သြဂုတ်လ ၈ ရက်နေ့သည် မြန်မာနိုင်ငံအတွက် အာဏာရှင်ကို တွန်းလှန်ခဲ့ကြသော သမိုင်းဝင် နေ့ရက် ဖြစ်သည်။ ၁၉၈၈ ခုနှစ်တွင် သြဂုတ်လတွင် မြန်မာတနိုင်ငံလုံး ရဟန်းရှင်လူ ပြည်သူများ အလွှာ အသီးသီးက ပါဝင်ပြီး စစ်အာဏာရှင်ကို လမ်းပေါ်ထွက် ဆန့်ကျင်ခဲ့ကြသည်။ ယခုလာမည့် ၂၀၂၀ ခုနှစ် သြဂုတ်လ ၈ ရက်နေ့ဆိုလျှင် ရှစ်လေးလုံးအရေးတော်ပုံ ၃၂ နှစ်ပြည့်ခဲ့ပြီဖြစ်သည်။
သို့သော်လည်း ရှစ်လေးလုံး အရေးတော်ပုံ၏ ရည်မှန်းချက်များ၊ ရည်ရွယ်ချက်များက ပြည့်မြောက်မှု မရှိသေးရုံသာမက ရှစ်လေးလုံး နိုင်ငံရေး အင်အား စုများအကြား ရပ်တည်ချက် အကွဲအပြဲ အက်ကြောင်းများစွာကိုလည်း မြင်တွေ့နေရသည်။
အဆိုပါ အခြေအနေ များနှင့် ပတ်သက်ပြီး ရှစ်လေးလုံး အရေးတော်ပုံတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့သည့်အပြင် ရှစ်လေးလုံး အရေးတော် ပုံ၏ အနှစ်သာရသီချင်း ဖြစ်လာခဲ့သည့် ကမ္ဘာမကြေသီချင်းကို ရေးဖွဲ့ခဲ့သူ တေးရေး နိုင်မြန်မာ ကို ဧရာဝတီ သတင်း ထောက် သဇင်လှိုင်က တွေ့ဆုံမေးမြန်းခဲ့သည်။

မေး ။ ။ ၈၈ တုန်းက အနုပညာ အလုပ်တွေ လုပ်နေတဲ့ အခြေအနေ ပြောပေးပါအုံး။
ဖြေ ။ ။ ၈၈ တုန်းက အသက် ၂၈၊ ၂၉ လောက်ရှိပြီ။ ကျနော်က ၈၀ ခုနှစ် ဝန်းကျင်လောက်ကတည်းက တေးရေးဆရာ အဖြစ် ဒီလောကထဲရောက်လာတာ ဆိုတော့ အနုပညာ သက်တမ်း ၈ နှစ်လောက်တော့ ရှိပြီ။
မေး ။ ။ အဲဒီ အရေးအခင်းကာလမှာ ကိုယ်တိုင် ဘာတွေကြုံတွေ့ခဲ့ရလဲ ဆိုတာလည်း ပြောပြပေးပါဦး။
ဖြေ ။ ။ ကိုယ့်တိုင်းပြည်အတွင်းမှာဘဲ ကိုယ့်လူမျိုး အချင်းချင်း၊ ကိုယ့်တနိုင်ငံသားအချင်းချင်း အနိုင်အထက် ပြုနေတာက အုပ်စု ၁ စု ဖြစ်ပြီးတော့ ကျန်တဲ့အများစုက ဖိနှိပ်အုပ်ချုပ်ခံရတဲ့ အနည်းစု အနေအထားမှာ ရှိတာကိုး။ ရှစ်လေးလုံး အရေး တော်ပုံမှာ ပြည်သူလူထုရဲ့ ရင်ဘတ်ထဲကနေ တားမနိုင်စီးမရ ပွင့်အန်ထွက်လာတဲ့ ဆန္ဒတွေကို ကျနော်တို့ နိုင်ငံသားချင်း ဖြစ်တဲ့ မြန်မာ့တပ်မတော်ကပဲ အဲဒီတုန်းက အုပ်ချုပ်သူဖြစ်တဲ့ အာဏာရှင်တွေရဲ့ အလိုကျ ကိုယ့်လူမျိုးချင်း နှိပ်ကွပ် တာပေါ့။ သွေးထွက်သံယိုတွေ အများကြီး ဖြစ်တယ်။ ကျနော်လို အနုပညာသမားတယောက် လူငယ်ပိုင်းလည်း ဖြစ်တယ်။ အဲဒီအရွယ်မှာ ဒီအဖြစ်အပျက်တွေ ကိုယ့်မျက်စိရှေ့တင် တကယ်တမ်း ဖြစ်လာတာကို နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်လာရတဲ့ အချိန်မှာ ဘယ်လိုမှ နေလို့ မရတော့ဘူး။ ဝင်ပါမိခဲ့တယ်။ “ကမ္ဘာမကြေဘူး” သီချင်း ပေါက်ဖွားလာတာလည်း အဲဒီကပဲ။
လူတွေ နိစ္စဓူဝ ရင်ဆိုင်နေရတဲ့ ဒုက္ခတွေ၊ လူတွေရဲ့ အခက်အခဲတွေ ညည်းညူသံတွေ မြင်ပါတွေ့ပါများလာတော့ ကိုယ်တိုင် စိတ်ထဲမှာလည်း မကျေနပ်တာ ရှိတာပေါ့။ အဲဒီတော့ ဒီစနစ်ကို ပြောင်းလဲသွားစေချင်တယ်။ ဒီအရေးတော် ပုံကြီး ဖြစ်လာတဲ့ အချိန်မှာ တဖက်ကနေ လက်နက်နဲ့ နိုင်ထက်စီးနင်းနဲ့ ဖြေရှင်းတဲ့ အချိန်မှာ မဲမဲမြင်ရာ ပစ်တော့တာပေါ့။ ကိုယ်ဝန်ဆောင်လည်း ထိချင်ထိ၊ ကလေးလည်း ထိချင်ထိ၊ ရဟန်းသံဃာတွေလည်း ထိချင်ထိ၊ အဲဒါကို မျက်စိရှေ့မှာ မြင်လာတဲ့ အခါမှာ ဒီစနစ်၊ ဒီဝါဒကို ရွံမုန်းတဲ့စိတ်တွေ ကျနော်တို့ ရင်ဘတ်ထဲမှာ ဖြစ်တယ်။ ကိုယ်ရွံမုန်းတဲ့ အရာ ကိုယ် မနှစ်မြို့တဲ့ အရာ တခုကို ဖယ်ရှားပစ်ဖို့ ဆိုတဲ့ ဆန္ဒကနေ ဒီ “ကမ္ဘာမကြေ” သီချင်းလေး ပေါက်ဖွားလာတာပါ။

မေး ။ ။ ဒီသီချင်းကို ရေးတဲ့ အချိန်က စပြီး ဖြန့်ဝေတဲ့ အချိန်အထိ စိန်ခေါ်မှုတွေ ရှိမယ် ထင်ပါတယ်။ အဲဒီတော့ ဘယ်လို အခက်အခဲတွေ ကြုံတွေ့ခဲ့ရလဲဆိုတာ ပြောပြပါဦး။
ဖြေ ။ ။ အဲဒီအချိန်မှာ ဖိနှိပ်မှုကတော့ အရမ်းပေါ့။ သူတို့ကို ဆန့်ကျင်တဲ့ သီချင်းရေးဖို့ ဆိုတာ ခဏထားလိုက်ဦး BBC၊ VOA၊ RFA တို့လို သတင်းဋ္ဌာနတွေက အစိုးရအာဏာရိပ်အောက်က လွတ်တဲ့ အခါကျတော့ အဲဒီက လွှင့်တာတွေကို မြန်မာပြည်ကလူတွေ ခိုးကြောင်ခိုးဝှက်နဲ့ နားထောင်ကြရတာ။ ကိုယ့်ရပ်ကွက်ထဲက ရပ်ကွက်ကောင်စီတို့ ဘာတို့က သိသွားရင် နှောက်ယှက်မှာစိုးလို့ အဲဒီအချိန်တုန်းက စစ်ထောက်လှမ်းရေး ဆိုတာလည်း တတိုင်းပြည်လုံးက ဖိန့်ဖိန့် တုန်အောင်ကြောက်ရတယ်။ ကြိုက်တဲ့ အချိန်ဝင်လာဆွဲသွား ဘယ်မှာလိုက်မေးလို့စမ်းလို့ မရလောက်အောင် လူတွေမှာ အတော် အကာအကွယ်မဲ့တဲ့ တကယ့် လက်လွတ် ခြေလွတ် အခြေအနေမျိုး။
အဲဒီလိုအချိန်မျိုးမှာ ဒီလိုသီချင်းတပုဒ်က တကယ့် အန္တရာယ်ကြီးတာပေါ့။ ဒီသီချင်းက ပြောရရင်တော့ ဆူးကြားက ဘူးခါး ပေါ့။ အန္တရာယ်ကြားကနေ ထွက်ပေါ်လာတဲ့ သီချင်းပေါ့။ အချိန်မရွေး ကျရောက်လာနိုင်တဲ့ စိန်ခေါ်မှုတွေ အဲဒီကြားထဲက နေပြီးတော့ ဒီသီချင်းကို အကောင်အထည်ဖော်ပြီး စရေးတယ်။ တပတ်လောက်အတွင်း သီချင်းကို မြန်မြန်ပြီးအောင် ရေးရတာပေါ့။ ဒီအချိန်မှာ အရေးတော်ပုံက တောမီးလိုပဲ တဖြည်းဖြည်း ပျံ့နှံ့လာတာပေါ့။
အဲဒီတုန်းက ကျနော်တို့ ရှိစုမဲ့စုလေးတွေနဲ့ လုပ်ကြတာ ထောက်ပံ့မယ့်သူဆိုတာ မရှိဘူး။ ကိုယ်ရှိတာတွေ ရောင်းချ တာပေါ။့ အသံသွင်းစရိတ် ရအောင်လို့။ တိပ်ခွေတွေနဲ့ အသံသွင်းပြီးတော့ သပိတ်စခန်းတွေ အစာငတ်ခံနေတဲ့ နေရာ တွေမှာ ကျနော်တို့ ပြန်သွားလည်း ဒီသီချင်းတွေကို ဆက်ဖွင့်နေနိုင်အောင် အသံအမြဲ ကြားနေရအောင် အသံသွင်းပြီး ပေးတာ။ ကျနော်တို့က ရောင်းတာမဟုတ်ဘူး။
မေး ။ ။ ဒီသီချင်းဆိုရင် ရှစ်လေးလုံး အခမ်းအနားတင် မကဘူး။ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုတွေမှာပါ ကြားနေ ရတာမျိုးဆိုတော့ အဲဒီလို နှစ်ပေါင်းများစွာ ရှင်သန်နေတဲ့ အခြေအနေအပေါ်မှာ ဘယ်လိုခံစားရလဲ။
ဖြေ ။ ။ ရှင်သန်နေဆဲဆိုတော့ အာဏာရှင်စနစ်ကလည်း ရှင်သန်နေဆဲပဲကိုး။ ဒီသီချင်းက အာဏာရှင်စနစ်ကို Attack လုပ်တဲ့ သီချင်း။ အဲဒီတော့ အာဏာရှင်စနစ် ရှင်သန်ရင် ရှင်သန်နေသလောက် သူကလည်း လိုက်ရှင်သန်နေမှာပဲ။ ဒီသီချင်းက ဘာကြောင့် အခုထိရှင်သန်နေတာလဲဆိုရင် အခုထိ တတိုင်းပြည်လုံးက ကျနော်တို့ အိပ်မက်မက်နေတဲ့ဆီကို ရောက်မှမရောက်သေးတာ။ ရောက်နေတယ်လို ပြောရင် လိမ်တာပဲ။ ကျနော်တို့ တိုင်းပြည်ကို ဒီမိုကရေစီ ရပြီဆိုပြီး ဝိုင်းအော်နေကြတာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကြီး ပြင်ဖို့တောင် အဆင်မပြေဘူး။ ပြင်ချင်တယ်ဆိုတာ ဆန္ဒ မဟုတ် ဘူးလား။ ဒီမိုကရေစီဆိုတာ တိုင်းပြည်ရဲ့ ပြည်သူတွေရဲ့ ဆန္ဒနဲ့ ထိန်းကျောင်းတာ။ တကယ်မရသေးရင် ရုန်းကြွမှုတွေ၊ အာခံမှုတွေ၊ ပေါက်ကွဲတဲ့ ကိစ္စတွေ ပေါ်နေဦးမှာပဲ။
အဲဒီလို လူစုလူဝေး ဖြစ်လာတဲ့ အခါ သေနတ်နဲ့ပစ်ပြီး ဖြေရှင်းတာတို့၊ တည်ဆဲ ဥပဒေတို့ဘာတို့ လျှောက်ပြောပြီးတော့ နောက်ဆုံးကျတော့ လူတွေသတ်နေတာပါပဲ။ ကိုယ့်ပြည်သူလူထုကို သေနတ်နဲ့ ပစ်နေတဲ့ စနစ်မျိုး နောက်နောင် ဒီကမ္ဘာမြေပေါ်ရော ဒီတိုင်းပြည်ကြီးပေါ်မှာရော ဘယ်တော့မှ မရှိအောင် တစက်ကလေးတောင် မကျန်အောင် လုပ်ဖို့ ကျနော်တို့မှာ စိတ်ကူးရှိတယ်။ အဲဒီကို မရောက်မချင်းတော့ ကျနော်တို့လည်း ရေးစရာရှိတာ ရေးနေမှာပဲ။ ပြီးခဲ့တဲ့ နှစ် ၃၀ ကျော်ကြာ ရေးခဲ့တဲ့ သီချင်းကလည်း အဲဒီအချိန်အထိလည်း အသက်ဝင်နေဦးမှာပဲ။ အဲဒီစနစ်က နောက်နှစ် ၁၀၀ မပျက်စီး သေးရင်လည်း ဒီသီချင်းက နောက်နှစ် ၁၀၀ သူတို့ကို အာခံနေဦးမှာပဲ။ သူတို့ကို တိုက်ပွဲဝင်နေဦးမှာပဲ။
မေး ။ ။ ဒီသီချင်းရေးပြီးတဲ့နောက်မှာ ခြိမ်းခြောက်ခံရတာမျိုးရော ရှိခဲ့လား။
ဖြေ ။ ။ ရှိတာပေါ့။ သိပ်နားထောင်လို့ ကောင်းတာတော့ မရှိဘူး။ အဖြစ်အပျက်ကို မပြောဘဲနဲ့ ဆင်ခြေရာတွေ့ရင် ဆင် သွားမှန်း သိတာပေါ့။ ခန္ဓာကိုယ်မှာ ဒဏ်ရာဒဏ်ချက်တွေ ကျန်ခဲ့တာရှိတယ်။ ဦးနှောက်နဲ့ အာရုံကြောမှာ အခုထက်ထိ အာရုံကြော မကောင်းဘူး။ စစ်ကြောရေးတွေဘာတွေ လာခေါ်သွားလို့ ဝင်ဖူးတယ်။ ဒါတွေကို ပြန်မပြောနေချင်ဘူး။ ကိုယ့် ထက်မက ဆိုးဆိုးရွားရွား ခံရတဲ့သူတွေ အများကြီးပဲ။ ကိုယ့်ကို ဘာက ကာကွယ်ပေးသွားလဲ ဆိုတော့ ကိုယ်က အနုပညာ ရှင် လူသိနေတဲ့ လူဖြစ်နေတယ်။ အဲဒီလို လူတယောက်ကိုတောင် ဒီလိုလုပ်သေးတယ် ဆိုရင် ကျန်တဲ့ လူမသိ သူမသိတဲ့ နိုင်ငံသား အရပ်သားတွေ ဘယ်လိုများနေမလဲ။ ကျနော်တို့ မျက်မြင်ကိုယ်တွေ့တွေရှိတယ်။
မေး ။ ။ အဲဒီကာလတုန်းက အာဏာရှင်စနစ်ကို တိုက်ထုတ်ကြတယ်။ အသက်တွေ စတေးခဲ့ကြတာ။ အဲဒီလို စတေးခဲ့ကြတဲ့ အချိန်က အခုဆိုရင် နှစ် ၃၀ ကျော်ခဲ့ပြီ အခုလက်ရှိ နိုင်ငံရေး အနေအထားပေါ်မှာရော ကျေနပ်မှု ရှိရဲ့လား။
ဖြေ ။ ။ ဘယ်လိုလုပ်ကျေနပ်မှာလဲ။ ကျေနပ်မှု ရှိလား မေးရင် ဘာတွေက ကျေနပ်မှု ကောင်းနေလို့လဲ။ ကျေနပ်စရာ ကောင်းတဲ့ အကြောင်းအချက် တခုလောက် သေသေချာချာ ရှာဖွေကြည့်တဲ့ အခါမှာ စစ်စစ်မှန်မှန်တော့ ဘာမှမတွေ့ရဘူး။ ကျနော်တို့ နိုင်ငံသားတွေက ကမ္ဘာပေါ်မှာ လွတ်လပ်နေတဲ့ နိုင်ငံတွေရဲ့ နိုင်ငံသားတယောက်လိုမျိုး မပြောနိုင် မနေနိုင် ပါဘူး။ ကိုယ့်နိုင်ငံသားတယောက်ကို လေးစားရတယ်လေ။ ဆိုက်ကားသမားတယောက်က မကျေနပ်လို့ ထမေးရင် သူသိချင်တာတွေ အကုန်လုံးကို ဖြေပေးရမယ်။ သိချင်တဲ့ အကုန်လုံးကို မေးခွင့်ရှိတဲ့ နိုင်ငံသားပေါ့။
သူ့ဘာသာ အလုပ်ကြမ်းသမားပဲ ဖြစ်ဖြစ် ဆိုက်ကားသမားပဲ ဖြစ်ဖြစ် အဲဒီလို လူတယောက်က သိချင်တယ်ဆိုရင်တောင်မှ ဒီလိုကောင်တွေဆိုပြီး မပြောတာမျိုး နောက်ဆုံး အစုအဝေးနဲ့ သပိတ်မှောက်တယ် ဆိုရင်တောင် သေနတ်နဲ့ လိုက်ပစ် နေတဲ့ အစိုးရမျိုး ကျနော်တို့ အလိုမရှိဘူး။ ဒါမှမဟုတ် သေနတ်နဲ့ လိုက်ပစ်တဲ့ အကျင့်စရိုက်တွေ မပြောင်းသေးတဲ့ အာဏာ ကို ချုပ်ကိုင်ထားတဲ့ စစ်တပ်မျိုးနဲ့ လက်ဝါးရိုက်နေတဲ့ အစိုးရမျိုးလည်း အလိုမရှိဘူး။ ရင်ကြားစေ့တယ်ပြောပြော ဘာပြော ပြော။ ကျနော်တို့ တိုင်းပြည်က တကယ့် အခြေခံလူတန်းစားတွေ အဆင်မှမပြေတာ။
မေး ။ ။ ရှစ်လေးလုံးရဲ့ ပင်မရည်မှန်းချက်တွေက ဘာတွေလဲ။ ၃၂ နှစ်မြောက်မှာ ဘယ်လောက်အထိ အောင်မြင်ပြီလို့ သုံးသပ်လဲ။
ဖြေ ။ ။ ရှစ်လေးလုံးက အလိမ်ခံလိုက်ရတယ်လို့ပဲ ခံစားရတယ်။ ရှစ်လေးလုံး အရေးတော်ပုံကြီး ဖြစ်ပေါ်ပြီးတော့ အရေးတော်ပုံအတွင်းမှာ သေကြေသွားတဲ့ ရဟန်းရှင်လူ တိုင်းသူပြည်သားတွေ အများကြီးပဲ။ သူ့ရဲ့ နောက်ဆက်တွဲအနေနဲ့ ဘဝပျက်သွားတဲ့သူတွေလည်း အများကြီးပဲ။ အများကြီး ပေးဆပ်ခဲ့ရတယ်။ အများကြီး အထိနာခဲ့ကြတယ်။ တိုင်းပြည်ရဲ့ အရွေ့တခုကို ရှစ်လေးလုံး အရေးတော်ပုံကြီးက ပေးမယ်လို့ မျှော်မှန်းခဲ့တာ။ ပြည်သူတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ ကျောင်းသားတွေက အစ မယူနိုင်ခဲ့ဘူး။ ရှစ်လေးလုံး အရေးတော်ပုံကြီးက အခွင့်အရေးကြီး ပေးပါတယ်။ ကျနော်တို့ တိုင်းပြည်က ပေးကားပေး၏ မရပေါ့။ အဲဒီအခွင့်အရေးကို မရဘူး။ မရတဲ့ အခါကျတော့ လက်မြန်ခြေမြန်ရှိတဲ့ အာဏာ လက်မလွှတ်ချင်တဲ့ စစ်အဖွဲ့အစည်းကနေ ပြန်ပြီးတော့ ထိန်းချုပ်တာပေါ့။ ဒါကြောင့် သူတို့ အခွင့်အရေး ရသွားတာပေါ့။

ရှစ်လေးလုံး အရေးတော်ပုံကြီး နှစ်တိုင်း အထိမ်းအမှတ်တွေ ကျင်းပနေတယ်။ ဒီလိုသာ ကျနော်တို့ ကျင်းပသွားမယ်ဆိုရင် နှစ် ၄၀၊ ၅၀ ထပ်ပြီး ကျင်းပနေကြဦးမှာပဲ။ ဒီတိုင်းပဲ ရွေ့မှာမဟုတ်ဘူး။ ဒါက ကျေနပ်လောက်စရာ အခြေအနေမဟုတ်ဘူး။ ကျနော်တို့ တိုင်းပြည်အနေအထားက လွတ်လပ်ရေးတုန်းက အကြောင်းပဲ ဥပမာ တခု ပြန်ပေးချင်တယ်။ အင်္ဂလိပ်တို့ ဂျပန်တို့ လက်က လွတ်လပ်ရေး ယူခဲ့တယ်။ အင်္ဂလိပ်တွေ၊ ဂျပန်တွေကို ကျနော်တို့ မျက်နှာချိုသွေးပြီး ရခဲ့တာ မဟုတ်ဘူး။ ဒါမှမဟုတ် ကျနော်တို့ အဲဒီလွတ်လပ်ရေးကို အင်္ဂလိပ်နဲ့ပဲ ဖြစ်ဖြစ် ဂျပန်နဲ့ပဲ ဖြစ်ဖြစ် ရင်ကြားစေ့ရေး လုပ်ပြီး ယူခဲ့တာ မဟုတ်ဘူး။ အဲဒီတုန်းက ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့တဲ့ စကားရှိတယ်။ ရရင်ရ၊ မရရင်ချ ဆိုတဲ့ စကားရှိတယ်။ အခု အဲဒါမျိုး ခပ်ဆင်ဆင်ဖြစ်နေတယ်လို့ ကျနော် ခံစားရတယ်။
ကျနော်တို့ ဒီမိုကရေစီက မျက်နှာချိုသွေးပြီးတော့ ရနိုင်တဲ့ အရာမဟုတ်ဘူး။ နောက်တခုက ရင်ကြားစေ့ရေး လုပ်ပြီးတော့ လည်း မရနိုင်ဘူးဆိုတာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအောက်မှာ နေပြီးသွားပြီ။ ဒါပေမယ့် ကျနော်တို့ ပြောခဲ့တဲ့ ဒီမို ကရေစီ၊ ပြည်သူလူထု အကုန်လုံး ခံစားရမယ့် ဒီမိုကရေစီ အခုထိ ကျနော်တို့ မရသေးဘူး။ မျက်နှာချိုသွေးပြီးတော့ပဲ ဖြစ်ဖြစ်၊ ရင်ကြားစေ့ပြီးတော့ပဲ ဖြစ်ဖြစ် မရနိုင်တော့ဘူး ဆိုတာကိုတော့ အခုချိန်လောက်မှာတော့ အကုန်လုံးလည်း ရိပ်မိပြီး သိနေပြီ။ လိုလည်း လိုချင်တယ်၊ အဲဒီတော့ ယဉ်ကျေးတဲ့ နည်းလမ်းတွေ သွေးထွက်သံယိုနည်းတဲ့ နည်းလမ်းတွေ၊ တိုင်းပြည် ထဲမှာ အေးအေးချမ်းချမ်း ပြောင်းလဲသွားမယ့် နည်းလမ်းတွေ သုံးခဲ့ပြီးပြီ။ ကျနော်တို့ မရဘူး။
အဲဒီတော့ မေးခွန်းပြန်ထုတ်မယ် ကျနော်တို့ တိုင်းပြည်က လူထုကို ခင်ဗျားတို့ လိုချင်တဲ့ ဒီမိုကရေစီကို ခင်ဗျားတို့ ကြိုးစားတဲ့နည်းနဲ့တော့ မရတော့ဘူး။ အဲဒီတော့ ခင်ဗျားတို့ ဘာဆက်လုပ်မလဲ။ ဒီတိုင်းပဲ ချောလဲရောထိုင် နေလိုက် တော့မလား။ ဒါမှမဟုတ် ကျနော်တို့ နဂိုရည်ရွယ်ထားတဲ့ ခေတ်ကာလမျိုး ကျနော်တို့ လိုချင်တဲ့ နိုင်ငံရေး အခင်းအကျင်းမျိုး ရအောင် ကျနော်တို့ ဘာဆက်လုပ်မလဲ။
မေး ။ ။ ရှစ်လေးလုံးအရေးတော်ပုံမှာ ပါခဲ့တဲ့ လူတွေကလည်း အသီးသီး ရပ်တည်ချက်တွေ ကွဲနေကြတာတွေ တွေ့နေတော့ အဲဒီအပေါ်မှာရော ဘယ်လိုမြင်လဲ။
ဖြေ ။ ။ ရှစ်လေးလုံး အရေးတော်ပုံတုန်းက ဘဝတွေ ကျိုးကြေခဲ့တယ်။ ထောင်တွေ အများကြီး ကျတယ်။ အများကြီး နှိပ်စက်ခံခဲ့ရတယ်။ ဒါပေမယ့် တတိုင်းပြည်လုံး မျှော်လင့်နေတာက သူတို့ ထောင်ကျခံဖို့မှ မဟုတ်ဘဲ။ နိုင်ငံရေး သမားတွေက ပြောလေ့ပြောထရှိတယ်။ ထောင်ဘယ်နှနှစ် ကျခဲ့တယ်ဆိုတာ။ အဲဒီတော့ ကျနော်မေးချင်တာ သူတို့ရဲ့ ရည်ရွယ်ချက်က ထောင်များများ ကျဖို့လား ဒါမှမဟုတ် တိုင်းပြည်ဒီမိုကရေစီ ရဖို့လား။ ထောင်ကျတဲ့ ကိစ္စနဲ့ပဲ အားလုံး လမ်းဆုံးသွားပြီးတော့ အခုအပြင်မှာ အားလုံး အီလည်လည် ဖြစ်နေတယ်။ အကုန်လုံး မယောင်ရာဆီလူး ဖြစ်နေတယ်။
ကျနော်တို့ တိုင်းပြည် တကယ်ဒီမိုကရေစီ လိုချင်တယ်ဆိုရင် အဲဒီလို အပြောင်းအလဲမျိုးတွေက မပြောင်းလဲကောင်းဘူး ထင်တယ်။ တိုင်းသူပြည်သားတွေ အပေါ်မှာ သစ္စာရှိ သွားစေချင်တယ်။ အရွယ်ကောင်းတုန်း အချိန်မှာ စာသင်ရမယ့် အချိန်မှာ ထောင်ထဲမှာ နှစ်ရှည်လများ နေခဲ့ရတာကို ရင်းနှီးမြှုပ်နှံမှု တခုလို မသတ်မှတ်စေချင်ဘူး။ အဲဒီရင်းနှီးမြှုပ်နှံမှုအတွက် သူတို့ဘာအမြတ်အစွန်းမှ မရဘူးလို့ပဲ ကျနော်ပြောချင်တယ်။ သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေက အောင်မြင်မှု မရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ထောင်ကျတာပဲ အဖတ်တင်တယ် ပြည်သူတွေကတော့ ဒီအတိုင်းပဲ။
တချို့ ကျနော့်ကို ဇွတ်ငြင်းမယ့်သူတွေ ရှိမယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်မှာပဲ ဒီမိုကရေစီရပြီလို့ ငြင်းတာ ရှိကောင်းရှိလိမ့်မယ်။ အဲဒါ ကျနော်တို့ အလိမ်ခံရတာပဲ။ တကယ့်တကယ် ဒီတိုင်းပြည်မှာ ရုန်းကန်နေရတဲ့ အကာအကွယ်မဲ့နေတဲ့ တိုင်းပြည်သူလူထု အများစုကြီး ဘယ်သူ့မှာမှ လုံခြုံတယ်ဆိုတာ မရှိဘူး။ လယ်တစ်ကွက် ပိုင်ထားလို့ မနက်ဖြန်၊ သဘက်ခါ စီမံကိန်းရှိလို့ လာမသိမ်းဘူး ဘယ်သူမှ မပြောနိုင်ဘူး။ အဲဒီလိုတိုင်းပြည်မှာ ဒီမိုကရေစီ ရနေတယ်လို့ ပြောရင် ရူးနေလို့ပဲ။ ကျနော်ကတော့ မပြီးသေးဘူး မရသေးဘူးလို့ပဲ သတ်မှတ်ထားတယ်။ လူဦးရေ အများဆုံး ဖြစ်တဲ့ အောက်ခြေဖြစ်တဲ့ အခြေခံလူတန်းစားတွေ မြင့်တက်လာမှ အဲဒီတိုင်းပြည်က တိုးတက်တယ်လို့ ပြောလို့ရတယ်။

မေး ။ ။ ရှစ်လေးလုံးက လွန်ခဲ့တဲ့ ၃၂ နှစ်တုန်းက လူထုပါဝင်ခဲ့တဲ့ တကယ့်ကြီးမားတဲ့ တော်လှန်ရေး လှုပ်ရှားမှုကြီး ဖြစ်တယ်ပေါ့။ ဒီဘက်နှစ်တွေမှာဆိုရင် အထိမ်းအမှတ်ပွဲတွေလည်း လုပ်လာခဲ့တယ်။ ရှစ်လေးလုံးမှာ ပါဝင်ခဲ့တဲ့ လူတော်တော်များများက သက်ရှိထင်ရှားရှိနေကြသေးတယ် ဒါပေမယ့် တကွဲတပြားဖြစ်နေကြတဲ့ အခြေအနေပေါ့။ အဲဒီတော့ ရှစ်လေးလုံးသမိုင်းပုံရိပ်က နောင်အနာဂတ်မှာ ဘယ်လိုဖြစ်မယ် ထင်လဲ။
ဖြေ ။ ။ အဲဒီမှာ အရေးကြီးတဲ့ တခု ကျနော်ပြောချင်တယ်။ အခု နိုင်ငံရေးအဖွဲ့အစည်းတွေ ရှိတယ်။ အကုန်လုံးက ရှစ်လေးလုံးရဲ့ ကျေးဇူးနဲ့ မကင်းဘူး။ ရှစ်လေးလုံးကို အကြောင်းခံပြီးတော့ NLD လို ပါတီတွေ ဖြစ်လာတယ်။ ရွေးကောက်ပွဲ ဝင်ကြတယ်။ တဖက်က ကျောင်းသားအုပ်စုမှာလည်း ပါတီထောင်တယ်။ မင်းကိုနိုင်ကတော့ ပွင့်လင်းလူ့ အဖွဲ့အစည်းဆိုပြီး သူတို့ရဲ့ direction တွေ မတူတော့ဘူး။ သူတို့က တစုတစည်းတည်း ရှိတယ်လို့လည်း ပြောလို့ မရတော့ဘူး။ ရှစ်လေးလုံးနဲ့ ပတ်သက်ပြီးတော့ တနှစ်ပြည့်ရင် အထိမ်းအမှတ်ပွဲတွေ လုပ်ကြမယ်။ အဲဒီက ဖွဲ့ထားတဲ့ ကျောင်းသား အဖွဲ့အစည်းတွေ၊ ပါတီတွေက အဲဒီကျရင် လက်သီးလက်မောင်းတန်းမယ်။ အတိတ်တုန်းက ဘယ်လို လုပ်ခဲ့တယ် ဆိုတာပြောမယ်။
ဒီအခမ်းအနားပြီးလို့ နောက် ၃၊ ၄ ရက်လောက်ဆိုရင် သူတို့အကုန်လုံးက ဗိုလ်နေမြဲ ကျားနေမြဲ ပြန်ဖြစ်သွားပြန်ရော နောက်တနှစ် တခါ ပြန်လုပ်မယ် အဲဒီလိုနဲ့ တဖြည်းဖြည်း မှေးမှိန်သွားမယ်။ ကျနော်မြင်တာကလည်း ရှစ်လေးလုံး အချိန်ကျလာရင် ဒါကြီးကို ပြန်နွှေးပြီးသွားရင် လောလောလတ်လတ် အဲဒီအပေါ် ဝိုင်းအုံကြပြီးတော့ အတိတ်ကို စားမြုံ့ပြန်ကြတာပေါ့ဗျာ။ ရှစ်လေးလုံး အရေးတော်ပုံက တကယ် တောင်းဆိုတာက အဲဒါတွေမဟုတ်ဘူး။ လက်ရှိ ရှိနေတဲ့ အစိုးရလိုလည်း မဟုတ်ဘူး။ ပြည်သူလူထုရဲ့ တောင်းဆိုမှုက အဲဒါတွေ မဟုတ်ဘူး။ စစ်အာဏာရှင်ဆိုတဲ့ အရိပ်အငွေ့ ကင်းစင်တဲ့ လွတ်လွတ်ကျွတ်ကျွတ် ထူထောင်လို့ရတဲ့ တိုင်းပြည်တခု။ ကျနော်တို့ တိုင်းပြည်မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မရှိဘဲနဲ့ မှန်မှန်ကန်ကန် အစိုးရမျိုးနဲ့ တကယ် အရည်အချင်းရှိတဲ့ လူတွေကို နေရာပေးတဲ့ အစိုးရမျိုး တက်နိုင်တဲ့ ခေတ်မျိုး။
လိုချင်တဲ့ဆီလည်း မရောက်သေးမှန်း သိလျက်သားနဲ့ အဲဒီတုန်းက တကယ် အနစ်နာခံခဲ့တဲ့ ကျောင်းသားတွေကလည်း အခုချိန်မှာ တင်းတင်းရင်းရင်း မရှိတော့ဘဲနဲ့ သူတို့နဲ့ မဆိုင်တော့သလိုလို ခေါင်းရှောင်နေသလိုလို ဘေးဖယ်နေသလိုလို အခုတိုင်းပြည်က အဲဒီအတိုင်း ဖြစ်နေတာ။ ဘယ်သူမှ တင်းတင်းရင်းရင်း ပြတ်ပြတ်သားသား ရပ်တည်တယ် မတွေ့ရဘူး။
ဆက်စပ်လင့်
ရှစ်လေးလုံး ငွေရတု စာတမ်းပါ အချက်တချို့ အကောင်အထည် မဖော်နိုင်သေးကြောင်း ဦးကိုကိုကြီး ပြော
စစ်ဘောင် ကျယ်လာရင် ဒီမိုကရေစီဘောင်က ကျုံ့သွားမယ်