အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း စာရင်း ကို ဇူလိုင်၂၃ ရက်က ထုတ်ပြန် ကြေညာခဲ့သည်။
၂၀၁၅ ရွေးကောက်ပွဲတွင် လူမျိုးရေး၊ ဘာသာရေးဆိုင်ရာ လှုံ့ဆော်မှုများကြောင့် NLD ပါတီဝင် အစ္စလာမ် ဘာသာဝင်များ အား ဝင်ရောက် ယှဉ်ပြိုင်ခွင့် မပြုခဲ့သော်လည်း ယခုနှစ် ရွေးကောက်ပွဲတွင်မူ အစ္စလာမ်ဘာသာဝင်၂ ဦးကို ထည့်သွင်းရွေး ချယ်ထားသည်ကို တွေ့ရသည်။
ထိုအထဲမှ တဦးမှာ မန္တလေးတိုင်း ဒေသကြီး၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လုပ်ငန်းကော်မတီ ဒု- ဥက္ကဋ္ဌ ဒေါ်ဝင်းမြမြ ဖြစ်ပြီး ၎င်းသည် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် အဖြစ် ဝင်ရောက် ရွေးချယ်ခံမည် ဖြစ်သည်။
ဒေါ်ဝင်းမြမြသည် NLD ပါတီ စတင် တည်ထောင်ကတည်းက ပါဝင်လာသည့် အမာခံ ပါတီဝင်တဦး ဖြစ်သကဲ့သို့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ခေါင်းဆောင်များကို လုပ်ကြံရန် ကြိုးပမ်းခဲ့သည့်၂၀၀၃ ဒီပဲယင်းအရေးခင်း၌ ရိုက်နှက် ဖမ်းဆီးခံခဲ့ရသူများ အနက် တဦး အပါအဝင်လည်း ဖြစ်သည်။
NLD ကိုယ်စားပြု ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ခံရမှုအပေါ် ဒေါ်ဝင်းမြမြ၏ အမြင်သဘောထား ခံယူချက်၊ နိုင်ငံ ရေး ယုံကြည်ချက်များနှင့် ပတ်သက်ပြီး ဧရာဝတီ အကြီးတန်း သတင်းထောက် ဇူးဇူး က ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီရဲ့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ခံရတဲ့ အပေါ် ဘာများ ပြောချင်ပါသလဲ။
ဖြေ။ ။ NLD က လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဗဟိုကနေ ရွေးချယ်လိုက်တာပါ။ ရွေးချယ်ပြီးတော့လည်း ပြည် သူ့ရဲ့ဆန္ဒကို ခံယူရဦးမှာပါ။ အဲဒီအခါကျတော့လည်း ဒေါ်ဒေါ်တို့ရဲ့ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို ထောက်ခံတဲ့သူတွေက မဲပေးတယ်ဆိုရင် လွှတ်တော် ကိုယ်စားလှယ် တာဝန်ကို ထမ်းဆောင်ရမှာပါ။
အခုတော့ လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ရွေးချယ်ခံရတာပေါ့။ ဒီလို ပါတီဗဟို အကြီးအကဲတွေကနေ လွှတ် တော် ကိုယ်စား လှယ်လောင်းအဖြစ် ရွေးချယ်ပြီး တာဝန်ပေးတယ်ဆိုတော့ အများကြီးလည်း ဝမ်းသာတယ်။ ကျေနပ် လည်း ကျေနပ်ပါတယ်။
မေး။ ။ ပါတီအကြီးအကဲတွေက အန်တီ့ကို ဘာကြောင့် ရွေးချယ်လိုက်တယ်လို့ ထင်ပါသလဲ။
ဖြေ။ ။ အကြီးအကဲတွေက ရွေးချယ်လိုက်တဲ့ အနေအထားမှာ ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ရဲ့မိန့်ခွန်းစကားအရ ဆိုရင် သစ္စာရှိတယ်၊ အခက်အခဲတွေကို ကြံ့ကြံ့ခံနိုင်တယ်၊ ဒီလိုလူမျိုးကို ဦးစားပေး ရွေးတယ်လို့ သိရပါတယ်။ အဖွဲ့ချုပ် အကြီးအကဲတွေက သတ်မှတ်တဲ့ အချက်အလက်ထဲမှာ ဒီအချက်အလက် တခုလည်း ပါတယ်လို့ သိရပါတယ်။ အဲဒါ ကြောင့် ရွေးတယ်လို့ပဲ ခံယူပါတယ်။
မေး။ ။ စဉ့်ကိုင်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း နေရာအတွက် အန်တီ့သဘောဆန္ဒအရ ဝင်ရောက် လျှောက်ထားခဲ့တာလား။ ဒါမှမဟုတ် ပါတီဗဟိုရဲ့ ညွှန်ကြားချက်ကြောင့် လျှောက်တာလား ဆိုတာလည်း သိချင်ပါတယ်။
ဖြေ။ ။ ဒေါ်ဒေါ်က တိုင်းအနေနဲ့ ခရိုင်တွေကို တာဝန်ယူပြီး နယ်တွေ ဆင်းရတယ်။ ပုံမှန် တလတကြိမ် တိုင်း၊ ခရိုင်၊ မြို့ နယ်နဲ့ သက်ဆိုင်ရာ မြို့နယ် လွှတ်တော် ကိုယ်စားလှယ် တွေ့ဆုံပွဲတွေ လုပ်ရတော့ ဒေါ်ဒေါ်က ပြင်ဦးလွင်ခရိုင်ကိုလည်း တာဝန်ယူခဲ့ရသလို အခု လောလောလတ်လတ်လည်း ကျောက်ဆည်ခရိုင်မှာ တာဝန်ယူရတယ်။
အဲဒီအခါ တိုင်း၊ ခရိုင်၊ မြို့နယ်နဲ့ လက်ရှိ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပြီး ဆွေးနွေးပြီး ပါတီကိစ္စတွေ၊ ဒေသ ခံပြည်သူတွေရဲ့ လိုအပ်ချက်တွေကို အကုန် အလုပ် လုပ်ပြီးတော့မှ အစိုးရကို တင်ပြတယ်။ လွှတ်တော်ကို သိအောင် လုပ် ပေးရတယ်။
အဲဒီမှာ ဒေါ်ဒေါ်က တာဝန်ယူတော့ စဉ့်ကိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အနေနဲ့ တာဝန်ယူလိုက်ရင် ကောင်း တယ်လို့ စိတ်ထဲမှာ ခံယူပြီး အဲဒီကို တာဝန်ယူလိုက်တာပါ။ တကယ်လို့ လွှတ်တော် ကိုယ်စားလှယ် ဖြစ်ခဲ့တယ်ဆိုရင် ပြည် သူ့ လွှတ်တော် ကိုယ်စားလှယ်အနေနဲ့ စဉ့်ကိုင်မှာ တာဝန်ယူရမှာပေါ့။ အဲဒါကြောင့် စဉ့်ကိုင်မြို့နယ်ကို (ကိုယ်တိုင်) ရွေး ချယ်လိုက်တာပါ။
မေး။ ။ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတုန်းကရော အန်တီ ဝင်ရောက် လျှောက်ထားခဲ့သေးလား။
ဖြေ။ ။ လျှောက်တယ်။ လျှောက်ပြီးတော့မှ ကိုယ့်သဘောနဲ့ကိုယ် ပြန်ပြီးတော့ပဲ (ရုပ်)သိမ်းတယ်။ ဘာကြောင့်လဲဆို လုပ် ရမယ့်အလုပ်က ဦးစားပေးရမယ့်ဟာကို ရွေးလိုက်တယ်။ ဒေါ်ဒေါ်နဲ့ သင့်တော်တဲ့ နေရာကို ရွေးလိုက်ပါတယ်။ အဲဒါ ကြောင့်ပါ။
မေး။ ။ ၂၀၁၅ တုန်းက NLD အနေနဲ့ ပါတီဝင် အစ္စလာမ် ဘာသာဝင်တွေကို ရွေးကောက်ပွဲ ဝင်ခွင့်မပြုခဲ့ပေမယ့် ၂၀၂၀ ကိုယ်စားလှယ်လောင်း စာရင်းမှာတော့ အန်တီ အပါအဝင်၂ ဦး ပါဝင်လာတာ တွေ့ရပါတယ်။ ဒီအပေါ် ဘာများပြောချင်ပါ သလဲ။
ဖြေ။ ။ ဒါကတော့ ပါတီခေါင်းဆောင်တွေက နိုင်ငံအတွက်ကို အလုပ်လုပ်တဲ့အခါမှာ ဘက်စုံကနေ စဉ်းစားတွက်ချက် ပြီး တော့မှ အလုပ် လုပ်ရတယ်။ မဲအောင်နိုင်ရေး အတွက်လည်း လုပ်ရတယ်။ မဲအောင်နိုင်မှ၊ ပါတီက အာဏာကို လက်ခံရရှိ မှလည်းပဲ လုပ်ပိုင်ခွင့် ရမယ်။ အခြေအနေ အရပ်ရပ်ပေါ်မှာ ဒေါ်ဒေါ်တို့ ပါတီခေါင်းဆောင်တွေက စဉ်းစားပြီး အလုပ် လုပ်ရ တာ။
ဒေါ်ဒေါ်တို့က နိုင်ငံရေးလုပ်တာ ဗမာလူမျိုး တယောက်အနေနဲ့ပဲ လုပ်တာ။ ပြည်သူထုက ရွေးလိုက်လို့ လွှတ်တော်ထဲ ဝင်ရ ရင်လည်း နိုင်ငံအတွက် လုပ်ရမယ်။ နိုင်ငံရေး လုပ်တာလည်း ဗမာလူမျိုး တယောက်အနေနဲ့ လုပ်တယ်။ အကယ်၍ လွှတ်တော် ကိုယ်စားလှယ် ဖြစ်သွားရင်လည်း ဗမာလူမျိုး တယောက်အနေနဲ့ လုပ်မယ်။ အဲဒီမှာ နိုင်ငံ့အရေးကို လုပ်ရပါ လိမ့်မယ်။
လွှတ်တော်မှာ ပိုပြီးတော့မှ နိုင်ငံ တိုးတက်အောင်၊ ပြည်သူလူထုအတွက် တိုးတက်အောင်၊ ပြည်တွင်း ငြိမ်းချမ်းအောင် ဥပဒေတွေ ဆွဲတဲ့အခါမှာ ဒီဥပဒေတွေဟာ ပြည်သူအတွက်၊ နိုင်ငံအတွက် အကျိုးရှိမယ့် ဥပဒေဆိုရင် ဘယ်ဘာသာ၊ ဘယ် လူမျိုးအတွက်မဆို ဒါတွေဟာ အကျုံးဝင်ပါတယ်။
အဲဒါကြောင့် ဒီဘာသာအတွက် ပိုအားရတယ်။ ဟိုဘာသာအတွက် ပိုအားရတယ်လို့ ဒေါ်ဒေါ်တို့မှာ မရှိပါဘူး။ ဗမာလူမျိုး တယောက်အနေနဲ့ပဲ နိုင်ငံရေးကို လုပ်တယ်။ နံပါတ် ၁ ဟာလည်း နိုင်ငံတော်ပဲ။ နံပါတ် ၂ ဟာလည်း နိုင်ငံတော်ပဲ။ နံပါတ် ၃ ဟာလည်း နိုင်ငံတော်ပါပဲ။ နိုင်ငံတော်အတွက် လုပ်ရင်းနဲ့ နိုင်ငံတော်နဲ့ နိုင်ငံထဲမှာ မှီတင်း နေထိုင်ကြတဲ့ တိုင်းသူပြည် သားအားလုံးအတွက် ဖြစ်သွားမှာပါပဲ။ ဒါပဲ ကျမ ပြောချင်ပါတယ်။
မေး။ ။ အခုလိုမျိုး ပါဝင်ခွင့်ရလာခြင်းက တခြားသော အစ္စလာမ်ဘာသာဝင်တွေ အတွက် အခွင့်အလမ်းတရပ်လို့ ထင်ပါ သလား။
ဖြေ။ ။ ဒါကတော့ ဒေါ်ဒေါ်တို့ ခေါင်းဆောင်တွေဟာ နိုင်ငံ တိုးတက်အောင်၊ ပါတီရဲ့ ဖွဲ့စည်းပုံလည်းပဲ အစစအရာရာမှာ လိုအပ်ချက်မရှိအောင် စဉ်းစားပြီး အလုပ်လုပ်နေတာပဲ။ ဒေါ်ဒေါ်တို့ကတော့ ပါတီခေါင်းဆောင်တွေ လုပ်နေတဲ့အလုပ်ကို ဘာမှ သုံးသပ်ချက်လည်း မပေးချင်ဘူး။ မျှော်လင့်ချက် ဘာရှိတယ် ဆိုတာလည်း မပြောနိုင်ပါဘူး။
ဒေါ်ဒေါ်တို့ ခေါင်းဆောင်တွေက နိုင်ငံအတွက် ဘယ်လိုဆိုရင် ဘယ်လို တိုးတက်မယ်ဆိုတာကို ပါတီခေါင်းဆောင် တရပ် အနေနဲ့ရော နိုင်ငံ့ခေါင်းဆောင် တရပ်အနေနဲ့ရော စဉ်းစားလုပ်ရတာ။ ခေါင်းဆောင်တွေ လုပ်တာကိုပဲ ဒေါ်ဒေါ်တို့က နောက်လိုက်အနေနဲ့ ရပ်တည်ဖြစ်မှာပဲ။ ခေါင်းဆောင်တွေ လုပ်တာကို ထောက်ခံမယ်။ ကျေနပ်မယ်။ ဒါပဲ။ အရေးကြီးတာ က နိုင်ငံအတွက် ခေါင်းဆောင်တွေက လုပ်နေတယ်။ အဲဒီအခါမှာ အားပြည့်အောင် ဒေါ်ဒေါ်တို့ ရပ်ပေးမယ်။ ဒီစိတ်ပဲ ရှိပါ တယ်။
မေး။ ။ အန်တီ့အတွက် ကြုံတွေ့လာနိုင်မယ့် စိန်ခေါ်မှုက ဘာတွေဖြစ်မလဲ။ ဒါတွေအတွက် ဘယ်လို ပြင်ဆင်ထားလဲ။
ဖြေ။ ။ ၈၈ ကတည်းက ပါတီတာဝန်ကို ထမ်းဆောင်လာခဲ့တာ ဒီနေ့ထက်ထိပဲ။ စိန်ခေါ်မှု အမျိုးစုံ ရှိရင်ရှိမယ်။ ဒါပေမယ့် ဒေါ်ဒေါ်တို့ လုပ်နေကျ ကိုင်နေကျ လုပ်ငန်းတွေ ဖြစ်လို့ အခက်အခဲ ဘာမှမတွေ့ဘူး။ ကိုယ်ကသာ လုပ်ရင်းကိုင်ရင်းနဲ့ ရင့် ကျက်မှုတွေ ရှိနေတယ်ဆိုရင် ဘယ်အခက်အခဲကိုမဆို ကျွမ်းကျွမ်းကျင်ကျင်နဲ့ ဘုရားသခင်အလိုတော်နဲ့ အားလုံးကို ကျော် လွှား သွားနိုင်မှာပါ။
စိန်ခေါ်မှုဆိုတာတော့ ခေါင်းထဲကို မထားဘူး။ ဒေါ်ဒေါ်တို့ ပါတီကလည်း စနစ်ကျ တယ်။ ခေါင်းဆောင်တွေကလည်း စနစ်တကျ ရှိတယ်။ ပါတီကနေပြီး ချမှတ်ထားတဲ့ မူတွေ၊ ဘောင်တွေ၊ စနစ်တွေနဲ့ ရပ်တည်သွားမယ်ဆိုရင် ဘယ်လို စိန်ခေါ်မှုကိုမဆို ဒေါ်ဒေါ်တို့ ကျော်လွှားနိုင်ပါတယ်။
ဒေါ်ဒေါ် အနှစ် ၃၀ ကျော်ပြီ။ နိုင်ငံရေး လုပ်လာတာ ဒီပါတီမှာပဲ။ တသက်လုံး နိုင်ငံရေး မလုပ်ခဲ့ဖူးဘူး။ ၈၈ မှာ ပါတီ စထူ ထောင်ကတည်းက ပါတီ တာဝန်ယူခဲ့တာ။ အလုပ် လုပ်တဲ့သူကတော့ စိန်ခေါ်မှုဆိုတာ တွေ့တော့တွေ့မှာပဲ။ ဒါပေမယ့် အလုပ်ပေါ် အလုပ် ဆင့်လုပ်နေတဲ့အခါမှာ အလိုလိုနေရင်း ဒီအလုပ်တွေကနေ စိန်ခေါ်မှုတွေကို ကျော်လွှားသွားမှာပါပဲ။
မေး။ ။ အန်တီ့ရဲ့ နိုင်ငံရေး ယုံကြည်ချက်နဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် သဘောထားကိုလည်း သိချင်ပါတယ်။
ဖြေ။ ။ နိုင်ငံရေး ယုံကြည်ချက်ကတော့ ဒေါ်ဒေါ်တို့ရဲ့ ဗိုလ်ချုပ်အောင်ဆန်းသည် တချိန်တုန်းကလည်း နိုင်ငံရေးမှာ ခေါင်း ဆောင်ခဲ့တယ်။ အခုလည်း လူထုခေါင်းဆောင်၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တယ်။ ဒေါ်အောင် ဆန်းစုကြည်ကနေ NLD ပါတီကို ထူထောင်လိုက်တဲ့ အချိန်ကစပြီးတော့မှ တသက်လုံး နိုင်ငံရေးနဲ့ မပတ်သက်ခဲ့တဲ့လူက ဒီပါတီထဲကို ပါတီ ထောင်ထောင်ချင်း အဖွဲ့ချုပ်ထဲ ဝင်ခဲ့တယ်။ မြို့နယ်တွေ၊ တိုင်းတွေကို အလုပ်အမှုဆောင် ၂၁ ဦး ယာယီ စည်းရုံးကော်မတီတွေ ဖွဲ့ပြီးတဲ့အခါ ဒေါ်ဒေါ်သည် မန္တလေး အရှေ့မြောက်မြို့နယ်ရဲ့ ဘဏ္ဍာရေးမှူး တာဝန်ကို ယူခဲ့တယ်။
ဒါဘာတုန်းဆိုတော့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနိုင်ငံကို အာဏာရှင်စနစ်ကနေ လုံးဝပြောင်းလဲတဲ့ ဖက် ဒရယ် ဒီမိုကရေစီစနစ်ကို ရအောင်လို့ ဆောင်ကြဉ်း နိုင်မယ်လို့ ယုံကြည်တယ်။ ပြည်တွင်းငြိမ်းချမ်းရေး ရအောင် လုပ်နိုင် တယ်လို့ ယုံကြည်တယ်။ လူ့အခွင့်အရေးကို ပေးနိုင်တဲ့ ဥပဒေတွေကို လေးစားပြီးတော့မှ ပြည်သူတွေအတွက်၊ နိုင်ငံ အတွက် လုပ်ပေးနိုင်မယ်လို့ ယုံကြည်တယ်။
ဒီယုံကြည်ချက်နဲ့ပဲ နိုင်ငံရေးကို လုပ်လာခဲ့တာ အခု အနှစ် ၃၀ ကျော်ပါပြီ။ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ ယုံကြည်မှု၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စွမ်းဆောင်နိုင်မှုအပေါ် ယုံကြည်မှုနဲ့ လုပ်ခဲ့တာပါ။ အရင်ကလည်း ယုံကြည်တယ်။ ရှေ့လည်း ယုံကြည်သွားမှာပဲ။
မေး။ ။ အစ္စလာမ် ဘာသာဝင် ဖြစ်ခြင်းကြောင့် ဝေဖန် တိုက်ခိုက်မှုတွေအပေါ်ရော ဘာများပြောချင်ပါသလဲ။
ဖြေ။ ။ ဒါနဲ့ ပတ်သက်လို့ကတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည် ခေါင်းဆောင်ပြီးတော့မှ ပါတီကရော၊ ပါတီတာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေကရော အလုပ်ပဲ စွတ်လုပ်နေကြတာ။ တိုက်ခိုက် တာတွေကတော့ အလုပ်ပေါ် အလုပ် ဆင့်လုပ်ရင်းနဲ့ ဒီတိုက်ခိုက်ခံရတာတွေက အလိုလို ကျော်လွှားသွားတာပါပဲ။
မေး ။ ။ အန်တီ့ အနေနဲ့ ဆိုရင်ကော ဒါတွေကို ဘယ်လိုကျော်လွှားမလဲ။
ဖြေ။ ။ ကိုယ့်အလုပ်ပဲ ကိုယ်လုပ်ရမှာပဲ။ တိုက်ခိုက်တဲ့သူကတော့ ထိုင်ပြီး တိုက်နေမှာပဲ။ ဒီတခုပြီးရင်လည်း နောက်တမျိုး တိုက်မှာပဲ။ အလုပ်လုပ်တဲ့သူကလည်း ကိုယ့်အလုပ် ကိုယ်လုပ်နေရမှာပဲ။ တိုက်တာကို ပြန်ပြီးတော့မှ တုံ့ပြန်မလား။ အချိန် ကုန်တယ်လေ။ ကိုယ့်အလုပ်ကိုယ်လုပ်တာပဲ တိုင်းပြည်လည်း တိုးတက်တယ်။ ကိုယ့်အတွက်လည်း အလုပ်ဖြစ်တယ်။
မေး။ ။ ဘာသာ၊ လူမျိုး ခွဲခြားမှု မရှိဘဲ သဟဇာတ ဖြစ်ဖို့ ဘာလိုအပ်နေတယ်လို့ ထင်ပါသလဲ။
ဖြေ။ ။ သဟဇာတဖြစ်မှု မဖြစ်မှု ဆိုတာက သဟဇာတမဖြစ်အောင် နေနေတဲ့လူက လက်တဆုပ်စာလေးရယ်။ ကျန်တဲ့ အားလုံးက သဟဇာတဖြစ်အောင် ဘာသာပေါင်းစုံ ချစ်ကြည်စွာ နေချင်တဲ့လူချည်းပဲ။ အဲဒီတော့ ဒါပဲလေ။ မဖြစ်ချင်တဲ့လူ ကလည်း မဖြစ်တဲ့အလုပ် လုပ်နေမှာပဲ။ ကျန်တဲ့လူတွေကတော့ အားလုံး ချစ်ချစ်ခင်ခင်နဲ့ပဲ။ မဖြစ်ချင်တဲ့လူတွေက အသိတ ရားရှိဖို့ပဲ လိုတယ်။ အသိတရား မရှိမချင်းကတော့ သူတို့က တခုပြီးတခု သဟဇာတ မဖြစ်တဲ့အလုပ်တွေ လုပ်နေမှာပဲ။ အဲ ဒါက လက်တဆုပ်စာပါ။
မေး။ ။ ဘာသာရေးနဲ့ ပတ်သက်တဲ့ မှိုင်းတိုက်မှုတွေ အပေါ်ရော ဘယ်လိုအမြင် သေဘာထား ရှိပါသလဲ။
ဖြေ။ ။ ခုနက ပြောပြီးပြီလေ။ လက်တဆုပ်စာလောက်ကတော့ ထိုင်ပြီး ဒီအလုပ်လုပ်နေမှာပဲ။ ကျန်တဲ့လူတွေ အားလုံး ကတော့ ဘာသာပေါင်းစုံ ချစ်ကြည်ရေး ရှိတယ်။ နိုင်ငံ တိုးတက်ဖို့ရာ စိတ်ရှိတယ်။ ပြည်တွင်း ငြိမ်းချမ်းချင်စိတ် ရှိတယ်။ နိုင်ငံ ဖွံ့ဖြိုးစေချင်စိတ် ရှိတယ်။ ပြည်သူလူထုတွေ အကုန်လုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ နေစေချင်လိုတဲ့ စိတ်တွေရှိ တယ်။ အဲဒီလူတွေက သက်သက်။ ခုနလို ဘာသာရေးမှာ ပဋိပက္ခ ဖြစ်စေလိုတဲ့လူက နည်းနည်းလေးရယ်။ အဲဒီလိုက တော့ အမြဲ ရှိသွားမှာပဲ။ အဲဒီအပေါ်မှာတော့ ဘာမှ မပြောချင်တော့ပါဘူး။
မေး။ ။ အခုလို ရွေးချယ်ခံရတာနဲ့ ပတ်သက်လို့ ဘာများ ဖြည့်စွက် ပြောချင်ပါသေးလဲရှင့်။
ဖြေ။ ။ ခေါင်းဆောင်တွေက တာဝန်ပေးရင် အလုပ် လုပ်မယ်။ အခု ခေါင်းဆောင်တွေ အနေနဲ့ ရွေးချယ်လိုက်တယ်။ ဝမ်း သာတယ်။ ဒါပဲ။ အလုပ်ကတော့ ပါတီဆိုက်ကလည်း အလုပ် လုပ်နေရတာပဲ။ လွှတ်တော် ကိုယ်စားလှယ်ဆိုက်ရောက် တော့လည်း အလုပ်လုပ်ရမှာပဲ။ အလုပ်ကတော့ အမြဲတမ်း ဒီ NLD က ပါတီရော၊ လွှတ်တော်ရော၊ အစိုးရရော အကုန် အလုပ်တွေနဲ့ပဲ။ ဒီအလုပ်တွေပဲ လုပ်ရမှာပဲ။ ကိုယ်ကိုယ်တိုင်လည်း လွှတ်တော် ကိုယ်စားလှယ် ဖြစ်သွားပြီဆိုရင် လွှတ် တော်ပိုင်းဆိုင်ရာ အလုပ်ပါ တိုးပြီးလုပ်ရမှာပေါ့။
ဒေါ်ဒေါ်တို့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ နောက်လိုက်ကောင်းတွေပါ။ ဒေါ်အောင်ဆန်းစုကြည်က ဒေါ်ဒေါ်တို့ရဲ့ ပါတီ ခေါင်းဆောင်ပါ။ ဒေါ်ဒေါ်တို့ တိုင်းနဲ့ပြည်နယ်၊ ရပ်ကျေး၊ မြို့နယ်အားလုံးဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နောက်လိုက် ကောင်းတွေ အနေနဲ့ ပါတီတွေကနေ ချမှတ်တဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ လုပ်ငန်းတွေကို အကုန်လုံး အကောင်အထည် ဖော်ပေးရတယ်။
ဒီနိုင်ငံကို အပြောင်းအလဲ ပြုလုပ်နိုင်တဲ့ ပုဂ္ဂိုလ်တဦး၊ ဒီတဦးကလွဲလို့ ကျန်တဲ့လူမရှိဘူး ဆိုတဲ့ ယုံကြည်စိတ်နဲ့ ဒေါ်အောင် ဆန်းစုကြည်ကို လေးစား ယုံကြည်ပြီးတော့မှ တစိုက်မတ်မတ် နောက်လိုက်ကောင်း အနေနဲ့ ရပ်တည်နေတာလို့ ပြောချင် ပါတယ်။
ဆက်စပ်ဖတ်ရှုရန်
ဧရာဝတီတိုင်း ဝန်ကြီးချုပ်နှင့် ဝန်ကြီး ၄ ဦး ရွေးကောက်ပွဲ ပြန်ဝင်မည်
သမ္မတနှင့် အတိုင်ပင်ခံတို့ ရွေးကောက်ပွဲ ရန်ကုန်တွင် သွားရောက်ယှဉ်ပြိုင်မည်
ကိုဗစ်ကာလ နိုင်ငံရေး ပါတီတွေ စည်းရုံးရေး ဘယ်လိုလုပ်မလဲ
ပြည်သူ့ဆန္ဒနှင့် ရွေးကောက်ပွဲရလဒ် တထပ်တည်းကျစေမည်ဟု UEC ဥက္ကဋ္ဌပြော