ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ကိုရိုနာဗိုင်းရပ်စ် ပိုးကူးစက်မှု တနေ့ထက် တနေ့ များလာနေသည့်အတွက် ဒေသခံ လူထုအကြားတွင် စိုးရိမ်ပူပန်မှုများ ရှိနေကြသည်။
ကျန်မာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ ရခိုင်ပြည်နယ်တွင် ပိုးတွေ့လူနာဦးရေမှာ ၂၀၀ ဦး ကျော်ပြီဖြစ်သည်။
လက်ရှိအချိန်တွင် ရခိုင်တပြည်နယ်လုံးကို Stay at home နေထိုင်ရန် အစိုးရက ညွန်ကြားထားသလို စစ်တွေမြို့ ပေါ် တွင်လည်း Quarantine Center ၁၇ ခုနှင့် Quarantine ဝင်နေသူ လူပေါင်း ၄၀၀ ကျော်အထိလည်း တိုးလာနေပြီ ဖြစ်သည်။
စစ်ဘေးဒဏ်သင့်နေမှုနှင့်အတူ တပူအပေါ် တပူဆင့်နေရသော ရခိုင်ပြည်နယ်အတွင်းက ကိုဗစ်ရောဂါ ကာကွယ် ထိန်းချုပ် ရေး အပါအဝင် ပြတ်တောက်လု ဖြစ်နေသည့် ကုန်စည်စီးဆင်းမှု ပြန်လည်ကောင်းမွန်လာရေး၊ အခြေခံ လူတန်း စားများ၏ စားနပ်ရိက္ခာ ရရှိရေး၊ Quarantine Center ဝင်ရောက်နေသော စားသောက်နေထိုင်ရေး စသည့်ကိစ္စရပ်များနှင့် ပတ်သက် ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့် ရှိသူ စည်ပင်ဝန်ကြီး ဦးဝင်းမြင့်အား ဧရာဝတီသတင်းဌာနမှ အကြီးတန်း သတင်းထောက် မင်းအောင်ခိုင်က ဆက်သွယ်မေးမြန်းထားမှုအား ဖော်ပြလိုက်ပါသည်။
မေး။ ။ စစ်တွေမြို့ပေါ်တခုလုံးမှာ ပိုးတွေ့သူတွေ တဖြည်းဖြည်းနဲ့ စိုးရိမ်ဖွယ်ရာ များပြားလာနေတော့ ဝန်ကြီးတို့ အစိုးရအဖွဲ့အနေနဲ့ ကာကွယ်ထိန်းချုပ်ကာကွယ်ဖို့ ဘယ်လိုပုံစံမျိုးနဲ့ ဆောင်ရွက်ဖို့ စီစဉ်ထားတာရှိလဲ။
ဖြေ။ ။ ကျန်းမားရေး ဝန်ကြီးဌာနရဲ့ ညွန်ကြားချက်အတိုင်း လုပ်ရမှာပေါ့။ ကျနော်တို့က သီးခြားတော့ လုပ်လို့မရဘူး။ Quarantine Center တွေကတော့ ဖွင့်ရမှာတွေ များလာပေါ့။
Quarantine အတွက် ကုန်ကျဖို့ငွေတွေကိုတော့ ကျနော်တို့က ပြည်ထောင်စုကို ဆက်ပြီးတော့ တောင်းခံသွားဖို့ အစီအစဉ်တွေရှိတယ်။
မေး။ ။ လတ်တလောမှာ လေကြောင်းလိုင်းတွေ၊ ကားတွေကိုလည်း ပိတ်ထားတယ်ဆိုတော့ ကုန်စည်စီးဆင်းမှုတွေ မပြတ်တောက်အောင် ဘယ်လို ဆောင်ရွက် သွားမလဲ။
ဖြေ။ ။ ကျနော်တို့ လေကြောင်းလိုင်းတွေကို ညှိနှိုင်းထားတာ ရှိတယ်။ တပတ် ၃ ရက် သူတို့ လောလောဆယ် ပြေးဆွဲ နေတာရှိတယ်။ နောက်ပိုင်းမှာ ဆက်သွယ်ရေး လမ်းကြောင်းတွေ မပြတ်တောက်အောင် တရက် လေယာဉ် ၁ စီး နှုန်း ထွက်ပေးဖို့ ညှိနှိုင်းနေတာ ရှိတယ်။ နောက်ပြီး ကုန်းလမ်းကဆိုလည်း သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရ အဖွဲ့တွေနဲ့ လည်း ချိတ်ဆက်ပြီး လုပ်နေတာရှိတယ်။ အခုက နောက်ထပ် ဘယ်လို ပုံစံမျိုး ညွန်ကြားချက်တခု ထွက်လာလဲဆိုတော့ ကုန်စည်စီးဆင်းမှု မပြတ်တောက်ရေး အတွက် မြောက်ပိုင်းမြို့နယ်တွေကတော့ အမ်းလမ်းက ကားတွေ ဆင်းတာ များတာကိုး။
အမ်းမှာ ဒရိုင်ဘာချိန်းပြီးမှ သယ်ယူပေါ့နော်။ ကုန်ပစ္စည်းတွေ အသယ်အပို့လုပ်ဖို့ပေါ့။ ဒါမျိုးတွေ လုပ်နေတယ်။ တောင် ဘက်ပိုင်းကျတော့ တောင်ကုတ်လမ်းနဲ့ ဂွလမ်းပေါ့။ အဲဒီဘက်မှာလည်း ဒရိုင်ဘာတွေ ချ်ိန်းပြီး ကုန်ပစ္စည်း ယူမယ်ပေါ့။ ကုန်စည်စီးဆင်းမှုကတော့ အတတ်နိုင်ဆုံး ကြိုးစားလုပ်ဆောင်သွားဖို့ စီစဉ်ဆောင်ရွက်နေတာ ရှိတယ်။
မေး ။ ။ အရေးပေါ် ကိစ္စနဲ့ ခရီးသွားတဲ့ ရခိုင်ဘက်က ခရီးသွားတဲ့ အိမ်စီးကားတွေ တခြား ပြည်နယ်တွေက ဟန့်တား ပိတ်ပင်ထားတယ်လို့ ကြားပါတယ်။ အဲဒီ ကိစ္စတွေ အပေါ်မှာ ဘယ်လိုဖြေရှင်းပေးမလဲ။
ဖြေ။ ။ အဲဒါတွေကတော့ ကျန်းမာရေးကိစ္စက လွဲရင် ခွင့်မပြုဘူး။ ကျန်းမာရေးကြောင့် သွားရမယ်ဆိုရင် သက်ဆိုင်ရာ ကျန်းမာရေး ထောက်ခံချက်၊ ဘယ်ရောဂါကြောင့် သွားရမှာဖြစ်တယ်။ ဘယ်လို ကုသဖို့ လိုအပ်တယ် စသည်အားဖြင့်ပေါ့။ အဲဒီလို ဆိုရင် ကျန်းမာရေးထောက်ခံချက်ယူမယ်။ မြို့နယ်အုပ်ချုပ်ရေးမှူး ထောက်ခံချက် ပါမယ်ဆိုရင်တော့ ခွင့်ပြု ပေးရမယ်ဆိုပြီးတော့ အဲဒီလိုတော့ ညွန်ကြားချက် ရှိတယ်။
မေး။ ။ ရခိုင်တပြည်နယ်လုံး Stay at home နေထိုင်ဖို့ ညွန်ကြားထားတယ်ဆိုတော့ ဝင်ငွေနည်းပါးတဲ့ မိသားစုဝင် ပြည်သူတွေအတွက် ဘယ်လို ဆောင်ရွက်ပေးသွားမလဲ။
ဖြေ။ ။ အဲဒီဟာကို ကျနော်တို့ ဒီနေ့ပဲ Stay at home နေတဲ့အခါမှာ အခက်အခဲ ဖြစ်နေတဲ့ အခြေခံ လူတန်းစားတွေ အတွက် အရင်ကတည်းက ထွေအုပ်မှာ စာရင်းကောက်ထားတာ ရှိတယ်။ အဲဒီလူတွေအတွက်ရယ် နောက်ပြီး Quarantine ထားတဲ့အခါမှာ ကျွေးမွေးရမယ့် စရိတ်တွေ များလာနိုင်တဲ့ အနေအထားတွေရှိတယ်။ အခုတော့ လက်ရှိ ကျနော်တို့မှာရှိတဲ့ ငွေကြေးနဲ့တောင့်ခံပြီးတော့ ကျွေးမွေးနေတယ်။
ဒါပေမယ့် ဒီလိုသာ ဆက်တိုက် ဆက်တိုက် ပိုးတွေ့တာတွေ များလာမယ်ဆိုရင် အခုဆိုရင် မြို့နယ် ၁၁ မြို့နယ် ဖြစ်လာပြီး ဆိုတော့ ကျနော်တို့မှာရှိတဲ့ ငွေကြေးနဲ့ တောင့်ခံနိုင်ဖို့ မလွယ်ဘူး ဆိုပြီးတော့ ပြည်ထောင်စုကို ခန့်မှန်းခြေ ကုန်ကျငွေကို တွက်ချက်ပြီးတော့ တင်ထားတယ်။
ပြည်ထောင်စုကလည်း ကူညီပေးမယ်ဆိုတာ ပြောထားတယ်။
အကုန်လုံးဆိုရင် ငွေကျပ် ၇ ဒသမ ၄ ဘီလီယံ ရှိမယ်။ တင်ပြတောင်းခံထားတယ်။ ကျနော်တို့ စစ်တွေမြို့မှာဆိုရင်လည်း Quarantine ထားဖို့ လူ ၅၀၀၀ လောက် ခန့်မှန်းထားတယ်။ အခြားမြို့နယ်တွေမှာလည်း အနည်းဆုံး လူ ၁၀၀၀ လောက် တော့ ဖြစ်လာနိုင်ခြေ ရှိတယ်ဆိုပြီး ယေဘုယျ ခန့်မှန်းပြီးတော့ တွက်ချက်ပြီး တင်ပြထားတယ်။
မေး ။ ။ စစ်တွေမြို့တခုလုံးကို လော့ဒေါင်းချဖို့ ညွန်ကြားတာ မရှိပေမယ့် အခုဆိုရင် မြို့ပေါ် တော်တော်များများ လမ်းဆုံလမ်းခွတွေမှာ အတားအဆီးတွေလုပ်ပြီး လမ်းပိတ်ထားတာ တွေ့တယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးကနေ ရပ်ကွက် အုပ်ချုပ်ရေးမှူးကို ညွန်ကြားပြီး လုပ်ထားကြတာလို့ သိရပါတယ်။ အဲဒီအခြေအနေလည်း တချက် ရှင်းပြပေးပါ။
ဖြေ။ ။ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်တွေ ရှိတယ်။ အဲဒီညွန်ကြားချက်မှာက အလုပ်လုပ် နေကြတဲ့ ရုံးဝန်ထမ်းတွေ၊ ကုမ္ပဏီဝန်ထမ်းတွေ၊ အဲဒီ ပုဂ္ဂိုလ်မျိုးတွေမှလွဲပြီးတော့ အခြားလူတွေဟာ Stay at home နေထိုင်ဖို့ပေါ့။ ဈေးကို သွားမယ်ဆိုရင်လည်း တအိမ်က တယောက်သာ သွားခွင့်ပြုဖို့၊ ကျန်းမာရေးအရ သွားမယ်ဆိုလည်း နှစ်ယောက်သွားခွင့်ပြုဖို့ အဲဒီလို စည်းကမ်းချက်လေးတွေ သတ်မှတ်ထားတာ ရှိတယ်။
အဲဒီစည်းကမ်းချက်နဲ့ အညီ သွားလာကြဖို့ ရပ်ကွက်အလိုက် အုပ်ချုပ်ရေးမှူးတွေက စိစစ်ပြီးတော့ ခွင့်ပြုပေးဖို့ပေါ့။ ဆိုလိုတာကတော့ အပြင်ကို လူအများကြီး မထွက်အောင် ထွက်သင့်တဲ့ လူတွေလောက်ပဲ ထွက်ကြဖို့ လုံးဝကြီး မသွားရလို့ မပြောလိုဘူး။ ဒါပေမယ့် ကျန်းမာရေး အရ သွားရဖို့ အဲဒီလိုလူတွေ ကလွဲပြီး လတ်လျားလတ်လျား သွားလာသူတွေ နည်းပါးဖို့အတွက် အဲဒီ ရည်ရွယ်ချက်နဲ့ လုပ်တာ ဖြစ်ပါမယ်။
မေး ။ ။ နောက်တခုက အပြင်ထွက်မယ်ဆိုလို့ ရှိရင် ရပ်ကွက်အုပ်ချုပ်ရေးမှူးဆီကနေ အပြင်ထွက်ကဒ်နဲ့ ထွက်ခွင့်ပြုမယ်ဆိုပြီးတော့ ကြားနေရလို့ပါ။ အဲဒီ ဆောင်ရွက်ချက်ကိုလည်း တချက် ရှင်းပြပေးပါ။
ဖြေ။ ။ အဲဒါကတော့ ဒေသအလိုက်ပဲ ရှိမယ်။ သီးခြား ဒါမျိုးတွေ ညွန်ကြား ထားတာတော့ မရှိဘူး။ သူတို့ဒေသအလိုက် အခြေအနေပေါ် မူတည်ပြီး လုပ်တာ ဖြစ်မယ်။ ကျနော်တို့ညွန်ကြားချက်ကတော့ ဈေးသွားမယ်ဆိုရင် တယောက်တည်း သွားဖို့ ၊ ကျန်းမာရေးကိစ္စသွားမယ်ဆိုရင် နှစ်ယောက်သွားဖို့ ၊ နောက်ပြီး မြို့နယ် တခုကနေ တခုကို သွားမယ်ဆိုရင် မြို့နယ် အုပ်ချုပ်ရေးမှူး ထောက်ခံချက်ပါမှ သွားရမယ်ဆိုတာပဲ ညွန်ကြားထားတာ ရှိတယ်။
မေး။ ။ စစ်တွေမြို့ပေါ်မှာ အခြေအခံစားသောက်ကုန်တွေ ဈေးက တဖြည်းဖြည်း မြင့်တက်နေတယ်။ ဒီဟာတွေ အတွက်ရော ဘယ်လို ထိန်းညှိသွားမလဲ။
ဖြေ။ ။ ကုန်စည်စီးဆင်းမှု ပုံမှန်ဖြစ်လာရင်တော့ ဈေးနှုန်းကတော့ ထိန်းညှိပြီးသား ပုံမှန်ဖြစ်သွားမှာပါ။ အခုအခြေအနေ မှာတော့ အခြေခံစားသောက်ကုန်တွေကို ဖွင့်လှစ်ရောင်းချဖို့တောင်မှ ကျနော်တို့ စဉ်းစားထားတယ်။ သီးသန့် ကုန်သည်ကြီးများ အသင်းနဲ့ ချိတ်ဆက်ပြီးတော့ ဒီဈေးနူန်း၊ ဒီဈေးနဲ့ ဒီတိုင်းပဲ ရောင်းပေး ဆိုတဲ့ စနစ်မျိုး တွေနဲ့ပေါ့။ နောက်ပိုင်း တကယ်လို့ လိုအပ်လာရင် ရွေ့လျားဈေးတွေတောင်မှ ဖွင့်လှစ်သင့်ရင် ဖွင့်လှစ်ရဖို့ပေါ့။
ရွေ့လျား ဈေးဆိုင်တွေ ဖွင့်လှစ်ဖို့လည်း ကျနော်တို့ ကြိုးစားနေတယ်။ ရွေ့လျားဈေးတွေ ရောင်းပေးမယ်။ အိမ်ရှေ့ရောက်ရင် ဝယ်ပေါ့။ ဒါမျိုးပုံစံ ရောင်းပေးမယ်လို့ ကျနော်တို့ စဉ်းစားထားတယ်။
မေး။ ။ ကိုဗစ်ကာလ ထုတ်ပြန်ထားတဲ့ ညွန်ကြားချက်တွေအပေါ်မှာရော ပြည်သူတွေ အနေနဲ့ ဘယ်လောက်ထိ လိုက်နာမှုရှိလဲ။ ဒီအခြေအနေမှာ စည်းကမ်း လိုက်နာမှု အပိုင်းမှာ ဘယ်လိုတွေ တွေ့ရသလဲ။
ဖြေ။ ။ လိုက်နာဆောင်ရွက်မှုက အခု ကျနော်တို့တွေ့ရသလောက်ကတော့ ၉၀ ရာခိုင်နှုန်းဟာ လိုက်နာလာတယ်လို့ ကျနော်တို့ တွေ့ရတယ်။ မထွက်မဖြစ်ထွက်တဲ့ လူကတော့ ရှိကောင်းရှိမယ်ပေါ့။ ဒါပေမယ့် အဲဒီလူတွေလည်း Mask တပ်ပြီး ထွက်လာတာကို ကျနော်တို့တွေ့ရတယ်။ စည်းကမ်းဖောက်ဖျက်တဲ့ လူတွေကိုလည်း လုုံခြုံရေးနဲ့ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့က ရှာဖွေပြီးတော့ အရေးယူဖို့ အပိုင်းတွေကိုလည်း ကျနော်တို့ လုပ်နေပါတယ်။
မေး။ ။ စစ်တွေဆေးရုံကြီးမှာ ဆရာဝန်၊ သူနာပြု အပါအဝင် တော်တော်များများ ပိုးတွေ့ လာတာတွေ ဖြစ်ပေါ် လာတယ် ဆိုတော့ ဆေးရုံကြီးနဲ့ ပတ်သက်ပြီး အစိုးရ အနေနဲ့ ကိုင်တွယ်ပြီးတော့ ဘယ်လို ဖြေရှင်းသွားမလဲ။
ဖြေ။ ။ ပြည်မဘက်က Volunteer ဆေးကုသရေးအဖွဲ့တွေ တဖွဲဖွဲ လာနေပါတယ်။ ထပ်ပြီးတော့လည်း အင်အားဖြည့် ထားတယ်။ နောက်ပြီးတော့ လိုအပ်လာရင် အင်အား ထည့်ဖြည့်ပေးဖို့ ပြည်ထောင်စုက ပြောထားပြီးသား။ Quarantine Center ထိန်းချုပ်ဖို့အတွက် လူမှုဝန်ထမ်းက Volunteer သူတို့ Team ပေါ့။ လွှတ်ပေးမယ် ဆိုတာ သတင်းရထားတယ်။ မကြာခင် ရောက်လာမယ်။ သူတို့နေဖို့ ထိုင်ဖို့ စားသောက်ဖို့တောင် ကျနော်တို့ စီစဉ်ထားတာတွေရှိတယ်။
မေး။ ။ စစ်တွေမြို့ပေါ်မှာ Quarantine Center ဝင်နေတဲ့ လူဦးရေနဲ့ စခန်း ဘယ်လောက်ရှိလဲ။
ဖြေ။ ။ စစ်တွေမြို့ပေါ်မှာ အခုလောလောဆယ် Quarantine Center ၁၇ ခု လောက်ရှိတယ်။ လူဦးရေကတော့ လောလောဆယ်တော့ လူ ၄၀၀ လောက် ထား တယ်။ အဲဒီ ၁၇ ခုမှာဆို လူပေါင်း ၆၀၀ ကျော်လောက် ထားနိုင်တယ်လို့ ခန့်မှန်း ထားတယ်။ အခု လူပေါင်း ၄၀၀ ကျော်လောက်တော့ ထားပြီးပြီ။ လူ ၂၀၀ ကျော်စာလောက် လပ်နေသေးတာပေါ့။ ဒါပေမယ့် အခုတွေ့ရှိမှု တဆင့်ခံ ထိတွေ့ ဆက်စပ်သူတွေကို လိုက်ရှာမယ် ဆိုရင်တော့ ဒါထက် ပိုမိုပြီးတော့ များပြားလာ မယ်ဆိုတာတော့ ကျနော်တို့ ကြိုတင် ခန့်မှန်းထားတယ်။
ခန့်မှန်းထားတဲ့ အတွက်ကြောင့်လည်း ကျနော်တို့ နောက်ထပ် အထက ကျောင်းတွေကို အသုံးပြုဖို့၊ အသုံးပြုလို့ရတဲ့ ကျောင်းတွေကို ဆက်လက်ရှာဖွေဖို့၊ ကြိုတင်ပြင်ဆင်ထားဖို့ ဆိုတာတွေကို လုပ်နေပါတယ်။
အိမ်သာ၊ ရေ ကိစ္စတွေကို လုပ်နေတာ ရှိပါတယ်။ ဘယ်ကျောင်းတွေကို လုပ်မလဲ၊ ဘယ်ကျောင်းတွေမှာ ဘာတွေ လိုအပ်လဲ၊ လိုအပ်ချက်တွေကို ထပ်ပြင်ဆင်ရမှာပေါ့။
မေး။ ။ နောက်တခုက မြောက်ဦးမြို့နယ်အတွင်းက အန်ဂျီအို ဝန်ထမ်းနဲ့ ထိတွေ့ ဆက်စပ်တဲ့ စစ်ရှောင်စခန်းက လူ ၃၀ လောက် ဆေးစစ်ချက်တွေက ဘယ်လို အဖြေ ထွက်သွားလဲ။
ဖြေ။ ။ အဲဒီဟာက သြဂုတ် ၂၆ ထွက်တဲ့အထဲမှာ ပါသွားမယ်လို့ ထင်တယ်။ ကျနော် စာရင်းဇယားတွေကို ကြည့်လိုက်တဲ့အခါ ၁၂၀ လောက်က ပို့ပြီးသားဖြစ်တယ်။ နောက်ထပ် ပို့ရမှာက ၃၀ လောက်ရှိတယ်။ အခုထွက်လာတဲ့ အဖြေသည် ၁၂၀ ထဲက ထွက်လာတဲ့ အဖြေလို့ ယူဆတယ်။ အဲဒီလူတွေနဲ့ ဆက်စပ်တဲ့ Second Person ကိုတော့ လိုက်ရမှာပေါ့။ ခရိုင်အုပ်ချုပ်ရေးအဖွဲ့တွေကိုတော့ ကြိုတင်ပြီး ပြောထားပြီးဖြစ်တယ်။ အဖြေ ထွက်လာတော့ မြို့နယ်က သတင်း ပေးလိုက်တယ်ဆို တာနဲ့ အဲဒီဆက်စပ် ထိတွေ့တဲ့လူတွေကို ထပ်ပြီးတော့ စုရမှာပေါ့။ ဒါမှမဟုတ် အရမ်း များတယ် ဆိုရင် ဘယ်လိုလုပ်ရမယ်ဆိုတာ အဲဒီက တင်ပြလာတဲ့ အပေါ် မူတည်ပြီးတော့ ကျနော်တို့ ဆုံးဖြတ်ပေးမယ်။
မေး။ ။ မြောက်ဦးမြို့နယ်အတွင်း စစ်ရှောင်စခန်းကလူတွေရဲ့ ဆေးစစ်ချက် အဖြေ ထွက်သွားပြီပေါ့။
ဖြေ။ ။ ကျနော်အထင်ကတော့ သြဂုတ်လ ၂၆ မြောက်ဦး ၈ ယောက်ပါတယ်ပေါ့နော်။ အဲဒီ မြောက်ဦး ၈ ယောက်ပါတဲ့ဟာသည် အဲဒီ စစ်ရှောင် အဖွဲ့လို့ ကျနော်တော့ ထင်တယ်။ ကျန်းမာရေးက ဘယ်က လူတွေဆိုတာတော့ ကျနော့်ဆီကို တိတိကျကျ မရောက်သေးဘူး။ မရောက်သေးပေမယ့် မနေ့က လူ ၆၉ ဦးထဲမှာ မြောက်ဦးက ၈ ယောက် ထပ်ပါတယ်။ အဲဒီ ၈ ဦးပါလာတာသည် အန်ဂျီအို ဝန်ထမ်း နဲ့ ဆက်စပ်ပြီးတော့ လူတွေကို ကျနော်တို့ Swab ပို့ထားတာ ဆိုတော့ ဒါကြောင့် အဲဒီလိုတွေ ဖြစ်နိုင်တယ်လို့ ကျနော်ကတော့ ခန့်မှန်းတယ်ပေါ့။ ဒါပေမယ့် တိတိကျကျတော့ ကျနော် ဆီကို စာရင်းမရောက်သေးတော့ တိတိကျကျတော့ မပြောနိုင်သေးဘူး။
မေ။ ။ နောက်ဆုံးတချက် မေးချင်တာက စစ်ရှောင်စခန်းတွေမှာ ကိုဗစ်နဲ့ပတ်သက်ပြီး ရောဂါပိုးတွေ့နိုင်တဲ့ အနေအထား တွေရှိတယ်။ အခုလည်း စတွေ့နေတယ်ဆိုတော့ အများက တောင်းဆိုနေကြတဲ့ အင်တာနက် 4G လိုင်း ပြန်လည်ရရှိဖို့ အတွက် ဝန်ကြီးတို့ ပြည်နယ်အစိုးရအနေနဲ့ ပြည်ထောင်စုကို တင်ပြတောင်းဆိုသွားဖို့ အစီအစဉ်တွေရော ရှိလား။
ဖြေ။ ။ အဲဒါတွေကတော့ တင်ပြရမှာပေါ့။ ဆက်သွယ်ရေးဝန်ကြီးဆီကို ကျနော်တို့ တင်ပြပေးမယ်။ လောလောဆယ်တော့ တင်ပြထားတာတော့မရှိဘူး။ ဒါတွေကိုတော့ တင်ပြပေးဖို့ အစီအစဉ်တွေရှိပါတယ်။ ဆုံးဖြတ်တာကတော့ ဆက်သွယ်ရေး ဝန်ကြီးရဲ့ ဆုံးဖြတ်ချက်ပေါ့။
You may also like these stories:
ကိုဗစ် ဒုတိယလှိုင်းအောက်က ရခိုင်ပြည်
ရခိုင် ၁၁ မြို့နယ်အထိ COVID-19 ရောဂါပိုး ကူးစက်ပျံ့နှံ့လာ
ပြည်သူလူထုသာ ပါရင် ကျမတို့ ထိန်းနိုင်ပါတယ်