ကယားပြည်နယ် ဝန်ကြီးချုပ် စွပ်စွဲပြစ်တင်ခံရတာ ဘာကြောင့်လဲ

ဇူးဇူး
ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို / ကယားပြည်နယ် အစိုးရအဖွဲ့
Want create site? Find Free WordPress Themes and plugins.

ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၅) ပုဒ်မ ၂၆၃(က)ပါ ပြဋ္ဌာန်းချက် များကို ဖောက်ဖျက် ကျူးလွန်သည်ဟု ဆိုကာ အရေးယူဆောင်ရွက်ပေးရန် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ၅ ဦးက လက်မှတ်ရေးထိုး၍ လွှတ်တော် ဥက္ကဋ္ဌထံ သြဂုတ် ၁၂ ရက်က တင်ပြခဲ့ကြောင်း သိရသည်။

ပုဒ်မ၂၆၃ (က)တွင် နိုင်ငံတော်၏ ကျေးဇူးသစ္စာတော်ကို ဖောက်ဖျက်ခြင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက် တရပ်ရပ် ကို ဖောက်ဖျက် ကျူးလွန်ခြင်း၊ အကျင့်သိက္ခာပျက်ပြားခြင်း၊ ဝန်ကြီးချုပ်၏ အရည်အချင်း ပျက်ယွင်းခြင်း၊ ဥပဒေအရ ပေး အပ်သော တာဝန်များကို ကျေပွန်စွာ မဆောင်ရွက်ခြင်း စသည့် အကြောင်းတရပ်ရပ်ကြောင့် စွပ်စွဲပြစ်တင်နိုင်ကြောင်း ဖော် ပြထားသည်။

ထိုကဲ့သို့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုအား စွပ်စွဲပြစ်တင်သည့် အကြောင်းအရာနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေး ဖော် ထုတ်နိုင်ရန် ဖရူဆိုမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ခူးသဲရယ်က ဥက္ကဋ္ဌအဖြစ် တာဝန် ယူသည့် ၅ ဦးပါ စုံစမ်းစစ်ဆေးရေး အဖွဲ့ကိုလည်း သြဂုတ်လ ၁၄ ရက်တွင် ဖွဲ့စည်းခဲ့သည်။

ကယားပြည်နယ် ဝန်ကြီးချုပ်အား စွပ်စွဲပြစ်တင်သည့် အကြောင်းရင်း၊ စုံစမ်း စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့် အသေးစိတ် အခြေအနေများကို စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌ ခူးသဲရယ်အား ဧရာဝတီက ဆက်သွယ် မေးမြန်းထားပါသည်။

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားပြုအဖြစ် မယ်စဲ့မြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၂)မှ ဝင်ရောက် ယှဉ်ပြိုင် အနိုင်ရရှိခဲ့ပြီးနောက် ကယားပြည်နယ်ဝန်ကြီးချုပ် ဖြစ်လာသည့် ဦးအယ်လ်ဖောင်းရှိုသည် လာမည့်၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ၌လည်း မယ်စဲ့မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှပင် ပြည်နယ် လွှတ်တော် ကိုယ် စားလှယ်အဖြစ် ထပ်မံဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။

ကာယကံရှင်ဖြစ်သူ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုအား ဧရာဝတီက မေးမြန်းရန် ၎င်း၏ ကိုယ်ရေးအရာရှိမှ တဆင့် ဖုန်း ဖြင့် ဆက်သွယ်ထားသော်လည်း တစုံတရာ အကြောင်းပြန်ခြင်း မရှိသေးပါ။

ဖရူဆိုမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ခူးသဲရယ် (ဓာတ်ပုံ- KnIC)

မေး။ ။ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကို ဘယ်လို အချက်တွေနဲ့ စွပ်စွဲပြစ်တင်မှု လုပ်တာပါလဲ။

ဖြေ။ ။ စက်ယန္တရား ကိစ္စတခုရယ်၊ ကယားပြည်နယ်နေ့ ပွဲတော် ကျင်းပဖို့ မြေနေရာ အများပြည်သူပိုင်မြေအဖြစ် သတ် မှတ်ပေးဖို့ ဆိုတဲ့ အဆိုကိစ္စတခုပေါ့။၂၀၁၈ ကတည်းက အောင်ခဲ့တဲ့ ဒီအဆိုတွေကို အကောင်အထည်ဖော် ဆောင်ရွက် တာ မလုပ်တဲ့အခါ ဒါ ဥပဒေ ချိုးဖောက်တာ ဖြစ်တယ်ဆိုပြီး လွှတ်တော် ကိုယ်စားလှယ်ထဲကနေ ပြစ်တင်စွပ်စွဲတာ လုပ်ကြ တာ ဖြစ်တယ်။

စက်ယန္တရား ကိစ္စကတော့ အရင် အစိုးရလက်ထက်မှာ ဝယ်ယူထားတဲ့ စက်ယန္တရား (မြေတူးစက် အပါအဝင် ဆောက် လုပ်ရေး လုပ်ငန်းသုံး) ၁၈ စီးလောက် ရှိတယ်။ အဲဒါကို ဒီအစိုးရ လက်ထက်မှာ လွှဲပြောင်းပြီးတော့မှ အငှားချထားတယ်။ အဲဒီ ငှားရမ်းခတွေက နိုင်ငံတော်ပိုင်ငွေ၊ ပြည်သူ့ဘဏ္ဍာငွေ။ ဒါတွေက ရသုံးမှန်းခြေ ငွေစာရင်းထဲမှာ မထည့်ဘဲ သူ့ဟာသူ စာရင်းဖွင့်ပြီးတော့ အပြင်မှာပဲ သုံးနေတာကို စာရင်းစစ်ချုပ်ကနေ စစ်ဆေးတွေ့ရှိပြီးတော့မှ ဒီငွေက ဘဏ္ဍာငွေ စည်းမျဉ်း စည်းကမ်းအရ ဆောင်ရွက်တာ မဟုတ်တဲ့အတွက် ဒါတွေက ငွေရေးကြေးရေးအရ လုပ်ထုံးလုပ်နည်းနဲ့ မညီဘူးဆိုပြီး စွပ်စွဲ ပြစ်တင်တာ တခုပေါ့။

နောက်တခုက မြေကိစ္စ။ ကယားပြည်နယ်နေ့ (Kayah Day) ပွဲတော် ကျင်းပတဲ့ ကွင်းနားမှာပဲ တဆက်တည်းပေါ့။ အဲဒီ နေ ရာမှာ ဟိုတယ်ဆောက်ဖို့ရယ်၊ ရေလွှာလျှောစီး လုပ်ငန်းအနေနဲ့ ဆောင်ရွက်ထားတာ ရှိတယ်။ ရေလွှာလျှောစီး လုပ်ငန်း ကတော့ သူတို့ လုပ်နေပြီ ပြီးခဲ့တဲ့၂၀၁၈ ကတည်းက။ အဲဒါတွေ ရပ်နားဖို့နဲ့ အဲဒီမြေကို Kayah Day ပွဲတော်ကျင်းပဖို့ အ တွက် အများပြည်သူပိုင်မြေ အဖြစ် သတ်မှတ်ပေးဖို့ဆိုတဲ့ အဲဒီအဆိုကလည်း အောင်တာပေါ့နော်။ အဲဒီလို အောင်သွားတဲ့ အပေါ်မှာ အစိုးရအနေနဲ့ မဖြစ်မနေ အကောင်အထည်ဖော် ဆောင်ရွက်ရမယ့် တာဝန် ရှိတယ်။ အခုအချိန်ထိ ဒါတွေက အကောင်ထည် မဖော်နိုင်သေးဘူး။

ဟိုတယ်လုပ်ငန်း လုပ်ဖို့ ဆိုတဲ့နေရာမှာ ရပ်တော့ ရပ်နားထားတယ်။ သို့ပေမယ့် ၂၀၂၀ အတွင်းမှာ အဲဒီမြေကို စည်ပင်မြေ ဆိုပြီးမှ အမည်ဖောက်ပြီးတော့ ပြန်ပြီး ငှားရမ်းခွင့်ပြုထားတယ်။ အဲဒီမြေပေါ်မှာ လုပ်ငန်း ၃ ခုပေါ့။ ကုမဏီ ၃ ခုနဲ့ တင်ဒါခေါ် ပြီးတော့မှ လုပ်ငန်းဆောင်ရွက်ဖို့ ဆိုပြီး ပြန်ငှားရမ်းခွင့် ပေးထားတယ်။ ဘာလုပ်ငန်းတွေ ခွင့်ပြုထားလဲဆို တော်ဝင်သဇင် ကုမ္ပဏီကတော့ ပရိဘောဂ ရောင်းတဲ့ဆိုင်နဲ့ ပန်းမျိုးစုံရောင်းတဲ့ဆိုင် ခွင့်ပြုပြီး စာချုပ်အရ နှစ် ၃၀ စာချုပ်နဲ့ သဘောတူ ထားတယ်လို့ ကျနော်တို့ စုံစမ်းသိရှိရတယ်။

နောက်တခု လျှံထူးအောင် ကတော့ အရင်လုပ်ငန်း ဆောင်ရွက်ထားပြီးသား ရေလွှာလျှောစီးလုပ်ငန်းက သူပဲဖြစ်နေတာ ဆိုတော့ သူလည်း ပြန်ဝင်ယူပြီးမှ လုပ်ငန်းတွေလုပ်ဖို့ မြေညှိတာတွေ ဘာတွေ ပြန်ဆောင်ရွက်နေပြီ။ ဘာတခုမှ အကောင် အထည်ဖော်တာတော့ မရှိသေးဘူး။ ဒါပေမယ့် သဘောတူညီချက် တစုံတရာတော့ ရှိနေတယ် ဆိုတာ သိရတယ်။ နောက် တခု ဟိုတယ် ဆောက်ဖို့အတွက်လည်း အရင်ကုမ္ပဏီကိုပဲ ပြန်ပြီးတော့မှ ပေးထားတယ်။

ဟိုတယ်ဆောက်ဖို့ အုတ်မြစ်ချ ထားတဲ့နေရာမှာ စားသောက်ဆိုင် ပြန်ဖွင့်ဖို့ဆိုပြီးတော့မှ ပြန်ပြီး ခွင့်ပြုထားတာပေါ့။ အဲဒီ စားသောက်ဆိုင် ခွင့်ပြုထားတဲ့အပြင် အားကစားရုံ၊ ရေသန့်စက်ရုံ၊ ဘန်ဂလိုတွေ ဆောက်ပြီးတော့မှ ပြန်ပြီး လုပ်ကိုင်ခွင့်၊ ငှားရမ်းခွင့် ပြုထားတယ်။ အဲဒါကို နှစ် ၅၀ စာချုပ်နဲ့ ချုပ်ဆိုပြီးမှ လုပ်ငန်း ပြန်စခိုင်းတယ်လို့ စုံစမ်းသိရှိရတယ်။

မေး။ ။ ဝန်ကြီးချုပ်ကို စွပ်စွဲပြစ်တင်မှုက ဘယ်တုန်းက လုပ်ခဲ့တာလဲ။ စုံစမ်း စစ်ဆေးမှုတွေရော စတင်နေပြီလား။

ဖြေ။ ။ ပြီးခဲ့တဲ့ ၁၂ ရက်ကတည်းက စွပ်စွဲပြစ်တင်တဲ့ လုပ်ငန်းတွေ ဆောင်ရွက်တယ်။ စာတင်တာပေါ့။ လွှတ်တော် ကိုယ် စားလှယ် ၅ ယောက်။ လွှတ်တော် ကိုယ်စားလှယ်ရဲ့ လေးပုံတပုံ လက်မှတ်ထိုးပြီးတော့မှ စွပ်စွဲပြစ်တင်လိုတဲ့ အကြောင်း အရာတွေကို လွှတ်တော် ဥက္ကဋ္ဌဆီ ပေးပို့ခဲ့တာ။ ပြီးတော့မှ လွှတ်တော် ဥက္ကဋ္ဌက ဒီဟာကို လက်ခံရရှိပြီးတော့မှ စုံစမ်း စစ် ဆေးရေး အဖွဲ့ ဖွဲ့ပြီး ဒီကိစ္စကို စုံစမ်းစစ်ဆေးဖို့ လုပ်နေတာ။ ကျနော်တို့ကလည်း စုံစမ်းစစ်ဆေးဖို့အတွက် တာဝန်ပေးထား ခံရတဲ့ အတွက်ကြောင့် ဒီကိစ္စတွေကို အခုလောလောဆယ် ဆောင်ရွက်နေပြီ ဖြစ်တယ်။

မေး။ ။ စုံစမ်းစစ်ဆေးမှုက ဘယ်တော့ နောက်ဆုံးထားပြီး ဆောင်ရွက်ရမှာပါလဲ။

ဖြေ။ ။ အချိန်ကာလကတော့ နှစ်ပတ်အတွင်းပေါ့။ လာမယ့်၂၈ ရက် နောက်ဆုံး ထားပြီးတော့မှ လွှတ်တော်ဥက္ကဋ္ဌဆီ ပြန်ပြီး အစီရင်ခံတင်ရမှာ ဖြစ်တယ်။

မေး။ ။ စုံစမ်းစစ်ဆေးရေး အဖွဲ့အနေနဲ့ သတ်မှတ်ရက်အတွင်း ဆောင်ရွက်နိုင်ပါ့မလား။ အခက်အခဲတွေ ရှိပါသလား။

ဖြေ။ ။ အဆင်ပြေပါတယ်။ ဘာလို့လဲဆို ဒီ တရက်နှစ်ရက်ထဲမှာ ကျနော်တို့ မေးမြန်းစုံစမ်းလိုတဲ့ ဌာနတွေကလည်း ဖိတ် ပြီးပြီ။ ကျနော်တို့ရဲ့ လုပ်ပိုင်ခွင့်အရ အကန့်အသတ် ရှိတယ်ဆိုပေမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၆၃ အရ ကျနော်တို့ ဆက် လုပ်သွားမယ်။ ကျနော်တို့ စုံစမ်း စစ်ဆေးလိုတဲ့ ဌာနက မြေစာရင်းရယ်၊ ကုမ္ပဏီတွေရယ်၊ ဝန်ကြီးချုပ်ရယ်ပေါ့။ ဝန်ကြီးချုပ် ကို နောက်တပတ် အင်္ဂါနေ့ (သြဂုတ်၂၅)ကျရင် သူ့ကို စုံစမ်းစစ်ဆေးဖို့အတွက်လည်း ကျနော်တို့ စာပေးပို့ထားပြီးသား ဖြစ် တယ်။

မေး။ ။ စွပ်စွဲပြစ်တင်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ဝန်ကြီးချုပ်ဘက်ကရော တစုံတရာ တုံ့ပြန်ထားတာမျိုး ရှိပါသလား။

ဖြေ။ ။ လောလောဆယ်တော့ မရှိသေးပါဘူး။ သူ့မှာလည်း ချေပခွင့် ရှိပါတယ်။ ကျနော်တို့ ခေါ်တွေ့တဲ့နေ့ကျရင် သူ ဘယ် လို ပြန်ချေပမလဲ ဆိုတာကို ကျနော်တို့ကတော့ မှတ်တမ်း ယူရတော့မှာပေါ့။

မေး။ ။၂၀၁၈ ကတည်းက ဖြစ်ခဲ့တဲ့ ဒီကိစ္စတွေကို ဘာလို့၂၀၂၀ သြဂုတ်မှာမှ စွပ်စွဲပြစ်တင်မှု လုပ်ရတာလဲ ဆိုတာလည်း သိချင်ပါတယ်။

ဖြေ။ ။ ဒီကြားထဲမှာ သူတို့က ပြန်ပြီးတော့မှ ဒီဟာတွေကို ဆောင်ရွက်ပေးမယ်လို့ အားလုံးက ထင်ပြီးတော့မှ အရေးယူ ဆောင်ရွက်တာတွေ မလုပ်ဘူးပေါ့လေ။ ဒီ၂၀၂၀ အတွင်းမှာပဲ တခြားခေါင်းစဉ်နဲ့ လုပ်ငန်းနဲ့ ပြောင်းပြီးတော့ ပြန်ခွင့်ပြုထား တဲ့အခါကျတော့ ဒါက ကယားပြည်နယ်နေ့ ပွဲတော်ကျင်းပရေးအတွက် အများပြည်သူပိုင်မြေအဖြစ် သတ်မှတ်ပေးတာ မဟုတ်ဘူး ဆိုတာ ဒီနှစ်ထဲမှာမှ ကျနော်တို့ သိရတဲ့အခါကျတော့ အခုမှ ပြန်ပြီးတော့ အရေးယူ ဆောင်ရွက်တဲ့အပိုင်းကို လုပ်ရခြင်း ဖြစ်တယ်။ တကယ်လို့ ဒီဟာတွေက အဆိုအောင်တဲ့အတိုင်း တကယ် အကောင်အထည်ဖော်မယ် ဆိုရင်တော့ အရေးယူစရာ အကြောင်းလည်း မရှိဘူးပေါ့။

မေး။ ။ ဝန်ကြီးချုပ်ကို စွပ်စွဲပြစ်တင်ဖို့ လက်မှတ်ရေးထိုးတဲ့ ကိုယ်စားလှယ် ၅ ဦးအနက် ၁ ဦးက သူဟာ ပြည်နယ် လွှတ် တော်က ဖိအားပေးလို့ လက်မှတ် ရေးထိုးခဲ့ရတယ်။ အဲဒါကြောင့် နုတ်ထွက်ပါတယ်ဆိုတဲ့ စာတင်တယ်ဆိုတာရော ဟုတ် ပါသလား။ အဲဒါ ဘယ်လိုဖြစ်တာပါလဲ။

ဖြေ။ ။ ဖိအားပေးပီးတော့မှ ထိုးတာမျိုးလည်း မရှိပါဘူး။ နောက်ပီးတော့ မဖတ်ဘဲလည်း လက်မှတ်ထိုးတယ် ဆိုတဲ့ဟာမျိုး လည်း မဖြစ်နိုင်ပါဘူး။ ဘာလို့လဲဆိုရင် ပြစ်တင်စွပ်စွဲဖို့ စာတင်တဲ့အခါမှာ စာက သိပ်အဆင်မချောလို့ ဥက္ကဋ္ဌရဲ့ မှတ်ချက်နဲ့ စာက ပြန်ပြင်ပြီး ဒုတိယအကြိမ် ပြန်ထိုးတာပေါ့။ ဆိုတော့ နှစ်ခါတောင် သေချာမဖတ်ဘဲနဲ့ ထိုးမိတယ်၊ ဥက္ကဋ္ဌကနေ ဖိ အားပေးပြီး ထိုးခိုင်းတယ်ဆိုတာ မဖြစ်နိုင်ပါဘူး။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျနော်တို့ဆီ ဒီမနက်ပဲ စာဝင်လာတယ်။ စုံစမ်းစစ်ဆေးရေး ကော်မတီကတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ဆက်လက်စုံစမ်း ဆောင်ရွက်သွားပါမယ်။ ဒီကိစ္စကြောင့် ကျနော်တို့ ရပ်မှာမဟုတ်ပါဘူး။

မေး။ ။ ကယားပြည်နယ် ဝန်ကြီးချုပ်ကိစ္စ စုံစမ်းစစ်ဆေးဖို့ အဖွဲ့ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားရသူ တဦးအနေနဲ့ ဘာများ ဖြည့်စွက် ပြောချင်ပါသေးလဲ။

ဖြေ။ ။ ကျနော်တို့ကတော့ တာဝန်ပေးထားချက်အရ ဆောင်ရွက်တယ်။ ဒီလို လုပ်တယ်ဆိုတာကလည်း ဥပဒေဘောင် အပြင်ကနေ လုပ်တာ မဟုတ်ဘူး။ အခြေခံ ဥပဒေအရ ဆောင်ရွက်တာ ဖြစ်တဲ့အတွက် အားလုံး တရားမျှတမှု ရှိအောင် တော့ ကျနော်တို့ လုပ်မှာပါ။ ဘယ်ဘက်ကိုမှ ဘက်လိုက်မှု ရှိမှာမဟုတ်ဘူး။ တကယ်လို့ ဝန်ကြီးချုပ်က သူချေပလို့ ဒီကိစ္စ တွေက သူတာဝန်ယူ ဖြေရှင်းတယ်၊ လုပ်ထုံးလုပ်နည်းအရ သူမှန်တယ်ဆိုရင်လည်း ဒီအတိုင်းပဲ ဆောင်ရွက်သွားမှာပါ။

တကယ်လို့ သူ့မှာ ဒီလုပ်ရပ်နဲ့ ပတ်သက်ပြီးတော့ မှားယွင်းတယ်၊ သူလုပ်တာတွေ မမှန်ဘူး၊ အခြေခံဥပဒေကို ချိုးဖောက် တယ်ဆိုရင်လည်း ဥပဒေအတိုင်း အရေးယူ ဆောင်ရွက်သွားဖို့အတွက် ကျနော်တို့ အစီရင်ခံစာကတော့ ဒီအမှန်အတိုင်းကို ရေးပြီးတော့မှ လွှတ်တော် ဥက္ကဋ္ဌဆီ ပို့မှာ ဖြစ်ပါတယ်။

နောက်တပိုင်း ဘယ်လို အရေးယူ ဆောင်ရွက်မလဲ ဆိုတာကတော့ လွှတ်တော် ဥက္ကဋ္ဌနဲ့ ကျန်တဲ့အပိုင်းတွေက ဆက်လုပ် သွားမှာပေါ့။ ကျနော်တို့ စုံစမ်းစစ်ဆေးရေး အဖွဲ့ကတော့ အမှန်အကန်ပဲ လုပ်မယ်။ ကြားနေပဲ လုပ်မယ်။ တွေ့ရှိချက်မှာပဲ ဆောင်ရွက်သွားမှာပါ။

You may also like these stories:

လာမည့်ရွေးကောက်ပွဲ မဲမပြန့်စေရေး ကယားနှစ်ပါတီ မဲဆန္ဒနယ် ခွဲဝေ ယှဉ်ပြိုင်မည်

Did you find apk for android? You can find new Free Android Games and apps.
Loading