြစ်သွားရသည့် အထည်ချုပ် လုပ်သားများအတွက် ဘဏ္ဍာရေးအကူအညီများ ပေးခြင်း၊ အမျိုးသားပညာရေး ပြုပြင်ပြောင်းလဲမှုနှင့် တိုင်းရင်းသားဘာသာစကားဖြင့် သင်ကြားရေးများ တိုးတက်ရေး စသည်တို့အပါအဝင် ကဏ္ဍအသီးသီးတွင် အကူအညီများ ထောက်ပံ့ပေးလျက် ရှိသည်။
မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွင် ပါဝင်ခဲ့သူများစွာနှင့် ထိတွေ့ ဆက်ဆံခဲ့ပြီး မြန်မာနိုင်ငံတွင် တာဝန်ထမ်းဆောင်ချိန် သူ့အတွက် အမှတ်တရများကို ပြန်ပြောင်း ပြောဆိုရင်း သံအမတ်ကြီး Kristian Schmidt က မြန်မာနိုင်ငံတွင် နေထိုင်ခဲ့ရခြင်းက သူ့ကို ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ရခြင်း၏ အဓိပ္ပါယ်ကို ပိုမို၍ပင် နားလည်စေခဲ့သည်ဟု ပြောသည်။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီရေး ပြောကြသူများသည် သီအိုရီအရ ပြောဆိုခြင်း မဟုတ်ကြဘဲ အမှန်တကယ် ထူးခြားသည့် စွန့်လွှတ်အနစ်နာခံမှုများဖြင့် ပြောကြခြင်းဖြစ်သည်ဟု သူက ဆိုသည်။
မြန်မာနိုင်ငံ၏ နိုင်ငံတည်ဆောက်ရေးသည် အကောင်အထည်ဖော်ဆဲ လုပ်ငန်းစဉ်တခု ဖြစ်ပြီး နိုင်ငံ၏ ပြဿနာအားလုံးက ရိုဟင်ဂျာအရေးတခုတည်းနှင့်သာ ဆက်နွယ် နေခြင်း မဟုတ်ကြောင်း အနောက်တိုင်းနှင့် ဥရောပတို့ နားလည်ရန် လိုအပ်သည်ကို ၃ နှစ်ကြာခဲ့ပြီးနောက် သူကောင်းစွာ နားလည်လာခဲ့ကြောင်း သံအမတ်ကြီးက ပြောဆိုသည်။
မြန်မာနိုင်ငံသည် အချို့သော ကဏ္ဍများတွင် တိုးတက်မှုရအောင် လုပ်နိုင်ခဲ့သော်လည်း တိုင်းပြည်က ပိုမိုကောင်းမွန်သော ဘဝ၊ လွတ်လပ်မှုနှင့် ငြိမ်းချမ်းရေး လိုချင်သည့် ဆန္ဒ အာသီသရှိသဖြင့် အခြားသောကဏ္ဍများတွင် တိုးတက်မှုရအောင်ဆောင်ရွက်ရန် လိုအပ်နေသေးသည်ဟု ၎င်းက ဧရာဝတီသတင်းဌာသို့ ပြောဆိုသည်။
သံအမတ်ကြီး Kristian Schmidt ပြန်လည်မထွက်ခွာမီ ဧရာဝတီ အင်္ဂလိပ်ပိုင်းမှ တွဲဖက်အယ်ဒီတာ ငြိမ်းငြိမ်းနှင့် ဆွေးနွေးမှုမှ ကောက်နုတ်ချက်များကို ဖော်ပြအပ်ပါသည်။
မေး။ ။ မကြာသေးမီ (ဇူလိုင်လ ၂ ရက်) က ထုတ်ပြန်ခဲ့တဲ့ ကြေငြာချက် တခုမှာ EU က ဥရောပ အဖွဲ့ရဲ့ တစိတ်တပိုင်း အနေနဲ့ ကြွေးမြီ ပြန်လည်ပေးဆပ်မှုကို ဆိုင်းငံ့ထားခြင်း အားဖြင့် COVID-19 တိုက်ဖျက်ရေး အတွက်မြန်မာနိုင်ငံကို ကူညီဖို့ ကတိပြုခဲ့ပါတယ်။ အဲဒါက မြန်မာနိုင်ငံကို ဘယ်လိုပုံစံ ကူညီနိုင်မှာလဲ။
ဖြေ။ ။ ဒီကပ်ရောဂါကို ကိုင်တွယ်ဖြေရှင်းဖို့ အစိုးရမှာ အရေးတကြီး ဦးစားပေးအစီအစဉ်တွေ ရှိ တယ်လို့ ကျနော်ထင်ပါတယ်။ လစာတွေပေးဖို့ နဲ့ ရှေ့တန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ သူနာပြုတွေ အတွက် ပစ္စည်းကိရိယာတွေရရှိဖို့က နံပါတ်တစ်ဦးစားပေး ဖြစ်နိုင်ပါတယ်။ အဲဒီနောက် အသွားအလာကန့်သတ်ထားမည့်လူတွေထားမယ့် အဆောက်အဦးတွေကို စီမံခန့်ခွဲဖို့နဲ့ အလုပ်လက်မဲ့ဖြစ်သွားသူတွေ၊ ပြည်တွင်းပြန်လာတဲ့ရွှေ့ပြောင်းအလုပ်သမားတွေကို ကူညီဖို့တွေ။ ဒါတွေ အားလုံးက ဘဏ္ဍာငွေလိုအပ်တဲ့ ချက်ချင်း ဦးစားပေးဆောင်ရွက်ရမယ့်အရာတွေ ဖြစ်ပါတယ်။
စီးပွားရေးလုပ်ငန်းတွေ ရုန်းကန်နေကြတဲ့အချိန်မှာ ဒါတွေ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အစိုးရက အခွန် ရပ်ဆိုင်းပေးခြင်း၊ ဗဟိုဘတ်ဂျက်သို့ ငွေပေးသွင်းရတာတွေကို လျှော့ပေးတာတွေ လုပ်နေပါတယ်။ အဲဒီဆောက်ရွက်ချက်တွေတိုးလာပြီး ဝင်ငွေကလျော့နည်းလာတာကို ခင်ဗျားတို့ တွေ့မြင်နိုင်ပါတယ်။
မြန်မာနိုင်ငံက သူ့ရဲ့ မိတ်ဆွေတွေဆီကနေ အထောက်အပံ့တွေ မြန်မြန်ဆန်ဆန် မရဘူးဆိုရင် ဘဏ္ဍာရေးဝန်ကြီးဌာနမှာ ငွေအလုံအလောက် မရှိတော့မှာကို ကျနော် စိုးရိမ်ပါတယ်။
အရေးအကြီးဆုံးက အစိုးရရဲ့ လျှင်လျှင်မြန်မြန် လုပ်ဆောင်နိုင်စွမ်းကို ကူညီဖို့ ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့က ကူညီထောက်ပံ့ပါတယ်။ ကျနော်တို့ ကူညီထောက်ပံ့မှုတွေက ငွေတိုက်တွေဆီ တိုက်ရိုက်သွားနေတာပါ။ အခု ကျနော်တို့က ဒီ ကြွေးမြီရွှေ့ဆိုင်းမှု ဆုံးဖြတ်ချက်ချပြီး ကူညီပါတယ်။ ရိုးရှင်းစွာ ပြောရရင် မြန်မာနိုင်ငံက ဥရောပနိုင်ငံ ၆ နိုင်ငံအပေါ် အကြွေးတင်နေတာကို အဲဒီနိုင်ငံတွေကလည်း သူတို့ စောင့်နိုင်တယ်လို့ ဆုံးဖြတ်လိုက်ကြပါတယ်။ ငွေပြန်ဆပ်မှုကို မြီရှင်နိုင်ငံတွေက စောင့်ဆိုင်းသင့်ပါတယ်။ ရွှေ့ဆိုင်းသင့်ပါတယ်။
ကျနော် ထပ်ပြီးတောင်းဆိုရမယ်ဆိုရင် ဥရောပသမဂ္ဂ ၆ နိုင်ငံရဲ့ ကြွေးမြီပြန်ဆပ်မှုရွှေ့ဆိုင်းပေးတာက အခုနှစ်ကုန်ချိန်မှာ မြန်မာနိုင်ငံက ပေးဆပ်ရမယ့် ငွေ ရဲ့ ၂၀ ရာခိုင်နှုန်းသာ ဖြစ်တဲ့အတွက် ကျန် ၈၀ ရာခိုင်နှုန်းကို ကိုယ်စားပြုတဲ့ မြန်မာနိုင်ငံရဲ့ အခြားမိတ်ဖက်နိုင်ငံများကလည်း အလားတူ လုပ်ဆောင်လိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။ ခင်ဗျားရဲ့ မိတ်ဆွေက ခက်ခက်ခဲခဲ ရုန်းကန်နေရတဲ့ အချိန်မှာ ခင်ဗျားရဲ့ ငွေကို ပြန်မျှော်လင့်လို့ မရပါဘူး။
မေး။ ။ သံအမတ်ကြီးက မြန်မာနိုင်ငံမှာ ၃ နှစ် နေခဲ့ပြီးတော့ ကြားဖြတ်ရွေးကောက်ပွဲ အပါအဝင် ရွေးကောက်ပွဲ အချို့ကို မျက်မြင် ကိုယ်တွေ့ကြုံခဲ့ရတယ်။ မြန်မာနိုင်ငံက နိုဝင်ဘာလမှာ အထွေထွေ ရွေးကောက်ပွဲ တခု ကျင်းပဖို့ ရှိနေပါတယ်။ ဒီအတွက် ဘယ်လို မျှော်လင့်ပါသလဲ။
ဖြေ။ ။ ၂၀၁၅ ခုနှစ်က ရှမ်းပြည်နယ်မှာ လုံခြုံရေးအခြေအနေကြောင့် ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့တဲ့ ဒေသတွေ ရှိခဲ့ပါတယ်။ ဒီနှစ်မှာတော့ ရခိုင်ပြည်နယ်ရဲ့ အခြေအနေက အလွန်စိုးရိမ်စရာကောင်းတယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တကယ်လို့ ပြည်သူတွေ မဲပေးခွင့်မရနိုင်ဘူးဆိုရင်၊ ဆုံးဖြတ်ချက်ချတဲ့နေရာမှာ ပါဝင်ရတယ်လို့ မခံစားရဘူးဆိုရင် တခြားနည်းလမ်းရှာတာတွေ ဖြစ်လာနိုင်ပါတယ်။ အဲဒီအထဲ အကြမ်းဖက် နည်းလမ်းတွေ ပါလာလိမ့်မယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ ဧရိယာ အားလုံးမှာ မဲပေးနိုင်လိမ့်မယ်လို့ ကျနော် တကယ် ကို မျှော်လင့်ပါတယ်။
နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ် စည်းရုံးမှုတွေက မြန်မာနိုင်ငံက ပြည်သူတွေရဲ့ ဘ၀တွေကို ဘယ်လို တိုးတက်စေမယ်ဆိုတဲ့ အကြောင်းတွေနဲ့ စိတ်ကူး အကြံဉာဏ်တွေ ဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အဲဒါကတော့ စီးပွားရေးအတွက်၊ ဒီမိုကရေစီအတွက်၊ တိုင်းရင်းသား ဒေသများ တန်းတူညီမျှ ရှိရေးအတွက် ဘယ်သူ့မှာ အကောင်းဆုံးအကြံဉာဏ်၊ အကောင်းဆုံး အစီအစဉ်ရှိသလဲ ဆိုတာတွေ ပါလိမ့်မယ်။ ပြီးတော့ ခင်ဗျား သိတဲ့အတိုင်း ဒီတိုင်းပြည်ရဲ့ အစိတ်အပိုင်း ဖြစ်တယ်လို့ ခံယူသူတိုင်း မြန်မာနိုင်ငံအတွက် ရေရှည် တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်မယ့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ဘယ်သူ့မှာ အကောင်းဆုံး အကြံဉာဏ်ရှိသလဲဆိုတာတွေ ဖြစ်ပါတယ်။
ရွေးကောက်ပွဲကို လေ့လာဖို့ UEC (ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်) က ကျနော်တို့ကို ဖိတ်ကြားထားပါတယ်။ ဒါကြောင့် အလွန်အင်အားကောင်းတဲ့ EU ရဲ့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး အဖွဲ့တခု ရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ဘယ်သူပဲ အနိုင်ရရ တကယ်တော့ ကျနော်တို့ ကိစ္စမဟုတ်ပါဘူး။ ဘယ်သူ့ကို ရွေးချယ်ရမလဲ ဆိုတာက မြန်မာပြည်သူတွေ ဆုံးဖြတ်ရမယ့် ကိစ္စဖြစ်ပါတယ်။ ဒါပေမယ့် ကျနော်တို့ နောက်ကို ပြန်လှည့်ကြည့်ပြီး ဒါက မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် နောက်ထပ် ခြေလှမ်းတခုလို့ ပြောနိုင်ဖို့ တကယ့်ကို မျှော်လင့်ပါတယ်။ အကယ်၍ ဒီ ရွေးကောက်ပွဲတွေက ၂၀၁၅ ခုနှစ်ကထက် ပိုကောင်းမယ်၊ ပို ငြိမ်းချမ်းမယ်ဆိုရင် နောက်လာမယ့် အစိုးရက ခိုင်မာသော လုပ်ပိုင်ခွင့် နဲ့အတူ ရှေ့ကို ဆက် သွားနိုင်ပါလိမ့်မယ်။
မေး။ ။ EU က မြန်မာနိုင်ငံက ရွေးကောက်ပွဲတွေ အတွက်လည်း ပံ့ပိုးကူညီမှုတွေပေးခဲ့ပါတယ်။ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲ မှာ EU က ဘယ် အခန်းကဏ္ဍက ပါဝင်မှာလဲ။ ဘယ်လိုမျိုး အကူအညီတွေ ပေးနေပါသလဲ။
ဖြေ။ ။ ကျနော်တို့က STEP Democracy လို့ခေါ်တဲ့ အစီအစဉ်နဲ့ ပံ့ပိုးလုပ်ဆောင်ပါတယ်။ ဒီအစီအစဉ်တွေထဲမှာ မဲဆန္ဒရှင်များကို ပညာပေးရေး၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို ၎င်းတို့တာဝန်တွေ အကောင်အထည်ဖော်ရေး မှာ အထောက်အကူပေးရေးနဲ့ ပြည်တွင်းလေ့လာ စောင့်ကြည့်သူများကို ပံ့ပိုးရေးတွေ ပါပါတယ်။ နိုင်ငံခြားလေ့လာစောင့်ကြည့်သူတွေ ရှိဖို့က အလွန် အရေးကြီးသလို မြန်မာနိုင်ငံက ရွေးကောက်ပွဲတွေကို စောင့်ကြည့် လေ့လာရာမှာ အရပ်ဘက် လူ့အဖွဲ့အစည်းတွေသည်လည်း ခိုင်မာအားကောင်းတဲ့ အခန်းကဏ္ဍကနေ ပါဝင်ရမယ်လို့ ကျနော် ထင်ပါတယ်။
မေး။ ။ မြန်မာနိုင်ငံမှာ နေထိုင်တဲ့ နှစ်တွေအတွင်း သံအမတ်ကြီး အဓိက သုံးသပ်မိတဲ့ အချက်က ဘာလဲ။
ဖြေ။ ။ ကျနော် အစောပိုင်းမှာ ပြောခဲ့တာက ဒီမိုကရေစီနဲ့ ပိုမိုကောင်းမွန်တဲ့ ဘဝအတွက် စိတ်နှစ်ဆောင်ရွက်ကြသူတွေရဲ့ သတ္တိအကြောင်းပေါ့။ သူတို့ဟာ ငြိမ်းချမ်းရေးဆိုတာကိုလည်း နားလည်သဘောပေါက်သူတွေဖြစ်တယ်။ ငြိမ်းချမ်းရေးက လိုအပ်တယ်။ ကျနော့်ရဲ့ အရေးအကြီးဆုံး နားလည်သဘောပေါက်မှုတွေထဲက တခုကတော့ မြန်မာမှာ လုပ်စရာတွေ ကျန်နေသေးတယ် ဆိုတာပါပဲ။ ခင်ဗျားသိတဲ့အတိုင်းပဲ နှစ် ၇၀ ကြာ အထီးကျန်မှုကို ခင်ဗျားတို့ ၃နှစ်ထဲနဲ့ မကျော်လွှားနိုင်ပါဘူး။ ၃ နှစ်ဆိုတာ ဘာမှမပြောပလောက်ဘူး။
ဥပမာပြောရရင် ကချင်ပြည်နယ်က ပဋိပက္ခကို ဖြေရှင်းရာမှာ၊ ရခိုင်ပြည်နယ်က ရခိုင် တိုင်းရင်းသား အသိုင်းအဝိုင်းဖြစ်စေ၊ ရိုဟင်ဂျာပဲ ဖြစ်စေ အခြေခံကျတဲ့ မကျေနပ်မှုတွေကို ဖြေရှင်းတဲ့နေရာမှာ နက်ရှိုင်းစွာ အမြစ်တွယ်နေတဲ့ အုပ်ချုပ်ရေး ဆိုင်ရာကိစ္စရပ်တွေ၊ တိုင်းရင်းသား အုပ်စုတွေကြားထဲက တန်းတူညီမျှမှု ဆိုင်ရာ ကိစ္စရပ်၊ အစိုးရနဲ့ အာဏာပိုင်များ အပေါ် ယုံကြည်မှုဆိုင်ရာ ပြဿနာတွေ ရှိပါတယ်။ ဒါကြောင့် ယုံကြည်မှုတည်ဆောက်ခြင်းက ၃ နှစ် ထက် အများကြီး ပိုကြာပါတယ်။
ဒါကြောင့် အနောက်တိုင်းနဲ့ ဥရောပတို့ အနေနဲ့ မြန်မာနိုင်ငံက ပြဿနာတွေက ရိုဟင်ဂျာ ကိစ္စသက်သက်နဲ့သာ ဆက်နွယ်နေခြင်း မဟုတ်တာကို သေသေချာချာ သဘောပေါက်နားလည်ဖို့ လိုအပ်တယ်လို့ ကျနော်ထင်ပါတယ်။
ဒါက အရေးကြီးတယ်ဆိုပေမယ့် (ဥရောပ အတွက်ကတော့ အဲဒါက အလွန် အရေးကြီးပါတယ်) ကျနော်တို့ နားလည်ဖို့လည်း လိုအပ်ပါတယ်။ ၃ နှစ် ကြာပြီးတဲ့နောက် မြန်မာနိုင်ငံမှာ တိုင်းပြည်တည်ဆောက်ရေးက ဆောင်ရွက်ဆဲလုပ်ငန်းစဉ်တခု ဖြစ်တယ် ဆိုတာကို ကျနော်ကောင်းကောင်း နားလည်ခဲ့ပါတယ်။
မေး။ ။ ရခိုင်ပြည်နယ်မှာ ရခိုင်စစ်တပ်အရေး နဲ့ ရိုဟင်ဂျာအရေး ကိစ္စရပ် နှစ်ခု သီးခြား ရှိပါတယ်။ ဒါပေမယ့် အနောက်တိုင်းနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကတော့ ရိုဟင်ဂျာအရေးကိုသာ သိကြပါတယ်။ သူတို့ကို ဘယ်လို သတင်းစကား ပေးချင်ပါသလဲ။
ဖြေ။ ။ အနောက်တိုင်းနဲ့ ကုလသမဂ္ဂတို့ က ရိုဟင်ဂျာပြဿနာအပေါ် အလွန် အာရုံစိုက်ရတဲ့ အကြောင်းရင်းတခု ရှိပါတယ်။ ၂၀၁၇ နဲ့ ၂၀၁၂ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ကိစ္စတွေကြောင့်ပါ။ ကျနော်ကပဲ ပြောတာ မဟုတ်ပါဘူး။ အခုဆို အစိုးရရဲ့ စုံစမ်းစစ်ဆေးမှု အပြီးမှာ လူ့အခွင့်အရေးကို ချိုးဖောက်တဲ့ ရာဇဝတ်မှုတွေ၊ ကြီးလေးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်မှုရှိခဲ့ကြောင်း အစိုးရက သဘောတူပြီလို့ ထင်ပါတယ်။ ၂၀၁၇ ခုနှစ် က ARSA (အာရကန်ရိုဟင်ဂျာကယ်ဆယ်ရေး တပ်မတော်) ရဲ့ တိုက်ခိုက်မှုကို ဖြေရှင်းရာမှာ မြန်မာ့တပ်မတော်က အင်အား အလွန်အကျွံ အသုံးပြုခဲ့ပြီး၊ လူပေါင်း ၇၀၀၀၀၀ ကို အဓမ္မ နှင်ထုတ်ခြင်းကို ဦးတည်စေတဲ့ အကြမ်းဖက်မှုများကို ကျူးလွန်ခဲ့တယ် ဆိုတာကို အခုဆိုရင် လက်ခံပြီလို့ ကျနော် ထင်ပါတယ်။ အဲဒါက နိုင်ငံတကာက အာရုံစိုက်မှု အထူးတလည်ခံခဲ့ရတဲ့ နိုင်ငံတကာဖြစ်ရပ်ကြီးတခု ဖြစ်ပါတယ်။
နောက်ပြီး ၃ နှစ်ကြာပြီးတဲ့နောက်မှာလည်း သူတို့ (ရိုဟင်ဂျာဒုက္ခသည်တွေ) က အဲဒီ ဒုက္ခသည်စခန်းတွေမှာ နေကြရဆဲ ဖြစ်နေတာကြောင့်လည်း ပါပါတယ်။ ကျနော်ကိုယ်တိုင် (ဘင်္ဂလား ဒေ့ရှ် နိုင်ငံ) ကော့ဘဇားမှာ ရှိတဲ့ ဒုက္ခသည် စခန်းတွေကို ရောက်ခဲ့ပါတယ်။ COVID-19 ကပ်ရောဂါဖြစ်နေချိန်ကာလနဲ့ မုတ်သုန်ရာသီကာလမှာ ခင်ဗျားတို့ သွားချင်မယ့် နေရာမဟုတ်ပါဘူး။ ကျနော် အဲဒါကို သေချာပေါက် ပြောနိုင်ပါတယ်။
နိုင်ငံမဲ့ခြင်းက အခြေခံပြဿနာပါ။ ဒါက လူ့အခွင့်အရေးချိုးဖောက်မှု အဖြစ် ဆက်ရှိနေတာပါ။
ဒါကို ဖြေရှင်းဖို့ လိုအပ်ပြီး ရေရှည်တည်တံ့မယ့် အဖြေကို ရှာဖွေဖို့ လိုအပ်ပါလိမ့်မယ်။ ရိုဟင်ဂျာတွေအတွက် နိုင်ငံသားဖြစ်မှုမှာ ပိုပြီးလက်တွေ့ကျတဲ့ လမ်းကြောင်းတခု လိုအပ်ပါတယ်။
ဒါပေမယ့် ကျနော် ပြောခဲ့သလိုပါပဲ၊ ကျနော်တို့ အနောက်တိုင်း (အထူးသဖြင့် EU) က ရခိုင်ပြည်နယ်က အခြေအနေတွေက ရိုဟင်ဂျာ ပြဿနာထက် ကျော်လွန်နေတယ်ဆိုတာကို နားလည်တယ်။ အခု လက်ရှိတင် ရခိုင် စစ်တပ် (AA) နဲ့ တိုက်ခိုက်နေတာ ကျနော်တို့ တွေ့နိုင်ပါတယ်။
ရခိုင်အသိုင်းအဝိုင်းက သူတို့ရဲ့ အရေးကိစ္စတွေမှာ ပိုမိုကျယ်ပြန့်စွာ ပြောဆိုခွင့်ရရေး ဆန္ဒရှိနေပါတယ်။ ရခိုင်ပြည်နယ်လွှတ်တော်က သူတို့ရဲ့ ကိုယ်ပိုင် အရေးကိစ္စတွေကို ပိုမို ပြောဆိုခွင့် လုပ်ခွင့် ရလိုကြတယ်။ အဲဒါက ကျနော်တို့ ဥရောပ မှာလည်း ရှိပါတယ်။ ဥရောပတွင်း ဒေသဆိုင်ရာ အစိုးရတွေက ပိုမိုကျယ်ပြန့်တဲ့ ပြောဆိုခွင့် တောင်းခံကြတယ်။ သဘောတူအောင် ပြောခြင်းအားဖြင့် အဲဒီ မကျေနပ်မှုတွေကို ခင်ဗျား ဖြေရှင်းရပါမယ်။
တကယ်လို့ ခင်ဗျားက ရခိုင်ပြည်နယ်လို ပြည်ထောင်စုရဲ့ အစိတ်အပိုင်းဆိုရင် ပြည်ထောင်စုအစိုးရက ချမှတ်တဲ့၊ နေပြည်တော်လွှတ်တော်က ချမှတ်တဲ့ ဆုံးဖြတ်ချက် အချို့ကို လက်ခံရပါလိမ့်မယ်။ ဘယ်ဆုံးဖြတ်ချက်တွေကို ဗဟိုက မချမှတ်ရဘူး၊ ဘယ်ဆုံးဖြတ်ချက်တွေကို ပြည်သူတွေနဲ့ ပိုမို နီးကပ်တဲ့ ဒေသဆိုင်ရာ အဆင့်က ချမှတ်သင့်တယ် ဆိုတာကို ဥရောပ သမဂ္ဂမှာလည်း ကျနော်တို့ စဉ်ဆက်မပြတ် ဆွေးနွေးနေရပါတယ်။
ပညာရေး၊ ယဉ်ကျေးမှု၊ ကျန်းမာရေး နဲ့ အခြားအကြောင်းအရာတွေဟာ ဖက်ဒရယ် ပြည်ထောင်စုတခုတွင်းက ပြည်နယ်ရဲ့ အခွင့်အာဏာ ဖြစ်တယ်ဆိုတာကို ခင်ဗျား သဘောတူရပါမယ်။
ဒါကြောင့် ရခိုင်ပြည်နယ်သာမက ကချင်၊ ရှမ်းနှင့် ၀ (ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ) တွေမှာလည်း ပြဿနာရဲ့ အဖြေက ဒါတွေ အားလုံးကို ရှင်းလင်းအောင် လုပ်ပေးထားတဲ့ ဖက်ဒရယ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အသစ်တခုကို ရေးဆွဲဖို့ ဖြစ်ပါတယ်။ တိုက်ပွဲတွေက အဲဒီ ဖွဲ့စည်းပုံရအောင်ပို့ပေးမှာ မဟုတ်တာ သေချာပါတယ်။ အကြမ်းဖက်မှုကလည်း အဲဒါတွေကို ရစေလိမ့်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲခြင်းက ကျနော့် အမြင်မှာ ဦးစားပေးဖြစ်ပါတယ်။
မေး။ ။ မြန်မာနိုင်ငံမှာ EU သံအမတ်ကြီး အနေနဲ့ တာဝန် ထမ်းဆောင်စဉ်အတွင်း မြန်မာနိုင်ငံ ရဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှုလုပ်ငန်းစဉ်မှာ ဘယ်လို အခန်းကဏ္ဍက ပါဝင်ခဲ့ပါသလဲ။ မြန်မာက တရုတ်နိုင်ငံနဲ့ ပိုမိုနီးကပ်တဲ့ဆက်ဆံရေးရှိပြီး၊ တရုတ်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ အစိုးရ နဲ့ တပ်မတော်ကြားမှာ ငြိမ်းချမ်းရေး အကျိုးဆောင်အနေနဲ့ ဆောင်ရွက်နေတဲ့အချိန်မှာ EU က မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှုနဲ့ ပတ်သက်လို့ ပိုမိုပြီး လုပ်ပေးနိုင်တာ ဘာတွေ ရှိပါသလဲ။
ဖြေ။ ။ အစိုးရက နိုင်ငံတကာ ထောက်ပံ့မှုကို သူတို့ လက်ခံပေမယ့် အပြည်ပြည်ဆိုင်ရာက ညှိနှိုင်းပံ့ပိုးမှု ဒါမှမဟုတ် ကြားဝင်ဖြန်ဖြေမှုကို လက်မခံဘူးဆိုတာကို ရှင်းရှင်းလင်းလင်း ပြုလုပ်ထားပြီး ဖြစ်ပါတယ်။ အဲဒါက တရုတ်နိုင်ငံလည်း အပါအဝင် ဖြစ်ပါတယ်။ တခါတရံမှာတော့ တရုတ်က လူတွေကို ဆွေးနွေးပွဲစကားဝိုင်းဆီ ခေါ်ပေးတာ သို့မဟုတ် ဆွေးနွေးဖို့နေရာပေးတာ စတာတွေမှာ အထောက်အကူဖြစ်ပါတယ်။
ဒါပေမယ့် မြန်မာနိုင်ငံက သူ့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို သူကိုယ်တိုင် ထိန်းချုပ်ထားတယ်။ အစိုးရ၊ တပ်မတော် နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြားမှာ ဘယ်သူကမှ ပံ့ပိုးပေးခြင်း သို့မဟုတ် ကြားဝင် ဖြန်ဖြေပေးခြင်း မရှိဘူးဆိုတာ အလွန်ထင်ရှားပါတယ်။ အဲဒါက အမြော်အမြင်ရှိတဲ့ရွေးချယ်မှု လို့ ကျနော်ထင်ပါတယ်။
ဒီ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က ကမာ္ဘပေါ်မှာ အရှုပ်ထွေးဆုံး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေထဲက တခု ဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ခင်ဗျားတို့နိုင်ငံမှာ ဆွေးနွေပွဲစားပွဲဝိုင်း ပတ်လည်မှာ ကွဲပြားခြားနားတဲ့ အုပ်စုတွေ အများကြီး ရှိနေလို့ ဖြစ်ပါတယ်။
ကျနော်တို့က ဒီဆွေးနွေးပွဲတွေမှာ ကြားဝင်တာ၊ ညှိနှိုင်းပံ့ပိုးတာ သို့မဟုတ် ဖြန်ဖြေပေးတာတွေ မလုပ်ပါဘူး။ ဘယ်သူမှလဲ အဲဒီလို မဟုတ်ပါဘူး။ ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်က မြန်မာနိုင်ငံက ဦးဆောင်တဲ့ လုပ်ငန်းစဉ်တခုဖြစ်ပါတယ်။ အစပိုင်းကတည်းက ကျနော်တို့ ဘာလုပ်သလဲဆိုရင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူညီချက် (NCA) ရဲ့ သက်သေတဦး အဖြစ် ကျနော်တို့ လုပ်ဆောင်နေတာက ငြိမ်းချမ်းရေးဗိသုကာဆိုင်ရာအဆောက်အအုံတွေကို ကူညီပေးတာပါ။ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) ကိုဖြစ်စေ၊ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ(UPC) အမျိုးမျိုးကို ဖြစ်စေ ထောက်ပံ့ဖို့ ဖြစ်ပါတယ်။ ဒီလိုထောက်ပံ့ကူညီမှုတွေကို ပူးတွဲငြိမ်းချမ်းရေးရန်ပုံငွေ (JPF) ကတဆင့် ဥရောပသမဂ္ဂက ထောက်ပံ့ပေးနေတာ ဖြစ်ပါတယ်။
ကျနော် ကိုယ်တိုင်လည်း ငြိမ်းချမ်းရေးကော်မရှင်နဲ့ရော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (EAO) တွေ (အထူး သဖြင့် NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့များ) နဲ့ပါ ထိတွေ့နိုင်သမျှ များများထိတွေ့ ဆက်ဆံပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလိုထိတွေ့ဆက်ဆံမှုက စ်ိတ်ချယုံကြည်မှု တည်ဆောက်ပေးနိုင်ပါတယ်။ သူတို့က နိုင်ငံတကာအသိုင်းအဝိုင်း နဲ့ စကားပြောနိုင်တယ်ဆိုတဲ့ EAO တွေရဲ့ ယုံကြည်မှုကို တည်ဆောက်ပေးတယ်လို့ ကျနော် ထင်ပါတယ်။
NCA ကို သူတို့ လက်မှတ်ရေးထိုးခဲ့တဲ့အထဲ အကြောင်းရင်းတခုက နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အသိအမှတ်ပြုခြင်းနဲ့ အတူတူ လက်တွဲအလုပ်လုပ်နိုင်ဖို့ ဖြစ်တယ်။ ဒါဟာ NCA ကို လက်မှတ်ထိုးခြင်းရဲ့ အကျိုးကျေးဇူးတခုဖြစ်ရမယ်လို့ မျှော်လင့်တဲ့အတွက် ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့က သူတို့ကို စိတ်အနှောက်အယှက် ဖြစ်အောင် မလုပ်ဖို့ အရေးကြီးတယ်လို့ ကျနော် ထင်ပါတယ်။ EAO အဖွဲ့တွေနဲ့ ကျနော့်ရဲ့ ဆွေးနွေးမှုတွေတိုင်းမှာ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ စကားပြောရတာကို သူတို့တကယ် တန်ဖိုးထားတယ် ဆိုတာ အသေအချာ တွေ့ခဲ့ရပါတယ်။ ကျနော်တို့ အဲဒီလိုပဲ ဆက်လုပ်သွားပါမယ်။
မေး။ ။ မြန်မာနိုင်ငံရဲ့ လက်ရှိအစိုးရက လူ့အခွင့်အရေး အခြေအနေ တိုးတက်ဖို့ လိုအပ်တဲ့ အဆင့်တွေကို အမှန်တကယ် အကောင်အထည် ဖော်နိုင်တယ်လို့ ထင်ပါသလား။ မြန်မာနိုင်ငံကို ဒီမိုကရေစီအပြည့်အဝဖြစ်စေဖို့ ဘယ်လိုကဏ္ဍတွေကို အစိုးရက ပိုမိုအာရုံစိုက်ဖို့ သို့မဟုတ် ပိုပြီး အားထုတ်ဆောင်ရွက်ဖို့ လိုအပ်ပါသလဲ။
ဖြေ။ ။ အစိုးရ ဝန်ကြီးတွေနဲ့ စကားပြောရင်း တခါတရံ ကျနော် သဘောပေါက်မိတာက သူတို့ ကိုယ်တိုင်လည်း ဒီထက် ပိုလုပ်ချင်ခဲ့ကြလိမ့်မယ် ဆိုတဲ့ ခံစားချက်ဖြစ်ပါတယ်။ အဲဒါက အစိုးရတိုင်းရဲ့ သဘောသဘာဝလို့ ကျနော် ထင်ပါတယ်။ အစိုးရတဖွဲ့ဟာ အစပိုင်းမှာ မြင့်မားတဲ့ မျှော်လင့်ချက်တွေ၊ ဆန္ဒတွေ၊ အစီအစဉ်တွေနဲ့ အတူ ရောက်လာတယ်။ နောက်တော့ တကယ့် လက်တွေ အခြေအနေက ဖြစ်လာရော။ ကံမကောင်းစွာနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ခဲ့ရတဲ့ ကိစ္စတခုက ရခိုင်ပြည်နယ်မှာ ARSA ရဲ့ တိုက်ခိုက်မှု နဲ့ အဲဒီနောက်ပိုင်းမှာ တပ်မတော်ရဲ့ အကြမ်းဖက်တုံ့ပြန်မှု ဖြစ်ပါတယ်။ အဲဒါက အစိုးရကို နည်းလမ်းများစွာနဲ့ လွှမ်းမိုးခဲ့တယ်လို့ ကျနော် ထင်ပါတယ်။ အစိုးရအနေနဲ့ အကောင်အထည်ဖော်ဖို့ အစီအစဉ်တွေ ရှိကောင်းရှိခဲ့ပါလိမ့်မယ်။ နောက်တော့ ရခိုင်ပြည်နယ်က အာရုံစိုက်မှု အများအပြား ခံလာရတယ်။
လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေး၊ ကလေးသူငယ်အခွင့်အရေး နဲ့ အချို့သော အလုပ်သမား အခွင့်အရေးဆိုင်ရာတွေမှာ ဥပဒေပြုရေးမှာရော အကောင်အထည်ဖော်ရေး မှာပါ တိုးတက်မှုတွေကို မြင်တွေ့ခဲ့ရတယ်လို့ ကျနော် ထင်ပါတယ်။
များမကြာမီမှာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကို တားဆီးခြင်းနဲ့ အကာအကွယ်ပေးခြင်းဆိုင်ရာ ဥပဒေကြမ်းကို လွှတ်တော်က အတည်ပြုပြီး ခိုင်မာအားကောင်းတဲ့ ဥပဒေ တရပ်အဖြစ် အမျိုးသမီးတွေကို ပိုမို အကာအကွယ် ပေးနိုင်လိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။
ပြီးတော့ တိုးတက်မှုရှိအောင် လုပ်နိုင်ခဲ့သင့်တယ်လို့ ကျနော် ထင်တဲ့အရာ အတော်များများလည်း ရှိပါတယ်။ အထူးသဖြင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် နဲ့ စာနယ်ဇင်းသမားများကို အကာအကွယ် ပေးရေး ဖြစ်ပါတယ်။ အစိုးရက သိပ်မသုံးပေမယ့် လူပုဂ္ဂိုလ်တဦးချင်းအနေနဲ့ စာနယ်ဇင်းတွေကို ခြိမ်းခြောက်ဖို့ အတွက် အသုံးပြုနေတဲ့ ဥပဒေဟောင်း တချို့ ရှိပါတယ်။ ကျနော့်အနေနဲ့ဆိုရင် ဒီဥပဒေတွေကို ပါလီမန်မှာ နေရာအများစု ရရှိထားတဲ့ ဒီမိုကရေစီအစိုးရက ကိုင်တွယ်နိုင်ခဲ့သင့်တယ်လို့ ယူဆတယ်။ ကျနော်ပြောတဲ့ ဥပဒေတွေထဲမှာပါတာက ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၅၀၅ နဲ့ ဆက်သွယ်ရေး ဥပဒေ ၆၆ (ဃ) တို့ ဖြစ်ပါတယ်။ မြန်မာ နိုင်ငံမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်ကို ပိုမိုခိုင်ခိုင်မာမာရရှိစေဖို့ ဒီဥပဒေတွေကို မပြင်ဆင် တာက ကံဆိုးခြင်းပဲလို့ ကျနော် ထင်ပါတယ်။ ဒါပေမယ့် လာမယ့်နှစ်တွေမှာ ဒီပြဿနာကို ဖြေရှင်းနိုင် လိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်ကို ကာကွယ်ခြင်းက ဒီမိုကရေစီတိုင်း ရဲ့ အစိတ်အပိုင်း တခုဖြစ်တဲ့အတွက်ပါ။
(Nyein Nyein ၏ Nation Building in Myanmar an ‘Ongoing Process’: Outgoing EU Ambassador ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
အံ့ဩဖွယ် ကိုဗစ်ထိန်းချုပ်ရေး ဆက်ထိန်းထားရန် WHO မြန်မာပြည်ဆိုင်ရာ ကိုယ်စားလှယ် တိုက်တွန်း
စိန်ခေါ်မှုအားလုံးကို ကျော်လွှားနိုင်ဖို့ အချိန်ယူရပါတယ်
တောင်တရုတ်ပင်လယ်က ပြဿနာ မြန်မာအပေါ် ဘယ်လိုသက်ရောက်နေလဲ