မြန်မာနိုင်ငံတွင် သြဂုတ်လ ၁၆ ရက် နောက်ပိုင်းကစ၍ COVID 19 ရောဂါ ကူးစက်မှုနှုန်း ပြန်လည် မြင့်တက်လာပြီး နောက် ထိုသို့ ကူးစက်ခံရသူများ၏ ၁၀ ရာခိုင်နှုန်းကျော်မှာလည်း ကျန်းမာရေး ဝန်ထမ်းများ ဖြစ်ကြကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက သိရသည်။
ပိုးတွေ့လူနာများ တရှိန်ထိုးမြင့်တက်လာသည်နှင့်အမျှ ကျန်းမာရေးဝန်ထမ်း လိုအပ်ချက်များလည်း ရှိနေကြောင်း သိရ သည်။
သို့ဖြစ်ရာ ယခုလက်ရှိတွင် ကျန်းမာရေး ဝန်ထမ်းများအနေဖြင့် ကြုံတွေ့ရနေသည့် အခက်အခဲများနှင့် ကိုဗစ် ဒုတိယလှိုင်းကို ရင်ဆိုင်ရာတွင် ယခင်ရှိပြီးသား နည်းလမ်းများသာမက ပြင်ဆင် ပြောင်းလဲသင့်သည့် အချက်အလက်များကိုပါ သိရှိရန် ကျန်းမာရေး ဝန်ထမ်းများထဲမှ ပထမဆုံးအဖြစ် COVID-19 ရောဂါ ကူးစက်ခံရသူလည်း ဖြစ်သူ မေ့ဆေးဆရာ ဝန်ကြီး ဒေါက်တာ မြင့်မြင့်စိန်နှင့် ဧရာဝတီ သတင်းထောက် သဇင်လှိုင်က ဆက်သွယ် မေးမြန်းထားပါသည်။
မေး။ ။ လက်ရှိမှာ ကျန်းမာရေး ဝန်ထမ်းတွေအနေနဲ့ လုပ်ဆောင်ရတဲ့အခါမှာ ဝန်နဲ့အားမမျှတဲ့ အနေအထားမျိုး ရှိနေလား ဘာတွေ ရင်ဆိုင်ကြုံတွေ့နေရလဲ။
ဖြေ။ ။ တနေရာနဲ့ တနေရာတော့ မတူဘူး။ အခုလောလောဆယ် ပြည်မှာကတော့ ကံကောင်းထောက်မစွာနဲ့ Positive ၂ ယောက်ပေါ့။၂ ယောက်လောက်ပဲ ရှိတာတော့ မဖြစ်နိုင်ဘူးပေါ့။ အဲဒီ၂ ယောက်နဲ့ ထိစပ်နေတာကို ဘယ်လောက်အထိ တိတိကျကျ မှန်မှန်ကန်ကန် လိုက်နိုင်သလဲ ဆိုတာအပေါ်မှာ အများကြီး မူတည်တယ်။ Contact tracing လိုက်နိုင်တယ် မလိုက်နိုင်ဘူးဆိုတာလည်း အရေးကြီးတယ်။
ရခိုင်တို့ ရန်ကုန်တို့မှာတော့ လိုက်လည်း လိုက်နိုင်တယ်။ လိုက်နိုင်လို့ အများကြီး တွေ့ရတယ်။ သူတို့မှာတော့ မနိုင်မနင်း ဖြစ်နေကြပြီပေါ့။ လူတွေက အနှံ့အပြားကို ရောက်သွားပြီ ဆိုတာတော့ သေချာနေပြီ။ လူတိုင်းလူတိုင်းသည် ကူးစက်ခံရပြီ ဆိုပြီးတော့ မျှော်လင့်နေကြပြီပေါ့။ ကျမတို့ ကျန်းမာရေး ဝန်ထမ်းတွေ အပါအဝင်ပေါ့။
လက္ခဏာ မရှိဘဲလည်း ပျံ့နှံ့နိုင်တယ်။ လူတော်တော်များများက ကူးစက်နေပြီလို့ပဲ ယူဆတယ်။ အဲဒါကို စစ်နိုင်တဲ့ Test မရှိသေးဘူးပေါ့။
တိုင်းနဲ့ပြည်နယ် တချို့တွေကိုတော့ စစ်နိုင်တဲ့ စက်တွေ ချထားတယ်။ သို့သော် စက်ချည်းပဲ ချလို့ မရဘူး။ အထဲမှာရှိတဲ့ ပစ္စည်းပစ္စယတွေ လိုသေးတယ်။ အဲဒီTest တွေကို စစ်ပေးမယ့် ဓာတ်ခွဲခန်း ဝန်ထမ်းတွေ အများကြီး လို တယ်။ ဓာတ်ခွဲခန်း ဝန်ထမ်းတွေကလည်း မနိုင်ဘူး ဖြစ်နေတယ်။ ထိတွေ့မှုတွေကို လိုက်ဖို့ တိုင်းနဲ့ ပြည်နယ်တွေက ဘယ် လောက် လုပ်နိုင်သလဲဆိုတဲ့ အပေါ်မှာ မူတည်တယ်။ အဓိကကတော့ ကျန်းမာရေး ဝန်ထမ်း နည်းနေတဲ့ အချိန်မှာပဲ လူနာ တွေက အများကြီး ဖြစ်လာတာပေါ့။
မေး။ ။ ခုနက ပြောသွားသလိုပါပဲ။ ကျန်းမာရေး ဝန်ထမ်းတွေ နည်းနေတဲ့ အချိန်မှာပဲ လူနာတွေက အများကြီး တိုးလာမယ်။ ကျန်းမာရေး ဝန်ထမ်းတွေ ကိုယ်တိုင်ကလည်း ကူးစက်ခံနေရတယ်ဆိုတာတော့ ဒီလိုအခြေအနေမှာ ဘယ်လို အခက်အခဲတွေ တွေ့နိုင်မလဲ။
ဖြေ ။ ။ အဲဒါက အရေးကြီးဆုံး ပြဿနာပါပဲ။ ကျန်းမာရေး ဝန်ထမ်းတွေက အရင်ကတည်းက နည်းနေတာ။ အရင်က တည်းက နှစ်ရှည်လများ ပုံမှန်အလုပ်တွေကိုတောင်မှ မနိုင်မနင်းနဲ့ အလုပ် လုပ်နေရတာ။ ဒီလို ကပ်ရောဂါကြီး ဖြစ်လာရင် ပေါ်လစီပိုင်းဆိုင်ရာနဲ့ ဝန်ကြီးဌာနပိုင်းဆိုင်ရာတွေက ပထမဦးဆုံး စဉ်းစားရမယ့် အချက်က ကိုယ့်မှာရှိတဲ့ လူအင်အားနဲ့ နိုင်နိုင်နင်းနင်း ဖြစ်နိုင်မယ့် အခြေအနေမျိုးကို ဘယ်လိုကြိုတင်ပြီးတော့ ပြင်ဆင်ထားကြမလဲ ဆိုတာကို ကျမတို့က မျှော်လင့်မိတာပေါ့။
ဘာဖြစ်လို့လဲဆိုတော့ အရင်ကတည်းကကိုပဲ ကျမတို့က အရမ်းကို ပင်ပင်ပန်းပန်းနဲ့ အချိန်ပိုတွေ ဆင်းနေရတာ။ နောက်ထပ် ဆရာဝန်တွေ သူနာပြုတွေ ဝင်လာဖို့ အတွက်ကို မျှော်လင့်နေသလိုပဲ မျှော်လင့်သလောက် ဖြစ်မလာဘူး။ မြန်မာနိုင်ငံက ကိုဗစ်ဖြစ်ပွားမှုမှာ နောက်ကျတဲ့အပိုင်းမှာ ပါတယ်။ တခြားနိုင်ငံတွေ အသည်းအသန် ဖြစ်နေချိန်မှာ ကျမတို့က မဖြစ် ဘူး။
နောက်ကျတဲ့အတွက်ကြောင့် သူများဆီက သင်ခန်းစာ ယူနိုင်တယ်။ ယူနိုင်သလောက် ယူလိုက်နိုင်တာရယ်၊ လုပ်ကြပါလို့ ဝိုင်းဝန်းပြောကြတာရယ်ကြောင့် ဝန်ကြီးဌာနကလည်း လှုပ်ရှားမှုတွေ မြန်လာတယ်။ အချိန်လည်း မီသွားတယ်။ သင်္ကြန် တွေ ဘာတွေမှာ Lockdown တွေ ဘာတွေ လုပ်လိုက်တဲ့ အခါကျတော့ ပထမလှိုင်းကတော့ မဆိုးဘူးပေါ့။
သို့သော် ပထမလှိုင်း ပြီးသွားတာနဲ့ ကျိန်းသေတယ်။ ဒုတိယလှိုင်း လာတော့မယ်ဆိုတာကို လူတိုင်းလူတိုင်း သိနေတယ်။ ကိုယ့်တိုင်းပြည်မှာရှိတဲ့ ပထမလှိုင်းရဲ့ သင်ခန်းစာတွေ လိုသွားတာတွေရော၊ ပိုသွားတာတွေရော ထိန်းညှိပြီးတော့ ကြိုပြီး ပြင်ထားမယ်ဆိုရင် ညွှန်ကြားချက်တွေ ထုတ်ထားမယ်၊ ပေါ်လစီတွေ ဆွဲထားမယ်ဆိုရင်တော့ ဒီထက်ပိုပြီး သပ်သပ်ရပ်ရပ် ဖြစ်မယ်လို့ မျှော်လင့်တယ်။
အခုကျတော့ မျှော်လင့်ထားသော်လည်းပဲ ရှိတဲ့ လူအင်အားနဲ့ မမျှမတတဲ့ ပုံစံတခုကို ဖမ်းဆုပ်လိုက်ရတယ်ပေါ့။ ကျမတို့ အနေနဲ့က ပိုပြီးတော့ ဝန်ထုပ်ဝန်ပိုးတွေ တက်ကုန်တယ်။
အခုလောလောဆယ် ပြည်မှာက ၂ ယောက်ပဲ ရှိသော်လည်း လာလတ္တံ့သော၊ တိုးလာမယ်လို့လည်း ထုတ်ပြောထားသော နောက် ၃ ပတ်လောက် အတွင်းမှာတော့ ကျမတို့ ကျန်းမာရေး ဝန်ထမ်းတွေ အနေနဲ့က စိုးရိမ်တယ်။ ကျန်းမာရေး ဝန်ထမ်းတွေဘက်ကို ညွှန်ကြားလိုက်တဲ့ ညွှန်ကြားချက်တွေက အချိန်နဲ့ တပြေးညီ မဟုတ်ဘဲ နောက်ကျတာတွေ ရှိတယ်။
ညွှန်ကြားလိုက်တဲ့ ညွှန်ကြားချက်တွေကို လက်တွေ့မှာ အကောင်အထည်ဖော်နိုင်ဖို့ ဆိုတာ နေရာဒေသအပေါ်မှာ လိုက် ပြီးတော့ နေရာဒေသမှာရှိတဲ့ အုပ်ချုပ်မှုဆိုင်ရာ ခေါင်းဆောင်မှုတွေ အထူးသဖြင့် ဆေးရုံအုပ်တွေပေါ့။ အဲဒါကို လက်တွေ့ အကောင်အထည် ဖော်နိုင်လား၊ မဖော်နိုင်လား အပေါ်မူတည်ပြီးတော့ ကျန်းမာရေး ဝန်ထမ်းတွေ ထိခိုက်မှုကလည်း အနည်းနဲ့အများ ရှိတယ်။ ဆိုတော့ ဗိုင်းရပ်စ်ဘက်ကလည်း လက္ခဏာ မရှိဘဲနဲ့ ပုံစံပြောင်းသွားတယ်။
ကျန်းမာရေး ဝန်ထမ်းတွေ ဘက်ကလည်း ပေါ့လျော့တာ၊ အုပ်ချုပ်မှုပိုင်း ဆိုင်ရာကလည်း အချိန်နဲ့ တပြေးညီ ညွှန်ကြား ချက်တွေ ထုတ်ဖို့ တို့၊ ညွှန်ကြားချက်အတိုင်း တကယ်ကို လုပ်ဖို့တို့၊ ညွှန်ကြားချက်အတိုင်း တကယ်ကို လုပ်နိုင်တဲ့ဟာ တွေ ပံ့ပိုးဖို့တို့ အဲဒါတွေက မရှိတဲ့အတွက်ကြောင့်မို့လို့ တကယ့် လက်တွေ့လုပ်နေတဲ့ လူတွေက ပေါ့ဆမှုတွေ ရှိတယ်။
ဆရာ၊ ဆရာမတွေက အစ ဒီလိုကာကွယ်ရေး ဝတ်စုံတွေ ဝတ်ဖို့ လိုလို့လား ဆိုတာမျိုးတွေ အနည်းနဲ့အများ ရှိတယ်။ အရဲ ကိုးတာတွေ ရှိတယ်။ ဒါကြောင့်ပဲ ကျမတို့က တောက်လျှောက် ဝတ်ပါဝတ်ပါ ဆိုပြီး ပြောနေတာတွေ ရှိတယ်။ အလွန်အကျွံ ဝတ်တာတွေလည်း ရှိတယ်။ အဲဒါတွေက ဒေသဆိုင်ရာမှာ ရှိတဲ့ အုပ်ချုပ်ရေးတွေက ထိန်းညှိပေးမယ် ဆိုရင်တော့ ကျန်းမာ ရေး ဝန်ထမ်းတွေ ထိခိုက်မှု နည်းမယ်လို့ ယူဆတယ်။ အဓိက ကတော့ ကာကွယ်ရေး ဝတ်စုံဆိုတာ အဆင့်လိုက် အဆင့် လိုက် သတိမလစ်ဘဲနဲ့ ဝတ်သင့်နေပြီ ဆိုတာကို ကျမတို့ အချင်းချင်း သတိပေးတဲ့အနေနဲ့ ပြောချင်တာ။
မေး။ ။ ဒီ ဒုတိယလှိုင်းမှာ ကျန်းမာရေးဝန်ထမ်းတွေ ကူးစက်ခံရမှု များလာတာက ဘာကြောင့် ဖြစ်မလဲ။ ဆက်စပ် ပစ္စည်း တွေ မလုံလောက်မှုကြောင့်လား၊ တခြား ဘယ်လိုအချက်တွေ ရှိဦးမလဲ။
ဖြေ။ ။ တကယ်တော့ ကျန်းမာရေး ဝန်ထမ်းတင် မကဘူး တပြည်လုံးက ကူးနိုင်တာ။ သို့သော် ကျန်းမာရေး ဝန်ထမ်းကျတော့ ကိုဗစ် မဟုတ်တဲ့ လူနာကိုပါ ကြည့်ရတယ်။ မဖြစ်မနေကို ကြည့်ရမယ့် တာဝန်ရှိတယ်။ သူကနေမှ ဆက်စပ်ပြီးတော့ ဖြန့်သွားနိုင်တာတွေ ရှိတာပေါ့။ ဆေးရုံကလည်း လူစုလူဝေး ဖြစ်နေတဲ့ အတွက်ကြောင့်မို့လို့ အဓိက ကတော့ မကူးစက်အောင် လုပ်ဖို့က အဓိကပဲ။ ကူးစက်တာ ပျံ့နှံ့အောင် မလုပ်ရင် လူက နည်းသွားမယ်။
လူက နည်းသွားရင် ကာကွယ်ရေး ပစ္စည်းတွေလည်း လိုအပ်ချက်တွေ နည်းသွားမယ်။ ကူးစက်တာ မပျံ့နှံ့အောင် ဘယ်လို လုပ်မလဲ ဆိုတဲ့ ပေါ်လစီကို မျှော်လင့်တာပေါ့။ ဒီလိုကူးစက်တာ မပြန့်အောင် ဘယ်လိုလုပ်မလဲပေါ့။ ပြည်သူတွေ ပါလာ အောင်၊ နားလည်လာအောင်၊ ပူးပေါင်းအောင် ဘယ်လိုလုပ်မလဲပေါ့။ အဲဒါက ကျမတို့ လုပ်လို့မရဘူး။
အနည်းဆုံး ပြောရရင်တော့ Mask တပ်တဲ့ ဥပဒေပေါ့။ Public ထဲမှာ Mask သည် မတပ်မနေရ၊ မတပ်တဲ့သူတွေကို ဘယ်လိုလုပ်မယ် ဆိုတာတွေက ဒီထက်စောပြီးတော့ ပေါ်လာမယ်ဆိုရင် ဒီလောက်အထိ စိတ်ပူစရာ မရှိဘူး။
နောက်တခုက အသွားအလာ ထိန်းချုပ်ရေးတွေမှာ လုပ်သင့်လုပ်ထိုက်တဲ့ အချိန်မှာ လုပ်သင့်လုပ်ထိုက်တာကို ပြတ်ပြတ်သားသား လုပ်လိုက်ရင် ဒီလောက်အထိ မများဘူးလို့ ကျမကတော့ ထင်တယ်။
လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်လိုက်မယ်ဆိုရင်လည်း စိန်ခေါ်မှုတွေ ရှိတယ်ဆိုတာကို သိပါတယ်။ စားဝတ်နေရေးတို့ လမ်းပန်းဆက်သွယ်ရေးတို့ ရိက္ခာတွေ ပြတ်သွားမှာတို့ပေါ့။ အဲဒါတွေကိုလည်း ပေါ်လစီပိုင်း ဆိုင်ရာကလည်း ကြိုပြီးတော့ မျှော်မြင်ရမှာပေါ့။ သူတို့က ဒါတွေကို တာဝန်ယူထားတယ် ဆိုတော့။ ဒါလုပ်ရင် ဒါဖြစ်မယ် ဆိုတာကိုသိရင် မျှော်မြင်ရမှာပေါ့။
ဒါတွေကို ကြိုကြိုတင်တင်နဲ့ စောစောစီးစီးသာ လုပ်နိုင်ရင် အခုလို တပြည်လုံး မပင်ပန်းဘူးလို့ ယူဆတယ်ပေါ့။ ဥပမာ ရခိုင် ပေါ့။ ရခိုင်ကို ပိတ်လိုက်ပါလို့ ပြောလိုက်တာထက် ပိတ်ပြီးရင် ဘာဆက်လုပ်မလဲ၊ မပိတ်ခင် ဘာတွေလုပ်မလဲ အဲဒါကိုသာ နိုင်နိုင်နင်းနင်း လုပ်လိုက်မယ်ဆိုရင် … တပြည်လုံး မကူးစက်သွားဘူး လို့တော့ ပြောတာ မဟုတ်ဘူး။ ဒါပေမယ့် ထိခိုက်မှု နည်းမယ်လို့ မျှော်လင့်တယ်။ အခုလည်း တတိုင်းပြည်လုံးလို့ ပြောသည့်တိုင် ကူးစက်မှု နည်းနေတဲ့ တိုင်းနဲ့ ပြည်နယ်တွေ ရှိသေးတယ်။ အချိန်မီသေးတယ်။ ဒါတွေကတော့ ကူးစက်မှုဆိုင်ရာ အထူးကုတွေကနေပြီးတော့ စဉ်းစားရမယ့် အစိတ်အပိုင်းတွေပေါ့။ ကျမကတော့ ကုသရေးဘက်ကပေါ့။
ကုသရေးမှာမှ ကျမတို့က အပြင်းအထန် လူနာတွေကို ကုရတာ။ ကိုဗစ်က ၉၀ ရာခိုင်နှုန်းလောက်က ပြန်ကောင်းတယ်။ ကျန်တဲ့ ၁၀ ရာခိုင်နှုန်းထဲမှာမှ ၅ ရာခိုင်နှုန်းလောက်ကမှ ကျမတို့ဆီကို ICU ထဲကို ရောက်မှာ။ ကျန်တဲ့ ပြန်ကောင်းနိုင်တဲ့ ၉၀ ရာခိုင်နှုန်းကို အာရုံ စိုက်မလား၊ ဆေးရုံဆိုတဲ့ နေရာတခုမှာ ၅ ရာခိုင်နှုန်းအတွက် ပြင်ထားမလား။ ဒါကိုပဲ စဉ်းစားရမှာ ပေါ့။ ၉၀ ရာခိုင်နှုန်းမှာမှ ကူးတဲ့သူနည်းလေ ပြန်ကောင်းတဲ့သူ ပိုများလာမှာပဲ။ ၁၀၀ မှာ ၁၀ ယောက်ကူးတယ် ဆိုရင် ၉ ယောက်က ပြန်ကောင်းမှာ ၁ ယောက်လောက်ကပဲ ကျမတို့ဆီကို ရောက်ချင် ရောက်လာမယ်၊ မရောက်ချင် မရောက်လာဘူး။
တကယ်တမ်း ဆေးရုံရဲ့ကျန်းမာရေး ဝန်ထမ်းမှာ လုပ်ရမယ့် အစိတ်အပိုင်းသည် ၅ ရာခိုင်နှုန်းနဲ့ ၁၀ ရာခိုင်နှုန်းပဲ လုပ်ရမှာ။ သို့သော် အခုက ဘယ်လိုဖြစ်နေလဲဆိုတော့ ကူးစက်မှုကိုလည်း မထိန်းနိုင်ဘူး။ ကူးသမျှတွေကိုလည်း ဆေးရုံလာတင်တယ်ဆိုတဲ့ အခါကျတော့ ဆေးရုံကို တကယ်ကို ပို့ရမယ့် အရေးပေါ်တွေ အရေးကြီးတွေ အားလုံးကို ရွှေ့ဆိုင်းရတာတို့ နောက်ဆုတ်ရတာတို့ ညှိနှိုင်းရတာတို့ လျှော့ချရတာတို့ အဲဒါတွေဖြစ်သွားတယ်။ သူတို့လည်း ညွှန်ကြားချက်တွေ ထုတ်တယ်။
ညှိနှိုင်းတဲ့ အခါမှာ ပွတ်တိုက်မှုတွေ ရှိလာတယ်။ အငြင်းအခုံတွေ ဖြစ်လာတယ်။ အဲဒီ အသံတွေကို လူတွေကကြားပြီး ဆေးရုံကို သွားလည်း အလကားပါပဲ။ ဘာမှ လုပ်ပေးမှာ မဟုတ်ပါဘူး ဆိုတာတွေ ဖြစ်လာပြန်ရော။ အဲဒါတွေသည် ကိုဗစ် မဟုတ်သော လူနာတွေပေမယ့်လို့ အရေးကြီးတယ်။ အသက်အန္တရာယ် ရှိတယ်။ တကယ်ကို ကုရမှာ။ ဆေးရုံမှာကို လာကုရမှာ။ အဲဒီလို လူမျိုးတွေကျတော့ ပဲ့ကျသွားတယ်။ ဟိုမှာ ကိုဗစ်တော့ ဖြစ်တယ်။ သို့သော် သူက အကောင်းကြီး ဘာမှ ပြဿနာ မရှိဘူး။ သူကို ဘာလုပ်ရမှာလဲဆိုတော့ ထပ်ပြီး မကူးအောင် လုပ်ရမှာပဲ ရှိတယ်။ ဒါသည် ဆေးရုံမှာ မဟုတ်လည်း လုပ်နိုင်တယ်။
အဲဒါကို Policy maker များက ဘယ်လိုလုပ်ကြမလဲ စဉ်းစားသင့်တယ်။
ဆေးရုံကို မလာစေချင်လို့ ပြောတာ မဟုတ်ဘူး။ ကျမတို့ ကျန်းမာရေး ဝန်ထမ်းတွေ သက်သာဖို့ ပြောတာလည်း မဟုတ်ဘူး။ ကျန်းမာရေး ဝန်ထမ်းတွေက နဂိုကတည်းမှ နည်းနေတာ။ တကယ်လုပ်ဖို့ လိုတဲ့ အစိတ်အပိုင်းကိုပဲ ကျမတို့က ပြင်ဆင်ထားချင်တယ်။
Positive လူနာ ဆေးရုံလာတာ နည်းရင် ဝတ်ရတဲ့ ကာကွယ်ရေး ဝတ်စုံတွေလည်း နည်းသွားမယ်။ ကြည့်ရတဲ့ ဆရာဝန်တွေလည်း နည်းသွားမယ်။ အဲဒီလိုဆို ထိခိုက်မှုလည်း နည်းသွားမယ်။ ဒါတွေကို ကျမတို့လို့ အောက်ခြေမှာ ရှိတဲ့လူတွေ တောင် မြင်နိုင်တယ်ဆိုရင် အပေါ်မှာ ရှိတွေသူတွေလည်း ပိုပြီး မြင်နိုင်မယ်လို့ မျှော်လင့်တယ်။
ပြည်သူကိုလည်း ပြောချင်တာက ကူးသွားသည့် တိုင်အောင် မကြောက်ဖို့၊ မကြောက်နဲ့ ဆိုတော့ လျှောက်သွားနေရမှာတော့လည်း မဟုတ်ဘူး။ ကူးသွားတဲ့သူသည် သူ့ဆီကနေ နောက်ထပ် မကူးအောင်လို့ လုပ်ရမှာ။ Quarantine က ဆေးရုံကို မလာသည့်တိုင် သူ့အသိစိတ်ဓာတ်နဲ့ သူလုပ်ရမှာ။ သူက ကူးပြီး ထိတွေ့မှု ရှိပြီဆိုရင် ဘယ်မှမသွားဘဲ နေရမှာ။ အဲဒါက မြန်မာနိုင်ငံ မြန်မာလူမျိုးမှာ လုပ်လို့ မရဘူးဆိုတာ ဟုတ်တယ် အစိတ်အပိုင်းတခုတော့ ရှိတယ်။ အရမ်းကို ဆင်းရဲတယ်၊ တနေ့လုပ် တနေ့စားရတယ်။ တခန်းထဲမှာ အတူနေရတယ် ဆိုရင်တော့ တမျိုးပေါ့။ အဲဒီလို အုပ်စုတွေကိုလည်း Policy Maker တွေ စဉ်းစားရမယ်လို့ ထင်တယ်။
ကျမတို့က အစွန်းနှစ်ဖက်ပေါ့။ တဖက်မှာက လိုက်မလုပ်နိုင်တဲ့ ပြည်သူတွေ အတွက်ကိုလည်း စဉ်းစားပေးရမယ်။ တဖက်မှာလည်း အင်အား အရမ်းနည်းနေတဲ့ ကျန်းမာရေး ဝန်ထမ်းတွေ အတွက်ကိုလည်း စဉ်းစားပေးရမယ်။
အဲဒီလိုတွေသာ လုပ်လိုက်မယ်ဆိုရင် ကျမတို့ ဆေးရုံတွေမှာ ဘာဝန်ထုပ်ဝန်ပိုးမှ မရှိတော့ဘူး။ ပုံမှန်အတိုင်း လုပ်နိုင်မယ်။ ဆရာ လုပ်တာလည်း မဟုတ်ဘူးပေါ့။ ကိုယ့်တိုင်းပြည် အတွက်ဆိုရင် လူတိုင်းလူတိုင်း စဉ်းစားသင့်တယ် ထင်လို့ ဒါပြောနေတာပါ။
မေး။ ။ အပေါ်မှာ ဖြေသွားတာတွေ အရဆိုရင် သက်ကြီးရွယ်အိုတွေ ရောဂါနောက်ခံ ရှိတဲ့ ကိုဗစ်လူနာတွေကိုပဲ ဆေးရုံ ပို့ပြီးတော့ ပြန်လည် ကောင်းမွန်လာနိုင်စွမ်း ရှိတဲ့ ၉၀ ရာခိုင်နှုန်းသော သူတွေကိုက ပုံစံပြောင်းပြီးတော့၊ နေရာပြောင်းပြီးတော့ ကုသမှု ပုံစံကို မြန်မြန်ပြောင်းဖို့ လိုအပ်နေတာပေါ့။
ဖြေ။ ။ ကျမတို့ ကုသရေးပိုင်းဆိုင်ရာက လူတော်တော်များများရယ် တခြား စဉ်းစားမိတဲ့ လူတော်တော်များများက အခု လက်ရှိသွားနေတဲ့ လမ်းကြောင်းကနေပြီး အမြန်ဆုံး ပြောင်းလဲသင့်တယ်လို့ ယူဆတယ်။ အဲဒီမှာ ကုသမှုပိုင်းလို့ ပြောလိုက်တာကို ကျမတို့မှာ ဘာပြဿနာရှိနေလဲ ဆိုတော့ ကိုဗစ်က ကုသမှု တိတိကျကျ မရှိတဲ့ ရောဂါ အခုက ဆေးလည်း သေချာ မရှိဘူး။ ကာကွယ်ဆေးလည်း မပေါ်သေးဘူး။
ဆိုတော့ ကျမတို့ ဆေးရုံကို လာခြင်းသည် ဘာအတွက် လာတာလဲ။ ကျမတို့ အောက်ဆီဂျင်ပဲ ပေးမယ်၊ ပါရာစီတမော့ပဲ ပေးမယ်၊ Cevit (စီဗစ်) ပဲ ပေးမယ်။ အဲဒီအတွက် ဆေးရုံကို လာတာသည် ဘာအတွက် လာတာလဲဆိုတော့ ကူးစက်မှုကို ထိန်းချုပ်ဖို့ လာတာ။ Positive ဖြစ်နေတဲ့သူကို ထိန်းချုပ်ဖို့ လာတာ။ Positive ဖြစ်နေတဲ့သူကို ထိန်းချုပ်တာက ဆေးရုံမှာပဲ ထိန်းချုပ်ရတာလား။ ဆေးရုံမှာ ထိန်းချုပ်မှု အပိုင်းကို လုပ်လိုက်တယ်ဆိုရင် ကုသရေး အပိုင်းတွေကကျ မသွားဘူးလား။ တခြား ကိုဗစ်မဟုတ်ဘဲ အသက်အန္တရာယ် ရှိနေတဲ့သူတွေ နေ့တိုင်း လာနေတာပဲ။အဲဒီတော့၂ ခု စဉ်းစားမိတာပေါ့။
ပြည်သူ မပါလို့ မရဘူးပေါ့။ ပြည်သူ ပါလာအောင်ဆိုရင် အုပ်ချုပ်ရေး စီမံခန့်ခွဲနေတဲ့ ဥပဒေတွေ၊ စည်းမျဉ်းတွေ၊ လမ်းညွှန်မှုတွေ၊ ထိန်းချုပ်မှုတွေနဲ့ပဲ ပြည်သူက ပါမှာ။
New normal ဆိုတာက ပြည်သူကိုပဲ သွားပြီးတော့ ပြောနေလို့ မရဘူး ထင်တာပဲ။ အုပ်ချုပ်တဲ့သူတွေနဲ့ ခေါင်းဆောင်တဲ့ သူတွေကလည်း New normal နဲ့ သူတို့ကို ဘယ်လိုလုပ်ကြမလဲ စဉ်းစားမိတယ်။ အဲဒီလို ဖြစ်ပြီဆိုရင် ဌာနဆိုင်ရာတွေက ကိုယ့်ဆီ ရောက်လာတာကို အဆင့်သင့် စောင့်နေနိုင်တဲ့ အနေအထားမျိုး ဖြစ်သွားမယ်၊ ထိခိုက်မှု နည်းသွားမယ်။
လူတွေကလည်း ဒီအခက်အခဲကို ရင်ဆိုင်ပြီးတော့ ဘယ်လိုနေမလဲ ဆိုတာကို ပူးပေါင်း ရှင်းလိုက်မယ်ဆိုရင် ကိုယ့်မှာရှိတဲ့ အင်အားနဲ့ နိုင်လောက်တယ်လို့ ထင်တယ်။ ကျန်းမာရေး ဝန်ထမ်းတွေက ဘယ်တော့မှ မလုပ်နိုင်ပါဘူးလို့တော့ မပြောကြဘူး။ သို့သော် အရည်အချင်းတွေ ကျလာမယ်။ အခုဆိုရင် ၈ လလောက် ဖြစ်လာတဲ့ အခါမှာ ပုံမှန်လူနာရော ကိုဗစ်လူနာရော လုပ်ရမယ် ဆိုတဲ့အခါမှာ စိတ်ပင်ပန်း လူပင်ပန်းတွေက ကျမတို့လည်း လူသားတွေဆိုတော့ ဖြစ်တာပေါ့။ အရည်အချင်းတွေ ကျလာပြီဆိုရင် ပုံမှန် ကိုဗစ် မဟုတ်တာတွေမှာလည်း ထိခိုက်မှုတွေ ရှိလာနိုင်တယ်။
ကျမတို့ထက် တော်တဲ့သူတွေက ကျမတို့ပေးတဲ့ အကြံဉာဏ်တွေ အပေါ်မှာ ပိုပြီးကောင်းတဲ့ လုပ်ငန်းစဉ်တွေ ဖော်နိုင်မယ်လို့ မျှော်လင့်တာပေါ့။
မေး။ ။ ဆရာမ ရှေ့ပိုင်းမှာ ပြောသွားတဲ့ထဲမှာ ကူးစက်မှုကို ထိန်းချုပ်နိုင်သေးတဲ့ တိုင်းနဲ့ပြည်နယ်တွေ ရှိသေးတယ်၊ အချိန်မီသေးတယ်လို့ ပြောသွားတယ်ပေါ့။ အခုကလည်း ပြည်သူတွေ အားမလို အားမရ ဖြစ်နေတဲ့ တချက်ကလည်း အဲဒီလိုပါပဲ။ ကူးစက်မှုနှုန်း လျော့နည်း နေသေးတာတွေ ရှိသလို အခုလက်ရှိ ကူးစက်မှုနှုန်း မြင့်နေတဲ့ ရန်ကုန်ကိုဆိုရင်လည်း ထိန်းချုပ်မှုကို အင်တိုက်အားတိုက် လုပ်သင့်ပြီ။ ဥပမာ Lockdown လုပ်လိုက်တာမျိုးပေါ့။ အဲဒီလိုဖြစ်နေတဲ့ အခြေအနေကိုရော ဆရာမ အနေနဲ့ ဘာများ အကြံပေးချင်တာ ရှိဦးမလဲ။
ဖြေ။ ။ ဒါက ဌာနတခုတည်းတော့ လုပ်လို့ မရဘူး။ ကျန်းမာရေး ဌာနမှာလည်း လုပ်ပိုင်ခွင့် (Authority) မရှိရှာဘူး။ အဲဒီတော့ ကျန်းမာရေးဌာနရဲ့ Action တိုင်းကို Support လုပ်မယ့် တခြားသော ဝန်ကြီးဌာနတွေ လိုတာပေါ့။ စားနပ်ရိက္ခာတွေ ကတော့ အစိုးရနဲ့ ဆိုင်သွားပြီ။ Lockdown လုပ်မယ်ဆိုရင်တော့ တခြား တိုင်းနဲ့ပြည်နယ်တွေ ခံသာမှာပေါ့။ အဓိက ကတော့ ဗိုင်းရပ်စ်က ပြန့်တယ်၊ လူက ဖြန့်တယ်။ အဲဒီတော့ ဖြန့်တဲ့သူကို ကျမတို့က ဘယ်လို Restrictions (ကန့်သတ်ချက်) လုပ်မလဲ။ Lockdown ပဲ လုပ်လုပ် တခြားသော ဥပဒေနဲ့ပဲ လုပ်လုပ် ဒီကိစ္စက မလုပ်လို့ မရပါဘူး ဆိုတာကို ပြည်သူတွေကို ပေးသိလိုက်။ ဒါက အပိုလုပ်တာ မဟုတ်ဘူး။ လိုလို့ လုပ်တာ အဲဒီလို လုပ်လိုက်မယ် ဆိုရင် Main Stress ကို ကျသွားစေမယ်။
Positive လူနာများပြီ၊ Contact လူနာများပြီဆိုရင် အဲဒီက လူတွေကတော့ မထွက်သင့်တာ အမှန်ပဲ။ အဲဒီကလူတွေကလည်း မထွက်သင့်တော့ဘူး၊ အဲဒီကိုလည်း မသွားသင့်တော့ဘူး။
အဲဒီလို သွားမယ် ထွက်မယ် ဆိုတဲ့သူတွေကို ခွင့်ပြုထားမယ် ဆိုရင်တော့ ဆန်စင်ရာ ကျည်ပွေ့လိုက်သလိုပဲ ဖြစ်မယ်လို့ ယူဆတယ်။ အဲဒီတော့ လိုက်စရာ ကျည်ပွေ့ ရှိသလားပေါ့။ ကျည်ပွေ့က ကျမတို့ပေါ့။
ကျန်းမာရေး ဝန်ထမ်းတွေနဲ့ ပရဟိတ ဝန်ထမ်းတွေ၊ အလှူရှင်တွေ လိုက်စရာ ရှိသလားပေါ့။ အဲဒါကိုတော့ ကျမတို့ သိတဲ့ အသိဉာဏ်လေးနဲ့ ပြောကြည့်တာပေါ့။ ကိုဗစ်နဲ့ ပတ်သက်လို့ ဘယ်နိုင်ငံကတော့ ဘယ်လိုလုပ်လိုက်လို့ ကောင်းသွားတယ် ဆိုတာ မရှိပါဘူး။ သူတို့လည်း အမှားတွေကို အခြေခံပြီးတော့ ပြင်ဆင်ဖို့ လုပ်နေကြတာပဲ။ ကျမတို့လည်း ပြောင်းလဲဖို့ အချိန်ရောက်ပြီ။ ဘယ်လိုပြောင်းလဲကြမလဲ ဆိုတာကတော့ ကျမတို့ တတ်နိုင်သလောက် မြင်တာလေးတွေ ပြောပြတယ်။ အထောက်အကူ ဖြစ်မလားလို့ ပြောပြတယ်။ လုပ်နေတဲ့သူတွေကိုတော့ အပြစ်မတင်ပါဘူး။ နည်းနည်း လွဲတာတွေကနေ အများကြီး လွဲသွားမှာ စိုးလို့ အောက်မှာရှိတဲ့ အခြေအနေတွေကို ကျမတို့ ပြောပြတာဖြစ်ပါတယ်။
မေး။ ။ ပြည်သူလူထုကိုရော ဘာများ ပြောချင်တာရှိလဲ။
ဖြေ။ ။ အားလုံး ရင်ဆိုင်နေရတဲ့ ကိစ္စတခုပါပဲ။ ပြည်သူထဲမှာ ကျန်းမာရေး ဝန်ထမ်းတွေလည်း ပါပါတယ်။ ဆရာဝန်တွေ ဆိုတာ လူနာတွေကို ကုရမယ်ဆိုတဲ့ အဆင့်ကနေ ဆရာဝန်တွေ ကိုယ်တိုင်က လူနာဖြစ်သွားပြီ။ ပြင်းထန်တာ မပြင်းထန် တာက တပိုင်းပေါ့။ ဒီရောဂါကို ရင်ဆိုင်တဲ့အခါမှာ ကျမတို့ ညီညွတ်မှ ရပါမယ်။ ကျမတို့ ကျန်းမာရေး ဝန်ထမ်းတွေချည်းပဲလည်း လုပ်လို့ မရပါဘူး။ စည်းကမ်း လိုက်နာဖို့ လိုပါတယ်။
ဒီအခက်အခဲလှိုင်းကို ကျော်လွန်တဲ့အခါမှာ ကိုယ့်ကိုယ်ကို သတိပေးရမယ်။ ဒီလှိုင်းကို ဘယ်သူကမှ ချီပွေ့ပြီး ကျော်ဖြတ် ပေးနိုင်မှာ မဟုတ်ဘူး။
ကျန်းမာရေး ဝန်ထမ်းတွေကိုလည်း မှီခိုပြီး ကျော်ဖြတ်လို့ မရဘူး။ လူတိုင်း လူတိုင်းက ဒီအခက်အခဲ စိန်ခေါ်မှုလှိုင်း၊ ကပ်ရောဂါလှိုင်းကို ကိုယ့်ဘာသာ ကူးခတ်ပြီး ကျော်ဖြတ်ရမှာပါ။
ကျန်းမာရေး အသိတွေက ခက်တယ်ဆိုတာ အရမ်း မခက်ပါဘူး။ မလုပ်ချင်လို့ ခက်တာ၊ နိစ္စဓူဝ မို့လို့ ခက်တာ။ သို့သော် ကျမတို့ လေ့ကျင့်ရင်း လေ့ကျင့်ရင်းနဲ့ ဒီထက်မြင့်တဲ့ လူနေမှုအဆင့်တခုကို ရောက်သွားမယ်လို့ ကျမကတော့ ယူဆတယ်။ ဒါကိုသာ လက်လျှော့ အရှုံးမပေးဘူး ဆိုရင်ပေါ့။ တချက်ခုတ် နှစ်ချက်ပြတ် ဖြစ်တယ်လို့ ယူဆတယ်။ အလွယ်ကူဆုံး Mask တပ်မယ်၊ လက်ဆေးမယ်၊ Face shield တပ်မယ်၊ ခပ်ခွာခွာနေမယ် ဒါဆိုရင် စိန်ခေါ်မှုကို ကျော်တက်နေတာပဲ။
ကျမတို့ ကျန်းမာရေး ဝန်ထမ်းတွေက လှည်းဘီးတွေပေါ့။ ဒါပေမယ့် လှည်းဘီးကလည်း သေးနေတာတို့ လှည်းဘီးက ကျိုးနေတာတို့ ဝန်ရိုးက မလည်တာတို့ ဆိုရင် အပေါ်မှာ ရှိတဲ့ ပြည်သူတွေကို ခေါ်သွားနိုင်မှာ မဟုတ်ဘူး။ အဲဒီတော့ ပြည်သူတွေလည်း ဆင်းပြီးတော့ တွန်းကြပါလို့ ပြောချင်ပါတယ်။
You may also like these storeis:
ကိုဗစ်ဒုတိယလှိုင်း ကူးစက်ခံရသူ ၁၀ ရာခိုင်နှုန်း ကျန်းမာရေးဝန်ထမ်းများဖြစ်
ဒေါ်မြင့်မြင့်စိန်ဖြစ်ရပ်က ကျန်းမာရေးလုပ်သားများဘဝကို မီးမောင်းထိုးပြနေ