ယခုနှစ် ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးခွင့်ရှိသူ စာရင်းထုတ်ပြန်ရာမှာ မှားယွင်းမှုတွေ များပြားနေတဲ့အတွက် ပြင်ဆင်မှုတွေ ပိုမိုပြုလုပ်နိုင်ဖို့ မဲစာရင်းကြေညာရက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဩဂုတ် ၁၄ ရက်နေ့ အထိ တိုးမြှင့် ပေးထားရပါတယ်။
ယင်းသို့ မဲစာရင်း မှားယွင်းမှုတွေရှိနေသလို ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲမှာ အစိုးရ စွမ်းဆောင်ရည်အပေါ် အားရ ကျေနပ်မှု မရှိဟုဆိုကာ မဲမပေးရေး(No Vote) ကြွေးကြော်မှုတွေကိုလည်း တွေ့နေရပါတယ်။
လတ်တလောအခြေအနေအရ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ မဲစာရင်းမှားယွင်းမှုတွေ၊ အသက် ၁၈ နှစ်ပြည့်ပြီး မှတ်ပုံတင် မရှိသူတွေ မဲဘယ်လိုပေးရမလဲဆိုတာတွေ၊ ရွေ့ပြောင်းအလုပ်သမားတွေအတွက် ဆောင်ရွက်ချက်တွေ၊ ဖေ့စ်ဘုတ်ပေါ်က စည်းရုံးရေးလုပ်နေတဲ့ အခြေအနေတွေအပေါ် အမြင်သဘောထားနဲ့ လုပ်ဆောင်နေမှုတွေနဲ့ ပတ်သက်ပြီး ဧရာဝတီ သတင်းထောက် ထွန်းထွန်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်ကို ဆက်သွယ် မေးမြန်း ထားပါတယ်။
မေး ။ ။ မဲစာရင်းမှားတဲ့ကိစ္စတွေ များနေတာက ဘာကြောင့်များလဲ။
ဖြေ ။ ။ နာမည်တွေ ထပ်နေတယ် ဆိုတာက ကွန်ပျူတာ စာရင်းသွင်းတာမှာ အမှားအယွင်း ရှိတာလည်း ပါသွားတာ ပေါ့နော်။ နောက်ပြီးတော့ နည်းနည်းလေး ပြန်ပြီးစိစစ်ဖို့ကလည်း အားနည်းသွားတာပေါ့။ အခုကတော့ ကျနော်တို့ အဖွဲ့ တွေ ဖွဲ့ပြီး ပြန်လုပ်နေပါပြီ။ အချိန်လည်းမှီတယ်။ အခုကတော့ တော်တော်ကောင်းတဲ့ သဘော ဖြစ်ပါတယ်။ အချိန်မီ မှားကြောင်းတွေ့တယ်၊ ကောင်းတယ်။ အခုတော့ သေချာကို အဖွဲ့နဲ့ဖွဲ့ပြီး ဆောင်ရွက်နေပါတယ်။
မေး ။ ။ မဲစာရင်းအမှားအယွင်းတွေနဲ့ ပတ်သက်ပြီး ပြန်လည်ပြင်ဆင်ဖို့ လျှောက်တာ ဘယ်လောက်ရှိသလဲ။
ဖြေ ။ ။ ပုံစံ ၃ ကတော့ ၂ သိန်းနီးပါ။ ပုံစံ ၄ ကတော့ ၆ သောင်းကျော်လောက် ရှိတာပေါ့။ ပုံစံ ၄(ဂ) နဲ့ကတော့ ၁၀၄၀၀၀ ကျော်ရှိပါတယ်။ တနိုင်ငံလုံးအတိုင်းအတာပါ။ ကျနော်တို့က အခုဟာက မဲစာရင်းလာကြည့်တာက ၆ သန်းနဲ့ ၆ သိန်းလေ။ တအိမ်ထောင် ၅ ဦးနှုန်းတွက်ရင် တယောက်လာကြည့်ရင် ဥပမာ-တချို့ဆို ၇ ဦး၊ ၈ ဦးရှိမယ်၊ တချို့က ၃ ဦး၊ ၄ ဦးပဲရှိမယ်။ တအိမ်ထောင် ၅ ဦးနဲ့ပဲ တွက်လိုက်တဲ့အခါ ၃၃ သန်းလောက်ကတော့ မဲစာရင်း ကြည့်ပြီး သား ဖြစ်သွား တာပေါ့နော်။
အဲဒီထဲကမှ အမှားအယွင်း ချို့ယွင်းချက်က လာတွေ့တဲ့အခါ ရာခိုင်နှုန်းကတော့ အင်မတန် နည်းတာပေါ့နော်။ ကိန်းဂဏန်း သာများနေတာ ရာခိုင်နှုန်းနဲ့တွက်ကြည့်ရင်တော့ တော်တော်တော့ နည်းပါတယ်။ ကျနော် တို့ကတော့ ဒါတွေ ကို ကြိုတင် သိရတာ ကောင်းတယ်၊ သေသေချာချာလုပ်ဖို့ အချိန်မီတယ်။
မေး ။ ။ အသက် ၁၈ နှစ်ပြည့်ပြီး မှတ်ပုံတင်မရှိသေးတဲ့လူတွေ မဲပေးနိုင်ဖို့ ဘယ်လိုစီစဉ်ထားပါသလဲ။
ဖြေ ။ ။ အခုတော့ လူဝင်မှု ကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အား ဦးစီးဌာနက “သစ္စာစီမံချက်” ချပြီးတော့ အဲဒီလိုတော့ လိုက်ပေးနေပါတယ်။ အဓိကတော့ မဲစာရင်းထဲပါဖို့။ မဲစာရင်းထဲ ပါသွားရင်တော့ မဲပေးပိုင်ခွင့် ရှိသွားပြီ။ တကယ်လို့များ မှတ်ပုံတင်မှာ သူကြိုးစားမယ်။ ကြိုးစားလို့ မရသေးရင်လည်းပဲ မဲစာရင်းထဲမှာ ပါတဲ့သူ အမှန်ဖြစ်ကြောင်း တရားဝင် အစိုးရ က သူ့ဓာတ်ပုံပါတဲ့ အသိအမှတ်ပြုတဲ့ ကျောင်းသားကတ်တွေ ဘာတွေ။ ဒါမျိုးပြလည်း ရတယ်။ တချို့ဆို အရန်မီးသတ် တပ်ဖွဲ့ဝင်တွေ၊ တချို့ဆို မော်တော်ယာဉ်မောင်းလိုင်စင်တွေ၊ ကြက်ခြေနီတွေ၊ ကျောင်းသားကတ်တွေ။ ဒါတွေက တရား ဝင် ဓာတ်ပုံနဲ့ပါနိုင်တဲ့ ဟာပြလည်း ရတယ်။
အဓိကတော့ မှတ်ပုံတင်ကတော့ သူက ဒီလူဟာ မဲစာရင်းထဲမှာ ပါဝင်တဲ့သူ ဟုတ်သလား၊ မဟုတ်သလား။ မောင်ဖြူလား၊ မောင်နီလား၊ ဟုတ်သလား၊ မဟုတ်သလား။ သူက သိအောင်လုပ်တာ။ တကယ်လို့ အဲဒီလို ကတ်တခုခု မရှိရင်လည်းပဲ သူနေထိုင်တဲ့ ရပ်ကွက်က ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့၊ ကော်မရှင်အဖွဲ့ဝင်တွေက ဒီလူကတော့ ဟုတ်ပါတယ်။ အမှန်ပါပဲ။ မဲစာရင်းထဲပါတဲ့သူပါ။ ဒီလူမှန် ပါတယ်လို့ ထောက်ခံရင်လည်း ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးပါဘူး။
ဒါတွေက အရင်လည်း ကျင့်သုံးတာပေါ့။ သို့သော်လည်း မှတ်ပုံတင်ရအောင်တော့ ကြိုးစားရမှာပေါ့။ တကယ်လို့များ မှတ်ပုံတင်ကို အကြောင်းကြောင်းကြောင့် မရှိလိုက်လို့၊ ပျောက်သွားလို့ ဆိုရင်လည်းပဲ ကတ်တွေနဲ့ ရတယ်ဆိုတဲ့ အကြောင်းပေါ့။ အဓိကတော့ မဲစာရင်းထဲ ပါဝင်ရင် ရတယ်။ မဲစာရင်းသွားကြည့်ကြပါ။ မဲစာရင်းထဲ ပါဝင် အောင်လုပ်ပါ။ ဆိုပြီး အခု ကြေညာနေတာပေါ့။ မဲစာရင်းထဲ ပါသွားပြီးတော့ဖြင့် မဲစာရင်းထဲပါတဲ့သူဟာ ဒီလူ ဟုတ်၊ မဟုတ်ဆိုတာ အထောက်အထား တရပ်အနေနဲ့ မှတ်ပုံတင်တွေက လိုအပ်လာတယ်။ ဒီသဘောပါ။
အခုနှစ် ၁၈ နှစ်ပြည့်လို့ ပထမဆုံးမဲပေးသူတွေ စာရင်းက ၅ သန်းခန့်ရှိမယ်လို့ မှန်းထားတာပေါ့။ အတိအကျကတော့ မဲစာရင်းတွေ နောက်ဆုံးစိစစ်ပြီးရင်တော့ သိရမှာပါခင်ဗျ။ အခုက တိုင်းဒေသကြီး/ပြည်နယ်အလိုက် လုပ်နေတာတွေကို ကျနော်တို့က မစုစည်းရသေးဘူး။
မေး ။ ။ စစ်ဘေးရှောင်စခန်းတွေမှာ ရောက်နေတဲ့သူတွေ မဲပေးနိုင်ဖို့ ဘယ်လိုစီစဉ်မလဲ။
ဖြေ ။ ။ ကျနော်တို့ဘက်ကတော့ မဲပေးခွင့်မဆုံးရှုံးစေရေး စီမံချက်တွေချပြီး ဆောင်ရွက်နေပါတယ်။ အခုကတော့ ၃ လကျော်ကျော်လည်း လိုသေးတဲ့အတွက် အခြေအနေ အပြောင်းအလဲပေါ်လည်း မူတည်နေပါသေးတယ်။ ကျနော်တို့ ကတော့ ရအောင်ကြိုးစားနေပါတယ်။ တိုက်ပွဲရှောင်စခန်းတွေရဲ့ အခြေအနေကြည့်ပြီးတော့ ဘယ်လိုမဲ ပေးနိုင်မလဲ၊ အဲဒီနေရာမှာပဲ မဲပေးနိုင်မလားဆိုတာတွေကို ကြည့်ပြီးတော့ မဲပေးခွင့်မဆုံးရှုံးစေရအောင် လုပ်နေပါတယ်။
မေး ။ ။ ပြည်တွင်းရွှေ့ပြောင်း အလုပ်သမားတွေ မဲပေးဖို့၊ အထူးသဖြင့် ပြည်ပက ပြန်ဝင်လာသူတွေအတွက် ရော ဘယ်လိုစီစဉ်ထားသလဲ။
ဖြေ ။ ။ ရွှေ့ပြောင်းလုပ်သားတွေဆိုတာ တချို့ကျတော့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းရင်းသားတွေ ပေါင်း စုံနေထိုင်တဲ့ နိုင်ငံတော်ကြီးဖြစ်တယ်။ တိုင်းရင်းသားတွေက ဘယ်နေရာမဆို ဥပဒေနဲ့အညီ သွားရောက်ပြီး နေထိုင်လို့ ရတယ်လေ။ ဒါကြောင့်မလို့ တချို့က ရွှေ့ပြောင်းလုပ်သားဆိုပေမယ့် တနေရာမှာ အသက်မွေးဝမ်းကြောင်း ပြုရင် အဲဒီမှာပဲ လုပ်ငန်းတွေလုပ်နေရတာကိုး။ အဲဒီလို မိသားစုလိုက်လုပ်နေကြတဲ့ မိသားစုတွေ အများကြီးရှိတယ်။ အိမ်တဆောင်နဲ့ ရွှေ့ပြောင်းပြီးတော့ပေါ့။ အဲဒီတော့ နေတဲ့မဲစာရင်းမှာ ပါသွားတာပေါ့။
တချို့ကျတော့လည်း မိသားစုလိုက် မဟုတ်ဘဲနဲ့ တယောက်ချင်းသွားပြီးလုပ်နေကြတယ်။ မိသားစုကတော့ မူရင်း မဲစာရင်း မှာရှိတယ်။ တဦးတည်း သွားလုပ်နေတဲ့သူကတော့ သူရောက်နေတဲ့နေရာမှာ ရက်ပေါင်း ၉၀ ရောက်ရှိနေပြီလို့ သူ့ရဲ့ ကု မ္ပဏီက ထောက်ခံရင်၊ သူကိုယ်တိုင်က ဝန်ခံချက်ပေးလို့ သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူးက ထောက်ခံရင်၊ မူရင်း ဒေသက အလှမ်းဝေးလို့ ပြန်ရတာခက်တယ်ဆိုရင် အဲဒီအခါမှာ အဲဒီနေရာမှာပဲ မဲပေးချင်ပေးရတာပေါ့။
ပုံစံ ၃-က နဲ့ လျှောက်ရမှာပေါ့။ လျှောက်ရင်တော့ အမှန်တကယ်သူက ရက်ပေါင်း ၉၀ ကျော် ရောက်နေတာ ဟုတ်၊ မဟုတ် ရွေး ကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတွေက သေသေချာချာ စိစစ်ရမှာပေါ့နော်။ စစ်ပြီးမှ မဲစာရင်းမှာထည့် ပြီးတော့ မူလ မဲစာ ရင်းမှာ ပြန်ဖျက်ရမှာပေါ့။ အဲဒီလို မဲပေးလို့ရပါတယ်။ မဲပေးခွင့်မဆုံးရှုံးပါဘူး။
ပြည်ပက ပြန်လာတဲ့သူတွေအတွက်ကျတော့ မဲစာရင်းမှာပါအောင်လို့ သေသေချာချာ စိစစ်နေပါတယ်။ အခုကတော့ ပြန်ဝင်လာတာ မကုန်သေးဘူး၊ ဝင်လာကြတုန်းပဲ။ အဲဒီတော့ သူတို့ရောက်တဲ့နေရာမှာ မဲစာရင်းပါနိုင်ရေးကို အထူး အလေးထားပြီး လုပ်နေပါတယ်။
မေး ။ ။ COVID-19 ကာလမှာ မဲပေးဖို့ အချိန်မလုံလောက်တာတွေ ဖြစ်လာရင် ဘယ်လိုကိုင်တွယ်ဆောင်ရွက်ဖို့ စီစဉ်ထားပါသလဲ။
ဖြေ ။ ။ အခုကျနော်တို့ ကျန်းမာရေးစံသတ်မှတ်ချက်တွေ ကျန်းမာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းညှိနှိုင်းပြီး လုပ်နေပါ တယ်။ မဲရုံတွေမှာ မဲဆန္ဒရှင် ဘယ်လောက်ထားမလဲ၊ အဆိုင်းတွေ ဘယ်လိုထားမလဲ။ အဲဒါတွေကို မကြာခင် မဲဆန္ဒရှင် တွေကို အသိပေးမှာပါ။ အခု ကျန်းမာရေးဝန်ကြီးဌာနဆီက အကြံဉာဏ်တွေ အကုန်ရယူပြီးပြီ။ အခုလုပ်ငန်း လမ်းညွှန် တွေကို စိစစ်ပြီး ရေးဆွဲနေပါတယ်။ အချိန်မီမှာပါ၊ မကြာမီထုတ်ပြန်မှာပါ။ မဲဆန္ဒရှင်တွေအနေနဲ့ စိတ်ချမ်းချမ်းသာသာနဲ့ ကျန်းမာရေးအတွက် ဘာမှစိုးရိမ်မှု မရှိရအောင် သေသေချာချာ လုပ်နေပါတယ်။ စိုးရမ်ကြောင့်ကြမှုမရှိဘဲနဲ့ လာမဲပေးကြပါ၊ သေသေချာချာ လုပ်ထားပါတယ် ဆိုတာကို ကြိုအသိပေးမှာပါ။
မေး ။ ။ No Vote(မဲမပေးရေး) လှုပ်ရှားမှုအသံတွေလည်း ကြားနေရပါတယ်၊ ဒီအပေါ်မှာ ကော်မရှင်အနေနဲ့ ဘယ်လိုသဘောထားပါသလဲ။
ဖြေ ။ ။ ရွေးကောက်ပွဲတခုဟာ ဆန္ဒမဲပေးပိုင်ခွင့်ရှိတဲ့ သူတွေ၊ ရွေးကောက်တင်မြောက်ခံပိုင်ခွင့် ရှိတဲ့သူတွေရှိတယ်။ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတယောက်က ဆန္ဒမဲ ပေးလို့လည်းရတယ်၊ မပေးဘဲလည်း နေနိုင်တယ်။ ဒါကတော့ လူဦးချင်းအတွက် ပေးထားတဲ့ အခွင့်အရေးပဲ ဖြစ်ပါတယ်။ မိမိမှာရှိတဲ့အခွင့်အရေးကို တခြားသူတွေကိုလည်း ဆန္ဒမဲ မပေးပါနဲ့လို့ ပြောဆို ပိုင်ခွင့် မရှိဘူး။ အဲဒီလိုပဲ တခြားသူတယောက် ရွေးကောက်တင်မြောက်ခံခြင်း မလုပ်နဲ့လို့ ဆိုပြီး အခွင့်အရေးတွေကို သွားရောက်နှောက်ယှက်လို့မရဘူး။
အဲဒါကို လွှတ်တော်ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပြဌာန်းချက်တွေမှာ ပုဒ်မ ၅၇ ၊ ပုဒ်မ ၅၈(ခ)၊ ပုဒ်မ ၅၈(ဃ)၊ ပုဒ်မ ၆၀၊ ပုဒ်မ ၆၁(ခ)၊ ပုဒ်မ ၆၁(ဂ) ပြဌာန်းချက်တွေရှိပါတယ်။ မဲပေးခြင်း၊မပေးခြင်းက တဦးချင်း အခွင့်အရေးဖြစ်ပေမယ့် တခြားသူကို မဲမပေးဖို့ လှုံ့ဆော်ရင်တော့ အထက်ပါပုဒ်မတွေနဲ့ ငြိစွန်းပါတယ်။
ဒီပုဒ်မတွေက ရဲအရေးပိုင်တဲ့ ပုဒ်မတွေဖြစ်ပါတယ်။ ဒါက ရွေးကောက်ပွဲမတိုင်မီမှာလည်း အရေးယူလို့ရတယ်၊ ရွေး ကောက်ပွဲနေ့မှာလည်း အရေးယူလို့ရတယ်၊ ရွေးကောက်ပွဲအပြီး ၁၅ ရက်အတွင်းမှာလည်း အရေးယူပိုင်ခွင့်ရှိပါတယ်။ ရဲအရေးယူပိုင်ခွင့်ရှိတဲ့အတွက်ကြောင့် ရဲစခန်းကို တိုင်ချက်ဖွင့်နိုင်ပါတယ်။
မေး ။ ။ No Vote လှုပ်ရှားမှုက ရွေးကောက်ပွဲရလဒ်ကို ထိခိုက်နိုင်မလား။
ဖြေ ။ ။ မဲမပေးပါနဲ့၊ မဲမပေးပါနဲ့ဆိုပြီး လုပ်တဲ့အခါကျတော့ ရွေးကောက်ပွဲကို အသင့်အတင့်တော့ သွားပြီး သက် ရောက်မှု ရှိနေတာပေါ့။ မဲဆန္ဒရှင်တွေကို သက်ရောက်မှုရှိတာပေါ့။
မေး ။ ။ နောက်တခုက တပ်မဲရုံကိစ္စပါ။ တပ်မတော်ဘက်က တချို့နေရာတွေမှာ တပ်မဲရုံကို အပြင်ဘက်ထားဖို့ မရှိဘူးလို့ ပြောထားတော့ ဘယ်လိုအခြေအနေရှိပါသလဲ။ တပ်မဲဆန္ဒရှင်စာရင်းကော ရပြီးပြီးလား။
ဖြေ ။ ။ တချို့နေရာတွေကျတော့ တပ်က ဝေးတယ်လေ။ အဲဒီလို နေရာတွေကျတော့ ရှိနိုင်တာပေါ့။ အခုတော့ တပ်မဲရုံ ၆၀၀ ကျော်စာရင်း ရှိထားပြီး ပြန်ပြီးတော့ စိစစ်တာတွေလည်း လုပ်နေပါတယ်။ ဘယ်မဲရုံမှာ မဲဆန္ဒရှင် ဘယ်နှစ် ယောက် ထားမယ် ဆိုတာတွေ ပြန်ပြီးတော့ စိစစ်နေတာပေါ့။ တပ်မတော်ရဲ့ မဲဆန္ဒရှင် စာရင်းတွေလည်း ရထားပြီးပါပြီ။ မဲစာရင်းသွင်းတာတွေ၊ ဖြည့်တာတွေ လုပ်နေပါတယ်။ အရေအတွက်ကိုတော့ ကျနော်တို့က သီးသန့် ပြောလို့မရပါဘူး။
မေး ။ ။ နောက်တချက်ကတော့ ရွေးကောက်ပွဲစောင့်ကြည့် လေ့လာမယ့်အဖွဲ့တွေကို ခွင့်ပြုချက်ပေးတဲ့ကိစ္စ နှောင့်နှေး တာတွေ ရှိနေတာ ဘာကြောင့်များပါလဲ။
ဖြေ ။ ။ ဒါတွေကတော့ သတ်မှတ်ထားတဲ့အတိုင်းပဲ စိစစ်နေပါတယ်၊ လိုအပ်ချက်တွေလည်း ပြန်တောင်းနေရလို့ ဖြစ်နေတာပေါ့။
မေး ။ ။ Facebook ကနေ စည်းရုံးမဲဆွယ်တာတွေနဲ့ ပတ်သက်လို့ရော ကော်မရှင်က ဘယ်လိုကိုင်တွယ် ဆောင်ရွက်ဖို့ ရှိပါသလဲ။
ဖြေ ။ ။ အခုက လျှောက်ထားသူတွေက ကိုယ်စားလှယ်လောင်း မဖြစ်သေးတဲ့အတွက် ကိုယ်စားလှယ်လောင်း လို့တော့ သုံးလို့မရသေးဘူး။ ကိုယ်စားလှယ်လောင်းလို့ ပြောပြီး မဲဆွယ်လို့ မရသေးဘူးပေါ့။ ကော်မရှင်က အတည် မပြုရသေးဘဲ။ မဲဆွယ်တဲ့နေရာမှာလည်း ဘယ်လိုလုပ်ရမယ်ဆိုတာတွေ ကျနော်တို့ လုပ်မှာပါ။
ကိုဗစ်ကာလနဲ့လည်း ဆိုတော့ ကျနော်တို့ စင်္ကာပူတို့၊ တောင်ကိုရီးယားတို့အတွေ့အကြုံတွေအပေါ် မူတည်ပြီးတော့ ကျနော်တို့ Guideline ထုတ်မှာပါ၊ အခုနက ပြောတဲ့ မဲဆန္ဒရှင်တွေ လိုက်နာရမယ့်အချက်တွေ၊ ကိုယ်စားလှယ်လောင်းတွေ မဲဆွယ် စည်းရုံးတဲ့ အခါမှာ လိုက်နာရမယ့် ကျန်းမာရေးဆိုင်ရာ စံပြုချက်တွေ၊ ဘယ်လိုလုပ်မလဲဆိုတာနဲ့ တပြိုင်တည်း လုပ်နေပါတယ်။
Facebook မှာလုပ်တာတွေကတော့ သူ့စည်းမျဉ်းစည်းကမ်းအတိုင်းပဲ သွားမယ်။ Facebook ကိုတော့ ကျနော်တို့က သွားပြီး ထိန်းချုပ်လို့မရဘူး။ သတင်းမှားတွေ၊ အချက်အလက်မှားတွေနဲ့ လုပ်တဲ့ဟာတွေကျတော့ Facebook ရဲ့ စည်းမျဉ်း တွေနဲ့ပဲ ဆိုင်သွားတာပေါ့နော်။ ဥပဒေမှာရှိပြီးသား ပြဌာန်းပြီးသား၊ ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစား မလုပ် ရဘူး။ ရွေးကောက်ပွဲကို ပျက်ပြားအောင်မလုပ်ရဘူး။ ဒါတွေက ရှိပြီးသားတွေကိုတော့ သူတို့လိုက်နာကြရမှာပေါ့။ Facebook မှာတော့ မဲဆွယ်စည်းရုံးတာတွေကတော့ များလာမှာပေါ့။
မေး ။ ။ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဘာများဖြည့်စွက်ပြောချင်ပါသေးလဲ ခင်ဗျာ။
ဖြေ ။ ။ မဲဆန္ဒရှင်တွေအနေနဲ့ စိတ်အေးချမ်းသာစွာ၊ ပျော်ရွှင်စွာနဲ့ ကျန်းမာရေးကို စိုးရိမ်ရမှုမရှိအောင် ကျနော်တို့က ကြိုတင်ပြင်ဆင်ထားပါတယ်။ လာပြီးတော့လည်း မဲပေးကြပါ။
ဆက်စပ်လင့်-
တိုင်းရင်းသားအမတ်များ ရွေးကောက်ပွဲ အသုံးစရိတ် ကျပ်သိန်း ၁၅၀ တိုးမြှင့်ထား
၂၀၂၀ ရွေးကောက်ပွဲ မဲပေးခွင့်ရှိသူ ၃၇ သန်းကျော်ရှိ UEC ပြော
No Vote လှုံ့ဆော်မှု ပုဒ်မ ၆ ခုနှင့် ငြိစွန်းဟု UEC ပြော
ပြည်သူများ မဲပေးကြရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
ရွေးကောက်ပွဲ လေ့လာသူများ ဆောင်ရွက်ရန် အရေးပါသော အချက် ၃ ချက် ချန်လှပ်ခံရဟုဆို