အရောင်တခုတည်းက လွှမ်းတဲ့လွှတ်တော်ကြီး ဖြစ်အောင် မလုပ်ကြပါနဲ့

ဇူးဇူး
တနင်္သာရီတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် ၉ ၌ ဝင်ရောက်ယှဉ်ပြိုင်မည့် ဒေါက်တာညိုညိုသင်း / မျိုးမင်းစိုး / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

ရန်ကုန်စောင့်ကြည့်အဖွဲ့ တည်ထောင်သူ ဒေါက်တာညိုညိုသင်းသည် လာမည့် ၂၀၂၀ ရွေးကောက်ပွဲ၌ တနင်္သာရီတိုင်းဒေ သကြီး၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် ၉ မှ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သွား မည်ဖြစ်ကြောင်း သြဂုတ် ၄ ရက်နေ့တွင် တရားဝင် သတင်းထုတ်ပြန်ထားသည်။

ဒေါက်တာညိုညိုသင်းသည် ၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဗဟန်းမြို့နယ် အမှတ် ၂ မဲဆန္ဒနယ်တွင် ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရခဲ့သည်။ ထို့နောက် လွှတ်တော် ကိုယ်စားလှယ် သက်တမ်းအတွင်း ပါတီမှ နုတ်ထွက်ပြီး တသီးပုဂ္ဂလ ကိုယ်စားလှယ်အဖြစ် ရပ်တည်ခဲ့သည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ဗဟန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ် စားလှယ်နေရာတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့သည်။

၂၀၂၀ ရွေးကောက်ပွဲတွင်မူ တနင်္သာရီတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် ၉ ၌ ဝင်ရောက်ယှဉ်ပြိုင် မည်ဖြစ်ရာ အဆိုပါ မဲဆန္ဒနယ်အား ရွေးချယ်လိုက်သည့် အကြောင်းအရင်း၊ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ရပ် တည်မှုနှင့် စိန်ခေါ်မှုများ၊ လာမည့် ရွေးကောက်ပွဲအတွက် ၎င်း၏ မျှော်လင့်ချက် စသည်တို့နှင့် ပတ်သက်၍ ဧရာဝတီက  ဒေါက်တာညိုညိုသင်းအား ဆက်သွယ်မေးမြန်းထားပါသည်။

မေး ။ ။ အန်တီ့အနေနဲ့ ဒီမဲဆန္ဒနယ်ကို ဘာကြောင့် ရွေးချယ်ခဲ့တာပါလဲ။

ဖြေ ။ ။ တနင်္သာရီတိုင်းက နိုင်ငံရေးအရ နိုးကြားဖို့ လိုအပ်နေတဲ့တိုင်းလို့ ထင်တယ်။ နောက်ပြီး တနင်္သာရီတိုင်းမှာ တ နိုင်ငံလုံးရဲ့ ပြဿနာတွေ အကုန်လုံး ရှိတယ်။ အလုပ်လက်မဲ့ပြဿနာ၊ အရင်းအမြစ်ဆိုင်ရာ၊ မူးယစ်ဆေးဝါးဆိုင်ရာနဲ့ လယ် ယာမြေ ပြဿနာတွေ ရှိတယ်။ ပြဿနာပေါင်းစုံရှိသလို တိုင်းကိုပြန်ကြည့်မယ်ဆို သူ့ရဲ့စီးပွားရေး အလားအလာကလည်း အနာဂတ် နိုင်ငံတော်အတွက် အင်မတန်ကောင်းတယ်။ အဲဒီမှာ နိုင်ငံရေးအရ စီးပွားတိုးတက်မယ့် အလားအလာနဲ့ ထိုက် တန်တဲ့ နိုင်ငံရေးအရ ဖြစ်ပေါ်တိုးတက်မှုတွေတော့ ရှိသင့်သလောက် ရှိမနေဘူး။ နိုင်ငံရေးအင်အားစုတွေ တကွဲတပြား ဖြစ်နေတာ ရှိတယ်။ အဲဒါတွေ စုစည်းဖို့ လိုတယ်။ ဒေသခံတွေကြားထဲမှာ နိုင်ငံရေးအသိအမြင် ပွင့်လင်းပြီး အန်တီတို့ မျှော် မှန်းတဲ့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်ကိုသွားဖို့ အသင့်အနေအထား ဖြစ်အောင် လုပ်ကိုင်စရာတွေ အများကြီး ရှိတယ်။

ဒါကြောင့် အန်တီက ရွေးကောက်ပွဲနိုင်ရုံ စဉ်းစားတာ မဟုတ်ဘူး။ ရွေးကောက်ပွဲ ပြီးလို့ရှိရင်လည်း တနင်္သာရီတိုင်း ဒေသ ကြီးကို အခြေပြုပြီးတော့ အနာဂတ်နိုင်ငံတော်ကို တည်ဆောက်ဖို့ စိတ်ကူးထားတယ်။ ဘယ်ပုံဘယ်နည်းနဲ့ သွားမယ်ဆို တာတွေ အသေးစိတ်ကတော့ ပြောစရာတွေ အများကြီး ရှိတာပေါ့။ ဘာပဲပြောပြော နိုင်ငံရေးအရ တကယ့်ကို ဒီနေရာမှာ အခြေစိုက်ပြီး လုပ်ဖို့ လိုအပ်နေတဲ့အတွက်ကြောင့် ဒီဒေသကြီးကို ရွေးလိုက်တာ ဖြစ်တယ်။

နောက်ပြီး အန်တီရွေးချယ်တဲ့ တနင်္သာရီမြို့လေးဟာ ဆင်းရဲတယ်။ တိုင်းအတွင်း ဒုတိယအဆင်းရဲဆုံး မြို့လေးထဲမှာ ပါ တယ်။ ဒါကြောင့် ဒီဒေသမှာ အလုပ်အကိုင် အခွင့်အလမ်းတွေရဖို့၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့၊ ဒေသနေ ပြည်သူတွေရဲ့ အခြေခံ အခွင့်အရေးတွေ မဆုံးရှုံးဖို့အတွက် လုပ်စရာကိုင်စရာတွေ အများကြီးလုပ်ဖို့ လိုအပ်တယ်။ အန်တီလည်း ဥပဒေ သမား တယောက်အနေနဲ့ အန်တီ့ရဲ့အဖွဲ့ကလည်းပဲ ဥပဒေပညာကျွမ်းကျင်တဲ့ လူတွေနဲ့ ဒီဒေသရဲ့ အရေးကို တစိုက်မတ် မတ် ဆောင်ရွက်လိုက်မယ်ဆိုရင် ၂၊ ၃ နှစ်လောက် အတွင်းမှာကို လမ်းကြောင်းမှန်ပေါ် တက်သွားနိုင်မယ်။ အဲဒါကတော့ အန်တီတို့ ရည်မှန်းထားတဲ့ဟာ။

မေး ။ ။ ရန်ကုန်မှာအခြေစိုက်တဲ့ အန်တီ့အနေနဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် တနယ်တကျေးမှာ သွားရောက်ယှဉ်ပြိုင်တဲ့အခါ ဘယ်လို စိန်ခေါ်မှုတွေ ရှိနိုင်မလဲ။

ဖြေ ။ ။ စိန်ခေါ်မှုတော့ ရှိတယ်။ ဒါပေမယ့် အန်တီ့ရဲ့ အားသာချက်က ဒီဒေသမှာရှိတဲ့ နိုင်ငံရေးအင်အားစုတွေက အန်တီ ကို လိုလိုလားလား ကြိုဆိုတယ်။ လက်ခံတယ်။ နွေးနွေးထွေးထွေးနဲ့ နေရာပေးတယ်။ ဒါကြောင့် ဒေသတွင်းမှာ ရှိတဲ့ နိုင်ငံရေးအင်အားစုတွေကို စုစည်းပြီး အန်တီတို့ သွားချင်တဲ့ ပါတီစုံဒီမိုကရေစီပေါ့။ အများပြည်သူ ပါဝင်နိုင်တဲ့ နိုင်ငံရေး စနစ် တခုကို တနင်္သာရီတိုင်းဒေသမှာ ချလို့ရတဲ့အပြင် ထွန်းကားအောင်၊ တိုးတက်အောင် အများကြီး လုပ်လို့ရတယ်။

ဘာလို့ ဒီတိုင်းကိုရွေးရလဲဆိုရင် တခြားပြည်နယ်တွေမှာက နိုင်ငံရေးအရ တပ်ပေါင်းစုတွေ ဖွဲ့ပြီးသွားပြီ။ ဒါပေမယ့် တိုင်းဒေသကြီးတွေမှာ နိုင်ငံရေးရဲ့ တပ်ပေါင်းစုတွေ ရှိမနေသေးဘူး။ ဒီဒေသဟာ resource (အရင်းအမြစ်) ပေါတဲ့ ဒေသကြီး ဖြစ်တယ်။ ဒါပေမယ့် တင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် အရေးယူခံရပြီးနောက်ပိုင်း အုပ်ချုပ်မှု ဖြစ်စဉ်တွေက နှောင့်နှေးသွားတဲ့အတွက် ဒီဒေသရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွေ၊ တခြားသော လူမှုရေးအရ လုပ်စရာကိုင်စရာတွေ အားလုံးကလည်း တွန့်ဆုတ်သွားတယ်။ နှောင့်နှေးသွားတယ်။

တနင်္သာရီတိုင်းဒေသကြီးမှာ ထင်ရှားကျော်ကြားတဲ့ နိုင်ငံရေးသမားတွေ နည်းပါးတယ်။ ဒါကြောင့် ဒီတိုင်းဒေသကြီးဟာ ပြည်ထောင်စုအစိုးရရဲ့ အကူအညီနဲ့ ပြီးခဲ့တဲ့ ၅ နှစ်မှာ အရမ်းကို ဖွံ့ဖြိုးတိုးတက်တယ်လို့တောင် ပြောလို့မရဘူး။ စီမံ ကိန်းတွေ ရပ်ဆိုင်းနေတယ်။ ဒေသထဲမှာ စီးပွားရေးအရရော၊ လူမှုရေးအရရော ပြီးခဲ့တဲ့ ၅ နှစ်မှာ နောက်ကြောင်းပြန်သွား တယ်လို့တောင် ယူဆနိုင်တယ်။ ဒါကြောင့် ဒီတိုင်းဒေသကြီးကို ပြန်ပြီးတည့်မတ်ဖို့ လိုတယ်။ စီးပွားရေးအရ၊ နိုင်ငံရေးအရ လုပ်စရာတွေ အများကြီး ရှိနေတယ်။

မေး ။ ။ ဒေသခံ နိုင်ငံရေး အင်အားစုတွေက ကြိုဆိုကြတယ်လို့ ပြောသွားတော့ အန်တီ့အနေနဲ့ ဒေသအခြေစိုက် ပါတီကနေ ဝင်မပြိုင်ဘဲ ဘာကြောင့် တသီးပုဂ္ဂလအဖြစ် ဝင်ပြိုင်ဖြစ်တာလဲ။

ဖြေ ။ ။ ဒီမှာက ဒေသအခြေစိုက်တဲ့ ပါတီတွေ အများကြီး ရှိတယ်။ တခု နှစ်ခုတည်း ရှိတာ မဟုတ်ဘူး။ အခု တနင်္သာရီ မှာဆိုရင် အနည်းဆုံး ၆ ပါတီလောက် ဝင်ပြိုင်မယ်ပေါ့။ အဲဒီလိုကွဲပြားနေတဲ့ နိုင်ငံရေးပါတီတွေ ကြားထဲမှာ အန်တီက ပါတီ တခုခုရဲ့ အရိပ်ကိုခိုလိုက်ရင် ကျန်တဲ့ပါတီ ၅ ခုနဲ့ လုပ်ငန်းဆောင်တာတွေ၊ နိုင်ငံရေးလုပ်ငန်းစဉ်တွေ ဆောင်ရွက်တဲ့အခါမှာ အနှောင့်အယှက် ဖြစ်နိုင်တယ်။ ပါတီတခုကို ကိုယ်စားပြုသွားမှာကိုး။ တကယ်လို့ အန်တီက ဘယ်ပါတီမှ ကိုယ်စားမပြုဘဲ လွတ်လပ်တဲ့ တသီးပုဂ္ဂလအနေနဲ့ ရပ်တည်တဲ့အခါ ကျန်တဲ့ပါတီ ၅ ခုစလုံးနဲ့ လက်တွဲပြီး အလုပ်လုပ်သွားလို့ ရတယ်။

ဒေသဖွံ့ဖြိုးရေး၊ အလုပ်အကိုင် အခွင့်အလမ်း တိုးတက်ရေး၊ မူးယစ်ဆေးဝါးနှိမ်နင်းရေး ကိစ္စမျိုးတွေ၊ မြေယာသိမ်းဆည်းမှု တွေမှာ ပြန်လည်တိုက်ပွဲဝင် ရယူရေးတို့၊ ကျန်တဲ့ဒေသဆိုင်ရာ ကိစ္စတွေမှာ လက်တွဲပြီး ဆောင်ရွက်သွားနိုင်မယ်။ အန်တီ က တသီးပုဂ္ဂလအနေနဲ့ ရပ်တည်ခြင်းဟာ ဒီတနင်္သာရီမြို့နယ်အတွက် ပိုပြီးကောင်းမယ်။ တခြားသော နိုင်ငံရေးပါတီတွေ၊ တက်ကြွလှုပ်ရှားသူတွေ အားလုံးနဲ့လက်တွဲပြီး မြို့အရေးကို ဆောင်ရွက်နိုင်မယ့် အခွင့်အလမ်း ရွေးကောက်ပွဲ ပြီးရင် တောင် မှ ရှိနေမယ်။ ဒါကြောင့် တသီးပုဂ္ဂလအနေနဲ့ ဝင်လိုက်တာ။

မေး ။ ။ အန်တီဝင်ပြိုင်ဖို့ ရွေးချယ်ထားတဲ့ မဲဆန္ဒနယ်မှာ အဓိက ပြိုင်ဖက်တွေက ဘယ်သူတွေဖြစ်မလဲ။

ဖြေ ။ ။ အဓိကကတော့ ဒီဘက်မှာ အားကောင်းတာ၊ လူထုက သိတာတော့ အနီနဲ့အစိမ်းပဲ သိတာများတယ်။ ဒါက လူ သိများတဲ့ ပါတီနှစ်ခု ရှိတယ်။ သို့သော်လည်း သူတို့ရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ သူတို့ရဲ့ နိုင်ငံရေးသမားတွေ သူတို့ မသိဘူး။ ကိုယ်ကတော့ သူတို့ရဲ့ ဒေသခံ နိုင်ငံရေးသမားတွေနဲ့ အတူတူယှဉ်ပြီးတော့ ကိုယ့်ကို လူသိအောင်၊ ကိုယ့်ကို မဲပေးအောင် စည်းရုံးရမှာပေါ့။

မေး ။ ။ ဒီတော့ အန်တီ့ရဲ့ အဓိက ပြိုင်ဖက်က NLD နဲ့ USDP လို့ ဆိုလိုချင်တာလား။

ဖြေ ။ ။ အေးပေါ့ အဲဒီလိုပဲ ဖြစ်ပါလိမ့်မယ်။

မေး ။ ။ အခုရွေးချယ်ထားတဲ့ မဲဆန္ဒနယ်ဟာ အန်တီ့အတွက် အစိမ်းသက်သက်လား။ အရင်ကတည်းက ဆက်နွယ်မှု ရှိနေတာလား။

ဖြေ ။ ။ ဒီလိုပါ။ ဒီဒေသမှာရှိနေတဲ့ နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်တွေ အထူးသဖြင့် ရွေးကောက်ပွဲ လာဝင်ကြမယ့် နိုင်ငံရေးသမားတွေက လုပ်ဖော်ကိုင်ဖက် အဟောင်းတွေ များကြပါတယ်။ နောက်ပြီး သူတို့ကို ဝိုင်းဝန်း ကူညီထောက် ပံ့နေတဲ့ ဒေသခံပြည်သူတွေကလည်း အန်တီနဲ့ တချို့ကိစ္စတွေမှာ လက်တွဲပြီး ဆောင်ရွက်ခဲ့တာတွေ ရှိတယ်။ ကျောင်း သား အဖွဲ့တွေဆိုရင်လည်း ပညာရေးဥပဒေကို တိုက်ပွဲဝင်ချိန်တုန်းက လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်ခဲ့တယ်။

အမှန်က ဒီဒေသဟာ ဖွံ့ဖြိုးတိုးတက်သင့်တဲ့ ဒေသဖြစ်ပါလျက်နဲ့ ဆင်းရဲနေတာဟာ ဒေသတွင်းမှာ ပြည်သူတွေက ပြည် သူ့ရေးရာတွေကို ကိုယ်တိုင်စီမံခန့်ခွဲခွင့် မရကြလို့ ဖြစ်တယ်။ ဒါကြောင့် ပြည်သူ့ရေးရာတွေကို ပါဝင်စီမံခန့်ခွဲနိုင်တဲ့၊ အရပ် ဖက်အဖွဲ့အစည်းတွေ ပါဝင်စီမံခန့်ခွဲနိုင်တဲ့၊ ဒီမိုကရေစီနည်းလမ်းကျတဲ့ အုပ်ချုပ်ရေးစနစ်တခု ပေါ်ပေါက်ဖို့ လိုတယ်။ အဲဒီ လို ပေါ်ပေါက်ဖို့ဆိုရင် လွှတ်တော်ပြင်ပမှာရှိတဲ့ နိုင်ငံရေးအင်အားစုတွေက ညီညီညွတ်ညွတ်နဲ့ ဒေသန္တရ အုပ်ချုပ်ရေးစနစ် ကို ပြုပြင်ပြောင်းလဲဖို့ လိုတယ်။

တချို့တွေကတော့ ၂၀၀၈ က အကန့်အသတ်တွေရှိလို့ ဒေသဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးတွေ မလုပ်နိုင်ဘူးလို့ ပြောကြ တယ်။ ၂၀၀၈ က အကန့်အသတ်တွေရှိတာ မှန်တယ်။ ဒါပေမယ့် ဒေသဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို ၂၀၀၈ ကြောင့် မလုပ် နိုင်ဘူး ဆိုတာကိုတော့ အန်တီတို့က ငြင်းပယ်တယ်။ ၂၀၀၈ ဖျက်သိမ်းလို့ မရနိုင်သေးတဲ့ကာလမှာ ဒေသန္တရ အုပ်ချုပ်ရေး စနစ်ကို ပြုပြင်ပြောင်းလဲဖို့ အခွင့်အလမ်း၊ အများပြည်သူတွေက စီမံနိုင်တဲ့အခွင့်အလမ်း၊ အများပြည်သူတွေရဲ့ ချိုးဖောက်ခံ နေရတဲ့ အခွင့်အရေးတွေကို မားမားမတ်မတ် ကာကွယ်ပေးနိုင်တဲ့ စနစ်တရပ် ပေါ်ပေါက်ရေး အရမ်းကိုလိုနေတယ်။

အဲဒီလို အခြေခံကောင်းတွေဟာ နိုင်ငံရေးအရ အစီအမံကောင်းတွေ ချမှတ်နိုင်တယ်ဆိုရင် နောက်ပိုင်းမှာ စီးပွားရေး၊ လူမှု ရေး၊ အလုပ်အကိုင် အခွင့်အလမ်းတွေ အားလုံး အဆင်ပြေချောမွေ့လာမယ်လို့ ယုံကြည်တယ်။ ဒါကို စမ်းသပ်ပြီးတော့ ဒီ တိုင်းဒေသကြီးမှာ စတင်လှုပ်ရှားခြင်း ဖြစ်တယ်။ ရွေးကောက်ပွဲ မနိုင်ရင်တောင် လူထုအတွက် အင်စတီကျူးရှင်းတွေ ချ ပြီးတော့ ပလက်ဖောင်းကောင်းကောင်းရအောင် ကြိုးစားသွားမယ်။

မေး ။ ။ လွှတ်တော်ကိုယ်စားလှယ်တယောက် ဖြစ်သွားတဲ့အခါ အန်တီ့ မဲဆန္ဒနယ်အတွက် အဓိက ဦးစားပေး ဖြေရှင်း ရမယ့် ပြဿနာက ဘာတွေဖြစ်မလဲ။

ဖြေ ။ ။ ဒီဒေသထဲမှာဆို မူးယစ်ဆေးဝါး ပြဿနာ၊ မြေယာသိမ်းဆည်းမှု ပြဿနာတွေ ရှိတယ်။ တရား ဥပဒေစိုးမိုး မှု လျော့ရဲမှုတွေရှိတယ်။ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးတာမျိုး ရှိတယ်။ အဲဒီပြဿနာတွေက ဦးစားပေးပြီး ဖြေ ရှင်းပေးရမယ့် ကိစ္စရပ်တွေ ဖြစ်တယ်။ အဲဒီပြဿနာတွေအတွက်ကို အန်တီတို့က ဒေသဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်တွေ နဲ့ ပူးပေါင်းပြီးတော့ စီမံကိန်းတွေ ချမှတ်ပြီး ဆောင်ရွက်သွားဖို့ ဥပဒေအရ စဉ်းစားထားပါတယ်။

မေး ။ ။ လာမယ့်ရွေးကောက်ပွဲမှာ အနိုင်ရဖို့ ဘယ်လောက်ထိ မျှော်လင့်ထားလဲ။

ဖြေ ။ ။ ရွေးကောက်ပွဲ နိုင်တယ်ဆိုတာ ကိုယ်စားလှယ်လောင်း တော်တိုင်း၊ ထက်မြက်တိုင်း၊ နိုင်ငံရေးအရ နာမည်ကြီး တိုင်း နိုင်ချင်မှ နိုင်တာလေ။ ရွေးကောက်ပွဲတခု နိုင်ဖို့ဆိုတာ ပါဝင်ပတ်သက်နေတဲ့ ဇာတ်ကောင်တွေ အားလုံး သူတို့ကျရာ အခန်းကဏ္ဍကို တာဝန်ကျေပွန်ဖို့ လိုတယ်။ ဥပမာ အန်တီ့မဲဆန္ဒနယ်မှာ တရားမျှတတဲ့ အခြေအနေတွေ အများကြီး ပေါ် ထွန်းဖို့လိုတယ်။ တကယ်လို့ အာဏာရပါတီကပဲ မဲဆွယ်စည်းရုံးခွင့်တွေ တဖက်သတ်ရနေမယ်၊ နိုင်ငံတော်ရဲ့ ဘဏ္ဍာ ငွေကို အသုံးပြုပြီး ပြည်သူလူထုကို မဲဆွယ်ခွင့်ရနေမယ်ဆိုရင် အန်တီတို့လို တသီးပုဂ္ဂလ ကိုယ်စားလှယ်တွေအတွက် အများကြီး ထိခိုက်တယ်။ ရွေးကောက်ပွဲတခု နိုင်ဖို့ဆိုတာက မျှတတဲ့ရွေးကောက်ပွဲ အခြေအနေမျိုး ဖြစ်ကိုဖြစ်ရမယ်။ အဲဒါက ကြီးမားတဲ့ အခက်အခဲတခု ဖြစ်လာနိုင်တယ်။ မျှတတဲ့အနေအထား ဖြစ်ပါ့မလားဆိုတဲ့ စိုးရိမ်ချက် အန်တီ့မှာ ရှိတယ်။

ဒီဒေသဟာ သဘာဝဘေးအန္တရာယ်ရှိတဲ့အတွက် သဘာဝဘေး ဖြစ်နေတဲ့အချိန်မှာ နိုင်ငံရေးကျင့်ဝတ်အရ အန်တီ့အနေနဲ့ မဲဆွယ်စည်းရုံးမှုတွေကို လက်လျှော့ရကောင်း လျှော့နိုင်တယ် တချို့နေရာတွေကို။ အဲဒီနေရာတွေမှာ ရေဘေးကူညီမှု ကို ဆောင်ရွက်ရင်းနဲ့ မဲဆွယ်စည်းရုံးဖို့ဆိုတာ ဖြစ်နိုင်တဲ့အနေအထား မရှိနိုင်ဘူး။ ဒါကြောင့် သဘာဝဘေးအန္တရာယ်ဟာ လည်း ရင်ဆိုင်ရမယ့် အခက်အခဲတခု ဖြစ်တယ်။ ဒါဟာလည်း ရလဒ်ကို ထိခိုက်နိုင်တဲ့ အနေအထားမှာ ရှိတယ်။

နောက်တခုက ကော်မရှင်တွေရဲ့ လုပ်ထုံးလုပ်နည်း နားမလည်မှုတွေကလည်း အခက်အခဲတွေ ဖြစ်လာနိုင်တယ်။ ကော်မ ရှင် တချို့ပေါ့။ ကျေးလက်ဒေသမှာ ပိုဆိုးတယ်။ ကျေးလက်က ရပ်ကျေးကော်မရှင်တွေဟာ ဥပဒေ လုပ်ထုံးလုပ်နည်းတွေ ကို သဘောပေါက်မှု အရမ်းနည်းတယ်။ အခုဆိုရင် ကျေးလက်ဒေသတချို့မှာ တချို့တက်ကြွတဲ့အိမ်တွေက သီချင်းတွေ၊ စပီကာတွေ ဘုန်းကြီးကျောင်းကနေ လော်ကြီးတွေနဲ့ဖွင့်ပြီး သူတို့ကြိုက်တဲ့ပါတီကို မဲပေးဖို့ စည်းရုံးမှုတွေ စနေတယ်။

ဒါဟာ မဲဆွယ်စည်းရုံးချိန် မတိုင်ခင်ကတည်းက အာဏာကို အလွဲသုံးစားလုပ်ပြီး စည်းရုံးတာဖြစ်တယ်။ ဒီကိစ္စတွေကလည်း အန်တီတို့ရဲ့ရလဒ်ကို ထိခိုက်နိုင်တဲ့ အနေအထားတွေ ရှိတယ်။ ဒါကြောင့် မျှတတဲ့ရွေးကောက်ပွဲ တခုဖြစ်ဖို့ အခွင့်အလမ်း တွေ အာဏာလက်ဝယ် ကိုင်ထားတဲ့သူတွေက မဖန်တီးနိုင်သမျှ ကာလပတ်လုံး အန်တီအပါအဝင် တသီးပုဂ္ဂလ ကိုယ်စား လှယ်တွေ၊ ပါတီငယ်တွေရဲ့ ကိုယ်စားလှယ်တွေအနေနဲ့ အများကြီး အခက်အခဲတွေ ကြုံရနိုင်တယ်။

မေး ။ ။ ဒီအချက်အလက်တွေအရ အန်တီတို့ တသီးပုဂ္ဂလ ကိုယ်စားလှယ်တွေအနေနဲ့ ရွေးကောက်ပွဲမှာ သိပ်မျှော်လင့် ထားလို့ မရနိုင်ဘူးလို့ ဆိုလိုချင်တာလား။

ဖြေ ။ ။ ဟုတ်ပါတယ်။ ဘာလို့လည်းဆိုတော့ လက်ရှိအာဏာရပါတီရဲ့ အနေအထားနဲ့ လက်ရှိ နိုင်ငံရေး အခြေအနေကို သုံးသပ်လို့ ရှိရင်ပေါ့။ အများကြီး မျှော်လင့်ထားလို့တော့ မရဘူး။

မေး ။ ။ ၂၀၂၀ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အန်တီ့ရဲ့ မျှော်လင့်ချက်ကရော ဘာဖြစ်မလဲ။

ဖြေ ။ ။ ၂၀၂၀ ရွေးကောက်ပွဲမှာ အနီလည်း မဟုတ်တဲ့၊ အစိမ်းလည်း မဟုတ်တဲ့ ကိုယ်စားလှယ်တွေ လွှတ်တော်ထဲကို များများပါစေချင်တယ်။ ဘာကြောင့်လဲဆို အစိမ်းလွှမ်းတဲ့ လွှတ်တော်ကိုလည်း ပြည်သူလူထုက ကြုံခဲ့ပြီးပြီ။ အနီလွှမ်းတဲ့ လွှတ်တော်ကိုလည်း ပြည်သူလူထုက ကြုံခဲ့ပြီးပြီ။ ဒါပေမယ့် လွှတ်တော်ကြီး နှစ်ရပ်စလုံးဟာ အစိုးရတွေကို ထိထိရောက်  ရောက် ထိန်းကျောင်းနိုင်ခြင်း မရှိဘဲနဲ့ အများပြည်သူအတွက် ထင်သာမြင်သာတဲ့ အကျိုးစီးပွားတွေကို ဖန်တီးပေးနိုင်တာ နည်းတယ်။ ဒါကြောင့် အနီရော အစိမ်းရောလည်း ပါဝင်သော၊ တခြားသော ပါတီများလည်း ပါဝင်သော သင့်တင့်မျှတတဲ့ လွှတ်တော်တခုကို ဖန်တီးဖို့ အန်တီ့အနေနဲ့ မျှော်လင့်ထားတယ်။

၂၀၂၀ ရွေးကောက်ပွဲအလွန် လွှတ်တော်ထဲမှာ အသံတွေ စုံလာစေချင်တယ်။ အရောင်တခုတည်းက လွှမ်းမိုးတဲ့ လွှတ်တော်တွေဟာ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ထိထိရောက်ရောက် အကောင်အထည် မဖော်နိုင်ဘူး ဆိုတာကို ပြီးခဲ့တဲ့ ၁၀ နှစ်က သက်သေပြခဲ့ပြီးသား ဖြစ်တဲ့အတွက်ကြောင့် ပြည်သူလူထုကို တိုက်တွန်းချင်တယ် တဆက်တည်းပေါ့။ ဒီတခါတော့ အရောင်တခုတည်းက လွှမ်းတဲ့လွှတ်တော်ကြီး ဖြစ်အောင် မလုပ်ကြပါနဲ့လို့ အန်တီက မေတ္တာရပ်ခံချင်တယ်။

၂၀၂၀ အလွန် ဒီမိုကရေစီနိုင်ငံတော်ကြီးကို ချီတက်တဲ့အခါမှာ ပန်းရောင်စုံဖူးဖွင့်တဲ့ နိုင်ငံတော်ကြီးအဖြစ် ဖန်တီးလို့ရတယ်။ အဲဒါ ပြည်သူ့လက်ထဲမှာ ရှိတယ်။ အနီနဲ့အစိမ်းပဲ ရှိတာ မဟုတ်ဘူး။ တခြားသော ရွေးချယ်စရာတွေ ပြည်သူလူထုမှာ ရှိ တယ်ဆိုတာကို နားလည်စေချင်တယ်။ ရွေးချယ်ခွင့်ရှိတဲ့ဟာကို ရွေးချယ်ကြပါ။ ကိုယ်က အနီကိုရော အစိမ်းကိုရော စိတ် ပျက်တာမျိုး၊ မဲလာမပေးတော့ဘူးဆိုပြီး နိုင်ငံ့အရေးအရာကို ကျောခိုင်းလိုက်တာမျိုး မဖြစ်စေချင်ဘူး။ မဲမပေးချင်တဲ့ ပြည် သူလူထုရဲ့ ဆန္ဒကို အန်တီ နားလည်ပေးတယ်။ ခွင့်လွှတ်ပေးပါတယ်။ သို့သော် မကြိုက်ရင်လည်းပဲ မိမိက ဘယ်လို အင် အားစုကို မကြိုက်ကြောင်း၊ ဘယ်လို အင်အားစုမျိုးကို မျှော်လင့်ချက်ထားကြောင်း ထွက်ပြီးတော့ ဆန္ဒဖော်ထုတ်ပေးကြပါ။ အနီ၊ အစိမ်း နှစ်ခုတည်းမဟုတ်ဘူး။ ရွေးချယ်စရာတွေ ရှိတယ်ဆိုတာ ပြည်သူလူထုကို သတင်းစကား ပေးချင်ပါတယ်။

You may also like these stories:

မသန်စွမ်းကိုယ်စားလှယ်လောင်း ၃ ဦးတွင် အမျိုးသမီးတဦးပါဝင်

ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးရွှေမန်း ရွေးကောက်ပွဲ ဝင်ပြိုင်မည် မဟုတ်

၂၀၂၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ တပ်မတော်အတွင်း ဆွေးနွေးမှုများပြုလုပ်

ကြံ့ခိုင်ရေးပါတီ ရွေးကောက်ပွဲ အောင်နိုင်ရေး သမ္မတဟောင်း ဦးသိန်းစိန် ကူမည်

Did you find apk for android? You can find new Free Android Games and apps.
Loading