မြန်မာနိုင်ငံရှိ အမျိုးသမီးများတွင် သားအိမ်ခေါင်းကင်ဆာသည် ရင်သားကင်ဆာပြီးပါက နံပါတ်၂ အဖြစ်အများဆုံး ကင် ဆာရောဂါ ဖြစ်သည်။ အဆိုပါ သားအိမ်ခေါင်း ကင်ဆာရောဂါသည် ကြိုတင် ကာကွယ်နိုင်သကဲ့သို့ ကုသပျောက်ကင်းနိုင် သည့် ရောဂါဖြစ်သည့်တိုင် ရောဂါနောက်ဆုံးအဆင့် ရောက်ရှိမှ သိရှိကြရပြီး ကုသကြသော်လည် အချိန်လွန်ခဲ့ပြီ ဖြစ်သဖြင့် အဆိုပါ ရောဂါဖြင့် အမျိုးသမီးများစွာ အသက်ဆုံးရှုံးခဲ့ရပြီးလည်း ဖြစ်သည်။
သို့ဖြစ်ရာ သားအိမ်ခေါင်းကင်ဆာ အကြောင်းကို သေသေချာချာ သိရှိနိုင်ရန်အတွက် သားဖွားမီးယပ် အထူးကု ဆရာ ဝန်ကြီး ဒေါက်တာစမ်းစမ်းမြင့်နှင့် ဧရာဝတီ သတင်းထောက် သဇင်လှိုင်က တွေ့ဆုံမေးမြန်းထားသည်။
မေး။ ။ မြန်မာနိုင်ငံမှာ သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားမှု အခြေအနေက ဘယ်လိုရှိနေပါသလဲ။
ဖြေ။ ။ သားအိမ်ခေါင်း ကင်ဆာက မြန်မာအမျိုးသမီးတွေမှာ ဖြစ်ပွားတဲ့ ရာခိုင်နှုန်းများပါတယ်။ အမျိုးသမီး ကင်ဆာထဲမှာ ဒုတိယ အများဆုံး ဖြစ်ပွားနေတဲ့ ကင်ဆာဖြစ်ပါတယ်။ ကမ္ဘာအနှံ့မှာလည်း အမျိုးသမီးထုရဲ့ တချို့နိုင်ငံတွေမှာဆို ဒုတိယ အများဆုံး တချို့နိုင်ငံတွေမှာဆို တတိယ အများဆုံး ဖြစ်နေတဲ့ ကင်ဆာ ဖြစ်ပါတယ်။ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ သားအိမ်ခေါင်း ကင်ဆာက ပိုပြီးတော့ အဖြစ်များပါတယ်။
မေး။ ။ ဘယ်လိုကြောင့် အဖြစ်များတယ်လို့ ပြောလို့ရလဲ။
ဖြေ။ ။ ဒီသားအိမ်ခေါင်းကင်ဆာက တကယ်တော့ ကာကွယ်လို့ ရတယ်။ မဖြစ်ခင်က ကြိုတင်ကာကွယ်တာ ရှိတယ်။ သား အိမ်ခေါင်းကင်ဆာ အကြိုအဆင့် ဆိုတာလည်း ရှိတယ်။ အဲဒီအကြိုအဆင့်မှာ ကျမတို့က စမ်းသပ်တွေ့ရှိရင် ထိရောက်တဲ့ ကုသမှုကိုပေးရင် သားအိမ်ခေါင်း ကင်ဆာ မဖြစ်အောင် ကာကွယ်လို့ရတယ်။ သားအိမ်ကင်ဆာ ဖြစ်တာ စစချင်းမှာ သိရင် ကုသမှုကို ထိထိရောက်ရောက်ပေးရင် လူ့ဘဝ သက်တမ်းစေ့ နေနိုင်တဲ့ ကင်ဆာမျိုး ဖြစ်တယ်။
အဖြစ်များတာက ဘာကြောင့် ဖြစ်လဲဆိုရင် ကာကွယ်မှုမှာ အားနည်းတာတို့၊ ကာကွယ်မှု မရှိခဲ့တာတို့၊ သားအိမ်ခေါင်း ကင် ဆာ အကြိုအဆင့်မှာ မမိလိုက်တာ၊ သားအိမ်ခေါင်းကင်ဆာ အဆင့်မှာလည်း အမျိုးသမီးထုက လက္ခဏာတွေကို သတိ မထားမိတဲ့ အခါမှာ အဆင့်လွန်တော့မှ ရောက်လာတာပေါ့။ အဲဒါကြောင့်လည်း သားအိမ်ခေါင်း ကင်ဆာကြောင့် သေဆုံးမှု တွေက ဖြစ်နေရတာပေါ့။ သားအိမ်ခေါင်းကင်ဆာ ကာကွယ်တာမှာ ထိရောက်တဲ့ ကာကွယ်မှုတွေ မရခဲ့တဲ့သူတွေမှာ အဖြစ် များတာပေါ့။
မေး။ ။ သားအိမ်ခေါင်းကင်ဆာက ဘာကြောင့် ဖြစ်တာလဲ။
ဖြေ။ ။ လိင်ဆက်ဆံခြင်းပေါ့။ အသက်ငယ်ငယ်နဲ့ အိမ်ထောင်ကျသူတွေ၊ အသက်ငယ်ငယ်နဲ့ အမျိုးသားနဲ့ ကာမဆက်ဆံ တဲ့သူတွေ၊ နောက် သားဆက်ခြားနည်းတွေမှာ ဆေးကတ်တွေပဲ သုံးပြီးတော့ အကာအကွယ်မသုံးတဲ့ အမျိုးသမီးတွေမှာ လည်း အဖြစ်များပါတယ်။ အမျိုးသမီး ကိုယ်တိုင်က အိမ်ထောင်ဆက် များတာ။ နောက်တခုက အမျိုးသမီးကတော့ အေး အေးဆေးဆေးပဲ၊ သူ့ရဲ့အမျိုးသားက ဆက်ဆံမှု များတာပေါ့။ အဲဒါမျိုးမှာ ဖြစ်တတ်တယ်။
အပျော်မယ်တွေနဲ့ ပျော်တဲ့ အမျိုးသားတွေရဲ့ အမျိုးသမီးမှာ သားအိမ်ခေါင်းကင်ဆာ အဖြစ်များပါတယ်။ နောက် HIV ပိုး ရှိတဲ့ အမျိုးသမီးတွေမှာလည်း သားအိမ်ခေါင်းကင်ဆာ အဖြစ်နှုန်း ပိုများပါတယ်။ ဆေးလိပ်သောက်တဲ့ အမျိုးသမီးတွေ၊ ကိုယ်တိုင်က ဆေးလိပ် မသောက်ပေမယ့် အမျိုးသားက သူ့နားမှာပဲ ဆေးလိပ်သောက်နေတယ်၊ ဆေးလိပ်ငွေ့တွေ ရှုနေ ရတဲ့ အမျိုးသမီးတွေမှာလည်း အဖြစ်များပါတယ်။
မေး ။ ။ သားအိမ်ခေါင်းကင်ဆာရဲ့ ရောဂါလက္ခဏာက ဘာတွေလဲရှင့်။
ဖြေ ။ ။ သွေးမဆုံးခင် အမျိုးသမီးတွေမှာ ရာသီသွေးတွေ ပုံမမှန်ဘဲ ဆင်းတာ၊ အမျိုးသားနဲ့ ဆက်ဆံပြီးရင် သွေးဆင်းတာ မျိုး၊ အန့ံ့ဆိုးရှိတဲ့ အဖြူတွေ ဆင်းတာမျိုး မိန်းကလေးဆိုတာတော့ သွေးမဆုံးခင်မှာ အဖြူတော့ ဆင်းတတ်တာပေါ့။ ဒါပေမယ့် သိသာထင်ရှားလောက်အောင် ခါတိုင်းနဲ့ မတူဘဲ ဆင်းတာမျိုးဆိုရင် သားအိမ်ခေါင်းကင်ဆာရဲ့လက္ခဏာတွေထဲ မှာ ပါပါတယ်။ အဲဒီလိုမျိုးဖြစ်ရင်တော့ ဆေးရုံ၊ ဆေးခန်းကို လာပြပါလို့ တိုက်တွန်းချင်ပါတယ်။ သားအိမ်ကို စစ်ရမှာပါ။
မေး။ ။ ကာကွယ်မှု အပိုင်းကို ပြောရရင် ဘယ်အသက်အရွယ် အပိုင်းအခြားတွေမှာက ကာကွယ်လို့ရတယ်၊ ဘယ်လိုပုံစံနဲ့ ကာကွယ်လို့ရတယ် ဆိုတာ ရှင်းပြပေးပါဦး။
ဖြေ။ ။ သားအိမ်ခေါင်း ကင်ဆာက ကင်ဆာထဲမှာ ကာကွယ်လို့ရတဲ့ ကင်ဆာပေါ့။ သူက ဗိုင်းရပ်စ်ပိုး တမျိုးပေါ့။ နံပါတ် ၁ ကာကွယ်ရမှာတော့ အသက်ငယ်ငယ်နဲ့ အိမ်ထောင်ပြုတာမျိုး ရှောင်ကြဉ်ရင်ပေါ့၊ အိမ်ထောင်ဆက်များတာမျိုး ရှောင်ရ မယ်။ ဒါမျိုးဆို သားအိမ်ခေါင်း ကင်ဆာ အဖြစ်နှုန်းက လျော့သွားမယ်။ အရေးကြီးဆုံး သားအိမ်ခေါင်းကင်ဆာ ကာကွယ် ဆေးထိုးတာပေါ့။
၉ နှစ်ကနေ ၁၄ နှစ် အရွယ်တွေကို သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထိုးပေးပါတယ်။ ကာကွယ်ဆေးထိုးမှုကြောင့် သားအိမ်ခေါင်း ကင်ဆာကို အများကြီး ကာကွယ်နိုင်ပါတယ်။ ၁၀၀ ရာခိုင်နှုန်းတော့ မကာကွယ်ဘူးပေါ့။ တော်တော်ကို ထိထိ ရောက်ရောက် ကာကွယ်နိုင်တဲ့ထဲမှာ ပါပါတယ်။
အမျိုးသားနဲ့ လိင်မဆက်ဆံခင်မှာ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို ထိုးထားမယ်ဆိုရင် အများကြီး ကာကွယ်နိုင် ပါတယ်။ နောက်တခုက သားဆက်ခြားတဲ့အခါမှာ အကာအကွယ်သုံးတာ အဲဒီနည်းလမ်းကလည်း သားအိမ်ခေါင်း ကင် ဆာ ကာကွယ်မှုမှာ ထိရောက်ပါတယ်။ သားအိမ်ခေါင်း ကင်ဆာက မဖြစ်ခင်မှာ အကြို အဆင့်ဆိုတာ ရှိပါတယ်။ အဲဒီအကြို အဆင့်ကို ရှာဖွေဖော်ထုတ်ပြီးတော့ ကုသတာပေါ့။ သားအိမ်ခေါင်းကင်ဆာ အကြိုအဆင့်ကို နည်းမျိုးစုံနဲ့ ရှာဖွေလို့ ရပါ တယ်။
သားအိမ်ခေါင်း အချွဲအမြှေးကို ယူပြီး စစ်ဆေးခြင်း၊ အသားစယူတာတို့၊ ဗိုင်းရပ်စ်ပိုးကို သားအိမ်ခေါင်းကနေ စစ်ဆေးပြီး တော့ သားအိမ်ခေါင်းကင်ဆာ အကြိုအဆင့်ကို ဖော်ထုတ်ပါတယ်။ အဲဒီမှာ ပုံမှန် မဟုတ်တာ တွေ့ရင် သားအိမ်ခေါင်းကို အဆပေါင်းများစွာ ချဲ့ပြီးမှန်ပြောင်းနဲ့ ကြည့်တာကနေပြီးတော့ သားအိမ်ခေါင်းမှာ ဘယ်နေရာက ပုံမမှန်တဲ့ ပြောင်းလဲမှု ဖြစ် နေသလဲ အဲဒီနေရာကနေ အသားစယူ စစ်ဆေးတာကနေ သားအိမ်ခေါင်းကင်ဆာ အကြိုအဆင့်ကို တွေ့ရှိရင် ထိရောက် တဲ့ ကုသမှုကို ပေးလိုက်တာနဲ့ အများကြီး ကာကွယ်နိုင်ပါတယ်။
သားအိမ်ခေါင်းကင်ဆာ ဖြစ်ပြီဆိုတာကို သိပြီဆိုရင် စောစောစီးစီး ဆေးကုသမှု ခံယူပြီးတော့ ထိရောက်တဲ့ ကုသမှုတွေကို ပေးရင် ရောဂါကို နိုင်နိုင်နင်းနင်း ကုသနိုင်ပြီးတော့ လူနာဟာ လူ့ဘဝသက်တမ်းစေ့ နေနိုင်တဲ့ အထောက်အထားတွေ ရှိပါ တယ်။ သားအိမ်ခေါင်းကင်ဆာ ဖြစ်မယ့် လက္ခဏာတွေကို ကျမတို့ အမျိုးသမီးထုက သိထားရင် ဆေးရုံ၊ ဆေးပေးခန်းကို လာပြီးတော့ ဆေးကုသမှု ခံယူရင် စောစောသိရင် စောစောကုလို့ ရပါတယ်။
ခွဲစိတ်ကုသတာလည်း ရှိပါတယ်၊ ဓာတ်ရောင်ခြည် ကုသတာလည်း ရှိပါတယ်။ နှစ်ခုပေါင်း ကုတာတွေလည်း ရှိတာပေါ့။ နောက်တခုက လူနာတွေက ကုသခံရမှာ ကြောက်တာ။ အဲဒါတွေကိုလည်း ကျမတို့ ပညာတွေပေးရမှာပေါ့။ အဲဒါဆိုရင် သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားမှုကို အများကြီးလျှော့ချနိုင်မှာ၊ သားအိမ်ခေါင်းကင်ဆာကြောင့် သေဆုံးမှုကိုလည်း လျှော့ ချနိုင်မှာပါ။
မေး။ ။ ကာကွယ်ဆေးက ၉ နှစ်ကနေ ၁၄ နှစ် အထိကိုပဲ ထိရောက်မှု ရှိတာလား။
ဖြေ။ ။ ၉ နှစ်ကနေ ၁၄ နှစ် အရွယ်မှာက ကိုယ်ခံအား တုံ့ပြန်မှုကလည်း အရမ်းကောင်းတယ်။ အမျိုးသားနဲ့လည်း မဆက် ဆံရသေးဘူး။ အဲဒီအချိန်မှာ ဒီဆေးကို ထိုးရင်တော့ ကာကွယ်မှုက အထိရောက်ဆုံးပဲ။ နောက် အသက်နည်းနည်း ရသွား တယ်၊ အမျိုးသားနဲ့ လိင်မဆက်ဆံရသေးဘူး။ ဒါပေမယ့် မကြာခင်တော့ သူအိမ်ထောင်ပြုတော့မယ်ပေါ့။ အဲဒီလိုမျိုးလည်း ဆေးထိုးလို့တော့ ရပါတယ်။ ခုနက အရွယ်လောက်တော့ ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှုက အားမကောင်းဘူးပေါ့။
အိမ်ထောင်ကျပြီးသား အမျိုးသမီးတွေလည်း လာထိုးပါတယ်။ ထိုးလည်းရတယ်ဆိုပေမယ့် သူတို့ကျတော့ ကာကွယ်ဆေး ထိုးတာထက်စာရင် သားအိမ်ခေါင်းကင်ဆာ အကြိုအဆင့်ကို စစ်ဆေးတာက ပိုပြီးတော့ ထိရောက်တဲ့ ကာကွယ်မှု နည်း လမ်း ဖြစ်ပါတယ်။ ၉ နှစ်ကနေ ၁၄ နှစ်အတွင်း ကလေးတွေကို ဆေးထိုးပေးလိုက်မယ် ဆိုပေမယ့်လည်း ဒီကလေးတွေ တနေ့ အိမ်ထောင်ကျတဲ့ အခါကျ သားအိမ်ခေါင်းကင်ဆာ အကြိုအဆင့် စစ်ဆေးတဲ့ စီမံချက်ထဲကို ဝင်ရမှာ ဖြစ်ပါတယ်။
ကာကွယ်ဆေး ထိုးရုံနဲ့ သားအိမ်ခေါင်း ကင်ဆာကို ၁၀၀ ရာခိုင်နှုန်း မကာကွယ်နိုင်ပါဘူး။ အိမ်ထောင်ပြုပြီး အမျိုးသားနဲ့ လိင်ဆက်ဆံပြီ ဆိုရင်တော့ သားအိမ်ခေါင်းကင်တာ အကြိုအဆင့်ကို သတ်မှတ်ထားတဲ့ သတ်မှတ်ချက်တွေနဲ့ အညီ မှန်မှန် စစ်ဆေးပေးရမှာ ဖြစ်ပါတယ်။ ဒီနှစ်ခု တွဲထားမှပဲ သားအိမ်ခေါင်းကင်ဆာကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။
မေး။ ။ ဒါဆိုရင် အမျိုသမီးတိုင်းအတွက် သားအိမ်ခေါင်းကင်ဆာ အကြိုစစ်ဆေးတဲ့ အဆင့်က အရေးကြီးဆုံးပေါ့။
ဖြေ။ ။ ဟုတ်ပါတယ်။ ကြိုတင်စစ်ဆေးတဲ့ အဆင့်မှာလည်း စမ်းသပ်မှုတွေ အမျိုးမျိုးရှိတာပေါ့။ သားအိမ်ခေါင်း အချွဲအမြှေး စစ်တာရှိတယ်။ သားအိမ်ခေါင်းကို (Acidic အက်ဆစ်) ရှာလကာရည်ပေါ့/ အဲဒါနဲ့ သားအိမ်ခေါင်းကိုတို့တယ်။ တို့လို့ အဲဒီ နေရာဖြူလားပေါ့၊ အဲဒါကိုကြည့်ပြီးတော့လည်း သားအိမ်ခေါင်းကင်ဆာ အကြိုအဆင့်ကို ရှာဖွေနိုင်တယ်။ အခု နောက်ပိုင်း ကတော့ ဗိုင်းရပ်စ်ပိုးရဲ့ DNA ကို စစ်တဲ့နည်းလမ်းတွေ ရှိပါတယ်။ ဒါပဏာမ စစ်တဲ့နည်းလမ်းတွေပေါ့။
အဲဒီနည်းလမ်းတွေနဲ့ စစ်လို့ ပုံမှန် မဟုတ်တာတွေ တွေ့ရင်တော့ ထပ်ပြီး စစ်ဆေးရမယ့် နည်းလမ်းတွေရှိတာပေါ့။ အသားစ ယူတာတွေ၊ သားအိမ်ခေါင်းမှန်ပြောင်း ကြည့်တာတွေပေါ့။ ဆေးရုံတော်တော်များများမှာ ရှိပါတယ်။ ဟိုးမြို့နယ် အဆင့်တွေ မှာတောင် ရှိပါတယ်။ တချို့အဆင့်တွေကဆိုရင် သားအိမ်တောင် ထုတ်စရာ မလိုဘူး။ အရေးကြီးတာကတော့ လာရောက် ပြသဖို့ ၊ အစစ်ဆေးခံဖို့၊ ညွှန်ကြားတဲ့အတိုင်း ကုသဖို့ နောက်မှန်မှန် Follow up လုပ်ဖို့ပါ။
သားအိမ်ခေါင်း ကင်ဆာအဆင့်ကလည်း အသက်၂၅ ကနေ ၆၄ နှစ်အတွင်းမှာ တချို့နိုင်ငံတွေမှာတော့ ၃ နှစ် ၁ ခါ စစ် တယ်။ တချို့နိုင်ငံတွေမှာတော့ ၄၉ နှစ် ကျော်သွားရင် ၅ နှစ် ၁ ခါ စစ်တယ်။ ကိုယ့်နိုင်ငံက သတ်မှတ်ထားတဲ့ အတိုင်း ပုံမှန်စစ်ဆေးရမှာ ဖြစ်ပါတယ်။ စောစောလာလို့ ကုသမှုလုပ်ရင် ရလဒ်က အရမ်းကို ကောင်းပါတယ်။ ကုသလို့ရတဲ့ ရောဂါ မျိုးပေါ့။ စောစောကုလေ စောစောကောင်းလေပါ။
မေး။ ။ ဒီရောဂါ ကြိုတင်ကာကွယ်လို့လည်း ရတယ်၊ ကုသလို့လည်း ရတယ်ပေါ့။ ဒါပေမယ့် WHO ရဲ့ စာရင်းတွေမှာ ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံက သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားပြီးနောက် သေဆုံးမှုနှုန်း အများဆုံး နိုင်ငံစာရင်းမှာ ပါနေ တာ တွေ့ရပါတယ်။ ဒါ ဘာကြောင့် ဖြစ်မလဲ။
ဖြေ။ ။ ကျမတို့နိုင်ငံမှာ အခုဆိုရင် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဖို့ကို လုပ်နေပါပြီ။ အရင်ကဆိုရင် သားအိမ်ခေါင်း ကင်ဆာကို ထိထိရောက်ရောက် ကာကွယ်ရေးတွေကို မပေးနိုင်ဘူးပေါ့။ မကြာမီမှာပဲ နိုင်ငံတော်က သားအိမ်ခေါင်းကင် ဆာ ကာကွယ်ဆေးတွေကို စီမံချက်နဲ့ အတူ ထိုးတော့မှာပါ။ ယခင်ကတော့ ကာကွယ်ဆေး ထိုးတာကို မိမိဘာသာ မိမိ အစီအစဉ်နဲ့ ဝယ်ထိုးရတယ် ပေါပေါများများလည်း မရရှိခဲ့ဘူး။ ဒါကတချက်ပေါ့။
နောက်တချက်က သားအိမ်ခေါင်းကင်ဆာ အကြိုအဆင့်ကို စစ်ဆေးခြင်းပေါ့။ အဲဒါကတော့ ကမ္ဘာ့နိုင်ငံ တော်တော်များများ ပါ လုပ်နေပါပြီ။ အဲဒါကတော့ ကျမတို့ နိုင်ငံမှာ အခွင့်အလမ်း ရှိတဲ့လူတွေလောက်ပဲ စစ်နိုင်တယ်။ အမျိုးသားနဲ့ လိင်ဆက် ဆံဖူးသော အမျိုးသမီးတိုင်းကို ၂၅ နှစ်ကနေ ၆၄ နှစ်အတွင်းမှာ သားအိမ်ခေါင်း ကင်ဆာကို မှန်မှန်စစ်ဆေးတာပေါ့။ ကမ္ဘာ့နိုင်ငံ တော်တော်များများမှာက ဒါက ပုံမှန် စစ်ဆေးပေးပါတယ်။
နောက်တခုက ကျမတို့ အမျိုးသမီးတွေရဲ့ ကြောက်စိတ်ပေါ့။ သွေးပုံမှန် မဆင်းဘူး ဆိုပါတော့။ ဒါဖြစ်တတ်တာပဲ ဆိုပြီး သွေးဆုံးခါနီးလို့ ဖြစ်တာ၊ ဒါ တာဆေးသောက်လို့ ဖြစ်တာဆိုပြီး သူတို့ဘာသာ ထင်ကြေးနဲ့ အိမ်မှာပဲ နေနေတယ်။ နေပြီး တော့ တော်တော်ကို ပိုဆိုးလာတော့မှ ဆေးခန်းလာပြတဲ့ အခါ အထဲမှာ သားအိမ်ခေါင်းကင်ဆာ ဖြစ်နေပြီ။
ဒါကတော့ ကျမတို့ အမျိုးသမီးတွေရဲ့ ကျန်းမာရေး ဗဟုသုတ နည်းပါးနေသေးတာပေါ့။ ရောဂါ အဆင့်မြင့်တော့မှ ရောက် လာတာပေါ့။ အရမ်းကိုနာလာတယ်၊ အရမ်းကို အပုပ်တွေ သွေးတွေ ဆင်းလာတော့မှ လာတယ်။ အဲဒီလိုမျိုးကျတော့ ကျမတို့ ဘယ်လောက်ပဲ ထိရောက်တဲ့ ကုသမှုတွေ ပေးပေမယ့် သူတို့ကို မကယ်နိုင်ဘူးပေါ့။ အဲဒါမျိုးတွေကြောင့် သေဆုံး မှုတွေ များနေတာပါ။
မေး။ ။ ဘယ်အသက်အရွယ်တွေမှာ အဖြစ်များ တတ်လဲ။
ဖြေ။ ။ ၇၀ မှာ ဖြစ်တာလည်း ရှိတယ်။ များသောအားဖြင့် ၃၅ ကနေ ၆၀ အတွင်းမှာ များများဖြစ်တာကို တွေ့ရတယ်။ အခုနောက်ပိုင်းမှာ အငယ်လေးတွေမှာပါ ဖြစ်လာတာ တွေ့ရတယ်။ အများကြီးတော့ မဟုတ်ဘူး တခါတရံတွေ့တာ။
မေး။ ။ နှစ်စဉ်ဖြစ်ပွားမှုနှုန်းတွေကို ယှဉ်ကြည့်မယ်ဆိုရင် လျော့ကျလား၊ တိုးလာလားရှင့်။
ဖြေ။ ။ ကျမတို့ဆေးရုံ အလိုက်ဖြစ်ပွားမှုကိုပဲ ကြည့်လို့ရတာပေါ့။ တနိုင်ငံလုံးကတော့ ပြောရတာ ခက်တယ်။ အခုတလော နည်းနည်း ကျလာတာကို တွေ့ရပါတယ်။ ကောက်ချက်ချရလောက် အထိတော့ ပြောလို့မရသေးဘူး။ အခု ကျမတို့ ကြည့်ရ မှာက သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးတွေလည်း ထိုးပေးတော့မယ်။
နောက် သားအိမ်ခေါင်းကင်ဆာ အကြိုအဆင့် စစ်ဆေးမှာတွေလည်း ဖြစ်လာပြီ။ ကုသမှုတွေမှာလည်း ထိရောက်တဲ့ ကုသ မှုတွေ ပေးနိုင်ဖို့ကို ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက လုပ်ဆောင်နေပါပြီ။ အရင်ကလည်း လုပ်ဆောင်ပါတယ် အခု ကတော့ အရှိန်အဟုန်မြင့်လာပါတယ်။
ဆိုတော့ ကျတော့ ကျလာမယ်လို့ ကျမတို့ မျှော်လင့်ပါတယ်။ သားအိမ်ခေါင်း ကင်ဆာ အကြိုအဆင့်က ဟိုးအရင်ကတည်း က စစ်ဆေးလို့ရပါတယ်။ ဒါပေမယ့် နိုင်ငံတော်ကနေ အမျိုးသမီးထုကို ပုံမှန်စစ်ဆေးခြင်းပေါ့။ အသက် ၂၅ ကနေ ၆၄ နှစ် အတွင်း အိမ်ထောင်ကျဖူးတဲ့ အမျိုးသမီးတွေ၊ အမျိုးသားနဲ့ လိင်ဆက်ဆံခဲ့ဖူးတဲ့ အမျိုးသမီးတွေကို ပုံမှန်စစ်ဆေးပေးတာမျိုး ကို မကြာခင် စတော့မှာပါ။
မေး။ ။ ပုံမှန်စစ်ဆေးမှု ဆိုတာက ဝေးလံတဲ့ ဒေသတွေအထိ လွှမ်းခြုံနိုင်ပါ့မလား။
ဖြေ။ ။ သားဖွားမီးယပ် ဆရာဝန်ကြီးတွေ၊ ကင်ဆာအထူးကု ဆရာဝန်ကြီးတွေနဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနဲ့ အကြိမ်ပေါင်းများစွာ အစည်းအဝေးတွေ လုပ်ပြီးတော့ အားလုံး တနိုင်ငံလုံးကို လွှမ်းခြုံတဲ့ စစ်ဆေးမှုများ ရရှိအောင်လို့ နိုင်ငံ ခြားက ပညာရှင်တွေရော၊ ပြည်တွင်း ပညာရှင်တွေရော အကြိမ်ပေါင်းများစွာ အစည်းအဝေး လုပ်ခဲ့ရပါတယ်။ လုပ်ခဲ့ပြီး တော့မှ Guide Line တွေ ထွက်နေပါပြီ။ အခုက မိမိဘာသာ မိမိတောင် စစ်လို့ရမယ့် နည်းလမ်းမျိုးပေါ့ သိပ်လည်း အကုန် အကျ မများဘူးပေါ့။
အထူးသဖြင့် ဝေးလံခေါင်ဖျားတဲ့ အရပ်က ပြည်သူတွေရော၊ ဆေးခန်းဝေးတဲ့ အရပ်က ပြည်သူတွေကိုရော စစ်ဆေးနိုင်မယ့် နည်းလမ်းနဲ့ စစ်မယ်လို့ ကျမတို့ သိရပါတယ်။ အဲဒီနည်းလမ်းတွေနဲ့ပဲ Guide Line ဆွဲထားပြီးပါပြီ။ တနိုင်လုံးကို လွှမ်းခြုံနိုင် မှာ သေချာပါတယ်။
မေး။ ။ ဆရာမနေနဲ့ ဘာများ ဖြည့်စွက် အကြံပြုချင်တာ ရှိဦးမလဲ။
ဖြေ။ ။ ကာကွယ်မှု နည်းလမ်းတွေကို ပိုမိုပြီးတော့ ဆောင်ရွက်ပေးရပါမယ်။ ကာကွယ်မှုကို လုပ်တဲ့ အခါမှာလည်း တနိုင်ငံ လုံး လွှမ်းခြုံနိုင်အောင် ထိရောက်စွာ ကာကွယ်ရပါမယ်။ ကျန်းမာရေး ပညာပေး လုပ်ငန်းတွေကို အရှိန်အဟုန်နဲ့ ပိုမိုတိုး တက် ဆောင်ရွက်ရပါမယ်။ နောက်ပြီးတော့ သားအိမ်ခေါင်းကင်တာ ကြိုတင် စစ်ဆေးမှုကို ထိရောက်တဲ့ နည်းလမ်းတွေနဲ့ စစ်ဆေးရပါမယ်။ တပွဲတိုး မဟုတ်ဘဲနဲ့ ရေရှည်မှာ ဆက်လက်ပြီး ဆောင်ရွက်ရပါမယ်။
ပြည်သူအများ ကိုယ်တိုင်ကလည်း လာရောက် စစ်ဆေးနိုင်အောင်လို့ ပညာပေးရပါမယ်။ ထိရောက်တဲ့ ကုသမှုကို ပေးနိုင်ဖို့ အတွက် ကျွမ်းကျင်တဲ့ သားဖွားမီးယပ် ဆရာဝန်တွေကို မွေးထုတ်ပေးဖို့ လိုအပ်ပါတယ်။ မြို့ကြီးတွေမှာတင် မကဘူး၊ ပြည် နယ်တွေ တိုင်းတွေ မြို့နယ်တွေမှာပါ ကုသမှုပေးနိုင်ရင် သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားမှု ကာကွယ်တာက တော်တော့်ကို ထိရောက်မှာ ဖြစ်ပါတယ်။ ကုသရုံနဲ့ မပြီးသေးဘူး။ ကုသပြီး ဆက်လက် မှန်မှန်ပြရမယ်ဆိုတဲ့ အချက်ကိုလည်း ပညာပေး တဲ့အခါမှာ ထည့်သွင်းပေးဖို့ အရေးကြီးပါတယ်။ ကုသမှုရော ကာကွယ်မှုရော တပြေးညီ ဟန်ချက်ကျကျ လုပ်လို့ရင် သား အိမ်ခေါင်းကင်ဆာ ဖြစ်ပွားမှုဆိုတာ ကျဆင်းသွားမှာပါ။
သားအိမ်ခေါင်းကင်ဆာ ကာကွယ်တာမှာ ဆေးထိုးတာတင် မကဘူး။ စစ်ဆေးခြင်းဟာလည်း အရေးကြီးတယ် ဆိုတာ အမြဲတမ်း ပညာပေးသင့်ပါတယ်။ တချို့အမျိုးသမီးတွေက ထင်နေတယ်။ သားအိမ်ခေါင်း ကင်ဆာ ကာကွယ်ဆေးထိုး ပြီးရင် စစ်စရာ မလိုဘူးလို့ ထင်ပါတယ်။ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးတွေ ထိုးကတည်းကိုက ပညာပေးရမှာ၊ ဒီကာကွယ်ဆေးနဲ့တင် မလုံလောက်တဲ့ အကြောင်းပေါ့။ ကာကွယ်ဆေးလည်း ထိုးမယ်။ အိမ်ထောင်ကျပြီ၊ အမျိုးသားနဲ့ လိင်ဆက်ဆံမှု ရှိပြီဆိုရင် သားအိမ်ခေါင်းကင်ဆာကို မှန်မှန်စစ်ရမယ် ဆိုတဲ့အကြောင်းကို ပညာပေးရမှာ ဖြစ်ပါတယ်။
You may also like these stories:
သားအိမ်ခေါင်းကင်ဆာ စစ်ဆေးမှု နိုင်ငံအဆင့် စတင် ဆောင်ရွက်မည်
သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး စက်တင်ဘာလတွင် အခမဲ့ ထိုးနှံပေးမည်