၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် ရခိုင်အမျိုးသားပါတီ (ANP) ကိုယ်စားပြုကာ ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့ဖူးပြီး ANP ထံ နှုတ်ထွက်စာတင်ထားသော်လည်း နှုတ်ထွက်ခွင့်မပြုမချင်း ယင်းလွှတ်တော်ကိုယ်စားလှယ်များသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ထပ်မံယှဉ်ပြိုင်လိုပါက တသီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ်သာ ဆောင်ရွက်ခွင့်ရှိတော့သည်။
ဇူလိုင်လ ၁၃ ရက် ပြည်သူ့လွှတ်တော်တွင် ANP မှ ကျောက်ဖြူမဲဆန္ဒနယ်ဦးဘရှိန်က နိုင်ငံရေးပါတီတခုခုကို ကိုယ်စားပြုသည့် ပါတီဝင်တဦးဦးသည် အခြားပါတီဝင်အဖြစ် ရွေးကောက်ပွဲဝင်ပြိုင်လ ျှင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၁ နှင့် ဆန့်ကျင်ပါသလားဟု မေးမြန်းခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးသက်ထွန်းက ပါတီတစ်ခုမှ နှုတ်ထွက်ခွင့်မရသော ပုဂ္ဂိုလ်တဦးသည် အခြားပါတီကို ကိုယ်စားပြုဝင်ပြိုင်ပါက ဥပဒေနှင့် ငြိစွန်းသည့်အတွက် ပါတီတခုခုမှ နှုတ်ထွက်ခွင့်မရသေးသူများသည် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မဆုံးရှုံးစေရန် တသီးပုဂ္ဂလကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်နိုင်သည်ဟု ဖြေဆိုခဲ့သည်။
ထိုအတွက် ရခိုင်ပြည်နယ်အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် ၁၁ (အမ်းနှင့် ရမ်းဗြဲ မြို့နယ်) ကိုယ်စားပြု အမတ် ဒေါ်ထုမေ အနေဖြင့် လက်ရှိ ANP ပါတီမှ နှုတ်ထွက်စာ တင်ထားသော်လည်း နှုတ်ထွက်ခွင့်မပေးသဖြင့် တသီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည် ဟု ဆိုသည်။
ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်အရွေးချယ်ခံရန် မကြာမှီ စာရင်းတင်သွင်းသွားမည်ဖြစ်ပြီး ထိုသို့ ဆုံးဖြတ်ရခြင်းသည် နိုင်ငံရေးအကျပ်အတည်းကြားထဲ ရွေးချယ်ရသည့် ဆုံးဖြတ်ချက်တခု ဖြစ်သည်ဟု သူမက ဆိုသည်။
ANP ပါတီသည် ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲအနိုင်ရ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) နှင့် ၂၀၁၀ ရွေးကောက်ပွဲဝင်ခဲ့သည့် ရခိုင်တိုင်းရင်းသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ (RNDP) ပါတီ တို့ ပေါင်းစည်းထားခြင်း ဖြစ်သည်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ANP ပါတီက တနိုင်ငံလုံး အမတ်နေရာ ၄၇ နေရာ ရရှိပြီး ရခိုင်ပြည်နယ်လွှတ်တော်တွင် ကိုယ်စားလှယ်အများစုဖြင့် လွှမ်းမိုးထားသည်။
ဒေါ်ထုမေသည် ANP မှ နှုတ်ထွက်စာတင်ကာ ၂၀၁၆ ခုနှစ် မတ်လနောက်ပိုင်းကတည်းက တသီးပုဂ္ဂလအဖြစ် ရပ်တည်ခဲ့ပြီး ANP ပါတီ အရေးများတွင် ပါဝင်ပတ်သက်ခြင်း မရှိတော့ပေ။ သို့သော် ANP ပါတီက သူမကို တရားဝင် နှုတ်ထွက်ခွင့်လည်း မပေးထားသေးပေ။ သူမ၏ မိခင်ပါတီဖြစ်သည့် ALD ကို ကိုယ်စားပြု ရွေးချယ်ခံချင်သော်လည်း လက်ရှိ အကျပ်အတည်းကြောင့် သူမတွင် ပါတီ နောက်ခံမရှိတော့ခြင်း ဖြစ်သည်။
လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြည်သူကို ကိုယ်စားပြုရသည့်အတွက် နိုင်ငံရေးသမားဘဝကို နှစ်ခြိုက်သည့် သူမက ရန်ကုန်တိုင်းနှင့် ရခိုင်ပြည်နယ်ရှိ ရခိုင်ပြည်သူလူထုများအကျိုးအတွက် ဆက်လက် လုပ်ဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောဆိုသည်။
”ဘယ်လိုမျိုး အတားအဆီးကမှ ကျမရဲ့ နိုင်ငံရေး ခံယူချက်၊ ကျမရဲ့ နိုင်ငံရေးကြိုးပမ်းမှုကို ဖျောက်ဖျက်လို့ မရနိုင်ပါဘူး” ဟု သူမက ဧရာဝတီ သတင်းဌာနသို့ ပြောဆိုသည်။
သူမ၏ ၅ နှစ်တာ နိုင်ငံရေးအတွေ့အကြုံများကို မျှဝေရင်း လူငယ်နှင့် အမျိုးသမီးငယ်များအား နိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်ကြရန်နှင့် လက်ရှိဖြစ်ပျက်နေသည့် စိတ်ပျက်ဖွယ် အခြေအနေများအပေါ် စိတ်မကုန်သွားကြဘဲ ဆက်လက်ပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းထားသည်။
ရခိုင်အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေနှင့် ဧရာဝတီသတင်းဌာန အင်္ဂလိပ်ပိုင်း တွဲဖက်အယ်ဒီတာ ငြိမ်းငြိမ်းနှင့် ဆွေးနွေးထားသည်များမှ ကောက်နှုတ်ဖော်ပြအပ်ပါသည်။
မေး။ ။ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ တသီးပုဂ္ဂလအဖြစ်နဲ့ ရွေးချယ်ခံမယ့် မဲဆန္ဒနယ်ကလည်း အခု လက်ရှိ ကိုယ်စားပြုနေတဲ့နေရာမဟုတ်ဘဲ အသစ်ဖြစ်နေတယ်။ တသီးပုဂ္ဂလ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဘာကြောင့် ဆုံးဖြတ်လိုက်ရတာလဲ။
ဖြေ ။ ။ တကယ်တမ်းက ကျမရဲ့ လက်ရှိ မဲဆန္ဒနယ်မှာ ဆက်လက်လုပ်ဆောင်ဖို့အတွက် ကျမ ရည်မှန်းထားတယ်။ ကျမ မဲဆန္ဒနယ်မှာ လိုအပ်တဲ့ ကိစ္စတွေကို နောက် ၅ နှစ်အထိ ဆက်လက်လုပ်သွားဖို့အတွက် ဆုံးဖြတ်ချက်ချထားပါတယ်။ ဒါပေမယ့် ဘယ်လိုဖြစ်သွားလဲဆိုရင် ကျမတို့ နှစ်ပါတီ ပူးပေါင်းရေးမှာ မကျေလည်ခဲ့တဲ့ ပြဿနာတွေက ကျမတို့ ကိုယ်စားလှယ်တွေ နောက်တစ်ကြိမ် ရွေးကောက်ပွဲဝင်ဖို့အတွက်ထိ အခက်အခဲဖြစ်သွားပါတယ်။
ကျမသည် ပါတီနိုင်ငံရေးထဲ ရောက်လာသူ တယောက်အနေနဲ့ နိုင်ငံရေးကို စိတ်ဝင်စားတဲ့ အမျိုးသမီးတယောက်အနေနဲ့ ပါတီတွေနဲ့ အလုပ်လုပ်ဖို့ ကျမအနေနဲ့ အများကြီး စိတ်အားထက်သန်မှု ရှိပါတယ်။ ဒါပေမယ့် အခု လက်ရှိ ကျမရဲ့ မဲဆန္ဒနယ် ရမ်းဗြဲနဲ့ အမ်းကနေ ရန်ကုန်ကို ပြောင်းသွားတဲ့အရာသည် နိုင်ငံရေးအကျပ်အတည်းကြားထဲမှာ ရွေးချယ်ရတဲ့ ဆုံးဖြတ်ချက်တခု ဖြစ်ပါတယ်။
ကျမ လူမှုကွန်ရက်မှာ ရေးထားတဲ့အတိုင်းပဲ ကျမ နိုင်ငံရေး အဆက်မပြတ်ချင်ဘူး။ ဒီ ငါးနှစ်တာကာလအတောအတွင်းမှာ ကျမသည် ANP က ထွက်ပြီးတဲ့နောက်ပိုင်း နှစ်ပါတီ ကွဲပြီး မိမိပါတီ မိမိ ရပ်တည်တဲ့အချိန် ၂၀၁၆ ခုနှစ်မတ်လက စပြီးတော့ ကျမ တသီးပုဂ္ဂလကဲ့သို့ ဖြစ်သွားပါတယ်။ အဲဒီအချိန်ကစပြီးတော့ ANP သည် ကျမကို အစည်းဝေးဖိတ်ခေါ်ခြင်း မရှိဘူး။ နောက် ပါတီတံဆိပ်ပြောင်းတပ်တဲ့အပေါ်မှာ ဘာမှ concern (စိုးရိမ်ချက်) မရှိခဲ့ပါဘူး။
အခုက ကျမ လက်ရှိမဲဆန္ဒနယ်က ထပ်ပြိုင်မှာစိုးလို့ဆိုတဲ့ သူတို့ရဲ့ စိုးရိမ်ချက်ကြောင့် ကန့်ကွက်တဲ့အပေါ်မှာ ကျမ မဲဆန္ဒနယ် အသစ်တခုကို ယူလိုက်တယ်။ ဒီနေရာကလည်း ရန်ကုန်တိုင်းက ကျမတို့ ရခိုင်ပြည်သူတွေ ဝန်ကြီးဌာန တနေရာ ရရှိတဲ့အထိ ရှိနေတယ်။ ဆိုတော့ ကျမရဲ့ နိုင်ငံရေးကို ဆက်ပြီးတော့ လုပ်ချင်တာရယ်။ ကျမကို ပါတီတွင်းမှာ နေလို့မရအောင် ကန့်ကွက်တာရယ်ကြောင့် ဒီမဲဆန္ဒနယ်ပြောင်းလဲရွေးချယ်ဖို့ ဖြစ်သွားခဲ့တယ်။
မေး ။ ။ အခု အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ၅ နှစ်တာဝန်ထမ်းဆောင် နေတယ်။ နောက် ဝင်ပြိုင်မယ့်နေရာကျတော့ အလုပ်သဘောသဘာ၀ ပြောင်းသွားပြီ။ တိုင်းရင်းသားရေးရာဝန်ကြီးနေရာ ပေါ့နော်။ အဲဒီအတွက် နယ်ပယ် မတူတဲ့အပေါ် ဘယ်လိုစိန်ခေါ်မှုမျိုး ရှိနိုင်မယ်လို့ ယူဆထားလဲ။ ဘယ်လိုပြင်ထားလဲ။
ဖြေ ။ ။ ကျမက တသီးပုဂ္ဂလ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ပါတီ နောက်ခံရှိတဲ့ ဝန်ကြီး ကိုယ်စားလှယ်လောင်းတွေနဲ့စာရင်တော့ ကျမမှာ စိန်ခေါ်ချက်ရှိနိုင်တယ်။ ကျမအတွက် မဲရုံစောင့်မယ့်လူငယ်တွေ အမျိုးသမီးတွေ။ ပြီးတော့ ကျမကို ထောက်ခံမယ့် တသီးပုဂ္ဂလကို ထောက်ခံမယ့် ပုဂ္ဂိုလ်တွေ။ နောက် ကျမအတွက် ဝိုင်းပြီး မဲဆွယ်စည်းရုံးရေးလုပ်ကြမယ့် ပုဂ္ဂိုလ်တွေ (ရဖို့) ဒါက ကျမအတွက် အင်မတန် စိန်ခေါ်ချက် ဖြစ်ပါတယ်။
နောက်တစ်ချက်က အရှေ့က ဝန်ကြီးဆိုရင် ၁၀ နှစ်တာ တာဝန်ထမ်းဆောင်ထားတယ်။ ဒီအပေါ်မှာလည်း သူ့ပရိတ်သတ်တွေ ရှိကောင်းရှိကြဦးမယ်။ ကျမအနေနဲ့ ပါတီ backup (နောက်ခံ) မရှိဘဲနဲ့ တသီးပုဂ္ဂလ ပုံစံက တယောက်တည်းပုံစံဖြစ်စေတယ်။ ဒါပေမယ့် ကျမ ယုံကြည်ပါတယ်။ ကျမ ၅ နှစ်တာ ဆောင်ရွက်ခဲ့တဲ့ ပြည်သူကိုယ်စားပြုတဲ့ ဆောင်ရွက်ခဲ့တာတွေ ကြည့်ပြီး ဒီနေရာမှာလည်းပဲ ဒေါ်ထုမေ အနေနဲ့ တာဝန်ထမ်းဆောင်ဖို့ အပြည့်အ၀ အရည်အသွေးရှိတယ်ဆိုတာ ပြည်သူတွေ သိရှိကြမှာ ဖြစ်ပါတယ်။
ဒါကြောင့်မို့ ကျမ အနေနဲ့ကတော့ စိန်ခေါ်ချက်လို့ ပြောပြီဆိုရင် ပါတီနောက်ခံ မရှိတဲ့အတွက် ပါတီရှိတဲ့ ဝန်ကြီးကိုယ်စားလှယ်လောင်းတွေနဲ့စာလို့ရှိရင် ကျမ အလုပ်လုပ်ရတာ ပိုပြီးတော့ ကြိုးစားရမယ့် အခြေအနေမှာ ရှိတယ်။ သူများတွေ တကြိမ်ကြိုးစားရင် ကျမ ဆယ်ကြိမ်လောက် ကြိုးစားရမှာ ရှိတယ်။ သူများ တလှမ်းလှမ်းတဲ့အခါ ကျမ အနေနဲ့က အလှမ်းတရာ လှမ်းရမယ့် အခြေအနေ ရှိတယ်။ ဆိုလိုတာက ကျမပိုပြီး ကြိုးစားရမယ်။ အားထုတ်ရမယ်။ ပုံမှန်ထက်မတူတဲ့ အခြေအနေထက် ပိုပြီးတော့ ကြိုးစားရမယ့် စိန်ခေါ်ချက် ကျမမှာ ရှိမှာပါ။
မေး ။ ။ မထုမေက ၂၀၁၅ တုန်းက ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ANP ပါတီက ထွက်ထားပေမယ့် ANP က ထွက်ခွင့်မပေးမချင်း နောက်ပါတီတခုက ပြိုင်လို့မရဘူးလို့ ထင်ဟပ်တဲ့ လွှတ်တော်မှာ ဖြေဆိုချက်က မှန်ကန် သင့်မြတ်ရဲ့လား။ ဘယ်လိုဖြစ်သင့်တာလဲ။
ဖြေ ။ ။ ကျမအနေနဲ့ကတော့ ဒီဆုံးဖြတ်ချက်သည် တရားမျှတမှု မရှိပါဘူး။ နိုင်ငံသားတယောက်အတွက် တရားမျှတမှု မရှိသလို ပါတီဝင်တယောက်အတွက်လည်း တရားမျှတမှု မရှိပါဘူး။ ကိုယ်စားလှယ်လုပ်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် နှစ်ပါတီ မဝင်ပါဘူး။ ကျမအနေနဲ့ကတော့ နိုင်ငံရေးကို ဆောင်ရွက်တဲ့အခါ ကိုယ့်ရဲ့ ပြည်သူတွေကို ဦးထိပ်ထားပြီးတော့ ဆောင်ရွက်ခဲ့ပါတယ်။ ပါတီဝင်တဲ့အခါမှာလည်း ဒီနေ့ဒီအချိန်ထိ ပါတီရဲ့ စည်းမျဉ်းစည်းကမ်းကို ဖောက်ဖျက်ခဲ့တာ တခုမှ မရှိဘူး။
ကျမတို့ သေသေချာချာ သိထားဖို့တခုက ကျမတို့ ANP က ALD နဲ့ RNDP ပူးပေါင်းထားတဲ့ပါတီ ဖြစ်ပါတယ်။ ပါတီ ပူးပေါင်းစဉ်ကလည်း အခက်အခဲတွေ များစွာကို ကျော်ဖြတ်ခဲ့ရပါတယ်။ ဒါပေမယ့် ကျမတို့ ရခိုင်ပြည်သူရဲ့ လိုအပ်ချက်တွေ အခက်အခဲတွေကို တပါတီတည်းနဲ့ စည်းစည်းရုံးရုံး ဖြေရှင်းကြမယ်ဆိုပြီး ပူးပေါင်းခဲ့ပါတယ်။ ဒီလိုမျိုး ပူးပေါင်းခဲ့တဲ့အခါမှာလည်း ကျမတို့ မူအရ လက်ခံခဲ့ပါတယ်။ မူအရဆိုတာက ဒီပူးပေါင်းကြတဲ့လူကြီးတွေရဲ့ gentlemen agreement လို့ခေါ်တဲ့ လူကြီးလူကောင်း သဘောတူညီမှုပါ။
ဒီလူကြီးလူကောင်းသဘောတူညီမှုကို ညီလာခံမှာ ဆုံးဖြတ်ပြီးတော့မှ ရွေးကောက်ပွဲ ဝင်ခဲ့ကြတာပါ။ အခုက ဘယ်လိုဖြစ်နေလဲဆိုတော့ အုပ်စုတွေကြားမှာ နိုင်ငံရေးအုပ်စုတွေကြားထဲမှာ ကျမတို့ လူငယ်တွေ ညပ်နေသလို ဒီပါတီတွေ ပူးပေါင်းစဉ်ကလည်း တရားမျှတမှု အင်မတန် အားနည်းခဲ့တဲ့ အခြေအနေက အခုထိ ရိုက်ခတ်နေဆဲ ဖြစ်ပါတယ်။
RNDP ကနေပြီးတော့ အခု ANP ဖြစ်ပေါ်လာတဲ့အခါမှာ CEC အများဆုံးလည်း ရရှိတယ်။ ညီလာခံက သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းကိုလည်း သူတို့ စာတစ်စောင် ထုတ်ပြီးတော့ ဒါကို ဖောက်ဖျက်တယ်။ ပြီးလို့ရှိရင် ဒီ ALD ဘက်က ပုဂ္ဂိုလ်တွေ CEC တွေကိုလည်းပဲ ညီလာခံ မရှိဘဲနဲ့ သူတို့ သဘောထားနဲ့သူတို့ ထုတ်ပယ်တယ်။
ပါတီ စည်းမျဉ်းစည်းကမ်းကို ကျမ အနေနဲ့ အဖွဲ့ဝင် ဖြစ်ကတည်းကနေ စပြီးတော့ ဘယ်တော့မှ ချိုးဖောက်ခဲ့တာ မရှိပါဘူး။ တကယ်တမ်း ဒါတွေကို ပြန်လည်သုံးသပ် စစ်ဆေးမယ်ဆိုရင် ညီလာခံရဲ့ ဆုံးဖြတ်ချက်ကို ဖောက်ဖျက်ခဲ့တာ အခု ကျမကို (လာမယ့် ရွေးကောက်ပွဲမှာ) လွှတ်တော်ကိုယ်စားလှယ် ဝင်လို့မရအောင် ကန့်ကွက်ခဲ့တဲ့ ပုဂ္ဂိုလ်တွေပဲ ဖြစ်ပါတယ်။
အခု ကျမတို့ နိုင်ငံရေးယဉ်ကျေးမှု အားနည်းတဲ့အခါမှာ ဒီမိုကရေစီ လေ့ကျင့်မှုအားနည်းတဲ့အခါမှာ ကိုယ်သာ အသာစီးရသွားပြီဆိုရင် ဒီလူတွေကို ဒီလိုလုပ်လိုက်မယ်ဆိုတဲ့ အတွေးတွေ အခုထိ ရှိနေကြလို့ ဒီလိုမျိုးကိစ္စတွေ ပေါ်ပေါက်လာတယ်လို့ပဲ ကျမ သုံးသပ်ပါတယ်။
ကျမတို့ ပါတီတွေပေါင်းစည်းရေးဆောင်ရွက်ခဲ့ကြတယ်။ ပါတီတွေ ပြန်ပြီးတော့ မိမိပါတီမိမိ ရပ်တည်ကြတယ်။ အနီးစပ်ဆုံး သာဓက တခုကို ပြမယ်ဆိုရင် ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲမှာ ရသေ့တောင် မဲဆန္ဒနယ်က ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ALD ပါတီက ဦးသိန်းမောင်ကို ANP ဘက်က ကန့်ကွက်ခဲ့တယ်။ ဒါပေမယ့် ကိုယ်စားလှယ်လောင်းတယောက်ရဲ့ အရည်အချင်းပြည့်မှီတဲ့အတွက်ကြောင့်မို့ ကော်မရှင်က လက်ခံခဲ့တယ်။ ကျမ ဆိုရင်လည်း ဒီကဲ့သို့ပဲ ဖြစ်ရမယ်။ (နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ) ပုဒ်မ ၂၁ အရ ဆိုရင် ကျမ ပါတီဝင်အဖြစ် နှစ်ပါတီဝင်တာ မရှိပါဘူး။ ANP ကို ကျမရဲ့ မဲဆန္ဒနယ် ပြည်သူတွေကိုရော သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပြီးတော့ ဒီပါတီက ထွက်တယ်ဆိုတာ အတိအလင်း ကျမ ဆောင်ရွက်ခဲ့ပါတယ်။
ဒါကြောင့်မို့ ပြည်သူ့လွှတ်တော်မှာ ဦးဘရှိန်မေးတဲ့ မေးခွန်းကို ဖြေသွားတဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ဆုံးဖြတ်ချက်သည် ရှေ့နဲ့နောက် မညီပါဘူး။ ကိုယ်စားလှယ်လောင်းတယောက် အရည်အသွေး ပြည့်မှီတယ်ဆိုရင် သူ့မှာ နိုင်ငံသားအခွင့်အရေး အပြည့်အ၀ ရရှိရပါမယ်။ ပါတီဝင်တယောက်နဲ့ ပါတီကြားထဲက ပြဿနာကို ကော်မရှင်က ဖြေရှင်းစရာ မလိုပါဘူး။
တကယ်လို့သာ ကျမနဲ့ ပါတီကြား၊ သို့မဟုတ် ပါတီဝင်တယောက်နဲ့ ပါတီကြားထဲမှာ ပြဿနာဖြစ်တယ်ဆိုရင် တရားစွဲလို့ရပါတယ်။ အတိအလင်းပြဌာန်းထားတဲ့ဥပဒေတွေ ရှိပါတယ်။ တစုံတရာသာ လွဲမှားခဲ့တယ်ဆိုရင် ဒီအတွက် ဥပဒေတွေ ရှိကြမှာပါ။ ဒါကို ကော်မရှင်ကနေ နှစ်ပါတီ ဝင်တယ်ဆိုတဲ့ သဘောထားနဲ့ ဒီလိုမျိုး ဆုံးဖြတ်တာဟာ ကျမတို့တွေအတွက် တရားမ ျှတမှု မရှိပါဘူး။
မေး ။ ။ မထုမေလို လူငယ်တွေက နိုင်ငံရေးအားပြိုင်မှုတွေကြား ပိုပြီးတော့ ရိုက်ခတ်မှုခံရတယ်ဆိုတော့ ဒီလိုမျိုး လူငယ်တွေကို ထိုးနှက်တဲ့သဘောမျိုး လိုက်ပိတ်ပင်တားဆီးနေတာက လူငယ်တွေ နိုင်ငံရေးမှာ ဆက်ပါလာဖို့အတွက် အတားအဆီးဖြစ်နိုင်လား။
ဖြေ ။ ။ လူငယ်တွေအပါအဝင် ကျမတို့ အထူးသဖြင့် ရခိုင်ပြည်နယ်မှာဆိုရင် အမျိုးသမီးငယ်တွေ နိုင်ငံရေးလုပ်ဖို့ သိပ်ကို စိန်ခေါ်ချက်ရှိတယ်ရှင့်။ အဲဒါကဘာလဲဆိုရင် နိုင်ငံရေးထဲ ရောက်လာလို့ရှိရင် ဒီအမျိုးသမီးတွေ လူငယ်တွေကို ကျမတို့ကတော့ နေရာပေးဖို့ မတောင်းဆိုပါဘူး။ ဘယ်တုန်းကမှလည်း မတောင်းဆိုဘူးပါဘူး။ ဒါပေမယ့် သူတို့အတွက် ပါတီအနေနဲ့ မူဝါဒ ချမှတ်ပြီးလို့ရှိရင် ဒီ space တခု နေရာတခု ဖန်တီးပေးဖို့ မဖြစ်မနေ လိုအပ်ပါတယ်။
လူငယ်တွေမှာ ငွေရေးကြေးရေးအားနည်းချက် ရှိနိုင်ပေမယ့် သူတို့မှာ စိတ်ပိုင်းဆိုင်ရာ အားသာချက်၊ လေ့လာမှု ဆိုင်ရာအားသာချက်တွေ ပါတီကို ကူညီဖို့ အားသာချက်တွေ အများကြီး ရှိနေပါတယ်။
နိုင်ငံရေးဆိုတာက တဦးတယောက်တည်း လုပ်လို့ရတဲ့ အရာမျိုးမဟုတ်ပါဘူး။ လူငယ် လူကြီး ရှေ့မှီ နောက်မှီ အတွေ့အကြုံရှိပြီးသားလူကြီးတွေနဲ့ အတွေ့အကြုံ နည်းသေးတဲ့ လူငယ်တွေက သဟဇာတ ဖြစ်ဖို့ လိုပါတယ်။ ဒီလို သဟဇာတဖြစ်ဖို့ ဆောင်ရွက်တဲ့အခါမှာလည်း အုပ်စုဖွဲ့တာတို့ ကိုယ်သာပြီဆိုလို့ရှိရင်လည်း အနိုင်ယူမှာတို့ ဆိုတဲ့ ကျမတို့ အာဏာရှင်စနစ်မှာ ဖြတ်သန်းခဲ့ကြရတဲ့ mindset (စဉ်းစားမှု) တွေကို ထားခဲ့ကြဖို့ လိုပါမယ်။ ရှေ့ဆက်ပြီးတော့ ဘာလုပ်ကြမှာလဲ။ ဒီအခြေအနေကိုလည်း သုံးသပ်ဖို့ လိုပါမယ်။
နောက်တခုက ANP သည် နဂိုမူလ စတည်းက ANP လို့စတည်တာ မဟုတ်ဘူး။ ANP ကနေပြီးတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးထဲမှာ ပါတီနိုင်ငံရေးထဲမှာ ပါတီတွေ ပူးပေါင်းရေးထဲမှာ အင်မတန် အတုယူဖွယ်ကောင်းတဲ့ နိုင်ငံရေး ပူးပေါင်းမှုပဲ ဖြစ်ပါတယ်။ မူဝါဒ အပေါ်မှာ ရပ်တည်ပြီး နှစ်ပါတီ ပူးပေါင်းတဲ့အခါ gentle agreement ကနေ ပြီးတော့ RNDP ခေတ်တုန်းက ရှိခဲ့တဲ့ နိုင်ငံရေး မဟာမိတ်ဖြစ်တဲ့ NBF (ညီနောင်တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း)၊ ALD တုန်းက နိုင်ငံရေးမဟာမိတ်ဖြစ်တဲ့ UNA (စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်) ဒီ နိုင်ငံရေးမဟာမိတ်အဖွဲ့တွေနဲ့ဆက်သွားမယ် လို့ ဆုံးဖြတ်ခဲ့ကြတယ်။
ကျမတို့ ရခိုင်လူမျိုးသည် မြန်မာနိုင်ငံမှာ ၃ သန်းကျော်ပဲ ရှိတဲ့အတွက်ကြောင့် ကျမတို့က majority (အများစု) မဟုတ်ဘူး။ ဒီ အများစု မဟုတ်တဲ့ လူမျိုးတမျိုးအနေနဲ့ ဖယ်ဒရယ်ကို သွားမယ်၊ နောက် ပြည်ထောင်စု စနစ်ထဲမှာ ကိုယ့်ကြမ္မာကိုယ်ဖန်တီးတဲ့ စနစ်ကို သွားမယ်ဆိုရင် ကျမတို့ ဒီပါတီနိုင်ငံရေးနဲ့ကင်းကွာလို့မရသလို ဒီမျိုးဆက်သစ်တွေကို တွဲခေါ်ဖို့ လိုပါမယ်။
အခုက နှစ်ပါတီ ပူးပေါင်းထားတာကို မေ့သွားပြီးတော့ ကိုယ်အာဏာရသွားတဲ့ အခါမှာတော့ ALD အထဲကလူတွေကို နိုင်ငံရေးမလုပ်ရအောင် နှိပ်ကွပ်မှာတို့ ဒီလူငယ်တွေ နိုင်ငံရေး ဆက်မလုပ်ရအောင် တားဆီးမှာတို့ ရှိတယ်။
ဒီကန့်ကွက်ချက်တွေတော့ ရှိနေတယ်။ ဒါပေမယ့် ကျမတို့ ရပ်တည်ရမယ်။ လူငယ်တွေ ရပ်တည်ရမယ်။ ကျမတို့ အမျိုးသမီးတွေ ရပ်တည်ရမယ်။ နိုင်ငံရေး အကျပ်အတည်း အထူးသဖြင့် ပါတီကြားထဲက အကျပ်အတည်းကို ကျမအနေနဲ့ ရင်ဆိုင်ဖို့ ဆက်ပြီးတော့ ကိုယ်စားလှယ်လုပ်မယ်ဆိုရင် ဒီငါးနှစ်လိုပဲ လာမယ့် ၅ နှစ်မှာ ဒီ့ထက် အကျပ်အတည်းကို ကျမရင်ဆိုင်နိုင်ရဖွယ် ရှိပါတယ်။
နိုင်ငံရေးအကျပ်အတည်းကို နိုင်ငံရေး နည်းလမ်းအရ မဖြေရှင်းဘဲ နိုင်ငံရေးယဉ်ကျေးမှုနဲ့မသွားဘဲနဲ့ နှစ်ပါတီ ပူးပေါင်းခဲ့တာကို အသိအမှတ်မပြုဘဲနဲ့ အခုလိုမျိုး ဆုံးဖြတ်ချက်တွေ သုံးသပ်ချက်တွေ ထွက်လာတဲ့အပေါ်မှာ ကျမတို့ ရခိုင်ပြည်သူ လူငယ်တွေဟာ အမှန်တရားကို သိဖို့ လိုပါမယ်။
မေး ။ ။ ရခိုင်ပါတီနိုင်ငံရေးအသိုင်းအဝိုင်းကြားမှာ ဒီလို ညီညွတ်မှု ပျောက်ဆုံးနေတာရဲ့ အကြောင်းရင်းက ဘာလို့ သုံးသပ်မိလဲ။
ဖြေ ။ ။ ညီညွတ်မှုတွေ မရရှိခဲ့တာက မမျှတမှုကြောင့် ဖြစ်ပါတယ်။ ပူးပေါင်းဆောင်ရွက်ကြတဲ့အထဲမှာ မမျှတဘူး၊ နောက်တခုက တဦးနဲ့တဦး လေးစားတန်ဖိုးထားမှု အားနည်းတယ်ဆိုလို့ရှိရင် ဒီလိုမျိုး အခြေအနေတွေကို ဖြစ်ပေါ်စေပါတယ်။ နောက်တခုက လူပေါ်မှာ တည်ဆောက်ကြတယ်။ ဒီ institution ပေါ့ ကိုယ့်အဖွဲ့အစည်း ခိုင်မာအောင် ကိုယ့်ပါတီ ခိုင်မာအောင် တည်ဆောက်ဖို့ထက် ကိုယ့်ကို ပံ့ပိုးမယ့် သူ၊ ကိုယ့်နောက်က လိုက်မယ့်သူ ကိုယ်နဲ့အတူတူပဲ လုပ်မယ့်သူ မိမိအပေါ်မှာ ဗဟိုပြုပြီးတော့ ကြိုးပမ်းမှုတွေက ညီညွတ်ဖို့ရာ ခက်ပါတယ်။
ကျမတို့တွေက ဒီမိုကရေစီ စနစ်နဲ့လည်း အများကြီး ဝေးကွာခဲ့တယ်။ ပြီးတော့ စစ်အုပ်ချုပ်ရေးအောက်မှာလည်း အများကြီးနေလာခဲ့တယ်။ ဒီလိုမျိုး အခြေအနေမှာ ကျမတို့က တရားမျှတမှုကို တောင်းဆိုရမှာ ဖြစ်ပါတယ်။
အခုက ဒီစနစ်နဲ့ ဝေးကွာသွားတဲ့အခါမှာ ကျမတို့တွေက ကိုယ့်ကိုယ်ကို တည်ဆောက်ရမယ်လို့ နားလည်လာကြတယ်။ ကိုယ့်အုပ်စု တည်ဆောက်ရမယ်လို့ နားလည်လာကြတယ်။ အမှန်တကယ်က ကျမတို့ သွားရမယ့်လမ်းက ကိုယ့်ရဲ့ institution ကိုယ့်ရဲ့အဖွဲ့အစည်းကို ခိုင်မာအောင် တည်ဆောက်ရမယ်။ ဒါမှသာ မှန်ကန်တဲ့ တည်ဆောက်ခြင်း၊ ပြည်သူအတွက် အကျိုးရှိမယ့် တည်ဆောက်ခြင်း ဖြစ်ပါတယ်။ နောက်တချက်က ပါတီက ခိုင်မာသွားပြီ။ ဒီ institution က ခိုင်မာသွားပြီဆိုရင် အရည်အသွေးရှိတဲ့ ပြည်သူပေါ်မှာ တာဝန်ကျေကျေ ထမ်းဆောင်ကြမယ့် သူတွေက ဘယ်သူပဲ ဒီပါတီထဲက ရွေးချယ်ခံခံ ဒီပါတီဟာ အနိုင်ရမှာ ဖြစ်ပါတယ်။
ဒါကြောင့်မို့ ကျမတို့က ပါတီကို တည်ဆောက်ဖို့ institution ကို တည်ဆောက်ဖို့ ပျက်ကွက်ကြတဲ့အတွက်မို့ အခုလို အခြေအနေကို ရောက်သွားခဲ့တာလို့ ကျမသုံးသပ်တယ်။
နောက်တချက်က ကျမတို့ ပြည်သူတွေဘက်က နိုင်ငံရေးသမားတွေကို မြင်တဲ့အမြင်တွေ ပြောင်းလဲသွားတဲ့ဟာ အင်မတန် စိတ်မချမ်းမြေ့ဖွယ် တွေ့ရပါတယ်။ အဲဒါ ဘာကြောင့်လဲဆိုရင် ဒီ နိုင်ငံရေးအာဏာကို အသုံးပြုပြီး မိမိကိုယ်ကျိုးရှာတဲ့အခါ ပြည်သူတွေဟာ နိုင်ငံရေးသမားတွေကို စိတ်ပျက်ကြတယ်ရှင့်။
ကျမအနေနဲ့က နိုင်ငံရေးလောကထဲကို ရောက်ပြီဆိုရင် ဒီ နိုင်ငံရေး ယဉ်ကျေးမှုနဲ့ နိုင်ငံရေး ဂုဏ်သိက္ခာကို ထိန်းဖို့။ ဒါကို ထိန်းမှသာလျှင် ကျမတို့ အချင်းချင်းကြားထဲမှာ ညီညွတ်ရေးကို တည်ဆောက်နိုင်မယ်လို့ သုံးသပ်တယ်။ ဒီမိုကရေစီ သွားပြီဆိုရင် သေချာတယ်။ တသွေးတသံ တမိန့်တော့ မဟုတ်ဘူး။ ဒါပေမယ့် ကိုယ့်မှာ ချမှတ်ထားတဲ့ မူဝါဒကို လူကြီးတွေ ကိုယ်၌က လိုက်နာ စောင့်ထိန်းရမှာ ဖြစ်ပါတယ်။
ဥပမာ ANP ပါတီ ပူးပေါင်းခဲ့တုန်းက ညီလာခံမှာ ချမှတ်ခဲ့တဲ့ မူဝါဒကို CEC (ဗဟိုအလုပ်အမှုဆောင် ကော်မတီ) က ကြေငြာချက်တစောင်နဲ့ ဖောက်ဖျက်လိုက်တာမျိုး၊ ပြီးတော့ ညီလာခံက ရွေးချယ်ထားတဲ့ ALD ခြမ်းက CEC တွေကို စာတစောင်နဲ့ ထုတ်ပယ်တာမျိုးက institution အားကောင်းခိုင်မာအောင် လုပ်တာ မဟုတ်ဘဲနဲ့ အုပ်စုဖွဲ့ အနိုင်ကျင့်သလို ဖြစ်ပေါ်တဲ့အတွက် ဒီကိစ္စအပေါ်မှာ ကျမအနေနဲ့ စိတ်မကောင်းဖြစ်မိတယ်။
ဒါတွေ နောင်မှာ မရှိအောင်လို့ ကျမတို့ လူငယ်တွေ နောက်တက်လာမယ့် လူငယ်တွေ နိုင်ငံရေးသမားတွေ ကြိုးစားအားထုတ်ရမယ်။ ဒါ ကျမအနေနဲ့ တဖက်သားကို ဘယ်သူ့ကိုမှ တိုက်ခိုက်တာမဟုတ်ဘူး။ အခု ဆွေးနွေးတာတွေ အားလုံးက မှန်ကန်ခဲ့တဲ့ အရာတွေကို ပြည်သူကို သိဖို့ လိုအပ်လို့ဆွေးနွေးရခြင်း ဖြစ်တယ်။
မေး ။ ။ နောက် ရခိုင်ပြည်နယ်ရဲ့ အခြေအနေတွေဟာ ဗမာတွေကြောင့် ဗမာစစ်တပ်ကြောင့် ဗမာအစိုးရကြောင့် ဖြစ်ရတယ်ဆိုပြီး ပြောတာတွေ ကြားရတယ်။ အခု ရခိုင်ပြည်နယ်နိုင်ငံရေး ဒီလို ပြိုကွဲနေတယ်။ မညီညွတ်နေဘူးဆိုရင် ဒါက ဗမာတွေလုပ်လို့ ဖြစ်တာလားလို့ တချို့ မေးကောင်းမေးမယ်။ ရခိုင်နိုင်ငံရေးအခြေအနေ ခုလို ဖြစ်နေတာ ဘယ်သူ့တွေမှာ တာဝန်ရှိတာလဲ။
ဖြေ ။ ။ ကျမ အနေနဲ့ကတော့ လူမျိုးကို အခြေခံပြီးတော့မှ တယောက်နဲ့တယောက် အပြစ်တင်တာမျိုးက နောင်မှာလည်း ကောင်းမယ့် အယူအဆ မဟုတ်သလို ဒီပြဿနာတွေကို အဖြေရှာတဲ့ နည်းလမ်း မှန်ကန်တယ်လို့လည်း ကျမ မယူဆဘူးရှင့်။ အဓိက ကျမတို့ နိုင်ငံရဲ့ အခြေအနေက ဘာကြောင့်ဖြစ်လဲဆိုတာကို တဖွဲ့နဲ့တဖွဲ့၊ တဦးနဲ့ တဦး၊ လူမျိုး တမျိုးနဲ့တမျိုး၊ အပြစ်ဖို့မယ့်အစား စနစ်ကြောင့်ပဲ ဖြစ်ခဲ့တာပါ။ မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရပြီးကတည်းက ဖယ်ဒရယ် ကျင့်သုံးရမယ့် စနစ်ကို မကျင့်သုံးတဲ့ အတွက်ကြောင့် ဒီအခြေအနေတွေ ဖြစ်ပေါ်လာတယ်။ လူအများစုက လူနည်းစုကို ဖိနှိပ်တယ်။
ဒီလိုမျိုး အခြေအနေ ဖြစ်လာတဲ့ အကြောင်းရင်းသည် စနစ်ကြောင့်ပဲ ဖြစ်ပါတယ်။ တိုင်းရင်းသားများရဲ့ ရပိုင်ခွင့်တွေကို လျစ်လျူရှုခဲ့တာ ပြီးလို့ရှိရင် မှန်ကန်တဲ့စနစ်ကို မကျင့်သုံးဘဲနဲ့ လက်နက်အားကိုးနဲ့ အုပ်ချုပ်ခဲ့တာ။ နောက်တခုက နိုင်ငံစနစ်မမှန်လို့သာ အခု မြန်မာနိုင်ငံအခြေအနေ အရပ်ရပ်တွေသည် ကျမတို့ ရခိုင်မှာမှ ပြဿနာ ရှိတာ မဟုတ်ပါဘူး။ တခြားသော ကရင်၊ ကချင်၊ ရှမ်း အစရှိသဖြင့် လက်နက်ကိုင်တပ်ဖွဲ့တွေ အထူးသဖြင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေ ဖြစ်ပေါ်လာရတဲ့ အကြောင်းရင်းသည် စနစ်ကြောင့်ပဲ ဖြစ်ပါတယ်။
ကျမကတော့ ဒီအကြောင်းအရာကို ရှုမြင်တဲ့အခါမှာ ကျမ လူမျိုးအနေနဲ့ မရှုမြင်ပါဘူး။ တခုတော့ ရှိပါတယ်။ မြန်မာနိုင်ငံမှာ လူမျိုးစု အများအပြားနေထိုင်တဲ့အတွက် လူနည်းစုလူမျိုးစု၊ လူများစုလူမျိုးစု ဒီလိုမျိုး ပြောဆိုတဲ့အပေါ်မှာတော့ လူများစုရှိတဲ့ နာမည်၊ လူနည်းစုရှိတဲ့နာမည်က ပြောကြမှာပဲ ဖြစ်ပါတယ်။ ကျမအနေနဲ့ကတော့ ဘယ်သူလုပ်တယ်။ ဘယ်လူမျိုး လုပ်တာထက် စာလို့ရှိရင် စနစ်ကို အကောင်အထည်ဖော်တဲ့လူတွေက ဒီလိုမျိုး ပဋိပက္ခတွေဖြစ်အောင် ဒီလိုမျိုး စိတ်ဝမ်းကွဲမှုတွေ ဖြစ်အောင် ဒါ ဖန်တီးတဲ့ အခြေအနေတရပ်ပဲ ဖြစ်တယ်။
နောက်တချက်က ရခိုင်ပြည်နယ်မှာ ဒီလိုမျိုး ဖြစ်ပေါ်နေတဲ့အရာကို သူများကို အပြစ်တင်မလားဆိုရင် ကျမ အနေနဲ့က အခု ကျမ ရင်ဆိုင်နေရတဲ့ ကိစ္စဆိုရင် ကျမ သုံးသပ်တာပဲရှိတယ်။ ဝေဖန်တာပဲ ရှိတယ်။ ကျမ ဘယ်သူ့ကိုမှ အပြစ်မတင်ပါဘူး။ သူ့ကြောင့် ကျမ ဒီလိုဖြစ်သွားတယ်။ သူတို့ကြောင့် ကျမ ဒီလိုဖြစ်သွားတယ်ထက် စာလို့ရှိရင် ဖြစ်ပေါ်လာတဲ့ အခြေအနေကတော့ ဒီလို၊ ဒါကို အဖြေရှာဖို့ပဲ ကျမ သုံးသပ်တယ်။ သူတပါးကို အပြစ်ဖို့တာ သိပ်လွယ်ပါတယ်။ ပြဿနာကို ဖြစ်ရတဲ့ အကြောင်းရင်းကို သုံးသပ်ဖို့ လိုပါမယ်။ လေ့လာဖို့ လိုပါမယ်။
မေး ။ ။ လက်ရှိ ကိုယ်စားပြုနေတဲ့ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အတွက် မထုမေ လွှတ်တော်ထဲမှာ အများကြီး ဒေသဖွံ့ဖြိုးရေးကိစ္စတွေ ပြောဆို ဆွေးနွေးတာ၊ အဆိုတင်တာတွေ တွေ့ရတယ်။ ရခိုင့်နိုင်ငံရေးနဲ့ မြန်မာတပြည်လုံးအရေးမှာ ဒေသခံတွေရဲ့ သိမြင်မှုကို ဘယ်လို တွေ့ခဲ့ရလဲ။ မဲ ဆန္ဒရှင်တွေရဲ့ နိုင်ငံရေးရေချိန်ကို ဘယ်လို သုံးသပ်မိလဲ။
ဖြေ ။ ။ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးတွေ အများကြီးလိုအပ်မယ် ဆိုတာတော့ များသောအားဖြင့် သူတို့ လက်ခံတယ်။ ကျမရဲ့ မဲဆန္ဒနယ်က ပြည်သူတွေက ဒီနိုင်ငံရေးကို သုံးသပ်တဲ့အခါ အကောင်းမြင်ဝါဒ ထားရှိကြတယ်။ သူတို့ ပြုပြင်ပြောင်းလဲကြမယ်။ ပြီးရင် ပါတီတွေရော သူတို့ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေရော မြန်မာ့နိုင်ငံရေးကို ပြုပြင်ပြောင်းလဲကြမယ်။ သူတို့လည်း ဒါကို လိုက်ပါပြီးတော့ ပြုပြင်ပြောင်းလဲကြမယ့် အခြေအနေကို ကောင်းကောင်း နားလည်ကြတယ်ရှင့်။
ဖွံ့ဖြိုးရေးနဲ့ ပတ်သက်လို့ကျရင်တော့ မြန်မာနိုင်ငံရဲ့ ဘတ်ဂျက်အခြေအနေကို ကျမ သူတို့ကို တင်ပြတယ်။ ဆွေးနွေးတယ်။ အဲဒီအပေါ်မှာတော့ သူတို့ အားမရဘူး။ ကျမတို့ဆွေးနွေးတဲ့ ဖယ်ဒရယ်စနစ်ပေါ့နော်၊ ကိုယ့်ပြည်နယ်က ထွက်ရှိတဲ့ သယံဇာတ ခွဲဝေရေး ဒါတွေနဲ့ပတ်သက်ပြီးတော့ ပြည်ထောင်စုကို လုံး၀ ကျေနပ်ခြင်း မရှိတာတော့ သေချာတယ်ရှင့်။
မေး ။ ။ ရန်ကုန်မှာ ရခိုင်တိုင်းရင်းသားတွေ အတော်များများရှိပေမယ့် ၂၀၁၅ မှာ တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာအတွက် မဲပေးတဲ့ ရာခိုင်နှုန်းကို ပြန်ကြည့်ရင် ၆၇ ရာခိုင်နှုန်းလောက်ရှိတယ်။ ဒါပေမယ့် ရခိုင်ရွှေ့ပြောင်းလုပ်သားထုများတဲ့ လှိုင်သာယာမှာ တချို့လွှတ်တော်နေရာတွေအတွက် မဲထွက်ပေးသူက ၄၀ ရာခိုင်နှုန်းဝန်းကျင်ပဲ ရှိတယ်။ မထုမေ ဝင်ပြိုင်မယ့် ဒီမဲဆန္ဒနယ်မှာ မဲထွက်ပေးမယ့်သူ နဲ့ပတ်သက်လို့ ဘယ်လို မှန်းဆမိလဲ။
ဖြေ ။ ။ မြန်မာနိုင်ငံမှာ နိုင်ငံရေးနဲ့ပတ်သက်လို့ ပြည်သူတွေ မေ ျှာ်မှန်းထားတဲ့ အခြေအနေတွေကို မရောက်ဘူးဆိုတဲ့ဟာက တနိုင်ငံလုံး အခြေအနေပါ။ ကျမတို့ ရခိုင်လူမျိုးတွေမှ မဟုတ်ပါဘူး။ နောက် မဲပေးမယ့်သူ မဲထွက်ပေးဖို့ရာက ၂၀၁၅ နဲ့ ၂၀၂၀ က အများကြီး ကွာခြားသွားနိုင်ပါတယ်။ ဒီအကျဘက်ကိုလည်း ပြောလို့ရသလို အခြေအနေက ၂၀၁၅ ထက်ပိုပြီး မဟန်တဲ့ အခြေအနေ ဖြစ်လာနိုင်ပါတယ်။
ဘာကြောင့်လဲဆို ၂၀၁၅ ကနေ အမှန်တကယ် ရခိုင်ပြည်နယ်မှာ နိုင်ငံရေး ရေချိန်သိပ်မြင့်တဲ့အခြေအနေ၊ နှစ်ပါတီပဲ ရှိတဲ့အတွက်ကြောင့် ပြည်သူတွေ အားရဝမ်းသာ ရှိခဲ့တယ်။ ငါတို့ စည်းလုံး ညီညီညွတ်ညွတ်နဲ့ လုပ်ကြမယ်။ ဒီလိုအားရဝမ်းသာရှိတဲ့အချိန်မှာတောင်မှ ရာခိုင်နှုန်း နည်းလို့ရှိရင် အခု လက်ရှိမှာ ကိုဗစ်ကြောင့် နယ်ကို ပြန်သွားကြရတဲ့ သူတွေရှိတယ်။ ကိုဗစ်ကြောင့်ပဲ အလုပ်အကိုင် အခွင့်အလမ်း မရှိတော့သူတွေရှိတယ်။ နောက် မိသားစု စားဝတ်နေရေး အဆင်မပြေတာတွေ ရှိတယ်။ ငါတို့ မဲပေးလို့ဘာမှပြုပြင်ပြောင်းလဲရေး ဆောင်ရွက်နိုင်ကြမှာ မဟုတ်ဘူးပေါ့။ ဒီလိုမျိုး ပြည်သူတွေဆီကနေ စိတ်ပျက်အားနည်းသွားတဲ့ပုံစံကိုလည်း ကျမတို့ အများကြီး ကြားရပါတယ်။
ဒါပေမယ့် ပြည်သူတွေ မဲထွက်ပေးလာအောင် ကိုဗစ်နဲ့ပတ်သက်တဲ့ ကာကွယ်ရေးတွေရော (လိုက်နာရမယ်)။ နောက် ကိုယ့်ရဲ့မဲဟာ ဘယ်လောက် အရေးကြီးတယ်။ ကိုယ်မလိုချင်တဲ့ အစိုးရတစ်ရပ် ကိုယ်မလိုချင်တဲ့ ဝန်ကြီးတယောက် ထွက်ပေါ်လာအောင်အထိ အရေးပါတယ်ဆိုတဲ့ဟာကို ကျမတို့က ပြည်သူတွေကို ရှင်းပြဖို့ လိုပါတယ်။ ဒီလိုရှင်းပြပြီး ပြည်သူတွေနဲ့ စုစည်းနိုင်တဲ့ အင်အားတခုကို ရပြီဆိုရင် ဒါ မဲထွက်ပေးကြမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီစနစ်ကို ကျမတို့ ပြည်သူတွေ ရှင်းရှင်းလင်းလင်း (သိဖို့) လွှတ်တော်ကိုယ်စားလှယ်မှာလည်း တာဝန်ရှိတယ်။ နိုင်ငံရေးသမားတွေမှာလည်း တာဝန်ရှိတယ်။
အခု မြန်မာနိုင်ငံမှာ စိတ်ပျက်စရာတွေ အများကြီးရှိတာက ဘာကြောင့်လဲဆိုရင် ဒီမိုကရေစီစစ်စစ်နိုင်ငံမဟုတ်လို့ ပြည်သူတွေ ထင်သလောက် လွှတ်တော်ကိုယ်စားလှယ်တွေ မလုပ်နိုင်ဘူး။ ပြည်သူတွေ မျှော်မှန်းသလောက် နိုင်ငံက ရှေ့မသွားဘူး။ ဒါ ဘာကြောင့်လဲဆိုရင် ကျမတို့နိုင်ငံသည် ဖွဲ့စည်းပုံတွေကအစ ဒီအောက်ခြေအထိ ဗဟိုကနေ ပြည်နယ်အထိ ဒီမိုကရေစီစစ်စစ် မဟုတ်သေးတဲ့အတွက် ဒီလိုမျိုး ပြည်သူ စိတ်ပျက်စရာတွေ ဖြစ်ပေါ်လာတယ်။ ဒီမိုကရေစီ စစ်စစ်ကို သွားမယ်ဆိုရင် ပြည်သူ မဲပေးမှ ဖြစ်မယ်။
ဒီမဲပေးတဲ့ ယဉ်ကျေးမှုတွေကို ကျမတို့ ပြုစုရမယ်။ ပျိုးထောင်ရမယ်။ ဒါမှသာလျှင် ပြည်သူတွေရဲ့ အားနဲ့ ဒီနိုင်ငံကို ဆက်ပြီးတော့ မောင်းနှင်နိုင်မှာ ဖြစ်တယ်။ ဒီအကြောင်းအရာတွေကို မဲပေးမယ့် ပြည်သူတွေကို ကျမတို့ သေသေချာချာ ဂဃဏန ရှင်းပြနိုင်ရင်တော့ သူတို့အနေနဲ့ မဲပေးဖို့အတွက် စိတ်အားထက်သန်ကြမှာ ဖြစ်တယ်ရှင့်။
You may also like these stories:
ရခိုင်ပြည်နယ် ခရိုင် ၂ ခုတွင် ALD ပါတီ ရွေးကောက်ပွဲ ဝင်ရန် မသေချာ
မဲဆန္ဒနယ် ၄၄ နေရာအထိ NLD ကိုယ်စားလှယ်လောင်း လစ်လပ်
NLD၊ ညွန့်ပေါင်းဂယက်နဲ့ No vote