ရခိုင်ပြည်နယ် စစ်တွေမြို့နယ်အတွင်း COVID 19 ရောဂါပိုး ကူးစက်မှုမှာ တနေ့တခြား မြင့်လာလျက်ရှိကာ စက်တင်ဘာ လ ၂ ရက် ညနေပိုင်းအထိ ပိုးတွေ့လူနာ၂၀၇ ဦးကို စစ်တွေ ပြည်သူ့ ဆေးရုံကြီးတွင် ကြပ်မတ်ကုသလျက် ရှိသည်။
ပိုးတွေ့လူနာ အများစုမှာ ကျန်းမာရေး အခြေအနေ ကောင်းမွန်လျက် ရှိသော်လည်း တချို့မှာတော့ အသက်ရှူလမ်း ကြောင်း မွန်းကျပ်မှု ဖြစ်ပေါ်ခဲ့သည့်အတွက် အရေးပေါ် အခန်းထဲသို့ ပို့ဆောင်ပြီး ကြပ်မတ်ကုသခဲ့ရမှု အခြေအနေရှိလည်း ရှိနေသည်။
ထိုသို့ ပိုးတွေ့ လူနာများထဲမှ စစ်တွေဆေးရုံကြီး၏ အထူးကု ဆရာဝန်ကြီး အပါအဝင် သူနာပြုများပါ ပိုးကူးစက်ခံရသည့် အတွက် လက်ရှိအချိန်တွင် ဆေးရုံကြီးမှ ဝန်ထမ်း ၁၇ ဦးထိ ကိုဗစ်ရောဂါပိုး ကူးစက်ခံနေရသည်။
ထိုသို့သော ကိုဗစ် လူနာ ၂၀၀ ကျော်အား ကုသနေမှု အခြေအနေများ အပါအဝင်၊ ပိုးတွေ့လူနာများ၏ ကျန်းမာရေး အခြေ အနေ ဖြစ်ပေါ်ပြောင်းလဲမှုများနှင့် ပတ်သက်ပြီး ဧရာဝတီသတင်းဌာနမှ အကြီးတန်း သတင်းထောက် မင်းအောင်ခိုင်က စစ်တွေ ဆေးရုံအုပ်ကြီး ဒေါက်တာ ဇော်လွင်အား ဆက်သွယ် မေးမြန်းမှုများကို ဖော်ပြလိုက်ပါသည်။
မေး။ ။ ပိုးတွေ့လူနာက တဖြည်းဖြည်း များလာနေတော့ စစ်တွေဆေးရုံကြီးမှာ ကုသနေတဲ့ ကိုဗစ်လူနာ အရေအတွက် ဘယ်လောက်ရှိသွားပြီလဲ။
ဖြေ။ ။ ကျနော်တို့ ဒီ စစ်တွေဆေးရုံမှာ ကိုဗစ်လူနာ ၁၆၈ ဦး၊ သူနာပြုသင်တန်းကျောင်းမှာ ၃၉ ယောက် အကုန်လုံး လူဦး ရေ၂၀၇ ဦး ရှိပါတယ်။ ကျနော်တို့ဆီမှာ Isolation Ward တွေ ခွဲထားတာပေါ့။ ၁ ၊ ၂ ၊ ၃ ၊ ၄ ဆိုပြီးတော့ Ward ၄ ကတော့ သူနာပြု သင်တန်းကျောင်းပါ။ အဓိကတော့ ဒီ၂၀၇ ယောက်ကို အဆောင် ၄ ဆောင်ပေါ့၊ အဲဒီ ၄ ဆောင်ကို ထပ်ပြီးတော့ ကျား၊ မ သီးသန့် အဲဒီလိုလေးတွေ ခွဲလိုက်တော့ အားလုံးပေါင်း ၈ ခု ရှိပြီးတော့ ကျနော်တို့ ဆေးကုသမှု ပေးနေတယ်။
မေး။ ။ ပိုးတွေ့ လူနာတွေရဲ့ကျန်းမာရေး အခြေအနေက ဘယ်လိုရှိလဲ။
ဖြေ။ ။ ကျန်းမာရေး အခြေအနေကတော့ ကောင်းကြပါတယ်။ မနေ့ကတော့ လူနာ ၂ ယောက်က အောက်ဆီဂျင် နည်းလို့ ဆိုပြီးတော့ ကျနော်တို့ အရေးပေါ် အခန်းထဲကို ထည့်ရတာပေါ့။ ဒီနေ့ကတော့ ပြန်ကောင်းသွားတော့ အပြင်ကို ပြန်ထုတ် ထားတာ ရှိတယ်။
ပိုးတွေ့လူနာ ၂၀၇ ယောက်မှာ လူ ၄ ယောက်ကတော့ ပုံမှန်နဲ့စာရင် နည်းနည်းလေး ဂရုစိုက်ပြီး ကုသပေးရတာ ရှိတယ်။ သူတို့က နဂိုကတည်းက ရောဂါအခံ ရှိတယ်။ သွေးတိုး၊ ဆီးချိုတို့ စသည့်ဖြင့်ပေါ့။ ရောဂါအခံ ရှိတဲ့အတွက် ကုသတဲ့အခါ မှာ ပုံမှန်ထက်တော့ ဂရုစိုက် ကုသပေးရတဲ့ အနေအထားပဲ ဖြစ်ပါတယ်။
မေး။ ။ မနေ့က အောင်ဆီဂျင် ပေးရတဲ့ လူနှစ်ယောက်ရဲ့ အသက်အရွယ်က ဘယ်လောက်ရှိလဲ။
ဖြေ။ ။ အဲဒီလူ နှစ်ယောက်တော့ အသက် ၆၀ ကျော် အရွယ်တွေ ဖြစ်တယ်။ အသက်ကြီးပိုင်းထဲမှာတော့ ပါတာပေါ့။
မေး။ ။ နောက်တချက်က ပထမဆုံး ပိုးတွေ့တဲ့ CB ဘဏ်က ဝန်ထမ်း အပါအဝင် ကနဦး ပိုးတွေ့လူနာတွေရဲ့ ဒုတိယ အကြိမ်အဖြစ် ဆေးစစ်ချက်တွေက ဘယ်လို ထွက်ပေါ်လာတာ ရှိလဲ။
ဖြေ။ ။ သူတို့ကို ထပ်စစ်တော့ ပိုးထပ်တွေ့သေးတယ်။ ခန္ဓာကိုယ်ထဲမှာ ဗိုင်းရပ်စ်ပိုးရဲ့ အမျှင်သေးသေးလေးတွေ ရှိသေးရင် လည်း စက်က ပိုးတွေ့တဲ့ လက္ခဏာ ပြတယ်လေ။ ပိုးတွေ့တဲ့ လက္ခဏာပြပေမယ့် အဲဒီဟာသည် တခြားလူကို ကူးစက်တဲ့ ဟာမျိုး၊ ရောဂါ ပြင်းထန်တဲ့ ဟာမျိုးတွေတော့ မဟုတ်ပါဘူး။ လက်ရှိမှာတော့ ပိုးထပ်တွေ့တဲ့ အထဲမှာ ပါသေးတဲ့အတွက် ဆေးရုံမှာ ပြန်ထားရသေးတဲ့ အနေအထား ရှိတယ်။
ရောဂါရဲ့ သဘောသဘာဝ အနေအထားက အဲဒီလို ရှိတော့ Second Time မှာ Positive ပြန်တွေ့နေပေမယ့် လူကတော့ ကျန်းမာရေး ကောင်းတယ်။ နောက်တကြိမ် ဆေးစစ်လို့ လိုအပ်နေရင်တော့ ဆေးရုံမှာ ထပ်ပြီးတော့ ထားရဦးမှာပေါ့။ အနည်းဆုံးတော့ သုံးပတ် ထားရတာကိုး။ အခုတော့ ဒုတိယအကြိမ်အဖြစ် စစ်ဆေးတာပေါ့။ တတိယအကြိမ် စစ်ဖို့က လည်း လိုသေးတယ်။ အဲဒီအချိန် စစ်ဆေးလို့ Negative အဖြေ ထွက်ရင်တော့ ဆေးရုံက ပေးဆင်းမှာပေါ့။
မေး။ ။ စစ်တွေ ဆေးရုံကြီးထဲမှာ ဆရာဝန်၊ ဆရာမ အပါအဝင် ဝန်ထမ်း အရေအတွက်က စုစုပေါင်း ဘယ်လောက်ရှိလဲ။ ပြီးတော့ ကိုဗစ်ပိုးတွေ့တဲ့ သူတွေထဲမှာ ဆရာဝန်၊ သူနာပြု အပါအဝင် ကျန်းမာရေး ဝန်ထမ်း ဘယ်လောက်ရှိလဲ ဆိုတာ လည်း သိပါရစေ။
ဖြေ။ ။ ကျနော်တို့ စစ်တွေ ဆေးရုံကြီးမှာ ဝန်ထမ်း အားလုံး ၄၀၀ ကျော် ရှိပါတယ်။ အဲဒီထဲမှာ ပိုးတွေ့သူတွေထဲမှာ ဆရာ ဝန်၊ ဆရာမ အားလုံးပေါင်း ၁၇ ယောက် လောက် ရှိပါတယ်။
မေး။ ။ ဆရာဝန်၊ သူနာပြုတွေ ပိုးတွေ့တဲ့ အထဲမှာ ပါသွားတယ်ဆိုတော့ သူတို့ တာဝန်ကျတဲ့ Ward တွေမှာ ဘယ်လို ပုံစံမျိုး အင်အား ထပ်ဖြည့်ပြီးတော့ ကုသရေးအပိုင်းကို ဘယ်လို စီစဉ်ဆောင်ရွက်နေတာ ရှိလဲ။
ဖြေ။ ။ အဲဒါက ဒီလို ရှိတယ်။ ကုတင် ၅၀၀ ဆံ့ ဆေးရုံဖြစ်တဲ့အတွက် အရင်တုန်းက ကျနော်တို့ဆီမှာက လူနာက နည်း နည်း များတယ်။ လူနာက ပုံမှန် ၃၅၀ လောက် ရှိတယ်။ အဲဒီတော့ ကိုဗစ် စဖြစ်တဲ့အခါ ကျနော်တို့က အရေးကြီးတဲ့ လူနာ တွေကိုပဲ ကုသပေးပြီးတော့ ပုံမှန်လူနာတွေ ဆိုရင် ကျနော်တို့က စားဆေး၊ သောက်ဆေး ပေးတာတို့ သက်ဆိုင်ရာ ဆရာ ဝန်ကြီးများက ဖုန်းနဲ့တဆင့် ဖြေကြားပြီး ကုသပေးတာတို့ ဒါမျိုးဆောင်ရွက်တယ်ပေါ့။
နောက်တခုကတော့ Volunteer ဆရာဝန်၊ ဆရာမတွေ ထပ်ရောက်လာတော့ ဆေးကုသတဲ့အခါမှာ လစ်ဟင်းမှု မရှိဘဲနဲ့ အဆင်ပြေပြေ ကုသပေးနိုင်တဲ့ အနေအထား ရှိပါတယ်။
မေး။ ။ ပိုးတွေ့သူတွေက အခု တနေ့ထက်တနေ့ တိုးလာနေတယ်ဆိုတော့ ကုသရေး အပိုင်းမှာပေါ့။ လူနာကုသတဲ့ အဆောင်တို့ PPE ဝတ်စုံ အပါအဝင် အထောက်အကူ ပစ္စည်းတွေနဲ့ ပတ်သက်ပြီး ရေရှည်မှာ အခက်အခဲ မဖြစ်အောင် ဘယ်လိုပုံစံမျိုး ဆောင်ရွက်သွားဖို့ အစီအမံတွေရှိလဲ။
ဖြေ။ ။ ကျနော်တို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနကနေ ဒါတွေကို လိုအပ်သလို ဖြည့်ဆည်းပေးပါလိမ့်မယ်။ နောက် တခါ အလှူရှင်တွေလည်း ရှိတယ်ဆိုတော့ ကျနော်တို့ အဆင်ပြေပြေ ဆောင်ရွက်သွားနိုင်ပါလိမ့်မယ်။
မေး။ ။ ရခိုင်မှာတွေ့တဲ့ ကိုဗစ်ပိုးနဲ့ ပတ်သက်ပြီးတော့ နောက်ထပ် ထူးခြာမှုအသစ်၊ အသစ်တွေအနေနဲ့ ဘယ်လိုပုံစံ မျိုးရိုး ဗီဇပြောင်းလဲမှု ဖြစ်ပေါ်လာတာတွေကို ထပ်တွေ့ရှိရတာ ရှိလဲ။
ဖြေ။ ။ ဒါကတော့ သိတဲ့အတိုင်းပဲ ကူးစက်မှု များလာတယ်။ ဖြစ်တာ များတယ်။ ဒါပေမယ့် ရောဂါပြင်းထန်မှုတော့ နည်း တယ်။ အဲဒီ အနေအထားပဲ ရှိပါတယ်။
မေး။ ။ ပထမ ပိုးတွေ့တဲ့ လူတော်တော်များများက နှာခေါင်း အနံ့ မရတာတွေ ရှိတယ်။ အခု အဲဒီလူတွေက နှာခေါင်းအနံ့ ရသွားပြီလား။
ဖြေ။ ။ တော်တော်များများက ပြန်ကောင်းလာပြီ။ နှာခေါင်း အနံ့မရတဲ့ လူတွေက ၃ / ၄ ရက်အတွင်း ပြန်လည်ပြီးတော့ ကောင်းမွန်သွားတာ ရှိပါတယ်။
မေး။ ။ နောက်ဆုံး တချက် မေးချင်တာက ကိုဗစ်လူနာတွေကို ဘယ်လိုပုံစံမျိုး ကုထုံးတွေနဲ့ ကုသမှုတွေ လုပ်ပြီးတော့ အဓိက ဘာဆေးဝါးတွေနဲ့ ကုသနေတာရှိလဲဆိုတာ ရှင်းပြပေးပါ။
ဖြေ။ ။ ကျနော်တို့ ဒီကသမားတော်ကြီးများကနေ ရန်ကုန်က သမားတော်ကြီးတွေနဲ့ ချိတ်ဆက်ပြီးတော့ ကုထုံးကတော့ ရန်ကုန်က ကုသလိုပဲ။ သမားတော် အချင်းချင်း ချိတ်ဆက်ပြီးတော့ ကုသပေးနေတာ ရှိပါတယ်။
You may also like these stories:
ရခိုင်မှပြန်လာကြောင်း သတင်းပေးပို့ရန် ပျက်ကွက်သူ ၄၀၀၀ ခန့်ရှိနေ
စခန်းမှူး ကိုဗစ်ပိုးကူးစက်ခံရသဖြင့် စစ်တွေ နယ်မြေရဲစခန်း Lockdown ချထား