လူမျိုးရေး၊ ဘာသာရေးအရ အပုတ်ချမှုတွေ၊ မှိုင်းတိုက်လှုံ့ဆော်မှုတွေရဲ့ အစွန်း ရောက်အန္တရာယ်ကို သတိထား ရှောင် ရှားကြဖို့ အစိုးရပိုင်းက တိုက်တွန်းမှုတွေ လုပ်နေပေမယ့် ရွေးကောက်ပွဲ နီးလာချိန်မှာ ဒီလိုအစွန်း ရောက် အမုန်းစကား တွေကို လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ တွေ့နေရဆဲဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေအရလည်း လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ကို ပေးအပ်ထားပြီး၊ ဖြစ်ပေါ်ခဲ့တဲ့ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေကို သင်ခန်းစာယူကာ မတူကွဲပြားမှုတွေ အကြား သဟဇာတဖြစ်ရေး၊ အတူယှဉ်တွဲ နေထိုင်ရေးအတွက် ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့များကိုလည်း ဖွဲ့စည်းပြီး ဆောင်ရွက်လျှက်ရှိပါတယ်။
ဒီလိုဆောင်ရွက်တဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး သဘောထားအမြင်တွေ၊ အစ္စလာမ်ဘာသာရဲ့ တဗလိဂ် ဂျမတ် (Tablighi Jamaat) လှုပ်ရှားမှုတွေနဲ့ အတူယှဉ်တွဲနေထိုင်ရေးအတွက် သဘောထားတွေကို အစ္စလာမ်ဘာသာရေး ခေါင်း ဆောင် တဦးဖြစ်တဲ့ ဟာဂျီ ဦးအေးလွင်နဲ့ တွေ့ဆုံမေးမြန်းထားပါတယ်။
မေး ။ ။ မတူကွဲပြားတဲ့ ဘာသာတွေအကြား သဟဇာတဖြစ်ရေးနဲ့ အတူယှဉ်တွဲနေထိုင်ရေးတို့နဲ့ ပတ်သက်ပြီး လက်ရှိ အခြေအနေကို ဘယ်လိုမြင်မိပါသလဲ။
ဖြေ ။ ။ ကျနော်တို့မှာ ဝါဒနဲ့ ဝါဒီကို ခွဲမြင်နိုင်ရင် ကောင်းပါတယ်။ မသမာတဲ့ သူတွေက ဘာသာရေးကို နာမည် ခံထား ပြီး လုပ်နေတာတွေက ဘာသာရေးနဲ့ ဆန့်ကျင်တာတွေ လုပ်တယ်။ အဲ့ဒီလို သိုးမဲတွေကို မီးမောင်းထိုးပြပြီး “တွေ့လား၊ ဒီဘာသာက အကြမ်းဖက်တာ၊ တခြားဘာသာတွေအပေါ် သည်းခံစိတ်မရှိဘူး”ဆိုတဲ့ ဝါဒဖြန့်ချိမှုတွေ လုပ်နေတယ်ဆိုရင် တရားတွေ ဘယ်လောက်ကောင်းကောင်း၊ မလိုက်နာတဲ့ သူတွေ ကြည့်ပြီး ဝါဒဖြန့်ကြမယ်၊ အဲ့ဒီလို မဖြစ်ဖို့ဆိုရင် ဝါဒနဲ့ ဝါဒီ ခွဲခြားမြင်ပြီးတော့ ခြေမ မကောင်းရင် ခြေမပဲ၊ လက်မ မကောင်းရင် လက်မပဲ။
ဒီလို ဖြစ်နေတာတွေက သူ့ရဲ့ ဘာသာ၊ သာသနာကြောင့်မဟုတ်ဘဲ သူက အလွဲသုံးစား လုပ်လို့သာလျှင် ဒီလိုဖြစ်နေတာ ဆိုပြီး ခွဲမြင်မယ်ဆိုရင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲရေးက ဖြစ်နိုင်ပါတယ်။ တော်တော်လေးလည်း ဖြစ်နေပါပြီး။
မှိုင်းတိုက်တဲ့ သူတွေရဲ့ အန္တရာယ်က လွတ်မြောက်စေဖို့အတွက် ကျနော်တို့ဆိုရင် ဘာသာပေါင်းစုံတင်မကဘူး၊ ကိုယ့် ဘာသာ ကိုယ်သိရေးဆိုတာပါ ပြောနေတယ်။ ကိုယ့်ဘာသာ ကိုယ့်မသိတဲ့ အခါမှာ အထင်အမြင်လွဲမှားစေမှု၊ ဘာသာ တရားနဲ့ မပတ်သက်တဲ့ အတွေးအခေါ်တွေကိုလည်း ပြောမိဆိုမိ လုပ်ကိုင်မိတာပဲ။
ကိုယ့်ဘာသာ ကိုယ်သိအောင် ပြန်လုပ်ရေးဆိုတာလည်း ဘာသာပေါင်းစုံငြိမ်းချမ်းရေးအတွက် အလွန်အရေးကြီးတဲ့ အတွက် တွဲပြီးလုပ် နေပါတယ်။
ဖြစ်ရပ်တခုကို လေ့လာတဲ့အခါမှာ မြတ်ဗုဒ္ဓ မိန့်ခဲ့တဲ့ ကာလာမသုတ် အတိုင်းပါပဲ။ ဆန်းစစ်ဖို့လိုတယ်၊ အပေါ်ယံနဲ့ သုံးသပ် လို့မရဘူး။ သတင်းစကားတခု၊ ဖြစ်ရပ်တခုက ဖြစ်နိုင်၏ မဖြစ်နိုင်၏ ဆန်းစစ်ပြီးတော့မှ အမှန်တရားကို ရှာဖွေမယ်ဆိုရင် မသမာသူတွေရဲ့ ချောက်ချ၊ သွေးထိုးမှုတွေ၊ ဘာသာရေးကို စနက်တံတခုလို အသုံးချနေတဲ့ အဓမ္မဝါဒီများရဲ့ ဘာသာရေး ပြန်ပေးဆွဲမှုကို အောင်မြင်စွာကျော်လွှားနိုင်မယ်လို့ ပြောချင်ပါတယ်။
မေး ။ ။ အရင်ကတည်းက နေထိုင်ခဲ့ကြတဲ့ မွတ်စလင်တွေနဲ့ နောက်ပိုင်းပြောင်းလဲလာတဲ့ အခြေအနေကို လည်း သုံးသပ်ပေးပါဦး။
ဖြေ ။ ။ ကျနော်တို့ မြန်မာပြည်က အင်္ဂလိပ်အောက်ရောက်ပြီးတော့ အိန္ဒိယရဲ့ ပြည်နယ်ဖြစ်တော့ ကျနော်တို့ရဲ့ ဗလီတွေမှာ ရှေ့ဆောင်တဲ့ ဆရာတွေ၊ ဘာသာရေးကျောင်းတွေမှာ သင်တဲ့ဆရာတွေက အားလုံးက အိန္ဒိယမှာရှိတဲ့ အစ္စလာမ်သာသနာရေး တက္ကသိုလ်ကြီးတခုဖြစ်တဲ့ Deoband ကျောင်းဆင်းတွေဖြစ်နေတယ်။
သူတို့က ခေတ်ပညာကို သိပ်အားမပေးဘူး၊ သူတို့ရဲ့ အတွေးအခေါ်တွေနဲ့ ဗမာမွတ်စလင်တွေက တော်တော်လေး ယဉ်ပါးလာခဲ့ပြီးတော့ အရင်က ရှေးဗမာမွတ်စလင်ကြီးများရဲ့ ယဉ်ကျေးမှုတွေ ဘာတွေတောင် တဖြေးဖြေး ပျောက်သလို ဖြစ်လာတယ်။ အထက်ဗမာပြည်မှာဆိုရင် အမျိုးသမီးဗလီဝတ် တက်ရေးက မေးခွန်းထုတ်ရမှာကို မဟုတ်ဘူး။ လူတိုင်း တက်တာ။
အိန္ဒိယကလာတဲ့ ယဉ်ကျေးမှုက ကြီးစိုးလာရော အဲ့ဒါတွေက ပပျောက်သွားတယ်။ တိုက်ပုံနဲ့ မြန်မာခေါင်းပေါင်းနဲ့ တောင်ရှည်ပုဆိုးနဲ့ တက်ခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေဟာ တဖြေးဖြေးမှာ အင်္ကျီရှည်ကြီးတွေ၊ ဦးထုပ်တွေနဲ့ ဖြစ်သွားကြတယ်။
ပိုပြီးတော့ ဆိုး တာက တချိန်က ကျေးရွာတွေ၊ ရပ်ကွက်တွေမှာ အိမ်နီးနားချင်း သူငယ်ချင်းတွေ လည်ပင်းဖက်ပြီး ပေါင်းလာကြတာလေ။
အဲ့ဒီလူတွေနဲ့တောင်မှ ခပ်စိမ်းစိမ်းလေး Exclusive နည်းနည်းဆန်သွားတယ်။ ဗြဟ္မဏဝါဒလို ထုံးဝိုင်းပြီး ထမင်းချက်တဲ့ အိုင်ဒီယာလေးတွေလိုပေါ့ဗျာ။
ကျနော်တို့ မြန်မာနိုင်ငံအတွက်လည်း ပဋိပက္ခတွေမှာတောင် နည်းနည်းလေးတောင် ကိုယ့်ဘက်က ဒီလိုအတွေး အခေါ် တွေ ဝင်လာတဲ့အပေါ်မှာ တဖက်ကလည်း လှုံ့ဆွချင်တဲ့လူအတွက် Chance(အခွင့်အလမ်း) ရသွားတယ်လို့ မြင်မိတယ်။
အရင်တုန်းက ကျနော့်အဖိုးတွေ ခေတ်က အမြဲတမ်း ကျနော့်ကို လာလာခေါ်တယ်။ ကျနော့်အဖေက ကျန်းမာရေးမှူး ကျောင်းမှာ ဒုတိယကျောင်းအုပ်၊ ဟယ်ပင်လမ်းမှာ။ အဖိုးကလည်း ဆရာဝန်ပဲ။ ဝန်ကြီး ဦးရာရှစ်ရဲ့ ယောက္ခမကြီး။
ကျနော်တို့ကို လာလာခေါ်ပြီးတော့ အဲ့ဒီမှာ သောကြာတိုင်းမှာ ဝတ်ပြုခဲ့ရတာ နှစ်ပေါင်းမြောက်များစွာ။ အဲ့ဒီမှာ ဟောတဲ့ ဆရာကြီးကလည်း ကျနော်မှတ်မိတာ ဗမာရည် အင်မတန်လည်တာ။ ဦးခင်မောင်ကြီး ဆိုပြီးတော့။
နောက်ပိုင်း အဲ့ဒီမှာ သိသိသာသာ ပြောင်းလဲသွားတာက ရိုးရိုးသားသားပြောရရင် ငွေကြေးအားဖြင့် လွှမ်းမိုးမှု လည်းပါ တယ်။ ဆင်းရဲသား၊ အလုပ်လက်မဲ့တွေကို ရက်ရက်ရောရော ပေးတာကမ်းတာတွေရှိတယ်။ ဗလီတွေကိုလည်း ပြုပြင် ပေးတာတို့လို လုပ်ရင်း အင်အားက ပိုကောင်းလာတာပေါ့။
မေး ။ ။ အခုတလော ပြောနေ ရေးနေတဲ့တဗလိဂ်ဂျမတ်(Tablighi Jamaat) ဆိုတာက ဘယ်လိုမျိုးလဲ၊ ဘယ်ကနေ စပြီး ပေါ်ပေါက်လာတာ လဲ။
ဖြေ ။ ။ ၁၉၂၆ ခုနှစ်မှာ အိန္ဒိယနိုင်ငံ၊ Nizamuddin အရပ်မှာ မောင့်လာနာ အီလီယက် ဆိုတဲ့သူကနေ စတင် တည်ထောင်တာပေါ့၊ တမန်တော်မြတ်ကြီးက အိမ်မက်ထဲမှာ လမ်းညွန်တယ်လို့ သူပြောတာပေါ့၊ အမှန်တော့ အစ္စလာမ်ရဲ့ ဘယ်လိုဘုရားဝတ်ပြုရမယ်၊ ဘဝကို ဘယ်လိုရပ်တည်ရမယ်ဆိုတဲ့ အခြေခံအသိလေးတွေကို သူကသင် ပေးတယ်။
အဲ့ဒီကနေစပြီးတော့ ဒီလုပ်ငန်းက စခဲ့တာပေါ့နော်။ အဲ့ဒါနဲ့ မပြီးတဲ့အပြင် အစ္စလာမ်နဲ့ ကင်းကွာနေတဲ့ ဘာသာဝင်တွေရဲ့ အိမ်တွေကို လှည့်လည်သွားပြီးတော့ ဝတ်ကျောင်းတော်ကို လာဖို့ဖိတ်ခေါ်တယ်၊ တဗလိဂ် ဆို တဲ့အဓိပ္ပါယ်ကိုက ဖိတ် ခေါ်ခြင်းနဲ့ ဖြန့်ချိခြင်းပေါ့၊ အဲ့ဒီတော့ ဗလီမှာ လာဝတ်ပြုပါ၊ ဝတ်ပြုရင်လဲ လိုအပ်ချက်တွေ ကို သင်ပေးတယ်။
အဲ့ဒီကနေ ကိုယ်အရပ်မှာတင် မဟုတ်တော့ဘဲ အနယ်နယ်အရပ်ရပ်ကို အိပ်ယာလိပ်လေးတွေ ထမ်းပြီး ခရီးလျှောက် ထွက်ကြတယ်။ ဒေသတခုရောက်ရင် အစ္စလာမ်ဘာသာဝင်တွေဆီ သွားပြီးဖိတ်ခေါ်ကြ၊ တ နေ့ ၅ ကြိမ် ဝတ်ပြုတဲ့ အခါကျတော့ အစ္စလာမ်အခြေခံ သဘောတရားလေးတွေကို ဟောကြတာပေါ့နော်။
အခြေခံအယူဝါဒကတော့ အိန္ဒိယနိုင်ငံက သာသနာ့တက္ကသိုလ်ကြီးဖြစ်တဲ့ Deoband ဆိုတဲ့ တက္ကသိုလ်ရဲ့ ကျောင်း တော်ဝါဒပဲ။ အဲ့ဒီဝါဒသည် အစ္စလာမ်ဘာသာကို အင်မတန် ရိုးရိုးရှင်းရှင်းနဲ့ ရှေးရိုးဆန်ထားတဲ့ပုံစံ ကွန်ဆာဗေးတစ်တွေ ပေါ့ဗျာ
ရှေးရိုးဆန်ဆန်လုပ်တယ်။ သူတို့က အကြမ်းဖက်တာတို့၊ အမျိုးသားရေးတို့၊ သွေးကြွတာတို့ မရှိဘူး။ သို့သော်လည်း သူတို့ ရဲ့ အယူအဆလေးတွေ၊ အဓိပ္ပါယ် ဖွင့်ဆိုမှုလေးတွေကတော့ ရှေးဆန်ပြီး နည်းနည်းလေး အယူသည်းတယ်လို့ တောင် ပြောရမှာပေါ့နော်။
အဲ့ဒီလိုအုပ်စုကြီးက တဖြည်းဖြည်းကြီးထွားလာတယ်။ သူတို့က တခြား ဘာသာကို သာသနာပြု တာမဟုတ်ဘူး။ ကိုယ့် ဘာသာဝင်တွေကိုပဲ ပြန်ပြီးတော့ ဝတ်ကျောင်းတော်နဲ့ နီးစပ်လာ အောင်လုပ်တယ်။ အခြေခံလေးတွေ သင်ပေးတယ်။
မေး ။ ။ ဒီလှုပ်ရှားမှုက မြန်မာပြည်ကို ဘယ်တုန်းက ရောက်လာခဲ့တာလဲ။
ဖြေ ။ ။ ဒီလှုပ်ရှားမှုက မြန်မာပြည်ကို အင်နဲ့အားနဲ့ ရောက်လာသလဲဆိုရင် ၁၉၆၂ ခုနှစ် ဦးနေဝင်းလက်ထက် ပြည်သူပိုင်တွေ သိမ်းလိုက်တော့ အိန္ဒိယနွယ်ဖွား မွတ်စလင်တွေ အများကြီး ဒီမှာရှိတယ်လေ။ သူတို့ရဲ့ ဆိုင်ကြီး တွေ ပြည်သူပိုင် သိမ်းခံရတာရှိတယ်။ တချို့ဆိုရင် အိန္ဒိယမှာ ဆွေတွေ မျိုးတွေ ရှိတဲ့သူတွေပေါ့ဗျာ။
အဲ့ဒီလူတွေက အလုပ်လက်မဲ့တွေဖြစ်ပြီး လောကီကို စိတ်ကုန်သွားတဲ့အခါ အချိန်တွေလည်း ရလာတဲ့ အချိန်မှာ ဒီလှုပ်ရှားမှုကြီးက အားပိုကောင်းလာတယ်။ အဲ့ဒီတော့ မြန်မာပြည်မှာ ဘာဖြစ်လဲဆိုရင် မြန်မာမွတ်စလင်တွေက မြန်မာ့ယဉ်ကျေးမှုနဲ့ နေနေတယ်။
သို့သော် ဒီပုဂ္ဂိုလ်တွေကတော့ ဘာသာ၊ သာသနာကို သွန်သင်ပြတဲ့ အခါမှာ လူမျိုးနဲ့၊ ယဉ်ကျေးမှုနဲ့၊ ဘာသာတရား မကွဲဘူး။ အိန္ဒိယယဉ်ကျေးမှုတွေ အများကြီးပါလာတယ်။ ဥပမာ- ဦးထုပ်ဆောင်းရတယ်။ မုတ်ဆိတ် ထားရမယ်။ အင်္ကျီ ရှည်ဝတ်ရမယ် ဆိုတဲ့ဟာတွေ၊ အမျိုးသမီးတွေဆို ခေါင်းမြီးခြုံရမယ်၊ အမျိုးသမီးတွေ ဗလီတွေ ဘာတွေလာတာ သိပ်မကြိုက်ဘူး ဆိုတာလေးတွေပေါ့။
ရှေးဟောင်းဆန်ဆန်ကို အယူအစွဲကြီးသော အိန္ဒိယ လောင်းရိပ်အောက်က အတွေးအခေါ်တွေပေါ့လေ။ သို့သော် အကြမ်းဖက်မှုတို့၊ အစွန်းထွက်မှု ဆိုတာတွေနဲ့တော့ ဆက်စပ်မှုမရှိဘူး၊ အယူသည်းတယ်လို့တော့ ပြောလို့ရတယ်။
ဒီလူတွေရဲ့ အင်အားက ၁၉၆၂ ခုနှစ်လောက်ကစပြီး အခြေခံရပြီး တနေ့ ၅ ကြိမ် ဝတ်ကျောင်းတော်မှာ ဝတ်ပြုတယ်။ ဘာသာရေးကို တက်တက်ကြွကြွ လုပ်ချင်တဲ့သူတွေကို တွေ အမြဲတမ်းဟောပြောပွဲ အစီအစဉ်လေးတွေရှိတယ်။ လူတွေနဲ့ ထိတွေ့မှုရှိနေတာပေါ့။ မြန်မာပြည်မှာလည်း တော်တော်လေး အင်နဲ့အားနဲ့ ရောက်ရှိလာတယ်။
နောက်တော့ အောင်ဆန်းကွင်းဘေးက တခြမ်းပဲ့ဗလီကြီးမှာ လာပြီးတော့ အခြေချကြတယ်။ ဒီတခြမ်းပဲ့ဗလီကြီး ကလည်း သမိုင်းမှာ အင်မတန်ထင်ရှားတာဗျ။ ဒီဟာက မြန်မာမင်း ညောင်ရမ်းမင်းဆက် စနေမင်းလက်ထက်ထဲကိုက အဲ့ဒီမှာ ဦးရွှေ သိုင်း၊ ဦးရွှေမိုင်းဆိုတဲ့ တပ်မှူးကြီး ၂ ယောက်ကို ဘုရင်က ပေးထားတဲ့ ဗလီ။
အဲ့ဒီသမိုင်းကြောင်းတွေ အကုန် ပျောက်သွားပြီးတော့ အိန္ဒိယ ယဉ်ကျေးမှု လွှမ်းမိုးပြီးတော့ မုတ်ဆိတ်တွေ၊ အင်္ကျီရှည်တွေ၊ ဦးထုပ်တွေနဲ့ လူအင်အား၊ ငွေအင်အား၊ ပြည်သူကိုလည်း ဆွဲဆောင်နိုင်တဲ့ သဘောရှိတော့ တက္ကသိုလ်ကျောင်းသား ပညာတတ် ကလေးတွေတောင် ဒီအယူဝါဒတွေ ဝင်လာတယ်။
ဟိုတလောက ကိုဗစ်ကာလမှာ သူတို့ ခေါင်းဆောင်ပိုင်းမှာ အုပ်စုနှစ်စု အချင်းချင်း သဘောထား ကွဲသလိုမျိုးလေးတွေ ဖြစ်ပေမယ့်လည်း တခြားသူတွေလို ပေါ်ပေါ်တင်တင် ပြဿနာမဖြစ်ဘဲ ထိန်းထိန်းသိမ်းသိမ်းလေး လုပ်ကြ တာပေါ့။ ဒါကတော့ နောက်ကြောင်းသမိုင်းလေးပါပဲ။
မေး ။ ။ တဗလိဂ်ဂျမတ်တွေထဲမှာ သဘောထားကွဲတယ်ဆိုတာက ဘယ်လိုမျိုးကို ဆိုလိုတာပါလဲ။
ဖြေ ။ ။ ဒါကတော့ အိန္ဒိယနဲ့ ပါကစ္စတန်မှာ ကွဲကြတာ။ အိန္ဒိယကျောင်းတော် ဝါဒနဲ့ ပါကစ္စတန်ကျောင်းတော် ဝါဒပေါ့။
အိန္ဒိယကျောင်းတော် ဝါဒက အင်အားပိုကောင်းပြီးတော့ သူတို့ရဲ့ ဌာနချုပ်က နယူးဒေလီက Nizamuddin အရပ်မှာ ဗလီ ကြီးရှိတယ်။ အိန္ဒိယအစိုးရက ကိုဗစ်ကာလ ၅ ယောက်ထက် ပိုမစုဆိုပြီး လုပ်တော့မယ့်အချိန်မှာ အုံနဲ့ကျင်းနဲ့ သွားပြီး စုရုံး ကြသလိုဖြစ်တော့ သူတို့ကိုဖမ်းတယ်။ အိန္ဒိယမှာရှိတဲ့ ခေါင်းဆောင်ကိုလည်း အခုတရားစွဲ ထားတယ်။
အဲ့ဒီဂယက်က ရန်ကုန်ကို လာရိုက်တယ်။ ပါကစ္စတန်က ဆရာကြီးရဲ့ အုပ်စုကလည်း နည်းပေမယ့် သူ့ ဟာနဲ့သူရှိတယ်။ ဟိုးမှာဖြစ်တာက ကျနော်တို့ဆီ ဂယက်လာရိုက်တာပါ။
မေး ။ ။ စစ်အစိုးရလက်ထက်မှာ တဗလိဂ်ဂျမတ် လှုပ်ရှားမှုတွေက အာဏာပိုင်တွေရဲ့ မျက်နှာသာပေးမှုတွေ ရခဲ့ တယ်လို့ ပြောဆိုမှုတွေလည်းရှိတော့ ဒီအပေါ်မှာ ဘယ်လိုမြင်ပါသလဲ။
ဖြေ ။ ။ အဲ့ဒါကိုတော့ ကျနော်ပြောမယ်။ Divide and Rule ပဲ။ တိုက်ပုံဝတ်ကို ကျောသပ်ပြီး ပေါင်းတယ်။ ခိုင်းတယ်။ အရေးအခင်းတို့ ဘာတို့မှာ ကြေညာချက် ထုတ်ခိုင်းရင် ထုတ်ခိုင်းတယ်။
ဟိုဘက်ကကျတော့ ပိုက်ဆံနဲ့ ပေါင်းတာ။ သာသနာရေးဦးစီးမှာဆို ကွယ်လွန်သူတွေကို အပုတ်ချတာတော့ မဟုတ်ဘူး အကုန်လုံး သူတို့နဲ့ နီးစပ်တယ်။ အဲ့ဒီတော့ ဗလီကိစ္စတို့ ဘာကိစ္စတို့ဖြစ်တိုင်း မြန်မာမွတ်စလင်က ရှုံးတာပဲ။
Divide and Rule က ပေါ်လစီ အနေနဲ့လည်းရှိတယ်။ နောက်ပြီးတော့ လာဘ်ပေးလာဘ်ယူပေါ့။ အဲ့ဒီသတင်းက မှန်ပါ တယ်။
မေး ။ ။ တဗလိဂ်ဂျမတ်ရဲ့ လှုပ်ရှားမှုတွေကို မြန်မာနိုင်ငံမှာရှိတဲ့ မွတ်စလင်တော်တော်များများ လက်ခံထိစပ်မှု ရှိတယ်လို့သိရတယ်။
ဖြေ ။ ။ မှန်တယ်။ အဲ့ဒီလို ကိုယ်ထိလက်ရောက်ကို မဟုတ်တောင် Sympathize ဖြစ်တာပေါ့။ တိုက်ပုံဝတ်တဲ့ ကောင် က အလကားကောင်ပဲ၊ ဘာသာရေးကို ဘာမှနားမလည်ဘူး။ အစိုးရ ဖားနေတဲ့ ကောင်တွေပဲ ဘာညာဆိုပြီး ပြောဆိုတာ မျိုးကလည်း ရှိနေတဲ့အပေါ်မှာ မြန်မာမှုပြုတဲ့ မွတ်စလင်အသိုင်းအဝိုင်းရဲ့ဩဇာက တဖြေးဖြေး ကျ ဆင်းလာတာတော့ ငြင်းလို့မရဘူး။
မေး ။ ။ တချို့ကျတော့လည်း တဗလိဂ်ဂျမတ် လှုပ်ရှားမှုတွေမှာ ပါဖူး၊ သွားဖူးကြပေမယ့် မုတ်ဆိတ ်မထားတာတွေလဲ တွေ့ရပါတယ်။
ဖြေ ။ ။ ကျနော်တို့ဆီမှာက ဘုန်းကြီးတွေလိုမျိုး သီးသန့် တခုမရှိဘူး၊ ကိုယ့်ဘာသာရေးအကြောင်း ကိုယ်လေ့လာ၊ ကိုယ့်ဟာကိုယ် လုပ်ကြရတယ်။ တချို့လုပ်ငန်းတွေကျတော့ သူတို့ကိုပဲ မေးမြန်းပြီးလိုက်လုပ်ကြတာပေါ့။
အစိုးရ အရာရှိကြီးတွေထဲမှာလည်း ပင်စင်မယူခင်က အစိုးရရုံးမှာ ဆလမ်ပေးရင်တောင် ပြန်မပြောရဲဘူး မွတ်စလင်ဆိုတာ သိမှာစိုးလို့။ ပင်စင်လည်း ယူသွားရော ငါတရားဘက် လိုက်မှဆိုပြီး တပ်မတော်က ဗိုလ်မှူးတယောက်ဆိုရင် မုတ်ဆိတ် ရှည် ကြီးနဲ့ အင်္ကျီရှည်ကြီးနဲ့။
လေတပ်က တကယ့်ပိုင်းလော့ကြီး။ အသက်ကတော့ ၇၀၊ ၈၀ လောက် ရှိပြီး အခုအရမ်းကို လုပ်နေတာ။
သူတို့မှာလည်း ပရမတ်တရားတွေ၊ သူတော်စင် လမ်းစဉ်၊ ဝိဉာဉ်ပိုင်းဆိုင်ရာ နှလုံးသား ငြိမ်းချမ်းရေး ကျင့်စဉ်ဆို တာ လည်းရှိတယ်။
တဖက်က လူတွေကျတော့လည်း ဗလီနဲ့ ကင်းကွာနေတာလည်းအမှန်ပဲ၊ ပြောရင်သာ အကြီးကြီးတွေပြောတာ။ သူတို့က ပုဂ္ဂိုလ်ခင်မှ တရားမင်တယ် ဆိုသလိုပေါ့။ ဘာသာရေး ကျင့်သုံးမှု နည်းတဲ့သူရဲ့ စကား ဘာလို့နားထောင်ရမလဲဆိုတာ လူငယ်ပညာတတ်တွေထဲမှာတောင် အဲ့ဒီအိုင်ဒီယာရှိတယ်။
အထက်ဗမာပြည်မှာဆို မြန်မာရည်လည်တဲ့ ဆရာကြီးတွေ အများကြီးရှိတယ်။ ဘာသာပေါင်းစုံ လှုပ်ရှားမှုတွေမှာလည်း လူကနည်းတော့ သူတို့ပဲ ဝင်ပါနေကြ တယ်။ တခြမ်းပဲ့ဗလီကို လာတဲ့ ရေနံချောင်းတို့၊ ချောက်တို့ ဘက်ကသူတွေဆို ကျနော့်ဆီမှာ စာအုပ်တွေ ဘာတွေ တောင်းတာရှိတယ်။ ဘာလို့ဆို သူတို့ဆီမှာ အာဏာပိုင်တွေက လုပ်တာဆိုတော့ မသွားလို့ မရဘူး။ အဲ့ဒီလို ဘာသာပေါင်းစုံထဲ ပါဝင်လာပြီး ဒါရဲ့ အကျိုးကိုလည်း သိလာတော့ စလုပ်နေပါပြီး။
မေး ။ ။ အစ္စလာမ်မှာ တဗလိဂ်နဲ့ သရီကာဆိုပြီး လမ်းစဉ်နှစ်မျိုးရှိတယ် ဆိုတာကရော ဘယ်လိုများကွဲပြားပါသလဲ။
ဖြေ ။ ။ သရီကာ ဆိုတာက အခုနက ကျနော်ပြောတဲ့ ပရမတ္တတရား၊ ဆိုဖီလမ်းစဉ်။ တရားကျင့်မယ်၊ ပုတီးစိပ်မယ်၊ နှလုံးသားကို ငြိမ်းချမ်းအောင်လုပ်မယ်။ ကျမ်းစာများကို အဓိပ္ပါယ်ဖွင့်ဖို့ကလည်း ဉာဏ်စခန်းနဲ့ သွားတာပေါ့။ သမထ လမ်းစဉ်တွေရှိတယ်။
သရီကာမှာလည်း ဘာဖြစ်နေလဲဆိုလို့ရှိရင် သူတော်စင်များ ကွယ်လွန်သွားတဲ့ အခါမှာ မြုပ်နှံထားတဲ့ သင်္ချိုင်းများ၊ အဲ့ဒါကို ဒါရ်ကာ လို့ခေါ်တယ်။ ဆုတောင်းပြည့်တယ် ဘာတယ်ဆိုပြီး အဲ့ဒါ တွေက နတ်ကွန်းလိုဖြစ်နေတယ်။ အဲ့ဒီမှာ လောကီရေး အတွက် လာပြီးကိုးကြတယ်၊ လှူကြတယ်။ အဲ့ဒါကို တဖက် တဗလိဂ်တွေက သင်္ချိုင်းကို ကိုးကွယ်တယ်၊ သေတဲ့လူဆီမှာ တောင်းတယ်ဆိုပြီး ပြောတာမျိုးလေးတွေ လည်းရှိတော့ ရန်ဖြစ်ကြတယ်ဖြစ်ရော။ တရားသဘောတွေက ပျောက်နေတယ်။
နောက်ပြီး အဆောင်တို့၊ အင်အိုင်၊ လက်ဖွဲ့တို့၊ အထက်လမ်းရော၊ အောက်လမ်းရော စတာတွေလည်း ကျနော်တို့ မှာလည်းရှိတယ်။ အဲ့ဒါနဲ့ သရီကာနဲ့ဆိုတာလည်း ရောပြီးတော့ ဘာမှန်းကိုမသိဘူးဖြစ်နေကြတယ်။ အများစုသော သူတွေက သရီကာရဲ့ သူတော်စင်များရဲ့ ဂူဗိမ္မာန်ကို သွားကြသော သရကာ ကိုသွားသူများ။ တဗလိဂ်နဲ့ သရီကာ ဆိုတာမှာ အပေါ်ယံမှာ အသိဉာဏ်မဲ့ လုပ်နေကြတာတွေကရှိတယ်။
ကျင့်သုံးတဲ့သူတွေက ပညာမရှိရင်၊ လောကီ အကျိုးတွေကလည်း ရှိနေရင် သရီကာ သမားလည်း သူတော်စင်တွေရဲ့ ဂူဗိမ္မာန်တွေက နိုင်ငံမှာအများကြီးရှိ တယ်။ တကယ့်သမိုင်းဝင် ပုဂ္ဂိုလ်တွေပါ။ ဒါကို နတ်ကွန်းလိုဖြစ်ပြီး ချဲနံပါတ်တောင်း တာကအစ ယုတ်ညံ့တာတွေ ဖြစ်လာကြတယ်။ အသုံးချကြပြီး တရားတွေက ပျက်ကုန်ကြတယ်။ မူရင်းတရားတွေက ကောင်းကြပါတယ်၊ ဒါကို ကျနော်ပြောချင်တာပါ။
မေး ။ ။ ယခုနောက်ပိုင်းမှာ အစ္စလာမ်ဘာသာဝင်တွေက တဗလိဂ်ဂျမတ် သွားတာကလည်း မက္ကာ ကိုသွားတာ လောက်ကို များလာတယ်ပြောကြတယ်။
ဖြေ ။ ။ အဲ့ဒီထက်တောင် ပိုတယ်ပြောတယ်။ မက္ကာ မှာရှိတဲ့သူတွေက။ သာသနာ့ရောင်ဝါက မက္ကာမှာ မရှိတော့ဘူး၊ အိန္ဒိယမှာပဲ ရှိတော့တယ်တဲ့။ အခု အိန္ဒိယမှာ ဒီကသွားတဲ့ မြန်မာတွေထဲက ၂၂ ယောက် အဖမ်းခံရပြီး အမှုရင်ဆိုင် နေရတယ်ပြောတယ်။ မြန်မာသံရုံးကလည်း ကျနော်တို့ ဆက်သွယ်ရင် အလုပ်လုပ်ပါတယ်၊ အခုက ဟိုတယ်တခု မှာထားပြီး အချုပ်မဲ့ ထုချေခွင့် လုပ်ထားတယ်လို့ နောက်ဆုံးသတင်းကျနော် ကြားရတယ်။
မေး ။ ။ ၂၀၁၂ ခုနှစ်တုန်းက တောင်ကုတ်မှာ အသတ်ခံရတဲ့ ဖြစ်စဉ်မှာလည်း တဗလိဂ်ဂျမတ်ထွက်ရင်း ဖြစ်တာလို့ သိရပါတယ်။
ဖြေ ။ ။ အဲ့ဒါကတော့ တော်တော်လေး ဝမ်းနည်းစရာပါပဲ။ ဒီလူတွေက သံတွဲမှာ တဗလိဂ် ထွက်ကြတာပေါ့ လေ။ ရန်ကုန်နဲ့ တခြားနယ်ကလူတွေပေါ့။ အဲ့ဒီမှာ မြို့ခံ ဘာသာရေးခေါင်းဆောင်ကလည်း ဒီသတင်းတွေကို သိတယ်။ ဘုရားသခင်ရဲ့ အလုပ်တွေလုပ်တာ ဘာအန္တရာယ်မှမရှိဘူးဆိုတဲ့ အတွေးမျိုးလည်း ရှိမှာပေါ့။ သတင်းရပါ လျှက်နဲ့ တခြားလမ်းကြောင်းတွေ ရွေးလို့ရနိုင်ပါလျှက်နဲ့ ဝမ်းနည်းကြေကွဲဖွယ်ရာတွေ ဖြစ်ကုန်ကြတယ်။ အဲ့ဒါ တွေ ကျနော် ကောင်းကောင်းသိတယ်။ သတင်းတွေလည်းရတယ်။
မေး ။ ။ ကိုယ်တိုင်ရော တဗလိဂ်ဂျမတ် လှုပ်ရှားမှု ခရီးတွေကို သွားဖူးလား။
ဖြေ ။ ။ ကျနော်က ငယ်ငယ်ထဲက ကျနော်တို့ မိဘတွေကလည်းပဲ ကျင့်သုံးမှု ရှိပေမယ့်လည်း ဘယ်လိုဆိုတာ သိပါ တယ်။ ဧည်သည်အဖြစ်နဲ့ သွားလေ့လာဖူးတာရှိတယ်။ ကျနော်နေတဲ့ နေရာရဲ့ လမ်းထိပ်မှာကိုပဲ ဗလီတခုရှိ တယ်။ ၅ ကြိမ်သွားဝတ်ပြုရင် တွေ့ကြုံရတာတွေရှိတယ်။ တရားဟောဆရာမှန်းသိတော့ တခါတလေ ဟောခိုင်း တာလည်းရှိတယ်။ ဒါပေမယ့် ထဲထဲဝင်ဝင်တော့ ပါဝင်လှုပ်ရှားတာတော့ မရှိပါဘူး။
မေး ။ ။ ဗမာမွတ်စလင်တွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီးတော့ရော ဘယ်လိုများ မြင်မိပါသလဲ။
ဖြေ ။ ။ တောက်လျှောက် ဗမာမွတ်စလင်စိတ်ရှိတဲ့ ဘာသာရေးအဖွဲ့ကြီး ၅ ဖွဲ့ထဲမှာဆိုရင် အစ္စလာမ် သာသနာရေးရာ ကောင်စီဆိုတာ လယ်ဝေးသားကြီး မိုဟာမက် ဃာဇီ ဆိုတဲ့ဆရာကြီးက သီရိပျံချီဘွဲ့တွေ ဘာတွေရ တယ်၊ အဲ့ဒီ မြန်မာ ဘာသာပြန်တဲ့ ပုဂ္ဂိုလ်ကြီးက တခါတည်း ဗမာမှုပြုပြီး သူကထိန်းထားတယ်။
ဒါပေမယ့် ဗမာမွတ်စလင်တွေက ငွေကြေးအင်အား သိပ်မတောင့်တင်းတဲ့ အခါ ဒီလိုဗမာမှုနဲ့ ကျင့်သုံးဖို့ ဆိုတာက အားသိပ်မကောင်းဘူး။
၁၉၈၈ ခုနှစ်မှာကျတော့ ဆရာကြီးဦးချယ်ဆိုတာ ဦးနေဝင်းရဲ့ မိတ်ဆွေကြီး။ ရွေးကောက်ပွဲ ကော်မရှင်မှာတောင် ပါခဲ့တယ်။ သူက ဗမာမွတ်စလင် အမျိုးသားရေးအဖွဲ့ဆိုပြီး ဗမာမှုပြုဖို့အတွက် အစိုးရလူဆိုပေမယ့် သူကြိုးစားခဲ့တယ်။ ဗမာမွတ်စလင် လူငယ်အဖွဲ့ဆိုတဲ့ဟာလည်း ရှိတယ်။
သို့သော် အဲ့ဒီအဖွဲ့တွေက ဘာဖြစ်နေသလဲဆိုရင် ငွေရေးကြေးရေးကလည်း ဒီလောက်မရှိဘူး။ ဗလီတွေ ဘာတွေနဲ့လည်း နဲနဲကင်းကွာတယ်ဗျ။ သူတို့ကတော့ Modern Point of view နဲ့ ကြည့်ပြီးတော့ ဗလီနဲ့ ထိတွေ့မှုနည်းတော့ ပြည်သူနဲ့ ထိတွေ့မှု နည်းတယ်။
တဖက်က လူတွေကျတော့ ဒီလူတွေက ဘာသာတရား မလေးစားတဲ့၊ မကြည်ညိုတဲ့၊ သာသနာကို တလွဲ အဓိပ္ပါယ်ဖွင့်တဲ့ သူတွေဆိုပြီးတော့ မချဉ်းကပ်အောင် စည်းရုံးလိုက်တာကလည်း အောင်မြင်တယ်။ အဲ့တော့ အိန္ဒိယရဲ့ ယဉ်ကျေးမှုနဲ့ ဘာသာတရားရဲ့ သွန်သင်မှုကို မကွဲပြားသော ဒီလိုဝါဒက အခုထက်ထိ တော်တော်လေးကို ရှိနေတုန်း ပဲဗျ။
မေး ။ ။ ဒီအခြေအနေက အတူတကွ ယှဉ်တွဲနေထိုင်ရေးနဲ့ ဘာသာပေါင်းစုံချစ်ကြည်ရေး လုပ်ငန်းစဉ်တွေမှာ သက် ရောက်လာနိုင်ပါ့မလား။
ဖြေ ။ ။ အဲ့ဒါလေး ကျနော်ပြောချင်တယ်။ ၂၀၁၂ မှာ အရေးအခင်းတွေဖြစ်လာတော့ တော်တော်လေး ဆိုးဆိုးဝါးဝါး ဖြစ်လာတယ်။ အဲ့ဒီမှာလည်း ကျနော်တို့ အစ္စလာမ်နဲ့ ပတ်သက်ပြီး ပြောဆိုတာ၊ အထင်အမြင်လွဲတာတွေကို ခုခံချေပတဲ့ အခါကျတော့ ရေရေလည်လည် မချေပနိုင်တဲ့အခါ မြန်မာမှုပြုထားတဲ့ ဆရာတွေက အချက်နဲ့ အလက်နဲ့ ချေပနိုင်တဲ့အခါ နည်းနည်းလေး အတွေးအခေါ် ပြောင်းလာပြီးတော့ နောက်ပိုင်းကျတော့ ဘာသာပေါင်းစုံ ညီညွတ်ရေးဆိုပြီး ဦးသိန်းစိန် လက်ထက်မှာ ဖွဲ့လိုက်တဲ့အဖွဲ့ ရှိတယ်။ သံအမတ်ကြီး ဦးလှမောင်တို့ပါ တယ်။
အဲ့ဒီအဖွဲ့တွေက အစိုးရရဲ့ ဦးဆောင်မှုနဲ့ တခါတည်း ကျေးရွာအုပ်စုအထိ အဖွဲ့ခွဲတွေပါ ဖွဲလိုက်တယ်။ အဲ့ဒီအဖွဲ့တွေထဲမှာ သက်ဆိုင်ရာဒေသခံ မွတ်စလင်တွေက ပါလာတော့ ခုနတုန်းက Indianized ဖြစ်နေတဲ့ ပုဂ္ဂိုလ်တွေက လည်း ပါလာကြ တယ်။
နောက်ဆုံး အောင်ဆန်းကွင်းမှာ ကျင်းပခဲ့တဲ့ ဘာသာပေါင်းစုံပွဲမှာ ဘာသာပေါင်းစုံ သဟ ဇာတရှိရမယ်ဆိုတာကို သဘော ပေါက်လာပြီး ဟောလာပြောလာတယ်။ အဲ့မှာ စိုးရိမ်စိတ်ကို ပိုပြီးသက်သာအောင် ပြောချင်တာက ကိုဗစ်ကာလရောက် တော့ ဗလီတွေလည်း ပိတ်၊ ဟောကြားမှုတွေ မရှိတော့ အွန်လိုင်းကနေ ဟော တာတွေဖြစ်လာတယ်။
ကျနော်လည်း အပတ်စဉ်ဟောနေတာပဲ။ အဲ့ဒီမှာ တော်တော်များများက မြန်မာမှုလည်း ပီပီပြင်ပြင် ကြိုးစားပြီး ပြောဆို ကြတာ တွေ့ရတယ်။ ပတ်ဝန်းကျင်နဲ့ သဟဇာတရှိရေး ဆိုတာကိုလည်း တော်တော်လေး ဇောင်းပေးပြောလာတယ်။ ဝမ်းသာစရာပါ။ နောက်ပြီး အမျိုးသမီး အခွင့်အရေးတွေ ဘာတွေလည်း ပြောလာတယ်။
အစိုးရကောင်းတခုဟာ ပဋိပက္ခကြီး တခုမှာ ပတ်ဝန်းကျင်နဲ့ ကင်းကွာလို့ မရဘူးဆိုတဲ့ အသိကတော့ ဝင်လာကြပြီ၊ ကျနော်တို့ ဆက်အလုပ်လုပ်ဖို့ပဲလိုတော့တယ်။ ကောင်းမွန်တဲ့လက္ခဏာပါပဲ။
တခုပဲ ဝတ်စားဆင်ယင်မှုကတော့ ကျနော်တို့တောင် “ခင်ဗျားတို့ ပြောတာတွေ သဘောကျတယ်၊ ဒါပေမယ့် မုတ်ဆိတ် မရှိတာတခုပဲ” ဆိုတာမျိုးတောင် ပြောတာကြုံဖူးတယ်။ ကျနော် အွန်လိုင်းက ဟောပြောတာဆိုရင် နှစ်သောင်း၊ နှစ်သောင်း ခွဲလောက်ကြည့်ကြတယ်။ တချို့ကတော့ အဲ့ဒီမှာ “ဟောသာ ဟော နေတာမုတ်ဆိတ်လည်းမပါဘူး၊ တိုက်ပုံကြီး ဝတ်လို့ ပါလား”၊ “တိုက်ပုံဝတ်တဲ့ ကုလားပဲ အခေါ်ခံရမှာပေါ့၊ ဘာထူး မှာလဲ” အဲ့ဒီလိုကွန်မန့်လေးတွေ ရေးကြတယ် ဆိုပေမယ့် ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်ရမယ်ဆိုတဲ့ အိုင်ဒီယာကို တော့ လက်ခံလာပြီ။
You may also like these stories:
ညီလာခံဖြစ်စေချင်ပါတယ်၊ တက်လည်းတက်မှာပါ
ဒီမိုကရေစီ စစ်စစ်ကို သွားမယ်ဆိုရင် ပြည်သူ မဲပေးမှ ဖြစ်မယ်
ဗမာလူမျိုး တယောက်အနေနဲ့ပဲ နိုင်ငံရေးကို လုပ်တယ်