ပြည်တွင်းစစ်တွေရပ်စဲဖို့ အတွက် အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ တွေ့ဆုံ ဆွေးနွေးတာတွေ အကြိမ်ကြိမ် ပြုလုပ်နေသလို ပင်လုံညီလာခံ ကျင်းပနေတာလည်း စတုတ္ထအကြိမ်မြောက် ရှိသွားပြီဖြစ်ပေမယ့် တိုက်ပွဲ တွေကတော့ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်တယ်။
လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု၊ ဘာသာရေးနဲ့ လူမျိုးရေးပြဿနာတွေ၊ စစ်ရေး ပဋိပက္ခတွေက တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ပညာရေးရဲ့ သက်ရောက်မှုတွေ ရှိနေတယ်လို့ ချင်းပညာရေး ရှေ့ဆောင်အဖွဲ့ကလည်း ထောက်ပြနေတာတွေ ရှိပါတယ်။
ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး Thinking Classroom Foundation ဥက္ကဋ္ဌ ဒေါက်တာသိန်းလွင်အား ဧရာဝတီ သတင်းထောက် လဲ့လဲ့က ဆက်သွယ် မေးမြန်းထားပါတယ်။ ဒေါက်တာသိန်းလွင်ဟာ မြန်မာနိုင်ငံ ပညာရေး ပြုပြင်ပြောင်းလဲရေးအတွက် တစိုက်မတ်မတ် လုပ်ဆောင်နေသူဖြစ်ပါတယ်။
Thinking Classroom Foundation ကတော့ ဆရာအတတ်ပညာများ သင်ကြားပေးရာ non-profit ဖောင်ဒေးရှင်းတခု ဖြစ်ပါတယ်။ ဘုန်းတော်ကြီးသင်ကျောင်းများ၊ ခရစ်ယာန်ဘုရားကျောင်းအခြေပြု ကျောင်းများ၊ နယ်စပ်ဒေသ တိုင်းရင်းသား အခြေပြု ကျောင်းများ၊ ဒုက္ခသည်စခန်းကျောင်းများနှင့် ရွှေ့ပြောင်းဒေသကျောင်းများမှ ဆရာဆရာမများ အပါအဝင် တက္ကသိုလ် ဆရာများသမဂ္ဂ အဖွဲ့ဝင် ဆရာ၊ ဆရာမများကို ၂၀၀၁ ခုနှစ်မှ ယနေ့အထိ နှစ်စဉ် သင်တန်းများ ပို့ချလျှက် ရှိပါတယ်။
မေး ။ ။ ငြိမ်းချမ်းရေးနှင့် ကျောင်းသင်ရိုးညွှန်းတမ်းက ပတ်သက်ဆက်နွယ်မှု ရှိပါသလား။ ဘယ်လိုများ ပတ်သက် ဆက်နွယ်နေပါသလဲရှင့်။
ဖြေ ။ ။ သင်ရိုးညွှန်းတမ်းနဲ့ ငြိမ်းချမ်းရေးက ဆက်နွယ်တာပေါ့။ သင်ရိုးညွန်းတမ်းရဲ့ ရည်ရွယ်ချက်ပေါ်မှာ မူတည်တယ်။ သင်ရိုးညွန်းတမ်းရဲ့ ရည်ရွယ်ချက်က ငြိမ်းချမ်းရေးကို ရည်ရွယ်ထားတယ်ဆိုရင် သင်ရိုးညွန်းတမ်း ကို အသုံးပြုရင်း ငြိမ်းချမ်းရေးကို ဦးတည်သွားနိုင်တာပေါ့။
သင်ရိုးညွန်းတမ်းတွေမှာ ရည်ရွယ်ချက် အမျိုးမျိုးရှိတယ်။ တချို့က နိုင်ငံရေးရည်ရွယ်တဲ့ သင်ရိုးညွှန်းတမ်း အမျိုးအစား ရှိတယ်။ စီးပွားရေးကို ရည်ရွယ်တဲ့ သင်ရိုးညွှန်းတမ်း အမျိုးအစား ရှိတယ်။ ယဉ်ကျေးမှုကို ရည်ရွယ်တဲ့ သင်ရိုးညွှန်းတမ်း အမျိုးအစား ရှိတယ်။
အဲဒါကြောင့် သင်ရိုးညွန်တမ်းတွေရဲ့ ရည်ရွယ်ချက်က ငြိမ်းချမ်းရေးကို ရည်ရွယ်တယ်ဆိုရင် ဒါ ငြိမ်းချမ်းရေးကို ဦးတည်တဲ့ သင်ရိုးညွှန်းတမ်း ဖြစ်နိုင်တယ်။ ငြိမ်းချမ်းရေးကို မဖြစ်စေတာမျိုးလည်း ရောက်သွားနိုင်တယ်။ ငြိမ်းချမ်းရေးကို ဖြစ်စေတာလည်း ရောက်သွားနိုင်တယ်။ ၂ မျိုးစလုံးပေါ့။
သင်ရိုးညွန်းတမ်းက ငြိမ်းချမ်းတာကိုလည်း ဖြစ်စေတယ်။ မငြိမ်းချမ်းတာကိုလည်း ဖြစ်စေတယ်။ အဲဒါကြောင့် သင်ရိုးညွန်းတမ်းနဲ့ ငြိမ်းချမ်းရေးက ဆက်နွယ်တယ်လို့ပဲ ပြောရမှာပေါ့။
မေး ။ ။ ပညာရေး သင်ရိုးညွှန်းတမ်းတွေရဲ့ သက်ရောက်မှု ဘယ်အပိုင်းတွေ၊ သင်ခန်းစာတွေက ငြိမ်းချမ်းရေးကို မဖြစ်စေတာလဲ။
ဖြေ ။ ။ လက်ရှိ မြန်မာနိုင်ငံရဲ့ သင်ရိုးညွှန်းတမ်းပဲ နမူနာ ပေးရမယ်ထင်တယ်။ မြန်မာနိုင်ငံမှာ လက်ရှိ အသုံးပြုတဲ့ သင်ရိုးညွှန်းတမ်းတွေက ငြိမ်းချမ်းရေးကို ထိခိုက်စေတဲ့အပိုင်းတွေ ကျနော်တွေ့တယ်။ အထူးသဖြင့်တော့ သမိုင်း ဘာသာရပ်၊ ပထဝီဘာသာရပ်နဲ့ မြန်မာဘာသာစကားတွေမှာ တွေ့ရတယ်။ အဲဒီအပိုင်းတွေက လက်ရှိ မြန်မာနိုင်ငံ သင်ရိုးညွှန်းတမ်းက ငြိမ်းချမ်းရေးကို ထိခိုက်စေတယ်။
ဘာကြောင့်လဲဆိုတော့ သမိုင်းသင်ရိုးညွန်တမ်းထဲက မြန်မာ့သမိုင်းဘာသာရပ်က နိုင်ငံရဲ့ ရှေးဘုရင်တွေကို သူရဲကောင်း အဖြစ်နဲ့ ရေးသားပြီး သင်ကြားတယ်။ အဲဒါက ဗမာပြည်မမှာ သင်သလို ပြည်နယ်တွေမှာလည်း သင်တယ်။ အထူးသဖြင့် ပြည်နယ်တွေမှာ သင်တဲ့အခါကျတော့ ဗမာလူမျိုးတွေရဲ့ သူရဲကောင်းက သူတို့ အတွက်က သူရဲကောင်းမဟုတ်ဘူး။
ဥပမာ မွန်တွေဆိုရင် ဗမာတွေရဲ့သူရဲကောင်းဖြစ်တဲ့ ဘုရင့်နောင်တို့၊ တပင်ရွှေထီးတို့၊ အလောင်းဘုရားတို့ကို ဗမာတွေက သူရဲကောင်းအဖြစ်နဲ့ သမိုင်းသင်ရိုးညွန်းတမ်းမှာ သင်တယ်။ မွန်ကျောင်းတွေမှာလည်း သင်ခိုင်းတယ်။ ဒါပေမယ့် မွန်တွေအတွက် အခက်အခဲ ရှိတယ်။
ဒီဗမာဘုရင်တွေက သူတို့ဒေသကို အရင်တုန်းက ကျူးကျော်ခဲ့တဲ့ ဘုရင်တွေဆိုတော့ သူရဲကောင်းအဖြစ်နဲ့ သူတို့ မသတ်မှတ်နိုင်ဘူး။ အဲဒီတော့ သမိုင်း သင်ရိုးညွန်းတမ်းတွေက ငြိမ်းချမ်းရေးကို ထိခိုက်တယ်။
ပထဝီလည်း အလားတူပဲ။ ပထဝီက နယ်မြေပိုင်းခြားတာ။ ဒါက ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဒါက မွန်ပြည်နယ်၊ ဒါက ရှမ်းပြည်နယ် စသဖြင့် အဲဒီလို ပိုင်းခြားတာတွေက ပထဝီသင်ခန်းစာမှာ ပါတယ်။ တချို့လူမျိုးတွေက နယ်မြေပိုင်းခြားတဲ့ အပေါ်မှာ သူတို့ဘဝင်မကျတာ ရှိတယ်။
ဥပမာ ကရင်ပြည်နယ် သတ်မှတ်တာ။ မွန်ပြည်နယ်ထဲမှာလည်း ကရင်ရှိသလို ဧရာဝတီတိုင်းထဲမှာလည်း ကရင် ရှိတယ်။ ဆိုတော့ နယ်မြေသတ်မှတ်တာမှာ တချို့လူမျိုးတွေက ဘဝင်မကျတာလည်း ရှိတယ်။ ဒါကြောင့် ပထဝီ သင်ခန်းစာတွေက သူတို့ရဲ့ မကျေနပ်ချက်တွေကို သွားဖြစ်စေတယ်။
ထိုင်း- မြန်မာ နယ်စပ်က ကရင်လူမျိုးတွေ ဖွင့်တဲ့ ကျောင်းတွေမှာ မြန်မာ့ပထဝီကို မသင်ဘူး။ မြန်မာ့သမိုင်းလည်း မသင်ဘူး။
အထူးသဖြင့် ဘာသာစကား။ သူတို့ဘာသာစကားတွေကို ကျောင်းသင်ခန်းစာအဖြစ်နဲ့ သင်ကြားခွင့် မရှိဘူး။ ဗမာ ဘာသာ စကားကို သင်ရတယ်။ အဲဒီအပေါ်မှာ သူတို့ဘဝင်မကျတာရှိတယ်။ ဒါကြောင့် လက်ရှိ မြန်မာနိုင်ငံမှာ သုံးနေတဲ့ သင်ရိုး ညွန်းတမ်းတွေက ငြိမ်းချမ်းရေးကို ထိခိုက်စေသလားဆိုတော့ တချို့ အစိတ်အပိုင်းတွေက ထိခိုက်စေတယ်လို့ ကျနော် မြင်တယ်။
မေး ။ ။ လက်ရှိ မြန်မာနိုင်ငံရဲ့ ကျောင်းသင်ရိုး ညွှန်းတမ်းက ပညာတတ်အောင် သင်ပေးတဲ့ စနစ်လား ဒါမှမဟုတ် နာခံတတ်အောင် သင်ပေးတဲ့ ပညာရေးလား။ ဆရာ ဘယ်လိုထင်မြင်သုံးသပ်ပါသလဲရှင့်။
ဖြေ ။ ။ လက်ရှိ သင်ရိုးညွှန်းတမ်းပေါ့။ အခုအသစ်ပြောင်းလိုက်တဲ့ Grade 1၊ Grade 2၊ Grade 3၊ Grade 6 တို့ အဲဒီ သင်ရိုးညွန်းတမ်းတွေမှာ ကျနော် ကြည့်တော့ စာရိတ္တနဲ့ ပြည်သူ့ နီတိဆိုတဲ့ ဘာသာရပ် အသစ်တခု တိုးလာတယ်။ ဆိုတော့ အဲဒီဘာသာရပ်ကို ကြည့်တဲ့အခါကျတော့ ဗမာလူမျိုးတွေရဲ့ ဓလေ့ထုံးစံတွေကို သင်နေတာ တွေ့တယ်။
လူကြီးရှေ့မှာ ခေါင်းငုံ့သွားရမယ်။ ပစ္စည်းတခုပေးရင် လက်နှစ်ဖက်နဲ့ ပေးရမယ်။ ပစ္စည်းယူရင် လက် ၂ ဖက်နဲ့ ယူရမယ် စသဖြင့် ဒါဗမာလူမျိုးရဲ့ ဓလေ့ထုံးစံတွေကို သင်ပေးနေတာလေ။ အဲဒါတွေက နာခံတတ်အောင် ဆိုတာထက် လူမျိုး ၁ မျိုးရဲ့ ဓလေ့ထုံးစံတွေကို ဗမာပြည်မှာရှိတဲ့ လူမျိုးတိုင်းကို လိုက်နာဖို့ လုပ်တာဖြစ်နေတော့ တခြားလူမျိုးတွေနဲ့ မကိုက်ဘူး။
သင်ရိုးညွန်းတမ်းနဲ့ ပတ်သက်လို့ ပြောချင်တာက အမေရိကန် တက္ကသိုလ်က ပါမောက္ခ ၁ ယောက် လေ့လာထားတဲ့ သုတေသန စာတမ်း၁ ခု ရှိတယ်။ မြန်မာပြည်က သင်ရိုးညွန်းတမ်းအပေါ်မှာ လေ့လာထားတာ။ အဲဒီပါမောက္ခက ဗမာစာနဲ့ ဗမာစကားလည်း တတ်တယ်။ သူက မြန်မာနိုင်ငံကျောင်းတွေရဲ့ သမိုင်းသင်ရိုးညွှန်းတမ်းတွေကို အထူးပြု လေ့လာတာ။
မကြာသေးခင်ကတော့ အသစ်ပြောင်းလိုက်တဲ့ သင်ရိုးညွန်းတမ်းတွေကို လေ့လာပြီးတော့ သူ ကောက်ချက် ဆွဲတာ တခုရှိတယ်။ အဲဒါက ဘာလည်းဆိုတော့ မြန်မာနိုင်ငံ သင်ရိုးညွန်းတမ်းတွေမှာ လွှမ်းမိုးနေတဲ့ အချက် ၃ ချက်ရှိတယ်။
ပထမအချက်က စစ်ပွဲတွေနဲ့ ထင်ရှားကျော်ကြားတဲ့ ပုဂ္ဂိုလ်တွေကို သင်ရိုးညွှန်းတမ်းထဲမှာ ထည့်သွင်းတယ်။ ဒုတိယက ဗမာလူမျိုးကို ဦးစားပေးတဲ့ သင်ရိုးညွန်းတမ်း ဖြစ်တယ်။ တတိယက ဗုဒ္ဓဘာသာကို ဦးစားပေးတဲ့ သင်ရိုးညွန်းတမ်း ဖြစ်တယ်။
သူက အဲဒီလိုကောက်ချက်ဆွဲတယ်။ အဲဒီသင်ရိုးညွန်းတမ်းက အဲဒီကောက်ချက်အတိုင်းဆိုရင် သမိုင်းသင်ခန်းစာတွေက ဗမာတွေရဲ့ ရှေးဘုရင်တွေကို သူရဲကောင်းအဖြစ်နဲ့ အမွှန်းတင်တဲ့ဟာ။ စစ်ပွဲတွေနဲ့ အောင်မြင်လာတဲ့သူတွေကို အမွှန်းတင်တဲ့ သင်ရိုး ညွှန်းတမ်း ဖြစ်တယ်။
နောက်တခါ မြန်မာနိုင်ငံမှာ နေထိုင်တာ လူမျိုးအများကြီး နေထိုင်တာ။ လူမျိုးပေါင်းစုံ ၁၀၀ ကျော်နေထိုင်တဲ့ အထဲမှာမှ ဗမာလူမျိုးရဲ့ ဓလေ့ထုံးစံ ယဉ်ကျေးမှုတွေကို ပေးတဲ့ သင်ရိုးညွှန်းတမ်း အမျိုးအစားဆိုတော့ တခြား လူမျိုးတွေနဲ့ မကိုက်ညီဘူး။
မြန်မာပြည်ရဲ့ ကိုးကွယ်ယုံကြည်မှုက အမျိုးမျိုး ရှိတယ်။ ဗုဒ္ဓဘာသာတင်မကဘူး။ ဟိန္ဒူ၊ ခရစ်ယာန်၊ မွတ်စလင်၊ နတ် ကိုးကွယ်တာရှိတယ်။ အဲဒီကိုးကွယ်ယုံကြည်မှု အမျိုးမျိုးထဲမှာ ကျောင်းသင်ရိုးညွန်းတမ်းထဲမှာ ဗုဒ္ဓဘာသာယဉ်ကျေးမှု လွှမ်းနေတယ်ဆိုတဲ့ အမြင်မျိုးရှိတယ်။
အဲဒီအတွက်တော့ သင်ရိုးညွန်းတမ်းက လူမျိုး အားလုံးနဲ့ မကိုက်ညီဘူး။ ယဉ်ကျေးမှုအားလုံးနဲ့ မကိုက်ညီပဲနဲ့ လူမျိုးတမျိုး၊ ယဉ်ကျေးမှု တခု၊ ကိုးကွယ် ယုံကြည်မှု တခု၊ အယူဝါဒတခု အထူးသဖြင့် စစ်ကို ဦးစားပေးတဲ့ အမြင် အယူအဆကို သင်ရိုးညွှန်းတမ်းမှာ လွှမ်းနေတယ်လို့ အဲဒီလို ကောက်ချက်ဆွဲလို့ရတယ်။ မြန်မာနိုင်ငံရဲ့ သင်ရိုးညွန်းတမ်းက ဗမာလူမျိုးရဲ့ လွှမ်းမိုးမှုပါနေတယ်လို့ ကောက်ချက်ချနိုင်တယ်။
မေး ။ ။ လက်ရှိမှာ ငြိမ်းချမ်းရေးရဖို့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အစိုးရနဲ့ စစ်တပ်နဲ့ ဆွေးနွေးနေတာ ကြာပြီ။ အခုထိ ခရီးမပေါက်ဘူး။ ဒီကြားထဲမှာမှ တိုက်ပွဲတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ လူမျိုးရေး ပဋိပက္ခတွေ စတာတွေ ဖြစ်နေတော့။ ဒီလိုဖြစ်တာတွေက လက်ရှိ ပညာရေး သင်ရိုးညွန်းတမ်းတွေနဲ့ သက်ဆိုင်နေသလား ဆရာ။
ဖြေ ။ ။ လက်ရှိလုပ်နေတဲ့ ပင်လုံညီလာခံက စတုတ္ထအကြိမ် ရှိသွားပြီထင်တယ်။ အဲဒီ ပင်လုံညီလာခံရဲ့ ဆွေးနွေးမယ့် ခေါင်းစဉ်တွေထဲမှာ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဆိုတာ ပါတယ်။ လူမှုရေးအောက်မှာတော့ ပညာရေး ပါကောင်းပါမယ်။ ဒါပေမယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ၄ ကြိမ်မှာ ပညာရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးတယ်ဆိုတာ ကျနော်တော့ သတိမထားမိဘူး။
လက်ရှိ မြန်မာပြည်မှာ လုပ်နေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲက ပညာရေးကို ဦးစားပေးထားတာ မတွေ့ဘူး။ ဆိုတော့ ကျနော်လေ့လာချက်အရ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လေ့လာတဲ့ စာတမ်းတခုမှာ အာဖရိက နိုင်ငံတွေမှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ စာချုပ်တွေ သဘောတူညီချက်တွေ လုပ်ကြတာလေ။
ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ သဘောတူညီချက်တွေ လုပ်တဲ့အခါမှာ အာဖရိကနိုင်ငံတွေက ပညာရေးပြုပြင် ပြောင်းလဲရေးတွေပါ ထည့်တယ်။ ငြိမ်းချမ်းရေးအတွက် ပညာရေး ပြုပြင် ပြောင်းလဲရမယ်ဆိုတဲ့အချက်ကို ငြိမ်းချမ်းရေးစာချုပ်ထဲမှာ ပါတယ်။ ဆိုတာ့ ဗမာနိုင်ငံမှာတော့ အခုထိ မပါသေးဘူး။
ဘာကြောင့်လဲဆိုတော့ အာဖရိကနိုင်ငံတွေမှာ မတည်မငြိမ်ဖြစ်တာ၊ စစ်ပွဲတွေဖြစ်တာ အဲဒါတွေက ပညာရေးနဲ့ သက်ဆိုင်တယ်။ လူမျိုးတွေ များတဲ့ နိုင်ငံတွေမှာ ပညာရေး မညီမျှဖြစ်တဲ့အခါမှာ မကျေနပ်ချက်တွေ ဖြစ်တယ်။ အဲဒီ မကျေနပ်ချက်ကနေ မငြိမ်းချမ်းတာ ဖြစ်တယ်။ စစ်ပွဲတွေအထိ ဖြစ်လာတယ်။
မြန်မာပြည်မှာဖြစ်တဲ့ ပြည်တွင်းစစ်ကလည်း ဒါနဲ့ သက်ဆိုင်တယ်။
သူတို့ရဲ့ ဘာသာစကား၊ ယဉ်ကျေးမှုတို့ကို လွတ်လပ်ခွင့် မရှိတဲ့အတွက် ဒါ မငြိမ်းချမ်းတာ ဖြစ်လာတာလေ။ အဲဒါကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲနဲ့ ပညာရေးက တိုက်ရိုက် သက်ဆိုင်တယ်။
ဆိုတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ သဘောတူချက်ထဲမှာ ပညာရေးပြုပြင်ပြောင်းလဲမှု ထည့်သွင်းဖို့လိုတယ်။ အဲဒီ ပညာရေး ပြုပြင်ပြောင်းလဲမှုက ကျနော်တို့ဆီမှာ ရှိနေတဲ့ တိုင်းရင်းသားလူမျိုးတွေ သူတို့လိုလားတဲ့ ပညာရေးမျိုးသာ ဖြစ်ဖို့ လိုတယ်။
အဲဒါကြောင့် ဒါက အရေးကြီးတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပညာရေးကိစ္စ ထည့်သွင်းဆွေးနွေးဖို့ လိုတယ်။ တိုင်းရင်း သားတွေ ပညာရေးမှာ လိုလားတဲ့အချက်တွေကို နားထောင်ဖို့လိုတယ်။ အဲဒါတွေ ထည့်သွင်းပေးဖို့ လိုတယ်။
မေး ။ ။ ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ဖို့အတွက် သင်ရိုး ညွှန်းတမ်းက ဘယ်လို ဖြစ်သင့်ပါသလဲ ဆရာ။
ဖြေ ။ ။ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးရဖို့အတွက် မြန်မာနိုင်ငံရဲ့ သင်ရိုးညွန်းတမ်းက ငြိမ်းချမ်းရေးကို ဦးတည်သွားတဲ့ သင်ရိုးညွှန်းတမ်းမျိုး ဖြစ်သင့်တယ်လေ။ အဲဒီအတွက် နိုင်ငံတကာမှာ လုပ်တဲ့ ပညာရေးပေါ့။ အထူးသဖြင့် ကုလသမဂ္ဂက လုပ်တဲ့ ပညာရေးက ငြိမ်းချမ်းရေးကို ဦးတည်တဲ့ ပညာရေး။ ရေရှည်တည်တံ့သော ဖွံ့ဖြိုးရေး အတွက် ပညာရေး ဆိုပြီးတော့ ကုလသမဂ္ဂ ဦးဆောင်ပြီးတော့ နိုင်ငံတကာမှာ လုပ်နေတာရှိတယ်။ ရေရှည် တည်တံ့သော ဖွံ့ဖြိုးရေးထဲမှာ ငြိမ်းချမ်းရေးပါတယ်။ ငြိမ်းချမ်းရေးက ကျနော်တို့ကမာ္ဘကြီး ရေရှည်တည်တံ့ဖို့ အတွက် အရေးကြီးတဲ့အချက်ပဲလေ။
ဒါကြောင့် ပညာရေးကနေ ငြိမ်းချမ်းရေးကို တည်ဆောက်ဖို့ဆိုပြီးတော့ ကုလသမဂ္ဂ ဦးဆောင်တဲ့ ပညာရေးမှာ ထည့်သွင်း ထားတာ အဲဒီအတွက် အရေးကြီးတဲ့ ကဏ္ဍက ပညာရေးမှာ လူသားအမြင်နဲ့ ချဉ်းကပ်တဲ့ ပညာရေးကို လုပ်ဖို့ဆိုပြီး တိုက်တွန်းတယ်။
လူသားအမြင်နဲ့ လုပ်တဲ့ ပညာရေးမှာက ငြိမ်းချမ်းရေးကို ဦးတည်တဲ့အချက်ပါတယ်။ အဲဒါက Learning to live together ဖြစ်တယ်။ ဒီလိုလုပ်ခြင်းအားဖြင့် မတူကွဲပြားတဲ့သူတွေ ယဉ်ကျေးမှု မတူတာ၊ လူမျိုးမတူတာ၊ဘာသာ စကားမတူတာ၊ ကိုးကွယ်ယုံကြည်မှု မတူတာ၊ အဲဒီမတူကွဲပြားတဲ့သူတွေ အတူတကွ နေသွားနိုင်အောင်လို့ ပညာရေးက ဖန်တီးပေးတာ။
တယောက်ကို တယောက် နားလည်တယ်။ တယောက်ရဲ့ ယဉ်ကျေးမှုကို တယောက်က နားလည်တယ်။ တယောက်ရဲ့ ကိုးကွယ်ယုံကြည်မှုကို တယောက်က လေးစားတယ်။ အဲဒီလိုမျိုး တယောက်ကို တယောက် လေးစားတန်ဖိုးထားတဲ့ စိတ်နေစိတ်ထားနဲ့ အပြုအမူကို စာသင်ခန်းကနေ လုပ်ပေး တာ အဲဒါက ငြိမ်းချမ်းရေးကို ဦးတည်တာ။ အဲဒါမျိုးက သင်ရိုးညွှန်းတမ်းမှာ ထည့်သွင်းလိုက်ဖို့ လိုတယ်။
ကျနော်တို့ရဲ့ သင်ရိုးညွန်းတမ်းက ငြိမ်းချမ်းရေးကို ဦးတည်တဲ့ သင်ရိုးညွန်းတမ်း အမျိုးအစား ဖြစ်သင့်တယ်။ ကွဲပြားမှုတွေကို တယောက်ကို တယောက် နားလည်ပြီးတော့ တယောက်နဲ့ တယောက် အပြန်အလှန် သည်းခံ၊ အပြန်အလှန် လေးစားတဲ့ ပညာရေးမျိုး ဖြစ်သင့်တယ်။
အဲဒီလိုမျိုး သင်ရိုးညွန်းတမ်းအရလည်း အသိပညာပေးတယ်။ သူတို့ကိုယ်တိုင်ကလည်း သူတို့စိတ်နှလုံးထဲမှာလည်း ဒါကို ခံယူနိုင်အောင်လို့ ဆောင်ရွက်ပေးတယ်။ လက်တွေ့ဆောင်ရွက်တဲ့ နေရာမှာလည်း ပြောဆိုတာ၊ လုပ်ကိုင်တာ၊ ပြုမူတာ အားလုံးက ငြိမ်းချမ်းရေးကို ဦးတည်တယ်။
တယောက်ကို တယောက် အပြန်အလှန် လေးစားတဲ့ အပြုအမူ၊ အပြောအဆို ဆိုရင် အဲဒါက ငြိမ်းချမ်းရေးကို ဦးတည် တာပေါ့။ ဒါကြောင့် ဗမာနိုင်ငံရဲ့ သင်ရိုးညွန်းတမ်းက အဲဒီလိုမျိုး ငြိမ်းချမ်းရေးကို ဦးတည်တဲ့ သင်ရိုး ညွှန်းတမ်းလို အမျိုးအစားပေါ့။ အသိဉာဏ်ပေးတဲ့ နေရာမှာရော၊ လက်တွေ့လုပ်တဲ့ နေရာမှာပါ ငြိမ်းချမ်းရေးကို ရှေးရှူတဲ့ သင်ကြားမှုတို့ သင်ရိုးညွန်းတမ်းတို့ ပညာရေးမူဝါဒတို့ အဲဒါ ဖြစ်သင့်တယ်။
အထူးသဖြင့် ကုလသမဂ္ဂ အကြံပေးတဲ့အထဲမှာ ငြိမ်းချမ်းရေးကို ဦးတည်တဲ့ ဘာသာရပ်တခုထည့်ထားတယ်။ အဲဒါက ဘာလဲဆိုတော့ Global citizenship အဲဒါက ခုနက Learning to live together ကို အကောင်အထည် ဖော်တာပဲ။
မတူကွဲပြားတာတွေကို နားလည်တယ်။ ဘာပဲကွဲပြား၊ ကွဲပြား။ လူမျိုးကွဲပြားတာ။ နိုင်ငံကွဲပြားတာ၊ ယဉ်ကျေးမှု ကွဲပြားတာ ဘာပဲကွဲပြား ကွဲပြား အားလုံးက အတူတကွဖြစ်တယ်ဆိုတဲ့ Global citizenship အယူအဆကို အဲဒီဘာသာရပ်က သင်ကြားပေးတယ်။
အခု မြန်မာပြည်မှာ အသစ်တိုးလိုက်တဲ့ စာရိတ္တနဲ့ ပြည်သူ့နီတိက လူမျိုးတွေ အများကြီး ရှိတဲ့အထဲမှာ ဗမာ လူမျိုးရဲ့ ဓလေ့ထုံးစံကို ပေးတဲ့အမျိုးအစား ဖြစ်နေတယ်။ အဲဒါကြောင့် ကျနော်တို့က အဲဒီဘာသာရပ် နေရာမှာ Global citizenship ကို သင်ရင် ကောင်းတယ်။
သင်ရိုးညွန်းတမ်းမှာ Global citizenship ကို ထည့်သွင်းပြီးတော့ Learning to live together ကွဲပြားမှုတွေ အတူတကွ နေနိုင်အောင် လေ့ကျင့်ပေးတဲ့ သင်ရိုးညွန်းတမ်း အမျိုးအစားဖြစ်ရင် ကောင်းမယ်။
မေး ။ ။ ဆရာအနေနဲ့ လက်ရှိ ပညာရေးသင်ရိုးညွှန်းတမ်းအတွေအပေါ် အကြံပြုချင်တာ၊ ဖြည့်စွက်ပြောချင်တာ ရှိရင် ပြောပေးပါ ဆရာ။
ဖြေ ။ ။ အမျိုးသား ပညာရေး ဥပဒေက ပြန်ပြင်လိုက်ဖို့ လိုတယ်။၂၀၁၄ က ထုတ်ပြန်လိုက်တဲ့ အမျိုးသား ပညာရေး ဥပဒေ၊ ၂၀၁၅က ပြင်ဆင်တဲ့ ဥပဒေ။ အဲဒီ ဥပဒေ ၂ ခုစလုံးမှာ ငြိမ်းချမ်းရေး မပါဘူး။ ငြိမ်းချမ်းရေးကို ဦးတည်တဲ့ ကဏ္ဍ မပါဘူး။ အဲဒါကြောင့် ပညာရေးမူဝါဒတွေမှာ ငြိမ်းချမ်းရေးကို ဦးတည်တဲ့ ပုဒ်မတွေ ထည့်သွင်းလိုက်ဖို့ လိုတယ်။ အဲဒါလေးတခု အကြံပေးချင်တယ်။
အခြေခံဥပဒေတောင် ပြင်ဖို့ လုပ်သေးတာပဲလေ။ အမျိုးသားပညာရေး ဥပဒေလည်း ပြင်သင့်တယ်။ ပြင်တဲ့အခါမှာ ကျနော်တို့ နိုင်ငံက ငြိမ်းချမ်းရေးကို တည်ဆောက်မှာ ဖြစ်တဲ့အတွက် ငြိမ်းချမ်းရေးကို ဦးတည်တဲ့ ပုဒ်မ ထည့်သွင်းဖို့ အဲဒါ အကြံပေးချင်တယ်။
နောက်တခုက တိုင်းရင်းသားဒေသတွေမှာ အစိုးရကျောင်းကို ကလေးတွေ တက်ဖို့ အဆင်မပြေတာတွေ ရှိတယ်။ တချို့နေရာတွေမှာ ကျောင်းမရှိဘူး။ ကျောင်းရှိပြန်တော့လည်း စစ်ပွဲတွေ ဖြစ်နေလို့ ကျောင်းပိတ်ရတယ်။ ဆရာတွေ မလာနိုင်တော့ စာမသင်ရဘူး။ တချို့က ဘာသာစကား အခက်အခဲကြောင့် ကျောင်း မတက်နိုင်ဘူး။
အဲဒါကြောင့် သူ့ဘာသာ ထူထောင်ထားတဲ့ ကျောင်းတွေရှိတယ်။ အဲဒါတွေက ကချင်မှာလည်းရှိတယ်။ ကရင်မှာလည်း ရှိတယ်။ ရှမ်းမှာလည်းရှိတယ်။ မွန်မှာလည်း ရှိတယ်။ ကရင်နီမှာလည်း ရှိတယ်။ အဲဒီကျောင်း တွေက တိုင်းရင်းသား လူမျိုးတွေ သူတို့ကိုယ်တိုင် ထူထောင်ထားတဲ့ ကျောင်းတွေ ရှိတယ်။
အဲဒီကျောင်းတွေ ကျနော်သွားပြီး လေ့လာပြီးပြီ။ အောင်မြင်တယ်။ အဲဒီကျောင်းတွေကို ကျနော်တို့ အစိုးရအနေနဲ့ အသိအမှတ် ပြုလိုက်ဖို့ လိုတယ်။ အဲဒီကျောင်းတွေရဲ့ သင်ရိုးညွန်းတမ်းတွေကို အသိအမှတ်ပြုပေးဖို့ လိုတယ်။ ဒါပေမယ့် သင်ရိုးညွန်းတမ်းချင်းတော့ ညှိနှိုင်းဖို့လိုတယ်။
ကလေးတွေ ပြည်နယ်တခုကနေ တခုကို ပြောင်းသွားတဲ့အခါမှာ ကျောင်းပြောင်းလို့ရအောင် အခြေခံ တူညီအောင်တော့ ညှိနှိုင်းဖို့လိုတယ်။ အခုလက်ရှိ တိုင်းရင်းသားလူမျိုးတွေ တည်ထောင်ဖွင့်လှစ်ထားတဲ့ ကျောင်းတွေကို အသိအမှတ်ပြုဖို့ လိုတယ်။ အဲဒီလို ကျနော်အကြံပေးချင်တယ်။
နောက်တခုက သင်ရိုးညွန်းတမ်း လွတ်လပ်ခွင့်ရှိဖို့လိုတယ်။ မြန်မာ အစိုးရပြဋ္ဌာန်းတဲ့ သင်ရိုးညွန်းတမ်းက သမိုင်းတို့၊ ပထဝီတို့ မြန်မာဘာသာစကားတို့မှာ သူတို့နဲ့ မကိုက်ညီတော့ သူတို့ကလေးတွေနဲ့ ကိုက်ညီတဲ့ သင်ရိုးညွှန်းတမ်းကို သူတို့ကိုယ်တိုင် ရေးဆွဲခွင့်ရှိသင့်တယ်။ အဲဒီသင်ရိုးညွန်းတမ်း လွတ်လပ်ခွင့်၊ ဘာသာစကား လွတ်လပ်ခွင့်ပေးသင့်တယ်။
တိုင်းရင်းသားလူမျိုးကလေးတွေက သူတို့နားလည်တဲ့ ဘာသာစကားနဲ့ သင်ကြားနိုင်ဖို့အတွက် မိခင်ဘာသာ စကားကို အခြေပြုတဲ့ သင်ကြားနည်းစနစ်နဲ့ ဘာသာစကား မူဝါဒကို သုံးသင့်တယ်လို့ ထင်တယ်။
နောက်တခုက တက္ကသိုလ်တွေနဲ့ ပတ်သက်လို့ အခုအခက်အခဲက တိုင်းရင်းသားလူမျိုးတွေ သူတို့ကိုယ်တိုင် ထူထောင်တဲ့ ကျောင်းတွေရှိတယ်။ သူတို့ကျောင်းတွေက ၁၂ တန်းအထိ သင်တယ်။ ၁၂ တန်းအောင်ပြီးရင် မြန်မာပြည်တက္ကသိုလ်မှာ သွားပြီး တက်ဖို့ အခက်အခဲရှိတယ်။
ဘာကြောင့်လဲဆိုတော့ သူတို့ကျောင်းတွေကို အစိုးရက အသိအမှတ်မပြုလို့။ တကယ်လို့ အစိုးရကသာ အသိအမှတ် ပြုလိုက်ရင် အစိုးရတက္ကသိုလ် တက်ခွင့် ရနိုင်မှာပေါ့။ အခု နိုင်ငံခြားတက္ကသိုလ် သွားတက်ဖို့ ကလည်း လူနည်းနည်းပဲ ရတယ်လေ။ ကလေးတွေက တက္ကသိုလ်တက်ဖို့ အခွင့်အလမ်းတွေနည်းတယ်။
အဲဒါကြောင့် ကျနော်က တက္ကသိုလ် ပြုပြင်ပြောင်းလဲရေးမှာ တက္ကသိုလ်ရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေကို အမျိုးသား ပညာရေးဥပဒေမှာလည်း ပါနေပြီ။ တက္ကသိုလ်တွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရတဲ့အခါမှာ တက္ကသိုလ်တွေရဲ့ ကျောင်းသား လက်ခံခွင့်ကို လွတ်လပ်စွာ လက်ခံခွင့် ပြုလိုက်ရင် ကောင်းမယ်လို့ ကျနော်က အကြံပေးချင်တယ်။
ဒါမှ သူ့ပြည်နယ်မှာ ဥပမာ ကရင်ပြည်နယ်မှာရှိတဲ့ ဘားအံတက္ကသိုလ်က ကရင်ပြည်နယ်မှာရှိတဲ့ ကျောင်းသားတွေ ခုနကလို အစိုးရကျောင်းမှာ တက်တဲ့ကျောင်းသားတွေ၊ ဘုန်းတော်ကြီးသင်ကျောင်းမှာ တက်သည်ပဲ ဖြစ်စေ၊ ကရင် လူမျိုးတွေ သူ့ဒေသအလိုက် ဖွင့်ထားတဲ့ ကျောင်းက ကျောင်းသားတွေ ဖြစ်စေ တက်ခွင့်ရှိတယ် ဆိုတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ရှိတယ်ဆိုရင် အဲဒီကျောင်းတွေက ကျောင်းသားတွေက တက္ကသိုလ်တက်ဖို့ အတွက် အခွင့်အလမ်း ရှိသွားမယ်။ ပြည်နယ် တွေက တက္ကသိုလ်တွေမှာ ကျောင်းသား လက်ခံခွင့်ကို လွတ်လွတ်လပ်လပ် ဆုံးဖြတ်ခွင့်ပေးဖို့ လုပ်သင့်တယ်လို့ ကျနော်က အကြံပေးချင်တယ်။
You may also like these stories:
တက္ကသိုလ် ဥပဒေနှင့် စည်းကမ်းများသည် တရားမျှတမှု မရှိပါ
မြန်မာ့ ပညာရေးအတွက် တိုက်ပွဲဝင်နေသူ ဒေါက်တာသိန်းလွင်