နိုဝင်ဘာလတွင် ကျင်းပမည့်၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအတွက် ရှမ်းပြည်နယ်ရဲ့အရှေ့မြောက်ဒေသ ကိုးကန့် ကိုယ် ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွင်းမှာလည်း ပြိုင်ဆိုင်ကြဖို့ နိုင်ငံရေး ပါတီတွေက ပြင်ဆင်နေကြပါပြီ။
ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသထဲမှာ ယှဉ်ပြိုင်ရမယ့် ကိုယ်စားလှယ်လောင်းနေရာ ၇ နေရာရှိပြီး ကိုးကန့်မှာ ပြည် ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၊ ညီညွတ်သော ဒီမိုကရက်တစ်ပါတီနဲ့ ရှမ်းပြည်ကိုးကန့် ဒီမိုကရက်တစ်ပါတီ တို့က ယှဉ်ပြိုင်ကြမှာပါ။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဘက်က ဝင်ရောက် ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေကတော့ ကိုးကန့် ဒေသဦးစီးအဖွဲ့ရဲ့ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေ ပါဝင်ပါတယ်။ USDP ဟာ ကိုးကန့်ဒေသမှာ၂၀၁၀ နဲ့ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ ၂ ကြိမ်လုံးမှာ အနိုင်ရရှိထားပါတယ်။
ရှမ်းပြည် ကိုးကန့် ဒီမိုကရက်တစ်ပါတီ (SSKDP) ကတော့ ဒေသခံ ကိုးကန့်လူမျိုး နိုင်ငံရေးသမားတွေ ဦးဆောင် ဖွဲ့စည်း ထားပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေး ကို အဓိကထား ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေပါတယ်။
လာမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ပြင်ဆင်နေမှုများ၊ ကိုးကန့်ဒေသရဲ့ အခြေအနေများနဲ့ ပတ်သက်ပြီး
ဧရာဝတီ အကြီးတန်း သတင်းထောက် နန်းလွင်နှင်းပွင့်က SSKDP ဥက္ကဋ္ဌ ဦးအန်တိုနီစူကို တွေ့ဆုံမေးမြန်းထားပါတယ်။
မေး။ ။ ရွေးကောက်ပွဲအတွက် ဘယ်နေရာ ဝင်ပြိုင်မလဲ။ ဘာတွေ ပြင်ဆင်ထားပြီလဲ။
ဖြေ။ ။ ရွေးကောက်ပွဲအတွက် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှာ ၇ နေရာ ရှိတယ်။ ပြည်သူ့ လွှတ်တော်၂ နေရာ၊ ပြည်နယ် လွှတ်တော် ၄ နေရာ၊ အမျိုးသား လွှတ်တော် ၁ နေရာ ဆိုတော့ ၇ နေရာပေါ့။ ၇ နေရာမှာ ကျနော်တို့ ဝင်ပြိုင် မယ်။ ပါတီကတော့ ဒီမှာ ၂ ခု ရှိတာပေါ့။ ကြံ့ခိုင်ရေးပါတီရယ်၊ ကျနော်တို့ရယ်ပေါ့။ ပါတီ ၂ ခုပဲ ယှဉ်ပြိုင်မှာပါ။ သူတို့ဘက် ကလည်း ၇ ယောက်၊ ကျနော်တို့ဘက်ကလည်း ၇ ယောက်ပါ။ လာမယ့် ရွေးကောက်ပွဲ အတွက်ပါ။
ကိုယ်စားလှယ်လောင်းလည်း ကျနော်တို့ ရွေးပြီးပြီ။ ပုံစံ ၆ လည်း ထည့်ပြီး ကျနော်တို့ ပေးပြီးပါပြီ။ အမျိုးသမီး ကိုယ်စား လှယ်တော့ မရှိဘူး။ အမျိုးသားတောင် နိုင်ငံရေး နိုးကြားမှုက သိပ်မရှိဘူး။ အမျိုးသမီးတွေကို အားပေးတယ်။ ဒါပေမယ့် သူတို့ မလာဘူး။ အမျိုးသားတွေတောင် သိပ်သဘော မပေါက်တော့ ခွင့်လွှတ်ရတယ်။ သူတို့က တောင်ယာလုပ်မယ်။ စီးပွားရှာမယ်ဆိုတော့ နိုင်ငံရေးကို သူတို့က နားလည်း မလည်ဘူး။ လာဖို့ အချိန်လည်း မရှိကြဘူး။ အဲဒီလို အခြေအနေမှာ ကျနော်တို့က လုံးပမ်းရပါတယ်။ အမျိုးသမီး နိုင်ငံရေး လုပ်တဲ့သူကတော့ ကိုးကန့်မှာ မရှိပါဘူး။
မေး။ ။ USDP လို ပါတီကြီးနဲ့ ယှဉ်ပြိုင်ရမှာဆိုတော့ စိန်ခေါ်မှုတွေရော ရှိပါသလား။
ဖြေ။ ။ ကျနော်တို့က ရွေးကောက်ပွဲ ဝင်တယ်ဆိုတာ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲရဲ့ တာဝန်အရ ကျနော်တို့ဝင် တာ။ နိုင်ဖို့ ကျနော်တို့ ဝင်တာ မဟုတ်ဘူး။ ၅ နှစ်တခါ အဆင့်ကို ကျော်ရမယ်ဆိုတဲ့ ခံယူချက်နဲ့ ဝင်ခြင်း ဖြစ်ပါတယ်။ နိုင်တာ ရှုံးတာက မှန်တဲ့အတိုင်းပါ။ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ရင် ကျနော်တို့ ကျေနပ်ပြီ။ ကြိုတင်မဲတို့ မဲခိုးတာ တို့ မခိုးကြနဲ့။ မှန်တဲ့အတိုင်း ဖြစ်ရင် ရှုံးတဲ့လူလည်း ကျေနပ်တယ်။ နိုင်တဲ့ လူလည်း မျက်နှာရှိတယ်။
ကျနော်တို့ ဖြစ်စေချင်တာ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်လာရင် ကျနော်တို့ ကျေနပ်ပြီ။ ကျနော်တို့နိုင်မှ မဟုတ်ဘူး။ အဲဒီ ရွေးကောက်ပွဲက မျှမျှတတ ဖြစ်ရင် မဲခိုးတာလည်း မရှိဘူး။ အခု ကျနော်တို့ ကန့်ကွက်ထားတာ ကြိုတင်မဲ မလုပ်ပါနဲ့လို့။ ကြိုတင်မဲဆိုတာ မဲခိုးချင်တဲ့ လူအတွက် လမ်းခင်းတာပဲဗျ။
မဲထည့်တဲ့နေ့ မအားဘူးဆိုရင် ဘယ်နေရာမှာ တာဝန်ကျသလဲ။ လူဘယ်လောက်ရှိလဲ မှန်မှန်ကန်ကန် လုပ်ထားရမယ်။ မှန်မှန်ကန်ကန် လုပ်ပြီး မဲထည့်မယ့်နေ့ လာလို့ မဖြစ်ဘူး။ မအားဘူးဆိုမှ ကြိုတင်မဲ ပေးတယ်ပေါ့။ တချို့ ကြိုတင်မဲကို သွားရိုက်တာ ကျနော်တို့ ကြည့်တာပဲ။ ကျနော်တို့ ခံရတယ်။ ၂၀၁၅ တုန်းက ကျနော်တို့ ၄ နေရာ နိုင်နေတယ်။ အကုန် ပြန်ရှုံးသွားတယ် ကြိုတင်မဲကြောင့်။ ကွမ်းလုံမှာလည်း ဒီလိုပဲ။ တောင်ပေါ်ကနေ မဲ ၁၅၀၀၀ လောက် လာတယ် ကြိုတင်မဲ။ ဒီမိုကရေစီလမ်းလိုက်တဲ့ ပါတီကတော့ ရှုံးတာပေါ့ဗျာ။
လားရှိုးမှာ ဒေါက်တာ စိုင်းမောက်ခမ်း ကြည့်ပါလား။ ဒီပုံစံပဲ တက်လာတာလေ။ နောက် ရွေးကောက်ပွဲမှာ ပြဿနာ ဖြစ် တော့ သူကိုယ်တိုင် ဝန်ခံတာပဲ ကြိုတင်မဲကြောင့်ဆိုတာ။ ဒီနိုင်ငံမှာ ကြိုတင်မဲ မမှန်မကန် လုပ်တာကတော့ သိက္ခာကျ တယ်ဗျာ။ နိုင်ငံကြီးတွေ အနောက်နိုင်ငံတွေက စိုက်ကြည့်နေပါတယ်။ ဒီလို ကိုယ်ပဲနိုင်ဖို့၊ မရှုံးရဲဘူး ဆိုတဲ့ နိုင်ငံရေး ပါတီ တွေက ရှိပါတယ်။ ငါတော့ အရှုံးမခံဘူး။ မရှုံးရဲဘူး ဆိုတဲ့ စိတ်ရှိတယ်။
တကယ်ဆို အောက်ဗမာပြည်က ပါတီကြီးက အစ်ကိုကြီးပါ။ တိုင်းရင်းသားပါတီက ငယ်ငယ်လေး၊ ဗမာ တိုင်းရင်းသားက ပြည်ထောင်စုရဲ့ လူဦးရေ ၆၅ ရာခိုင်နှုန်းလောက် ရှိတယ်။ ဗမာပဲ ဦးဆောင်ရတယ်။ အစ်ကိုကြီးနေရာ ပေးထားပြီးပြီ။ ဒါပေမယ့် မျှမျှတတ လုပ်ပေးပါ။ ကိုးကန့်တွေသည် ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဆိုပေမယ့် ကိတ်မုန့် သေးသေး လေးကို ဘာလို့ လာပြီး လုစားလဲ။ ဒေါ်အောင်ဆန်းစုကြည်ဆိုရင် မလာဘူးနော်။ ဘယ်ပါတီမှ မလာဘူး။ ကြံ့ခိုင်ရေးပါတီပဲ လာတယ်။
မေး။ ။ ကြိုတင်မဲကိစ္စက အခုရော ကန့်ကွက်ပါသလား။
ဖြေ။ ။ ဟိုးအရင်က ဦးတင်အေး လက်ထက်ကလည်း တင်ပြတယ်။ ကြိုတင်မဲ မလုပ်ပါနဲ့လို့။ အခုလည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကိုလည်း ကျနော်တို့ ထပ်တင်ပြမယ်။ လုပ် မလုပ်ကတော့ သူတို့ဘက်ကပေါ့။ မြင်တဲ့အတိုင်း တင်ပြဖို့ကတော့ ကျနော်တို့ တာဝန်ပါ။ ရှင်းရှင်းပြောတာ ကျနော်တို့ ကိုးကန့်ဆို မြို့နယ်၂ ခုပဲ ရှိတယ်။ တနိုင်ငံလုံးမှာက မြို့နယ်ပေါင်း ၃၀၀ ကျော် ရှိတယ်။
၂၀၀၈ အခြေခံ ဥပဒေကလည်း ပြင်မရဘူး။ ပြန်ပြင်မရေးဘဲ ဒီအတိုင်း သွားမယ်ဆိုရင် ပြည်ထောင်စုက ပြိုကွဲပြီ။ သူများ ကျွန်ဖြစ်ပြီ။ ၂၀၀၈ အခြေခံ ဥပဒေက ဒီမိုကရေစီမဟုတ်ဘူး။ လူတစု အကျိုးစီးပွားကို ကာကွယ်ထားတဲ့ အခြေခံ ဥပဒေပါ။ ကျနော်တို့ တိုင်းရင်းသားလည်း လက်မခံဘူး။ ဖွဲ့စည်းပုံဆိုတာ အကုန်လုံး အကာအကွယ် ရှိရမယ်။ သူတောင်းစားတောင် အကာအကွယ် ရရမယ်။ အခုက လူတန်းစား၊ လူအဖွဲ့တစုကို အကာကွယ်ပေးတာ ဆိုတော့ ကျနော်တို့ စဉ်းစားလို့ မရဘူး။
ကျနော် သတင်းတခုတော့ ကြားတယ်။ ၂၀၁၅ လို မဟုတ်ဘဲ တပ်က အပြင်မှာပဲ မဲလာထည့်မယ် ဆိုတော့ မဆိုးဘူးပေါ့။ အမှန်ဆိုရင် တပ်မတော်သားတွေလည်း လွတ်လွတ်လပ်လပ် မဲထည့်ပါ။ အဲဒါမှ ကျနော်တို့ တကယ်လေးစားတဲ့ တပ်မ တော် ဖြစ်လာမှာ။ ဘယ်သူပဲ နိုင်နိုင် ၅ နှစ်ပဲလေဗျာ။ သူ အရည်အချင်းရှိရင် သူ တက် အုပ်ချုပ်ပါစေ။ မကြောက်နဲ့။
ကျနော်လည်း တပ်မတော်သားဟောင်း တယောက်ပါ။ ကျနော့်နံပါတ် ကိုယ်ပိုင်နံပါတ် ၉၄၉၈ ပါ။ တပ်မတော်သား တယောက် ဖြစ်တဲ့အတွက် ကျနော်က တပ်မတော်ကို တကယ့် စပယ်ရှယ် တပ်မတော် ဖြစ်စေချင်တယ်။ နေရာတကာမှာ တပ်မတော်ကို ပန်းတပွင့်ပဲ ဖြစ်စေချင်တယ်။ တပ်မတော်ကို အဆင့်ဆင့် စပယ်ရှယ်ဖြစ်အောင် ယူနီဖောင်းက အစ ရိက္ခာ က အစ ဖြစ်စေချင်တယ်။ တပ်မတော်သားတွေက တိုက်ပွဲမှာဆို အသက်လည်း ဆုံးရှုံးရတယ်။ နောက်မှာလည်း မိသားစု က ငတ်နေတယ်ဆိုတော့ အဲဒီလို မဖြစ်စေချင်ဘူး။ ဘယ်ဝန်ထမ်းဖြစ်ဖြစ် သူ့နေရာနဲ့သူ ထိုက်တန်သလောက် လုပ်ပေး ရမယ်။
မေး။ ။ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲက လွတ်လပ်ပြီး မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာမယ်လို့ ယုံကြည်လား။
ဖြေ။ ။ ကျနော်တို့က ထင်တယ်။ ပြီးခဲ့တဲ့ ကိစ္စ ပြီးသွားပြီ။ သင်ခန်းစာ ယူတယ်။ ကျနော်တို့ မှားတယ်ဆိုရင် ပြန်ပြင်ရ မယ်။ လူထုကို လိမ်လို့ မရပါဘူး။ ညာလို့ မရဘူး။ လာမယ့် ရွေးကောက်ပွဲကတော့၂၀၁၅ ထက် ကောင်းမယ်လို့ ကျနော် ထင်ပါတယ်။ တဖက်က ကြံ့ခိုင်ရေး ဥက္ကဋ္ဌကြီးတွေလည်း ဒီလိုပဲ စဉ်းစားမယ် ထင်ပါတယ်။
မေး။ ။ ကိုးကန့် အနေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဆိုပေမယ့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အောက်မှာပဲ လုပ်ပိုင်ခွင့် တွေ ရှိတော့ ဒီအခြေအနေကို ကျေနပ်ပါသလား။ ဒီထက်များ ဥပဒေအရ လုပ်ပိုင်ခွင့်တွေ ပိုရချင်ပါသလား။
ဖြေ။ ။ အခြေခံ ဥပဒေထဲမှာ ပေးထားပြီးပြီ။ ကျနော်တို့ ကျေနပ်ပြီ။ ကျနော်တို့ ကိုးကန့်က သွားတောင်းတာလည်း မဟုတ် ဘူး။ အမျိုးသား ညီလာခံမှာ ကျနော်တို့ကို ချပေးတာ။ ကျနော်တို့က ရှမ်းပြည်ကို ခွဲတာ မဟုတ်ဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျနော်တို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ရတယ်။ ကျနော်တို့ ရှမ်းပြည်ကနေ မခွဲထွက်ဘူး။ ပါတီနာမည်လည်း ရှမ်းပြည် ကိုးကန့် ဒီမိုကရက်တစ်ပါတီလို့ ပေးထားတာ။ ဒါကို သဘောပေါက်ဖို့ လိုပါတယ်။ ရှမ်းပြည်မှာရှိတဲ့ တိုင်းရင်းသား အချင်း ချင်းတောင်ညီညီညွတ်ညွတ် မလုပ်နိုင်ဘူးဆိုရင် ဗမာကို သွားအပြစ်တင်လို့ ရမလား။ တင်လို့ မရဘူးဗျ။
ကျနော်တို့ ခံယူချက်က ကိုးကန့်ဒေသကို အရင်ကောင်းအောင် လုပ်ပါ။ ပြီးရင် ရှမ်းပြည်အတွက် လုပ်ပါ။ ကိုးကန့်ကို တောင် ကောင်းအောင် မလုပ်နိုင်ဘူးဆိုရင် ရှမ်းပြည်က နားထောင်မလား။ နားမထောင်ဘူး။ ရှမ်းပြည်ကလည်း ကောင်း ပြီဆိုရင် ပြည်ထောင်စုအဆင့်ကို လုပ်ရပါမယ်။ အခုကတော့ ကျနော်တို့ ကိုးကန့်ကိစ္စကိုပဲ အရင် လုပ်ပါမယ်။ ကိုးကန့်ကိစ္စ ကောင်းကောင်းလုပ်နိုင်မှ ရှမ်းပြည်အတွက် လုပ်မယ်။
မေး။ ။ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသထဲမှာ ရှိတဲ့ လူထုရဲ့စီးပွားရေး လုပ်ကိုင်ပိုင်ခွင့်၊ အရပ်သားတွေရဲ့ အခွင့် အရေးက အပြည့်အဝ ရပါသလား။ ဘယ်လို သုံးသပ်ပါသလဲ။
ဖြေ။ ။ ဒါကတော့ အခြေခံ ဥပဒေအရဆိုရင်တော့ ပေးထားတာပဲဗျ။ ရတယ်။ ဒါပေမယ့် အောက်ဗမာပြည်လိုပဲဗျာ။ အကုန်လုံးလည်း မရပါဘူးဗျာ။ ဒီမှာလည်း အတူတူပါပဲ။ အောက်ဗမာပြည်မှာ အခွင့်အရေး ရသလောက် ဒီမှာလည်း ရပါ တယ်။ ဒီမှာ မရဘူးဆိုတာ မဟုတ်ဘူး။
မေး။ ။ NLD အစိုးရ လက်ထက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် ညှိနှိုင်းဆောင်ရွက်မှု အခြေအနေတွေကို ဘယ်လို သုံးသပ်ချက် ရှိပါသလဲ။
ဖြေ။ ။ ကျနော်တို့ သုံးသပ်တာက ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ပတ်သက်လာရင် လူထုစကား နားထောင်နိုင်တဲ့ တပ်ဖွဲ့၊ လူ ထုက အုပ်ချုပ်နိုင်တဲ့ တပ်ဖွဲ့၊ လူထုရဲ့ အသက် အိုးအိမ်စည်းစိမ်ကို ကာကွယ်နိုင်တဲ့ တပ်ဖွဲ့၊ ပေါ်လာမှ ပြည်တွင်း ငြိမ်းချမ်း ရေး ရမယ်။ ဘယ်တပ်ဖွဲ့ ဆိုတာ ကျနော်မပြောဘူး။ အဲဒီလို တပ်ဖွဲ့ပေါ်လာမှ ထာဝရ ငြိမ်းချမ်းရေး ရမယ်။ အဲဒီလို တပ်ဖွဲ့ မပေါ်မချင်း ပြည်တွင်းစစ်က ဒီအတိုင်းပဲ ဖြစ်နေမှာပါပဲ။ ကျနော်တို့ ပါတီမူဝါဒ မှာလည်း ထည့်ထားတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကိုလည်း ဒါ တင်ထားပါတယ်။ ကိုးကန့်လိုလည်း ရေးပြီး ထုတ်ထားပါတယ်။
မေး။ ။ တပ်ဖွဲ့ဆိုတာ ဘယ်တပ်ဖွဲ့ကို ဆိုလိုတာပါလဲ။
ဖြေ။ ။ လက်နက်ကိုင်တဲ့ အဖွဲ့အားလုံးကို ဆိုလိုတာပါ။ ကိုးကန့်အဖွဲ့လည်း ပါတယ်။ ကရင်ရော အကုန်လုံး ပါပါတယ်။ တပ်မတော် တခုတည်းကို ကျနော်ပြောတာ မဟုတ်ဘူး။ လက်နက်ကိုင် အားလုံး သူတို့ကိုင်တဲ့ လက်နက်က ဘယ်သူက ပေးသလဲ။ လူထုက ပေးတယ်ဗျ။ ဝတ်တဲ့ ယူနီဖောင်း ဘယ်က ရသလဲ။ တာဝန်ဘာလဲ။ လူထု အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ရမယ်ဆိုတဲ့ အသိဉာဏ်ရှိတဲ့ တပ်မတော်ပေါ်လာမှ ငြိမ်းချမ်းမှာပါ။ ငါတို့က လူထုကို ကာကွယ်မယ်။ လူထုက အေးအေးဆေးဆေးနေပါ၊ ငါတို့ကာကွယ်ပေးမယ် ဆိုတဲ့ တပ်မျိုး၊ လူထု စကားနားထောင်ပြီး လူထုက အုပ်ချုပ်နိုင်တဲ့ တပ် မျိုးရှိမှ အေးချမ်းပါမယ်။
လူထု အုပ်ချုပ်တယ် ဆိုတာကလည်း လူထုက ၅ နှစ်တခါ ရွေးကောက်တင်မြှောက်တဲ့ ကိုယ်စားလှယ်ကနေ ဖွဲ့လိုက်တဲ့ အစိုးရ၊ ကာကွယ်ရေးဝန်ကြီးက သမ္မတက အုပ်ချုပ်ရမယ်။ ကာကွယ်ရေးဝန်ကြီးကလည်း လက်ရှိ ယူနီဖောင်းဝတ်၊ စစ်မှု ထမ်းတဲ့လူ မဖြစ်ရဘူး။ ဒီနိုင်ငံမှာ စဉ်းစားကြည့်ဗျာ။ တချို့လည်း တိုက်နေတာ နှစ် ၇၀ ရှိပြီ။ မြို့နယ် တခုတောင် သိမ်းလို့ မရဘူး။ တပ်မတော် ကလည်း ဘယ်လို အထင်ကြီးမလဲဗျ။
တပ်မတော် နေရာကနေ ကြည့်ရင် ကျနော်က ကိုးကန့်ပဲ ထားပါတော့။ ကျနော်က ကိုးကန့်ကိုတောင် နိုင်အောင် မထိန်းနိုင် ဘူးဆိုရင် နိုင်ငံကို ဘယ်လို လက်ထဲ အပ်မလဲ။ သွားပြီပဲ။ KIA ရော ဘယ်လိုလဲ။ KNU ရော ဘယ်လိုလဲ။ အနှစ် ၇၀ ရှိပြီ။ သူတို့ မြို့နယ် တခုတောင် သိမ်းလို့ မရဘူး။ တပ်မတော်က ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ သူတို့ပဲ တာဝန်ယူ ထား ရတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့လည်း ဒီလိုမျိုး လုပ်ချင်မှ လုပ်ချင်မှာပါ။
ကျနော်တို့ သဘောထားအတိုင်း လုပ်ချင်ကောင်း လုပ်ချင်ပါလိမ့်မယ်။ ဒါပေမယ့် ဒီနိုင်ငံမှာ တပ်မတော်က မထိန်းရင် စဉ်း စားကြည့်ပါ။ ဘာဖြစ်သွားမလဲ ဆိုတာ။ ကွဲပြီပဲ အကုန်လုံး။ တပ်မတော် ကိုလည်း ကျနော်တို့ နားလည်ရပါမယ်။
ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ကိုယ်ချင်းစာ ရပါမယ်။ ဘယ်နေရာဖြစ်ဖြစ် ငါပဲတော်တယ်၊ ငါပဲ လုပ်နိုင်မယ် ဆိုတာက အန္တရာယ်ပဲ။ အရမ်းကို အန္တရာယ်များပါတယ်။ သိပ်ကြောက်စရာ ကောင်းပါတယ်၊ တယူသန်ကတော့။
မေး။ ။ ကိုးကန့်ကိုဆိုရင် ဦးဖုန်ကျားရှင်က သူတို့နယ်မြေ၊ ပြန်သိမ်းမယ်ဆိုတာမျိုး ကြွေးကြော်ပြီး တိုက်ခိုက်တာတွေ လည်း လုပ်တယ်။ ဒီအပေါ်မှာရော ဒေသအပေါ် ဘယ်လို အကျိုးသက်ရောက်မှုတွေရှိလဲ။
ဖြေ။ ။ ကျနော် ဦးဖုန်ကျားရှင်ရဲ့ လူ မဟုတ်ဘူးနော်။ ကျနော် ပြောမယ်။ ကျနော်တို့က ကိုးကန့် တိုင်းရင်းသားအတူတူ ပါ ပဲ။ ဒါပေမယ့် သူတို့က လက်နက်ကိုင်တယ်။ ကျနော်တို့က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ထဲမှာ နေတယ်။ ဦးဖုန်ကျားရှင်တို့ ဘယ်လို အစီအမံရှိလဲ ကျနော်တို့ မသိဘူးဗျာ။ ပြည်ထောင်စု အတွင်းမှာရှိတဲ့ လက်နက်ကိုင်မှန်သမျှ ဦးဖုန်ကျားရှင်တို့ အပါအဝင် KIA အပါအဝင် ရှမ်းပြည် ကိုးကန့်ဒီမိုကရက်တစ် ပါတီလိုမျိုး လူထုအတွက်ဆိုတဲ့ ပုံစံအတိုင်း မသွားရင် ဘယ်လက်နက် ကိုင်မှ မအောင်မြင်နိုင်ဘူး။ ပြည်သူလူထု အတွက် လုပ်ပါ။
ကျနော်တို့မူကလည်း လူထုအတွက် လုပ်တာပါပဲ။ သူဌေးလည်း ပါတယ်၊ သူတောင်းစားရော အားလုံးအတွက် လုပ်ရ မယ်။ စစ်တပ်တခုက အဲဒီလိုမူ မရှိဘူးဆိုရင် အဲဒီ လက်နက်ကိုင်တဲ့ အဖွဲ့က ဘာအဖွဲ့လဲ။ ဓားပြပဲဗျာ။ ကျနော် ပြောရဲတယ်။ လာသတ်လေ ကျနော့်ကို။ နိုင်ငံရေးပါတီ လုပ်ရင် You Must Follow the Political Party ပါတီကနေ စစ်တပ်ကို ထိန်းရ တယ်ဗျ။ နိုင်ငံရေးပါတီက ပိုက်ဆံမရှိဘူး ဆိုပြီး ဘာညာ ငါတို့က လက်နက်ကိုင်ပဲလို့ အထင်ရောက်နေကြရင် မှားပြီ။
နိုင်ငံရေးပါတီ လုပ်ရင်လည်း တန်ဖိုးရှိတဲ့ နိုင်ငံရေးပါတီ လုပ်ရမယ်။ Working for the people ဆိုရင် အကုန်လုံး ပြီးပြီ။ လွယ်လွယ်လေးပါ။ ဒီပုံစံအတိုင်းသွားရင် သူတောင်းစားက အစ သူဌေး အဆုံး နားလည်ပါတယ်။ သူဌေးက သူ့ဘာသာ တရားဝင် ရှာတဲ့ ဥစ္စာ ပစ္စည်းဆိုရင်လည်း ဥပဒေက အကာအကွယ် ပေးရပါမယ်။ ဟာ ဒီကောင် သူဌေး ဖြစ်တော့မယ်။ သူ့ကို ဖိုက်ရမယ်ဆိုရင် ကျနော်တို့က ကွန်မြူနစ်လည်း မဟုတ်ဘူး။ ကွန်မြူနစ်တောင် အတိုင်းအတာ ရှိတယ်ဗျာ။
မေး။ ။ တိုင်းရင်းသား တော်လှန်ရေး တပ်ဖွဲ့တွေက တိုင်းရင်းသား လူမျိုးတွေရဲ့နိုင်ငံရေး ရပိုင်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အတွက် တိုက်နေတာလို့ ကြွေးကြော်ထားတယ်။ ဒီမှာဆိုရင်လည်း ကိုးကန့်တပ်ဖွဲ့ ရှိတော့ အန်ကယ်တို့ ဘက်က အမြင်က တိုင်းရင်းသား တပ်တွေကို ဘယ်လိုမြင်သလဲ။
ဖြေ။ ။ မေးလို့ ဖြေတာနော်။ ကျနော့် သဘောထားက တန်းတူရေး၊ တိုင်းရင်းသား တန်းတူရေးဆိုတာ ကျနော်တို့ အင်္ဂလိပ်လို ခေါ်မယ်ဆိုရင် မမြင်ရတဲ့ Abstract Noun တခုပေါ့။ ဒါက ပစ္စည်းတခု မဟုတ်ဘူး။ ကိုင်လို့ မရဘူး။ ဒါကို ဗမာဆီက တန်းတူရေး တောင်းတယ်ဆိုတာ အဓိပ္ပာယ် မရှိဘူး။ ပုလင်း တခုကိုင်လို့ ရတယ်ဆိုရင် ရော့ ငါမင်းကို ပေး လိုက်မယ် ရတယ်။ ဒါပေမယ့် တိုင်းရင်းသား တောင်းတဲ့ တန်းတူရေးဆိုတာ ကိုယ်က တန်းတူတဲ့ အခြေအနေ ရောက် အောင် လုပ်နိုင်သလား အခု။
ကချင်ဖြစ်ဖြစ် ကိုးကန့်ဖြစ်ဖြစ် တန်းတူတဲ့ အခြေအနေ ကျနော်တို့ ရှိပြီလား။ အကောက်ခွန် အလုပ် လုပ်တတ်သလား၊ ရဲ အလုပ် လုပ်တတ်သလား၊ ပညာရေးမှာ လုပ်တတ်သလားဆို မလုပ်တတ်ဘူး။ မလုပ်တတ်တဲ့လူကို တန်းတူ အခွင့်အရေး ပေးရင် မလုပ်တတ်ဘဲ ပေးရင် ဒီနိုင်ငံ ဘယ်လို ဖြစ်မလဲ။ ဒါကြောင့် တန်းတူအခွင့်အရေးက ဗမာက ကိုင်ထားတာ မဟုတ် ဘူး။ မတောင်းပါနဲ့။ ကိုယ့်ဘာသာ ဗမာနဲ့ တန်းပြီး ထိုင်လို့ ရအောင် ကြိုးစားရမယ်။ ကိုးကန့် လည်း ကြိုးစားရမယ်။ အကုန် လုံးက ကြိုးစားရမယ်။ ညီပြီဆိုရင် ဗမာ လာပါဗျာ။ ကျနော်တို့ အတူတူ ထိုင်မယ်ပေါ့။
အခုဆိုရင် ဗမာက သူူဌေး တယောက်ထားပါတော့ တိုင်းရင်းသားက အလုပ်သမား ထားပါတော့။ အလုပ်သမားနဲ့ သူဌေး က တန်းတူ ထိုင်မယ်ဆိုရင် သူဌေးက ရယ်စရာ ဖြစ်မှာပေါ့။ ငါနဲ့တန်းတူ ထိုင်ချင်ရင် ကြိုးစားပေါ့ဗျာ။ အစစအရာရာ ကြိုး စားပြီး ညီပြီ ဆိုမှပေါ့။ ကျနော့်အမြင်ကတော့ ဒါပါပဲ။ အဲဒီလို အခြေအနေ မရောက်ဘဲ မျက်စိမှတ်ပြီး တောင်းနေတယ် ဆို ရင်တော့ အဓိပ္ပာယ် မရှိပါဘူး။ ဒါက ကိုင်လို့ မရဘူး။ ညီမျှရေး ဆိုတာ မမြင်ရတဲ့ နာမ်ပဲ။
ကိုယ်က တန်းတူတဲ့ အခြေအနေရောက်အောင် နေလို့ ရပြီလား။ နေတတ်သလားပေါ့။ မနေတတ်ဘူး ဆိုရင်တော့ သွား တောင်းရင်လည်း ဘယ်လိုလုပ်မလဲ။ ပညာရေးပိုင်းကို ပေးရင်ရော ဒါလည်း မလုပ်တတ်ဘူး။ ကိုးကန့်ကို ပေးထားပါလား။ မလုပ်တတ်ဘူး။ အဲဒါကို ဗမာကို သွားအပြစ်တင်ရင် အဓိပ္ပာယ် မရှိဘူး။ တန်းတူဖြစ်အောင် ကြိုးစားရမယ်။
ဗိုလ်ချုပ် အောင်ဆန်းတို့ ခေတ်တုန်းကလေ ဗမာကို ဘယ်လောက် နှိမ်လဲ။ အင်္ဂလိပ်ရုံးထဲသွားရင် ထိုင်ခုံရှိရဲ့သားနဲ့ မထိုင် ခိုင်းဘူး။ အောက်မှာ ထိုင်ခိုင်းတာ။ အဲဒီလို ဘဝကို တင်းခံပြီးတော့ အင်္ဂလိပ်ဆီက အတတ်ပညာ သင်တယ်။ စစ်ပညာတို့ အကုန်လုံး သင်ပြီး တတ်ပြီးမှ ကျနော့်ကို လွတ်လပ်ရေး ပေးပါ ဆိုပြီးတောင်းတာ။ ဒါတောင် အင်္ဂလိပ် လူကြီးက ခင်ဗျားတို့ ပေးလိုက်ပြီဆိုရင် အုပ်ချုပ်လို့ ရသလားဆိုတော့ ရတယ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းက အုပ်ချုပ်လို့ ရပါတယ်တဲ့။ အခုတော့ ပေးလိုက်ပြီ။ တနိုင်ငံလုံး ဘာဖြစ်သွားသလဲ။ ကျနော်တို့တွေက ပညာ သိပ်မတတ်သေးဘူးဗျ။
မေး။ ။ NLD အစိုးရလက်ထက်မှာ မြောက်ပိုင်း ညီနောင်မဟာမိတ်တွေရဲ့ တိုက်ခိုက်မှု ပုံစံတွေက စီးပွားရေးဇုန်တွေ လမ်း ကြောင်းတွေကိုလည်း ပျက်စီးအောင် တိုက်တာမျိုးတွေထိ ဖြစ်လာတယ်။ ကိုးကန့်ကလည်း နယ်စပ်ကုန်သွယ်ရေးကို အဓိ က လုပ်နေတဲ့ဒေသဆိုတော့ အန်ကယ်တို့ဘက်က ဘယ်လို မြင်ပါသလဲ။
ဖြေ။ ။ လက်နက်ကိုင်တဲ့လူ ထိပ်တိုက်ဖြစ်ရင် နွားနှစ်ကောင် ဝှေ့ရင် ကြားက မြေစာပင် ဖြစ်တာပဲ။ ကျည်ဆန်ဆိုတာ မျက် စိ မရှိဘူးလေ။ တပ်မတော် ကျည်ဆန်လည်း ထိမှာပဲ။ ကိုးကန့် လက်နက်ကိုင် ကျည်ဆန်လည်း လာတာပဲ။ တိုက်ပွဲ ဖြစ်ရင် ကျနော်တို့က ရှောင်ကြရတာပဲ။ ကျနော်တို့ ငွေကြေး၊ ပစ္စည်း ဆုံးရှုံးတာပေါ့။ အခုထိ ရွာ ၁၅ ရွာက သူတို့ရွာတွေကို မပြန် နိုင်သေးပါဘူး။ အဲဒါ တိုက်ပွဲကြောင့်ပဲ။ ဘယ်သူက မှားတယ်/မှန်တယ် ဆိုတာ ကျနော် မပြောချင်ပါဘူး။
တိုက်ပွဲ ဖြစ်တယ်ဆိုရင် ဘယ်သူမှန်လဲ စဉ်းစားကြည့်ပါ။ လူထုပဲ ခံရပါတယ်။ လက်နက်ကိုင် မှန်သမျှက လူထုစကား နား ထောင်မလား၊ နားထောင်ရင် လူထု အသက်အိုးအိမ် စည်းစိမ်းကို ကာကွယ်ပေးရမယ်။ အဲဒီလို လက်နက်ကိုင်တဲ့အဖွဲ့ ဖြစ် အောင် ကြိုးစားရမယ်။ တပ် အကုန်လုံးကို ပြောတာ။ ကိုးကန့် အပါအဝင် ကချင်၊ ကရင် အားလုံးကို ပြောတာပါ။ လက်နက်ကိုင်တာ ဘာလို့ ကိုင်လဲ။ လူထုအတွက် ကိုင်တယ်ဆိုရင် တပ်မတော်လည်း ပြည်သူ့ တပ်မတော် ဖြစ်လာမယ်။ ကိုးကန့်လည်း လူထုတပ် ဖြစ်လာမယ်။ သူတို့သာ တူညီရင် တလမ်းတည်းသွားရင် လူထုစကား နားထောင်ကြရင် မကောင်းဘူးလားဗျာ။ နိုင်ငံရေး လုပ်တယ်ဆိုရင် အဲဒီလို လုပ်ရပါမယ်။
လက်နက်ကတော့ ကိုင်ပါ။ နိုင်ငံတခုမှာ လက်နက်ကိုင် တပ် မရှိရင် မရပါဘူး။ တပ်မရှိရင် နိုင်ငံ မရှိဘူး။ အဲဒီလို ခံယူချက် ကျနော်တို့မှာ ရှိပါတယ်။ လက်နက်ကိုင်တဲ့ အဖွဲ့ ပိုက်ဆံဘယ်က ရသလဲ။ လူထုဆီက အခွန်အကောက် ပေးထားတာ။ ဘာ လုပ်ဖို့လဲဗျာ။ မယားငယ် ယူခိုင်းတာ မဟုတ်ဘူးဗျ။ ခင်ဗျားတို့က ဒီဥစ္စာကိုင်၊ ယူနီဖောင်းဝတ် လူထုက ပံ့ပိုးပေးတယ်။ ဒါပေမယ့် လူထုအတွက် လုပ်ရမယ်။
လူထုအတွက် ဆိုတာက ရွေးကောက်ပွဲရော အကုန်လုံး လယ်ယာစိုက်ပျိုးရေး အကုန် မှန်မှန်ကန်ကန် လုပ်ပေးရမယ်။ ကုမ္ပဏီဖွင့်တဲ့ လူကိုလည်း မှန်မှန်ကန်ကန် ကူညီပေးပါ။ ဒါဆို အားလုံး အိုကေမယ်။ ဒီလိုသာ လုပ်ကြရင် ကျနော်တို့ ဘယ် သူ့ကိုမှ ကြောက်စရာ မလိုဘူး။ တရုတ်၊ အမေရိကန်ကိုတောင် ကြောက်စရာ မလိုဘူး။
မေး။ ။ ကိုးကန့်ဒေသရဲ့ အခြေအနေကရော လက်ရှိအခြေအနေမှာ လုံခြုံမှု ရှိပါသလား။ ဒေသခံတွေ ဆိုရင်ရော ဘယ်လို ခံစားရပါသလဲ။
ဖြေ ။ ။ အခြေအနေက ဘယ်လို ရှိလဲဆိုတော့ အသွားအလာကတော့ မဆိုးပါဘူး။ ဒါပေမယ့် လမ်းမှာကတော့သူတို့ စစ် ဆေးရေးအဖွဲ့ ဝင်တာတော့ ရှိတာပေါ့။ အသွားအလာကတော့ လွယ်ပါတယ်။ အကူအညီလည်း ပေးပါတယ်။ လက်နက် ကိုင်တဲ့ သူတွေလည်း ဟိုဘက်ရော ဒီဘက်ရော ဒုက္ခရောက်ရင်တော့ အကူအညီပေးပါတယ်။ ဒီလို ပြောတာ သူပုန်ကို အားပေးတာ မဟုတ်ပါဘူး။ ဒီလောက်ထိတော့ သူတို့ အသိအမြင် ဝင်လာတာကို ပြောတာပါ။ တပ်မတော်သား အပါအဝင် ပေါ့ဗျာ။ အခက်အခဲရှိရင် သူတို့ အတတ်နိုင်ဆုံးတော့ ကူညီပေးပါတယ်။
တိုက်ခိုက်မှုတွေကြောင့်တော့ စီးပွားရေးကတော့ ထိခိုက်တာပေါ့ဗျာ။ စီးပွားရေး လုပ်ချင်တာတွေလည်း လုပ်မရဘူး။ မြို့က တော့ အရင်ကနဲ့ ကွာခြားမှု သိပ်မရှိပါဘူး။
မေး ။ ။ ကိုးကန့်ဒေသထဲမှာ ကာစီနိုရုံတွေ ဆိုရင်လည်း များတယ်နော်။ ကာစီနိုနဲ့ ပတ်သက်ရင်ရော အန်ကယ်တို့ ရှုမြင် ချက်က ဘယ်လိုရှိလဲ။
ဖြေ။ ။ ကာစီနိုကတော့ စင်္ကာပူမှာလည်း ရှိတာပဲဗျာ။ သူက တရားဝင်နော်။ ဒါပေမယ့် စင်္ကာပူမှာ ရှိတဲ့ ကာစီနိုက ဝင်ချင် တိုင်း ဝင်လို့ မရဘူူး။ ခင်ဗျား ဝင်နိုင်တဲ့ အခြေအနေရှိမှ ဟိုက ဝင်ခိုင်းတာ။ ဆိုလိုချင်တာက သွားကစားဖို့ ပိုက်ဆံရှိမှ သူက ဝင်ခိုင်းတာ ။ ဒီမှာရှိတဲ့ ကာစီနိုက ဝင်ချင်တဲ့ ကောင်က ဝင်ဆိုတော့ မိန်းမ ပစ္စည်းလည်း ခိုး၊ အမျိုးမျိုး ဖြစ်ကုန်တာပေါ့ ဗျာ။ ဒါက မတူဘူး။ စင်္ကာပူမှာ ရှိတဲ့ ကာစီနိုနဲ့ ဒီမှာရှိတာက။ အခုလည်း တရားဝင်ဆိုပြီး သူတို့က ပြောနေတာပဲဗျာ။
တရားဝင် ဖြစ်ဖို့တော့ ကျနော်တို့က ထောက်ခံတယ်။ ဒါပေမယ့် ကာစီနိုလုပ်တဲ့အတွက် လူတွေ မဖြောင်(မသတ်)ပါနဲ့။ ဝင် လာတဲ့ကောင် ဖြောင်(သတ်)တယ်။ ဖြောင်(သတ်) တဲ့ နေရာမှာ ဘာလို့ ဖြောင်လဲဆိုတာ ပိုက်ဆံ ကုန်သွားတယ်။ ထုတ် ပေးတယ်။ ပြန်မပေးနိုင်ဘူး ဆိုရင် ဖြောင် (သတ်)တာပဲ။ အဲဒါ ကျနော့်မှာ အထောက်အထားရှိလို့ ပြောတာ။
ကာစီနိုကို နားလည်ပြီး ဖွင့်ပေးထားတာက သက်ဆိုင်ရာ ဒီမှာ ဒကစ မှူး (ဒေသကွပ်ကဲရေး စစ်ဌာနချုပ်) ပါနေတာကိုး။ သူကလည်း အကောင်းဆုံး လုပ်ပါ၊ ဒါပဲ ပြောတယ်။ ပြဿနာ မဖြစ်စေနဲ့ ပြောတယ်။ ဒါပေမယ့် ဖြစ်နေတာပဲ။ ဒကစမှူး ကိုလည်း အပြစ်တင်လို့ မရဘူး။ နယ်စပ်ဒေသဆိုတော့ ဒီလို မဖွင့်ပေးရင် သူတို့ အမြင်က သိပ်မစည်ကားဘူးပေါ့ဗျာ။
ဒါပေမယ့် အဲဒီမှာ လူသတ်မှုတို့ ဘာတို့ မတရားသဖြင့် လုပ်တာကတော့ မကောင်းဘူးဗျာ။ ကစားနိုင်တဲ့သူပဲ ဝင်ပါစေပေါ့။ ၁၀ သိန်းရှိလို့ လေးထောင်၊ ငါးထောင် ရှုံးရင် သူ့မိန်းမပစ္စည်းလည်း ခိုးစရာ မလိုဘူးလေ။ မိသားစု ကွဲစရာလည်း မရှိဘူး။ မိုင်းလားဘက်မှာဆို ကာစီနိုကို ကိုင်ထားတာ တော်တယ်။ ပြဿနာ သိပ်မဖြစ်ဘူး။ ဒီမှာက ဖြစ်တယ်။ ကျနော်တို့က ပြဿနာ မဖြစ်ဖို့ မျှော်လင့်နေတာ။ ဒါပေမယ့် ကာစီနိုက ကောင်းသလားဆိုတော့ နိုင်ငံ တည်ဆောက်တဲ့ နေရာမှာ ပြော ရင်တော့ ဒီလောင်းကစားနဲ့ ပတ်သက်ပြီး အခွန်ကောက်တာက ဒီနိုင်ငံ ဘယ်တော့မှ မတိုးတက်ဘူး။
လူလည်း ပျက်စီးတယ်။ အမျိုးသမီးဆိုလည်း ကာစီနိုဝင်ရင် ဘာဖြစ်သွားသလဲ စဉ်းစားကြည့်ပါ။ ယောက်ျားလေးလည်း အသက်မွေးမှု ပညာသင်ရမယ့် အချိန်မှာ ကာစီနိုရောက်ရင် ဘာဖြစ်သွားသလဲ။ အခြား ပညာတွေသင်ရင် တတ်ပေမယ့် ကာစီနိုရှိတော့ ကာစီနိုကို သွားအလုပ် လုပ်တယ်။ တရုတ်ငွေယွမ် ၄၀၀၀ ၊ ၅၀၀၀ ရတယ်။ အဲဒီမှာ ဘာအတတ်ပညာမှ မတတ်ကြတော့ဘူး။ ကျနော်က အဲဒီလို ဖြစ်နေတာကိုတော့ ဝမ်းနည်းတယ်။ ဝမ်းနည်းစရာ ကောင်းတယ်ဗျာ။
ဒါပေမယ့် ကာစီနို မရှိရင်လည်း လောက်ကိုင်က ဘာမှမရှိဘူး။ ကာစီနိုဝိုင်း ရှိနေလို့ တဖက်နိုင်ငံက လူက ဝင်လာတာ။ သူတို့ ဝင်လာရင် ပိုက်ဆံနဲ့ ဝင်လာတယ်။ ဒီမှာက အလုပ်အကိုင် ရကြတာပေါ့။ လောက်ကိုင်မှာက ကာစီနိုက ၄ ရုံ၊ ၅ ရုံ ရှိတယ်။ ကျနော်တို့က ကာစီနိုလုပ်ရင်လည်း နိုင်ငံတော်အစိုးရ တရားဝင် အခွန်ကောက်လို့ရအောင် လုပ်ပါ။ တရားဝင် ဖြစ် စေချင်တာ။ ဒါပေမယ့် ဒါက ဒီအတိုင်းကို ဦးဖုန်(ဦးဖုန်ကျားရှင်) တို့ လက်ထက်ကတည်းက ရှိနေတာ။
မေး။ ။ ကာစီနိုရုံတွေမှာ လက်နက်တွေနဲ့ စောင့်ပေးတာတွေလည်း တွေ့ရတယ်နော်။
ဖြေ ။ ။ သူတို့က ခင်ဗျား ကာစီနို ၁ ရုံ ဖွင့်တယ်ဆိုရင် သူဌေးဆိုရင် လူတွေ ခန့်ထားတာပေါ့ဗျာ။ သူတို့ိကို လက်နက်ပေး ထားတယ်။ လုံခြုံရေးအတွက်ဆိုတော့ ကိုင်လို့ ရနေတယ်။
မေး။ ။ ကာစီနိုက လုံခြုံရေးတွေက လက်နက်ကို လိုင်စင်နဲ့ တရားဝင် ကိုင်ကြတာလား။
ဖြေ။ ။ အဲဒါကတော့ စစ်တပ်ကိုပဲ သွားမေးမှ ရမယ်။ ကျနော်တို့လည်း မသိဘူး။ လက်နက်ကိုင်တာကျတော့ တပ်မတော်နဲ့ ဆိုင်သွားပြီလေ။ ကျနော်တို့ နိုင်ငံရေး ပါတီကတော့ ဖြေလို့ မရပါဘူး။
မေး။ ။ ကာစီနိုမှာ ဖြစ်တဲ့ လူသတ်မှုတွေကရော အမှုပေါ်လား။
ဖြေ ။ ။ ခုန ပြောသလိုပေါ့။ လူသတ်တယ်ဆိုတာက မကောင်းဘူး။ မှန်တယ်ဖြစ်စေ မှားတယ်ဖြစ်စေ မကောင်းဘူး။ အမှု တွေကတော့ အောက်ဗမာပြည်လိုပါပဲ။ ပေါ်ချင်တဲ့အခါ ပေါ်ပါတယ်။ မပေါ်ချင်တဲ့ အခါလည်း မပေါ်ပါဘူး။ အောက်ဗမာ ပြည်လိုပါပဲ။ ပြည်ထောင်စု တခုလုံးမှာ သိပ်မကွာပါဘူး။
မေး။ ။ တရုတ်နိုင်ငံက လုပ်မယ့် နယ်စပ်စီးပွားရေး ပူးပေါင်းရေးဇုန်၊ အဲ့တာရော ကိုးကန့်မှာ ဘာတွေ ကြားထားပါသေး လဲ။
ဖြေ။ ။ ချင်းရွှေဟော်မှာ လုပ်မယ်လေ။ အဲဒါလည်း လာတော့မယ်။ ချင်းရွှေဟော် စီမံကိန်းပေါ့။ One Belt One Road ပေါ့။ ဒီမှာ နယ်စပ်ဒေသ ဗဟိုကော်မတီ ဆိုတာရှိတယ်။ အဲဒီ ကော်မတီမှာ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ရဲ့ ဥက္ကဋ္ဌ ပါနေပြီ။ ဒု ဥက္ကဋ္ဌ အဖြစ်ပေါ့။ ပြည်ထောင်စု ဝန်ကြီးကတော့ ကော်မတီရဲ့ ဥက္ကဋ္ဌပေါ့။ ကိုးကန့်ဒေသရဲ့ ဥက္ကဋ္ဌက ဒု ဥက္ကဋ္ဌ အဖြစ် ပါ တယ်။ အဲဒီနေရာက တကယ် အခွင့်အရေး ရတယ်။ ဘယ်သူပဲဖြစ်ဖြစ် သိပ်ယူချင်တယ်။ အဲဒီနေရာရပြီဆိုရင် နယ်စပ်ဒေ သ ဖွံ့ဖြိုးရေး အကုန်ကိုင်လို့ ရပြီ။ ဒါပေမယ့် အဲဒီ နေရာကလူတွေက စေတနာ မှန်သလားဆိုတာ အရေးကြီးပါတယ်။
ကိုယ့်အတွက်ပဲ အုပ်မယ်ဆိုရင်တော့ သွားပြီပေါ့ဗျာ။ ကျနော်တို့ ကိုးကန့် အလကား ဖြစ်ပြီပေါ့။ အဲဒီနေရာက လူက စိတ် မှန်ရင်တော့ နိုင်ငံတော်ရော တရုတ်ရော ကောင်းမှာပေါ့။ ကျနော်တို့သာ ကိုးကန့်ရဲ့ ဥက္ကဋ္ဌ ဖြစ်ပြီဆိုရင် အဲဒီနေရာကို ဝင် ပြီး ကောင်းကောင်း ကိုင်ပါမယ်။ လူထုအတွက် ကောင်းကောင်းလုပ်ရမယ်။
နောက် လွှတ်တော် ကိုယ်စားလှယ် ဆိုတာလည်း အစိုးရက အများကြီး ပံ့ပိုးထားတယ်။ ၂ လတခါ ကိုယ့်ဒေသ ပြန်ရမယ်။ ကိုယ့် မဲဆန္ဒနယ် ဘာအခက်အခဲရှိလဲ အစည်းအဝေး ခေါ်ရမယ်။ ကိုးကန့်မှာ ဘယ်သူမှ မလာဘူး။ ၂၈ ရက် ရောက်ရင် လခ ထုတ်ဖို့ပဲ။ ဒါပဲ။ လခ ထုတ်ဖို့ဆိုရင် နိုးနေပြီ။ အစည်းအဝေးမှာ ဆိုရင် ငိုက်နေပြီ။ အလုပ်ဘယ်သူမှ မလုပ်ဘူး။
မေး။ ။ နယ်စပ် ပူးပေါင်းရေးဇုန် လုပ်မယ့် ဧရိယာလို့ သတင်းထွက်နေတဲ့ ချင်းရွှေဟော်အထွက်က မြေဧရိယာက ကိုးကန့် ဒေသ ဦးစီးအဖွဲ့က ခေါင်းဆောင်ပိုင်းတွေပိုင်တယ်လို့ စီးပွားရေးသမားတွေက ပြောနေတယ်။ အရင်က ဒေသခံတွေ ပိုင် တယ်လို့လည်း ကြားတယ်။ အဲဒါကိုရော အန်ကယ်တို့ သိပါသလား။
ဖြေ။ ။ မြေကိစ္စက ကိုးကန့် စော်ဘွားတုန်းက ပေးထားတာ အထောက်အထားလည်း မရှိဘူး။ ဒီမြေ ဘယ်သူ့မြေဆိုတာ အထောက်အထား မရှိတော့ ဟာကွက်ကြောင့် သိမ်းနိုင်တဲ့သူ သိမ်းတာပေါ့ဗျာ။ ဒေသခံတွေကလည်း မပြောရဲဘူး။ သေနတ် ပစ်ခံရမှာ ကြောက်တယ်။ လူထုက အကြောက်ပဲဗျ။ အဲဒီဟာကွက်ကို ယူပြီး ကြံ့ခိုင်ရေးကလည်း ကစားတယ်။ ကြံ့ခိုင်ရေးဆိုတာ မကောင်းတဲ့ ပါတီဝင်ပါ။ ကြံ့ခိုင်ရေးမှာ ၁၀၀ မှာ ၂၀ လောက်က တပ်မတော်အရာရှိ အငြိမ်းစားတွေ ကျန် တဲ့ ၈၀ က ကုန်သည်တို့ ဘာတို့ ကြံ့ခိုင်ရေးမှာ ဝင်လို့ အခွင့်အရေး ရမယ်ဆိုတဲ့လူတွေ။ ဒါပဲ။ အခု ကြံ့ခိုင်ရေး နာမည် ပျက် တာ အဲဒီလို လူတွေကြောင့်ပဲ။
ချင်းရွှေဟော် စီမံကိန်း လာပြီဆိုရင် မြေပြဿနာကို ပြဿနာ မဖြစ်စေနဲ့လို့ ဒေါ်အောင်ဆန်းစုကြည်ကို ကျနော်တို့ စာပို့ ထားဖူးတယ်။ ကြာပြီ။ နှစ်နိုင်ငံလည်း ပြဿနာ မဖြစ်စေဖို့ ဒီမြေက ဘယ်သူပိုင်သလဲ ဆိုတာကိုပေါ့။ နောက်ပြီး အဲဒီမြေကို ဘယ်သူပိုင်လဲ။ အာဏာနဲ့ ယူထားသလား၊ နှစ်ဖက် သဘောတူပြီး စာချုပ်နဲ့ ရောင်းသလား၊ ဝယ်သလား ဆိုတာက ရှိတာ ပေါ့ဗျာ။ ရောင်းဝယ် စာချုပ် မရှိဘဲ ဟိုကောင်ပိုင်၊ ဒီကောင်ပိုင်ကို ဒီပါတီက တွေ့ထားပါတယ်။ တချို့က အာဏာနဲ့ ယူထား တာ။ ဦးဟော်ဆိုတဲ့ သူဆို မြေအများကြီး ပိုင်တယ်။ သူက တရုတ်ပြည်က လာတဲ့လူပဲ။
ကွမ်းလုံမှာလည်း အိမ်အများကြီးပဲ။ သူယူထားတာ ရှမ်းတွေရဲ့ မြေနေရာတွေ သူ တပ်နဲ့ပေါင်းပြီး သိမ်းယူထားတာ အများ ကြီးပဲ။ ဦးဟော်က သေနတ်လည်း ရှိတယ်။ နောက်ပြီး သူက ကိုးကန့် အစစ် မဟုတ်ဘူးနော်။ သူတို့ ဒီလိုလုပ်တာ ကိုးကန့် ကို တရုတ်ကို ရောင်းစားသလိုပဲ။ ဒီမှာ မူလနေထိုင်တဲ့ အနှစ် ၃၀၀ ကျော် ဘိုးစဉ်ဘောင်ဆက် နေထိုင်လာတဲ့ ကိုးကန့်တွေ က မှတ်ပုံတင်လည်း မရဘူး။ ဟိုက တရုတ်ကလာတဲ့လူကျ ယွမ် ၁သောင်း၊ ၂သောင်းပေးလိုက်တော့ မှတ်တပုံတင်တန်း ရတယ်ဗျာ။ (နိုင်) ကတ် တန်းရတယ်ဗျာ။
ခင်ဗျားတို့ ပြည်မဘက်က မသိဘူး။ ကျနော်တို့မှာ (နိုင်) ကတ်ရဖို့ လူထုကို လုပ်ပေးရတာ။ အဖိုးအဘွား အနှစ်ရာချီ နေ တာကို နှစ်ခေါက်ချိုးပဲ ရတယ်။ (နိုင်) ကတ် ရဖို့ကို ပိုက်ဆံလည်း ဒေသခံက မပေးနိုင်တော့ မရဘူး။ ကျနော်တို့ လဝက နဲ့ ပြဿနာ ဖြစ်တယ်။ ဒေသခံ လူ ၄၀၀ လောက် မှတ်ပုံတင် မရလို့ ကျနော်တို့ ပါတီ သွားပြောဖူးပါတယ်။ ၁၈၈၃ မတိုင်ခင် ဒီမှာ ရှိတဲ့ လူက တိုင်းရင်းသားတဲ့။ ကျနော်တို့ ကိုးကန့် တိုင်းရင်းသားက အနှစ် ၄၀၀ လောက် ရှိပြီ။ ဒါပေမယ့် မှတ်ပုံတင် မရဘူးဗျ။
တရုတ်က ဝင်လာတဲ့ လူဆို အေးဆေးပဲဗျ။ ရန်ကုန်၊ မန္တလေးမှာ အော်နေတာ တရုတ်တွေ ဝင်လာတယ်ဆိုပြီးတော့နော်။ ဒီမှာ မှတ်ပုံတင် ထုတ်ပေးလိုက်လို့ ခံနေကြရတာဗျ။ ကချင်နာမည်နဲ့ ထုတ်သလား၊ ကိုးကန့်နာမည်နဲ့ ထုတ်သလားဆိုတာ သူတို့ပဲ အာဏာရှိလို့ သူတို့ပဲ သိလိမ့်မယ်။
မေး။ ။ မှတ်ပုံတင် ပြဿနာကရော ဘယ်လိုဖြစ်တာလဲ။
ဖြေ။ ။ ကျနော်တို့ ဒေသခံ လူ ၄၀၀ လောက် ကျေးလက်က တကယ့် ကိုးကန့် တိုင်းရင်းသားတွေနော်၊ မှတ်ပုံတင် မရလို့ လုပ်လို့ မရလို့ ကျနော်တို့ပါတီက ကျနော်ရယ်၊ ဗဟိုကော်မတီဝင်တွေရတယ် သွားပြောတယ်။ လဝက ဦးစီးမှူးက ပြော တယ်။ သူတို့ နှစ်ခေါက်ချိုး ယူမယ်ဆိုရင် ပိုက်ဆံ တပြားမှ ပေးစရာမလိုဘူး။ တန်းရမယ်တဲ့။ မဟုတ်ဘူး။ သူတို့က နိုင် ကတ် ယူရမယ်။ နှစ်ခေါက်ချိုး ယူလိုက်ရင် ကျနော်တို့ကပါ ယူခိုင်းရင် သူတို့က မသိဘဲ ယူလိုက်မယ်။ ကျနော်တို့က တရားခံဖြစ်ပြီလို့ ပြောမှ လဝက ဦးစီးမှူးက လေသံနည်းနည်း ပျော့တယ်။ အစည်းအဝေးမှာ ပြည်နယ်မှာ တင်ပြမယ်တဲ့။ ပြည်နယ်က ဆုံးဖြတ်ချက် ချမှ လုပ်ပေးမယ်တဲ့။ အဲဒီတော့ ပြည်နယ်မှာ ဆွေးနွေးပြီး ရမှ ကိုးကန့်ဒေသ ဦးစီး ဦးကျောက် တယ်ချန်က လာပြောတယ်။ အဲဒီတော့မှ မှတ်ပုံတင် နိုင် ကတ် ထုတ်ရတယ်။ မှန်တဲ့ လူကို ထုတ်ပေးတာ ကျနော်တို့ သဘောကျတယ်။
ကျနော်တို့ စဉ်းစားနေတာက ဟိုက တရုတ်ကလာတဲ့ ဧည့်သည်တွေက အိမ်ရှင် ဖြစ်သွားရင် ကျနော်တို့ ကိုးကန့်က ခံရ မယ်။ ဒါပဲ ကျနော်တို့ မြင်တယ်။ နိုင်ငံတော် အစိုးရ အုပ်ချုပ်တဲ့ ပုဂ္ဂိုလ်တွေလည်း သေသေချာချာ စဉ်းစားပေးပါ။ ဟိုဘက် က လာတဲ့ လူတွေလုပ်တာ ကျနော်တို့ ခံရတယ်။ ဟိုဘက်က လာတဲ့ ကောင်တွေက ရပ်ကွက် ဥက္ကဋ္ဌ ဖြစ်တာ ရှိတယ်ဗျာ။ လူထုက အများကြီး ခံရတယ်။
နောက်ပြီး ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ က ကိုးကန့် မဟုတ်ပါဘူး။၂၀၁၅ တုန်းကလည်း ကျနော်တို့ ခံရပါတယ်။ အောက်ဗမာပြည်က ဥပဒေ နားလည်တဲ့လူ လာထည့်ပါဗျာ။ ကချင်ဖြစ်ဖြစ်၊ ဗမာ ဖြစ်ဖြစ်ပေါ့။ အခုက ဗမာစကားလည်း မတတ်ဘူး။ အိမ်လည်း တရုတ်ပြည်မှာ ရှိသေးတယ်။ ဟိုတုန်းက ဦးဖုန်တို့တုန်းက ဗကပနဲ့ ရောပြီး ဝင်လာတဲ့ ကောင်တွေ က ဥက္ကဋ္ဌ ဖြစ်နေတယ်ဗျာ။ ကိုးကန့်ကို ဘယ်လောက် စော်ကားလဲ စဉ်းစားကြည့်ပါ။ ဒါကို ကျနော် ပြောရမယ်။ မပြောရင် နိုင်ငံတော်ကို သစ္စာဖောက်တာပဲ။
ကိုးကန့် အုပ်ချုပ်ရေးမှာလည်း ဦးကျောက်တယ်ချန် တယောက်တည်းပဲ ကိုးကန့် အစစ် ရှိပါတယ်။ ကျန်တဲ့ကောင်တွေက အကုန် ဟိုဘက်ကလာတဲ့ ကောင်တွေပဲ။ သေနတ်ကိုင်ထားလည်း ကျနော် မကြောက်ဘူး။ ပစ်ပါစေ ပြောမယ်။ အမှန် တရားပါ။ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌတောင် ကိုးကန့်လူ မရှိတော့ဘူး။ ဒါ ခရိုင် ဥက္ကဋ္ဌနော်။ ကျနော့်ကို မယုံရင် အခု သွားကြည့်ကြည့်ပါ။ ဒါမျိုး ဗမာကို လုပ်ရင် ခံမလား။ ကြံ့ခိုင်ရေး ဘယ်လောက်ထိ ဆိုးတယ်ဆိုတာ ဒါပါပဲ။ ကြံ့ခိုင်ရေး အား လုံး ဆိုးလားဆိုတော့ မဟုတ်ပါဘူး။ တချို့ကလည်း ကြံ့ခိုင်ရေး အမည်ခံပြီး အရမ်းလုပ်နေကြတာ။ တပ်မတော်လည်း အကုန်မဆိုးဘူး။ ကောင်းတာလည်း ရှိပါတယ်။ ဒါပေမယ့် ဆိုးတာတွေပဲ ကိုးကန့်ကို လာပို့တယ် ဆိုတော့ သေရောပေါ့ဗျာ။
မေး။ ။ အန်ကယ် မြင်ချင်တဲ့ ကိုးကန့်ဒေသဆိုရင် ဘယ်လို ပုံစံမျိုးလဲ။ ကိုးကန့်ကို ဘယ်လို ပုံစံမျိုးနဲ့ ဖွံ့ဖြိုးတိုးတက်စေချင် သလဲ။
ဖြေ။ ။ ကံအားလျော်စွာ၂၀၂၀ မှာ ကျနော်တို့ ကိုးကန့်ကို အုပ်ချုပ်နိုင်တဲ့ အခွင့်အရေး ရမယ်ဆိုရင် အကုန်လုံးကို မိတ်ဆွေ ဖွဲ့ပါမယ်။ တပ်မတော် အပါအဝင် အကုန်လုံးက မိတ်ဆွေပဲ။ တို့တာဝန် အရေးသုံးပါးကို ဘယ်သူမှ မထိခိုက်ရဘူး။ ကျနော် တို့က နိုင်ချင်မှ နိုင်မှာပါ။ ဒါပေမယ့် အုပ်ချုပ်ခွင့်သာ ရခဲ့ရင် ပထမက ပညာရေး၊ ဒုတိယက ကျန်းမာရေး လုပ်ရပါမယ်။ ပညာရေးက အကောင်းဆုံး ကျောင်းဖွင့်ချင်တယ်။ ကျောင်းမှာ ကိုးကန့်စာ၊ မြန်မာစာ၊ အင်္ဂလိပ်စာ ကောင်း ကောင်း သင်လို့ရတဲ့ ကျောင်းမျိုးပေါ့။
အထက်တန်းကျောင်းတွေလည်း အောက်ဗမာပြည်နဲ့ အကုန် အတူ ဖြစ်ရမယ်။ ကျနော်တို့ စဉ်းစားတာက ဝန်ထမ်းတွေ အတွက်ပါ။ ဒီမှာ ကျောင်းကောင်းကောင်း မရှိတဲ့အတွက် ကိုယ့်သားသမီးကို ရန်ကုန်၊ မန္တလေး ပို့ရတယ်။ စီးပွားရေး အခြေ အနေက မလိုက်နိုင်ပေမယ့် ပို့နေရတယ်။ ဒီမှာ ကောင်းတဲ့ ကျောင်းမရှိလို့ပါ။ ကောင်းတဲ့ ကျောင်းရှိရင် သူတို့ ပို့စရာ အကြောင်းမရှိဘူး။ ကုန်မယ့် ပိုက်ဆံ မကုန်ရတော့ဘူး။ ဒီမှာပဲ ကျောင်းကောင်းကောင်း ထားလို့ ရမယ်။ ကျောင်းသား လည်း ကောင်းကောင်း ဖြေလို့ ရတာပေါ့။ ကျောင်းကို အဆင့်မြင့်ချင်တယ်ဗျာ။
ကျန်းမာရေးနဲ့ ပတ်သက်ရင် အကောင်းဆုံး ဆေးရုံ လုပ်ချင်တယ်ဗျာ။ ကိုးကန့်ဒေသ တခုလုံး မြို့နယ်တခုမှာ အဆင့်မြင့် တဲ့ ဆေးရုံ တခုစီပေါ့။ လောက်ကိုင်၊ ကုန်းကြမ်း တို့မှာပေါ့။ ဆေးရုံဆိုလည်း ဥပမာ ကိုဗစ်-၁၉ ဖြစ်ရင် အကုန်စမ်းလို့ ရတဲ့ ဆေးရုံမျိုးပေါ့။ ဝန်ထမ်းတွေ ဖြစ်ဖြစ် ဘာဖြစ်ဖြစ် အောက်ဗမာပြည် သွားစရာမလို စင်္ကာပူမှာ သွားကုစရာ မလိုတဲ့ အဆင့် မြင့်တဲ့ ဆေးရုံမျိုးပေါ့။ အဲဒီလိုဆိုရင် ဝန်ထမ်းအပါအဝင် တပ်မတော်သား အပါအဝင် လူထုတွေ မသက်သာဘူးလားဗျာ။
အခုဆိုရင် စင်္ကာပူမှာ သွားကုရတဲ့ လူတွေ အများကြီးပဲ။ တချို့ဆေးကုဖို့ ပတ်စပို့ လျှောက်တယ်ဗျာ။ မှတ်ပုံတင်က မမှန် တော့ ပတ်စပို့က မကျလာဘူး။ လူက စောင့်ရင်း သေသွားပြီ။ ဒါတွေ အမျိုးမျိုး ရှိပါတယ်။ ကျနော်တို့ဆီမှာ မလုပ်နိုင်ဘူး လား ဆိုတော့ လုပ်နိုင်ပါတယ်။ နိုင်ငံတော် အစိုးရရဲ့ အကူအညီ ယူပြီးတော့ လုပ်ရပါမယ်။ နိုင်ငံတော်အစိုးရက ပိုက်ဆံချ ပေးမှပဲ လုပ်ရမယ်လေ။ ပြီးတော့ နိုင်ငံတော်က ကချပေးတဲ့ ပိုက်ဆံကိုလည်း မှန်မှန်ကန်ကန် လုပ်ရမယ်။
ဒါကို လူထုက သဘောပေါက်တယ်။ ယုံကြည်တယ်ဆိုရင် လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ကျနော်တို့ နိုင်ပြီဆိုရင် ဒီပုံစံ အတိုင်း ကျနော်တို့ လုပ်မယ်။ မဖြစ်စရာ အကြောင်းမရှိဘူး။ အကောင်းဆုံး ဆေးရုံ၊ အကောင်းဆုံး ကျောင်းဆိုတာက။ နိုင်ငံတော် အစိုးရကလည်း ကူညီလို့ ရတယ်လေ။ ကျနော်တို့ ကိုယ်စားလှယ်တွေကို စင်္ကာပူတို့ ဘာတို့ အာဆီယံနိုင်ငံ တွေမှာ လိုက် လေ့လာခိုင်းပြီး ကိုယ့်ဒေသတွင်း ဘာတွေလုပ်လို့ ရမလဲဆိုတာပေါ့။
အခု ကြံ့ခိုင်ရေးက နိုင်တာက ၁၀ နှစ်ရှိပြီ။ သူတို့ မသွားဘူးဗျ။ ကျနော်တို့နိုင်ရင် နိုင်ငံတော်အစိုးရဆီ ခွင့်တောင်းပြီး သွား လေ့လာမယ်။ ပြန်လာရင် အစီရင်ခံစာ ပြန်ရေးပြီး ဘယ်လိုလုပ်ကြမယ်ဆိုတာကို ပြောမယ်။ နိုင်ငံတော်နဲ့ ချိတ်ဆက်ပြီး သွားရင် ကျနော်တို့က တရားဝင် သွားလေ့လာပြီး စိုက်ပျိုးရေးကအစ ဘာစိုက်ရင် ကောင်းမလဲ။ ဘာလုပ်ရင် ကောင်းမလဲ ဆိုတာတွေကို လုပ်လို့ ရပါမယ်။ နောက် မွေးမြူရေးတွေပေါ့။
ကျနော်တို့ ကိုးကန့်နားမှာဆိုရင် တကမ္ဘာလုံးရဲ့ အကြီးဆုံး ဈေးကွက် (တရုတ်)က ရှိနေတာနော်။ ဥရောပ၊ အမေရိကန် ကင်းလို့ မရဘူး။ ကျနော်တို့ ကိုးကန့်မှာ မွေးမြူရေးသာ သေချာလုပ်ပြီး ထွန်းကားလာရင် နိုင်ငံတော်အစိုးရကို တရားဝင် အခွန်ဆောင်ပြီးတော့ သွားလို့ ရတယ်။ တရုတ်ပြည်မှာရှိတဲ့ နွား မလောက်ဘူးလေ။ သူတို့က ရုရှားကို ပို့တယ်။ တရုတ် ပြည်ကနေ ဝယ်တယ်။ ကျနော်တို့သာ မွေးနိုင်ရင် ကျနော်တို့က သတ်စရာလည်း မလိုဘူး။ မွေးမြူရေး လုပ်ပြီး ပို့။
ကိုးကန့်မှာ လုပ်စရာ အများကြီးပါ။ အခွန်အကောက်ဆိုလည်း နယ်စပ်ဂိတ်ဖြစ်တဲ့ ရန်လုံကျိုင်းမှာရော နောက်ဂိတ်တွေရော တရားဝင် လုပ်ပြီး ကျနော်တို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရက အကောက်ခွန်ကို ကောက်ယူလို့ ရမယ်။ ကျနော်တို့က အခွန် ကောက်ပြီး ပြည်ထောင်စု အစိုးရကို အခွန် ဘယ်လောက် ရာနှုန်းနဲ့ဆောင်မယ်။ ကျန်တဲ့ ငွေကို ကိုးကန့်ဒေသ ဖွံ့ဖြိုးရေး အတွက် လုပ်ဆိုတာမျိုးပေါ့။
အခုက ကောက်တော့ ကောက်ပါတယ်။ ဒါပေမယ့် ပိုက်ဆံက အများကြီး ဘယ်ရောက်သွားလဲ မသိဘူး။ ကျနော်တို့ နိုင်ရင် ဒါမျိုး လုပ်မယ်။ ကျနော်တို့ နိုင်ရင် ဒေသကိုရော နိုင်ငံကိုရော ကောင်းအောင် လုပ်မယ်။
ဆက်စပ်ဖတ်ရှုရန်
မဲဆန္ဒနယ် ၄၄ နေရာအထိ NLD ကိုယ်စားလှယ်လောင်း လစ်လပ်
၂၀၂၀ ရွေးကောက်ပွဲအတွက် တိုင်းရင်းသားပါတီများ ညီညွတ်အင်အားကောင်းလာ