အငြိမ်းစား ဗိုလ်ကြီး ဒေါ်အေမီဇင်ဝင်းသည် လာမည့်၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)ကိုယ်စားပြု ပြီး ဇေယျာသီရိမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ရန် လျှောက်လွှာတင် သွင်းခဲ့ပြီးမှ ပြန်လည် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ဒေါ်အေမီဇင်ဝင်း၏ ခင်ပွန်းသည် တပ်မတော်တွင် တာဝန်ထမ်းဆောင်နေဆဲ ဖြစ်သည့်အတွက် တပ်မတော်ဘက်က ဖိ အားပေးမှုများကြောင့် ထိုကဲ့သို့ ရုပ်သိမ်းခဲ့ခြင်း ဖြစ်သည်ဟူသော သတင်းများလည်း ထွက်ပေါ်နေသဖြင့် အကြောင်းစုံသိရှိ ရန် ဧရာဝတီက ကာယကံရှင်ဖြစ်သူအား ဆက်သွယ်မေးမြန်းရာ ဖြေကြားရန် အဆင်မပြေကြောင်း ပြောသည်။
ထို့ကြောင့် ၎င်း၏ မိတ်ဆွေဖြစ်သူ၊ PPP ပါတီ ကိုယ်စားပြုအဖြစ် မန္တလေးတိုင်း ဒေသကြီး၊ အမျိုးသားလွှတ်တော် မဲဆန္ဒ နယ်အမှတ်(၅)မှ ဝင်ရောက် ယှဉ်ပြိုင်မည့် ဦးတင့်လွင်စိုး(ခ) ဇော်သစ်ကို ဧရာဝတီက ဆက်သွယ် မေးမြန်းထားပါသည်။
မေး။ ။ အစ်ကို့ရဲ့ မိတ်ဆွေဖြစ်သူ ဒေါ်အေမီဇင်ဝင်း အနေနဲ့ ပြည်သူ့ရှေ့ဆောင်ပါတီကို ဝင်ဖြစ်ပုံ၊ ဇေယျာသီရိမြို့နယ် ပြည် သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် လျှောက်လွှာ တင်ဖြစ်ခဲ့ပုံ အကြောင်းတွေ သိချင်ပါတယ်။
ဖြေ။ ။ ကျနော်တို့တွေ Facebook Group တခုထဲမှာ စတင် ရင်းနှီးကြရင်းကနေ အပြင်မှာလည်းပဲ တခြားမိတ်ဆွေတွေနဲ့ အတူ မိတ်ဆုံစားတာတွေ ဘာတွေ ရှိပါတယ်။ ကျနော် PPP ပါတီ ဝင်ပြီးတဲ့နောက် PPP နဲ့ ပတ်သက်တဲ့ ပို့စ်လေးတွေ တင် တော့ မအေမီက သူ စိတ်ဝင်စားတယ်။ သူလည်း ပါတီဝင်ချင်တယ်ပေါ့။ ကျနော်က သူ့ကို In-service (တာဝန်ထမ်း ဆောင်ဆဲ) သူနာပြု ဗိုလ်ကြီး အနေနဲ့ပဲ သိထားတော့ မအေမီ ဝင်လို့ရပါ့မလား ဆိုတော့ မဟုတ်ဘူး၊ သူ အငြိမ်းစားယူပြီး သွားပြီ။ ပါတီဝင်မယ် ဆိုတာနဲ့ ဝင်ခိုင်းလိုက်တယ်။ ပါတီဝင်တဲ့ ကိစ္စတွေလည်း ကျနော်ပဲ ဆောင်ရွက်ပေးလိုက်တယ်။
ပါဝင်ပြီးနောက်ပိုင်း ကျနော်ကပဲ သူ့ပြောခဲ့တာပါ။ မအေမီ လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် လျှောက်ထားပါလား ပေါ့။ ပြည်သူ့ရှေ့ဆောင် ပါတီအနေနဲ့ လူငယ်တွေ၊ ခေတ်ပညာတတ်တွေ၊ အရည်အချင်း ရှိတဲ့သူတွေကို နေရာပေးတယ်။ ဗဟိုချုပ်ကိုင်မှု နည်းတယ်ပေါ့။ ဒီပါတီကနေ လွှတ်တော်ကိုယ်စားလှယ်လောင်းအနေနဲ့ လိုအပ်နေတာဆိုတော့ မအေမီ လျှောက်ကြည့်ပါလားလို့ ကျနော်က အကြံပြုလိုက်တယ်။
သူ့အမျိုးသားနဲ့ တိုင်ပင်ဦးမယ်ဆိုပြီး တိုင်ပင်ပြီးတော့ ကျနော့်ကို အကြောင်းပြန်တယ်။ သူလျှောက်မယ်ပေါ့။ ကျနော်ပဲ လို အပ်တဲ့ကိစ္စ အဝဝ ဆက်သွယ်ပြီး ဆောင်ရွက်ပေးလိုက်တယ်။ လွှတ်တော် ကိုယ်စားလှယ်လောင်း လျှောက်ပြီး မကြာဘူး ကျနော်တို့ကို အင်တာဗျူးတော့လည်း မအေမီ၊ ကျနော်နဲ့ စဉ့်ကိုင်က ကိုကြည်မင်းလှိုင်ဆိုတဲ့ တယောက်နဲ့ တနေ့တည်း ချိန်းပြီးတော့ အင်တာဗျူး ကြတယ်။
အင်တာဗျူး လုပ်တဲ့အပေါ်မှာလည်း ပါတီက သူ့ကို သဘောကျတယ်။ အရမ်းလည်း အားထားတယ်။ သူ့ကို နောက်ဆုံး ဇေ ယျာသီရိမြို့နယ်ကို ပြိုင်ဖို့ဆိုပြီး ချပေးလိုက်တယ်။ ပါတီကလည်း သူ့ကို ဓာတ်ပုံရိုက်ပြီးတော့ ပြည်သူ့ ရှေ့ဆောင် Page ကနေ တတိုင်းပြည်လုံး သိအောင် ကြေညာလိုက်တယ်။ လွှတ်တော် ကိုယ်စားလှယ်လောင်း အနေနဲ့တော့ မကြေညာပါ ဘူး။ ပါတီဝင်သစ် မိတ်ဆက်ပုံစံမျိုး ကြေညာပေးလိုက်တယ်။
မေး။ ။ ဒေါ်အေမီဇင်ဝင်း အနေနဲ့ ဘယ်နေ့မှာ ကိုယ်စားလှယ်လောင်း လျှောက်လွှာတင်ခဲ့ပြီး ဘယ်ရက်မှာ ပြန်လည် ရုပ် သိမ်းခဲ့ပါသလဲ။ ဘာကြောင့် ပြန်ရုပ်သိမ်းလိုက်တယ်လို့ အစ်ကို့ အနေနဲ့ သိထားပါသလဲရှင့်။
ဖြေ။ ။ မအေမီကလည်း အဲဒီဟာတွေနဲ့ ပတ်သက်ပြီး သူ့ဖေ့စ်ဘုတ်အကောင့်တွေမှာ တင်တယ်။ အဲဒီလိုတင်တဲ့အချိန်မှာ ကန့်ကွက်တာတို့၊ ဖိအားပေးတာတို့ ဘာမှ မရှိခဲ့ဘူး။ နောက်တခု စုံစမ်းသိရသလောက် ၂၀၁၅ တုန်းက အမျိုးသား တိုးတက်ရေး ပါတီက နေပြီး In-service ဗိုလ်မှူးကတော်တယောက် ဝင်ပြိုင်တယ်၊ မအေမီလိုပဲ သူလည်း ဗိုလ်ကြီး အငြိမ်းစားပဲ။
သူ့အမျိုးသားက လက်ရှိ ဆေးဗိုလ်မှူးပေါ့။ အဲဒီလို ဝင်ပြိုင်တုန်းက တပ်မတော်အနေနဲ့ ခွင့်ပြုခဲ့တယ်။ မအေမီက သူလည်း ဝင်ပြိုင်ခွင့်ရမှာပဲလို့ ယူဆပြီး လျှောက်ခဲ့တာပါ။ သူ့ဖေ့စ်ဘုတ်ပေါ်ကနေ တိုင်းသိပြည်သိ ကြေညာနေစဉ်မှာလည်း သူ့တပ် က လူကြီးပိုင်းတွေလည်း သိမယ်လို့ ထင်ပါတယ်။ ဘာမှ ကန့်ကွက်တာ မရှိခဲ့ဘူး။
ဒါပေမယ့် သြဂုတ် ၃ ရက်က သူ့အမျိုးသားကို စ ရ ဖ (စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့) က လာမေးတယ်တဲ့။ ဒါ သူပြောပြ တာ။ မအေမီဇင်ဝင်းနဲ့ ပတ်သက်ပြီး သိချင်လို့ပါ။ တခြားဟာတွေ မလိုပါဘူး။ ဘယ်မြို့နယ်က ပြိုင်မှာလဲ ဆိုတာပဲ သိချင် တာပါလို့ ပြောတယ်တဲ့။ ဗိုလ်မှူးကတော့ ရိုးရိုးသားသားပါပဲ။ ဇေယျာသီရိမြို့နယ်က ပြိုင်မှာလို့ ပြောလိုက်တယ်ပေါ့။
အဲဒီ တခုပဲမေးပြီး ကျန်တာ ဘာမှ မမေးဘူးလို့ ပြောတယ်။ စ ရ ဖ က သူ့အမျိုးသားကို မေးတာ ၃ ရက်။ မအေမီ လျှောက်လွှာ တင်တာ ၄ ရက်နေ့။ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်ကို သူ့ရဲ့ကိုယ်စားလှယ်လောင်း လျှောက်လွှာတင် လိုက်တာ။
အဲဒီတင်ပြီးတဲ့နေ့ ပြန်လာလာချင်းပဲ သူ့အမျိုးသားကို တိုင်းမှူးက သူ့ရုံးခန်းထဲခေါ်ပြီး မအေမီ ရွေးကောက်ပွဲ ဝင်ပြိုင်မယ့် ကိစ္စနဲ့ ပတ်သက်ပြီး ဝင်မပြိုင်ဖို့ ပြောတယ်။ အခုချက်ချင်း ရွေးကောက်ပွဲဝင်ပြိုင်ဖို့ ကိစ္စကို ဖျက်သိမ်းဖို့ ပြောတယ်ပေါ့။ ဖိ အားပေးတယ်လို့တော့ သိရတယ်။ ဒါကတော့ မအေမီနဲ့ သူ့အမျိုးသားတို့ ပြောသလောက်ပဲ သိရတာ။
မအေမီအနေနဲ့ကလည်း သူ့အမျိုးသားရဲ့ ရာထူးအခွင့်အလမ်း တက်လမ်းတွေအတွက် ငဲ့ပြီးတော့ အဲဒီနေ့ ချက်ချင်းပဲ ဘယ်သူ့ကိုမှလည်း မတိုင်ပင်ဘူး။ ရွေး/ကော်ကို တင်ထားတဲ့ဖောင်ကို ပြန်ရုပ်သိမ်းလိုက်တယ်။ သူ့ယောကျ်ားကို တိုင်း မှူးက ခေါ်တွေ့တယ်။ ဖိအားပေးတယ်ဆိုတော့ သူလည်း တော်တော် စိုးရိမ်သွားမှာပေါ့။
မေး။ ။ ဒီအကြောင်းတွေကို ဘယ်တုန်းက သိတာလဲ။ ဒေါ်အေမီဇင်ဝင်းကရော အစ်ကို့ဆီ တိုက်ရိုက်ဆက်သွယ်ပြီး ပြောပြ တာပါလား။
ဖြေ။ ။ ကျနော်က သူ ရုပ်သိမ်းပြီးမှ သိတာ။ ဖောင်ကိုရုတ်သိမ်းပြီးတော့မှ ပါတီကိုလည်း အကြောင်းကြားပုံ ရပါတယ်။ ကျနော့်ဆီကိုလည်း ဆက်တယ်။ ဒီလို ဖြစ်လို့ သူ့အနေနဲ့ ရုပ်သိမ်းလိုက်ပြီ ဆိုတဲ့အကြောင်း။ ကျနော့်အနေနဲ့ မအေမီကို ယုံ ကြည်တယ်။ သူသာ ဇေယျာသီရိမြို့နယ်ကနေ ဝင်ပြိုင်မယ်ဆိုရင် သူ့အနေနဲ့ လွှတ်တော်ထဲ ရောက်သွားဖို့ရာ ၈၀ ရာခိုင် နှုန်းအထက် ရှိတယ်လို့ ကျနော် မှန်းတယ်။ ပါတီကလည်း အဲဒီနယ်မြေမှာ သူ့ကို အားထားတယ်။ သူအခုလို ထွက်သွားတဲ့ အပေါ်မှာ ပါတီအတွက်လည်း နစ်နာမှုဖြစ်သလို ကျနော်လည်း စိတ်မကောင်းဘူး။
နောက်ရက်မှာပဲ သူက ပို့စ်တခု တင်တယ်။ ၂၀၁၅ တုန်းကကျ သူ့လိုပဲ ဗိုလ်ကြီးအငြိမ်းစား၊ လက်ရှိဆေးဗိုလ်မှူး တယောက်ရဲ့ဇနီး အမျိုးသား တိုးတက်ရေးပါတီကနေ ဝင်ပြိုင်ခဲ့တယ်။ အဲဒီလိုဝင်ပြိုင်တာကို တပ်မတော်ဘက်ကလည်း ခွင့်ပြုခဲ့တယ်။ သူ့ကျမှ ဘာလို့ ဒီလိုဖြစ်ရတာလဲ။ ဒီ၂၀၂၀ ကျမှ သူ့ကို ဘာလို့ တားတာလဲ ဆိုတဲ့အပေါ်မှာ၊ သူ့ကို ဝင်ပြိုင် ခွင့်မပေးတဲ့အပေါ်မှာ နည်းနည်း ခံစားချက် ဖြစ်ပုံရပါတယ်။ တင်လိုက်တယ်။
မေး။ ။ ဒီကြားထဲမှာရော အဆက်သွယ် ရှိပါသေးလား။ လက်ရှိ ဒေါ်အေမီဇင်ဝင်းတို့ အခြေအနေကရော ဘယ်လိုရှိပါ သလဲ။
ဖြေ။ ။ ကျနော့်ကို လွန်ခဲ့တဲ့ ၂/၃ ရက်လောက်ကပဲ ထပ်ဆက်တယ်။ ငိုလည်း ငိုနေတာပေါ့။ ကျနော်လည်း အခုပြောရင်းနဲ့ တကယ် စိတ်မကောင်းပါဘူး။ သူနဲ့ကျနော်နဲ့က တကယ့် မောင်နှမတွေလိုပဲ။ သူ့အမျိုးသားနဲ့ဆိုလည်း စကားပြောကြည့် တဲ့အခါ သူ့အမျိုးသားက အရမ်း ဖြူစင်တယ်။ သူ တင်ပြီးနောက်ပိုင်း သူ့ယောကျ်ားကို အရေးယူလိုက်တယ်တဲ့။
ရာထူး တက်လမ်း နှောင့်နှေးတာလား၊ ဒါမှမဟုတ် လုံးဝပဲ ရာထူးမတက်တော့အောင် အရေးယူလိုက်တာ လားတော့ မသိဘူး။ သူ့ယောကျ်ား Service ကို ထိတယ်။ အရေးယူခံရတယ်လို့ သူပြောလို့ သိရတယ်။ ကျမလည်း နှစ်ရက်လောက် ရှိပြီ။ အိပ်ရာထဲကကို မထနိုင်ဘူးတဲ့။
အဲဒါဆို ခင်ဗျား မိအေးနှစ်ခါနာ ဖြစ်တာပေါ့ဗျာ။ ကျနော်လည်း စိတ်မကောင်းပါဘူး။ ဘာလို့ဆို မအေမီ ပါတီဝင်တာလည်း ကျနော့်ဆီကနေ စုံစမ်းပြီးတော့ မအေမီ စိတ်ပါဝင်လို့ ဝင်တာပဲဖြစ်စေ ကျနော်ကူညီခဲ့တာလို့။ လွှတ်တော်ကိုယ်စားလှယ် လောင်း လျှောက်ထားဖို့လည်း ကျနော်ပဲ တိုက်တွန်းခဲ့တာဆိုတော့ ဒီအပေါ်မှာ ကျနော့် ပယောဂ မကင်းသလို ခံစားရ တယ်လို့၊ အဲဒီလိုမျိုးတော့ ကျနော်လည်း ပြောလိုက်တယ်။
အခုအချိန်မှာ အဖြစ်ချင်ဆုံးဆန္ဒက မအေမီအနေနဲ့ တပ်ဘက်က ခွင့်မပြုလို့ ဝင်မပြိုင်တော့ဘူးဆိုတဲ့အပေါ်မှာ မအေမီရဲ့ ဘဝတက်လမ်းတခု နစ်နာသွားရပြီးပြီ။ အဲဒီဟာကိုမှ ထပ်ပြီးတော့ သူ့အမျိုးသားကို အရေးယူဆောင်ရွက်တယ် ဆိုတာမျိုး သတင်းကြားရတဲ့အခါ ကျနော့် တဦးတည်းအမြင်အရ ပြောရရင် အဲဒီလိုမျိုး မဖြစ်စေချင်တာ အမှန်ပဲ။ နှစ်ယောက်စလုံး နစ် နာသွားပြီလေ။ အဲဒီအပေါ်မှာ စိတ်မကောင်းလို့ မေးသမျှကို အမှန်အတိုင်း ဖြေပေးနေတာပါ။
မေး။ ။ နိုင်ငံ့ ဝန်ထမ်းတဦး မဟုတ်တော့တဲ့၊ အငြိမ်းစားယူထားပြီးဖြစ်တဲ့ ဒေါ်အေမီဇင်ဝင်းရဲ့ ဖြစ်ရပ်နဲ့ ပတ်သက်လို့ ဘယ် လို ထင်မြင်ယူဆ ပါသလဲ။
ဖြေ။ ။ ကျနော်တို့ နိုင်ငံက ဒီမိုကရေစီစနစ်ကို သွားနေပြီလေ။ ဒီမိုကရေစီ စနစ်မှာဆိုတာ နိုင်ငံသားအားလုံးသည် နိုင် ငံရေးကို စိတ်ဝင်စားရမယ်။ ဖြစ်နိုင်ရင် ကိုယ်တိုင် ပါဝင်ကြရမယ်။ အစိုးရ ယန္တရားတခုတည်းမှာ ပါဝင်ပတ်သက်နေတဲ့ ဝန် ထမ်းတယောက်က ပါတီနိုင်ငံရေး ကင်းရှင်းရမယ်ဆိုတာ အခုချိန်မှာ ဘာမှမပြောလိုသေးဘူး။ ဒါပေမယ့် ဝန်ထမ်း မဟုတ် တော့တဲ့ အငြိမ်းစားတယောက် နိုင်ငံရေးထဲမှာ ပါဝင်လာတာက ပိုပြီးတော့ ကောင်းတယ်။ တိုင်းပြည်အတွက် အကျိုးရှိ တယ်။ ပါဝင်သင့်တယ်။
တခုရှိတာ အမျိုးသားက ဝန်ထမ်းဖြစ်နေတာ၊ တပ်မတော်အရာရှိ ဖြစ်နေတာနဲ့ ဒါမှမဟုတ် ဇနီးမယားက ဝန်ထမ်းဖြစ်နေ တာ၊ တပ်မတော်အရာရှိ ဖြစ်နေတာနဲ့ ကျန်တဲ့အရပ်သား သူ့ရဲ့ ဇနီး၊ ခင်ပွန်းက နိုင်ငံရေးမလုပ်ရဘူး၊ နိုင်ငံရေးပါတီ မဝင်ရ ဘူးဆိုတာ မဖြစ်သင့်ဘူး။ အခုလို တားဆီးတာမျိုးကိုတော့ ကျနော့်အနေနဲ့ သဘောမကျဘူး။ ဘာလို့ဆို နိုင်ငံရေး လုပ် တယ်ဆိုတာ ဒီခေတ်မှာ ရာဇဝတ်မှု မဟုတ်တော့ဘူး။ တိုင်းပြည် ပျက်စီးဖို့အတွက် လုပ်နေကြတာမှ မဟုတ်တာ။ တိုင်း ပြည်နဲ့လူမျိုး၊ ပြည်သူလူထု အကျိုးအတွက် လုပ်နေကြတာပဲ။
မေး။ ။ ဒေါ်အေမီဇင်ဝင်း ကိစ္စနဲ့ပတ်သက်လို့ ဘာများဖြည့်စွက်ပြောချင်ပါသေးလဲ။
ဖြေ။ ။ ကာယကံရှင် အတွက်လည်း နစ်နာတယ်။ ပါတီအတွက်လည်း နစ်နာတယ်။ အနစ်နာဆုံးကတော့ တကယ်လို့ များ သူသာလွှတ်တော်ထဲ ရောက်လာခဲ့မယ်ဆိုရင် တိုင်းပြည်နဲ့ ပြည်သူလူထုအတွက်လည်း အကျိုးရှိမယ့်သူ တယောက်လို့ ယုံကြည်တဲ့အတွက် နိုင်ငံအတွက်လည်း နစ်နာတယ်လို့ ထင်ပါတယ်။
အမျိုးသား ရင်ကြားစေ့ရေး ဆိုတာ ကျနော်တို့ တိုင်းပြည်အတွက် အရေးကြီးဆုံးလုပ်ငန်းပဲ။ အခု မျက်မှောက်ကာလမှာ လည်း နိုင်ငံရေးပါတီ၊ နိုင်ငံရေးသမားတွေနဲ့ တပ်မတော်နဲ့ကြားမှာ နည်းနည်း အမြင်ကွဲလွဲမှုလေးတွေ ရှိတယ်။ ဘာပဲပြော ပြော ဒီလို တပ်မတော် အရာရှိဟောင်းတယောက် ဖြစ်တယ်။ လက်ရှိလည်း သူ့အမျိုးသားက တပ်မတော်ထဲမှာ ရှိနေတယ် ဆိုတဲ့ လူငယ်တယောက်က နိုင်ငံရေးထဲမှာ ပါလာမယ်။ လွှတ်တော်ထဲ ရောက်လာမယ်ဆိုရင် တပ်မတော်နဲ့ နိုင်ငံရေး သမား တွေ၊ နိုင်ငံရေးပါတီတွေရဲ့ ကြားထဲမှာ ပေါင်းကူးတခု ဖြစ်သွားနိုင်တယ်။
ကျနော့် အမြင်ပြောရရင် အဲဒီလိုမျိုးတွေ များများ ပါဝင်လာသင့်တယ်။ မအေမီဇင်ဝင်းတို့ ဆိုတာက တပ်မတော်မှာ အကြာ ကြီး တာဝန်ထမ်းဆောင်ခဲ့တယ်။ သူတို့စိတ်၊ ခံယူချက်တွေက တပ်မတော်နဲ့ တသားတည်းပဲ။ အဲဒီမှာ ပါတီနိုင်ငံရေး ဝင် လာတဲ့အခါကျ ပါတီတွေရဲ့ မူဝါဒနဲ့ နိုင်ငံရေးသမားတွေရဲ့ လုပ်ဆောင်ချက်တွေကို အတွင်းကျကျ သိသွားတယ်။ ဒီနှစ်ခု ကြားထဲမှာ မျှခြေကို ဒီလိုလူမျိုးတွေကပဲ ရှာနိုင်လိမ့်မယ်။ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး၊ တပ်နဲ့ပြည်သူ ချစ်ကြည် ဖြူရေး ဆိုတာတွေက သူတို့တွေ ပူးပေါင်း ပါဝင်လာမှသာလျှင် ပိုအဆင်ချောမယ်လို့ မြင်တယ်။ ဒါ ကျနော့် တဦးတည်း အမြင်ပါ။
ဆက်စပ်ဖတ်ရှုရန်
တပ်မိသားစုဝင်များ ပါတီနိုင်ငံရေး မလုပ်ရန် ထုတ်ပြန်ထားဟု တပ်မတော်ပြော