၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စား လှယ်လောင်းများ အနေဖြင့် ယနေ့မှ စတင်ကာ ရက် ၆၀ ကြာ မဲဆွယ်စည်းရုံးခွင့် စတင်နိုင်ပြီဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန် ကြေညာထားပြီးဖြစ်သည်။
ထိုသို့ မဲဆွယ်စည်းရုံးခွင့် ပြုပြီဖြစ်သော်လည်း ကိုဗစ်ရောဂါပိုး ကူးစက်ပြန့်ပွားနေရာ ကာလ ဖြစ်သည့်အတွက် Stay at Home မြို့နယ်များတွင် မဲဆွယ်ခွင့်မပြုခြင်း၊ လူ ၅၀ ထက်ပိုမို စုဝေးခွင့် မပြုခြင်း၊ မြို့နယ် ၁ ခုမှ ၁ ခုသို့ သွားရာတွင် Quarantine ဝင်ရောက်ရမည် ဖြစ်ခြင်း စသည့် သတ်မှတ်ချက် များလည်း UEC က ထုတ်ပြန်ကြေညာထားသဖြင့် ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများ၊ ပါတီများကို အကျပ် ရိုက်စေသည်။
ထိုသို့သော အခြေအနေများအကြား မည်သို့ လုပ်ဆောင်သွားမည်ဆိုသည့် အခြေအနေများကို ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ၊ နိုင်ငံရေးပါတီများကို ဧရာဝတီမှ မေးမြန်းကာ စုစည်းဖော်ပြလိုက်ပါသည်။
ဦးခိုင်ပြည်စိုး (အထွေထွေအတွင်းရေးမှူး၊ ရခိုင်အမျိုးသားပါတီ (ANP))
ရွေးကောက်ပွဲက Campaign ကာလတခုကို ဖြတ်ကျော်ရမယ်ဆိုတော့ တကယ့်ကို စိတ်ပျက်စရာ ကောင်းတယ်လို့ မြင်တယ်။ ရခိုင်အနေအထားနဲ့ ကျနော် ပြောတာပါ။ ဒီလိုအခြေအနေမျိုးမှာ ရွေးကောက်ပွဲကို နောက်ဆုတ်ထားရင် အကောင်းဆုံးပဲ။
ရခိုင်မှာ စစ်ရေးပဋိပက္ခက တမျိုး၊ ကိုဗစ်-၁၉ ရောဂါက တမျိုးဆိုတော့ ၁ ရွာနဲ့ ၁ ရွာ၊ ၁ အုပ်စုနဲ့ ၁ အုပ်စု၊ ပါတီဝင် အချင်းချင်း ကူးလူးဆက်ဆံမှုက မလွယ်ဘူး။ မဲဆွယ်စည်းရုံးတာကို အင်တာနက် အသုံးပြုလုပ်မယ် ဆိုတော့အင်တာနက် မရဘူး အခက်အခဲက အများကြီး ရှိတယ်။ ၂၀၂၀ လုပ်မယ့် ရွေးကောက်ပွဲ က လက်ရှိအာဏာရ အစိုးရအနေနဲ့ ချည်ပြီး တုပ်ပြီး ရွေးကောက်ပွဲတခုကို သူတို့အတွက် အကျိုးရှိရှိ လုပ်လို့ ရအောင် လုပ်တယ်လို့ပဲ မြင်ပါတယ်။
သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ကော်မရှင်နဲ့တွေ့ခိုင်းထားတယ်။ ဆိုလိုတာက ခရိုင်၊ မြို့နယ်၊ ပြည်နယ် ရွေးကောက်ပွဲကော်မရှင်ကနေ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို ဒီပါတီတွေကို ရွေးကောက်ပွဲကာလ မှာ ပဋိပက္ခ ဖြေရှင်းဖို့အတွက် ကိုယ်စားလှယ်လောင်း တောင်းထားတာတွေရှိတယ်။
သူတို့က တဆင့် ကျနော်တို့ ဆွေးနွေးခိုင်းထားတယ်။ ဥပမာ စစ်တွေမြို့နယ်မှာ နေ့ချင်းမရောက်နိုင်တဲ့ နေရာတွေ ရှိတယ်။ အဲဒီမှာ ရွာမှာ ကျနော်တို့ အိပ်လို့ မရဘူး။ ရွာကို ဝင်လို့ မရဘူး။ ဒေသန္တရအမိန့်တွေကိုလည်း လိုက်နာရမယ်ဆိုတော့ ကော်မရှင်က မဲဆွယ်စည်းရုံးခွင့်ပေးထားတယ်။ ဒေသန္တရအာဏာပိုင်က ရွာတွေကို ဝင်လို့ မရဘူး။ ကိုဗစ်-၁၉ ဖြစ်နေ တယ်။ လူမစုရဘူးလို့ အမိန့်ထုတ်ထားတယ်။ ကော်မရှင်ကတော့ လူ ၅၀ စုလို့ ရတယ်။ ဒီ ၂ ခုကို ဘယ်လို ဖြေရှင်းမလဲ။
ကော်မရှင်က ထုတ်ပြန်တဲ့ ဥပဒေတွေ အမိန့်ကြေငြာချက်တွေကို သက်ဆိုင်ရာ ဒေသအာဏာပိုင်တွေက အသိအမှတ် ပြုမလား။ ဒေသအာဏာပိုင်အပြင် စစ်ဆင်ရေးနယ်မြေ ဆိုတော့ တပ်တွေကလည်း ရှိတယ်။ တပ်တွေကလည်း မလာရဘူး ဆိုရင် အများကြီး အခက်အခဲတွေ ရှိတယ်။ အခုထိ လွှတ်တော်ကိုယ်စားလှယ်လောင်းကို ထုတ်ပေးတဲ့ ကတ်တောင် သွားထုတ်လို့ မရသေးဘူး။ စစ်တွေကို လာလို့ မရဘူးလေ။
ရသေ့တောင်မှာ လွှတ်တော် ကိုယ်စားလှယ်လောင်း ဝင်ရောက် ယှဉ်ပြိုင်မယ့် သူတွေ စစ်တွေမှာ ကတ်လာထုတ်ရမှာ။ ဒါပေမယ့် စစ်တွေကို လာလို့ မရဘူး။ အဲဒီ ကတ်မရှိဘူးဆိုရင် အဲဒီ ကိုယ်စားလှယ်က ဘာနဲ့ သွားစည်းရုံးမှာလဲ။ အဲဒီလို အခက်အခဲတွေ အများကြီး ရှိနေပါတယ်။
ဦးကွမ်ဂရောင်အောင်ခမ်း (ဒုဥက္ကဋ္ဌ၊ ကချင်ပြည်သူ့ပါတီ (KSPP) )
လူက ၅၀ လောက် ဆိုရင် နယ်ဘက်က မြို့နယ်သေးသေးလေးတွေ ကျေးရွာတွေကတော့ ဖြစ်နိုင်တယ်။ ဒါပေမယ့် မြို့ကြီးတွေမှာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ မြစ်ကြီးနားမြို့ပေါ်မှာဆို ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ကျနော့်အတွက် အခက်အခဲ စိန်ခေါ်မှုတွေ ဖြစ်စေတဲ့ အရာတွေ ဖြစ်တယ်။ ကျန်းမာရေးရှုထောင့်ကနေတော့ ဖြစ်ကောင်း ဖြစ်လိမ့်မယ်။
မဲဆွယ်တာကတော့ Stay at Home နေသူပဲ ဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် မဲဆိုတာ ခွဲခြားထည့်တာ မဟုတ်ဘူး။ အားလုံး အကျုံးဝင်တယ်။ လွတ်လွတ်လပ်လပ်လုပ်ဖို့ လိုတယ်။ ကျန်းမာရေးကြောင့် ၆ ပေအကွာတို့ ဘာတို့ကတော့ ထားပါတော့၊ Stay at Home ကိစ္စကျတော့ အခက်အခဲ ဖြစ်လိမ့်မယ်။
လက်ရှိအစိုးရက NLD ဖြစ်နေတော့ NLD ကနေ မီဒီယာပိုင်း တယ်လီဗေးရှင်းပိုင်းနဲ့ လုပ်လို့ ရတယ်၊ ကျနော်တို့ဘက်ကျတော့ ဘယ်လိုမှ လုပ်လို့ မရတာ။ ဒါမျိုးတွေကလည်း အခက် အခဲဖြစ်စေတာတွေ မညီမျှတဲ့ ဖြစ်စဉ်တွေဖြစ်ပါတယ်။
စိုးရိမ်တာတခုက Quarantine ပေါ့။ ကျန်တဲ့သူတွေ Quarantine ဝင်တာက တမျိုး၊ ကျနော်တို့ ရွေးကောက်ပွဲ ဝင်မယ့် ကိုယ်စားလှယ်လောင်းတွေက Quarantine ဝင်ပြီဆိုရင် ဘယ်လိုလုပ်တော့မလဲ။ ဘာမှ လုပ်လို့ မရတော့ဘူးလေ။ ဒါမျိုးတွေ ဘယ်လိုလုပ်ကြမလဲဆိုတာ စိတ်ပူပန်ရတဲ့အချက်ဖြစ်တယ်။
ဒါတွေက အမြန်ဆုံးဘယ်လို လုပ်ရမလဲ ဆိုတာ ပါတီတွေအားလုံးနဲ့ ဆွေးနွေးသင့်ပါတယ်။ အကုန်လုံးနဲ့ ဆွေးနွေး ရမယ်လို့ မြင်ပါတယ်။ ကျနော်တို့ကတော့ UEC ကိုလည်း အတော်လေး စိတ်ပျက်ပါတယ်။ UEC က NLD အစိုးရနဲ့ NLD လူတွေပဲ ဖြစ်နေတော့ တင်ပြတိုင်း ဘာမှ လုပ်လို့ မရတာ။
လွန်ခဲ့တဲ့ အချိန်တုန်းကလည်း ရွှေ့ပြောင်း လုပ်သားတွေကိစ္စ တင်ပြပြီးပြီ။ ဘာမှ အကြောင်းမပြန်ဘူး။ တခြားဟာတွေ လည်း ဘာမှ လုပ်လို့မရပါဘူး။ တင်ပြရင်လည်း ဘာမှ လုပ်မပေးတဲ့ အပိုင်းတွေ ဖြစ်တော့ ဒီဟာတော့ စိတ်မကောင်းဘူး၊ ကျနော်တို့လည်း တင်ပြချင်ပါတယ်။ တင်ပြလို့ သူတို့ လိုက်လျောမလား။ မလိုက်လျောဘူးလားဆိုတာပေါ် မူတည်ပါ တယ်။ ဒါတွေကတော့ တင်ပြဖို့ အကြောင်းကြားဖို့တော့ ကျနော်တို့မှာလည်း တာဝန်ရှိပါတယ်။
နိုင်စံတင် (မွန်ညီညွတ်ရေးပါတီ ဗဟို တွဲဖက်အတွင်းရေးမှူး (၂))
Quarantine ဝင်ရမယ်ဆိုရင် ဘယ်လို မဲဆွယ်စည်းရုံးရတော့မလဲဗျ။ သွားပြီပေါ့ဗျာ။ အချုပ်ကျတဲ့ သဘောမျိုးပဲ။ ၂၁ ရက်ဆိုရင် တလနီးပါးက ကုန်သွားပြီလေ။ ဘယ်လိုမှ လုပ်ရမှာမဟုတ်ဘူး။ အဆင်ပြေမှာ မဟုတ်ဘူး။ အကုန်လုံး အခက်အခဲဖြစ်မှာ။ Quarantine ကာလက ၂၁ ရက် အိမ်ပြန်ရောက်ရင် ၁၀ ရက်လောက်က Home Quarantine က လုပ်ရဦးမယ်။ တလကုန်သွားပြီလေ။ ဘယ်လိုမှ မဖြစ်နိုင်ဘူး။
ပထမကြေညာချက် ကျနော်တို့သိတာက ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်ပေါ့။ ဥပမာ – ကျနော်တို့ အစည်းအဝေးလုပ်ရင် ၆ ပေခြားပေါ့ဗျာ။ လူထုတွေ့ဆုံပွဲလည်း ၆ ပေခြား။ အဖွဲ့အစည်းတို့၊ ကုမ္ပဏီတို့၊ အစိုးရပိုင်းတို့က လူဦးရေ မသတ်မှတ်ထားဘူးလေ။ ကျန်းမာရေးဝန်ကြီးဌာနက စည်းမျဉ်းစည်းကမ်း အတိုင်း လိုက်နာရင် ပြီးပြီလေ။
Stay at Home မြို့နယ်တွေမှာလည်း မြေပြင် ကွင်းဆင်းလို့ မရတော့ဘူးဆိုရင် ဒါကလည်း ဘယ်လိုမှ အဆင်မပြေနိုင်ဘူး။ အဲဒီက ပြည်သူလူထုလည်း မဲထည့်ပိုင်ခွင့်ရှိတယ်လေ။ ခင်ဗျားတို့ မဲမထည့်နဲ့တော့လို့ ပြောတဲ့သဘော သက်ရောက်တာ ပေါ့။ ဒါက ဘယ်လိုမှ မဖြစ်သင့်ဘူးလေ။
ဒီလိုသာ ကန့်သတ်ရင် ကျန်တဲ့ ပါတီတွေအတွက် အများကြီး အခက်အခဲဖြစ်တာပေါ့။ အစိုးရအနေနဲ့က သူတို့ တမျိုးမျိုးနဲ့ ဆင်းလို့ရတယ်လေဗျာ။ တခြားပါတီတွေအတွက် အခက်အခဲဖြစ်တာပေါ့။ ကိုယ့်ပါတီကို ထောက်ခံတဲ့ ရပ်ကွက်ဖြစ်ရင် ပိုပြီးတော့ ဆိုးသွားမှာပေါ့။ ဒါက မဖြစ်သင့်ဘူး။ ကျနော်တို့ ခဏခဏ ပြောတယ်။ ဒီလိုမျိုးကြေညာဖို့ဆိုရင် ကော်မရှင်က ပါတီတွေနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ သင့်ပါတယ်။ ကိုယ့်သဘောနဲ့ ကိုယ် ကြေညာချက် ထုတ်ထုတ်နေတာ မဖြစ်သင့်ဘူးဗျာ။
ဦးစိုင်းလိတ် (ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) အထွေထွေအတွင်းရေးမှူး)
တိုင်းနဲ့ ပြည်နယ်ကျော်ရင် Quarantine ဝင်ရမယ် ဆိုတာက အခက်အခဲတခုရှိတယ်။ အဲဒီတော့ Quarantine ဝင်ရမှာနဲ့ တင် အချိန်က ကုန်နေပြီ။ အဲဒါကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ရွေးသူတွေ အနေနဲ့ ဘယ်လိုလုပ်ရမလဲ။ အဲဒါ အခက်အခဲဖြစ်တယ်၊ အဲဒီကိစ္စကိုလည်း UEC က လုံးဝ သိမယ့် ပုံမပေါ်ပါဘူး။
Stay at Home မြို့နယ်တွေမှာလည်း ကွင်းဆင်းလို့ မရတော့ဘူး ဆိုတာက အားလုံးက တန်းတူရည်တူ မဆင်းဘူး ဆိုရင် တော့ ကိစ္စမရှိပါဘူး။ ဒါပေမယ့် တချို့သော ပါတီတွေက အဲဒီလိုမဟုတ်ဘဲနဲ့ တနည်းတလမ်းပေါ့ဗျာ။ ဥပမာ အနိုင်ရပါတီ ဆိုရင် သူလုပ်နိုင်တာပဲလေ။ မဲဆွယ်စည်းရုံးတယ်လို့ ခေါင်းစဉ်မတပ်ဘူး။ အစိုးရလုပ်ငန်းလုပ်တယ်လို့ သွယ်ဝိုက်သောအားဖြင့် ခေါင်းစဉ်တပ်ပြီး အခြားရုံးလုပ်ငန်းတွေ လုပ်ရင်းနဲ့ ကျွဲကူးရေပါ။ သူလုပ်ဆောင်လို့ ရတာတွေ ရှိတယ်။
အဲဒါတွေကျတော့ရော တရားမျှတမှုရှိရဲ့လားဆိုတာ ကိုယ့်ကျင့်သိက္ခာအရ ထည့်တွက်ရမှာပေါ့။ အဲဒီလိုမျိုးဆိုရင် Fair မဖြစ်တဲ့အခါ အားလုံးက လက်ခံပါ့မလားဆိုတာ UEC အနေနဲ့ ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။
ဒေါက်တာနန္ဒာလှမြင့် (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ပြောရေးဆိုခွင့်ရှိသူ)
အခုက ကျနော်တို့ ကိုယ်စားလှယ်တွေ နေပြည်တော်မှာ ရောက်နေတာရှိတယ်။ တချို့ကိုယ်စားလှယ်တွေ ကျတော့ ခရီး သွားနေတာတွေရှိတယ်။ အခု မဲဆွယ်စည်းရုံးတဲ့ ကာလရောက်မှ ကိုယ့်မဲဆန္ဒနယ်သွားကြမယ့် ပုဂ္ဂိုလ်တွေ ရှိတယ်လေ။ ပြီးတော့ ကိုယ်စားလှယ်တွေ ဖြစ်နေတဲ့အတွက် မိမိမဲဆန္ဒနယ်ကိုသွားတဲ့အခါ ကိုယ်စားလှယ်တွေ Quarantine ဝင်ရမယ် ဆိုတာတွေ တွေ့နေရတယ်။
ဒါတွေကို ဘယ်လိုဖြေလျှော့ပေးမလဲ။ ကိုယ်စားလှယ်လောင်း တွေကို ဘယ်လိုလုပ်ပေးမလဲဆိုတာ UEC ကစဉ်းစားပေးဖို့ လိုမယ်။
ဘာဖြစ်လို့လဲဆိုတော့ ကိုယ်စားလှယ်ပါဆိုမှ Quarantine ဝင်ရမယ်။ မဲမဆွယ်ရဘူးဆိုရင် သူဘယ်လိုလုပ်မလဲ။ အဲဒီ ပြဿနာကိုတော့ စဉ်းစားပေးဖို့လိုတယ်။ လှေနံဓားထစ်ကြီးတော့ လုပ်လို့မရဘူး။ ကိုယ်စားလှယ်က ကျန်းမာရေး မကောင်းဘူး။ သူ့ကို ဆေးစစ်လိုက်လို့ Positive ဖြစ်နေတယ်ဆိုရင်တော့ တမျိုးပေါ့။ Stay at Home မြို့နယ်တွေမှာလည်း မြေပြင် ကွင်းဆင်းလို့ မရတော့ဘူးဆိုရင် အများကြီး အခက်အခဲရှိတာပေါ့။
ဦးမင်းဇေယျ (ပြည်သူ့ပါတီ ဒုဥက္ကဋ္ဌ)
နိုင်ငံရေးပါတီတွေအနေနဲ့ သာမန်ပြည်သူထက်ပိုပြီး အခက်အခဲ ကြီးမားတယ်လို့ ဝန်ခံရမှာပဲ။ မဲဆွယ်စည်းရုံးရေးရဲ့ သဘောတရားက လူထုအကြား၊ မဲဆန္ဒရှင်တွေ အကြား လှည့်လည်သွားလာ၊ စည်းရုံးပြောဆို၊ အသိပညာပေးရတာ။ တော်တော်လေး အကန့်အသတ်တွေများပြီး လုပ်ရကိုင်ရခက်တဲ့ အနေအထားမှာ မဲဆွယ်စည်းရုံးရေး လုပ်ဖို့ တော်တော် လေး ခက်ခဲပါတယ်။
တဖက်မှာလည်း ကျန်းမာရေးနဲ့ ပတ်သက်ပြီး အင်မတန် အရေးကြီးတဲ့၊ သတိထားရမယ့် ကိစ္စလို့ လက်ခံပါတယ်။ လက်ရှိ ကော်မရှင်က ကြေညာထားတဲ့ အချက်အလက်တွေအရ တော်တော် ဝေဝါးပြီးတော့ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ် တွေအတွက်ရော၊ မဲပေးရမယ့် ပြည်သူတွေအတွက်ရော မသေချာ မရေရာမှုတွေ များတယ်။ ဒီထက်ပိုများလာတဲ့အချိန်နဲ့ မဲထည့်ရမယ့်ကာလနဲ့ သွားပြီး တိုက်ဆိုင်နေမယ်ဆို မဲထည့်မယ့် အရေအတွက်လည်း အရမ်းနည်းလာမယ်။
မဲဆန္ဒရှင်တွေအတွက်ရော၊ ကိုယ်စားလှယ်တွေအတွက်ရော ကျန်းမာရေး အရလည်း စိုးရိမ်မှုတွေ ပိုရှိလာမယ်ဆိုရင် အဲဒီရွေးကောက်ပွဲဟာ ကျင်းပဖို့ သင့်သလား၊ ရက်ရွှေ့ဆိုင်းဖို့ သင့်သလား။ တနည်းနည်းနဲ့တော့ ဒါကို ကော်မရှင်က အလေးအနက်ထား စဉ်းစားဖို့ လိုတယ်လို့ မြင်တယ်။
လက်ရှိ ကိုဗစ်ကြောင့် သတ်မှတ်ထားတဲ့ စည်ကမ်းချက်၊အကန့်အသတ်တွေဟာ မလူးသာမလွန့်သာ တော်တော်လေး ကျပ်တည်းနေချိန် ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီတွေအဖို့ ဘာတွေများ ထွေထွေထူးထူး လုပ်နိုင်မလဲလို့ အသည်းအသန် စဉ်းစားနေရတယ်။ နည်းလမ်းနှစ်ခု တွေးမိတယ်။ အွန်လိုင်းကမ်ပိန်းနဲ့ မိုဘိုင်းကမ်ပိန်း။
အဲဒီနည်းလမ်း နှစ်ခုလုံးမှာ နည်းပညာနဲ့ ငွေကြေး အခက်အခဲရှိတယ်။ ကျနော်တို့ အပါအဝင် ကျန်တဲ့ပါတီ အများစုမှာ ဒီလို အခက်အခဲမျိုးတွေ ရှိတယ်။ မဲဆွယ်စည်းရုံးရေးပေးထားတဲ့ ကာလအတွင်းမှာ ကိုယ်နိုင်သလောက်၊ စွမ်းသလောက် ကြိုးစားချင်ရင်တောင် ကြိုးစားဖို့ မလွယ်တဲ့ အနေအထားမှာ ရှိနေတယ်။
အခုသတ်မှတ်ထားတဲ့ စည်းကမ်းချက်၊ ကန့်သတ်ချက်တွေဟာ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းတွေ၊ ပါတီ တွေအတွက် ထောက်ချောက်များ ဖြစ်နေလေမလားလို့ စိတ်ပူတယ်။ ထောင်ချောက်ဆိုတာက မလိုရင် မလိုသလို၊ လိုရင် လိုသလို အရေးယူ အပြစ်ပေးတာမျိုး၊ ပြဿနာရှာတာမျိုး စိတ်ပူတယ်။
ဒီကန့်သတ်ချက်တွေ၊ စည်းကမ်းတွေက ဗဟိုက သတ်မှတ်တဲ့ဟာနဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေ သတ်မှတ်တဲ့ဟာ တခုနဲ့ တခုက မတူကြဘူး။ ထို့အတူပဲ အဲဒါကို လိုက်နာကျင့်သုံးတဲ့ပုံစံနဲ့ အကောင်အထည်ဖော်တဲ့ ပုံစံနဲ့ မတူကြဘူး။ အဲဒီအပေါ်မှာ ရွေးကောက်ပွဲ ဝင်မယ့် ကိုယ်စားလှယ်လောင်းတွေ၊ နိုင်ငံရေးပါတီတွေအတွက် စိုးရိမ်စရာတွေ ရှိတယ်လို့ ခံစားရတယ်။
ဒေါ်ဟန်ဦးခင် (ပြည်သူ့ရှေ့ဆောင်ပါတီ) (သင်္ဃန်းကျွန်းမြို့နယ်၊ တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၂) ကိုယ်စားလှယ်လောင်း)
အခု ကိုဗစ်က ပိုပြီးဆိုးလာတယ်။ ကျမ ပြိုင်မယ့် သင်္ဃန်းကျွန်းမြို့နယ်ကလည်း Positive လူနာတွေ့ထားတဲ့ စာရင်းအရ ဆိုရင် တတိယလူနာ အများဆုံး မြို့နယ်ဖြစ်နေတယ်၊ အဲဒီတော့ မဲဆွယ်တဲ့နေရာမှာ ကျန်းမာရေးဝန်ကြီး ဌာနကနေ ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်လို့မရဘူး။ တအိမ်တက် တအိမ်ဆင်းလည်း သွားလို့မရ ဘူး။ နောက်ပြီး Lockdown ဖြစ်နေတဲ့ နေရာတွေလည်း ရှိသေးတယ်။ အဲဒီအတွက် စိန်ခေါ်မှုက အများကြီး ရှိတယ်။
သက်တမ်း ၁၀ လကျော် ရှိသေးတဲ့ ပါတီအသစ်လည်း ဖြစ်တဲ့အတွက် ပါတီနာမည်ကို အတော်လေး တည်ဆောက် နေရ တဲ့ အခြေအနေ။ လူသိ သိပ်မများသေးတဲ့ ပါတီဖြစ်လို့ တည်ဆောက်ရာမှာလည်း လူထုကြားထဲ များများဆင်းမှ လူသိမှာ။ သို့သော် ကိုဗစ်ကာလ စည်းမျဉ်းစည်းကမ်းတွေ၊ ကျန်းမာရေး ဌာန စည်းမျဉ်း စည်းကမ်းတွေ လိုက်နာပြီး လုပ်ဆောင်ရတဲ့ အပေါ်မှာ အများကြီး အခက်အခဲရှိတယ်။ ဒါပေမယ့် ပြည်သူတွေရဲ့ ကျန်းမာ ရေးက အရေးကြီးဆုံး ဖြစ်တဲ့အတွက် ဝန်ကြီး ဌာနက ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ပြီး မဲဆွယ်တာကို ဘာမှ လုပ်မှာ မဟုတ်ဘူး။
မူဘောင်ထဲကနေပဲ လွတ်လွတ်ကင်းကင်းပေါ့လေ။ လူများများ သိမယ်၊ မူထဲဘောင်ထဲ လည်းဝင်မယ့် နည်းမျိုးလေး တွေတော့ စဉ်းစားထားတာ ရှိတယ်။
အခု အချိန်မှာတော့ Billboard ဗီနိုင်းကို အင်အား များများသုံးမယ်။ တအိမ်တက် တအိမ်ဆင်း မဲလိုက်ဆွယ်တာမျိုးတွေ မရှိဘူး။ လူစုလူဝေးနဲ့လည်း မလုပ်နိုင်တဲ့အတွက် ဗီနိုင်းတွေကိုတော့ အရင် စဉ်းစား ထားတဲ့ ပမာဏထက် ၃ ဆလောက် တိုးပြီးတော့ ရပ်ကွက်တွေမှာ ဗီနိုင်းတွေ ထောင်သွားမယ်။
နောက်တခုက ကားနဲ့ ပါတီသီချင်း ဖွင့်ပြီးတော့ အစ်မတို့ ကိုယ်စားလှယ်တွေ အဲဒီကားနဲ့ လိုက်ပါပြီး ပြည်သူလူထုကြား ထဲမှာ ပြည်သူ့အကျိုးပြု ကျန်းမာရေးနဲ့ အထောက်အကူဖြစ်စေမယ့် ပစ္စည်းမျိုးတွေ ဝေငှတာမျိုး၊ ကျန်းမာရေး အသိပညာ ပေးတဲ့ လှုပ်ရှားမှုလေးတွေ လုပ်ပြီးတော့ပဲ မဲဆွယ်ဖို့ စီစဉ်ထားတယ်။
ဒေါ်နိုးနိုးထက်စံ (လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ ဒုတိယ ဥက္ကဋ္ဌ)
ဥပမာ ရွာတွေသွားတယ်ဆိုရင် တချို့နေရာတွေက Network မရဘူး။ တချို့နေရာတွေကတော့ ရတယ်။ ရတဲ့နေရာ တွေဆိုရင် ဖုန်းနဲ့ ပြောလို့ရတယ်ဆိုပေမယ့် ရှင်းရှင်းလင်းလင်း မဖြစ်ဘူး။ လူ သေချာသွားပြီး လုပ်လို့မရတော့ စိတ် ကသိကအောက်ဖြစ်ရတယ်။ ဆက်သွယ်ရေးပြဿနာ ရှိတာပေါ့။ ဒါပေမယ့် အဲဒါလည်း ကျန်းမာရေးကိစ္စကြောင့်မို့ တားမြစ်ရတာ ဖြစ်တဲ့အတွက် စိတ်အနှောက်အယှက်ဖြစ်သော်လည်း ဒါက လက်ခံရမယ့် ကိစ္စဖြစ်တယ်။
မဲဆွယ်စည်းရုံးတယ် ဆိုတာက အလုပ်တခု ဖြစ်တယ်။ သွားလာတယ်ဆိုရင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ပုံစံမျိုး ပြင်ဆင် ရတယ်။ အချိန်လည်း သေချာ သတ်မှတ်ထားရတယ်။ သွားမယ့်အချိန်နဲ့ ကိုယ်သွားမယ့် နေရာက လူမများအောင် ဒါတွေကလည်း အရေးကြီးတယ်။ အဲဒီသတ်မှတ်ချက်တွေကိုတော့ ကျမတို့ သေချာဂရုစိုက်ပြီး လိုက်နာတယ်။
တကယ့် ကပ်ရောဂါဖြစ်နေတော့ ရွေးကောက်ပွဲလုပ်တာက တော်တော် အခက်အခဲ ရှိတယ်။ တပြိုင်နက်ထဲမှာ တိုင်းပြည် ရဲ့ စီမံခန့်ခွဲမှုတွေမှာ မလုပ်ပြန်ရင်လည်း စီမံခန့်ခွဲပိုင်ခွင့်တွေ အခက်အခဲဖြစ်မှာလည်း စိတ်ပူရတယ်။ အစိုးရအနေနဲ့ အွန်လိုင်းကနေပဲ ဖြစ်ဖြစ် ပါတီစုံနဲ့ သေချာဆွေးနွေးသင့်တယ်လို့ ထင်တယ်။ ပြောလည်း ပြောခဲ့ဖူးတယ်။ အဲဒါက မဖြစ်လာဘူး။
အားလုံးသေချာဆွေးနွေးပြီးတော့ ဘယ်လိုဆက်လုပ်ရင် ကောင်းမလဲ။ ရွှေ့မယ်ဆိုရင်တောင် သြဂုတ်လမှာ အကြောင်း ကြားမယ်ပြောတယ်။ ရပ်လိုက် ဆိုရင်လည်း ခက်တယ်။ ဆက်လုပ်လို့ပြောရင်လည်း ကျမတို့မှာ အကန့် အသတ်က အရမ်းကြီးတယ်။
အထူးသဖြင့် ကျမတို့နိုင်ငံလိုမျိုး ကူးစက်ရောဂါက မထိန်းနိုင်မသိမ်းနိုင် ဖြစ်နိုင်တယ်။ ဖြစ်နိုင်ရင် ရွေးကောက်ပွဲကတော့ ရွှေ့ဆိုင်းနိုင်ရင် အကောင်းဆုံးပဲလို့ မျှော်လင့်တာပေါ့။ အဲဒါကလည်း တခြားနိုင်ငံရေးပါတီတွေရဲ့ အမြင်သဘောထားတွေ၊ နောက် အစိုးရရဲ့ စီမံခန့်ခွဲမှုတွေ ပေါ်မှာပဲ မူတည်ပါတယ်။
ဦးငိုင်ဆာခ့် (ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဥက္ကဋ္ဌ )
အခက်အခဲက ရှိလာနိုင်တာထက် ရှိကိုရှိနေတယ်။ သဘောက ဥပမာ စည်းရုံးရေးဆင်းတဲ့အခါ နယ်ကူးတယ်။ တချို့ဆိုရင် ရန်ကုန်ကနေ လာရမယ့်လူတွေရှိတယ်လေ။ သူတို့က Quarantine ဝင်ရမယ်ဆိုတော့ မလာချင်တာတို့ ဘာတို့ ဖြစ်သွား တာပေါ့။
လူဦးရေအကန့်အသတ်ရှိတာရယ် နောက်တခုက လူ ၅၀ အထိ ခွင့်ပြုတယ်ဆိုပေမယ့် ၆ ပေခွာလုပ်လိုက်တော့ ခန်းမက အဆင်မပြေတော့ဘူးလေ။ ဥပမာ ချင်းတောင်မှာဆိုရင် ရွာပေါင်း ၈၀ ရှိတော့ အဲဒီရွာတွေ အကုန်လုံးကို တနေ့ထဲ မသွားနိုင်ဘူး။ တရွာကို တရက် လောက်ပဲ သွားနိုင်တော့ ရက်ပေါင်း ၈၀ ရှိသွားမှာပေါ့။ ဒါတောင် လမ်းပန်းဆက်သွယ်ရေး မကောင်းတဲ့ ရွာတွေ မပါသေးဘူး။
ကိုဗစ်ရှိတော့ ပိုခက်ခဲတယ်။ တချို့ရွာတွေက လက်မခံဘူး။ ဘာလို့ဆို တောင်ပေါ်မှာက နေ့ဘက် တောင်ယာ သွားတော့ ညဘက်မှ အားကြတာ။ ညအိပ်လက်မခံရတော့ ညဘက်ဘယ်လိုမှ စည်းရုံးရေး ဆင်းလို့မရဘူး။ တော်တော်ထိခိုက်မှု ရှိပါတယ်။ တောင်ပေါ်မှာတော့ အဲဒီ Stay at Home မရှိသေးဘူး။
ရွေးကောက်ပွဲက ကျင်းပတာတော့ ကျင်းပရမယ်။ ဒါပေမယ့် ဒီလောက်အခြေအနေဆိုးဝါးတဲ့အချိန်မှာ ကျင်းပတာ သိပ်အဆင်မပြေဘူး။ ဖြစ်နိုင်ရင်တော့ ရွေးကောက်ပွဲကို ဒီဇင်ဘာလ ၈ ရက်အထိ ရွှေ့တာ ဘာမှ ပြဿနာ မရှိဘူး။ ဟိုဘက်က အစိုးရဖွဲ့တာ လွှတ်တော်ခေါ်တာ နောက်မကျပါဘူး။ အချိန်မီပါတယ်။ တလလောက် နောက်ဆုတ်တာ ဘာမှ ပြဿနာမရှိဘူး။ နောက်ဆုတ်စေချင်တယ်။
You may also like these stories:
ကိုဗစ်ကြောင့် Stay at Home မြို့နယ်များတွင် ကွင်းဆင်း မဲဆွယ်ခွင့်မပြု
ပထမဆုံးမဲပေးမယ့် လူငယ်တို့ရဲ့ ရွေးကောက်ပွဲ မျှော်လင့်ချက်
ရွေးကောက်ပွဲအမီ Facebook ကိုအသုံးချလာတဲ့ နိုင်ငံရေးပါတီများ