စိုက်ပျိုးရေးနိုင်ငံ ဖြစ်သည့် မြန်မာနိုင်ငံတွင် ဆန်၊ ပဲ၊ ပြောင်း၊ ဖရဲ၊ သခွား အစရှိသည့် စိုက်ပျိုးရေး ထွက်ကုန်များကို ပြည်ပနိုင်ငံများသို့ နှစ်စဉ် တန်ချိန်သန်းနှင့်ချီ တင်ပို့နေသော်လည်း အောက်ခြေက တောင်သူလယ်သမားများ၏ ဘဝများ သည် နိမ့်ပါးနေကြဆဲ ဖြစ်သည်။
စိုက်ပျိုးရေးလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးရေးနှင့် တိုးတက်ရေးအတွက် အစိုးရက စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက် နေသော်လည်း မြေပြင်အခြေအနေများနှင့် ကွဲလွဲနေမှုများ၊ လယ်ယာမြေ ဥပဒေများ အားနည်းချက်များ နှင့် လက်ရှိ တောင်သူလယ်သမားများ ကြုံတွေ့နေရသည့် အကြောင်းအရာများကို လယ်သမားဘဝဖွံ့ဖြိုးရေး အသင်း၏ ဥက္ကဋ္ဌ ဦးသိန်းအောင်ကို ဧရာဝတီသတင်းထောက်အောင်သီဟက တွေ့ဆုံးမေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။
မေး။ ။ ဆန်စပါးတင်ပို့မှုက နှစ်စဉ် တန်ချိန်အလိုက် မြင့်တက်လာနေတာ လယ်သမားတွေ ဘာကြောင့် ဆင်းရဲမြဲ ဆင်းရဲနေရတာလဲ။
ဖြေ။ ။ ဆန်တန်ချိန် ၂ သန်းမဟုတ်ဘူး၊ ၃ သန်း၊ ၄ သန်း တင်ပို့နိုင်နေဦးမယ် ဆိုရင်တောင် ဦးတို့ တောင်သူတွေရဲ့ ဘဝက ဖွံ့ဖြိုးလာမလား။ အဲဒီမေးခွန်းလေးက တော်တော် အရေးပါပါတယ်။ ဆန်စပါးစိုက်ပျိုး ထုတ်လုပ်တဲ့ လုပ်ငန်းဟာ ဒီနေ့ ကမ္ဘာ့ ဆန်ဈေးကွက်နဲ့ပဲ ကြည့်ကြည့် မြန်မာ့ဆန်ဈေးကွက်နဲ့ပဲ ကြည့်ကြည့် အမြတ်များတဲ့ ဝင်ငွေကောင်းတဲ့ ထုတ်ကုန် မဟုတ်ဘူး။
အဲဒီတော့ စပါး တင်း ၁၀၀ ရဖို့အတွက် အနည်းဆုံးကုန်ကျငွေဟာ ၃ သိန်းကနေပြီးတော့ ၄ သိန်းအထိ ရှိတယ်။ ဒါပေမယ့် ဆန် ၁ တန်ရဲ့ ဒီနေ့ နိုင်ငံခြားရောင်းဈေးက ဒေါ်လာ ၄၀၀ ဝန်းကျင်ပဲ ရှိတယ်။ ဒါကို ဒေါ်လာ ၈၀၀ ရောင်းရ အောင်လို့ ဘယ်လိုမှ လုပ်လို့မရနိုင်ဘူး။ အဲဒီတော့ ဆန် ၁ တန်ရဖို့ အတွက်လည်း ပြည်တွင်းမှာ စရိတ်က ၄ သိန်း မကုန်ဘဲနဲ့ မရနိုင်ဘူး။ ကြိတ်ခွဲ၊ ထုတ်ပိုး အားလုံးပေါ့လေ။
ဒါဆိုရင် ဒီတွက်ချေမကိုက်တဲ့ စီးပွားရေးမှာ ဘယ်လိုမှ တွက်ချေမကိုက်တဲ့ ဒီဆန်စပါးကိုပဲ ပိုရောင်းရရေး၊ များများ ထုတ်ကုန်ရရှိရေးဆိုတဲ့ ခေါင်းစဉ်အောက်ကနေပြီး အဲဒီလို သွားနေသရွေ့ ကာလပတ်လုံး ဦးတို့ လယ်သမားတွေရဲ့ ဘဝက ဘယ်လိုမှ ဖွံ့ဖြိုးတိုးတက်လာမှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဆန်စပါးစိုက်ပျိုးထုတ်လုပ်တဲ့ လုပ်ငန်းဟာ အမြတ်မကြမ်းလို့၊ အမြတ်မများလို့ပဲ။
အဲဒီအမြတ်အလွန်နည်းတဲ့ ဒီဆန်စပါးထုတ်လုပ်ရေးလုပ်ငန်းကိုပဲ အဓိကထားပြီး ဇောင်းပေးနေသရွေ့ ဒီတောင်သူတွေရဲ့ ဘဝကို ဘယ်လိုမှ မကယ်တင်နိုင်ဘူး။
ဒီနေ့လက်ရှိ မိသားစုတိုင်းရဲ့ တနေ့တာ စားဝတ်နေရေး ပညာရေး၊ ကျန်းမာရေး စရိတ်ဟာ မိသားစု ၅ ယောက်ရှိရင် အနည်းဆုံး နှစ်ပတ်လည်မှာ သိန်း ၅၀ မဝင်ဘဲနဲ့ ဝင်ငွေမရှိဘဲနဲ့ အဲဒီလူရဲ့ ဘဝဟာ ဘယ်လိုနည်းနဲ့မှ ဘဝမှာ ရပ်တည်နိုင်ဖို့ ထိုက်သင့်တဲ့ အဆင်ပြေ ချောမွေ့မှု ရှိဖို့ မဖြစ်နိုင်ဘူး။
ဒီနေ့လက်ရှိ မိသားစုတိုင်းရဲ့ တနေ့တာ စားဝတ်နေရေး ပညာရေး၊ ကျန်းမာရေး စရိတ်ဟာ မိသားစု ၅ ယောက်ရှိရင် အနည်းဆုံး နှစ်ပတ်လည်မှာ သိန်း ၅၀ မဝင်ဘဲနဲ့ ဝင်ငွေမရှိဘဲနဲ့ အဲဒီလူရဲ့ ဘဝဟာ ဘယ်လိုနည်းနဲ့မှ ဘဝမှာ ရပ်တည်နိုင်ဖို့ ထိုက်သင့်တဲ့ အဆင်ပြေ ချောမွေ့မှု ရှိဖို့ မဖြစ်နိုင်ဘူး။
ဒါဆိုရင် ဒီဆန်စပါးထုတ်လုပ်တာ အဓိကဇောင်းပေးပြီး လုပ်နေသရွေ့ ဥပမာ လယ် ၁၀ ဧကအောက် တောင်သူ အားလုံး ဘယ်သူမှ ဆန်စပါးကို အဓိက ဇောင်းပေးပြီး လုပ်နေသရွေ့ ကာလပတ်လုံး ဒီလူတွေရဲ့ ဝင်ငွေသည် ၁ ဧကမှာ ၁ သိန်း မြတ်ခဲ့သော် ၁၀ ဧက ၁၀ သိန်း မြတ်ရုံနဲ့ ဒီလူတွေရဲ့ မိသားစုဘဝ ဘယ်လို နည်းနဲ့မှ မဖွံ့ဖြိုးနိုင်ဘူး။
မေး။ ။ ဒါဆို အစိုးရရဲ့ လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် လုပ်နေတဲ့ မူဝါဒတွေက တကယ့် မြေပြင်အခြေအနေတွေနဲ့ မကိုက်ညီလို့လား။ တကယ် လိုအပ်နေတဲ့အရာတွေနဲ့ ဘာတွေများ ကွဲလွဲမှုတွေရှိနေလဲ။
ဖြေ။ ။ တကယ်တော့ ပကတိအခြေအနေကို တတ်သိ နားလည်တဲ့ သူတွေနဲ့ ပူးပေါင်းပြီးတော့ ဒီအစီအစဉ်တွေကို ရေးဆွဲတာ မဟုတ်တဲ့အတွက် တကယ့်မြေပြင် အနေအထားနဲ့ စာအုပ်ထဲက အစီအစဉ်တွေနဲ့က လုံးဝ လွဲချော်နေမှာကြီးပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဒီနေ့ လယ်ယာစိုက်ပျိုးကဏ္ဍမှာ အလုပ်အကိုင်တွေရရှိဖို့ ဝင်ငွေတွေ ကောင်းဖို့၊ ဒီဝင်ငွေတွေ ကောင်းဖို့အတွက် ဒီလုပ်ငန်းတွေ ဘာလုပ်ကြမလဲ၊ အလုပ်အကိုင်တွေ ရရှိအောင် ဘယ်လိုလုပ်ငန်းမျိုးတွေ လယ်ယာ ကဏ္ဍမှာ တိုးချဲ့နိုင်မလဲ။ စီမံနိုင်မလဲ၊ စီစဉ်နိုင်မလဲ ဆိုတာ မစဉ်းစားဘဲနဲ့ ဟိုးအရင်က စပါးပိုထွက်ရေး ဆန်စပါးစိုက်ပျိုးရေးဆိုတဲ့ ခေါင်းစဉ် အောက်မှာပဲ သွားနေရင် ဒါဟာ လွဲချော်နေမှာကြီးပဲ။
တကယ်ကျတော့ စဉ်းစားရမှာက ဒီလယ်ယာ ကဏ္ဍနဲ့ ဒီစိုက်ပျိုးရေး မွေးမြူရေးမှာ အလုပ်အကိုင်တွေ ရရှိအောင် ဘယ်လိုုလုပ်ငန်းမျိုးတွေ ထပ်ပြီးတော့ လုပ်မလဲ။ အဲဒီလုပ်လို့ ရနိုင်တဲ့ လုပ်ငန်းမျိုးတွေအတွက် လိုအပ်တာ အသိပညာလား၊ နည်းပညာလား ဒါမှမဟုတ် မျိုးလား၊ ဒါမှဟုတ် အရင်းအနှီးလား၊ အဲဒါတွေအတွက် နိုင်ငံခြားဈေးကွက်ရော ပြည်တွင်းထုတ်လုပ်သူရော အဆင်ပြေအောင် ဈေးကွက်တွေ ချိတ်ဆက် ပေးနိုင်ဖို့ ဈေးကွက်တွေကို အလွယ်တကူ ရောင်းနိုင်ဝယ်နိုင် အဆင်ပြေအောင်လို့ အစိုးရရဲ့ ပေါ်လစီတွေလား။
အဲဒါတွေဟာ ပေါ်လစီပိုင်းဆိုရင် ပေါ်လစီပိုင်းက ဘာတွေပြင်ပေးရမလဲ။ နောက်တခါ လိုအပ်နေတဲ့ အရင်းအနှီးလား ဘယ်လို အရင်းအနှီးမျိုးကို ဘယ်လို ထုတ်ပြီးတော့ အရင်းအနှီးရအောင် ဆောင်ရွက်ပေးမလဲ။ နောက်တခါ နည်းပညာ လိုအပ်တာလား နည်းပညာ လိုအပ်တယ်ဆိုရင် ဘယ်လိုပညာရှင်မျိုးတွေနဲ့ နည်းပညာသင်တန်းတွေ ပေးမလဲ။
အသိပညာလား တောင်သူတွေကို အသိပညာပေးနိုင်ဖို့အတွက် ဘယ်လိုနေရာမျိုးကနေ ဒီသတင်းအချက်အလက်တွေ ပေးမလဲ။ အဲဒီလို တဆင့်ချင်း တရစ်ချင်းကို သူ့ဟာနဲ့ သူ စနစ်တကျ အစီအစဉ်ချပြီးတော့ လုပ်ပေးဖို့ လိုအပ်တယ်။
အခုက လူကြားကောင်းအောင် အလှပြ စီမံကိန်းတွေ၊ ပေါ်လစီ လုပ်မယ့် အစား ဘဝကို တကယ် လှစေမယ့် ပေါ်လစီတွေ၊ စီမံကိန်းတွေ ချပြီးတော့ သေသေချာချာ လုပ်ဖို့ လိုအပ်ပြီ။
အခုက လူကြားကောင်းအောင် အလှပြ စီမံကိန်းတွေ၊ ပေါ်လစီ လုပ်မယ့် အစား ဘဝကို တကယ် လှစေမယ့် ပေါ်လစီတွေ၊ စီမံကိန်းတွေ ချပြီးတော့ သေသေချာချာ လုပ်ဖို့ လိုအပ်ပြီ။
မေး။ ။ ကျနော်တို့ သိရသလောက် တောင်သူလယ်သမားတွေ တော်တော်များများက ဆန်စပါးပဲ စိုက်ကြတာပေါ့။ ဒီဆန်စပါးက အမြတ်နည်းတဲ့ ထုတ်ကုန်တခုဖြစ်တယ်။ တခြားပဲတို့ ဘာတို့ နဲ့ ယှဉ်လိုက်ရင်ပေါ့။ ဝန်ကြီးဌာနက အသိပညာပေးမှုတွေ ဘယ်လောက်တောင် အားနည်းနေလဲ။ သူတို့ရဲ့ မူဝါဒတွေ ဘယ်လောက်တောင် ပြောင်းပေးဖို့ လိုအပ်နေမလဲ။
ဖြေ။ ။ တကယ်တော့ ဦးတို့ နိုင်ငံဟာ သံယဇာတ ပေါကြွယ်ဝတဲ့ နိုင်ငံဆိုပြီးတော့ တချိန်တုန်းက လက်မထောင် ခဲ့ကြတယ်။ အခုဆိုရင် ဘာမြေပေါ်မြေအောက် သံယဇာတတွေမှ သိပ်မကျန်တော့ပါဘူး။ ဒါပေမယ့် မြေဆီလွှာ သံယဇာတ ကတော့ အများကြီး ကျန်နေပါသေးတယ်။
စပါးပြီး စပါးစိုက်တဲ့ ဧရိယာတွေကို အဲဒီနေရာတွေက မြေဆီလွှာတွေက နိုက်ထရိုဂျင် လွန်ကဲမှုတွေ၊ မြေဆီလွှာ ကျက်ခဲမှု တွေကြောင့် မြေဆီလွှာတွေ ပျက်စီးပြီးတော့ ကြာရင် မြေဆီလွှာ လုံးဝ ပျက်စီးသွားနိုင်တယ်။ နောက်တခုက အဲဒီလို နေရာ မျိုးတွေမှာ စပါး တသီး၊ ပဲတသီး စိုက်မယ်ဆိုရင် တောင်သူကို ဝင်ငွေတိုးစေမယ်။ မြေဆီလွှာက ပဲက ပဲမြစ်ဖုက ရတဲ့ နိုက်ထရိုဂျင်ရယ် ပဲရွက်တွေ ပဲရိုးတွေက ရတဲ့ မြေသြဇာဓာတ်တွေရယ်နဲ့ ဆိုရင် ဒီမြေဆီလွှာရဲ့ ကြာရှည်ကြံ့ခိုင်မှုတွေပါ မြေဆီလွှာကိုပါ အပြန်အလှန် အထောက်အကူပြုတဲ့အတွက် သီးနှံပြောင်းလဲစိုက်ပျိုးတဲ့ စနစ်မျိုးတွေကို သွားမယ်ဆိုရင် လယ်ယာကဏ္ဍ မြေဆီလွှာပျက်စီးမှု ဘေးကို အများကြီး ကာကွယ်ပေးနိုင်မယ်။
လယ်ယာထဲမှာ စပါးတသီးပဲ စိုက်မယ့်အစား ဥပမာ ကန်သင်းရိုးတွေကို ကြီးကြီးလုပ်မယ်။ ကန်သင်းရိုးကို ကြီးကြီး လုပ်တဲ့အတွက် အဲဒီ ကန်သင်းရိုးက ရေလုံသွားမယ်။ ရေလုံတဲ့အတွက် လယ်ကွက်သားထဲမှာ ရှိတဲ့ စပါးရဲ့ ရေနေ မိုးနေကောင်းမှု ရေကို လုံအောင်ဖမ်းနိုင်မှုကြောင့် ဒီလယ်ထဲက စပါးပင်လည်း ပိုကောင်းမယ်။
အဲဒီ ကန်သင်းပြားကြီးကြီးပေါ်မှာလည်း နံပတ် ၁ ဘာစိုက်လို့ရလည်းဆိုရင် ကြီးမြန်သစ်ပင် ကျွန်းအစားထိုး မန်ကြံရှား တို့လို၊ အော်ရေးရှားတို့လို အကေးရှားတို့လို သစ်ပင်တွေ စိုက်ခြင်းအားဖြင့် ၁၀ နှစ်မှာတင် သစ်ထုတ်လုပ်နိုင်တဲ့ သစ်ပင် တွေ ဖြစ်မယ်။
ဒါမှမဟုတ် အဲဒီကန်သင်းရိုးဘောင်တွေမှာ ပြည်တွင်းဈေးကွက်ရော ပြည်ပဈေးကွက်ပါရှိတဲ့ ဒန့်ဒလွန်တို့လို စိုက်ပျိုးမယ် ဆိုရင်လည်း ၁ ဧကမှာ အပင်ရာချီပြီး ဝင်တဲ့အတွက် ဒီစိုက်ပျိုးရေးက ဝင်ငွေတခုရမယ်။ နောက်တခု အခု ဝဥ ခေါ် ဖျံဥ အဲဒီလိုမျိုး သီးနှံတွေ စိုက်မယ်ဆိုရင်လည်းပဲ ၁ ဧက ကန်သင်းရိုးမှာ အများကြီး ထွက်နိုင်တယ်။ အဲဒါဆိုရင် သူ့ရဲ့ဝင်ငွေက အများကြီးကောင်းလာမယ်။ ၁ ဧကမှာ ကန်သင်းပြား တလံလောက် ၇ ပေ၊ ၈ ပေ လုပ်တဲ့အတွက် လယ် ၁၀ ဧကမှာ စပါး စိုက်နိုင်တာက ၈ ဧကလောက်သွားမယ်။ ၂ ဧကလောက်က ကန်သင်းဧရိယာ ဖြစ်သွားမယ်။
ဒါပေမယ့် အဲဒီ ၂ ဧကလောက် ကန်သင်းဧရိယာက ရလာမယ့် ဝင်ငွေဟာ လယ်ကွက်သား ၈ ဧက ဝင်ငွေထက် အများကြီး အမြတ်ထွက်နိုင်သေးတယ်။ နောက်တခု ဒီရေဝင်တဲ့ အောက်ရေဝင်တဲ့ နေရာတွေဖြစ်တဲ့ ဥပမာ ဧရာဝတီတိုင်း အောက်ပိုင်း၊ ရန်ကုန်တိုင်းအောက်ပိုင်း အဲဒီလိုအောက်ပိုင်းတွေမှာ အဲဒီကန်သင်းပြား အဲဒီလောက်လုပ်ရင် တူးလိုက်ရင် ကန်သင်း ပေါ်မှာလည်း သူ့နဲ့ လျော်ကန်တဲ့ သစ်သီးတွေ စိုက်လို့ရမယ် သစ်ပင်တွေစိုက်လို့ရမယ်။ ဒါမှမဟုတ် အဲဒီ ကန်သင်းပြားတွေ ပေါ်မှာ နေဗီယာ စိုက်ပြီးတော့ အဲဒီ လယ်ကွက်သားထဲမှာ ငါးမွေးမြူရေး လုပ်လို့ရမယ်။
သဘာဝ ငါးမွေးမွေး၊ မွေးမြူရေးငါးကိုပဲ မွေးမွေး၊ အဲဒီ ကန်သင်းရိုးပေါ်က နေဗီယာမြက်နဲ့ ဆန်ကွဲနဲ့ ဖွဲနဲ့ ကိုယ့်အစားအစာ နဲ့တင် ကျွေးလို့ရမယ်။ ဘဲမွေးလို့ရမယ်။
အဲဒီလို ကန်သင်းရိုးတွေ ကြီးကြီးနဲ့ အခိုင်အမာ လုပ်ထားရင် အောက်ရေကို အပေါက်ကပဲ ဝင်ခိုင်းပြီးတော့ နေရာတကာက ဖြတ်မကျော်ခိုင်းဘဲနဲ့ ထားရင် အခု ရွှေခရုဆိုတဲ့ ခရုဘေးအန္တရယ်ကပါ ကာကွယ်နိုင်မယ်။
အဲဒီလို ကန်သင်းရိုးတွေ ကြီးကြီးနဲ့ အခိုင်အမာ လုပ်ထားရင် အောက်ရေကို အပေါက်ကပဲ ဝင်ခိုင်းပြီးတော့ နေရာတကာက ဖြတ်မကျော်ခိုင်းဘဲနဲ့ ထားရင် အခု ရွှေခရုဆိုတဲ့ ခရုဘေးအန္တရယ်ကပါ ကာကွယ်နိုင်မယ်။
ဒါဆိုရင် အခု ဘာလိုအပ်နေပြီလဲ တွက်လို့ရပါပြီ။ နောက်တခုက နွားမ ၁ ကောင်မွေးထားရင် ၁ နှစ်နေရင် ပျမ်းမျှ ၅ သိန်း ဝင်ငွေရှိတယ်။ သား ၁ ကောင်ပေါက်ရင် ဒီတော့ နွားမ ၅ ကောင်၊ ၁၀ ကောင်မွေးရင် သိန်း ၅၀၊ သိန်း ၁၀၀ ဝင်နိုင်မယ်။ အဲဒီကန်သင်ရိုးတွေက မြက်တွေနဲ့ ဘာမှ ပူစရာမလိုဘူး။ နောက် အဲဒီမြက်တွေနဲ့ အတူ ကြီးမြန်သစ်ပင်တွေ စိုက်ပျိုးလို့ ရမယ်။
ဒါဆိုရင် ဒီနိုင်ငံမှာ အဲဒီတောင်သူတွေ အဲဒီကန်သင်းတွေ ပတ်နိုင်ဖို့ အဲဒီနွားတွေ မွေးနိုင်ဖို့ ဘာလိုအပ်လဲဆိုတော့ အရင်းအနှီး လိုအပ်လာတယ်။ အရင်းအနှီး ရနိုင်အောင် အစိုးရက နှစ်ရှည်ချေးငွေ ထုတ်ချေးမလား။ နွားတို့ မွေးတယ် ဆိုတာ တနှစ်တည်း ၂ နှစ်တည်း အကျိုးအမြတ် ပေါ်လာတာ မဟုတ်ဘူး။ ဒီတော့က နှစ်လတ်၊ နှစ်ရှည် ၅ နှစ်လား ၃ နှစ်လား အဲဒီလို ချေးငွေမျိုး ရဖို့ လိုအပ်တယ်။
ဒါမှမဟုတ် အစိုးရက မချေးနိုင်ဘူးလား၊ အဲဒါဆိုရင် ဥပမာ ဝဥ လိုချင်လား ဒန့်ဒလွန် လိုချင်တဲ့ ကုမ္ပဏီ၊ အသားလိုချင်တဲ့ ကုမ္ပဏီ ဖိတ်ခေါ်ရမယ်။ ဒီဘက်က တောင်သူတွေနဲ့ သူတို့ဘက်က အရင်းအနှီး ထုတ်ပေးမယ် နည်းပညာပေးမယ်၊ မျိုးစေ့ပေးမယ် ဒီဘက်က စိုက်ပျိုးပေးမယ်။ အဲဒီလိုနဲ့ ကန်ထရိုက် Farming စနစ်မျိုး ဖန်တီးပေးဖို့ လိုအပ်တယ်။
မေး။ ။ လက်ရှိမှာက အစိုးရ ကန်ထရိုက် Farming စနစ်တွေ လုပ်နေတာ ရှိနေတယ်လေ ဒါတွေကရော တောင်သူတွေ အတွက် အကျိုးမရှိနေဘူးလား။
ဖြေ။ ။ ကန်ထရိုက် Farming ဆိုတာ အမှန်တကယ်တော့ ထွက်လာတဲ့ ကုန်ကို ဝယ်ယူမယ့် ကုမ္ပဏီရယ်၊ လယ်သမား ရယ်၊ အစိုးရရယ် ဒီသုံးဖွဲ့ သုံးပွင့်ဆိုင် အပြန်အလှန် တာဝန်ယူမှု၊ တာဝန်ခံမှု နဲ့ ထုတ်လုပ်တဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်း ဖြစ်တဲ့အတွက် သူ့ကို ကန်ထရိုက် Farming လို့ ခေါ်တာပဲ။
အဲဒီမှာ ကန်ထရိုက် Farming သဘောအရ မျိုးစေ့ကနေပြီးတော့ နောက်ဆုံး ဈေးကွက်အထိ သွင်းအားစု၊ အရင်းအနှီး၊ နည်းပညာ အားလုံးကို ဘယ်သူက တာဝန်ယူရလဲဆိုရင် ကုမ္ပဏီက တာဝန်ယူရတယ်။ သူတို့လိုချင်တဲ့ အရေအတွက် ပမာဏရဖို့အတွက် လယ်သမားက သူ့ဂရုကို တာဝန်ယူရတယ်။ အဲဒီမှာ ပြည်ပပို့ဖို့ အတွက်ပဲ ဖြစ်ဖြစ်၊ ပြည်တွင်းအတွက်ပဲ ဖြစ်ဖြစ် လုပ်နိုင်ဖို့အတွက် ပရောချက်ကြီးတခုကို အစိုးရက ပေါ်လစီ ကူညီရတယ်။
အဲဒီသုံးခု ပူးပေါင်းပြီး လုပ်တာကို ကန်ထရိုက် Farming လို့ခေါ်တာ။ ဒါပေမယ့် ကန်ထရိုက် Farming လုပ်ပြီ တောင်သူ ကိုယ်စားလှယ်၊ တောင်သူခေါင်းဆောင်တွေနဲ့ ဆွေးနွေးရမယ်။ ဥပမာ ကျနော်တို့ ရုံးပတေသီး လိုချင်တယ် တနေ့ကို ၁ လကို တန်ချိန်ဘယ်လောက် လိုချင်တယ်။ အဲဒါကို ဘယ်ဈေးပေးမယ် ကျန်တာတွေကို မျိုးစေ့၊ မျိုး၊ နည်းပညာ နောက်ပြန် ယူဖို့ ဈေးကွက် တာဝန်ယူမယ်။ တနေ့ကို ၅ တန်ရအောင် စိုက်ပျိုးနိုင်တဲ့ အစုအဖွဲ့တွေ ရှ်ိလား အဲဒီဈေးနှုန်းက ဘယ်ဈေးနှုန်းပေးမယ် ဆိုပြီးတော့ ကုမ္ပဏီဘက်က ကမ်းလှမ်းရမှာ။
တောင်သူဘက်ကလည်း အစုအဖွဲ့တွေ ရှိရမယ်၊ တောင်သူတွေကလည်း တောင်သူအချင်းချင်း ဆွေးနွေးမယ်။ ရုံးပတီသီး စိုက်ကြမလား၊ ဒီလောက်ထုတ်လုပ်ရမယ် ဘယ်ဈေးနှုန်း ရမယ်ပေါ့။ အဲဒီမှာ တနေ့ကို ၁ တန် တာဝန်ယူနိုင်တဲ့ သူက ၁ တန်၊ တန်ဝက် တာဝန်ယူနိုင်တဲ့သူ တန်ဝက်ပေါ့။ အဲဒါတွေကို စုပေါင်းပြီး နေ့တိုင်း ထုတ်လုပ်လို့ရအောင် ပြန်ပေးနိုင်အောင် တာဝန်ယူပြီးတော့ လုပ်ရတဲ့ အလုပ်မျိုးဖြစ်တယ်။
သို့သော် အခုဖြစ်နေတာက အဲဒီလို ကန်ထရိုက် Farming သဘောတရားကို နားလည်တဲ့ တောင်သူအစု အဖွဲ့ခေါင်း ဆောင်တွေ၊ အသင်းအဖွဲ့ခေါင်းဆောင်တွေနဲ့ ဆွေးနွေးတာ မရှိဘူး။ ဒီက ရေမြေသဘာဝနဲ့ စိုက်ပျိုးလို့ အဆင်မပြေတဲ့ အောင်မြင်မှု နည်းနိုင်တဲ့ သီးနှံမျိုးဆိုရင်တော့ တာဝန်မယူနိုင်ရင် ဒီသဘောတူ ထားတာကို ဖြတ်ပလိုက်ရုံပေါ့။
တာဝန်ယူနိုင်တဲ့ သီးနှံမျိုး၊ ဒီမှာ စိုက်ပျိုးလို့ ဖြစ်ထွန်းနိုင်မယ့် သီးနှံမျိုးတွေကို ကန်ထရိုက် Farming ချိတ်ပြီး လုပ်ရင် ဖြစ်မယ်။ နောက် အသားလိုချင်လို့ နွားမွေးမြူရေးလုပ်မလား ရနိုင်သေးတယ်။ အခုဒီမှာ လုပ်နေတယ် CP ဝက် မွေးမြူရေး ဆိုပါတော့ CP ဝက်ဆိုတာ CP အစာနဲ့ ကျွေးမှ ဖြစ်နှုန်းက ကောင်းတယ်။
အဲဒီတော့ အစာဖိုးရယ် မျိုးကောင်ဖိုးရယ် နှုတ်လိုက်ရင် မွေးတဲ့ တောင်သူအတွက် ဘာကျန်လည်းဆိုရင် အမြတ်အစွန်း နည်းတယ်။ တကယ်လို့များ အဖျားအနာဝင်သွားရင် သွားရောပဲ။
အဲဒီတော့ အစာဖိုးရယ် မျိုးကောင်ဖိုးရယ် နှုတ်လိုက်ရင် မွေးတဲ့ တောင်သူအတွက် ဘာကျန်လည်းဆိုရင် အမြတ်အစွန်း နည်းတယ်။ တကယ်လို့များ အဖျားအနာဝင်သွားရင် သွားရောပဲ။
ဟိုတလောက CP ကြက်တွေ မွေးကြတယ် ၄၅ ရက် ဒါပေမယ့် အစာဖိုးနဲ့ ကြက်မျိုးဖိုးနဲ့ အပြီးလည်း သတ်လည်း သတ်ရော ကြက်တွေလည်း လှိုင်လှိုင်ထွက်တဲ့ အချိန်ကျမှ ၂ ထောင်ဈေးပဲ ပေါက်တဲ့အတွက် ကြက်မွေးမြူတဲ့ တောင်သူတွေ ရှုံးတယ်။
ကန်ထရိုက် Farming ဆိုတာ မမွေးခင်၊ မစိုက်ခင်ကတည်းက အဲဒီထွက်လာတဲ့ ဒီထုတ်ကုန်ကို ကျနော်တို့ ဘယ်ဈေးပေး ဝယ်ပေါ့မယ်လို့ ဝယ်ယူမယ့် ကုမ္ပဏီက ဈေးက ပထမဆုံးတည်းက သတ်မှတ်ထားရမယ်။ ဒီနိုင်ငံမှာက ဆန်စပါးပဲ ဖြစ်ဖြစ်၊ ကြက်ပဲ မွေးမွေး၊ ဝက်ပဲ မွေးမွေး အချိန်တန် ပေါက်ရာ ပေါက်ဈေးဆိုပြီးတော့ တကယ် ကုန်တွေ အများကြီးထွက်လာတဲ့ အချိန်မှာ ဈေးနှိမ်ခံရတာပဲ။
အခုကန်ထရိုက် Farming စနစ်ရဲ့ လိုအပ်ချက်က ဈေးကို မမွေးခင်၊ မစိုက်ခင် ကတည်းက သတ်မှတ်ထားပေးရမှာ တခါတည်း ပြောထားရမှာ။ အဲဒါကို ပြောမထား တာဝန်မယူတဲ့ အပိုင်းလိုအပ်ချက်ကို ထောက်ပြပြီးတော့ တဦးနဲ့ တဦး အပြန်အလှန် ဆွေးနွေးကြဖို့တယ်။
မေး။ ။ အစိုးရရဲ့ CERP ထဲမှာ ပါတဲ့ စိုက်ပျိုးကဏ္ဍတွေ အစီအစဉ်တွေပေါ့။ ကျေးရွာအခြေအခံဆောက်အဦစီမံကိန်းတွေ၊ မျိုးစေ့ ဖြန့်ဖြူးတာတွေ၊ အလုပ်အကိုင်တွေ ဖန်တီးပေးမယ့် စီမံကိန်း အပါအဝင် ကုစားရေး အစီအစဉ်တွေက လယ်သမား တွေဆီ ရောက်လာပြီလား။ ဒီအခြေအနေတွေကရော ဘယ်လိုရှိလဲ။
ဖြေ။ ။ ဒါတွေနဲ့ ပတ်သက်ပြီးတော့ မျိုးထုတ်တဲ့ တောင်သူတွေကို တောင်သူ ၁ ဦးကိုလား ၁ ဧကကိုလား မသိဘူး ၁ သိန်းပေါ။့ သီးသန့် ချေးငွေသဘောမျိုး ထောက်ပံ့ထားတာရှိတယ်။ သို့သော် မျိုးထုတ်တောင်သူက ရှားတယ်လေ တချို့လယ်ယာလေးတွေမှာတော့ အတန်အသင့်လောက်ပဲရှိပါတယ်။
ဒီလို ထောက်ပံ့မှုတွေကိုတော့ ဦးတို့အနေနဲ့ ကြိုဆိုပါတယ်။ နောက်တခုက စိုက်ပျိုးရေးလုပ်ငန်းအတွက် အလုပ်အကိုင် တွေ ရရှိဖို့အတွက်ဆိုတဲ့ နေရာမှာ အလုပ်အကိုင်တွေ ရရှိအောင် ဘာလုပ်ပေးမှာလဲ။ ဒီလယ်ယာလုပ်ငန်းထဲမှာ ခါတိုင်း လည်း လုပ်နေတာပဲ။
ဒါပေမယ့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းအတွက် ဥပမာ ဆိုပါတော့ ၇၀ ရာခိုင်နှုန်းကို ဒေသက ပြည်သူတွေရဲ့ လုပ်အားနဲ့ လမ်းတခုကို လုပ်ပါ။ တံတား တခုကိုလုပ်ပါ။ အဆောက်အဦတခုကိုလုပ်ပါ။ အဲဒီလိုလုပ်တဲ့ အခါမှာ ပစ္စည်းဖိုးသည် ၃၀ ရာခိုင်နှုန်း၊ သို့တည်းမဟုတ် ၄၀ ရာခိုင်နှုန်းပဲ လုပ်ပါပေါ့။ ကျန်တာကို အဲဒီလုပ်တဲ့သူတွေကို လုပ်အားခအတွက် သုံးပါ ဆိုတဲ့ အစီအစဉ်တွေ သွားနေတာတွေ ရှိပါတယ်။
မေး။ ။ နောက်တခုကို ပြင်ဆင်ထားပြီးဖြစ်တဲ့ လယ်ယာမြေဥပဒေမှာ လယ်မြေတွေမှာ တခြားရာသီ သီးနှံ စိုက်ပျိုးခွင့်ဆိုတဲ့ အရာတွေ ပါတယ်။ မွေးမြူရေးလုပ်ငန်းတွေ လုပ်ကိုင်ခွင့်ဆိုတာတွေ ပါတယ်ပေါ့။ ဒါပေမယ့် မြေပြင်မှာ လက်တွေ့အသက်မဝင်သေးတာတွေ ဖြစ်နေတယ်။ အဲဒီတော့ လယ်ယာစိုက်ပျိုးကဏ္ဍ ဖွံ့ဖြိုးဖို့ အတွက်ဆိုရင် လယ်ယာမြေနဲ့ဆိုင်ရာ ဥပဒေတွေမှာ ဘာတွေအားနည်းချက်တွေ ရှိလဲ၊ ဘာတွေ ပြင်ဆင်ဖို့ လိုနေသေးတယ်လို့ ထင်လဲ။ ဥပဒေက ရှိနေလျက်နဲ့ တကယ် လိုက်နာကျင့်သုံးဖို့ လိုနေတာတွေရှိလဲ။
ဖြေ။ ။ လိုက်နာဖို့ လိုအပ်တာကတော့ တောင်သူလယ်ယာသမားအခွင့်အရေး ကာကွယ်ရေးနဲ့ အကျိုးစီးပွား မြှင့်တင်ရေး ဥပဒေ ဆိုတာ ၂၀၁၃ အောက်တိုဘာ ၈ ရက်နေ့က ပြဌာန်းထားတာ အဲဒီ ဥပဒေမှာ ပါတဲ့ တောင်သူလယ်သမားများ နှစ်ရှည်၊ နှစ်လတ် ချေးငွေများ ရရှိအောင် ဆောင်ရွက်ပေးရန်၊ နံပတ် ၂ က တောင်သူများ ထုတ်လုပ်တဲ့ သီးနှံများအား သင့်တင့်မျှတသော အမြတ်စွန်းရှိတဲ့ သီးနှံဈေးကွက် ဖော်ဆောင်ပေးရန်။
နံပတ် ၃ က သဘာဝဘေးအန္တရယ်ကြောင့် ပျက်စီးသွားရင် ပျက်စီးသွားတဲ့ ဒီလယ်ယာမြေအတွက် အစိုးရက ထောက်ပံ့မှု ပေးရန်၊ နံပတ် ၄ သွင်းအားစု စိုက်ပျိုးရေးစက်ကိရိယာများ အချိန်မီရရှိအောင် ဖန်တီးပေးရန်၊ နံပတ် ၅ လုပ်ကွက်ငယ် တောင်သူများကို ဦးစားပေးရန်ဆိုတဲ့ ရည်ရွယ်ချက် ၅ ချက်နဲ့ကို ဒီကနေ့ ဘယ်လိုဖော်လည်း ဆိုတော့ တောင်သူများကို နှစ်ရှည် ချေးငွေပေးရန် ဘာပေးလဲဆိုတော့ ကောက်ရိတ်စက်၊ လယ်ထွန်စက်တွေကို ကုမ္ပဏီကြီးတွေ ဆီမှာ ဝယ်တဲ့အခါမှာ ပေးတယ်။
အရစ်ကျနဲ့ ၅ နှစ်၊ ၃နှစ် ပေးပြီး နှစ်ရှည်ချေးငွေလုပ်တာပါတဲ့ တောင်သူတွေအတွက် အဲဒီနှစ်ရှည်ချေးငွေဟာ ဘာဖြစ်လဲ ဆိုတော့ အကြွေးသံသရာထဲမှာပဲ ထပ်ပြီးတော့ လည်စေတယ်။ အကြွေးနဲ့ အရစ်ကျဝယ်ရတဲ့ ဖြစ်တဲ့ စက်တွေက အင်မတန်မှကို ဈေးကြီးတယ်။ ၅ နှစ်ဆိုင်းဆိုတော့ သိတဲ့အတိုင်းပဲ ဈေးက လက်ငင်းဆိုရင် သိန်း ၃၀၀၊ ၅ နှစ်ဆိုင်း ဆိုတော့ မူရင်းတန်ဖိုးကိုက သိန်း ၄၀၀ ဖြစ်သွားတယ်။
တောင်သူက ဈေးဆစ်ပိုင်ခွင့် မရှိတော့ဘူး။ အရစ်ကျဝယ်ဖို့ ရမယ့် ကုမ္ပဏီရဲ့ ဆိုတဲ့ ဈေးနဲ့ပဲ ဝယ်ရတော့တယ်။ အဲဒီတော့ မူရင်းစက်ဖိုးတွေက ဈေးကြီးမယ်။ နောက်တခါကျတော့ အဲဒီစက်ဖိုး မကျေခင်မှာပဲ စက်က ချုံးချုံးကျပြီးတော့ အကြွေးသံသရာထဲက မလွတ်နိုင်ဘူး။
အမှန်တော့ တောင်သူတွေအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်မယ်ဆိုရင် အရင်းအနှီးရဖို့ထက် အဲဒီဥပဒေက ပါတဲ့ အချက်ဟာ စက်ရောင်းတဲ့ ကုမ္ပဏီကြီးတွေ စက်ရောင်းကောင်းဖို့အတွက် အထောက်အကူပေးတဲ့ ဘက်ကို စောင်းသွားတယ်။
ဥပဒေကရှိတယ်၊ ဥပဒေကို အသုံးချတဲ့ နေရာမှာ လယ်သမားအတွက် အသုံးချတာ မဟုတ်ဘဲနဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ အတွက်ပဲ အသုံးချတဲ့ဘက်ကို ရောက်သွားတယ်။ အဲဒါကို အခုထက်ထိ မပြင်နိုင်သေးဘူး။ အကောင်အထည် မဖော်နိုင်သေးဘူး။
ဥပဒေကရှိတယ်၊ ဥပဒေကို အသုံးချတဲ့ နေရာမှာ လယ်သမားအတွက် အသုံးချတာ မဟုတ်ဘဲနဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ အတွက်ပဲ အသုံးချတဲ့ဘက်ကို ရောက်သွားတယ်။ အဲဒါကို အခုထက်ထိ မပြင်နိုင်သေးဘူး။ အကောင်အထည် မဖော်နိုင်သေးဘူး။
နောက်တခုက လယ်ယာမြေဥပဒေတွေနဲ့ ပတ်သက်ပြီးတော့လည်းပဲ တောင်သူများ ရာသီ သီးနှံစိုက်ပျိုးမယ်ဆိုရင် လယ်ယာမြေမှာ စိုက်ပျိုးပိုင်ခွင့်ရှိတယ်။ သို့သော် သက်ဆိုင်ရာ မြို့နယ် မြေစာရင်းအင်း ဦးစီးဌာနကို စာတင်ရမယ်။ ဘာလုပ်ရမယ်၊ ညာလုပ်ရမယ်ဆိုတော့ အဲဒါတွေကို တောင်သူက သိပ်နားရှုပ်တယ်။
နောက်ပြီးတော့ လယ်ယာမြေ အခြားနည်းလမ်းသုံးစွဲခွင့် ဆိုတာတွေမှာလည်းပဲ ဒီလိုပဲ လယ်ယာမြေ အခြားနည်းလမ်း အသုံးချခွင့် လျှောက်ထားလို့ရတယ်။ သို့သော် သူက ဘာဖြစ်လဲဆိုတော့ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းနဲ့ ပတ်သက်တဲ့ လယ်ယာစက်ကိရိယာတွေ ထားရန်။ နောက်တခါကျတော့ လယ်ယာထုတ်ကုန်တွေ သိုလှောင်ရန်၊ နောက်တခုက လယ်ယာထုတ်ကုန်ကို အဆင့်မြှင့်ထုတ်ကုန်ထုတ်လုပ်တဲ့ စက်ရုံများ တည်ဆောက်ရန် လျှောက်ထားပိုင်ခွင့်ပဲရှိတယ်။ တိုက်ရိုက်လုပ်ပိုင်ခွင့် မဟုတ်ဘူး။
အဲဒီလိုဖြစ်တဲ့အတွက် တောင်သူက ကိုယ့်လယ်ထဲမှာ ဧကဝက် ဖြစ်ဖြစ်ပေါ့ စက်ပစ္စည်းတွေထားဖို့၊ လယ်ယာ ထုတ်ကုန် ထားဖို့ ဂိုထောင်လုပ်မယ်ဆိုရင် အဲဒါကို အခြားနည်းလမ်းသုံးစွဲခွင့်က မြို့နယ်၊ ခရိုင်၊ တိုင်း၊ ဗဟို အဲဒီလို အဆင့်ဆင့် ရောက်အောင် တောင်သူက လုပ်ဖို့၊ လျှောက်လွှာပုံစံက ဘယ်လို၊ ဘယ်သူတွေ ရဲ့ ထောက်ခံစာ အဲဒါတွေ အများကြီးနဲ့ အခက်အခဲ ဖြစ်အောင် လုပ်ထားတယ်။
ဒါပေမယ့် စားသောက်ဆိုင်တွေ၊ ဆီဆိုင်ကြီးတွေနဲ့ စီးပွားရေးလုပ်ငန်း အဆောက်အအုံတွေ လုပ်မယ်သူတွေ ကျတော့ သူတို့က ငွေကုန်ကြေးကျခံပြီး လိုက်နိုင်တဲ့အတွက် အဲဒီလူတွေက အခြားနည်းလမ်းသုံးစွဲခွင့် ကျတယ်။ ရိုးရိုးတောင်သူတွေ မှာတော့ အခြားနည်းလမ်းသုံးစွဲခွင့် မကျဘူး။
ဥပဒေမှာက ရှင်းရှင်းလင်းလင်းကို ပြောထားပြီးသား စိုက်ပျိုးရေး၊ မွေးမြူရေး သို့မဟုတ် စိုက်ပျိုးရေး၊ မွေးမြူရေး ထုတ်ကုန်တွေ ထားဖို့ တိရစ္ဆာန်တွေထားဖို့ တင်းကုတ်၊ စက်တွေ ထားဖို့ အဆောက်အအုံတွေ၊ ဒါမှမဟုတ်ရင် မြေသြဇာတွေ၊ ပျိုးပင်တွေ ထားဖို့ ဆိုရင် စိုက်ပျိုးထုတ်လုပ်ပိုင်ခွင့်ရှိသည်။ လျှောက်စရာမလိုဘူး။
ဒါတွေကို လျှောက်ရဦးမယ် ဘာလုပ်ရဦးမယ်ဆိုပြီး ဖြစ်နေတာ တကယ့် တကယ် ရနေတာကျတော့ စားသောက်ဆိုင်ကြီးတွေ၊ ဆီဆိုင်ကြီးတွေပဲ။ ဒါပေမယ့် တရားစွဲခံရတာကျတော့ တင်းကုတ်ဆောက်တဲ့ သူတွေ၊ စက်ပစ္စည်းထားတဲ့ သူတွေ၊ ဖယ်ပေးဖို့ နို့တစ်စာ လာရင် ဒီလူတွေပဲ ခံနေရတာ။
ဒီတော့ ဒီဥပဒေတွေဟာ တောင်သူတွေအတွက် ပြဌာန်းတဲ့ ဥပဒေလား သို့တည်းမဟုတ်ရင် အဲဒီလုပ်ပိုင်ခွင့် ချပေးမယ့် လူတွေအတွက် စပွန်ဆာတွေ ရဖို့ လုပ်ပေးဖို့ ပြဌာန်းထားတဲ့ ဥပဒေလား ဒါက ရှင်းနေတာပဲလေ။ ဥပဒေအားလုံးမှာတော့ ပြင်စရာတွေ အများကြီးပဲ။
You may also like these stories:
နယ်စပ် ကုန်သွယ်ရေး ယခင်နှစ်ထက် ကျဆင်း
အိန္ဒိယက ပဲတင်သွင်းဖို့ ရက်တိုးခဲ့ရင် ဝယ်လိုအားတွေ ပိုများလာမယ်
ကိုဗစ်လှိုင်းကြားမှာ ဈေးကွက်ပျက်နေတဲ့ သင်ဖြူးဖျာလုပ်ငန်း