ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းမှ ကာကွယ်ရေး လုပ်နေတယ်

လဲ့လဲ့
ရန်ကုန်ဆေးတက္ကသိုလ်(၁) စိတ်ပညာဌာန ပါမောက္ခ ဌာနမှူး ဒေါက်တာ တင်ဦး / ထက်ဝေ / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

လူတွေမှာ အချို့သော ကြုံတွေ့နေရတဲ့ အရာတွေကြောင့် စိတ်ညစ်နွမ်းမှု၊ စိတ်ဖိစီးမှုဆိုတာတွေက ရှိတတ်ကြပြီး အဲဒီ အရာတွေကို အချိန်ကြာမြင့်စွာနဲ့ အလွန်အကျွံ ခံစားရတဲ့အခါ စိတ်ကျန်းမာရေး ပြဿနာ ဖြစ်လာပါတယ်။ ဒီပြဿနာဟာ အကြောင်းအရာမျိုးစုံကြောင့် ဖြစ်နိုင်ပေမယ့် စိတ်ဖိစီးမှု၊ စိတ်ကျရောဂါ၊ လူမူရေး ပြဿနာ၊ မူးယစ်ဆေးဝါး၊ အရက်၊ ကျန်းမာရေးနဲ့ စီးပွားရေး ပြဿနာစတာတွေကြောင့် ပိုပြီး အဖြစ်များပါတယ်။

စိတ်ဖိစီးမှုကြောင့်ပဲ စိတ်ကျခြင်းဖြစ်လာပြီး depression ကို ကမ္ဘာ့လူဦးရေရဲ့ ၂၆၄ သန်းကျော်လောက်က ကြုံတွေ့ ခံစား နေရတယ်လို့ ၂၀၂၀ ခုနစ်၊ ဇန်နဝါရီလ ၃၀ ရက်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း(WHO)ရဲ့ အစီရင်ခံစာတွင် ဖော်ပြထား ပါတယ်။ နှုန်းထားအရ အမျိုးသမီးတွေမှာ ပိုပြီး အဖြစ်များတယ်လို့ မှတ်တမ်းအရ သိရပြီး စိတ်ကျရောဂါကြောင့် ကမ္ဘာ ပေါ်မှာ လူဦးရေ သိန်းနီးပါး ကိုယ်ကိုကိုယ်သတ်သေသွားကြတယ်လို့ ဆိုပါတယ်။

အဲဒီလို ကိုယ်ကိုကိုယ် သတ်သေသွားတဲ့ အသက်အရွယ်တွေက ၁၅ နှစ်နဲ့ ၂၉ နှစ်ကြားမှာရှိတဲ့ အရွယ်ကောင်းတွေမှာ အဖြစ်များနေတာကိုလည်း တွေ့ရပါတယ်။ 

မြန်မာနိုင်ငံမှာ COVID-19 ကပ်ရောဂါ စတင်ဖြစ်ပွားခဲ့တဲ့ မတ်လ ၂၃ ရက်မှ ဇွန် ၂၂ ရက်အထိ သုံးလတာ ကာလအတွင်း က လူပေါင်း ၄၇၀ သေကြောင်းကြံစည်ခဲ့ပြီး သေသွားခဲ့ကြတယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲမှူးကြီး ကျော်သီဟ၏ ပြောကြားချက်အရ သိရပါတယ်လို့ Institute for Strategy and Policy-Myanmar က ဆိုထားပါတယ်။

အခုနောက်ပိုင်း မြန်မာနိုင်ငံမှာ ကိုယ့်ကိုယ်ကိုယ်သတ်သေတာတွေက များလာတဲ့အတွက် ဒါဟာ စိုးရိမ်ရတဲ့ အခြေအနေရှိ၊ မရှိနဲ့ ဒါတွေလျော့ကျလာအောင် ဘယ်လိုလုပ်မလဲနဲ့ ပတ်သက်ပြီး ရန်ကုန်ဆေးတက္ကသိုလ်() စိတ်ပညာဌာန ပါမောက္ခ ဌာနမှူး ဒေါက်တာ တင်ဦးကို ဧရာဝတီ သတင်းထောက်လဲ့လဲ့က ဆက်သွယ် မေးမြန်းထားပါတယ်။

မေး ။ ။ ဘယ်လိုအကြောင်းကြောင်းတွေကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေကြတာ များပါသလဲ ဆရာ။

ဖြေ ။ ။ နည်းလမ်းက မျိုးစုံရှိတယ်။ ဒါပေမယ့် အကြောင်းအရာကို ခြုံပြောလိုက်ရင်တော့ ဒါပဲရှိမယ်။ ဆိုလိုတာက စိတ်ရော ဂါ ဖြစ်ချင်ဖြစ်မယ်။ စိတ်ကျရောဂါ ဖြစ်ချင်ဖြစ်မယ်။ နောက်ပြီး ကျန်တဲ့ မူးယစ်ပြဿနာဖြစ်မယ်။ ဒါပေမယ့် သေချာတာ တခုကတော့ ကိုယ့်ကိုယ်ကိုယ် သတ်သေပြီး သေသွားတဲ့သူတွေကတော့ ၉၀ ရာခိုင်နှုန်းအထက်က စိတ်ကျန်းမာရေး ပြဿနာ တခုတည်း ရှိတာပေါ့။

မေး ။ ။ ကိုယ့်ကိုယ်ကိုယ်သေကြောင်း ကြံစည်မှုတွေက ဘာကြောင့်ဖြစ်လာရလဲ။ အခုနောက်ပိုင်းမှာ ကိုယ့်ကိုယ်ကိုယ် သေကြောင်း ကြံစည်မှုတွေကို ခပ်စိတ်စိတ်ပိုဖြစ်လာသလားလို့ ဆရာဘယ်လိုထင်ပါသလဲ။

ဖြေ ။ ။ အခုကြားရတာတော့ ဒီ ၃၊ လအတွင်းမှာ ဒီလောက်ဖြစ်လာတယ်ဆိုတော့ ဒါက ပြည်ထဲရေးဝန်ကြီး ဌာနရဲ့ ဒေတာဖြစ်တယ်။ ခါတိုင်းထက် ပိုတယ်။ ဘာကြောင့် အဲဒီလိုတွေ ဖြစ်ရလဲဆိုတော့ ဖြစ်ရတဲ့အကြောင်းအရင်းက အမျိုးမျိုး ရှိတယ်။ အဓိကကတော့ မျိုးရှိတယ်။ ပထမက စိတ်ကျရောဂါကို ဖြစ်တာပေါ့။ နောက်တခုက မူးယစ်ဆေး၊ အရက် ကြောင့် ဖြစ်တယ်။ နောက်ဆုံးကတော့ စိတ်ရောဂါဖြစ်တယ်။

စိတ်ကျန်းမာရေးမရှိတဲ့ စိတ်ရောဂါဆိုတာ မည်သူမဆို ဖြစ်နိုင်တယ်။ စိတ်ရောဂါ ဆိုတာ စိတ်ဖောက်ပြန်တာတို့၊ တခြားစိတ်ရောဂါတို့နဲ့ သက်ဆိုင်တယ်။ အဲဒီရောဂါတွေက ကုသလို့ မရတော့ ပိုများ လာတယ်။ နောက်တခုက မူးယစ်ဆေးစွဲတာ၊ အရက်စွဲတာ အပြင် လူမှုရေးပြဿနာ၊ စီးပွားရေးပြဿနာတွေစတဲ့ အဲဒါတွေ ကြောင့် ဖြစ်လာတာများတယ်။ 

မေး ။ ။  ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံစည်မှုတွေက ဘယ်အရွယ်တွေမှာ အများဆုံးဖြစ်တတ်သလဲ။

ဖြေ ။ ။ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်မှု များတာက သေဆုံးတဲ့သူတွေရဲ့ အချိုးအစားနဲ့ ကြည့်လိုက်ရင်တော့ ဘယ် အရွယ်မဆို ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကလေးငယ်တွေမှာ ဖြစ်ခဲတယ်။ ဥပမာ ၁၀ နှစ်အောက် ကလေးတွေဖြစ်ဖို့ ခဲယဉ်း တယ်။ အဲဒီအရွယ်မှာ သေတယ်ဆိုတဲ့ သဘောတရားကို တအားကြီးနားမလည်ဘူး။ အဲဒီထက်ပိုတဲ့ ၁၅ နှစ်၊ ၁၆ နှစ် အရွယ် တွေမှာ ကိုယ်ကိုကိုယ်သတ်သေတာတွေ ရှိလာပြီ။ ကိုယ်ကိုကိုယ် အန္တရာယ်ဖြစ်အောင်လုပ်တာတို့ လုပ်လာ တတ်တယ်။ ဆိုလိုတာက အသက် ၁၅ နှစ်ကနေ ၂၉ နှစ်အတွင်းမှာ သေကြတာများတယ်။ သေရတဲ့အကြောင်းအရင်းက ဒုတိယအများဆုံးက ကိုယ့်ကိုကိုယ်သတ်သေကြတာပဲ။ ကျန်တာက တခြားရောဂါတွေကြောင့် သေကြတာပါ။ ဘာလို့လည်းဆိုတော့ အဲဒီအရွယ်တွေက ရောဂါဖြစ်ပွားမှု နည်းသေးတဲ့အရွယ် ဖြစ်တယ်။ 

အဲဒါကြောင့် ကိုယ့်ကိုယ်ကိုယ်သတ်သေခြင်းက သေဆုံးခြင်းရဲ့ ဒုတိယအများဆုံး အကြောင်းအရင်းပေါ့။ နောက်တမ္ဘာ လုံးပဲ။ အဲဒီအရွယ်က ကိုယ့်ကိုယ်ကိုယ် သတ်သေတာက တကယ့် ပြဿနာလို့ ပြောလို့ရတယ်။ အဲဒီအရွယ်တွေမှာ သေလို့ရှိရင် ရောဂါကြောင့်လည်းမဟုတ်ဘူး။ ထိခိုက်မှုဒဏ်ရာ တစုံတရာ ကြောင့်လည်း မဟုတ်ဘူးဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ် သတ်သေတာပါပဲ။ 

နောက်ပြီး အသက်ကြီးတဲ့သူတွေမှာလည်း သတ်သေတာတွေ ဖြစ်တတ်တယ်။ အသက်ကြီးလာလို့ ကျန်းမာရေးတွေ မကောင်းသလို သူတို့မှာ အားကိုးစရာတွေမရှိ ဖြစ်လာမယ်။ အထီးကျန်ဆန်လာမယ်။ အများကြီးပေါ့။ နောက်အသက်ကြီး တဲ့သူတွေရဲ့ သဘောသဘာဝအရ အကယ်လို့ သူ့မှာ ရောဂါတခုခုဖြစ်ပြီ ဆိုရင် သူ့မှာ အားကိုးစရာ လည်း မရှိတော့ဘူး။ အဲဒီတော့ အားငယ်စိတ်နဲ့ ဒီဝေဒနာမခံနိုင်တာနဲ့ သတ်သေတာတွေ ဖြစ်တတ် ကြတာပေါ့။ 

မေး ။ ။ ဘယ်လိုလူမျိုးတွေမှာ ပိုပြီး ဖြစ်တတ်ပါသေးလဲ ဆရာ။

ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်မှုမှာတော့ လူမျိုးတွေ၊ ဘာသာတွေ သိပ်ခွဲခြားမှုမရှိဘူး။ ဒါပေမယ့် သူရဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း အဲဒါတွေနဲ့တော့ ဆက်စပ်တယ်။ ဒီယဉ်ကျေးမှု ဓလေ့ထုံးစံတွေက မြန်မာနိုင်ငံမှာလည်း ရှိတယ်။ ထိုင်းမှာလည်း ရှိတယ်။ အင်ဒိုနီးရှားလည်းရှိမယ်။ မလေးမှာလည်းရှိတယ်။ အာရှနိုင်ငံတွေက ပိုပြီးတော့ နတ်တို့၊ စုန်းဝိညာဉ်တို့ကို ပိုယုံကြည်ကြတယ်။

အဲဒီတော့ လူတယောက်က အပြုအမူ လွဲလာရင်၊ အတွေးတွေ ချော်လာပြီဆိုရင် အကြောင်းအရင်းလည်း ရှာလို့မတွေ့ဘူးဆိုရင်တော့ အဲဒီဓလေ့တွေကို ထိုးချလိုက်တယ်။ ဒီလိုယဉ်ကျေးမှုဓလေ့တွေ ကတော့ ပျောက်ဖို့ တော်တော်ခက်မယ်ထင်တယ်။ ဒီတော့ ပညာပေးရင်းပေးရင်း သွားရင်တော့ နည်းနည်းတော့ လျော့ လာမယ်။ ဒါပေမယ့် အဲဒါကြီးက ပြောင်းဖို့ တော်တော်ခက်မယ်။ ဒါတွေကတော့ ရိုးရာဓလေ့ ခေါ်တာပေါ့။ ပြောင်းရ ခက်တယ်။ ဒါပေမယ့် တအားကြီး မလွန်ကျူးရအောင် ကျနော်တို့က ထိန်းရတာပေါ့။ တချို့က မသိလို့လုပ်ကြတာ။ တချို့က မသိတာထက် အဲဒီနတ်တွေကို ယုံကြည်တာကြောင့် လုပ်တာပေါ့။

နောက်ပြီး ဘယ်လိုလူမျိုးတွေမှာ ဖြစ်တတ်သေးလဲဆိုတော့ တချို့နိုင်ငံတွေကြည့်လိုက်ရင် သတ်သေနှုန်း များတယ်။ တချို့နိုင်ငံတွေမှာတော့ သိပ်မဖြစ်ဘူး။ ဥပမာ ဂျပန်နိုင်ငံ ဆိုပါစို့။ ချမ်းသာပေမယ့် ကိုယ့်ကိုယ်ကိုယ် သတ်သေနှုန်း များတဲ့ နိုင်ငံဖြစ်တယ်။  တောင်ကိုရီးယားလည်း များတဲ့ နိုင်ငံထဲမှာ ပါတယ်။ အဲဒီနိုင်ငံတွေဆိုရင် ချမ်းသာကြတယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ် သတ်သေနှုန်းက များတယ်။ ဘာလို့လည်း ဆိုတော့ စိတ်ရောဂါက ဘယ်သူမဆို ဖြစ်နိုင်တယ်။ စိတ်ကျတာကြောင့် ဖြစ်နိုင်တယ်။ အရက်စွဲနေရင်လည်း ဖြစ်နိုင်တယ်။ ဆင်းရဲတာနဲ့ သတ်သေနှုန်း အနည်းအများနဲ့ ကတော့ သိပ်မဆိုင်ဘူး။ 

မေး ။ ။ အရှေ့တောင်အာရှမှာဆိုရင် တောင်ကိုရီးယားတို့ ဂျပန်တို့က အများဆုံးဆိုတော့ မြန်မာနိုင်ငံက ဘယ်အခြေအနေ မှာ ရှိပါသလဲ။ စိုးရိမ်ရတဲ့အခြေအနေရှိနေလား ဆရာ။

ဖြေ ။ ။ လောလောဆယ်တော့ မြန်မာနိုင်ငံရဲ့စာရင်းဇယားက အမှုဖြစ်တဲ့သူတွေရဲ့ စာရင်းဇယားတွေပဲ။ ကိုယ့်ကိုယ်ကိုယ် သတ်သေတယ်။ သေမှု သေခင်းဖြစ်တယ်။ သေလို့ရှိရင် ရဲက စာရင်းယူတယ်။ ဒါပေမယ့် အဲဒီလို ကိုယ့်ကိုယ်ကိုယ် သတ်သေလို့ ရဲက စာရင်းဇယား မယူတဲ့ ကိစ္စတွေ အများကြီးရှိတယ်။ ဥပမာ နယ်ဝေးတယ်။ လက်လှမ်းမမီဘူးတို့ ဘာတို့ အကြောင်းတခုခုကြောင့် သေတယ်ဆိုပြီး အသုဘချလိုက်တယ်။ တကယ် သူတို့မှာရှိတဲ့ ဒေတာ ရဲဆီကရတဲ့ စာရင်းတွေ ဖြစ်တယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကိုယ့်ကိုယ်ကိုယ် သတ်သေတာနဲ့ ပတ်သက်ပြီး သတ်မှတ်ထားတာရှိတယ်။ မြန်မာ နိုင်ငံက အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ အလယ်အလတ်မှာရှိတယ်။ မြန်မာနိုင်ငံထက်နည်းတဲ့ နိုင်ငံလည်း ရှိတယ်။ မြန်မာနိုင်ငံထက်များတဲ့ နိုင်ငံလည်း ရှိတယ်။ တခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် မြန်မာနိုင်ငံက အလယ်အလတ် အဆင့်မှာ  ရှိတယ်။ စိုးရိမ်စရာမကောင်းဘူးလားဆိုတော့ သေတာ ဆိုတော့ စိုးရိမ်စရာကောင်းတာပေါ့။ ပြဿနာရှိတော့ ရှိတာပေါ့။ ၁၉၇၆ မှာ WHO က ခန့်မှန်းထားတာက မြန်မာနိုင်ငံက တနှစ်မှာ လူဦးရေ တသိန်းမှာ ဒဿမ ယောက် ကိုယ့်ကိုယ် ကိုယ် သတ်သေနှုန်းရှိတယ်။ ဒါကြောင့် မြန်မာနိုင်ငံက အလယ်အလတ်မှာရှိတယ်လို့ ပြောလို့ရတယ်။ 

မေး ။ ။ ဒါတွေနဲ့ပတ်သက်ပြီး ပညာပေးဖို့တွေ မလိုအပ်ဘူးလား။ ဆရာဘယ်လိုမြင်ပါသလဲ။ 

ဖြေ ။ ။ ကိုယ့်ကိုယ်ကိုယ် သတ်သေတာကို ပညာပေးတာထက် စိတ်ကျန်းမာရေးကို ပညာပေးရမှာ ဖြစ်တယ်။ စိတ်မကျန်း မာ တဲ့သူတွေကို ပညာပေးရမှာပါ။ စိတ်ကျရောဂါ၊ စိတ်ရောဂါတို့၊ အရက်တို့၊ မူးယစ်ဆေးတို့ အဲဒါတွေက ကိုယ့်ကိုယ်ကိုယ် သတ်သေကြတာ။ ကျနော်တို့ အခုလုပ်နေတာက စိတ်ရောဂါနဲ့ပတ်သက်ရင် ကျန်းမာရေး ပညာပေးတွေ လုပ်တယ်။ လူဆိုတာက ပြောရခက်တယ်။ ဖြစ်ပြီး စောစောစီးစီးကုသမယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် သတ်သေတာအထိ မရောက် ပါဘူး။ အဲဒီ အတွက် ကျနော်တို့က စိတ်ကျန်းမာဖို့ ပညာပေးတာရှိတယ်။ နောက်ပြီး မူးယစ်ဆေး၊ အရက်နဲ့ ပတ်သက်ပြီး အဲဒီ ပြဿနာ တွေလည်း အထိုက်အလျောက် လျော့ကျလာမယ်။ အဲဒါနဲ့ ပတ်သက်ပြီး ကျနော်တို့ လုပ်နေတယ်။ ဒါပေမယ့် တခု လိုနေတာကတော့ မြန်မာနိုင်ငံမှာ suicide ပေါ်လစီပေါ့။ အဲဒါကို ကျနော်တို့ တနိုင်ငံလုံးအတိုင်းအတာနဲ့ လုပ်နေတယ်။ ကိုယ့်ကိုယ်ကိုယ် သတ်သေတာနဲ့ ပတ်သက်ပြီး ကျန်းမာရေး ဝန်ကြီးဌာန တခုထဲနဲ့တော့ မရဘူး။ အားလုံး ပေါင်းပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းမှ ကာကွယ်ရေး အဲဒါကို လုပ်နေတယ်။ လုပ်တယ်ဆိုတာ ဒေတာတွေ စုရမယ်။ လောလောဆယ်တော့ အခြေအနေတွေ သုံးသပ်ရမယ်။ 

မေး ။ ။ ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းမှ ကာကွယ်ရေးပရိုဂရမ်ကို ဘယ်တုန်းက စဆွဲနေတာလဲ။ အခုရော ဘယ်အခြေ အနေ ရောက်နေပြီလဲ။ ပြည်သူတွေအတွက် ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်မလဲ။

ဖြေ ။ ။ အဲဒါက တကယ်တော့ လုပ်နိုင်ရင် လုပ်နိုင်သလောက် အကျိုးရှိတယ်။ အခုက မစရသေးဘူး။ အခုမှ ကိုယ့်ကိုယ် ကိုယ် သတ်သေခြင်းမှ ကာကွယ်ရေးပရိုဂရမ်ကို စဆွဲမလို့။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ်သတ်သေခြင်းမှ ကာကွယ်ခြင်း ဆိုတာ နည်းမျိုးစုံရှိတယ်လေ။ လောလောဆယ် စိတ်ရောဂါ မြန်မြန်ဖြစ်ရင် မြန်မြန်ကုတယ်။ အဲဒါက ပရိုဂရမ် မဆွဲပေမယ့် လည်း အခုလည်း လုပ်နေတာပဲ။ အဲဒါလုပ်မှ အရက်ပြဿနာကို လျော့ချဖို့ အဲဒါလည်း လုပ်နေတာရှိတယ်။ ဆိုလိုတာ ကတော့ သိပ်အထွေအထူးတော့ မဟုတ်ဘူး။ အခုလုပ်နေတာကို စုစုစည်းစည်း ဖြစ်သွားအောင် နိုင်ငံရဲ့မူတရပ်အနေနဲ့ ချရမှာပေါ့။ ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းမှ ကာကွယ်ရေး ဆိုတာ ကိုယ့်ကိုယ်ကိုယ် သတ်သေတာတွေ လျော့အောင် ဒီလိုတွေ လုပ်နေပါတယ်လို့ စုစည်းတဲ့သဘောပဲ။ အဲဒီလိုလုပ်ရင် အစိုးရက ပိုပြီး ယုံကြည်လာမယ်။ ကျနော်တို့က သူတို့ကို ဒီလိုရှိတယ်ဆိုတာ ပြောပြတာ လုပ်ပြတဲ့သဘောပါ။ 

သူတို့က ဒီလိုနည်းလမ်းတွေက ပိုပြီးထိရောက်တယ်ဆိုရင် သူတို့ ပိုလုပ်လို့ ရှိရင် ပိုစိတ်ဝင်စားရင် ပိုအောင်မြင်မယ် အဲဒီလို သဘောပေါ့။ ပုံမှန် ကိုယ့်ကိုယ်ကိုယ် သတ်သေတာတွေလျော့အောင်လို့ ကျနော်တို့ကတော့ လုပ်နေရင်းနဲ့ တချို့နည်းလမ်း တွေ ပါသွားတာပေါ့။ တချို့ဟာတွေတော့ မပါဘူးပေါ့။ ဥပမာ ဆိုပါစို့ စိတ်ကို ထိန်းချုပ်တာတို့ ဘာတို့ဆိုရင် နည်းမျိုးစုံနဲ့ လုပ်ရမှာပေါ့။ ဒါကတော့ ကျနော်တို့အပိုင်းတော့ မဟုတ်ဘူး။ ကျန်းမာရေး ဝန်ကြီးဌာနက လုပ်လို့ရတဲ့အပိုင်းက ကျနော်တို့ အခုလုပ်နေတာပေါ့။ 

မေး ။ ။ ကိုယ့်ကိုယ်ကိုယ် သတ်သေတာက ပြစ်မှုဖြစ်နေလား။ 

ဖြေ ။ ။ သေသွားရင်တော့ သေသွားတဲ့သူကို အပြစ်ပေးတဲ့ဟာကတော့ ဘယ်နိုင်ငံမှာမှ မရှိပါဘူး။ မသေရင်တော့ သတ်သေရန် ကြိုးစားမှုပေါ့။ အဲဒါကတော့ လောလောဆယ် မြန်မာနိုင်ငံရဲ့ဥပဒေအရ ပြစ်မှုလို့ ယူဆထားတာပေါ့။ ရာဇ သတ်ကြီးဥပဒေမှာ ပြစ်မှုဆိုပြီး သတ်မှတ်ထားတယ်။ ထောင်ဒဏ် နှစ်ကျခံနိုင်တယ်။ ဒါပေမယ့် ဥပဒေသာ ရှိပါတယ်။ တကယ်တမ်း ကိုယ့်ကိုယ်ကိုယ် သတ်သေရင် အများအားဖြင့် စိတ်ကျန်းမာရေးကြောင့် ဖြစ်တယ်ဆိုပြီး အရေးယူတာမျိုး မရှိပါဘူး။ ဆိုလိုတာက ကိုယ့်ကိုယ်ကိုယ် သတ်သေတယ်။ မသေဘူး ဆိုရင် ရန်ကုန်ဆေးရုံကြီးကိုရောက်လာမယ်။ အဲဒီမှာ ရဲကလည်း လောလောဆယ် အမှုဖွင့်မယ်။ အမှုဖွင့်ပေမယ့် ဆရာတို့က သူကတော့ စိတ်ဓာတ်ကျလို့ လုပ်တယ်။ သူက တော့ အရက်ကြောင့်လုပ်တယ်။ သူကတော့ မူးယစ်ဆေးကြောင့် လုပ်တယ်။ စိတ်ကျန်းမာရေးပြဿနာကြောင့် လုပ်လို့ ဖြစ်လာရင် ဥပဒေရှိပေမယ့် ကိုယ့်ကိုယ်ကိုယ် သတ်သေလို့ ထောင်ချတယ်ဆိုတာတော့ မရှိပါဘူး။ 

မေး ။ ။ ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့ အမှုတွေက တခြားနိုင်ငံတွေထက်စာရင် မြန်မာနိုင်ငံက အလယ်အလတ်မှာ ရှိတယ်ဆိုတော့ အဲဒါတွေနဲ့ ပတ်သက်ပြီး တစုံတရာ ဖြေရှင်းနိုင်ဖို့ လွှတ်တော်ထဲမှာ တင်သွင်းသွားဖို့ မလိုအပ်ဘူးလား ဆရာ။

ဖြေ ။ ။ လွှတ်တော်ထဲမှာ ဆွေးနွေးရင်တော့ ကောင်းပါတယ်။ ဒီဟာကလည်း အရေးကြီးတဲ့ဟာ တခုပဲ။ သတ်သေဖို့နဲ့ ပတ်သက်ပြီးတော့ အစိုးရနဲ့ ကျနော်တို့လုပ်နေတဲ့ ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းမှ ကာကွယ်ရေး လုပ် ဆောင်နေ တာလည်း ရှိတယ်။ စိတ်ကျန်းမာရေးပြဿနာဖြစ်ဖြစ်၊ သတ်သေတာ ဖြစ်ဖြစ် တကယ့် နိုင်ငံတော် အဆင့်က လုပ်ပေးမှ ပိုပြီး အောင်မြင်ထိရောက်မှာ ဖြစ်ပါတယ်။

မေး ။ ။  စိတ်ရောဂါနဲ့ စိတ်ကျရောဂါက ဘယ်လိုကွဲပြားပါသလဲ ဆရာ။

ဖြေ ။ ။  စိတ်ရောဂါဆိုတာ အားလုံးကို ခြုံပြောလိုက်တာ။ စိတ်ရောဂါဆိုတာ စိတ်ကျန်းမာရေးပြဿနာပေါ့။ ရောဂါလို့ ပြောလို့ရတယ်။ ဥပမာ ပုံမှန်လူတယောက်က ကိုယ်မှာ ခံစားချက်ရှိတယ်။ သူ့မှာ တွေးတောတာ ရှိမယ်။ ဥပမာအပြုအမှု၊ အပြောအဆိုရှိမယ်။ ခံစားတာ တွေးတောတာတွေ အဲဒါတွေက အစွန်းရောက်ကုန်တယ်။ စကားလုံးဝ မပြောရင်လည်း ပုံမှန်မဟုတ်ဘူး။ စကားတွေ တအားပြောရင်လည်း ပုံမှန်မဟုတ်ဘူး။ ဆိုပါစို့။ အတွေးတွေက လုံးဝမတွေးရင်လည်း ပုံမှန် မဟုတ်ဘူး။ အတွေးတွေ လုံးဝ အဆက်အစပ်မရှိဘူးဆိုရင်လည်း ပုံမှန်မဟုတ်ဘူး။ သူများမတွေးထားတဲ့ကိစ္စကို ကိုယ်က တအားတွေးနေမယ်ဆိုရင် ဒါက လုံးဝကိုချွတ်ချော်နေပြီ။ သေချာတာကတော့ စိတ်ရောဂါဆိုတာ အဲဒါတွေကို ပြောတာ လေ။ 

ကျနော်တို့ရဲ့ဦးနှောက်က တွေးတာတို့ ခံစားတာတို့ အပြုအမှုတို့ အပြောအဆိုတွေကို ဦးနှောက်က ထိန်းချုပ်နေတာ။ ဦးနှောက်က တခုခု ဓာတ်တွေ မညီမမျှဖြစ်ရင် ပြောင်းလဲမယ်။ အဲဒီလိုပြောင်းလဲသွားမှုကြောင့် သူရဲ့ လုပ်ငန်းကို ထိခိုက် တယ်။ ဥပမာ ဒီလူက လုပ်နေကြအလုပ်တွေ မလုပ်နိုင်တော့ဘူး။ ပေါင်းသင်းဆက်ဆံရေး မလုပ်နိုင်တော့ဘူး။ ကျောင်းစာ မဖတ်နိုင်တော့ဘူးစတဲ့ အဲဒီလောက် အထိအောင် ထိခိုက်သွားတယ်ဆိုရင်တော့ သူ့မှာ ဒီလူကို ဒီအတိုင်း ထားလို့ မရဘူး။ သူအကူအညီ တခုလိုနေပြီ။ ဒါဆိုရင် ကျနော်တို့က ရောဂါအဆင့်လို့ သတ်မှတ်လိုက်ပြီ။ အဲဒီလိုမှ မထိခိုက်လို့ရှိရင်တော့ ဒါလူတိုင်းမှာ အတွေးနည်းနည်းလွန်သွားတာတို့၊ ခံစားချက်လွန်သွားတာတို့ အပြုအမူ နည်းနည်းချော်သွားတာတို့ ရှိနိုင် တယ်။ အဲဒါကတော့ စိတ်ရောဂါလို့ မခေါ်ဘူး။ စိတ်မကျန်းမာတာလို့ ခေါ်တယ်။ ရောဂါဆိုတာကတော့ ထိခိုက်သွားပြီ ဆိုတော့ ဆေးကုသဖို့ လိုကို လိုတာပေါ့။ ဒါမှ မဟုတ်ရင် သူ့ကို တယောက်ယောက်က ကူညီပေးမှရမယ် သူ့ဘာသာ သူတော့ မရတော့ဘူး။ အဲဒီလိုဆိုရင် ဒါက စိတ်ရောဂါပေါ့။ 

စိတ်ကျရောဂါဆိုတာကတော့ စိတ်ရောဂါထဲက တခုပေါ့။ အဓိကကတော့ စိတ်အားငယ်တာ၊  စိတ်ပျက်တာ၊ ကိုယ့်ကိုယ် ကိုယ် အကောင်းမမြင်တာ၊ အားငယ်စိတ်ရှိတာ၊ စိတ်ညစ်တာ၊ လောကကြီးမှာ မနေချင်တော့တာ စိတ်ကျတဲ့ လက္ခဏာ တွေ ဖြစ်တာကတော့ စိတ်ကျရောဂါလို့ ခေါ်တာပေါ့။ 

မေး ။ ။  စိတ်ကျန်းမာရေးနဲ့ ကိုယ့်ကိုယ်ကိုယ် သတ်သေတာ ဆက်စပ်နေပါသလား ဆရာ။

ဖြေ ။ ။ သတ်သေသွားတဲ့သူတွေရဲ့ အနည်းဆုံး  ၉၀ ရာခိုင်နှုန်းက စိတ်ရောဂါနဲ့ပတ်သက်ပြီးတော့ သတ်သေကြတာပါ။ ဆိုလိုတာက သတ်သေတဲ့သူ ၉၀ ရာခိုင်နှုန်းက စိတ်ရောဂါရှိလို့ ဖြစ်ကြတာပါ။ စိတ်ကျန်းမာရေးပြဿနာကို သေချာ ဖြေရှင်းနိုင်မယ်။ လူတွေကလည်း ကိုယ့်ကိုကိုယ် စိတ် ကျန်းမာရေးရှိ၊ မရှိ စစ်မယ်။ ရှိလို့ရှိရင်လည်း မရှက်ဘဲနဲ့ မကွယ်ဝှက်ဘဲနဲ့ ကုသမှု ရယူလို့ရှိရင်တော့ စိတ်ကျန်းမာရေးပြဿနာက သတ်သေတဲ့ အဆင့်အထိ မရောက်ဘူးပေါ့။ 

စိတ်ညစ်တယ်။ စိတ်ဖိစီးမှုရှိတယ်ဆိုတာက လူတိုင်းမှာတော့ ရှိတာပေါ့။ စိတ်ဖိစီးမှုကိုတော့ စိတ်ရောဂါလို့ ပြောလို့မရဘူး။ စိတ်ဖိစီးတယ်။ စိတ်မကျန်းမာဘူးဆိုတာက တကယ့်ကို စိတ်ဖိစီးမှုတွေများပြီး မအိပ်နိုင်။ မစားနိုင်။ မသွားနိုင်၊ မလာနိုင် ဒါမျိုးဆိုရင်တော့ စိတ်ရောဂါအဆင့် ရောက်ပြီလို့ ပြောနိုင်တယ်။ သွားနိုင်တယ်။ လာနိုင်တယ်။ သူရဲ့ နေ့စဉ်ဝတ္တရားတွေ လုပ်နိုင်တယ်။ မိတ်ဆွေတွေနဲ့ အခင်အမင်မပျက်ဘူးဆိုရင် စိတ်ဖိစီးမှု ခံစားနေရတိုင်း စိတ်ရောဂါ အဆင့်ရောက်ပြီလို့ ပြောလို့မရဘူး။ 

မေး ။ ။ ဒီလို သတ်သေခြင်းတွေ လျော့ကျသွားအောင် ဘယ်လိုပြုမူနေထိုင်သင့်ပါသလဲ ဆရာ။

ဖြေ ။ ။စိတ်ဖိစီးမှုတွေလျော့အောင်၊ စိတ်ရောဂါတွေ မဖြစ်အောင် ခံနိုင်အောင် ကြိုးစားဖို့တော့လိုတယ်။ နောက်ပြီး ခန္ဓာကိုယ် ကျန်းမာဖို့ လိုတယ်။ ခန္ဓာကိုယ်ကျန်းမာရေးအတွက် ဂရုစိုက်ရမယ်။ စားတာရယ်၊ အိပ်တာရယ်၊ လေ့ကျင့်ခန်း လုပ်တာရယ် ဒါတော့ လူတိုင်းသိကြမယ်။ အဲဒါတွေလုပ်မှ ခန္ဓာကိုယ်ကျန်းမာမယ်။ အဲဒါ အပြင် တော်ရုံတန်ရုံစိတ်ဖိစီးမှုကို ခံနိုင်မယ်။ အကယ်လို့ ခန္ဓာကိုယ်လည်း မကျန်းမာဘူးဆိုရင် ဒါအတွက် စိတ်လည်း ဖိစီးမယ်။ စိတ်ဖိစီးမှုကနေ စပြီးတော့ စိတ်ရောဂါဖြစ်မယ်။ ဒါကတော့ ကိုယ်ရဲ့ ခန္ဓာကိုယ်ကျန်းမာအောင် လုပ်ခြင်းအားဖြင့် တခြားစိတ်ဖိစီးမှုတွေ မရှိတော့ ဘူးပေါ့။

အဲဒါ အပြင် စိတ်ဖိစီးလာရင် ကိုယ်ရဲ့အနီးဆုံးလူတယောက်၊ ကိုယ်ဖွင့်ပြောပြနိုင်တဲ့လူ၊ ကိုယ့်ကိုနားလည်ပေးမယ့်သူ၊ ကိုယ့်အကြောင်းကို နားထောင်ပေးမယ့်သူကို ရင်ဖွင့်လိုက်တာ အလွယ်ကူဆုံး စိတ်ဖိစီးမှုကို လျော့ချတာပဲ။ စိတ်ဖိစီးမှု မဖြစ်အောင် လုပ်တာတော့ အများကြီးပဲရှိတယ်။ အများအားဖြင့် တရားထိုင်တာမျိုး၊ အသက်ရှုတဲ့လေ့ကျင့်ခန်းလုပ်တာမျိုး အဲဒါတွေကလည်း စိတ်ဖိစီးမှုကို လျော့စေတယ်။ 

မေး ။ ။  နေ့စဉ်စိတ်ညစ်ထွေးမှုတွေကို ခံစားရပြီး မအိပ်နိုင် မစားနိုင်ဖြစ်လာပြီဆိုရင် စိတ်ကျန်းမာရေးဆေးရုံမှာ ကုသမှု ခံယူသင့်သလား။ ကုသမယ်ဆိုရင်ရော ဒီလိုလူတွေအတွက် ဘယ်လိုပုံစံနဲ့တွေနဲ့ ဆောင်ရွက်ပေးပါသလဲ။

ဖြေ ။ ။ စိတ်ကျန်းမာရေးဆေးရုံက စိတ်ကျန်းမာရေးပြဿနာတွေကို ဘယ်လိုပဲဖြစ်ဖြစ် လာပြလို့ရပါတယ်။ စိတ်ရောဂါဖြစ်မှ မဟုတ်ဘူး။ အများအားဖြင့် ထင်ကြတာက စိတ်ကျန်းမာရေးဆေးရုံကို ရူးတဲ့သူတွေပဲ လာကြ တယ်လို့ ထင်တယ်။ အဲဒီလို မဟုတ်ဘူး။ စိတ်ဖောက်ပြန်တဲ့သူမှ စိတ်ကျန်းမာရေးဆေးရုံလာလို့ရတာ မဟုတ်ဘူး။ ဆိုလိုတာက စိတ်ကျန်းမာရေး ပြဿနာ ဘယ်လိုပဲဖြစ်ဖြစ် ဥပမာ ကျနော်တို့ ဆေးခန်းမှာ ဆိုရင်လည်း အကောင်းတွေပဲလေ။ အကောင်းဆိုတာက သူက စိတ်လွတ်နေတာမဟုတ်ဘူး။ အမှား အမှန်အားလုံး သူသိတယ်။ ဒါပေမယ့် သူက ခံစားချက် အရမ်းပြင်းထန်နေတာ။ သူတို့ခံစားချက်ကို မထိန်းချုပ်နိုင်တာ ဒါမျိုးတွေလည်း လာကြတယ်။ လိုအပ်ရင် နှစ်သိမ့်ဆွေးနွေးတာ၊ အကြံပေးတာ ဖြစ်ဖြစ် လုပ်ပေးနိုင်ရင် ကောင်းတယ်။ အဲဒါတွေ မရရင် ဆေးပေးကုသရတာတွေလည်း ရှိတယ်။ အဲဒီလိုမျိုး စိတ်ကျန်းမာ ရေး ဘယ်လို ပြဿနာမျိုးမဆို စိတ်ကျန်းမာရေးဆေးရုံမှာ လာဆွေးနွေးလို့ ရပါတယ်။ လိုရင်တော့ ဆေးပေးတယ်။ မလိုရင်တော့ အကြံပေးတာရှိတယ်။

You may also like these stories:

ကိုဗစ်စစ်ပွဲ ရှုံးနိမ့်လာပြီးနောက် မနီလာကို ဖိလစ်ပိုင် Lockdown ပြန်ချ

E-စီးကရက်သုံးစွဲမှု ထိန်းချုပ်ရေးအဆို ပြည်သူ့လွှတ်တော်တွင် အတည်ပြု

Did you find apk for android? You can find new Free Android Games and apps.
Loading