မြန်မာ့ မတ်ပဲနှင့် ပဲစင်းငုံ အဓိက တင်ပိုရောင်းချရာ အိန္ဒိယနိုင်ငံသည် ၂၀၁၇ ခုနှစ် သြဂုတ်လမှ စတင်ကာ ပြည်ပ ပဲတင်သွင်းခွင့်ကို ကန့်သတ်ခဲ့ရာ မြန်မာ့ပဲ ကုန်သည်များနှင့် တောင်သူများ အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရသည်။
၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်အတွက် မြန်မာက အိန္ဒိယသို့ မတ်ပဲတန်ချိန် ၄ သိန်းကို၂၀၂၁ ခုနှစ် မတ်လတွင် အပြီး တင်သွင်း ခွင့်ရထားသော်လည်း ပြီးခဲ့သည့် မေလ၂၂ ရက်ကမူ ၃ လအတွင်း အပြီး တင်သွင်းရမည်ဟု အိန္ဒိယ အစိုးရက ပြောင်းလဲ သတ်မှတ်လိုက်သဖြင့် လာမည့် သြဂုတ် ၃၁ ရက်တွင် အပြီး တင်သွင်းရမည် ဖြစ်သည်။
မြန်မာအနေဖြင့် ထိုသို့ မူဝါဒ အပြောင်းအလဲ မြန်သည့် အိန္ဒိယဈေးကွက်မှ တပါး အခြား ရှိ မရှိ ၊ မြန်မာ့ပဲဈေးကွက် ရပ်တည်မှု အလားအလာများနှင့် ပတ်သက်၍ မြန်မာ့ပဲကို အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ အာရပ်စော်ဘွား နိုင်ငံများသို့ တင်ပို့ ကုန်သည်များ စု စည်းထားသည့် ပဲ၊ ပြောင်း စိုက်ပျိုးရေး ထွက်ကုန် ကူးသန်းရောင်းဝယ်သော နိုင်ငံခြား ကုမ္ပဏီများအသင်း (OATA) ၏ ဥက္ကဋ္ဌ Vatsal Lilani နှင့် ဧရာဝတီ သတင်းထောက် မျိုးပပစန်းက တွေ့ဆုံ မေးမြန်းထား ပါသည်။
မေး။ ။ လက်ရှိ ပဲဈေးကွက် အခြေအနေနဲ့ မြန်မာကနေ နိုင်ငံခြားကို တင်ပို့နေတဲ့ ဈေးကွက် အခြေအနေကို ပြောပြပေးပါ။
ဖြေ။ ။ ပဲ တနှစ်ကို တန်ချိန် ၁ ဒသမ၂ သန်း ထွက်တဲ့ အရေအတွက်ထဲမှာ နှစ်အလိုက် တန် ၈၀၀,၀၀၀ ကနေ ၉၀၀,၀၀၀ က အိန္ဒိယကို တင်ပို့ရပါတယ်။ ဒါပေမယ့် အိန္ဒိယပြည်နယ်အတွင်း ပဲထုတ်လုပ်မှုကလည်း မြင့်တက်လာပါတယ်။ ဒါကြောင့် တင်ပို့မှုက အထိုက်လျှောက် လျော့ကျ သွားပါတယ်။
အိန္ဒိယအစိုးရကလည်း ခွဲတမ်း (Quota) စနစ်ကို ထုတ်ပြန်လိုက်ပါတယ်။ မြန်မာနိုင်ငံကနေ အရေအတွက် ဘယ်လောက် ပဲတင်ပို့လို့ရမယ် ဆိုတာမျိုးပေါ့။၂၀၁၇ထိ ဒီစနစ်က မရှိပါဘူး။ ကြိုက်သလောက် တင်ပို့လို့ရပြီး ဝယ်သူတွေကလည်း ဈေးနှုန်းတခုနဲ့ ပေးဝယ်ပါတယ်။ အခုတော့ အရေအတွက်နဲ့ ပတ်သက်ပြီး ကန့်သတ်ထားတဲ့အတွက် အထူးသဖြင့် မတ်ပဲ၊ ပဲစဉ်းငုံ၊ ပဲတီစိမ်း အတွက်ပေါ့။
ဒီကနေ့ အတွက် အကြီးမားဆုံး စိန်ခေါ်မှုကတော့ အိန္ဒိယ အစိုးရက ချမှတ်ထားတဲ့ ကိုတာ အတွင်းမှာ အချိန်မှီအောင် လုပ် ဆောင်တာပဲ ဖြစ်ပါတယ်။ ကိုတာ အဆင်ပြေသွားတယ်ဆိုရင်တောင် အခြားစိန်ခေါ်မှုတွေဖြစ်တဲ့ သွင်းကုန်လိုချင်တဲ့ တယောက်ချင်းစီအတွက် သွင်းကုန် လိုင်စင်ရဖို့ ကြိုးပမ်းရပြန်တယ်။ ပြီးတော့ အချိန်မှီ အော်ဒါတင်ဖို့လည်းလိုပါတယ်။
အခုဆိုရင် သြဂုတ် ၃၁က က နောက်ဆုံးပါ အဲဒီထက် နောက်ကျလို့ မရဘူးဆိုတော့ ပဲတင်ပို့ဖို့နဲ့ ပိုက်ဆံရဖို့က အဆင့်ဆင့် လုပ်ဆောင်နေရတဲ့အပြင် အချိန်ကလည်း အကျပ်အတည်း ဖြစ်နေပါတယ်။
နောက်တခုက အခုနှစ်မှာ အိန္ဒိယ ပဲစိုက်ပျိုးရေး ကောင်းလာတယ်လို့ ဆိုပါတယ်။ ၂ နှစ် ဆက်တိုက်လောက် ရှိပြီပေါ့။ စိတ် ပူစရာ ရှိတာက မြန်မာနိုင်ငံက တင်ပို့မှု လျော့နည်း လာတာပါ။ မြန်မာ့ပဲဈေးကွက်က နှစ်ပေါင်းများစွာ အိန္ဒိယဝယ်လိုအား အပေါ် မှီခိုရတယ်။
ရုတ်တရက် အိန္ဒိယက မလိုတော့ဘူး ပြောလာရင် သူတို့ အသက်မွေးဝမ်းကျောင်း အကြီးအကျယ် ထိခိုက်နိုင်ပါတယ်။ ကုမ္ပဏီနဲ့ အရောင်းအဝယ် လုပ်နေသူတွေအတွက် စိန်ခေါ်မှုကတော့ ဈေးကွက် အသစ်၊ သုံးစွဲသူ အသစ် တွေ ရှာဖွေဖို့ပါ။ ဒါဆိုရင် ဈေးကွက်တခုတည်း၊ ဈေးကွက်ရဲ့ အပိုင်းအစ တခုတည်းကိုပဲ မှီခိုမှု လျော့ကျလာမယ်။
မေး။ ။ အိန္ဒိပဲဈေးကွက်အပြင် ဈေးကွက်သစ်တွေ ရှာဖွေမယ်ဆိုရင် ဘယ်နိုင်ငံတွေနဲ့ ဘယ်လို ဈေးကွက် အလားအလာ တွေ ရှိနေပါသလဲ။
ဖြေ။ ။ ဈေးကွက် အသစ်ဆိုတာက ကနေဒါလို နိုင်ငံမျိုးတွေမှာ ပဲကနေ ပရိုတင်း ထုတ်ယူနေပါတယ်။ ပရိုတင်းကို အသား က ထုတ်ယူနိုင်ပေမယ့် ပဲမှာပါဝင်တဲ့ ပရိုတင်းလိုမျိုး အစာချေပျော်ဝင်ဖို့ မလွယ်ပါဘူး။ အသီးမှာ ပါဝင်တဲ့ အထူးသဖြင့် ပဲက ပါဝင်တဲ့ ပရိုတင်းက ပျော်ဝင်မှု အလွယ်ဆုံး ခန္ဓာကိုယ်က စုပ်ယူဖို့ အလွယ်ဆုံး ဖြစ်ကြောင်း လူတွေသိလာပါတယ်။ သုတေ သနပြုမှုတွေလည်း ရှိလာပါတယ်။ ဒါကြောင့် ပရိုတင်းအုပ်စုထဲမှာ ပဲက မျက်နှာသာရလာပါတယ်။ အစားအစာအတွက် အာလူးကြော်လိုမျိုး အစာအတွက် ပရိုတင်း ထိုးသွင်း အသုံးပြုလို့ရသလို ဓာတ်စာဖြည့်တဲ့ ဆေးဝါးအတွက်လည်း အသုံး ဝင်ပါတယ်။
ပဲက အကုန် အသုံးဝင်ပါတယ် အခွံတောင် တိရစ္ဆာန်တွေကို ကျွေးလို့ရပါတယ်။ ဆိုတော့ ကနေဒါနဲ့ သြစတြေးလျတို့မှာ ပဲက ပရိုတင်း ထုတ်ယူခြင်းတွေ လုပ်လာကြပါပြီ။ လက်ရှိတော့ မြန်မာနိုင်ငံမှာ မရှိသေးပါဘူး။ ဒါပေမယ့် အနာဂတ်အတွက် အလား အလာရှိတဲ့ အလုပ်တခု ဖြစ်ပါတယ်။ ဒါမှ ဈေးကွက်တခုတည်းကို မှီခိုမှုအပေါ် လျှော့ချနိုင်မှာပါ။ ဥပမာ- ပဲတင်ပို့ တာမျိုးတင် မဟုတ်ဘဲ ပဲပရိုတင်း ထုတ်တဲ့ ဈေးကွက်ကို အကောင်အထည် ဖော်လာနိုင်တာမျိုးပါ။
ရာခိုင်နှုန်းအားဖြင့်၂၀၊ ၃၀ နဲ့ ၄၀ ရာခိုင်နှုန်းလောက်ကိုပဲ ပဲပရိုတင်း ထုတ်တဲ့လုပ်ငန်းကို မြန်မာက လုပ်လာနိုင်တယ်ဆိုပါ တော့။ တနှစ်အတွင်းမှာ အိန္ဒိယက တင်ပို့မှု လျှော့ချခံရရင်တောင် ဒီလိုမျိုးဈေးကွက်အပေါ် မှီခိုနိုင်ပါတယ်။
ဒါကတော့ ကျနော်တို့အနေနဲ့ လက်ရှိ ပဲလောက အဖြစ်အပျက်ကို ဘယ်လို ရှုမြင်သလဲ ဆိုတာရယ် အချိန်အတိုင်းအတာတခုအထိ မှန်းဆချက် ဖြစ်ပါတယ်။
မေး။ ။ အဲဒီတော့ ကုမ္ပဏီဘက်ကနေရော တောင်သူတွေကို ဒီလိုမျိုး ပဲတွေ စိုက်ဖို့ သီးဖို့ ဘယ်လို ပူးပေါင်းဆောင်ရွက် သွားဖို့ ရှိသလဲ။
ဖြေ။ ။ ဒါက အရမ်းကို ကောင်းတဲ့ မေးခွန်းပါ။ မြန်မာနိုင်ငံကနေ တရုတ်ကို ဘော်ဒါလိုင်းကျော်ပြီး တင်ပို့နေတဲ့ ပဲတီစိမ်း က အရေအတွက် တခုထိ ရှိပါတယ်။ ဒီပဲတီစိမ်းတွေက ပရိုတင်းထုတ်ယူဖို့အတွက် အသုံးပြုနေတယ်ဆိုတာကို သိပါ တယ်။ ဆိုတာကတော့ မြန်မာ့ပဲတီစိမ်းနဲ့ ပရိုတင်း ထုတ်လုပ်နေတာ ရှိတယ်ပေါ့နော်။ ဒါပေမယ့် မတ်ပဲနဲ့ ပဲစင်းငုံက ကျ တော့ မတူပါဘူး။ မြန်မာနိုင်ငံအတွက် မတူညီတဲ့ ပဲအမျိုးအစား တခုစီကနေ ပဲပရိုတင်း ထုတ်ဖို့ လိုအပ်မယ့် နည်းပညာ အဆင့်တခုတော့ လိုပါလိမ့်မယ်။အခုထိတော့ ဒီအဆင့်ထိ မစူးစမ်းရသေးပါဘူး။
ဘာလို့လဲဆိုတော့ အိန္ဒိယကို တင်ပို့နေတုန်းမို့ပါ။ ဒါပေမယ့် အခုတော့ အခြေအနေက ပြောင်းလဲရတော့မှာ ဖြစ်တဲ့အတွက် ပဲမျိုးကွဲတွေ ပရိုတင်း ထုတ်နိုင်ဖို့ ကြိုးစားကြည့်ရပါမယ်။ ကျနော်က ဒီနေရာမှာ ကျွမ်းကျင်သူ မဟုတ်ပါဘူး ဒါပေမယ့် ဒါက လုပ်ရင် ဖြစ်နိုင်တယ် ထင်ပါတယ်။ မြန်မာနိုင်ငံ တောင်သူတွေကတော့ ပဲပရိုတင်းထုတ်တဲ့ ကုန်ကြမ်းတွေကို စိုက်ပျိုးနေ တာဆိုတော့ ပရိုတင်း ထုတ်နိုင်ဖို့ပဲ လိုတယ်။ ကုန်ကြမ်းကတော့ ပြဿနာ မရှိပါဘူး။
မေး။ ။ အခုနှစ်မှာ အိန္ဒိယဘက်က အချိန် ကန့်သတ်လိုက်တာတွေ ရှိတယ်။ နောက်ပြီး တန်ချိန်တွေကို တင်ပို့ခါနီးမှ အတိုး အလျှော့လုပ်ပြီး ဝယ်သွားတာမျိုးတွေလို အပြောင်းအလဲတွေ မြန်နေတဲ့အတွက် အိန္ဒိယဈေးကွက်ကို တည်ငြိမ်တဲ့ ဈေး ကွက်တခု မြန်မာရအောင် ဘယ်လို အစီစဉ်မျိုးတွေ လုပ်သင့်တယ်ဆိုတာ မြန်မာအစိုးရကို အကြံပြုချင်တာ ရှိပါသလား။
ဖြေ။ ။ မြန်မာအစိုးရကတော့ အရမ်းကောင်းမွန်တဲ့ အခန်းကဏ္ဍတွေ လုပ်ဆောင်နေပါတယ်။ အိန္ဒိယအစိုးရနဲ့လည်း ဆက် သွယ် လုပ်ဆောင်တယ်။ ကျနော်တို့ အနေနဲ့ ဘယ်လို လိုင်စင်မျိုးပဲလိုလို မြန်မာအစိုးရက အဆင်ပြေအောင် ဆောင်ရွက် ပေးပါတယ်။ အစိုးရ နှစ်ဖက်ကြားလည်း ဆက်ဆံရေး အဆင်ပြေကြပါတယ်။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် တိုင်းပြည်တိုင်း ကတော့ ကိုယ့်လယ်သမားတွေကိုပဲ ပြန်ကြည့်ကြရတာပါ။ တိုင်းပြည်တိုင်းမှာ နိုင်ငံရေး ရှုပ်ထွေးမှုတွေ ရှိပါတယ်။
ဒီတော့ အိန္ဒိယလိုနိုင်ငံမျိုးမှာ လယ်သမား၊ စားသုံးသူနဲ့ မြန်မာနိုင်ငံ ဆက်ဆံရေးကြားမှာ မျှခြေ ရှိဖို့ လိုပါတယ်။ ပြီးတော့ မြန်မာနိုင်ငံကနေ ပဲကို ၂ နှစ် ဆက်တိုက် မဝယ်ဘူးပဲထား၊ မြန်မာလယ်သမားတွေကလည်း စိုက်ချင်တော့မှာ မဟုတ်ဘူး။ ဒါဆိုရင် အိန္ဒိယက ရာသီဥတု မကောင်းလို့ ပဲစိုက်ခင်းပျက်ရင် သူတို့ ဘယ်မှာ သွားဝယ်မလဲပေါ့။ ဒီလိုအခြေအနေလည်း သူတို့မှာ ရှိတယ်။
ဘာလို့လဲဆိုတော့ တကမ္ဘာလုံးမှာ မတ်ပဲစိုက်တာ မြန်မာနိုင်ငံပဲ ရှိပါတယ်။ မြန်မာကနေပဲ ဝယ်လို့ ရပါတယ်။ ဒါကိုလည်း အိန္ဒိယအစိုးရ ကနားလည်ပါတယ်။ ဒါကြောင့် ပြည်တွင်း ထုတ်လုပ်မှုနဲ့ မြန်မာက တင်ပို့မှု စားသုံးသူများအတွက် ဈေးနှုန်း ကို မျှတမှုဖြစ်နေအောင်လုပ်ပါတယ်။
မြန်မာအစိုးရကတော့ အိန္ဒိယအစိုးရကို ဘယ်လိုမျိုးအချိန်မှာ လိုင်စင်တင်ဖို့ အကောင်းဆုံးလဲ ဆိုတာ သေချာပြောလေ့ ရှိပါတယ်။ အထူးသဖြင့် မတ်ပဲက အရင်နှစ်မှာ တန်ချိန် ၁၅၀၀၀၀ တင်ပု့ိရပြီးတော့ ဒီမှာတော့ တန်ချိန် ၄၀၀၀၀၀ ထိ တင်ပို့ရတာ တက်သွားပါတယ်။ ၂.၇ ဆ လောက်မြင့်တက် သွားတာပါ။
မေး။ ။ ကိုဗစ်ကာလနဲ့ ကိုဗစ် အလွန်ကာလတွေမှာ မြန်မာနိုင်ငံကနေပြီးတော့ စားသောက်ကုန် ထုတ်လုပ်တင်ဖို့ ရောင်းချ နိုင်တဲ့ နိုင်ငံဖြစ်အောင် အစိုးရက ပြောနေတာ ရှိပါတယ်။ ပဲဆိုတာကလည်း နိုင်ငံ့ကို ဝင်ငွေကို အတော်များများ ရှာပေးတဲ့ ကဏ္ဍဖြစ်တယ်။ ဒါကြောင့် ပဲတင်ပို့မှုရဲ့ အလားအလာ ဈေးကွက်ကရော ကဏ္ဍတခု ပါဝင်နိုင်အောင် မြန်မာ အစိုးရအနေနဲ့ ဘာတွေ ပြင်ဆင်သင့်ပြီလို့ ထင်ပါသလဲ။
ဖြေ။ ။ အစိုးရအနေနဲ့ ဒီလိုမျိုး စဉ်းစားပြီး လုပ်ဆောင်တာ ကောင်းပါတယ်။ မြန်မာနိုင်ငံက အရမ်းကြီးပြီး ရေအရင်းအမြစ် လည်း များပါတယ်။ အိန္ဒိယနဲ့ယှဉ်ရင်၂၄ ဆလောက် များပါတယ်။ ပြီးတော့မြေဆီလွှာလည်း အရမ်းကောင်းပါတယ်။ ပြောင်းစေ့၊ ပဲ စေ့၊ ဆန်စေ့ ထုတ်လုပ်မှုတွေက အမြဲတစေ မြင့်တက်နေပါတယ်။ နောက်တဆင့်အနေနဲ့ အစိုးရသွားချင်တဲ့ ကုန်ကြမ်း အစား Value Added (တန်ဖိုးမြှင့် ထုတ်ကုန်) ထုတ်ချင်တာမျိုးပေါ့။
ပဲကို ကြည့်မယ်ဆိုရင်တော့ အချို့ကို Value Added ပြုလုပ်ပြီးပါပြီ။ အိန္ဒိယကိုတော့ ကုန်ကြမ်းပဲ ပို့တာပေါ့။ ဥပမာ- ပဲတွေ က အိန္ဒိကိုရောက်ရင် ပဲခွဲခြမ်း (Dal) ဖြစ်သွားတာမျိုးပေါ့။ အိန္ဒိယ လူမျိုးအများစု စားကြတဲ့ ပဲဟင်းပွဲပေါ့။ မြန်မာမှာတော့ ပဲခွဲခြမ်းတွေ ရှိနေပါပြီ။ ဒါတွေကို USA ၊ ကနေဒါ၊ ဥရောပကို ပို့နေပါတယ်။ အစိုးရက ဘာလုပ်သင့်လဲလို့ မေးရင် မြန်မာနိုင် ငံက ဒီလိုမျိုးနောက်တဆင့် တက်လှမ်းဖို့ ခံနိုင်ရည် ရှိပါတယ်။
အစိုးရကလည်း အားပေးမယ်ဆိုရင်ပေါ့။ အချိန်တခုလည်း ပေးရမယ်ပေါ့။ အခု တင်ပို့နေတဲ့ ခေါက်ဆွဲတွေ၊ အဆာပြေ မုန့်တွေဆိုလည်း ဒီလို နိုင်ငံခြားက ဝယ်ယူသူတွေ လက်ခံဖို့ အရည်အသွေး မှီဖို့ အချိန်ယူရပါမယ်။ အချိန်ပေးရပါမယ်။ မြန်မာနိုင်ငံကလည်း ဒီလိုမျိုးတွေ လုပ်ဆောင်သင့်ပါတယ်။
မေး။ ။ ပဲနဲ့ပတ်သက်ပြီး ဈေးကွက်အသစ်တွေ ရှာမယ်ဆိုရင် ဘယ်လိုဈေးကွက် အလားအလာက လက်ရှိမှာ ပိုကောင်း ပါသလဲ။
ဖြေ။ ။ လူတွေက ပိုက်ဆံရှိ လာပြီဆိုရင် ပိုကောင်းတာကိုပဲ ရွေးချယ်လာပါတယ်။ အခုဆိုရင် ဘင်္ဂလားဒေ့ရှ် စီးပွားရေးက အရမ်း ကောင်းနေပါတယ်။ ဒါကြောင့် အစားအသောက် အမူအကျင့်တွေက ပြောင်းလဲလာပါတယ်။ ပဲနဲ့ ပတ်သက်တဲ့ စားသုံးနှုန်းကလည်း မြင့်လာပါတယ်။ နောက်ပြီး ဥရောပလို အနောက်တိုင်း ဈေးကွက်တွေက အလားလာရှိနေပါတယ်။ အထူးသဖြင့် ကိုဗစ်ဖြစ်တဲ့အချိန်မှာ အသားပရိုတင်းက ပဲပရိုတင်းထက် မသာမှန်း သိလာပါတယ်။
ပြီးတော့ သတ္တဝါတွေကလည်း ပတ်ဝန်းကျင် ညစ်ညမ်းလာပါတယ်။ အိုဇုန်းလွှာ ပါးရတဲ့အကြောင်းကလည်း မွေးသတ္တဝါ အရေအတွက် ထူထပ်လာလို့လည်း ဖြစ်ပါတယ်။ နောက်ပြီး အသားတိုးဖို့နဲ့ ဇီဝပြုပြင်ဖို့ ထိုးတဲ့ဆေးတွေက စားသုံးသူတွေ ရဲ့ ခန္ဓာကိုယ်ထဲရောက်ပြီး ရောဂါဖြစ်စေပါတယ်။ ဥပမာ- Mad Cow Disease လိုပေါ့။ ဒါကြောင့် အသီးအနှံတွေပိုစားသုံးဖို့ သတိထားလာပါတယ်။
ကိုဗစ်အပြီးမှာတော့ ဒီလိုမျိုး ပြောင်းလဲလာမယ်လို့ မြင်ပါတယ်။ ဒီတော့ နောင်လာမယ့် နှစ်များမှာ အနောက်တိုင်းက အသားကို လုံးဝ မစားတာမျိုး မဟုတ်ပေမယ့် အသားနဲ့ သီးနှံကို မျှတပြီး စားလာမှာ ဖြစ်ပါတယ်။ ဥပမာ- ပုံမှန်အသားကို ၂၀၀ ဂရမ် စားမယ်ဆိုရင် ၁၂၅ ဂရမ်ကို လျှော့ချပြီး ၇၅ ဂရမ်လောက် အသီးအနှံကို ပိုစားသုံးလာမယ်ဆိုရင် အနောက် တိုင်းဈေးကွက်ကနေ ပဲ ဝယ်လိုအားတွေ ရှိလာမယ်လို့ ထင်ပါတယ်။
တခုတော့ ဖြည့်စွက်ပြောချင်ပါတယ်။ မြန်မာနိုင်ငံမှာ စပါးမစိုက်ခင် ပဲစိုက်တာကို တွေ့ရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ ပဲစိုက်ပြီးရင် မြေဆီလွှာ မြေကြီးကို ပြန်ကောင်းအောင် လုပ်ပေးနိုင်ပါတယ်။ ဆိုတော့ ပဲစိုက်တာက ကောင်းကျိုးတွေပဲ ရှိပါတယ်။ ကုန်ချော ထုတ်လုပ်နိုင်ဖို့ပဲ အရေးကြီးပါတယ်။
မေး။ ။ လက်ရှိ ကိုဗစ်အတွင်းမှာ ပဲဈေးကွက်လုပ်ငန်းကို ရိုက်ခတ်မှုတွေ ရှိခဲ့ပါသလား။ ရှိရင် ဘယ်လောက်ထိ ရှိခဲ့ပါ သလဲ။
ဖြေ။ ။ ကိုဗစ်ဖြစ်စ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီမှာ ရှားပါးမှုတွေ ဖြစ်ပါတယ်။ လုပ်သားတွေလည်း ကိုယ့်ဌာနပြန်သွား၊ ပြန်လာ ဖြစ်ကြပါတယ်။ လုပ်ငန်းစဉ် ကွင်းဆက်ကို ကြည့်မယ်ဆိုရင် ပဲတွေကို ကွန်တိန်နာပေါ် တင်ပါတယ်။ ပြီးရင် ကွန်တိန်နာ ကနေ သင်္ဘောပေါ် တင်ပါတယ်။ အိန္ဒိယကို ရောက်ရင်တော့ ကုန်ချရပါတယ်။ ကုန်ချပြီးမှ ကုန်ကားတွေက တဆင့်ဖြန့်ဖို့ ပြန်သယ်သွားတာတွေ လုပ်ဆောင်ရတာဆိုတော့ ကွင်းဆက်က ရှည်ပါတယ်။
နောက်ကဏ္ဍတခုက ရောင်းငွေရဖို့ စာရွက်စာတမ်း ပို့ရပါတယ်။ စာရွက်စာတမ်းတွေက စင်္ကာပူမှာရှိတဲ့ ရုံးကို ပို့ရတာပါ။ စင်္ကာပူကမှ အိန္ဒိယကို ပို့ရပါတယ်။ လုပ်ငန်း ကွင်းဆက် နှစ်ခုရှိပါတယ်။ ကုန်စည်ပို့တဲ့လုပ်ငန်း ကွင်းဆက်ကတော့ ကိုဗစ် အချိန်မှာတော့ လုပ်သားရှားတဲ့ ပြဿနာပါ။ လုပ်သားရှားတော့ ကုန်တွေကို အချိန်မှီ ကုန်ချ၊ ကုန်တင်ဖို့ကလည်း တော် တော် ခက်ခဲလာပါတော့တယ်။ ဒ့ါပြင် အိန္ဒိယရောက်တဲ့အခါမှာလည်း ကုန်ချဖို့က ခက်ခဲပြန်ရောဆိုတော့ သာမန်အနေ အထားနဲ့ဆို ၁၅ ရက်နဲ့ ပြီးတဲ့ အလုပ်က ၄၅ ရက် လောက်ကြာသွားပါတယ်။
ဒုတိယ အခက်အခဲက စာရွက်စာတမ်းပါ။ မြန်မာနိုင်ငံမှာ စာရွက်တွေ ပြင်ဆင်ပြီးပြီဆိုရင် စင်္ကာပူကို ပို့ရပါတယ်။ ခုချိန်မှာ စင်္ကာပူ DHL က တပတ်ကို လေယာဉ်တစင်းပဲ ထွက်တဲ့အတွက်ကြောင့် တခေါက်နောက်ကျရင် တပတ်စောင့်ရတာမျိုး တွေ ဖြစ်ပါတယ်။ အဲဒီမှာ ပိုက်ဆံရဖို့လည်း နောက်ကျပါတယ်။ အဲဒီတော့ အိန္ဒိယသံရုံးက အိန္ဒိက စီးပွားကူးသန်းကို လှမ်း ပြောပေးပါတယ်။ အဲဒီတော့ Photocopies Document တွေကို ခွင့်ပေးလိုက်ပါတယ်။
ဒါပေမယ့် အိန္ဒိယဘဏ်မှာလည်း ဝန်ထမ်းဦးရေ နည်းနေတဲ့အတွက် ဝယ်သူတွေ ငွေထုတ်ဖို့ကလည်း ကြန့်ကြာပြန်ရော။ ဒါကြောင့် ကိုဗစ် စဖြစ်တဲ့အချိန်ကနေ မေလလယ်ကတော့ ကျွန်တော်တို့အတွက် အိမ်မက်ဆိုး တခုလိုပါပဲ။ နောက်ပြီး အိန္ဒိယအစိုးရကလည်း ကိုတာ ကို ပေးထားသေးတော့ လူတိုင်းကအရမ်းကို အလျင်လိုနေပါတယ်။
အခုတခေါက် သြဂုတ်လ ၃၁ ရက်မှာ နောက်ဆုံးထားပြီး ပို့ရမယ့် တန်ချိန် ၄၀၀၀၀၀ က ပြဿနာ ဖြစ်နေပါတယ်။ ဒါပေ မယ့် ကျနော်တို့ တန်ချိန် ၁၀၀၀၀၀ လောက်ပဲ ပို့နိုင်တော့မှာပါ။ ဘာလို့လဲဆိုတော့ အချိန် အကန့်အသတ်ကြောင့်ပါ။ ဒီတပတ်ထဲမှာတော့ ၁၅ ရက် ဒါမှမဟုတ် ၁ လထိ တင်ပို့မယ့်ရက် တိုးပေး မပေး ဆွေးနွေးပြောဆိုဖို့ အိန္ဒိယ စီးပွားကူးသန်း ဌာနမှာ အစည်းဝေးရှိပါတယ်။ ဒီလို အခက်အခဲတွေ ဖြစ်တာက ကိုဗစ်ကြောင့် ဖြစ်တာပါ။
မေး။ ။ လာမယ့် နှစ်မှာရော အိန္ဒိယရဲ့ဈေးကွက် အခြေအနေ ဘယ်လိုမျိုးရှိသလဲ။
ဖြေ။ ။ သူတို့ နိုင်ငံရဲ့ ရာသီဥတုပေါ် မူတည်ပါတယ်။ ရာသီဥတု မကောင်းဘူး စိုက်ခင်းပျက်ရင် ကျနော်တို့ဆီက ဝယ်မှာ ပါ။ အခု သိထားသလောက်တော့ ကျန်ခဲ့တဲ့ အပတ်မှာ မိုးအရမ်းရွာလို့ မတ်ပဲ စိုက်ခင်းတွေ ရေစိုသွားတယ်။ ဒါကြောင့် အိန္ဒိယက ဝယ်မယ်လို့ သိနေပါတယ်။ ဒါပေမယ့် ၃၁ ရက်မှာ အပြီး တင်ပို့ရမယ့် ကိစ္စလည်းရှိ နေပါတယ်။ ရက်တိုးပေး မယ်ဆိုရင်တော့ ဝယ်လိုအားတွေ ပေါက်ကွဲမှု ရှိမယ်လို့ သိပါတယ်။
ဆိုတော့ ပထမအချက်နေနဲ့ အိန္ဒိယမှာ ထုတ်လုပ်မှု များလာသလို စားသုံးဝယ်ယူမှုတွေလည်း များလာပါတယ်။ ဒုတိယ ကတော့ ရာသီဥတု ကောင်းမွန်ခြင်း မကောင်းခြင်းပေါ် မူတည်ပါတယ်။ ရာသီဥတုကောင်းလို့ ထုတ်လုပ်မှုများလာရင် တောင် မြန်မာဆီက လုံးဝ မဝယ်တော့တာမျိုး လုပ်လို့ မရပါဘူး။
ရုတ်တရက် ရာသီဥတုမကောင်းရင် ဒုက္ခရောက်သွားမှာ ပေါ့။ ဒါတွေကတော့ လက်ရှိ ဈေးကွက်ထဲမှာ ဖြစ်နေတဲ့ အခြေအနေ အမျိုးမျိုးပါ။ ဒါပေမယ့် အစိုးရတိုင်းကတော့ လိုအပ်တဲ့ အချိန်မှာ အရန်သင့် ရှိနေအောင် လုပ်ဆောင်တာမျိုးတော့ ရှိစမြဲပါပဲ။
You may also like these stories:
အိန္ဒိယ မူဝါဒ အပြောင်းအလဲကြောင့် မြန်မာ့ပဲ တင်သွင်းရမည့် တန်ချိန် မပြည့်မီနိုင်