မျိုးဗီဇပြောင်း ဗိုင်းရပ်က ကိုဗစ်ဒုတိယလှိုင်းကို ဆိုးဆိုးဝါးဝါး ဖြစ်စေနိုင်ပါတယ်

ထွန်းထွန်း
မြန်မာနိုင်ငံ ဆေးသုတေသန ဦးစီး ဌာန၊ ဒုတိယညွန်ကြားရေးမှူး ဒေါက်တာမြတ်ထွဋ်ညွန့် / ထက်ဝေ / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်နေတဲ့ COVID-19 ကပ်ရောဂါ ဗိုင်းရပ်ပိုးဟာ မျိုးဗီဇပြောင်းလဲမှုတွေရှိနေပြီး ကူးစက် ပြန့်နှံ့မှုနှုန်း ပိုမိုမြင့်မားလာလျှက်ရှိပါတယ်။

ဒီလို ကူးစက်မှုနှုန်း မြန်ဆန် သန္ဓေပြောင်း မျိုးဗီဇဗိုင်းရပ်ကို မြန်မာနိုင်ငံမှာလည်း တွေ့ရှိခဲ့ပြီးဖြစ်ပြီး ပုံမှန်ထက် ၁၀ ဆ ပိုမိုမြန်ဆန်စွာ ကူးစက်နိုင်တယ်လို့ မြန်မာနိုင်ငံဆေးသုတေသနဦးစီးဌာနက ယမန်နေ့က ထုတ်ဖော်ပြော ကြားခဲ့ပါတယ်။

လက်ရှိမှာလည်း မြန်မာနိုင်ငံအနောက်ဘက် ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ပြည်တွင်းကူးစက်မှုတွေကို ပြီးခဲ့တဲ့ ရက်ပိုင်းက ပြန်လည်တွေ့ရှိခဲ့ပြီး ယနေ့မနက်မှာတော့ ၁၀ ဦး ကူးစက်ခံရခဲ့တာ ဖြစ်ပါတယ်။

လတ်တလောတွေ့ရှိခဲ့တဲ့ မျိုးဗီဇပြောင်း ကူးစက်မြန် ဗိုင်းရပ်နဲ့ ပတ်သက်ပြီး သုတေသန တွေ့ရှိချက်တွေ၊ ကူး စက်မှု ဒုတိယလှိုင်း ဖြစ်နိုင်ချေတွေကို ဧရာဝတီ အကြီးတန်း သတင်းထောက် ထွန်းထွန်းက မြန်မာနိုင်ငံ ဆေးသုတေသန ဦးစီး ဌာန၊ ဒုတိယညွန်ကြားရေးမှူး ဒေါက်တာမြတ်ထွဋ်ညွန့်နဲ့ တွေ့ဆုံမေးမြန်းထားပါတယ်။

မေး ။      ။ ကူးစက်မှု ၁၀ ဆ မြန်တယ်ဆိုတဲ့ ကိုဗစ်ရောဂါပိုးကို ဘယ်လိုတွေ့ရှိခဲ့တာလဲ။

ဖြေ ။      ။ အခုပိုပြီးတော့ ပြင်းထန်တယ်လို့သိထားကြတဲ့ မျိုးဗီဇပြောင်းလဲတဲ့ ပိုပြီးဖြစ်စေတဲ့ ရောဂါပိုးပေါ့။ ဒါကို တွေ့ရှိမှုနဲ့ ပတ်သက်လို့ ဆေးသုတေသနဌာန၊ အဆင့်မြင့် မော်လီကျူးနည်းပညာ သုတေသနာဌာနကြီးအနေနဲ့ ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းတွေကို အကျဉ်းလေးရှင်းပြချင်ပါတယ်။

ဒီရောဂါပိုးတွေကို မျိုးဗီဇ စစ်ဆေးတဲ့အခါမှာ အပိုင်းသေးသေးလေးတွေ စစ်လို့ရသလို ရောဂါဖြစ်စေတဲ့ မျိုးဗီဇ တ ခုလုံးကို စစ်ဆေးတဲ့နည်းပညာရှိပါတယ်။ အဲ့ဒီနည်းပညာကို ကျနော်တို့ Next Generation Sequencer လို့ ခေါ် တာပေါ့။ စက်က ကျနော်တို့ဆီမှာ အရင်ထဲက ရှိပြီးဖြစ်ပါတယ်။ အဲ့ဒီစက်ကိုသုံးပြီးတော့ အရင်တုန်းကလည်း တီ ဘီရောဂါ ဖြစ်စေတဲ့ပိုးတို့၊ နောက် ဆေးယဉ်ပါးတဲ့ ဘက်တီးရီးယားပိုးတွေကို စစ်ဆေးဖော်ထုတ်နိုင်ခဲ့ပြီလည်း ဖြစ် ပါတယ်။

အခု ကိုဗစ်ရောဂါကြီးဖြစ်လာတဲ့ အခါကျမှလည်း မျိုးဗီဇတွေက သိဖို့အရမ်း(အရမ်း) အရေးကြီးတယ်။ သိဖို့လို အပ်တဲ့ အကြောင်းမလို့ ရောဂါပိုးတခုလုံးရဲ့ မျိုးဗီဇကို စစ်ဆေးဖို့ စလုပ်ခဲ့ပါတယ်။ ဧပြီလကုန်ပိုင်းလောက်ကစပြီး ဆေးသုတေသနဦးစီးဌာနက ကိုဗစ်ရောဂါ သံသယရှိတဲ့ လူနာတွေဆီကရတဲ့၊ Quarantine ဝင်နေသူတွေဆီကရတဲ့ နမူနာတွေကို ရယူပြီးတော့ ကိုဗစ်ရောဂါ ရှိမရှိကို Real Time-PCR လို့ခေါ်တဲ့ အဆင့်မြင့်မော်လီကျူး နည်းပညာနဲ့ စစ်ဆေးပေးပါတယ်။ အခုဆို နမူနာပေါင်းကလည်း အများကြီး စစ်ဆေးပြီးတဲ့အချိန်မှာ ဦးရေ ၁၁၀ ကျော် လောက်ကို ရောဂါပိုးရှိတဲ့သူတွေကို ဖော်ထုတ်စစ်ဆေးပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။

အဲ့ဒီ တရာကျော်လုံးကို ကျနော်တို့က မျိုးဗီဇ စစ်ဆေးလို့မရပါဘူး။ စစ်ဆေးဖို့ဆိုရင် မျိုးဗီဇရဲ့ ဗိုင်းရပ်ပိုးအများ ကြီး ပါရမယ်။ အဲ့ဒါမှ သူတို့ကိုစစ်ဆေးလို့ရတယ်။ အဲ့ဒီတော့ ပိုးတွေ့ခဲ့တဲ့ တရာကျော်ထဲက သုတေသနလုပ်ဖို့အ တွက် မျိုးဗီဇစက်နဲ့ သင့်တော်တဲ့ ၁၀ ခုကို ရွေးချယ်ပြီးတော့ ဆောင်ရွက်ခဲ့တာပါ။ ၁၀ ခုလောက်ကိုပဲ ရွေးချယ်နိုင် ခဲ့ပေမယ့် အဲ့ဒီ ၁၀ လောက်ကိုပဲ တော်တော်လေးခက်ခဲပါတယ်။ နည်းပညာအရဖြစ်ဖြစ်၊ ကုန်ကျမှုအရပဲဖြစ်ဖြစ် သူ့ရဲ့စက်ထဲမှာ လုပ်ဆောင်ရတဲ့ အဆင့်တွေကလည်း အဆင့်ပေါင်းများစွာကြာပြီးတော့ စက်တခါလည်ရင်လည်း နာရီပေါင်းများစွာ ကြာပါတယ်။

စက်ထဲမှာလည်ပြီးတဲ့အခါ ရလာတဲ့ မျိုးဗီဇလေးတွေကလည်း သုံးသောင်းလောက်ရှိတယ်။ ဒါလေးတွေကို ပြန်ပြီး တော့ တွက်ချက်လေ့လာရတာပဲဖြစ်ပါတယ်။ လေ့လာလိုက်တဲ့အခါ ထူးခြားတာသွားတွေ့တာက နမူနာယူထား တဲ့ ၁၀ ခုထဲကမှ ၆ ခုလောက်က အခြားနိုင်ငံတွေမှာလည်း ပြောတာများနေတဲ့ G614 ဆိုတဲ့ ဟာပေါ့။ D ကနေ G ကိုပြောင်းလဲသွားတာ တွေ့ရတာပေါ့။ ဒီဗိုင်းရပ်ပိုးကို ကြည့်လိုက်မယ်ဆိုရင် ဘောလုံးလေးမှာ Spike လို့ခေါ်တဲ့ အချောင်းလေးတွေ၊ အတန်လေးတွေကို တွေ့ရလိမ့်မယ်။ ဒီအချောင်းလေးတွေက သူကရောဂါပိုးဝင်လာတဲ့ အခါ ကျရင် အဆုပ်နဲ့ အသက်ရှုလမ်းကြောင်းမှာရှိတဲ့ နေရာမှာ ရှိနေတာပေါ့။ အဲ့ဒီအခါကျတော့ သန္ဓေပြောင်းလဲမှုလို့ ခေါ်တဲ့ D  ကနေ G ပြောင်းသွားတဲ့အခါ သူသည်ပိုပြီးတော့ ပေါင်းစပ်လွယ်တယ်။ ကူးစက်မှုမြန်စေတယ်ဆိုတာကို သုတေသနတွေအရ တွေ့ရှိထားပြီဖြစ်ပါတယ်။

ကိုဗစ်ဗိုင်းရပ်စ် မျိုးဗီဇ ပြောင်းလဲမှု ပုံစံပြ ဇယား

ကျနော်တို့ မြန်မာနိုင်ငံမှာ အရင်တုန်းကကျတော့ D ဖြစ်နေလား၊ G ဖြစ်နေလားမသိရဘူးပေါ့နော်။ သုတေသန လုပ်ခြင်းအားဖြင့် ကျနော်တို့ နမူနာ ၁၀ ခုမှာ ၆ ခုသည် G ကိုပြောင်းလဲနေတယ်ဆိုတာကို တွေ့ရှိခဲ့တာပါ။ ဒါကို လည်း အလေးအနက်ထားပြီး သတိပြုနိုင်အောင်၊ ပိုပြီးတော့ ကာကွယ်နိုင်အောင် တင်ပြပြောဆိုရခြင်း ဖြစ်ပါ တယ်။

မေး ။      ။ ကူးစက်နှုန်း ၁၀ ဆမြန်တယ်ဆိုတာက ဘယ်လိုအချက်တွေကို ကိုးကားပြီးပြောတာပါလဲ။

ဖြေ ။      ။ မျိုးဗီဇ D  ကနေ G ပြောင်းသွားတဲ့ အမျိုးအစားပြောင်းသွားရင် ဘာဖြစ်လဲဆိုတာ နိုင်ငံတကာက လက်ခံထားတဲ့ သုတေသန စာစောင်တွေထဲမှာ ပါပြီးသားပေါ့နော်။ အဲ့ဒီမှာ D ကနေ G ပြောင်းလဲမှုက တကမ္ဘာ လုံး အတိုင်းအတာနဲ့ တဖြေးဖြေး ပြောင်းပြောင်းနေတယ်။ ပြောင်းလာတာနဲ့အမျှ ကူးစက်မှုကလည်း ပိုပြီးတော့ များလာတယ်ဆိုတဲ့ သက်သေတွေ တွေ့ရတယ်။ နောက်သူတို့ရဲ့ ဓာတ်ခွဲခန်းတွေထဲမှာ ဗီဇပြောင်းသွားရင် ဘယ် လောက်တောင်မှ ကူစက်ပြန့်နှံ့မှု ပိုဆိုနိုင်လဲဆိုတာ လေ့လာစမ်းသပ်တဲ့ သုတေသနတွေလုပ်ပါတယ်။ အဲ့ဒီတွေ့ရှိ ချက်တွေကို ကိုးကားပြီး ကျနော်တို့က ဒါကိုပြောခြင်းဖြစ်ပါတယ်။ သုတေသနတွေအရလည်းပဲ ဒီပိုးသည် ဒီမှာ တွေ့နေပြီ။ အမျိုးအစားပြောင်းသွားတာတွေ တွေ့နေပြီ ဖြစ်တဲ့အတွက် မပေါ့ဆဖို့ လိုတယ်ဆိုပြီး ပြောခြင်းဖြစ် ပါတယ်။

မေး ။       ။ သုတေသန လုပ်ခဲ့တဲ့ နမူနာတွေကို ဘယ်လိုသူတွေဆီက ယူခဲ့တာပါလဲ။

ဖြေ ။       ။ နမူနာ ယူခဲ့တဲ့ ၁၀ ခုမှာဆိုရင် ၅ ခုက ပြည်တွင်းကူးစက်မှုဖြစ်ခဲ့တဲ့ နမူနာတွေထဲက ဖြစ်ပြီးတော့ နောက် ၅ ခုကတော့ ပြည်ပဖြစ်ပါတယ်။ ပြည်ပဆိုတာက ပြည်တော်ပြန်ပေါ့နော်။ ပြည်ပကနေ ပြည်တွင်းကို ဝင်ရောက်လာတဲ့သူတွေဖြစ်ပါတယ်။ အဲ့ဒီ ၅ ခုထဲမှာမှ ၄ ခုက အန္ဒိယကဖြစ်ပြီးတော့ ၁ ခုက တရုတ်ကဖြစ်ပါ တယ်။

မေး ။        ။ လက်ရှိ မျိုးဗီဇပြောင်း ဗိုင်းရပ် ကူး စက်ခံခဲ့ရတဲ့ သူတွေအခြေအနေကရော ဘယ်လိုရှိပါသလဲ။

ဖြေ ။        ။ လောလောဆယ်မှာ ဒီလူနာတွေအားလုံးက ကုသပျောက်ကင်းထားပြီဖြစ်ပါတယ်။ တခုရှိတာက နိုင် ငံတကာမှာ တွေ့ရှိချက်တွေအရ D  ကနေ G ပြောင်းသွားတဲ့အခါကျရင် ပြန့်နှံ့မှု ပိုမြန်တာဖြစ်ပါတယ်။ အရင်က ထက်ကို ၁၀ ဆ လောက်ပိုပြီး မြန်မြန်ဆန်ဆန် ကူးစက်တယ်လို့ သုတေသန တွေက တွေ့ရှိထားတာဖြစ်ပါတယ်။ ကူးစက်ပြန့်နှံ့မှု အရင်ကထက် ပိုမြန်တယ်ဆိုတော့ သူ့ဆီက ထူးခြားချက် လေးတခုလည်း ရှိပါတယ်။ မေလ ပထ မပတ် နောက်ပိုင်းမှာ တွေ့တဲ့ နမူနာနဲ့ အရင်တုန်းက တွေ့ရတဲ့ နမူနာနဲ့ ခွဲ ပြီးတော့ ကြည့်လိုက်တဲ့အခါ အရင် တုန်းက တွေ့ခဲ့တဲ့ နမူနာတွေမှာ D  ကနေ G ပြောင်းသွားတဲ့ နမူနာ တခုပဲရှိပါ တယ်။ မေလ ပထမပတ် နောက် ပိုင်းမှာ တွေ့တဲ့ဟာတွေမှာကျတော့ အကုန်းလုံးက ဗီဇပြောင်းပြီးသား အမျိုးအစား ဖြစ်နေတယ်ဆိုတာကို တွေ့ရ ပါတယ်။ ပြောင်းသွားတဲ့ အမျိုးအစားတွေကလည်း နိုင်ငံခြားကနေ ပြည်တွင်း ကို ပြန်လာတဲ့သူတွေမှာ သွားတွေ့ တာဖြစ်ပါတယ်။

ကျနော်တို့က ဘာလုပ်ထားလဲဆိုတော့ နိုင်ငံခြားက ပြန်လာတယ်ဆို စောင့်ကြည့်စင်တာ(Quarantine)မှာ ၂၁ ရက် ထားတယ်။ သေချာလေ့လာ စိစစ်မှုတွေပြုလုပ်တယ်။ အဲ့ဒီလို ပြုလုပ်နေတဲ့အတွက်ကြောင့် ပြည်တွင်းမှာ ကူးစက်မှု ဒုတိယလှိုင်း မဖြစ်ခဲ့တာလို့ အကြမ်းဖျင်းသုံးသပ်လို့ရပါတယ်။ အရင်တုန်းက ပြည်တွင်းကူးစက်မှုခေါ် တဲ့ ရန်ကုန်နေရာ တော်တော်များများမှာဖြစ်တယ်။ အဲ့ဒီတုန်းက တွေ့တဲ့ ပိုးအမျိုးအစားက အခုလိုမျိုး သိပ်ပြီး တော့ ဗီဇပြောင်းသွားတဲ့ အမျိုးအစားမဟုတ်ဘူး။ မဟုတ်တဲ့အတွက်ကြောင့်၊ ဒီဘက်က ထိန်းသိမ်းဆောင်ရွက် တာတွေကလည်း ထိရောက်တဲ့အတွက်ကြောင့် ကျနော်တို့ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်သွားနိုင်တယ်လို့ ယူဆရပါတယ်။

ကျနော်တို့ စိုးရိမ်နေတာတခုက အခုလိုမျိုး ဗီဇပြောင်းနေတဲ့ အမျိုးအစားက ပြန်ပြီးတော့ ဝင်လာပြီးတော့ ထိန်း သိမ်းနေတဲ့ကြားထဲက အကြောင်းကြောင်းကြောင့် ပြည်တွင်းကူးစက်မှုတွေ ဖြစ်လာခဲ့လို့ရှိရင် ကိုဗစ်ဒုတိယလှိုင်း ဖြစ်ပြီးတော့ တော်တော်လေး ဆိုးဆိုးဝါးဝါးလေး ဖြစ်လာနိုင်တယ်လို့ စိုးရိမ်နေတာဖြစ်ပါတယ်။ ဒီအချက်ကို သိရှိ ခြင်းအားဖြင့် မြန်မာနိုင်ငံမှာ လက်ရှိဝင်နေတဲ့ ကိုဗစ်ရောဂါပိုးတွေကလည်းပဲ တခြားနိုင်ငံမှာဖြစ်နေတဲ့ ရောဂါပိုး အားဖြင့်လည်း စိုးရိမ်ရတဲ့ ကူးစက်လွယ်တဲ့ အမျိုးအစားဖြစ်နေတာကို တွေ့နေပြီ။ ဒါကြောင့်မလို့ ပြည်သူတွေအ နေနဲ့ မပေါ့ဆဖို့ အရေးကြီးပါတယ်။ သတ်မှတ်ထားတဲ့ ညွန်ကြားချက်တွေကို တိတိကျကျလိုက်နာကြဖို့ လိုပါ တယ်ဆိုတာ ကျနော်တို့ သုတေသနတွေ့ရှိချက်က မီးမောင်းထိုးပြနေပါတယ်။

မေး ။       ။ ကူးစက်မှုတွေ ပြန့်မသွားရလေအောင် နိုင်နိုင်နင်းနင်း ဆောင်ရွက်နိုင်တဲ့ အခြေအနေရှိလား။

ဖြေ ။       ။ ဒါကတော့ တကယ်တမ်း ကျနော်တို့နဲ့တော့ မဆိုင်ဘူးပေါ့နော်။ ပြောလို့ရတာကတော့ Quarantine စင်တာတွေမှာ သေချာလုပ်ပေးတယ်လေ။ နိုင်ငံခြားကနေပြန်လာတဲ့ သူတွေကို ၂၁ ရက်စောင့်ကြည့်တယ်။ ဒီအတွင်းမှာလည်း ဝင်ဝင်ချင်းရက်ပိုင်းမှာ နှာခေါင်းတို့ဖတ် နမူနာယူပြီးတော့ တခါစစ်တယ်။ ပြန်ထွက်ကာနီးမှာလည်း ဒုတိယအကြိမ် နှာခေါင်းတို့ဖတ်ထပ်စစ်တယ်။ နှစ်ခါလုံးစစ်လို့ ကင်းလွတ်တဲ့ပုဂ္ဂိုလ်တွေမှသာ အိမ်ကိုပြန်လွှတ်တယ်။ ဒါတောင်မှ အိမ်မှာလည်း တပတ်ကို စောင့်ကြည့်ပြီးတော့ ဘယ်မှမသွားနဲ့ ဆိုတဲ့ပုံစံသွားတယ်။ ဒီလိုလုပ် တဲ့ပုံစံက တခြားနိုင်ငံတွေမှာ ကျနော်နားလည်သိရှိသလောက်က အဲ့ဒီလိုလုပ်တာမျိုးသိပ်မရှိဘူး။ ကျနော်တို့ နိုင်ငံ က ဒီလို တင်းတင်းကြပ်ကြပ်နဲ့ကိုင်တွယ်ခဲ့တာက တကယ့်ကို ထိရောက်မှုရှိတယ်ပေါ့နော်။ ဒုတိယအကြိမ်စစ်မှ ပိုးတွေ့တဲ့ လူတွေလည်းရှိတယ်။ အဲ့လိုလုပ်ခဲ့လို့လည်း ရောဂါပိုးက ပြင်းပေမယ့် ကျနော်တို့က ခုရက်ပိုင်းအထိ နိုင် နိုင်နင်းနင်း ထိန်းသိမ်းနိုင်တယ်လို့ ယူဆပါတယ်။

ကိုဗစ်ဗိုင်းရပ်စ် မျိုးဗီဇ ပြောင်းလဲမှု ပုံစံပြ ဇယား

မေး ။       ။ မျိုးဗီဇပြောင်း ဗိုင်းရပ် ကူးစက်ခံရသူက ပိုပြီးတော့ ရောဂါပြင်းထန်စွာ ခံစားရစေလား။

ဖြေ ။       ။ အဓိက ဘာလဲဆိုတော့ မျိုးဗီဇ ပြောင်းသွားရင် ပြန့်နှံ့မှုနှုန်း ပိုများသွားတာ။ သူက ဆိုးချင်လည်း ပိုဆိုး မယ်။ နောက်ဆုံးတွေ့ရှိချက်တွေအရတော့ ပိုပြီးတော့ အရမ်းကြီးမဆိုးဘူးလို့ ဆိုတယ်။ ဒါပေမယ့် ပြန့်နှံ့မှုနှုန်း သည် အရမ်းမြန်တယ်။ ဆိုတော့ ပုံမှန်မျိုးဗီဇရှိတဲ့ ပိုးက ဥပမာ- ပုံမှန် လူတယောက်ကနေ ၁၀ ယောက်လောက် ကူးတယ်ဆိုပါစို့ ဒီပိုးက အယောက် ၁၀၀ လောက်ကူးသွားလိမ့်မယ်။ ပုံမှန်ထိတွေမှု့နဲ့ကို။ အချိန်တိုတွင်းမှာကို လူ တွေအများကြီးကို မြန်မြန်ဆန်ဆန် ကူးစက်သွားနိုင်တဲ့ သဘောသဘာဝရှိတယ်ဆိုတာကို တွေ့ရှိထားတာဖြစ်ပါ တယ်။

မေး ။      ။ လက်ရှိ ကမ္ဘာမှာ အဖြစ်များနေတဲ့ နိုင်ငံတွေက ပိုးနဲ့ မျိုးဗီဇ ကိုက်ညီနေတာလား။

ဖြေ ။      ။ အခု တကမ္ဘာလုံးအတိုင်းအတာနဲ့ဆိုရင် နေရာတော်တော်များများပါပဲ၊ အာဖရိက ကလွဲရင်ပေါ့။ အရှေ့ တောင်အာရှ နိုင်ငံတွေဖြစ်တဲ့ ထိုင်းနိုင်ငံတို့၊ မလေးရှားနိုင်ငံတို့ အပါအဝင်ပေါ့။ အဲ့ဒီနေရာတွေမှာ အခုပြောနေတဲ့ မျိုးဗီဇပြောင်းသွားတဲ့ အမျိုးအစားက ဖြစ်နေပါပြီ။ သူတို့ဆီမှာလည်း တွေ့ရှိတယ်ဆိုပြီး ဒီရက်ပိုင်းမှာပဲ မလေးရှား ကျန်းမာရေးဝန်ကြီးက ကြေညာသွားတာရှိပါတယ်။ တဖြေးဖြေးနဲ့ နေရာအတော်များများမှာ အကုန်လုံး ပြောင်းနေပြီ။

မျိုးဗီဇ တခုလုံးကို စစ်ဆေးတဲ့အခါမှာ သန္ဓေပြောင်းလဲမှု တခုတည်းကိုပဲ တွေ့ရှိတာတော့ မဟုတ်ပါဘူး။ မျိုးဗီဇ အပိုင်းလေးတွေ စုစုပေါင်း ၃ သောင်းနီးပါးလောက်ကို လေ့လာတာပါ၊ ကျန်တဲ့နေရာတွေမှာလည်း မျိုးဗီဇ ပြောင်း တာလေးတွေရှိပါတယ်။ အဲ့ဒီမျိုးဗီဇ ပြောင်းတာလေးတွေအပေါ် မူတည်ပြီးတော့ အမျိုးအစားခွဲတွေကို ကျနော်တို့ က လေ့လာတယ်။ ဘာထူးခြားတာ တွေ့ရလဲဆိုတော့ အစပိုင်းမှာ တွေ့ရတဲ့အမျိုးအစားတွေက အရှေ့တောင် အာရှမှာရှိတဲ့ ပုံစံတွေ၊ မျိုးဗီဇ ဆင်ဆင်တူတယ်။ နောက်ပိုင်းတွေ့ရတဲ့ ဟာတွေကျတော့ အန္ဒိယနဲ့ ခပ်ဆင်ဆင်တူ တဲ့ အမျိုးအစားလေးတွေကို သွားတွေ့ရတယ်။ သုတေသန နမူနာတွေထဲမှာလည်း အိန္ဒိယဘက် ယူထားတာတွေ ဆိုတော့လေ။

ကျနော်တို့လုပ်တဲ့ သုတေသန နမူနာ ၁၀ ခုထဲမှာ ဘာမတွေ့ရဘူးလည်းဆိုတော့ အမေရိကားမှာဖြစ်တဲ့ နမူနာ တွေတော့ မပါတဲ့အတွက်ကြောင့်မလို့ အဲ့ဒီက မျိုးနွယ်ပုံစံမျိုးတော့ ဒီနမူနာ ၁၀ ခုထဲမှာ မတွေ့ရဘူး။

မေး ။       ။ အခုစစ်တွေမှာ ဖြစ်နေတဲ့ ကူးစက်မှုကရော ဘယ်လို မျိုးဗီဇဖြစ်မလဲ။

ဖြေ ။       ။ ကျနော်တို့ လေလောဆယ် ဘယ်လိုပုံစံနဲ့ မျိုးဗီဇစစ်တဲ့ စက်နဲ့စစ်နေလဲဆိုတော့ စောစောက ပြောသ လိုပဲ စစ်ချင်တိုင်းစစ်လို့တော့မရဘူး။ Viral Loads လို့ခေါ်တဲ့ ဗိုင်းရပ် အကောင်အရေအတွက်က စစ်ချင်တဲ့နမူနာ ထဲမှာ လုံလုံလောက်လောက်ပါရမယ်။ အကောင်အရေအတွက်တော့ရှိတယ်၊ ရောဂါလည်းတကယ်ဖြစ်တယ်၊ ဒါ ပေမယ့် အကောင်အရေအတွက်က နည်းတယ်ဆိုရင် ဘယ်လောက်စစ်ချင်စစ်ချင် စစ်လို့မရဘူး။ ကျနော်တို့စစ်ချင် တဲ့ အရေအတွက်အများကြီးရှိတော့မှ ဗီဇမျှင် တခုလုံးကို လေ့လာတဲ့နည်းပညာပေါ့နော်။ ဒီနည်းပညာကလည်းပဲ တကယ်တော့ ကျနော်တို့ တီထွင်ထားတာမဟုတ်ဘဲ နိုင်ငံတကာမှာလည်းပဲ လက်တွေ့ကျင့်သုံးနေတဲ့ Network ဆိုတာရှိတယ်။ သူတို့က မျိုးဗီဇနဲ့ပတ်သက်ပြီး အထူးသဖြင့် ကိုဗစ်ရောဂါနဲ့ ပတ်သက်တဲ့ မျိုးဗီဇကို လေ့လာနေ တဲ့အဖွဲ့အစည်းပေါ့နော်။ သူတို့ထုတ်ပြန်ထားတဲ့ အခြေခံစံနှုန်း၊ နည်းလမ်းတွေကို သုံးပြီးတော့မှ လေ့လာတာ ဖြစ် ပါတယ်။

အခုလက်ရှိ တီထွင်ထားတဲ့ နည်းပညာအရဆိုရင် လုံလုံလောက်လောက် ဗိုင်းရပ်အရေအတွက်ရှိတော့မှ ရမှာဖြစ် တဲ့အတွက် အခု ရခိုင်ဘက်မှာ ဖြစ်နေတဲ့အမျိုးအစားတွေဟာ ဘယ်လောက်အထိဖြစ်နေလဲ ပြန်လည်စိစစ်ရပါဦး မယ်။ စိစစ်ပြီးတော့ သင့်တော်တဲ့ အချိန်ရောက်ပြီဆိုရင် ကျနော်တို့ ဆက်ပြီးတော့ လေ့လာသွားဖို့ရှိပါတယ်။ ရခိုင် မှတင်မဟုတ်ပါဘူး၊ မြန်မာနိုင်ငံမှာ စစ်ဆေးတွေ့ရှိတဲ့ အထဲကနေပြီးတော့ ဆေးသုတေသနဦးစီးဌာနက စစ်ဆေး သွားတဲ့ နမူနာတွေထဲကနေ ပြန်လည်စိစစ်ပြီး ဒီထက်ပိုပြီးတော့ ထပ်မံပြီး ဘယ်လိုဟာမျိုးတွေ ဖြစ်နေလဲဆိုတာ ကို လေ့လာသွားဖို့ရှိပါတယ်။ လေ့လာလို့ ရလာတဲ့အဖြေတွေ၊ တွေ့ရှိခဲ့လို့ရှိရင်လည်း ထပ်မံပြီးတော့ သတင်းထုတ် ပြန်သွားပါမယ်။

မေး ။       ။ ကူးစက်မြန် မျိုးဗီဇပြောင်း ဗိုင်းရပ်နဲ့ ပတ်သက်ပြီး ဘယ်လိုကာကွယ်နိုင်မှာလဲ။

ဖြေ ။       ။ အဓိကတော့ ဘယ်လိုကာကွယ်မလဲပေါ့။ ဒုတိယလှိုင်းမဖြစ်အောင် ဘယ်လိုကာကွယ်မလဲဆိုရင် အ လွယ်ကူဆုံးနဲ့ အရိုးရှင်းဆုံးက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ညွန်ကြားချက်တွေကို တိတိကျကျ လိုက်နာပေးပါ။ မပေါ့ဆပါနဲ့။ အခုဆိုရင် အပြင်မှာ တချို့နေရာတွေမှာ နည်းနည်းလေးပြန်ပြီး ပေါ့နေသလိုဖြစ် သွားတယ်။ ကိုယ်လဲမဖြစ်ဘူးလို့ပဲ ထင်သွားကြတဲ့ အနေအထားဖြစ်တယ်။ ပြည်သူလူထုကို ကျနော်တို့ သုတေသ န တွေ့ရှိချက် ပိုးသန္ဓေပြောင်းသွားတယ်၊ မျိုးဗီဇတွေလည်း ပြောင်းနေပြီ။ ပြောင်းတဲ့အမျိုးအစားတွေလည်း ကျ နော်တို့ နိုင်ငံမှာတွေ့နေပြီ။ အခုရက်ပိုင်းအတွင်းမှာလည်းပဲ ပြည်တွင်းကူးစက်မှုလို့ ပြောလို့ရတဲ့ လူနာတွေစပြီး တော့ ပြန်လည်တွေ့ရှိနေပြီ။ ဒါကြောင့်မလို့ အဓိကအချက်က မပေါ့ဆကြပါနဲ့။ ညွန်ကြားချက်တွေကိုလည်း လိုက် နာကြပါ၊ ဒီလိုလိုက်နာမှလည်း ကိုဗစ်ဒုတိယလှိုင်း ဖြစ်ခဲ့ရင်တောင်မှ ကိုယ်က အဲ့ဒီအထဲမပါအောင် ရှောင်လွဲနိုင် မှာ ဖြစ်ပါတယ်။

You may also like these stories:

ရခိုင်က ပိုးကူးစက်မှု ကိုဗစ် ဒုတိယလှိုင်း အစလား

စစ်တွေတွင် Mask မတပ်ဘဲ အပြင်ထွက်လျှင် အရေးယူမည်

Did you find apk for android? You can find new Free Android Games and apps.
Loading