မြန်မာနိုင်ငံတွင် အခြားနိုင်ငံများကဲ့သို့ ကိုဗစ်ကူးစက်မှုများမှာ တကြော့ပြန်ခေါင်းထောင်လာပြီ ဖြစ်ပြီး ၁၀ ရက်တာ ကာလ အတွင်း ရာနှင့်ချီပြီး ကူးစက်ပျံ့နှံ့မှုများ ရှိခဲ့သည်။ သို့ဖြစ်ရာ တွေ့ရှိနှုန်း ဆက်တိုက် တက်လာနေသည့် ကိုဗစ်ရောဂါ ကူးစက်မှု အခြေအနေများနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးကို ဧရာဝတီသတင်းထောက်သဇင်လှိုင်က ဆက်သွယ် မေးမြန်းထားပါသည်။
မေး ။ ။ အခုရက်ပိုင်း ပိုးတွေ့မှုနှုန်းကလည်း အရမ်းများလာတာကို တွေ့ရပါတယ်။ အဲဒါဘယ်လိုကြောင့်လဲဆိုတာ အရင်ဆုံး ရှင်းပြပေးပါဦး။
ဖြေ ။ ။ ဒီတခေါက်ပိုးကူးစက်မှုက တော်တော်ကို မြန်ဆန်တာ တွေ့ရပါတယ်။ ဒီလိုမျိုး မြန်ဆန်နေတာနဲ့ ပတ်သက်ပြီး တော့ ကျမတို့ ကောက်ချက်ချရမယ်ဆိုရင် ရခိုင်ဒေသမှာ ဖြစ်နေတဲ့ ရောဂါပိုးဟ အသွင်ပြောင်းတဲ့ ပိုးဖြစ်နေမလား ဆိုပြီး သုံးသပ်စရာဖြစ်ပါတယ်။
လက်ရှိမှာလည်း မြန်မာနိုင်ငံမှာ အသွင်ပြောင်းပိုးဖြစ်နေပြီ ဆိုတာကို ဆေးသုတေသန ဦးစီးဌာနကနေ ပြီးခဲ့တဲ့ရက်က သတင်းစာရှင်းလင်းပွဲမှာ ရှင်းလင်းပြီး ဖြစ်ပါတယ်။ ဒီလို မျိုးရိုးဗီဇ ပြောင်းတာကို တွေ့ရှိနေပြီ ဆိုကတည်းက ကိုယ့်နိုင်ငံမှာ ဗီဇပြောင်းပိုးတွေ ရှိနေပြီဆိုတာ ကောက်ချက်ဆွဲလို့ ရပါတယ်။
ဗီဇပြောင်းသွားရင် သဘော သဘာဝကိုက ကူးစက်မှုမြန်ပါတယ်။ အဲဒါကို ကျမတို့က ပျံ့အားလို့ ခေါ်ပါတယ်။ ပျံ့နှံ့မှုအားက မြန်ပါတယ်။ တချို့ သုတေသနစာစောင်တွေမှာ ၁၀ ဆ လောက်ထိတောင် ကူးစက်မှုမြန်တယ်လို့ ပြောတာ ရှိပါတယ်။
အသွင်ပြောင်းတဲ့ ပိုးရှိတဲ့သူမှာဆိုရင် ဗိုင်းရပ်စ်ရဲ့ အကောင် ပမာဏ များများစားစားရှိပါတယ်။ မြင့်မားပါတယ်။ မြင့်မားတဲ့အတွက်ကြောင့်မို့ သူက များများထုတ်ပြီး များများကို ကူးစက်စေပါတယ်။ ဒီပိုးက ခန္ဓာကိုယ်ကို ဝင်တဲ့အခါမှာလည်း ပိုပြီးတော့ လွယ်ကူစွာ ဝင်နိုင်တယ်လို့ တချို့ သုတေသနစာစောင်တွေက ပြောပါတယ်။ ဝင်ပြီးတော့ မျိုးပွားတာကိုလည်း မြန်မြန်ဆန်ဆန် လုပ်နိုင်ပါတယ်။
သူ့ရဲ့ရောဂါပိုးက ဘယ်လောက်ထိ ပြင်းသလဲ။ သူရဲ့ပြင်းအားဟာဆိုရင် နဂိုမူရင်းပိုးနဲ့ ကွာဟမှုရှိ၊ မရှိဆိုတာနဲ့ ပတ်သက်ပြီး သိသာထင်ရှားတဲ့ ဆက်စပ်မှုကို မတွေ့ရသေးဘူး ဖြစ်ပါတယ်။ ဒီပိုးဟာ မျိုးကွဲသွားရင် ပိုပြီး ဆိုးဆိုးရွားရွား ဖြစ်နိုင်သလား။ မဖြစ်နိုင်ဘူးလား ဆိုတာ တိကျတဲ့ အထောက်အထားတော့ မရှိသေးပါဘူး။ သို့သော် တချို့အချက်တွေအရဆိုရင် ဒီရောဂါပိုးဟာ သူရဲ့အဖျက်စွမ်းအား ပျော့သွားတယ်လို့ သုံးသပ်လို့ ရနိုင်တာတော့ ရှိပါတယ်။
ဗိုင်းရပ်စ်ရဲ့ သဘော သဘာဝနဲ့လည်း ဆိုင်ပါတယ်။ ဗိုင်းရပ်စ်တွေက နဂိုမူရင်းကနေ ပုံစံပြောင်းသွားတယ်။ သန္ဓေပြောင်းသွားတယ်ဆိုရင် သူတို့ရဲ့ မျိုးရိုးကြီး ရှင်သန်နေဖို့ ဆက်လက်ရပ်တည်နိုင်ဖို့အတွက် သူတို့တည်မှီနေတဲ့လူကို အသေမသတ်ဘူးလို့ သုံးသပ်ချက်တွေ တွေ့ရှိချက်တွေ ရှိပါတယ်။ ဆိုးဝါးပြီး သေဆုံးတဲ့အထိ ဖြစ်ဖို့အတွက် ရာခိုင်နှုန်းနည်းတဲ့ သဘောပါပဲ။ တချိန်တည်းမှာပဲ ဒီဗီဇပြောင်းပိုးဟာ ဥရောပနဲ့ အမေရိကမှာဆိုရင် ၂၀၂၀ ဖေဖော်ဝါရီလက စပြီးတော့ တွေ့ရှိနေရပြီလို့ ပြောပါတယ်။ အဲဒီအချိန်မှာပဲ ဥရောပနဲ့ အမေရိကမှာဆိုရင် ရောဂါဖြစ်ပွားမှုတွေက များပြားစွာတွေ့ရှိရတယ်။ ဒါပေမယ့် သေဆုံးမှုတွေက မများဘူးဆိုတာ တွေ့ရှိရတယ်။
ဗိုင်းရပ်စ်မျိုးကွဲတွေရဲ့ ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘောသဘာဝအရ ပြင်းထန်တာမျိုးက လျော့သွားနိုင်တယ်လို့ ခန့်မှန်းလို့ ရပါတယ်။ စင်ကာပူက ပညာရှင်တွေကလည်း ဒီအချက်ကိုပြောထားတာ ဖြစ်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာလည်း ရခိုင်ဒေသမှာ ဖြစ်ပွားနေတာက ပြင်းထန်တဲ့ ရောဂါလက္ခဏာ ခံစားနေရတဲ့သူ မပါဝင်ပဲနဲ့ သာမာန်နဲ့ အသင့်အတင့် လက္ခဏာပဲ ရှိတဲ့သူများ ပါတယ်။
ရခိုင်မှာဆိုရင် ၇၅ ရာခိုင်နှုန်းလောက်က ရောဂါလက္ခဏာတောင် မရှိပါဘူး။ အခု စမ်းကြည့်လိုက်မှ ရောဂါပိုးတွေ့တယ်။ ဖျားတာ၊ ချောင်းဆိုးတာ၊ မောပန်းတာ နှာခေါင်းနဲ့ ပါးစပ်က အနံ့အရသာ မရတာတွေ ၂၅ ရာခိုင်နှုန်း လောက်ကပဲ ရောဂါလက္ခဏာတွေ ရှိပြီးတော့ ၇၅ ရာခိုင်နှုန်းလောက်က ရောဂါလက္ခဏာ မရှိပါဘူး။
ဒါဆိုရင် ပိုပြီးတော့ ဂရုစိုက်ရမှာ ဖြစ်ပါတယ်။ ကိုယ့်အနီးနားမှာရှိတဲ့ မိတ်ဆွေအပေါင်းအသင်း ဟာလည်း ရောဂါလက္ခဏာ မပြပဲနဲ့ ရောဂါ ကူးစက်ထားတဲ့လူ၊ ကူးစက်နိုင်တဲ့လူ၊ ဖြန့်နိုင်တဲ့လူ ဖြစ်နိုင်ပါတယ်။
အဲဒီတော့ တတ်နိုင်သမျှ လူအုပ်ထဲကို မသွားဖို့ ကျမတို့ အနေနဲ့ ဗိုင်းရပ်စ်ကိုပြန့်ပွားအောင် အခွင့်အရေးမပေးဘူးဆိုရင် ကူးစက်မှုမဖြစ်နိုင်ပါဘူး။ ဖြစ်ပွားကူးစက်မှုတွေ ပြုတ်ကျ သွားနိုင်ပါတယ်။ ဖြစ်ပွားကူးစက်မှုတွေ ပြုတ်ကျသွားတာနဲ့ တပြိုင် နက် ကျမတို့ကောင်းကောင်း ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။ ရောဂါတခုရဲ့ သဘောသဘာဝကတော့ စဖြစ်ကာစမှာ တောက်လျှောက် အရှိန်အဟုန်ပြင်းပြင်းနဲ့ တက်ပါတယ်။ ပြည်သူလူထုသာ ပါရင် ကျမတို့ထိန်းနိုင်ပါတယ်။ ပြည်သူလူထု အနေနဲ့ လိုက်နာဖိို့ မခက်ပါဘူး။ လူတိုင်းလုပ်နိုင်တဲ့ အရာတွေ ဖြစ်ပါတယ်။
နံပါတ်စဉ်အလိုက်ဆိုရင် stay at home မြို့နယ်တွေက လူတွေဟာ စည်းကမ်းအတိုင်း တိတိကျကျ လိုက်နာဖို့ လိုပါတယ်။ နံပါတ်၂ အချက်က mask ကို တပ်ရမှာ ဖြစ်ပါတယ်။ နံပတ် ၃ အချက်က လက်ကို စက္ကန့် ၂၀ ကြာဆေးရမှာ ဖြစ်ပါတယ်။ ၄ အချက်ဆိုရင် လူထူထပ်တဲ့ အရပ်ကို ရှောင်ပါ။ နံပါတ် ၅ အချက်ကတော့ တယောက်နဲ့တယောက် ၆ ပေအကွာ နေဖို့ ဖြစ်ပါတယ်။ နံပါတ် ၆ အနေနဲ့ကတော့ ချောင်းဆိုးတယ်။ မောတယ် အနံ့အရသာ မရဘူးဆိုရင် သက်ဆိုင်ရာ Fever Clinic မှာ သွားရောက် စစ်ဆေးပြီးတော့ ကုသမှု ခံယူရမှာ ဖြစ်ပါတယ်။
နောက်တချက်က ၈ လပိုင်း ၁၆ ရက်နေ့ နောက်ပိုင်းမှာ ရခိုင်ပြည်နယ်ကနေ အကြောင်းအမျိုးမျိုးကြောင့် နေရာအနှံ့ကို ရောက်ရှိနေတဲ့ ပြည်သူပြည်သားတွေ အနေနဲ့ တာဝန်သိသိ သစ္စာရှိရှိနဲ့ ရခိုင်ပြည်နယ်ကနေ လာခဲ့ပါတယ် ဆိုတာကို သက်ဆိုင်ရာ အုပ်ချုပ်ရေး အာဏာပိုင် အဖွဲ့အစည်းတွေကို အကြောင်းကြားရမှာ ဖြစ်ပါတယ်။ အကြောင်းမကြားဘူး၊ ဖွက်ထားပေးမယ်ဆိုရင်၊ အကြောင်းကြားဖို့ ပျက်ကွက်တယ် ဆိုရင် တကယ်လို့သာ ရောဂါ ဖြစ်တာကိုသာ ပေါ်ပေါက် လာရင် ကူးစက်ရောဂါ ကာကွယ်နှိမ်နှင်းရေး ဥပဒေအရ ဒါဟာ တိုင်ကြားရမယ့် ကူးစက်ရောဂါ ဖြစ်တဲ့အတွက် အရေးယူခံရမှာ ဖြစ်ပါတယ်။
အရေးယူခံရရင် ထောင်ဒဏ် ၆ လ သို့မဟုတ် ငွေဒဏ်၊ ဒဏ် ၂ ရပ်လုံးလည်း ဖြစ်နိုင်ပါတယ်။ ဒီရောဂါကို သဘာဝဘေးလို့ သတ်မှတ်ထားတဲ့ အတွက်ကြောင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဥပဒေ အရလည်း လိုက်နာဖို့ ပျက်ကွက် တယ်ဆိုရင် ထောင်ဒဏ် ၁ နှစ် သို့မဟုတ် ငွေဒဏ် သို့မဟုတ် နှစ်ခုလုံး ချမှတ်နိုင်ပါတယ်။ ဒါတွေကိုလည်း ပြည်သူတွေကို သိစေချင်ပါတယ်။
ဥပဒေနဲ့ ပြုလုပ်တာ ထက်စာရင် ကိုယ့်အသိစိတ်ရှိရှိနဲ့ အသိပေး အကြောင်းကြားရမှာ ဖြစ်ပါတယ်။ ပတ်ဝန်းကျင်ကလည်း ခွဲခြားဆက်ဆံတာ၊ နှိမ့်ချခြင်း၊ အထင်သေးခြင်း မပြုလုပ်ရပါဘူး။
နောက်ဆုံးအချက်ကတော့ သက်ဆိုင်ရာ အားကစားနဲ့ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်တွေကို လိုက်နာရမှာ ဖြစ်သလို ဒေသဆိုင်ရာ အုပ်ချုပ်ရေး အမိန့်တွေ လိုအပ်တဲ့ လမ်းညွှန်ချက်တွေကို တိတိကျကျ လိုက်နာရမှာ ဖြစ်ပါတယ်။ ဒီအချက် တွေကိုသာ အားလုံးက တက်ညီလက်ညီနဲ့ တာဝန်သိသိ လိုက်နာမယ် ဆိုရင် အခုလက်ရှိ အခြေ အနေ အရ ဆိုရင် ထိန်းနိုင်ပါတယ်။ အခုက တက်နေဆဲ ကာလဖြစ်တယ်။ နောက် ၂ ပတ်ကို အဓိက စောင့်ကြည့်ရမှာ ဖြစ်တယ်။ နောက်နှစ်ပတ်မှာ ဒါတွေက တန့်သွားမလား၊ တန့်သွားတာကနေ ကျသွားမလားပေါ့ ကျသွားနိုင်ဖို့ဆိုတာ လုပ်နိုင်တဲ့ အစွမ်းက ပြည်သူလူထုမှာပဲ ရှိပါတယ်။
မေး ။ ။ ကူးစက်မြန်လာတဲ့ အနေအထားကို ဒုတိယလှ်ိုင်း ဖြစ်နေပြီလို့ ပြောကြတော့ အဲဒီအပေါ်မှာ ဘယ်လိုသုံးသပ်မိ လဲရှင့်။
ဖြေ ။ ။ အရှေ့ပိုင်းကာလမှာဆိုရင် ၇ လပိုင်း၊ ၁၆ ရက် လောက်မှာ ပိုးတွေ့တဲ့ လူနာရှိပေမယ့် ၁ လကျော် ၂ လလောက် ပိုးတွေ့တဲ့ လူနာ မရှိတော့ပါဘူး။ တော်တော်လေးတော့ ထိန်းချုပ်နိုင်ပြီလို့ ထင်ပေမယ့်လို့ ၁၆ ရက် ၈ လ မှာ ပိုးပြန် တွေ့ လာတယ်။ ၁၇ ရက်ပဲ မတွေ့ဘဲ တောက်လျှောက် ဆက်စပ်ပိုးတွေ တွေ့လာတော့ ရောဂါရဲ့ ခေါင်းလောင်းပုံလေးနဲ့ ပြောမယ်ဆိုရင် အခုက တက်နေတဲ့ ကာလဖြစ်ပါတယ်။ အဲဒါကြောင့် နောက်ထပ်၊ နောက်ထပ် ပိုးတွေ့လူနာတွေ ထပ်ရှိဦးမှာ ဖြစ်ပါတယ်။ အချိန်အတိုင်းအတာ တခုအထိ ကြာပါတယ်။ ရောဂါကူးစက်မှုကို ဖြတ်တောက်နိုင်တဲ့ နည်းလမ်း တွေ ကိုလည်း ကျမတို့ ကြပ်ကြပ်မတ်မတ် ဆောင်ရွက်နေပါတယ်။
ရောဂါထိန်းချူပ်နိုင်ဖို့ကို ဘက်ပေါင်းစုံကနေ လိုအပ်ပါတယ်။ Second Wave အစလို့ ပြောလို့ရနေပါပြီ။ ဒုတိယလှိုင်းတွေက ပထမလှိုင်းထက် ကြီးတတ်ပါတယ်။
ဒါပေမယ့် အဲဒီလှိုင်းက ဘယ်လောက်အထိ ကြီးမလဲ ကိစ္စရပ်တွေက ဘယ်သူ့အပေါ် မှီခိုနေလဲ ဆိုရင် ပြည်သူလူထုအပေါ် အဓိက တည်မှီနေပါတယ်။ ကျမတို့က ရောဂါပိုး မကူးစက်အောင် ဒီလိုလုပ်ပါ ဒီလိုနေထိုင်ပါ ပြောပေမယ့် ပြည်သူလူထု ကနေ တိတိကျကျ တသွေမတိမ်း လိုက်နာမှသာ အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။
ဒုတိယလှိုင်းကြီး၊ မကြီးဆိုတာ ပြည်သူ တွေ အပေါ်မှာ အများကြီး မူတည်နေပါတယ်။ ပြည်သူလူထုရဲ့ အားစိုက်ထုတ်မှုတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ အထောက်အကူပြု ဝန်ထမ်းတွေ၊ သက်ဆိုင်ရာ အုပ်ချုပ်ရေး အာဏာပိုင်တွေ၊ နှီးနွယ် ဝန်ကြီးဌာနတွေ အားလုံး ပူးပေါင်းပြီးတော့ တက်ညီလက်ညီနဲ့သာ အားကြိုးမာန်တက်သာ ဆောင်ရွက်လိုက်မယ် ဆိုရင် လှိုင်းအကြီးကြီး မဖြစ်ဘဲနဲ့ လှိုင်းပြေလေးမှာတင် သေသွားနိုင်ပါတယ်။ နောက်ထက် ၂ ပတ်လောက်တော့ စောင့်ကြည့်ရဖို့ လိုပါတယ်။
မေး ။ ။ အခုလက်ရှိက ဒုတိယလှိုင်း ဖြစ်နေပြီဆိုတော့ ပထမလှိုင်းလိုမျိုး ကာကွယ်နည်းတွေ ကုသနည်းတွေနဲ့ လုံလောက် ပါ့မလား ဆိုပြီးစိုးရိမ်နေကြပါတယ်။ အဲဒီအပေါ်မှာရော ဆရာမအနေနဲ့ ဘယ်လိုမြင်လဲ သုံးသပ်ပေးပါဦး။
ဖြေ ။ ။ ပထမလှိုင်းမှာ ဆိုရင်တော့ ဖြစ်ပွားမှုက ဒီလောက်မမြန်ဆန်ဘူး။ သေဆုံးသူကလည်း ၆ ယောက်ပဲ ရှိတယ်။ တကယ် ပြန်ကောင်းတဲ့သူတွေက အများကြီးပဲ။ သို့သော် ပထမလှိုင်းမှာ ရှိတဲ့ ကုသမှုနဲ့ ဒီလူတွေကို ကုသမှုပေးရင်ရော ဆိုတော့ ရပါတယ်။ လက်ရှိ အရှေ့မှာ သက်သာပျောက်ကင်းနေတဲ့ ပိုးကင်းစင်အောင် ကုသပေးနိုင်တဲ့ ရာဇဝင်ရှိပါတယ်။ အခုလည်း လက်ရှိမှာဆို ရခိုင်မှာ ရောဂါပိုးတွေ့ရှိတဲ့ လူ ၇၅ ရာခိုင်နှုန်းကဆိုရင် ရောဂါပိုးလက္ခဏာတောင် မရှိပါဘူး။ သူတို့ ရောဂါ လက္ခဏာပေါ် မူတည်ပြီး ကုသရမှာ ဖြစ်ပါတယ်။ နောက်ပိုင်းဆိုရင် ကျမတို့ ရောဂါပိုးတွေ့ လူနာတွေထဲက နောက်ခံရောဂါ မရှိဘူး၊ အသက်ကလည်း မကြီးဘူး ရောဂါလက္ခဏာ မရှိနေတဲ့ သူတွေကို ဆေးရုံမှာ မဟုတ်ဘဲ သီးခြား တနေရာထားရှိဖို့ စီစဉ်ထားပါတယ်။
ဆေးရုံမှာတော့ အသက်ကြီးတယ်၊ နောက်ခံရောဂါ ရှိတာကိုတော့ အနီးကပ် စောင့်ရှောက်ထားဖို့ အစီအစဉ်ရှိပါတယ်။ လက်ရှိ ကုသပေးနေတာဆို ၆ ယောက်သေတယ်။ သေဆုံးမှု မရှိတာဆိုရင် ၄ လကျော်ပြီ ဖြစ်ပါတယ်။ ကျမတို့ ကုသမှု တွေ စောင့်ရှောက်မှုတွေ အဘက်ဘက်ကနေ ပြည့်စုံအောင်လုပ်ထားလည်း ဆိုတာကို သိရှိနိုင်မှာ ဖြစ်ပါတယ်။ အခု လက်ရှိမှာလည်း လူနာတွေကို ကုသနိုင်ဖို့ အတွက် ပျောက်ကင်းသွားသူတွေရဲ့ သွေးရည်ကြည်တွေကို အလှူခံ ထားတာ တွေလည်း ရှိပါတယ်။ ဒါကိုလည်း လိုအပ်ရင် လိုအပ်သလို ကုသမှု ပေးနိုင်ပါတယ်။
ဒီရောဂါက အခုချိန်ထိတော့ ထိရောက်တဲ့ ကာကွယ်ဆေး မရှိသေးပါဘူး။ ဒီဆေးက ဒီရောဂါအတွက်ဆိုတဲ့ ကုသဆေးလည်း မရှိသေးပါဘူး။ ဒါကို ပြည်သူလူထုကို စိုးရိမ်မှုတော့ အများကြီး မရှိစေချင်ဘူး။ ထိရောက်တဲ့ ကာကွယ်ဆေး၊ ကုသဆေး မရှိပေမယ့်လို့ ရောဂါ ကာကွယ်ရေး နည်းလမ်းတွေနဲ့ ကာကွယ်စောင့်ရှောက်ပေးလျှက် ရှိပါတယ်။
မေး ။ ။ ဒီရက်ပိုင်း ထုတ်ပြန်တဲ့ စာရင်းတွေထဲမှာ ဆိုရင် Silent Carriers ကူးစက်မှုတွေ ရှိနေလားဆိုပြီး စိုးရိမ်ကြတော့ အဲဒါကရော ရှိနေပြီလို့ ပြောလို့ရလား။
ဖြေ ။ ။ ရခိုင်မှာ စစချင်းဖြစ်တဲ့ Case 375 လည်း ဘယ်ကကူးစက်တယ် ဆိုတဲ့ အထောက်အထားလည်း မတွေ့သေးပါဘူး။ ပြည်သူထဲမှာလည်း ရောဂါမပြဘဲနဲ့ ရောဂါပိုး ရှိနေနိုင်တဲ့ Silent Carrier တွေ အများကြီး ရှိနေနိုင်ပါတယ်။ ဒါကြောင့် ပြောတာပေါ့။ ဒီရောဂါပိုးက ဘယ်သူမှာမဆို ရှိနေနိုင်တယ်လို့ သဘောထားပြီးတော့ Mask တပ်ပါလို့ တိုက်တွန်း နှိုးဆော်ခြင်း ဖြစ်ပါတယ်။ လူတိုင်း လူတိုင်းသာ Mask တပ်မယ် ဆိုရင်တော့ ရောဂါပိုးက ဝင်ရောက် ကူးစက်မယ် ဆိုရင် တောင် အခွင့်မသာပါဘူး။
လူတွေက လှပဖို့ အရှက်အတွက် အဝတ်အစားတွေ ဝတ်တယ် အဲဒီလိုပဲ ကိုယ့်အသက်အတွက် Mask တပ်ဖို့ လိုပါတယ်။
ဘယ်သူ့ဘယ်သူကမှ ရောဂါပိုးရှိတယ်ဆိုတာ မသိတဲ့အတွက်ကြောင့် ကိုယ့်အနီးအနားက လူကလည်း ရောဂါပိုး ရှိပြီးတော့ ရောဂါလက္ခဏာ မပြတဲ့လူ ဖြစ်နိုင်တဲ့ အတွက်ကြောင့် လူကြားထဲ မသွားဖို့ အရေးကြီးပါတယ်။
မေး ။ ။ လက်ရှိ ရောဂါပိုး စစ်ဆေးနိုင်မှု အနေအထားကရော ဘယ်လိုရှိပါသလဲ။
ဖြေ ။ ။ ရောဂါပိုး စစ်ဆေးတာက ဒီနေ့ဆို စစ်တာ ၂၀၀၀ ကျော်ပါတယ်။ အများစုကတော့ ၁၅၀၀ နဲ့ ၂၀၀၀ ကြား စစ်ဆေးနေပါတယ်။ အဲဒါက ဘယ်လောက်အထိ တိုးချဲ့ပြီး စစ်ဆေးနိုင်တယ် ဆိုတာလည်း case ရှိရင်ရှိသလို တိုးချဲ့ပြီး စစ်ဆေး နိုင်ပါတယ်။ NHL ကလည်း အများကြီး စစ်ပေးနိုင်ပါတယ် ၁၅၀၀ လောက်အထိ စစ်ဆေးနိုင်ပါတယ်။
မန္တလေး ပြည်သူ့ ကျန်းမာရေး ဓာတ်ခွဲခန်းမှာလည်း စစ်ဆေးနိုင်ပါတယ်။ မော်လမြိုင် ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲခန်းမှာလည်း စစ်ဆေး နိုင်ပါတယ်။ ဆေးသုတေသန ဦးစီးဌာနမှာလည်း ၃၀၀၊ ၄၀၀ မက စစ်ဆေးနိုင်ပါတယ်။ အဲဒါ အပြင် စစ်တွေမှာ စစ်ဆေးတာလည်း တနေ့ ၁၀၀ ဝန်းကျင် စစ်ဆေးနိုင်ပါတယ်။
စစ်ဆေးရုံဘက်ကလည်း ကျမတို့ ပို့ရင်ပို့သလောက် လိုအပ်သလောက်ကို စစ်ဆေးပေးလျက် ရှိပါတယ်။ လိုအပ်ရင် ထပ်တိုးပြီး စစ်ဆေးဖို့ကိုလည်း သူတို့အနေနဲ့ ကူညီပေးဖို့ အသင့်ပဲ ဆိုတာကိုလည်း သိရပါတယ်။ နောက်တပတ် လောက်မှာ တောင်ကြီးမှာလည်း ဓာတ်ခွဲစစ်ဆေးဖို့ အတွက်ကို ဆောင်ရွက် နေပါတယ်။ ဓာတ်ခွဲစစ်ဆေးတဲ့ ပစ္စည်းတွေ ပြတ်လပ်မှု မရှိစေဖို့ လိုအပ်သလောက် ရရှိနိုင်ဖို့ ကိစ္စရပ်တွေကို ဆောင်ရွက်နေပါတယ်။
မေး ။ ။ အခုဆို ကျောင်းတွေကိုလည်း ပြန်လည်ပိတ်လိုက်ပြီဆိုတော့ လူအများ နေ့စဉ်သွားလာလှုပ်ရှားနေတဲ့ စားသောက်ဆိုင်တို့ ၊ လက်ဖက်ရည်ဆိုင်တို့ ဖွင့်လှစ်တာတို့ကို လက်ရှိချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ပဲ ဆက်သွားမလား ဒါမှမဟုတ် အခြေအနေပေါ်မူတည်ပြီး ပိတ်လောက်တဲ့ အခြေအနေ ရှိမလားရှင့်။
ဖြေ ။ ။ လက်ရှိအခြေအနေမှာတော့ ထုတ်ပြန်ထားတဲ့ ကာကွယ်ရေးနည်းလမ်းတွေ၊ အကာအကွယ်တွေ၊ လက်ဆေးဖို့ ပြင်ဆင်ထားတာတွေ၊ လက်သန့်ဆေးရည် ထားပေးတာတွေ၊ စားပွဲဝိုင်းခြားတဲ့ ကိစ္စတွေ ဒါတွေကိုတော့ အမြဲမပြတ် ရှောင်တခင် စစ်ဆေးနေတာတွေ ရှိပါတယ်။ ဒီလိုစစ်ဆေးမှုနဲ့ ကိုက်ညီတဲ့ဆိုင်ကတော့ ဖွင့်ခွင့်ရမှာ ဖြစ်ပါတယ်။ တခါ စစ်ဆေးလို့ အဆင်ပြေပြီဆိုရင် ကိုက်ညီတယ်ဆိုပြီး တသက်လုံး ဖွင့်ခွင့်ရမှာ မဟုတ်ပါဘူး။ အမြဲစစ်ဆေးနေပါတယ်။ ရှောင်တခင်လည်း စစ်ဆေးနေပါတယ်။ အဲဒီအပိုင်းမှာ ဆိုရင်တော့ ညီညွတ်တဲ့ အပြုအမူတွေ ချမှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေ အတိုင်း ဆောင်ရွက်နေတယ် ဆိုရင်တော့ ပိတ်သိမ်းစရာ မရှိပါဘူး။
မေး ။ ။ နောက်ဆုံးအနေနဲ့ ဘာများဖြည့်စွက်ပြောချင်တာရှိသေးလဲ။
ဖြေ ။ ။ ပြည်သူတွေအနေနဲ့ အရမ်း မစိုးရိမ်ပါနဲ့။ ထိန်းနိုင်ပါ့မလား တခြားနိုင်ငံလို ဖြစ်ပွားမှုတွေ အများကြီး သေဆုံးမှုတွေ အများကြီးနဲ့ ထိန်းမန်ိုင်သိမ်းမရ ဖြစ်ရင်တော့ ငါတို့ တိုင်းပြည်တော့ ဒုက္ခပဲ။ ငါတို့ တိုင်းပြည်က ချမ်းသာတဲ့ တိုင်းပြည် မဟုတ်ဘူး စသဖြင့် တွေးပူနေကြမယ် ဆိုတာလည်း ကိုယ်ချင်းစာပါတယ်။ ကျမလည်း ပြည်သူထဲက ပြည်သူတယောက်မို့ ပြည်သူတွေရဲ့ ခံစားချက်နဲ့ ထပ်တူပါပဲ။ သို့သော် စိုးရိမ်နေရုံနဲ့ ရောဂါဆိုးကြီးကို ရှောင်လွှဲနိုင်မှာ မဟုတ်ပါဘူး။ လက်ရှိ အနေအထားအရ ကျမတို့က ထိန်းနိုင်နေပါတယ်။
ထိန်းနိုင်နေတယ် ဆိုတာက positive တွေ့ရင် တွေ့တဲ့သူတွေကို သီးခြားထားပြီးတော့ ကုသပေးနိုင်တယ်။ positive များလာရင် ဆေးရုံတွေပေါ့ ဖောင်ကြီးမှာဆို လူ ၂၀၀၀ စာကုသနိုင်မှု ပေးနိုင်ဖို့အတွက် ပြင်ဆင်ထားတာ ရှိပါတယ်။
ရခိုင်မှာလည်း အားကစားကွင်းတွေ အားကစားရုံတွေ တိုင်းရင်းဆေးရုံတွေ စသဖြင့် ယာယီဆေးရုံ အဖြစ် သုံးလို့ရနိုင်တဲ့ နေရာတွေက အစီအစဉ်ရှိပြီးသား ဖြစ်ပါတယ်။
ပြည်သူတွေ အနေနဲ့ စိုးရိမ်သောက များခြင်းဟာ ဆိုရင် ကိုယ်ခံအားကို ကျစေပါတယ်။ ကိုယ်ခံအားကျရင် ရောဂါပိုး ကူးစက်နိုင်ခြေများပါတယ်။ ပြည်သူတွေ မစိုးရိမ်နဲ့ မပြောပါဘူး စိုးရိမ်သင့်သလောက် စိုးရိမ်ပါ။ စိုးရိမ်တာက ရောဂါကို မတားဆီးနိုင်တဲ့ အတွက်ကြောင်မလို့ Mask တပ်ပါ၊ လက်ဆေးပါ၊ လူထူထပ်တဲ့ နေရာတွေ မသွားပါနဲ့၊ တယောက်နဲ့ တယောက် ၆ ပေခွာပါ၊ quarantine စည်းကမ်းတွေအတိုင်း လိုက်နာပါ၊ ရောဂါလက္ခဏာရှိရင် ချက်ချင်း အကြောင်း ကြားပါ၊ quarantine ကို ဘယ်လိုနည်းနဲ့မှ ရှောင်မပြေးပါနဲ့ ရှောင်ပြေးတာက ဥပဒေ ချိုးဖောက်ရာ ရောက်ပါတယ် အရေး ယူ ခံရနိုင်ပါတယ်၊ ဒီအချိန်မှာဆိုရင် ဘယ်ညအိပ်ညနေ ဧည့်သည်ကိုမှ လက်မခံတာ အကောင်းဆုံးပါပဲ။
မိမိပတ်ဝန်းကျင်မှာ ခရီးသွားပြီး ပြန်လာတဲ့သူတွေ၊ ရခိုင်သွားပြီး ပြန်လာတဲ့သူတွေ ရှိနေတယ်ဆိုရင် သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးကို သတင်းပေးဖို့လည်း အရေးကြီးပါတယ်။ အရေးကြီးတာတော့ သူတို့ကို ခွဲခြားနှိမ့်ချ ဆက်ဆံ ခြင်း မပြုလုပ်ဖို့ပါပဲ။ လက်ရှိဖြစ်နေတဲ့ အခြေအနေကို ကျော်လွှားနိုင်ဖို့ တခုတည်းသော နည်းလမ်းကတော့ ပြည်သူလူထု ရဲ့ အားစိုက်ထုတ်မှုတွေကို စုစည်းပြီးတော့ လုပ်ခြင်းအားဖြင့် ရောဂါဆိုးကြီး အန္တရာယ်ကနေ ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။ အားမလျှော့ကြပါနဲ့ စိတ်ဓာတ်မကျကြပါနဲ့။ ကျမတို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ချက်တွေကို တိတိကျကျ လိုက်နာပေးဖို့ မေတ္တာရပ်ခံလိုပါတယ်။
You may also like these stories:
ကိုဗစ် ဒုတိယလှိုင်းအောက်က ရခိုင်ပြည်
ကိုဗစ် ဒုတိယလှိုင်းအစမှာ ရောက်နေပြီလို့ ဒေါက်တာခင်ခင်ကြီးပြော
ရခိုင် ၁၁ မြို့နယ်အထိ COVID-19 ရောဂါပိုး ကူးစက်ပျံ့နှံ့လာ