ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ကိုရိုနာဗိုင်းရပ်ကူးစက်မှု တနေ့ ထက်တနေ့ တိုးများလာနေသည့်အတွက် ဒေသခံ လူထုအကြားတွင် အလွန်စိုးရိမ်ပူပန်မှုဖြစ်ပွားကာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ညနေ ၈ နာရီ သတင်းနှင့် နံနက် ၈ နာရီ သတင်းကို စောင့်မျှော်ကြည့်ရှုရင်း ရတက်မအေးနိုင် ဖြစ် နေရသည်။
ကိုဗစ်ပိုးကူးသည့်သတင်း စကြားသည်နှင့်တပြိုင်နက် စစ်တွေ မြို့ခံများ အခြေခံ စားသောက်ကုန်ပစ္စည်းများကို အလုအယက် ဝယ်ယူကြသလို လက်လုပ်လက်စား မြို့ခံ အများစုမှာမူ ဝမ်းရေးအတွက် အပြင်ထွက်ပြီး အလုပ်လုပ်ကိုင်နေကြသည်ကို တွေ့မြင်ရသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သြဂုတ်လ ၁၆ ရက်မှ ယနေ့ ဩဂုတ်လ ၂၂ ရက် စနေ့နေ့ ည ၈ နာရီအထိ စစ်တွေမြို့ပေါ်တွင် ကိုဗစ်ပိုးတွေ့ရှိသူ ၄၈ ဦးနှင့် မြောက်ဦးမြို့ပေါ်တွင် ၃ ဦး စုစုပေါင်း ရက်ပိုင်းအတွင်း လူ ၅၁ ဦးအထိ ရောဂါပိုးကူစက်မှုရှိပြီ ဖြစ်သည်။
ထိုသို့ ကိုဗစ်ရောဂါပိုးတွေ့ရှိမှုမှာ စိုးရိမ်စရာဖြစ်လာသည့်အတွက် အစိုးရအဖွဲ့မှ ပိုး တွေ့လူနာ နေထိုင်ရာ ရပ်ကွက်ရှိ လမ်းတချို့ကို လော့ဒေါင်းချထားပြီး စစ်တွေမြို့ ကိုလည်း သြဂုတ်လ ၂၁ ရက်နေ့မှ စတင်ကာ ညနေ ၉ နာရမှနေ နံနက် ၄ နာ ရီအထိ ညမထွက်ရ အမိန့် ၁၄၄ ထုတ် ထုတ်ပြန်ကြေငြာထားသည်။
ကိုဗစ်- ၁၉ ရောဂါပိုးတွေ့ရှိသူများ ဘဏ်ဝန်ထမ်း ၊အစိုးရဝန်ထမ်း ၊ အန်ဂျီအို ဝန်ထမ်း များနှင့် ဒေသခံပြည်သူများ အပါအဝင် သူနာပြုများနှင့် အထူးကုဆရာဝန်ပါ ကူးစက်ခံရမှု ရှိလာသည့်အတွက် ပိုးတွေ့လူနာများ ကျန်းမာရေး အခြေအနေ၊ ဆေးရုံကြီး၏ ပိုးတွေ့လူနားများ အတွက် ပြင်ဆင်ကုသမှု အခြေအနေများနှင့် ပတ်သက်ပြီး ဧရာတီ သတင်းဌာနမှ အကြီးတန်းသတင်းထောက် မင်းအောင်ခိုင်မှ စစ်တွေဆေးရုံအုပ်ကြီး ဒေါက်တာ ဇော်လွင်အားဆက်သွယ်မေးမြန်းထားမှုအား ဖော်ပြလိုက်ပါသည်။
မေး။ ။ ပိုးတွေ့လူနာတွေရဲ့ ကျန်းမာရေး အခြေအနေက ဘယ်လိုရှိပါသလဲ။
ဖြေ။ ။ ကျနော်တို့ဆေးရုံမှာ ပိုးတွေ့ လူနာ ၄၄ ဦးရှိတယ်။ သံသယလူနာ ၆ ယောက် ရှိတယ်။ လက်ရှိဆေးရုံမှာ ကိုဗစ်လူနာ ၅၀ ဦးအတိရှိတယ်။ အဲဒီ ၄၄ ယောက်ပိုး တွေ့လူနာထဲမှာ ကျန်းမာရေး ဝန်ထမ်း ၃ ဦးပါတယ်။ ၁ ဦးက နား နှာခေါင်း လည်ချောင်း အထူးကုဆရာဝန် ။ နောက် ၂ ယောက်ကတော့ သူနာပြု။ သူတို့အားလုံးရဲ့ လက်ရှိ ကျန်းမာရေး အခြေအနေက အဲဒီအထဲမှာ အသက်အကြီးဆုံး ၈၃ နှစ် ဆရာတော် တပါးပါတယ်။ သူကိုယ်တိုင်ပင် ကျန်းမာရေးကကောင်းတယ်။ အဲဒီ ၄၄ ယောက်ထဲမှာ ကျန်းမာရေး ဆိုးဆိုးဝါးဝါး မရှိပါဘူး။
မေး။ ။ ပိုးတွေ့လူနာတွေလည်း တနေ့ထက် တနေ့ များလာတယ်ဆိုတာတော့ ကိုဗစ် ရောဂါနဲ့ ပတ်သက်ပြီး ကုသရေးပိုင်း အပါအဝင် အထောက်အကူပစ္စည်းပိုင်းမှာ လိုအပ်မှု အခြေအနေတွေကရော ဘယ်လိုရှိလဲ။
ဖြေ။ ။ ကျနော်တို့ဆေးရုံမှာ အရင်အစကတည်းက ၄ လပိုင်းကတည်းက ပြင်ဆင်ထားတာ။ လက်ဆေးရေ၊ Hand Gel၊ PPE ဝတ်စုံ၊ အဲဒီဟာတွေကို အကုန်လုံး အပြည့်အစုံရှိတယ်။
မေး။ ။ စစ်တွေဆေးရုံကြီးမှာ ကိုဗစ်ရောဂါ ပိုးစစ်ဆေးတဲ့စက် ရောက်နေတယ်လို့ သိရပါတယ်။ အဲဒီအခြေအနေလည်း တချက် ရှင်းပြပေးပါ။
ဖြေ။ ။ ကျနော်တို့ ဆီမှာ ဒီလ ၁၇ ရက်နေ့ကတည်းက ကိုဗစ်ရောဂါပိုးကို ဒီဆေးရုံမှာ ကိုယ်နှိုက် စစ်ပေးနိုင်တယ်။ မနေ့ကဆိုရင် ၃၆ ယောက် စစ်တယ်။ ၁၀ ယောက် တွေ့တယ်။ တရက်ကို အများကို ကျနော်တို့ ၅၄ ယောက် ကိုဗစ်ကို စစ်ပေးနိုင်တယ်။ ဒီမှာကို အဖြေ စောသိနိုင်တော့ လိုအပ်တာတွေကို ပြင်ဆင်လို့ အဆင် ပြေတယ်ပေါ့။
မေး။ ။ ကိုဗစ်လူနာ တွေကို ကုသဖို့အတွက် ပြင်ဆင်ထားတဲ့ အခန်းတွေက အခုအချိန်မှာ လုံလောက်မှုရော ရှိပါသလား။
ဖြေ။ ။ အရင်ကတည်းက ကျနော်တို့က လူ ၇၀ စာလောက်ပြင်ဆင်ထားတာပေါ့။ အခု လူ ၅၀ ဆိုတော့ လူ ၂၀ စာလောက် ကျန်သေးတယ်။ ကျန်သေးတဲ့ အပြင် ကျနော်တို့ နောက်ထပ် အဆောင် တဆောင် ထပ်ပြီးတော့ ပြင်တယ်။ အဲဒီနောက်ထပ် အဆောက်မှာ လူ ၅၀ လောက်ဆံ့တယ်။ ကိုဗစ်နဲ့ပတ်သက်လာရင် ပိုးတွေ့လူနာ ၁၀၀၊ သံသယ လူနာ ၂၀၊ လူနာ ၁၂၀ လောက်ကို ကျနော်တို့ ထားလို့ရအောင် ကျနော်တို့ ထားပေးနိုင်တယ်။
မေး။ ။ ပိုးတွေ့လူနာတွေက အဲဒီထက်ကျော်လွန်သွားရင် ဘယ်လို ဆောင်ရွက်ဖို့ အစီအစဉ်တွေ ရှိပါသလဲ။
ဖြေ။ ။ အဲဒီထက်ကျော်သွားရင် ဘာလုပ်မလဲဆိုရင် သူနာပြု သင်တန်းကျောင်းမှာ လူ ၁၀၀ စာထားလို့ရအောင် အခု လက်ရှိပြင်ဆင်နေတာ ရှိပါတယ်။
မေး။ ။ ဆေးရုံးမှာ ဝန်ထမ်းလုံလောက်မှု မရှိဘူးလို့လည်း ကြားသိရလို့ပါ။ အဲဒီကိစ္စ တွေကိုရော ဘယ်လို ဖြေရှင်းသွားမလဲ။
ဖြေ။ ။ ကျနော်တို့ဆီမှာ ဝန်ထမ်းနည်းနည်းလေးတော့ နည်းတယ်။
နည်းတဲ့အတွက် ဝန်ကြီးဌာနက Volunteer ဆရာဝန် ၁၀ ယောက် ၊ ဆရာမ အယောက် ၃၀ အဲဒါက မနက်ဖြန်ကနေ စလာပြီ။
လာပြီ ဖြစ်တဲ့အတွက် ကျနော်တို့က ဒီကိုဗစ်လူနာတွေ များပေမယ့်လို့ သေချာကုသပေးနိုင်တဲ့ အနေအထားရှိပါတယ်။
မေး။ ။ ရခိုင်ပြည်နယ်အတွင်းမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ကိုဗစ်ရောဂါပိုးနဲ့ပတ်သက်ပြီး ထူးခြားချက်တွေအနေနဲ့ ဘာတွေ တွေ့ရပါသလဲ ခင်ဗျ။
ဖြေ။ ။ ထူးခြားတာက ဒီကိုဗစ် တွေ့တဲ့ လူနာတွေမှာ ရောဂါလက္ခဏာက ဖျားတယ်။ နှာစေးတယ်။ တချို့ဆိုရင် လည်ချောင်းနာတယ်။ ကိုက်ခဲတယ်။ ဒါ ပုံမှန်ပေါ့နော်။ ဒါပေမယ့် ဒီမှာ ထူးခြားတာက အများစုသည် နှာခေါင်းအနံ့ မရဘူး။ အဲလိုပုံစံနဲ့ လာတယ်။ လူနာအ ခြေအနေက တအားကြီးဆိုးဆိုးဝါးဝါး မရှိဘူး။ ပြင်းပြင်းထန်ထန်နဲ့ အသက်ရှုကျပ်တယ်။ မောအောင့်နေတယ်။ အဲလိုမျိုးကြီး သိပ်မရှိကြဘူး။ ထူထူထောင် ထောင်ပဲ။ ပုံမှန်စားသောက်နေနိုင်တယ်။
မေး။ ။ နောက်တချက်ပေးချင်တာက စစ်တွေ အုန်းတော မွတ်ဆလင် IDP က တချို့ ကွာရန်တင်း ဝင်နေရတယ်လို့ပြီး ကြားရလို့ပါ။ အဲဒီ အခြေအနေကရော ဘယ်လိုရှိလဲ။
ဖြေ။။ အဲဒါကျတော့ ကျနော်တို့က ဆေးရုံအုပ်ကြီးဆိုတော့ ကုသရေးနဲ့ပဲ ဆိုင်တယ်ပေါ့နော်။ အဲဒီ IDP ကွာရန်တင်းဝင်တဲ့ကိစ္စက ပြည်သူ့ကျန်းမာရေးကနေ ဆောင်ရွက်နေပါတယ်။
မေး။ ။ ဒီနေ့ ပိုးတွေ့တဲ့ လူ ၁၆ ဦး အခြေအနေတွေကိုလည်း တချက်ရှင်းပြပေးပါ။
ဖြေ။ ။ အခု ဒီနေ့တွေ့တဲ့ ၁၆ ယောက်ကလည်း ကွာရန်တင်း ဝင်နေတဲ့ လူတွေထဲက Home Quarantine ပါတယ်။ Facility Quarantine ပါတာပေါ့။ Quarantine ဆိုက်ကနေ တွေ့တဲ့ လူ ၁၆ ယောက်ကို အခု ဆေးရုံကို တဖြည်းဖြည်း လာနေကြပြီ။ ဒီနေ့ တွေ့တဲ့ ၁၆ ယောက်သည် ဆေးရုံကနေ တွေ့တာမဟုတ်ဘူး။ ကွာရန်တင်းဝင်နေတာ ကနေတွေ့တာ။
မေး။ ။ မွတ်ဆလင် IDP မှာ လည်း ကွာရန်တင်း ဝင်နေတာရှိတော့ ဒီနေ့တွေ့တဲ့အထဲမှာ အဲဒီဘက်ကရော ပါသေးလာ ဆရာကြီး။
ဖြေ။ ။ ဒီနေ့တွေ့တဲ့အထဲမှာ အဲဒီ IDP က မပါပါဘူး။ အဲဒီဘက်က တယောက်မှ ပိုးတွေ့တာ မရှိသေးဘူး။ အခုတွေ့တာက ဒေသခံ တိုင်းရင်းသားတွေပဲ။
မေး။ ။ နောက်ဆုံးတချက်ပေးချင်တာက အခုဆိုရင် ပိုးတွေ့တဲ့ သူတွေက တနေ့တခြား များလာနေပြီဆိုတော့ နောက်ထပ်ပိုးတွေ့ သူတွေ များလာနိုင်တဲ့ အခြေအနေရှိပါသလား။
ဖြေ။ ။ ပိုးတွေ့တဲ့ လူတွေများလာနိုင်ခြေရှိပါတယ်။ အဲဒါကြောင့်လည်း ကျနော်တို့ ကုတင်တွေကို ထားဖို့ ကြိုပြင်တာ ။
အခုလက်ရှိ ကျနော့်ဆီမှာ လူနာ ၁၀၀ စာပြင်ထားတယ်။ ဒီကုတင် ၁၀၀ ကျော် နဲ့ မဆံ့ရင် နောက်ထပ် သူနာပြု သင်တန်း ကျောင်းမှာ ထားဖို့ ထပ်ပြီး ပြင်ဆင်နေတယ်။
မေး ။ ။ ဘာကြောင့် ပိုးတွေ့လူနာ များလာနိုင်တယ်လို့ ဆရာတို့ အနေနဲ့ သုံးသပ်တာလဲ ။
ဖြေ။ ။ ခုနပြောသလိုပဲ ကျနော်တို့ဆီမှာ ပိုးစစ်တဲ့အခါ ၃၆ ယောက် စစ်တာမှာ ၁၀ ယောက်တွေ့တယ်။ တွေ့ရှိတဲ့ အချိုးအစားကလည်း နည်းနည်းများတယ်ပေါ့။ နောက် ပြီးတော့ အခုလိုမျိုး ပုံမှန်ပိုးတွေ့နေတဲ့ ဇယားကို ကြည့်မယ်ဆိုရင်လည်း တဖြည်းဖြည်းနဲ့ များလာနိုင်တဲ့ အနေအထား တွေ့ရတယ်။
နောက်နေ့တွေ့မှာလည်း ဆက်ပြီး တော့ ပိုးတွေ့လူနာ ထွက်လာနိုင်သေးတဲ့ အနေအထား ရှိလာနိုင်တယ်ပေါ့။ ဒါသည် ပြည်သူကြားမျာ ပျံ့နေတာ ဖြစ်တဲ့အတွက် ပိုးစစ်လိုက်ရင်တော့ အနည်းနဲ့ အများ ပိုး တွေ့နိုင်တဲ့ အနေအထားမှာ ရှိနေတာပေါ့။ အဓိကတော့ လူ ၁၀၀ မှာ ၆၀ လောက်က ရောဂါ လက္ခဏာ မပြဘူး။
မပြပေမယ့် သူသည် ပိုးရှိနေတဲ့အတွက် အခြားတယောက်ကို ထပ်ပြီးတော့ ကူးစက်နိုင်ဖို့ ရောဂါပိုး သယ်တဲ့ လူတွေ ဖြစ်နေတယ်။ အဲဒါကြောင့်မို့ ပြည်သူတွေကြားမှာ ပိုးရှိတဲ့ လူတွေ ရှိနေနိုင်တဲ့ အတွက် တယောက်နဲ့ တယောက် ကူးစက်နိုင်တယ်။ အဲဒါကြောင့်မို့ ထပ်တွေ့ နိုင်တဲ့ အနေအထားရှိတယ်။
ဒါပေမယ့်လည်း ကျနော်တို့အားသာချက်ကတော့ ထပ်ပြီးတော့ ပိုးများများ တွေ့နိုင်ပေမယ့် အခုလက်ရှိ ကျနော်တို့ဆေးရုံမှာ ၄၄ ယောက်၊ မြောက်ဦးမှာ ၁ ယောက်။ အဲဒီ ၄၅ ယောက်လုံးဟာ ကျန်းမာရေးဆိုးဆိုးဝါးဝါး မရှိဘူး။ နည်းနည်းဖျားတယ်။ ကိုက်ခဲ့တယ်၊ အဲဒီလောက်ပဲ။ အဓိကတော့ နှာခေါင်းက အနံ့မရဘူး။
အခု ရခိုင်မှာ ဖြစ်တဲ့လူတွေက နှာခေါင်း အနံ့ မရတာ ပိုများတယ်လို့ သုံးသပ်မိတယ်။ ဒီ ၄၄ ယောက်မှာလည်း မေးလိုက်လို့ ရှိရင် နှာခေါင်း အနံ့မရဘူး။ ဖြစ်တဲ့ လူအားလုံးရဲ့ ၆၀ ရာခိုင်နုန်းကျော၊ ၇၀ ရာခ်ိုင်နှုန်းသည် နှာခေါင်းအနံ့မရဘူး ဆိုတဲ့ ရောဂါ လက္ခဏာကို ကျနော်တို့ဆီမှာ တွေ့ရတယ်။
ဆိုတော့ ကျနော်တို့ ထူးခြားချက်ပေါ့။ နောက်ပြီးတော့ အသက်ရှုကျပ်တာတို့ ၊ မွန်းကျပ်တာတို့ အရေးပေါ်တင်ရတာတို့ အဲလောက်ထိ ပြင်းပြင်းထန်ထန် မရှိဘူး။ ဒါတွေက တော့ အားသာချက်တခုပေါ့။ ဒါပေမယ့်လို့ ပေါ့လို့တော့ မရဘူး။ ဆေးပညာအရ ဒီကိုရိုနာဗိုင်းရပ်စ်သည် ကာကွယ်ဆေးလည်း မရှိသေးဘူး။
ကုသဖို့အတွက်လည်း တိုက်ရိုက် ဆေးမရှိသေးတဲ့အတွက် ရောဂါအနေအထား ဆိုတာကလည်း အချိန်နဲ့ တပြေးညီပြောင်းလဲနိုင်တဲ့အတွက် အခု ဒီလူတွေအားလုံး ဒီလို အခြေအနေ ရှိနေပေမယ့် နောက်တချိန်မှာ အသက်ရှုကျပ်တာတို့၊ ပြင်းပြင်းထန်ထန် ဖြစ်တာတို့ ဒါမျိုးလည်း ဖြစ်နိုင်ခြေရှိတယ်။ မှန်းဆက်ရ ခက်ခဲတဲ့အတွက် ပြည်သူ တွေအနေနဲ့ ရောဂါပိုး ပျံ့နှံ့မှု မရှိအောင် ကာကွယ်ဖို့ အရေးကြီးတယ် ဆိုတာကိုလည်း ကျနော် တိုက်တွန်း မှာကြားချင်ပါတယ်။
You may also like these stories:
စစ်တွေမြို့တွင် ညမထွက်အမိန့် ၁၄၄ ထုတ်ပြန်
စစ်တွေတွင် Mask မတပ်ဘဲ အပြင်ထွက်လျှင် အရေးယူမည်
ရခိုင်က ပိုးကူးစက်မှု ကိုဗစ် ဒုတိယလှိုင်း အစလား