အတိုက်အခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီ ဥက္ကဌ ဦးသန်းဌေးကို ဧရာဝတီ သတင်းဌာန၊ နေပြည်တော် ရုံးခွဲမှ သတင်းထောက် ထက်နိုင်ဇော်က သွားရောက် တွေ့ ဆုံ မေးမြန်းထားသည်များကို ဒုတိယအပိုင်းအဖြစ် ဆက်လက် ဖော်ပြ လိုက်ပါသည်။
ဒုတိယပိုင်းတွင် ကြံ့ခိုင်ရေး အာဏာပြန်ရရှိပါက ဦးသန်းဌေး သမ္မတ လုပ်မှာလား၊ တပ်မဲရုံများ တပ်ပြင်ထုတ်ခံရရှိမှု ပါတီ အပေါ် သက်ရောက်မှု အခြေအနေ၊ တပ်အရာရှိများ ကြံ့ခိုင်ရေးပါတီကနေ ရွေးကောက်ပွဲ ဝင်ဦးမှာလား၊ လူမှုကွန်ရက်တွင် ဝေဖန်ပြောဆိုလေ့ရှိသည့် ဦးသန်းဌေး ရထားဝန်ကြီးဘဝက ရထားမလာသည့် ဘူတာများအကြောင်း၊ အရင် အစိုးရ၏ ကြွေးကျန်များက ပါတီရဲ့ ပုံရိပ်ကို ထိခိုက်မှု ရှိ၊ မရှိ စသည့် အချက်များ ပါဝင်သည်။
မေး ။ ။ပါတီဥက္ကဌဆိုတော့ ပါတီအဖွဲ့ထဲမှာ အကြီးဆုံး ဖြစ်ပါတယ်။ အဲဒီတော့ နိုင်ငံရေးအာဏာပြန်ရခဲ့ရင် တိုင်းပြည်ကို ဦးဆောင်ရမှာဆိုတော့ ကိုယ်တိုင်ရော သမ္မတဖြစ်ဖို့မျှော်မှန်းထားလားခင်ဗျ။
ဖြေ ။ ။ဒီလိုဗျ။ ဒါကလည်း လွန်ခဲ့သော အကြိမ်ကြိမ်မှာ ကျနော့်ကို တချို့သောသတင်းဌာနတွေက မေးကြပါတယ်။ သမ္မတ ဖြစ်ဖို့မှန်းထားသလား၊ ဘာတွေပြင်ထားသလဲ။ အဲဒီကတည်းက ကျနော်ဖြေခဲ့တာရှိပါတယ်။ နိုင်ငံတော် သမ္မတ ဖြစ်ရမယ့် အရည်အချင်းနဲ့ သတ်မှတ်ထားတာ ရှိပါတယ်။ ကျနော့်ရဲ့ ပရော်ဖက်ရှင်နယ်အရ ဒါတွေတော်တော်များများကို ကျနော်တို့ ဟာ လေ့လာလုပ်ကိုင်ပြီးတော့ ကိုယ်ကိုယ်တိုင်လည်းပဲ အဲဒီသတ်မှတ်ချက်တွေ ဘောင်ထဲမှာရှိတယ်လို့ပဲ မြင်တယ်။
နောက်တခုကလည်း ကိုယ်သမ္မတလုပ်ခြင်း၊ မလုပ်ခြင်းဆိုတဲ့ ဥစ္စာက ကျနော့်မှာ ကျနော်တို့ရဲ့ ပါတီဖွဲ့စည်းပုံစည်းမျဉ်းအရ ကျနော်လုပ်ပိုင်ခွင့်တွေ ရှိပါတယ်။ အဲဒီ နိုင်ငံတော်အဆင့် ပြည်ထောင်စုအဆင့်အားလုံးဟာ ပါတီဥက္ကဌခေါင်းဆောင်တဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ရွေးတာပါ။
ပြီးတော့မှ သူက ပြည်သူ့လွှတ်တော်က ဒုသမ္မတလောင်းတယောက်၊ တပ်မတော်အစုအဖွဲ့ကတယောက် ဟိုဘက် အမျိုး သားက တယောက်။ ဒီအထဲကမှ သူတို့ရဲ့ သမ္မတ ရွေးချယ်ရေးအဖွဲ့ က ရွေးကြမှာလေ။ ဘယ်သူဖြစ်မယ်ဆိုတာ ဘာမှလည်း ကြိုပြီးတော့ ပြောလို့မရဘူး။ ဒီဟာသည် ရွေးကောက်ပွဲ အနိုင်အရှုံးရတဲ့ အမတ်အရေအတွက်ပေါ်မှာ မူတည်မှာဖြစ်တဲ့အတွက် ခုနက ကျနော်တင်ပြသလိုပဲ ကျနော်တော့ ပြင်ဆင်မှုရှိတယ်။ မိမိကိုယ်မိမိ ညီညွတ်တယ်လို့ ဒီလိုပြောချင်တယ်။
ထပ်ပြီးတော့ ဒီဟာလေးကို နည်းနည်းလေးချဲ့ပြောရလို့ရှိရင် သမ္မတဆိုတာက တော်ရုံတန်ရုံလူ လုပ်လို့တော့ ဖြစ်တဲ့ ကိစ္စ မျိုး မဟုတ်ဘူး။ အခြေခံဥပဒေအရ နိုင်ငံသားအားလုံးရဲ့ အထွတ်အထိပ်နေရာမှာရှိတာ။ ဒါကြောင့် အဲဒီသမ္မတရဲ့ အရည်အချင်းသတ်မှတ်ချက်တွေကိုလည်း သူတို့လုံလောက်တဲ့ဟာကို သတ်မှတ်ထားပါတယ်။
ဒါကျနော်မနေ့တနေ့ကမှ တခါထပ်ပြီးတော့ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ကျနော့်ပါတီဝင်တွေနဲ့ အွန် လိုင်းကနေဆွေးနွေးတဲ့အထဲမှာ ကျနော်ထွက်ပြီး ပြောထားတာရှိတယ်။ ဒါကဘာပြောတာလည်းဆိုတော့ သမ္မတ အရည်အချင်းနဲ့ ပတ်သက်လို့ ဒီဟာကိုတော့ သေသေချာချာဆက်ပြီးတော့ ထိန်းကြရလိမ့်မယ်။ ဒီနေ့တိုင်းပြည်မှာဖြစ်နေတဲ့အခြေအနေ အရ သမ္မတ အရည်အချင်းထဲမှာ မူလပြည့်စုံသင့်တဲ့ လူကြီးလုပ်မယ့်ပုဂ္ဂိုလ်ရဲ့ အမြင် ၄ မြင်အပြင် ဥပဒေပြုရေးအမြင်တို့ တရားစီရင်ရေးအမြင်တို့ပါ ပြည့်စုံသင့်တယ်။
နောက်တချက်က တော်တော်အရေးကြီးတဲ့အချက်။ အဲဒါက အဲဒီသမ္မတတွေ ဒု-သမ္မတတွေဆိုတဲ့ ပုဂ္ဂိုလ်တွေကို စွပ်စွဲပြစ်တင်တဲ့အပိုင်းမှာ သူရေးထားတာတော့ မူလ ၄၊ ၅ ချက်လောက်ရှိတာပေါ့။ တစ်ချက် အလောတကြီး ထပ်ထည့်သင့်တယ်။ ဒါက နိုင်ငံတော်ရဲ့ လျှို့ဝှက်ချက်တွေကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သော နည်းဖြင့် ဖြစ်စေ နိုင်ငံခြားတိုင်းပြည်များသို့ပေါက်ကြားစေခြင်း အဲဒီလိုဖြစ်လာလို့ရှိရင်တော့ အရည်အချင်း ပျက်ယွင်းမှုနဲ့ စွဲချက်ကိုတင်ရမယ်။ ဒါတော်တော်အရေးကြီးတဲ့ကိစ္စလို့မြင်တယ်။
ဒါကြောင့် သမ္မတအလုပ်ဟာ ငါလုပ်မှာမို့လို့ ငါမှဖြစ်တယ်ဆိုတဲ့ အမြင်နဲ့ပြောတာမဟုတ်ဘူး။ တော်ရုံတန်ရုံနဲ့တော့ လူတိုင်း တက်ပြီးလုပ်လို့ရပါတယ်ဆိုတဲ့ အမြင်တော့ မဖြစ်စေချင်ဘူး။ အဲလိုဖြစ်ရင်တော့လည်းပဲ ကျနော်တို့ တိုင်းပြည်ရဲ့ အဆင့်အတန်းဟာ တော်တော်ကို နိမ့်ပါးတဲ့ အဆင့်အတန်း ဖြစ်သွားမယ်လို့ မြင်ပါတယ်။
မေး ။ ။ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်အရ တပ်မတော်မဲရုံတွေကို အပြင် ထုတ်တော့မယ်ပေါ့နော်။ ကျနော် နားလည်သလောက်တော့ တပ်မဲအများစုက ကြံ့ခိုင်ရေးပါတီကို ထောက်ခံတယ်လို့ ယုံကြည်ရတယ်ပေါ့နော်။ ဒီအခြေ အနေကရော ပါတီကို ဘယ်လိုအကျိုးသက်ရောက်မှုရှိနိုင်မလဲ ခင်ဗျ။
ဖြေ ။ ။ ကျနော့်အမြင်တော့ သူ့ယုံကြည်မှုဟာ တပ်မဲရုံတွေကို ဟိုရွှေ့ ဒီရွှေ့ ခြင်းနဲ့တော့ သိပ်ဆိုင်လိမ့်မယ်တော့ မထင်ပါ ဘူး။ သူတို့ယုံကြည်တဲ့သူ သူတို့ ပေးမှာပေါ့။ ဒီလိုယုံကြည်ဖို့လည်း ကျနော်တို့ ဘာမှစာချုပ်ချုပ်ထားတာ မရှိဘူး။ အပြု အမူတွေ အပြောအဆိုတွေ လက်တွေ့လုပ်ရပ်တွေဟာ သူတို့သည် ဘယ်သူ့ကို နှစ်သက်ရမလဲ ဘယ်သူနဲ့ လက်တွဲသင့် သလဲ၊ ဘယ်သူနဲ့ မတွဲသင့်ဘူးလဲ၊ အကုန်လုံးက စဉ်းစားဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်တွေပဲ။ ဒါကြောင့်ဒါဟာ ဘာမှ သိပ်မထူးလောက်ဘူးလို့ပဲ ထင်ပါတယ်ဗျာ။
မေး ။ ။ ပါတီရဲ့ မဟာမိတ်ကရော တပ်မတော်လို့ ပြောလို့ရမလား။ ဘာဖြစ်လို့လဲဆိုတော့ လွှတ်တော်ထဲမှာပဲဖြစ်ဖြစ် လွှတ်တော်ပြင်ပမှာပဲဖြစ်ဖြစ် တူညီတဲ့ သဘောထားရပ်တည်ချက်တွေ အလုပ်တူနေတာမျိုးတွေ မကြာခဏတွေ့ရလို့ပါ။
ဖြေ ။ ။ မဟာမိတ်လို့ပြောတော့ ဒါကနိုင်ငံရေးပါတီတွေမှာ သုံးလေ့ရှိတဲ့စကားပေါ့။ တပ်မတော်က နိုင်ငံရေး ပါတီ မဟုတ်ဘူးဗျ။ နိုင်ငံတော်ကို ကာကွယ်ရမယ့် Institution သပ်သပ်ပဲ။ ပြည်ခိုင်ဖြိုး အစိုးရဖြစ်လာလည်းပဲ ဒီအစိုးရ နဲ့ ပြည်သူကိုကာကွယ်ရမှာပဲ။ ဒီနေ့ လက်ရှိ Ruling (အာဏာရ)ပါတီ သူကာကွယ်ပေးနေရတာပဲ။ သူရှိနေလို့ အဲဒီ ဝန်ကြီးတွေ အဲဒီကတာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေ အေးအေးချမ်းချမ်းသွားလို့ လာလို့ရနေတာပေါ့။
ဒါကြောင့် သူ့မှာ မည်သူနဲ့ မဟာမိတ်ဖွဲ့တယ်ဆိုတာမျိုးတော့ မရှိပါဘူး။ ကျနော်စောစောကပြောသလိုပါပဲ။ မဲရုံ ဟိုရွှေ့ ဒီရွှေ့လုပ်ခြင်းကြောင့် ဘာမှဖြစ်မှာ မဟုတ်ဘူးလို့။ ပြောခဲ့သလိုပဲ၊ သူ့ကိုယုံကြည်အောင်လုပ်တဲ့ပုဂ္ဂိုလ်၊ သူ့ကို ဒုက္ခပေးမယ် လို့ မြင်တဲ့ပုဂ္ဂိုလ်ကို သူလက်တွဲဖြုတ်ရင်ဖြုတ်မှာပေါ့။ သူရဲ့ တွဲလို့ရမယ် သူထမ်းဆောင်မယ့်တာဝန်တွေကို တည်တည် ငြိမ်ငြိမ် အေးအေးချမ်းချမ်း အောင်အောင်မြင်မြင် ထမ်းဆောင်နိုင်အောင် ဖန်တီးပေးနိုင်လိမ့်မယ်လို့ ယူဆတဲ့ပါတီ သူလက် တွဲမှာတော့ ဒီသဘောထားလေးပဲရှိတယ်။ ကျနော်ဒါလည်းပဲ ဖြေထားဖူးတယ်။ ကျနော်တို့စာချုပ်ချုပ်ထားတာမရှိဘူး။ ဒါပါပဲ။
မေး ။ ။ ၂၀၁၀ ရွေးကောက်ပွဲမှာရော။ ၂၀၁၅ ရွေးကောက်ပွဲမှာရော။ တပ်မတော်အရာရှိအငြိမ်းစားပေါ့နော်။ အသွင် ကူးပြောင်းပြီးတော့ ပါတီကနေ ရွေးကောက်ပွဲဝင်တာ ရှိပါတယ်။ အခု ဒီ ၂၀၂၀ မှာရော သူတို့ပါဦးမှာလား။ ပြီးတော့ အရင်အခေါက်တွေမှာ ဘယ်လိုမူဝါဒမျိုးနဲ့ စိစစ်လက်ခံခဲ့တာလဲ။
ဖြေ ။ ။ အရင်အခေါက်တွေတုန်းက ဘယ်လိုမူဝါဒတွေနဲ့လက်ခံလည်းဆိုတော့ ကျနော်လည်း အဲဒီအချိန်တုန်းက Commander မဟုတ်တော့ ပြောလို့မရဘူးလေ။ ဟိုအရင်လူကြီးတွေ ဘယ်လို စိစစ် လက် ခံသွားလည်း မသိပါ။ သို့သော် ဒီတကြိမ်မှာတော့ အစောဦးပိုင်းက ကျနော်တင်ပြတဲ့အတိုင်းပဲ သူတို့ဟာ တပ်မတော်ကနေ အငြိမ်းစား ယူခဲ့ပြီးပြီ ဆိုရင်တော့ သာမာန်နိုင်ငံသားတယောက် ဖြစ်သွားဖြစ်တဲ့အတွက် သူယုံကြည်ရာ ပါတီကို လက်တွဲ မှာပဲ။
ကျနော့်အနေနဲ့ကတော့ တပ်မတော်အတွေ့အကြံရှိတဲ့သူသာဆို ကျနော်ဝမ်းပန်းတသာလက်ခံမှာပေါ့။ ကျနော့်လိုပဲ ကျန်တဲ့ ပါတီတွေလည်း ကျနော်ခုနကတင် ပြောပြီးပြီလေ။ စစ်သားနဲ့မဆက်နွယ်တဲ့ သို့မဟုတ် စစ်သားဟောင်းတွေမရှိရင် ပြစမ်းပါ။ အဲတော့ ကျနော်တို့ဆီကို ယုံယုံကြည်ကြည်နဲ့ဝင်လာတယ်ဆိုရင်တော့ ဝမ်းမြောက်ဝမ်းသာလက်ခံရမယ်။ ကျနော်နဲ့ ရပ် တည်ချက်တူတဲ့ အမျိုးသားရေး ကိုယ်ခံအားကောင်းတဲ့ အမျိုးသားအကျိုးစီးပွား အပေါ်ရပ်တည်တဲ့သူတွေ ငါ့ဆီရောက် လာတယ် ဒီလိုပဲ ကျနော်က လုပ်ရမယ်လေ။ဒါပေမယ့်စောင့်ကြည့်ပါ။
ဗိုလ်ချုပ်ကြီးဟောင်း ဘာညာဆိုတဲ့ဥစ္စာတွေဟာ အခုက List (စာရင်း) တွေ ပေါ်သင့်သလောက် လည်း ပေါ်နေပြီလေ။ တော်တော်နည်းပါတယ်။ လာသလောက်ကိုတော့ စိစစ်ပြီးတော့ ကျနော်တို့မူနဲ့ကိုက်ရင် လက်ခံ တာပေါ့။
မေး ။ ။ နောက်တခုကတော့ လူမှုကွန်ရက်ကိစ္စပါ။ အန်ကယ်က ရထားဝန်ကြီးလုပ်ခဲ့ဖူးတော့လေ။ အဲဒါကို အကြောင်းပြုပြီး ဘူတာရုံတချို့မပြီးတာ ရထားတွေမလာဘူးပေါ့နော်။ ဒါတွေကိုဝေဖန်ပြောဆိုမှုတွေရှိပါတယ်။ ဆိုတော့ တကယ်ပဲ တာဝန်ထမ်းဆောင်တဲ့အချိန်မှာ မလုပ်နိုင်ခဲ့တာလား။ သက်သက်ပုံဖျက်ခံရတာမျိုးလား။
ဖြေ ။ ။ ပုံဖျက်တယ်လို့ပဲပြောပါရစေ။ ဒါကြောင့်လည်း ဒီနေ့ ကျနော်ပါတီဥက္ကဌအနေနဲ့ ပါတီတာဝန်ရှိ ပုဂ္ဂိုလ်တယောက် အနေနဲ့ ကျနော်ပြောတဲ့စကားက တိုင်းပြည်အတွက် လူမျိုးအတွက် လူထုအတွက် စီးပွားရေး၊ နိုင်ငံရေး၊ လုံခြုံရေး အကုန် လုံး ဘက်ပေါင်းစုံပါ။ အလေးအနက်တခုပြောလိုက်လို့ရှိရင် အဲဒီရဲ့ Impact (သက်ရောက်မှု)ကို မူတည်ပြီးတော့ တန်း ပြီးတော့ သူက ခုနက ပုံသေလုပ်ထားတဲ့ ရထားလမ်းအပျက်ပုံတွေ၊ တချို့ ပုံတွေဆိုလို့ရှိရင် ကျနော် တပ်ရင်းမှူး ဘ၀လောက် ကတည်းက ကလေးမြို့နားမှာရှိတဲ့ ကမ္ဘားနီတံတား၊ အဲဒီတုန်းက ရာသီဥတုဟိုဒင်းကြောင့် ပြတ်ကျသွားတဲ့ပုံ၊ ပတ္တလားလို တွဲလောင်းကြီးဖြစ်နေတဲ့ပုံ ဒါတွေလည်း အခုထိ ပြန်တက်နေတုန်းပဲ။
ဒါတွေဟာ တမင်တကာ အုပ်စုဖွဲ့ ပြီးတော့ တိုက်ခိုက်တာပါပဲ။ ဒါကြောင့်မိုလို့ ဒါနဲ့ပတ်သက်ပြီးတော့ ကျနော့်ရှေ့ တယောက်ကျော်က ရထားဝန်ကြီး ဦးအောင်မင်း၊ တကယ်တော့ ကျနော့်ရှေ့က ရထားဝန်ကြီးက ဦးဇေယျာအောင်ဗျ။ ဦးဇေယျာအောင် မတိုင်ခင်မှာ ဦးအောင်မင်း၊ ဦးအောင်မင်း မတိုင်ခင်မှာ ဦးပန်းအောင်။ ဆိုတော့ အဲဒီပုဂ္ဂိုလ်တွေ ကာလကတည်းက ဆောက်လာခဲ့တဲ့ဥစ္စာတွေမှာ အားလုံးက သခါင်္ရပဲဗျာ။ အကြောင်းအကျိုး မညီညွတ်ရင်လည်း ပျက်တာစီးတာ ရှိမှာပေါ့။
နောက်တခုက ရထားသွားတယ်၊ မသွားဘူးဆိုတဲ့ ဥစ္စာကလည်းပဲ၊ ရထားလမ်းဖောက်တယ် ဆိုတာကလည်းပဲ မြေသား ခိုင်ဖို့တောင် တော်တော်လုပ်ရတာလေ။ ဆိုတဲ့အခါကျတော့ ဒါတွေဟာ ဒီနှစ်ရှည်စီမံကိန်းကြီးတွေဟာ တယောက် လက်ထက်မှာ မပြီးရင် နောက်တယောက်ဆက်ပြီးတော့ တာဝန်ယူကြရတာပဲ။ ကိုယ့်လက်ထက်မှာ ကိုယ်ကိုယ်တိုင်ဆွဲပြီး လုပ်တဲ့ဟာဆိုလို့မရှိခဲ့ဘူး။
ကျနော်သည် ၂ နှစ်မပြည့်တဲ့ ကာလလောက်ပဲ လုပ်ခဲ့ရတယ်။ အဲတော့ဝန်ကြီးဌာနတွေရဲ့ သဘာဝအရ ရှေ့ကလုပ်သွားတဲ့ Plan တွေဟာ နောက်နှစ်၊ ဒါအစိုးအရ တဆက်တည်းမှာပဲကျနော်တို့က ပြောင်းလိုက်တာ။ တပ်မတော်အစိုးရလက်ထက်နဲ့ ဒီမိုကရေစီ အစိုးရ လက်ထက်ပြောင်းတာတောင်မဟုတ်ဘူး။ ကျနော်က ဦးသိန်းစိန်အစိုးရကာလထဲမှာပဲ စွမ်းအင်ဌာန ကနေပြီးတော့ ရထားကိုရောက်တာ။ ကျနော့်ရှေ့ကဝန်ကြီးတွေလုပ်တာ ကျနော်ဆက်လုပ်ရမှာပေါ့။ ဒါတွေဟာ ပြီးခြင်း၊ မပြီးခြင်းကလည်း ရတဲ့ဘတ်ဂျက်အပေါ်မှာပဲ မူတည်တယ်။
ဒါနဲ့ပတ်သက်လို့ ဝန်ကြီးဟောင်း ဦးအောင်မင်း သတင်းဌာနတခုမှာ ရှင်းပြထားတာရှိပါတယ်။ ဒီလုပ်ငန်း သဘော သဘာ ၀တွေ။ ကျနော် အထူးထွေ ဒီအပေါ်မှာ ဘာမှလည်း မခံစားပါဘူး။ ဒီဟာတွေကိုလည်း အလုပ်လုပ်ပြီးတော့ ပြန်မရှင်းနိုင်ဘူး။ ဘာလို့လည်းဆိုတော့ ဒါကိုသူတို့က အလုပ်တခုအနေနဲ့ လုပ်နေတာကို ကျနော်ထိုင်ရှင်းနေရင် ကျနော်တို့ အလုပ် ကျနော်တို့ လုပ်ရမှာ မဟုတ်ဘူး။
မေး ။ ။ သမ္မတကြီး ဦးသိန်းစိန် လက်ထက်မှာ တိုင်းနဲ့ပြည်နယ် အစိုးရတွေရဲ့ ရန်ပုံငွေ ကြွေးကျန်ကိစ္စတွေ ရှိပါတယ်။ ဒီသတင်းတွေ ပြန်တက်လာတော့လည်း ပြောကြတာပေါ့။ အရင်ကြွေးဟောင်းတွေတောင် မဆပ်နိုင်သေးဘူးပေါ့လေ။ အဲဒါက အခု ရွေးကောက်ပွဲအတွက် ပါတီပုံရိပ်ကိုရော ထိခိုက်စေနိုင်လား။ ဘယ်လိုမြင်လဲ။
ဖြေ ။ ။ ကျနော်ကတော့ ပါတီခေါင်းဆောင် အနေနဲ့ ရှင်းရှင်းပြတ်ပြတ်ပဲ။ ရထားကိစ္စနဲ့ ပတ်သက်ရင်လည်း ပြောတဲ့ ကိစ္စ က ကျနော်တို့ တချို့ နေရာတွေမှာ လူထု တွေ့ ဆုံပွဲတွေမှာ ဒါတွေလည်း အွန်လိုင်းမှာ ရှိပါတယ်။ ကျနော်နဲ့ ပတ်သက်လို့ တိတိကျကျ ပြောနိုင် ရင် လာခဲ့ပါ။ အပြန်အလှန် ပြတ်ပြတ်သားသားပဲ လုပ်ကြရအောင်လို့။ ဒီစကားမျိုး၊ ဒီထက် ပြင်းထန်တဲ့ စကား မပြောချင်လို့။
ဒီလိုပါပဲ။ ကျနော်တို့ တာဝန်ယူခဲ့တဲ့ကာလတုန်းက အကြမ်းဖျဉ်းအားဖြင့် တိုင်းပြည်ရဲ့ တိုးတက်မှု၊ ဖွံ့ ဖြိုးမှု၊ ကောင်းတဲ့လမ်း ကြောင်းဘက်ကိုတည်ဆောက်ရေးတွေ အများကြီး လုပ်နိုင်ခဲ့ပါတယ်။ လူတွေအားလုံး စိတ်ကျေနပ်မှု ရှိမလား ဆိုရင်တော့ ဒါတော့ အာမမခံနိုင်ဘူး။ ရောက်သလောက်တော့ မပို့နိုင်ခဲ့တာ အမှန်ပဲ။
ဒီအတိုင်းပဲ အစိုးရ ယန္တရားထဲမှာ ရှိနေတဲ့ သန်းနဲ့ချီတဲ့ လူတွေ အကုန်လုံးကောင်းတယ်လို့ ကျနော်ဘယ်လို အာမခံရမလဲ။ သို့သော် တချိန်တုန်းက လုပ်ခဲ့လို့ ဒီလောက်ဒီလောက် ပေးလျော်ရမယ့် ပမာဏရှိတယ်ဆိုရင် သူ့ဟာသူလျော်လေ။ ဒီလူ တွေ အကုန်လုံး ရှိနေတာပဲ။ ဒီလိုပဲ ကျနော်က စည်းခြားထားတာ ဖြစ်တဲ့အတွက် ဘာမှ ပါတီပုံရိပ်ကို ထိစရာ အ ကြောင်း မရှိဘူးလို့ပဲ မြင်ပါတယ်။ ပါတီကို ဆွဲထည့်တာကတော့ တကယ်ဆိုရင် ကိုယ့်ဘက်ကတောင် ပြန်တရားစွဲရမယ့် ကိစ္စ။
မေး ။ ။ နောက်ပြီးတော့ သမ္မတကြီး ဦးသိန်းစိန် လက်ထက်မှာလည်း မျိုးစောင့် ဥပဒေတွေ ပြဌာန်းနိုင်ခဲ့တာ ရှိတယ်။ ဥက္ကဌကြီးကိုယ်တိုင် ပွဲတခုမှာ ပြောတာ ကျနော်ကြားဖူးပါတယ်။ အမျိုးသားရေး နံရံတံတိုင်းတွေ ပြိုကျကုန်ပြီ ဆိုပြီးတော့ လေ။ အဲဒီတော့ အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရေး အမျိုးသားရေးက အရင် အစိုးရလက်ထက်မှာ ဦးစားပေးဖြစ် ခဲ့တယ်။ ဒါပေမယ့် ဒီဘက်ပိုင်းမှာတော့ လူ့အခွင့်အရေးကို ဦးစားပေးတာပေါ့။ အဲဒီတော့ ပါတီအနေနဲ့ အမျိုးသားရေး ဆိုင်ရာ မူဝါဒတွေ ရှိသေးလား။ ဘယ်နေရာလောက်မှာ ထားလဲ။
ဖြေ ။ ။ အမျိုးဘာသာ သာသနာဆိုတာ ကျနော်တို့ကျမှ ထွင်ပြီးတော့ လုပ်တဲ့အလုပ် မဟုတ်ဘူး။
မြန်မာနိုင်ငံ လွတ် လပ်ရေး ရပြီး တို့ဗမာ အစည်းအရုံးတို့ ဘာတို့ စထောင်ကတည်းက အမျိုးဘာသာ၊ သာသနာ ဆိုတာနဲ့ တိုင်းပြည်ရဲ့ သွေးစည်း ညီညွှတ်မှုကို လုပ်ခဲ့တာလေ။ နောက်တခုကလည်း အမျိုးဘာသာ၊ သာသနာဆိုတာကို လက်မခံဘူး ဆိုရင် တိုင်းပြည် နယ်နမိတ်တွေကို ဖျက်လိုက်ပေါ့။ ဘာဖြစ်လို့ တိုင်းပြည်နယ်နမိတ်တွေ ထားဦးမလဲ။
ကဲနောက်တချက် ကျနော်တို့က အမျိုးဘာသာ သာသနာဆိုတာတွေကို မလိုဘူး။ အားလုံးက လူ့အခွင့်အရေး တန်းတူလို့ပြောရင် ဒီနေ့ တကမ္ဘာလုံး သုံးနေတဲ့ ငွေစက္ကူအပေါ်မှာ တကယ့် ကမ္ဘာ့နံပါတ်တစ် နိုင်ငံကြီးက ထုတ်ထားတဲ့ ငွေစက္ကူ အပေါ်မှာ In God We Trust လို့ ဘာလို့ ရေးထားလဲ။ အဲဒီမှာ ဘာဖြစ်လို့ သွားပြီးတော့ မေးခွန်း မထုတ်ကြတုန်း။ ခင်ဗျားတို့ ဘာဖြစ်လို့ ဘာသာကိစ္စတွေ ပိုက်ဆံပေါ်မှာ ထားထားလဲ။
ဒီမှာကျတော့ ကျနော်တို့က ဒါသည် နိုင်ငံသားတယောက် ဖြစ်လာလို့ ရှိရင် ဒါအလေးထားရမယ်လို့ ပြောလိုက်တဲ့အတွက် ကျနော်တို့ အုပ်စုဟာ ခုနကလိုပေါ့နော်။ ဘာသာရေးအရ အစွန်းရောက်တွေလို့ ပြောချင်တဲ့အတွက် ဒီလိုလုပ်တာ။ ဒါပေမယ့် နိုင်ငံသားတယောက်အနေနဲ့ စဉ်းစားကြည့်လေ။
ကိုယ့်နိုင်ငံသည် လူဦးရေသန်းပေါင်း ၁၄၀၀ နဲ့ ၁၃၀၀ လောက် ရှိတဲ့ ၂ ခုကြားထဲမှာ ညပ်နေတဲ့ သန်းပေါင်း ၅၀ လောက် ရှိတဲ့လူတွေ။ ဒီလူတွေဟာ ကိုယ့်အမျိုးဘာသာ သာသနာမှ အလေးမထားရင် ခဏနေ ပျောက်သွားမှာပေါ့ဗျာ။ အဲဒါက တိုင်းပြည်အတွက် လုပ်တဲ့ကိစ္စပဲ။ ဒါကြောင့် အရေးကြီးတဲ့ ထိပ်ဆုံးနေရာမှာပဲ ရှိပါတယ်လို့ပဲ ပြောပါရစေ။
မေး ။ ။ နောက်တခုက ပါတီရဲ့ ပိုင်ဆိုင်မှုပေါ့လေ။ ပါတီမတိုင်ခင်မှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ ဖြိုးရေး အသင်းကြီးပေါ့လေ။ ပါတီအသွင်ပြောင်းတော့ ပိုင်ဆိုင်မှုတွေကို ဒီဘက်ကို ယူလာခဲ့တယ်။ နိုင်ငံပိုင် အဆောက်အဦတွေလည်း ပါ တယ်လို့ တချို့က ပြောကြတယ်။ ရှင်းရှင်းလင်းလင်းဖြစ်အောင် ဘယ်လိုလွှဲပြောင်းရယူခဲ့လဲ။ ဘယ်လို ဆက်ခံခဲ့လဲဆိုတာ
သိချင်ပါတယ်။
ဖြေ ။ ။ ဒါတွေကလည်း အားလုံး ကျနော်လူတွေလည်း အကြိမ်ကြိမ် ရှင်းထားပြီးပါပြီ။ ရှင်းထားပြီးပြီ ဖြစ်တဲ့အတွက် အ ကုန်လုံးသည် တရားဝင်ပဲ ရှိနေပါတယ်။ တရားဝင် လုပ်ထုံးလုပ်နည်းအတိုင်းပဲ ရှိခဲ့တဲ့ဟာတွေလို့ ပြောချင်ပါတယ်။ ဒီနေရာ မှာ ဒါကလည်း ပြည်ခိုင်ဖြိုးကိုပဲ ဒီမေးခွန်းတွေ မေးနေတာ တွေ့ပါတယ်။ ပိုင်ဆိုင်မှုဆိုတဲ့ ဥစ္စာတွေ၊ နောက်တခါ ငွေကြေး၊ ဝင်ငွေရလမ်း ဆိုတဲ့ ဥစ္စာတွေ ဒီနေရာတွေမှာလည်းပဲ ယခင် အင်တာဗျူးတွေမှာလည်း ကျနော် ဖြေခဲ့ဖူးပါတယ်။
အခုလည်းပဲ မနေ့ကလား မသိဘူး။ ရန်ကုန်မှာ ရှင်းလင်းပွဲတခု လုပ်သွားတာ တွေ့ တယ်။ ဘယ်သူတွေကတော့ ဘယ်လို ဟာတွေနဲ့ ဆက်သွယ်၊ ဆက်ဆံပြီးတော့ ရနေတယ်။ ဒါနဲ့ ပတ်သက်တဲ့ မေးခွန်းတွေတော့ ဘယ်လောက်ရှိလဲ မသိပါ။ ကျနော့်ပါတီနဲ့ ပတ်သက်တဲ့ မေးခွန်းကတော့ အကြိမ်ကြိမ် ဖြေထားပြီး ဖြစ်ပါတယ်။ ဒီနေ့ အကုန်လုံးသည် ဥပဒေနဲ့ အညီ တိတိကျကျ ဆောင်ရွက်ထားတာတွေ ဖြစ်တယ်လို့ ဒီလိုပဲ ပြောပါရစေ။
မေး ။ ။ နောက်ဆုံးပါခင်ဗျ။ ပါတီရဲ့ ဖွဲ့ စည်းပုံကို သိချင်တာပါ။ စီးအီးစီ အဖွဲ့ ဝင် ဘယ်နှစ်လောက်လောက် ရှိလဲ။ သူ့ သတ်မှတ်တာက တချို့ ဆိုလည်း များတယ်ပေါ့။ သတ်မှတ် စီးအီးစီ အပြည့် လုပ်ထားနိုင်လား။ နောက်အသစ်ထပ်ထည့် တာတွေလည်း ကြားပါတယ်။ နောက်တခုက ပါတီ ဗဟိုကော်မတီဝင် ဘယ်နှစ်ယောက်ရှိလဲ။ တိုင်းနဲ့ ပြည်နယ်တွေမှာ ပါတီဝင် အရည်အတွက် ဘယ်လောက်ရှိလဲ။ ရွေးကောက်ပွဲ မတိုင်ခင်မှာ ပါတီဝင်တွေ တိုးလာတာမျိုးရော ရှိလား။
ဖြေ ။ ။ ရှိပါတယ်။ အခု တချို့တွေဟာ ပါတီဝင် အဆိုပြုလွှာ အပ်ချင်လို့ ရာနှင့် ထောင်နှင့်ချီပြီး စုရုံးထားပြီး အသင့်ရှိတယ်။ သို့သော်လည်း ကိုဗစ်ကန့်သတ်ချက်တွေကြောင့် ကျနော်တို့ လုပ်လို့ မရတာ။ ဒီကြားထဲမှာပဲ ကန့်သတ်ဘောင် အတွင်းကနေပဲ ကိုယ်စားလှယ်ပဲ လာပါ။ အဆိုပြုလွှာပေးပါ ဆိုပြီး လုပ်နေရတာတွေလည်း ရှိပါတယ်ဗျ။
ပါတီရဲ့ ဖွဲ့ စည်းပုံမှာတော့ ဗဟိုကော်မတီဝင်က အားလုံး ၂၇၅ ၊ ၇၅။ ၃၅၀။ ၂၇၅ ဆိုတာက တင်းပြည့် ဗဟိုကော်မတီ၊ ၇၅ က အရံဗဟိုကော်မတီဝင်ပေါ့။ ဒါပေမယ့် မပြည့်ပါဘူး။ လိုအပ်ချက်တွေ ရှိပါသေးတယ်။ အလားတူပဲ ဗဟိုအလုပ်မှုဆောင် ကျတော့ လူ ၆၀ ဗျ။ သူ့ရဲ့ ဖွဲ့ စည်းပုံက။ ဒါပေမယ့် မပြည့်ပါဘူး။ လူ ၄၀ ကျော်ပဲ ရှိပါတယ်။ ဒါလည်းပဲ အရည်အချင်း ရှိတဲ့လူတွေ ဒီလိုပဲ တိုးမြင့်ပြီးတော့ တာဝန်ပေးသွားမှာပါ။ အကုန်လုံးလည်း အပြည့်လည်းပဲ ထားဖို့ မလိုဘူးလေ။
မေး ။ ။ အခုလို အချိန်ပေး ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဖြည့်စွက်ပြီးတော့ ပြောချင်တာ ရှိရင် လည်း ပြောပါ။
ဖြေ ။ ။ သီးခြား မရှိပါဘူးခင်ဗျာ။ ကျနော်ကို လာပြီးတော့ အခုလို အချိန်ပေးပြီးတော့ မေးမြန်းပေးတဲ့အတွက် ကျနော်လည်း တချို့ မရှင်းလင်းတဲ့ ရှင်းရှင်းလင်းလင်း သိစေချင်တဲ့ ကိစ္စရပ်လေးတွေ ပြောခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။
You may also like these stories:
“အစိုးရဖွဲ့ဖို့ ယုံယုံကြည်ကြည်နဲ့ကို အလုပ်လုပ်နေပါတယ်”
ကြံ့ခိုင်ရေးပါတီ ရွေးကောက်ပွဲ အောင်နိုင်ရေး သမ္မတဟောင်း ဦးသိန်းစိန် ကူမည်