တန်းတူညီမျှရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုတဲ့ စကားလုံး၊ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေနဲ့ ပတ်သက်ရင် နယ်ပယ် အသီးသီးက တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ ပြောဆိုချက်တွေ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကိုပဲ အရင်ဆုံး မြင်တွေ့ကြရတာ များပါ တယ်။
အစိုးရ၊ တပ်မတော်တို့နဲ့ ဆွေးနွေးတဲ့ အခါမှာလည်း အနာဂတ်ကို ပြန်လည် တည်ဆောက်တဲ့အခါ ဘယ်လိုပုံသဏ္ဍန် ဖြစ်ချင်တယ် ဆိုတာတွေနဲ့ ပတ်သက်ရင်လည်း ထိပ်သီးခေါင်းဆောင်တွေရဲ့ပြောဆိုချက်တွေကိုသာ အမြဲကြားရလေ့ ရှိပါတယ်။
တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအကြား နေထိုင်နေရတဲ့ အရပ်သားတွေ၊ ပဋိပက္ခကြားမှာ နှစ်ပေါင်းကြာရှည် ဒုက္ခခံနေရတဲ့ အရပ်သားတွေကတော့ သူတို့ရဲ့ အနာဂတ်၊ မျှော်လင့်ချက်တွေကို ထုတ်ဖော် ပြောဆိုနိုင်တဲ့ အခွင့်အလမ်း နည်းပါးကြပါတယ်။
တန်းတူညီမျှရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုတဲ့ စကားလုံး၊ အဓိပ္ပာယ်တွေကို ဘယ်လို နားလည်သလဲ၊ နိုင်ငံရေးသမားတွေ မဟုတ်ကြတဲ့ ပဋိပက္ခဒေသထဲမှာ နေထိုင်ကြတဲ့ အရပ်သားတွေ လိုချင်တဲ့ အနာဂတ်ကရော ဘယ်လို ပုံစံလဲ ဆိုတာနဲ့ ပတ်သက်ပြီး ဧရာဝတီအကြီးတန်း သတင်းထောက် နန်းလွင်နှင်းပွင့်က ကွတ်ခိုင်မြို့က ဒေသခံတွေ အပါအဝင် စစ်ဘေး ရှောင် ဒုက္ခသည်တွေကို ဇူလိုင်လအတွင်း သွားရောက် တွေ့ဆုံမေးမြန်းထားပါတယ်။
ဒေါ်ခွန်ရှောင် (ဇွပ်အောင် စစ်ဘေးရှောင်စခန်း၊ ကွတ်ခိုင်မြို့နယ်)

ကျမတို့ တိုင်းရင်းသားအနေနဲ့ကတော့ တန်းတူရှိချင်တယ်။ ဒါပေမယ့် အစိုးရဘက်ကနေ ကြည့်လိုက်ရင် တန်းတူ မဟုတ် ဘူး။ သူတို့ဘက်က ကျမတို့ တိုင်းရင်းသားတွေကို တန်းတူ အခွင့်အရေး မပေးဘူး။ မပေးလို့လည်း ခဏခဏ မတည်မငြိမ် တိုက်ပွဲ ဖြစ်တယ်လို့ ကျမတို့က ယူဆပါတယ်။ လူမျိုးခွဲပြီးမှ တန်းတူ အခွင့်အရေး မရတာ ကျမ အနေနဲ့ ပြောရရင် ကျောင်းက အစပါပဲ။ တိုင်းရင်းသား ကလေးတွေက ၁၀ တန်းအောင်ဖို့တောင် တော်တော်ခက်ပါတယ်။ ကျမတို့ တိုင်းရင်း သားတွေကို အခွင့်အရေး မပေးသလိုပဲ မြင်ပါတယ်။ ပညာရေးပိုင်းမှာရော လူမှုရေးပိုင်းမှာရောပါ တန်းတူမရှိဘူးလို့ ယူဆ ပါတယ်။
ဒေါ်ဒေါင်ယမ် (နမ့်ဟူးကျေးရွာအုပ်စု ၊ ကွတ်ခိုင်မြို့နယ် )

တန်းတူညီမျှရေးဆိုတာက တိုင်းရင်းသားတွေ အားလုံး တစည်းတလုံးတည်းနဲ့ တယောက်က ၁၀၀ ရရင် နောက်လူတွေ လည်း ၁၀၀ ရပြီး အားလုံး ညီမျှအောင် စိတ်ပျော်လက်ပျော်နဲ့ နေနိုင်အောင် ချမ်းချမ်းသာသာနဲ့ နေချင်ကြတဲ့ အခြေအနေ လို့ပဲ အဘွားက နားလည်တယ်။ အားလုံး ရန်မဖြစ်ကြတဲ့ အခြေအနေမျိုးပေါ့။ အခုက အဲဒီလို မဟုတ်ဘူး။ တိုင်းရင်းသား တိုင်းက တော်လှန်တယ်ဆိုတော့ ကိုယ်လိုချင်တာလည်း မရဘူး။ တန်းတူညီမျှလည်း မဖြစ်ဘူးဆိုတော့ အဲဒီလို ဖြစ်ကြ တယ်လို့ ထင်ပါတယ်။ ကချင်လည်း ကချင်၊ ကရင်လည်း ကရင်၊ ပလောင်လည်း ပလောင်ပေါ့ ။ အားလုံးက ကိုယ့်လူမျိုး အတွက်ပဲ စိတ်ထဲမှာ ထည့်တယ် ဆိုရင်တော့ မကောင်းဘူးပေါ့။ အားလုံးက တန်းတူညီမျှ ဆိုရင်တော့ ကောင်းမှာပေါ့။
ကျမ အခု အသက် ၆၀ ကျော်မှာ ကျမ မွေးလာကတည်းက တော်လှန်ရေးက ရှိနေပြီ။ အေးဆေးတယ်ဆိုတာ မရှိခဲ့ပါဘူး။ တောင်ပေါ် ဒေသမှာ အမြဲတမ်း စစ်ဖြစ်တယ်။ ကျမတို့ ကျောင်းနေတဲ့ အချိန်၊ မြို့ပေါ်မှာဆို အေးဆေးတယ်။ တောင်ပေါ် ရောက်ရင် နေရာတကာက တော်လှန်ရေးရှိတယ်။ တိုက်ပွဲက အနည်းနဲ့ အများ အမြဲ ဖြစ်နေတာပါ။
အနာဂတ်မှာလည်း ဒီလိုပဲ ဖြစ်နေရင် စိတ်မပျော်နိုင်ပါဘူး။ အားလုံး အေးအေးဆေးဆေး နဲ့ တန်းတူညီမျှမှု ရရင်တော့ ပျော်ရမှာပါ။ မြေးတွေ ရှေ့ဆက်သွားမယ့် ကလေးတွေအတွက် ကျမတို့က အသက်ကြီးသွားပါပြီ။ ဒါပေမယ့် ကလေးတွေ သားသမီးတွေ ဟိုးမျိုးဆက်တွေက ဒီလိုပဲ ခံစားနေရရင်တော့ မကောင်းဘူး။ ဒါပေမယ့် ကျမတို့က ပြောခွင့်ရော လုပ်ပိုင်ခွင့် ရော မရှိပါဘူး။ အားလုံးက ဟိုဘက်ဒီဘက်အဖွဲ့က ဝန်ထမ်းတွေက စုစည်းတိုင်ပင်ပြီး ဆွေးနွေးရင်တော့ အဆင်ပြေ မယ်လို့ ထင်ပါတယ်။
ဦးဂျုံးဇေ (ဇွပ်အောင် စစ်ဘေးရှောင်စခန်း )

ကျနော့်အနေနဲ့ကတော့ လက်နက်ကိုင်တိုက်ပြီး တောင်းဆိုနေတာတွေလည်း အမြန်အောင်မြင်ပြီး တိုက်ပွဲတွေ ရပ်စေ ချင်တယ်။ အစိုးရအနေနဲ့လက်နက်ကိုင်တွေ တောင်းဆိုနေတာကို နားလည်ပြီး တန်းတူညီမျှရေးဆိုတာကိုလည်း ပေးစေ ချင်တယ်။ တန်းတူညီမျှရေးဆိုတာ တိုက်ပွဲတွေ မရှိရဘူး။ လူမျိုးတိုင်းက မိမိနဲ့ ပတ်သက်တာတိုင်းကို ညီတူညီမျှ ခွဲဝေပြီး သင့်သင့်မြတ်မြတ်နဲ့ ခွဲဝေသုံးစွဲပြီး သူ့ဟာလည်း ကိုယ်သွားမလုဘူး။ ကိုယ့်ဟာလည်း သူလာမလုဘူး ဆိုတာမျိုးပေါ့။ ကိုယ့်ဆီမှာ ရှိတာကို လွတ်လွတ်လပ်လပ် သုံးစွဲပြီး အေးအေးချမ်းချမ်း နေထိုင်နိုင်ရင် အဲဒါဟာ တန်းတူညီမျှရေးပဲ လို့ ကျနော် မြင်တယ်။
လက်ရှိဖြစ်ပျက်နေတာကို သုံးသပ်ကြည့်ရင် သူတို့ အုပ်ချုပ်တယ် လုပ်ချင်တာ လုပ်မယ်လို့ပဲ မြင်တယ်။ ကျနော်တို့ တိုင်းရင်းသားတွေ ကိုယ်ပိုင်ပြဋ္ဌာန်းချင်တာတွေကို သူတို့ လုပ်ပေးတာ မရှိဘူး။ အဲဒီတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုတဲ့ အကြောင်း ဘယ်လိုနားလည်လဲလို့ မေးရင် ကျနော် မဖြေရဲပါဘူး။ မပြောရဲပါဘူး။
အခုတောင်းဆိုနေတဲ့ အခွင့်အရေးတွေသာ ရရင် ကျနော်တို့ အကုန်လုံး လွတ်လွတ်လပ်လပ်နဲ့ သွားလာ လှုပ်ရှားလို့ ရမယ်။ အေးအေးဆေးဆေး လုပ်ကိုင်စားသောက်လို့ ရမယ်။ ပြည်သူတွေ အကုန်လုံးက ပိုပြီး ဘဝတိုးတက်ရေး၊ မိသားစု စားဝတ်နေရေး ဝင်ငွေတွေကို လွတ်လွတ်လပ်လပ် ရှာနိုင်မယ်။
ဦးနောင်လတ် (ညှိနှိုင်းရေးမှူး၊ ရှမ်းပြည်နယ်မြောက်ပိုင်း စစ်ဘေးရှောင်များ ကူညီရေးကော်မတီ )

အခု ကျနော်တို့ နားချမ်ဒေသကနေ ပြောင်းလာပြီး အခု ကာလိုင်စစ်ဘေးရှောင်စခန်းမှာ နေနေတာ စစ်ဘေးရှောင် ဦးရေ ၁၀၀၀ ကျော် ရှိပါတယ်။ အခု IDPs တွေ အဓိက စိုးရိမ်နေတာ မြေယာကိစ္စပါ။ မိမိမူရင်း မြေယာနဲ့ သယံဇာတ ဆုံးရှုံး သွားမှာ အရမ်း ကြောက်နေကြတယ်။ အဲဒါ ပျောက်ကွယ်သွားရင် ဘဝရပ်တည်ချက်က ရှုံးပြီးရင်း ထပ်ရှုံးရမလို ဖြစ်နေ တယ်။
IDPs တွေက တောင်ပေါ်ဒေသမှာ ရွှေ့ပြောင်းတောင်ယာ လုပ်တော့ ပုံစံ ၇ တို့ စာရွက်စာတမ်းတွေ ဘာမှလည်း မရှိဘူး။ တရွာနဲ့ တရွာ ဘယ်မြေက ဘယ်ရွာပိုင်တယ်ဆိုတာ တိုင်းရင်းသား ဓလေ့ထုံးတမ်းအရ အုပ်ချုပ်လာကြတာ။ အဲဒီ မြေတွေမှာ စီမံကိန်းသမားတွေက စာရွက်စာတမ်းတွေ ကိုင်ပြီး ဝင်လာမှာလည်း အရမ်းစိုးရိမ်တယ်။ အဲဒါသာ ပျောက်သွား ရင် ကျနော်တို့ အသက်၊ ကျနော်တို့ ဘဝတွေပါ ပျောက်ဆုံးသွားမှာ။
အခုချိန်ထိ ကျနော်တို့ကို အကြောင်းကြားတယ်။ တိုင်ပင်တယ်ဆိုတာ မကြားသေးဘူး။ သူတို့ဘာသာ သူတို့ ဘာအတွက် လာလုပ်သွားမှန်းတောင် မသိဘူး။ နောက်မှ လိုက်စုံစမ်းမှ အဲဒါအတွက် လာတယ်ဆိုတာ သိရတာ (မြေယာများတွင် စီမံကိန်းလုပ်ကိုင်လိုသူများ လာခြင်း)။ ရွာသားတွေကို လာခေါ်တော့ အဲဒီဘက်ကို တက်ဖို့ လမ်းပြဖို့ တောခုတ်ဖို့ အတွက် နေ့စား လာငှားတာပေါ့ဗျာ။ တနေ့ ၅၀၀၀ ကျပ် ပေးမယ်။ ၁၀၀၀၀ ကျပ်ပေးမယ်ဆိုတော့ ရွာသားတွေက အဲဒါကို ပျော်လို့။ ဘာအတွက် လာလုပ်သွားမှန်း လည်း မသိဘူး။
ကျနော်ကတော့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံစနစ်ကို လျှောက်မယ်ဆိုရင် ဗဟိုချုပ်ကိုင်မှုစနစ်ကို လျော့ချစေချင်တယ်။ ဗဟို ချုပ်ကိုင်မှုက မကောင်းဘူးလို့ ကျနော်မပြောဘူး။ ဒါပေမယ့် ဗဟိုစနစ်ရဲ့ အားနည်းချက်တွေကို ကျနော်တို့က အများကြီး ခံစားရပါတယ်။ ပြည်သူတွေ မသိဘဲ၊ ရပ်မိရပ်ဖတွေ ဘာမှ မသိဘဲ တကယ့်ကို တန်ဖိုးရှိတာတွေ ဘဝနဲ့ကို ရင်းပြီး ဆုံးရှုံး ရတာတွေ ရှိပါတယ်။ ဖက်ဒရယ်မှာဆိုရင် ဒေသန္တရ အုပ်ချုပ်ရေး၊ ပြည်နယ်အုပ်ချုပ်ရေးကိုလည်း စဉ်းစားပေးစေ ချင်ပါ တယ်။
တကယ်လို့ ဗဟိုချုပ်ကိုင်မှု စနစ်နဲ့ပဲ သွားမယ် ဆိုရင်လည်း ဒေသန္တရ၊ ပြည်နယ် အဆင့်ဆင့်က အုပ်ချုပ်ရေး ကိုလည်း ဦးစားပေးစေချင်ပါတယ်။ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု တာဝန်ခံမှုတွေ လုပ်ပေးမယ်ဆိုရင်တော့ ပြည်သူတွေ ကျေနပ်မှုရှိမှာပေါ့။အ ခုက ပြည်သူတွေက ဘာမှ မသိဘူး။ ဗဟိုစနစ်နဲ့ လုပ်ကိုင်သွားတယ်။ တာဝန်ယူမှု တာဝန်ခံမှုလည်း မရှိဘူး။ ဒါတွေကတော့ လုံးဝကို မှားပါတယ်။
ဦးယိန်းခေါ (အုပ်ချုပ်ရေးမှူး၊ မော်ဟန်ကျေးရွာအုပ်စု)

အပစ်ရပ်ထားတယ်လို့ ကြေငြာထားပေမယ့် ကျနော်တို့ စိတ်ထဲလည်း အေးအေးချမ်းချမ်း မရှိဘူး။ သူတို့ ဖြတ်သွား ဖြတ်လာက ပုံမှန် ရှိနေတယ်။ တဖက်က တိုင်းရင်းသားတပ်နဲ့က မနီးလို့။ နီးရင် စစ်ဖြစ်မှာပဲ။ အုပ်ချုပ်ရေးမှူး တဦးအနေနဲ့ ကျနော့်အတွက်ဆို အမြဲ ကြောက်နေရတယ်။ ဓားပေါ်မှာ ရပ်ထားရသလိုပဲ။ တဖွဲ့လာ တမျိုး ဆိုတော့ အမြဲသတိနဲ့ နေနေ ရတယ်။ ကျနော်တို့က အေးအေးဆေးဆေး လိုလားတယ်။ သူတို့က လက်နက်ကိုင်ထားကြတော့ ဘာမှ ထိထိရောက် ရောက် မပြောရဲဘူး။ ဒီဘက်မှာက အဖွဲ့အစည်းလည်း များတော့ တခုခု သွားပြောရင်လည်း ကျနော်တို့မှာ စိုးရိမ်စရာ ရှိပါတယ်။
ကျနော်တို့ နားလည်တဲ့ တန်းတူညီမျှရေးဆိုတာ အားလုံး အခွင့်အရေး တန်းတူ ရရမယ်။ အခု ကျနော်တို့ မြင်နေရတာက အဖွဲ့အစည်းတွေဆို ဝင်လာတယ်။ သူတို့ ကိုယ်ပိုင်နယ်မြေ အဖြစ် လုပ်ချင်တယ်။ ဒီဘက်မှာဆို တအန်းဝင်လာရင်လည်း တအန်းက ကိုယ်ပိုင်နယ်မြေ အဖြစ် လုပ်ချင်တယ်။ ကျနော်တို့ အနေနဲ့ မြင်တာကတော့ သူတို့ ပြောတာ တန်းတူရေး၊ အခွင့်အရေး ရအောင်လို့ ပြောတာပဲ။ ကျနော်တို့က တန်းတူရအောင် စစ်တိုက်တာလို့တော့ ပြောတာပဲ။ ကျနော့် အနေနဲ့ ဆိုရင် စစ်တပ်ကလည်း ဒီတိုင်း သွားလာနေတော့ စစ်မဖြစ်ဘဲ နှစ်ဦး နှစ်ဖက် ဆွေးနွေးဖို့ မျှော်လင့်တယ်။ မဟုတ်ဘဲ သွားသွားလာလာ ဆိုရင် တန်းတူညီမျှရေးတို့ ငြိမ်းချမ်းရေးတို့ ဆိုတာ ကျနော်တို့ သက်တမ်းမှာတော့ ရမယ်လို့ မမျှော် လင့်ဘူး။
အဖွဲ့အစည်းထဲမှာ အရင်းပိုင်း (ခေါင်းဆောင်ပိုင်း) ကတော့ ကောင်းရင် ကောင်းမှာပေါ့။ ကျနော်တို့က အဖျားပိုင်း (အောက်ခြေပိုင်း) နဲ့ပဲ တွေ့နေရတော့ ကြောက်နေရတာပဲ။
အားလုံးက အဖွဲ့အစည်းတွေက ပြည်သူတွေ လုံခြုံအောင်လို့ ဆိုပြီး ပြောနေတယ်။ ဒါပေမယ့် ကျနော်တို့ ဒုက္ခတော်တော် ရောက်တယ်။ ပြီးခဲ့တဲ့နှစ်တွေကဆို မိုင်းနင်းမိတာတို့၊ ကြောက်လို့ ထွက်ပြေးရင် ပစ်သတ်ခံရတာတို့ ရှိတယ်။ ကျနော်တို့ ကြောက်နေရတာပါပဲ။ ကျနော်တို့ ကျေးရွာ အုပ်စုမှာ လူကြီးလုပ်ဖို့ ဘယ်သူမှ မလုပ်ရဲဘူး။ ဝန်လေးလာပြီ။
ကျနော်တို့ နိုင်ငံမှာ ဒီမိုကရေစီလို့ ပြောနေတယ်။ အစစ်အမှန် ဒီမိုကရေစီ ရလာရင် ပိုကောင်းမယ်။ အဲဒီလိုရရင် ကျနော်တို့ ပြည်သူလူထုရော အကုန် တန်းတူ တိုးတက်ပြီး ပျော်ရွှင်ရမှာ။ အခု ပုံစံနဲ့ ဆိုရင်တော့ ဒီမိုကရေစီနိုင်ငံဆိုပြီး ခံစားရတာ ဘာမှ မရှိဘူး။ ငြိမ်းချမ်းရေး ဆွေးနွေးတာတွေလည်း အားရတာ မရှိဘူး။ အခု ရွေးကောက်ပွဲလည်း နီးပြီဆိုတော့ လာမယ့် အစိုးရမှာ ကျနော်တို့ အခွင့်အရေးကို နားလည်ပြီး ကျနော်တို့အတွက် ဦးဆောင်နိုင်မယ့် အစိုးရကို လိုလားတယ်။
ဒေါ်ဘောမ်နန်း(မော်ဟန်ကျေးရွာအုပ်စု၊ ကွတ်ခိုင်မြို့နယ်)

အခုနှစ်က နည်းနည်း အဆင်ပြေတယ်။ အရင်ကဆို ကျမတို့နားမှာ ပလောင်စစ်သားတွေ ရောက်လာတော့ ကြောက်ရ တာနဲ့ လယ်ယာသွားရတာ အဝေးကြီးဆိုတော့ ကြောက်နေရ၊ မသွားရဲနဲ့။ လယ်ယာတွေ ကောင်းကောင်း မစိုက်နိုင်တာ တောင် အများကြီးပဲ။ ဒီနှစ်တော့ တိုက်ပွဲ လျော့သွားတော့ နည်းနည်း ပြန်စိုက်နိုင်လာတယ်။
အစိုးရက ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်နေတယ် ဆိုတာ ကျမတော့ မသိဘူး။ တခါတလေ သားတို့ အိမ်မှာ စလောင်းနဲ့ ဆိုရင်တော့ နည်းနည်း ကြည့်ရပါတယ်။ ဘာတွေဆွေးနွေး ကြတယ်ဆိုတာတော့ ကျမ မသိဘူး။ အခု တိုက်နေကြတဲ့ တိုင်းရင်းသားတပ်ဖွဲ့တွေက တန်းတူညီမျှရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပြောတာကို ကြည့်ရင်တော့ ကျမတို့ဆို တန်းတူလည်း မရပါဘူး။ ကိုယ်ပိုင် အုပ်ချုပ်ခွင့်လည်း မရပါဘူး။ တန်းတူညီမျှရေးလို့ ပြောရင် ကျမတို့လည်း လိုချင်တယ်။
ကျမတို့ ရွာမှာဆို ရာအိမ်မှူးက အမျိုးသမီး မရှိဘူး။ အမျိုးသမီးတွေက လုပ်တတ်ပါတယ်။ ဒါပေမယ့် ယောင်္ကျားတွေက သူတို့ပဲ ခေါင်းဆောင်တယ်။ သူတို့က မရွေးချယ်တော့ မိန်းမတွေက မလုပ်ရဘူးပေါ့။ နောက်တခုက ဒေသက မအေးချမ်း တော့ ဟိုအဖွဲ့အစည်းက ခေါ်၊ ဒီအဖွဲ့အစည်းက ခေါ်ဆိုရင် မိန်းမတွေက မသွားရဲ တာကြောင့်လည်း ပါပါတယ်။ တကယ်လို့ မိန်းမတွေက အုပ်ချုပ်ရေးပိုင်းမှာ ပါလာရင်တော့ မိန်းကလေးတွေကို အကြမ်းဖက်မှုတွေ အခွင့်အရေးပိုင်း မှာတော့ ပိုပြောဆိုလို့ ရတာပေါ့။ အခုကျတော့ ယောင်္ကျားချည်းပဲ ဆိုတော့ မိန်းမတွေက မပြောရဲဘူး။ အခွင့်အရေးမှ မရှိတာကိုး။ ကျမကတော့ တန်းတူညီမျှရေးမှာဆိုရင် အဲဒီအခွင့်အရေး လိုချင်တယ်။
တကယ်လို့ ကျမတို့ ရွာမှာ အမျိုးသမီး အုပ်ချုပ်ရေးမှူး နေရာပေးရင် လုပ်နိုင်တဲ့သူ ၄ ယောက်၊ ၅ ယောက်တောင် ရှိတယ်။ တော်ကြတဲ့ အမျိုးသမီးတွေပါ။
တိုင်းရင်းသားခေါင်းဆောင်တွေ ပြောတဲ့ ဖက်ဒရယ်ဆိုတာတော့ ကျမ မသိဘူး။ အဲဒီ ဖက်ဒရယ် ရရင် ဘာတွေကောင်း လာမယ် ဆိုတာလည်း ကျမ မသိဘူး။ ဒါပေမယ့် ကျမ ပတ်ဝန်းကျင်ကို ငြိမ်းချမ်းစေချင်တယ်။ သွားသွားလာလာ အဆင် ပြေချင်တယ်။ မနှစ်တုန်းကဆို လယ်ယာလည်း မသွားရ၊ ကြောက်ရ၊ မိုင်းတွေမြှုပ်ထားတယ်ဆိုတော့ မသွားရဲဘူး။ ငြိမ်းငြိမ်းချမ်းချမ်းပဲ နေချင်တယ်။
ဒေါ်နန်မိုင် (ကွတ်ခိုင်မြို့နယ် ဒေသခံ)

ကျမကတော့ ရွာထဲမှာနေရင်တောင် လုံခြုံတယ်လို့ မခံစားရဘူး။ ဘယ်အချိန်မှာ ဘယ်ဘက်က ရောက်လာမယ်ဆိုတာကို မသိနိုင်ဘူး။ ရွာကနေ တဖွဲ့ထွက်ရင် ဘယ်နားမှာ တဖွဲ့က မြင်လာမယ်ဆိုတာ မသိတော့ အမြဲတမ်း ကြောက်နေရတယ်။ ဘာလို့ ကြောက်တာလဲလို့ မေးရင် ကျမတို့ ရွာမှာ နေရင် ဗမာစစ်သားတွေက ဇွန်လထဲမှာ ကျမတို့ အဘွားရှေ့မှာ ၂ သောင်း ပေးမယ်။ မိန်းမ လိုချင်တယ်ဆိုတာ ဘာညာ ရှိတော့ ကြောက်တယ်။ ကျမတို့ အမျိုးသမီးတွေက စစ်ကြောင်းတွေ ဝင်လာရင် ထွက်သွားတာလည်း မလုပ်ရဲဘူး။ ထွက်သွားရင် ပိုကြောက်ရမယ်။
တန်းတူညီမျှရေးဆိုတာနဲ့ ပတ်သက်ရင်တော့ ကျမ နားလည်တာ တဖက်က တိုင်းရင်းသား စည်းလုံးညီညွတ်ရေးတို့ ဘာတို့ ပြောနေပေမယ့် တကယ်တမ်းမှာတော့ အဲဒီလို အခြေအနေ မရှိပါဘူး။ ကျမ ဒီလောက်ပဲ ပြောတတ်ပါတယ်။ ပြောမယ်ဆိုရင် ငြိမ်းချမ်းရေးတို့ တန်းတူညီမျှရေးတို့ ဖြစ်လာရင်တော့ ကျမတို့ ပျော်ရမယ်လို့ ထင်တယ်။
အခုက ငြိမ်းချမ်းရေးဆွေးနွေးတာတွေ၊ အစည်းအဝေး လုပ်နေပေမယ့် ဟိုမှာ အစည်းအဝေးဆိုလည်း ဒီမှာက အသံမြည် နေတော့ သူတို့ တကယ်ပဲ ငြိမ်းချမ်းရေး ဆွေးနွေးရင်လည်း ဆွေးနွေးပြီး အောက်ခြေမှာ လျှောက်သွားတာမျိုး မလုပ်ရင် ပြေလည်သွားမယ်လို့ ထင်ပါတယ်။
လာမယ့် အစိုးရ ဆိုရင်တော့ တန်းတူညီမျှရေး လုပ်ပေးနိုင်မယ့် အစိုးရကို လိုချင်တယ်။ နောက်ပြီး မြို့ပဲ မဟုတ်ဘူး။ ရွာတွေ အကုန်လုံးမှာ မခွဲခြားဘဲ အုပ်ချုပ်နိုင်တဲ့ သူ လိုချင်တယ်။ နောက်ပြီး စစ်တပ်က စစ်တပ်၊ အစိုးရက အစိုးရ သက်သက် မဟုတ်ဘဲ အစိုးရကနေ စစ်တပ်ကိုရော ထိန်းနိုင်တဲ့ အုပ်ချုပ်နိုင်တဲ့ အစိုးရကို လိုချင်တယ်။ အခုက အစိုးရ ဆိုပြီး တင်ထားပေမယ့် စစ်တပ်က တမျိုးဖြစ်နေတော့ ကျမတို့က မတည်ငြိမ်ဘူးလို့ ခံစားရတယ်။
You may also like these stories:
တိုင်းပြည်တည်ဆောက်ရေးက ဆောင်ရွက်ဆဲ လုပ်ငန်းစဉ်တခု ဖြစ်တယ်
အမွေအနှစ်ပေါ် ထိခိုက်တာ၊ တရားမဝင်တာ မှန်သမျှ လူတန်းစားမရွေး အရေးယူတာပဲ