မြန်မာနိုင်ငံတွင် ကိုဗစ် ဗိုင်းရပ်စ်ပိုး ပြင်းထန်နေချိန် လူသေပျောက်မှုများကလည်း နေ့စဉ်နှင့်အမျှ တိုးတက်လျက် ရှိရာ လူစုလူဝေး ဖြစ်ပေါ်စေသည့် ရွေးကောက်ပွဲ ဆိုင်ရာ မဲဆွယ် စည်းရုံးမှုများကလည်း ပါတီများက ပြုလုပ်နေဆဲ ဖြစ်သည်။ ယင်းအချက်အပေါ်တွင် ပြည်သူလူထု၏ စိုးရိမ်မှုများကလည်း ရှိနေသည်။
ရွေးကောက်ပွဲ ကော်မရှင်က ၂၀၂၀ ရွေးကောက်ပွဲကို နိုဝင်ဘာလတွင် ကျင်းပမည်ကို ထပ်မံ အတည်ပြုထားပြီး ရွေး ကောက်ပွဲ ရွှေ့ဆိုင်းရန်ကိုမူ လာမည့် အောက်တိုဘာလတွင် ကြေညာမည်ဟု ပြောဆိုထားသည်။ ထို့ကြောင့် မကြာမီ ကျင်းပရတော့မည့် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလတွင် ပြုလုပ်မည့် ရွေးကောက်ပွဲမှာ လက်ရှိ ကိုဗစ် ရောဂါ အခြေအနေများအရ ဆက်လုပ်ရန် သင့်၊ မသင့် ဆိုသည့် သဘောထားများကို နေပြည်တော်ရုံးခွဲမှ ဧရာဝတီ သတင်းထောက်များဖြစ်သည့် ကျော်မျိုးနှင့် သီဟလွင်တို့က နိုင်ငံရေး အသိုင်းအဝိုင်းကို ဆက်သွယ်မေးမြန်းထားပါသည်။
မုံရွာအောင်ရှင် (ဗဟိုပြန်ကြားရေး အတွင်းရေးမှူး)
အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်
ဒီဟာက ကျနော်လည်း မကြာခဏ ဖြေရပါတယ်ဗျ။ ကျနော်တို့က ဒီဟာကို ရွေ့သင့်မရွေ့သင့်ဆိုတာထက် လောလော ဆယ်မှာ ကော်မရှင်ရဲ့ ညွှန်ကြားချက် နောက်ထပ် မထုတ်ပြန်သေးတဲ့အချိန်မှာ လုပ်စရာရှိတဲ့ ရွေးကောက်ပွဲကမ်ပိန်းကို ဆက်ပြီးတော့ လုပ်နေရတာပါပဲ။ တခြားနိုင်ငံရေးပါတီတွေလည်း ဒီလိုပဲ လုပ်နေကြတာပါပဲ၊ လုပ်နေရင်းနဲ့ ဆက်လုပ်သင့် မလုပ်သင့် ဆိုတာကို ပြောကြရတာကိုး ။ ကျနော်တို့ကတော့ ကော်မရှင်ရဲ့ သဘောထားကို မူတည်ပြီးတော့ပဲ လိုက်နာဖို့ပဲ ရှိပါတယ်။
တကယ်လို့ အားလုံးကနေပြီးတော့ စုပေါင်းပြီး ကော်မရှင်ကို ဒီလိုအခြေအနေရှိတယ်ဆိုတာကို ကော်မရှင်နဲ့ တွေ့ ပြီးတော့ ပြောကြရင်တော့ ကောင်းမယ်ထင်ပါတယ်။ ပါတီတခုချင်းပြောတာထက်စာရင် ပါတီအားလုံးကနေ တိုက်တွန်းရင်တော့ ကောင်းမယ်လို့ ထင်ပါတယ်။
ရွေ့ဆိုင်းတာကတော့ ကျနော်ထင်တယ်ဗျ။ ကျနော်သိသလောက်က ကော်မရှင်က ပြောတာက ရွေ့မယ်ဆိုရင် အောက်တို ဘာလမှ အသိပေးမယ်။ အောက်တိုဘာလလောက်မှပဲ သူတို့ ကြေငြာချက်ထုတ်မယ်လို့ အဲလိုပြောတာ ကျနော် သတိ ထားမိပါတယ်။ အဲဒီအထိ စောင့်ကြည့်ရလိမ့်မယ်လို့ ထင်ပါတယ်။
တခြားဖြည့်စွက်ပြောချင်တာက ကိုဗစ်ကာလမှာက အောင်နိုင်ရေးကမ်ပိန်းတွေက တခြားနိုင်ငံရေးပါတီများနည်းတူ ကျ နော်တို့လဲ အခက်အခဲတွေ အများကြီးရှိပါတယ်။ အခက်အခဲတွေ အများကြီး ရှိတယ်ဆိုတဲ့ အခါကျတော့ ဒီနေရာမှာ ပါတီတွေ တော်တော်များများကလည်း ရက်ရွေ့ပေးဖို့ တောင်းဆိုနေတာတွေလည်း ကြုံရပါတယ်။ အဲဒီတော့ ကျနော်ပြောချင်တာက ကျနော်တို့အပါအဝင်ပေါ့လေ၊ အားလုံး ကော်မရှင်နဲ့ ဒါကို သေချာ ညှိနှိုင်းတွေ့ဆုံပြီး လုပ်မှ ဖြစ်လိမ့်မယ်လို့ ကျနော်ပြောချင်ပါတယ်။
ဒေါက်တာရန်မျိုးသိမ်း (နိုင်ငံရေးလေ့လာသုံးသပ်သူ)
ကျနော့်အမြင်ကတော့ ဒီရန်ကုန်အပါအဝင် တနိုင်ငံလုံးမှာ ဒီကိုဗစ်ပိုးတွေ့ လူနာအရေအတွက်က တနေ့ထက် တနေ့တိုး တိုးလာနေတဲ့အခြေအနေမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ နိုင်ငံရေးပါတီတွေက ခေါင်းဆောင်တွေ ကိုယ် စားလှယ်တွေနဲ့ နည်းပညာကို သုံးပြီးတော့ ညှိနှိုင်းဆွေးနွေးဖို့ လိုအပ်တယ်လို့ မြင်တယ်။ အဲဒီတော့ လိုအပ်ချက်အရ ပေါ့လေ။ ကိုဗစ်ရောဂါပိုးတွေ့ရှိမှုများတဲ့ ဒေသတွေမှာ ရွေးကောက်ပွဲကို ရွေ့ဆိုင်းဖို့ စဉ်းစားသင့်တယ်လို့ မြင်တယ်။
၁၉၅၁ ခုနှစ် ၅၂ ခုနှစ် ကာလတုန်းကလည်း မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ကိုအကြောင်းပြုပြီးတော့ ရွေးကောက်ပွဲကို နေရာ ဒေသတွေအလိုက် အချိန်ခွဲပြီး ကျင်းပခဲ့ရတဲ့ သာဓကမျိုး ရှိတယ်။
၁၉၅၁ ခုနှစ် ၅၂ ခုနှစ် ကာလတုန်းကလည်း မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ကိုအကြောင်းပြုပြီးတော့ ရွေးကောက်ပွဲကို နေရာ ဒေသတွေအလိုက် အချိန်ခွဲပြီး ကျင်းပခဲ့ရတဲ့ သာဓကမျိုး ရှိတယ်။ လက်ရှိအခြေအနေမှာလည်းပဲ ကိုဗစ် ရောဂါပိုး ကူးစက် မှု များပြားတဲ့ဒေသတွေမှာ အထူးသဖြင့် ရွေးကောက်ပွဲရွေ့ဆိုင်းရေးကို စဉ်းစားသင့်တယ်လို့ မြင်တယ်။
အဲဒီလိုစဉ်းစားဆုံးဖြတ်တဲ့နေရာမှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ နိုင်ငံရေးပါတီတွေက ခေါင်းဆောင်တွေ ကိုယ်စားလှယ်တွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ ကိုယ်စားလှယ်တွေ အခြားပညာရှင်တွေရဲ့ အမြင် သဘောထားတွေကို ရယူစုစည်းပြီးတော့မှ ဆုံးဖြတ်နိုင်မယ်ဆိုရင် ပိုပြီးတော့ ကောင်းမွန်မှန်ကန်လိမ့်မယ်လို့ မြင်တယ်။
တကယ်လို့ ရွေးကောက်ပွဲဟာ ကိုဗစ်ရောဂါပိုး ကူးစက်မှုမြင့်မားလာတဲ့အတွက်ကြောင့် ရွှေဆိုင်းခဲ့ရမယ်ဆိုရင်တောင်မှ လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်တွေအရ ကြည့်မယ်ဆိုရင် ပြည်ထောင်စုအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ပြည်နယ် အစိုးရအဖွဲ့နဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အပါအဝင် ပြည်ထောင်စုအဖွဲ့အစည်းတွေဟာ နောက် အစိုးရဖွဲ့ ပြီးတဲ့အတွက် ဆက်ပြီးတော့ တာဝန်ယူရမှာ ဖြစ်တဲ့အတွက်ကြောင့်မိုလို့ အရေးပေါ်အခြေအနေ ကြေငြာစရာလည်း မလိုအပ်ဘူး။
နောက်ပြီးတော့ ကြားဖြတ် အစိုးရတခု ဖွဲ့စည်းဖို့လည်း မလိုအပ်ဘူး။ လွှတ်တော်တွေရဲ့ သက်တမ်းတွေ ကုန်ဆုံးပြီးတော့ လွှတ်တော်ကိုယ်စားလှယ်တွေ တာဝန်မရှိတော့ပေမယ့်လည်း လွှတ်တော်ရဲ့ အကြီးအကဲတွေက ဆက်ပြီး ရှိနေတဲ့ အ တွက်ကြောင့်လည်းပဲ အခြေအနေအရ ပြောမယ်ဆိုရင် ကြားဖြတ် အစိုးရ သော်လည်းကောင်း၊ အခြားပုံစံနဲ့ အစိုးရ တရပ် ရပ်သော်လည်းကောင်း ဖွဲ့စည်းဖို့ မလိုအပ်သလို အရေးပေါ် အခြေအနေကြေငြာဖို့လည်း မလိုအပ်ဘူးလို့ နားလည်ပါတယ်။
ဒေါ်ဒွဲဘူ (တရားလွှတ်တော်ရှေ့နေ)
ကချင်ပြည်သူ့ပါတီ
ရွေးကောက်ပွဲနဲ့ စပ်လျဉ်းပြီး လက်ရှိအခြေအနေမှာတော့ ကျမတို့ တော်တော်လေး ဝေဝါးနေတယ်ပေါ့နော်။ အလုပ်က လုပ်လို့ရပြီ ပြောပေမယ့် တကယ်တန်းက လုပ်လို့မရဘူး ဖြစ်နေတယ်။ UEC က ထုတ်ပြန်ထားတဲ့အတိုင်း မဲဆွယ်လို့ ရပြီ ဆိုပေမယ့် ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ထားတာနဲ့အညီ လုပ်ရမယ်ဆိုတဲ့အခါ UEC က ထုတ်ပြန်ထားတာက Hall (ခန်းမ)တွေ သုံးလို့မရဘူး။ Public နေရာတွေ သုံးလို့မရဘူး။ ဘာသာရေး အဆောက်အဦတွေ သုံးလို့မရဘူး။
ဘာသာရေးဝန်းထဲက အဆောက်အဦတွေ သုံးလို့မရဘူးဆိုတဲ့အခါ UEC ဥပဒေအရကတော့ ကျမတို့ပါတီရုံး ရှိမယ်။ အိမ်ရှိမယ်။ ဒါပဲ ကျမတို့ သုံးလို့ရမယ်။ နောက်ဟိုတယ်တွေ ရှိမယ်။ ဟိုတယ်ဆိုတာကလည်း လူများစုလို့ မရဘူး။ ပြီးတော့ ကျမတို့ ဒေသခံ ကိုယ့်ဘာသာရပ်တည်တဲ့ ပါတီအနေနဲ့ ဟိုတယ်ဆိုတာက အလှမ်းဝေးပါတယ်။
နောက်တခုက ကိုဗစ်ကာလ အချိန်ဖြစ်တဲ့အတွက် ကန့်သတ်ချက်တွေရှိတယ်။ ကျမတို့ ကချင်ပြည်နယ်မှာ ကိုဗစ် ပိုးတွေ့ လူနာ ကြိုကြားကြိုကြားတော့ ရှိသေးတယ်။ ဖားကန့်လို ပိုးတွေ့လူနာရှိတဲ့ နေရာတွေမှာ Lock Down ချတဲ့ ရပ်ကွက်တွေ ရှိတယ်။ မြစ်ကြီးနားမှာလဲ ပိုးတွေ့လူနာမရှိဘူးဆိုပေမယ့် ဒေသန္တရအမိန့်နဲ့ ကန့်သတ်ထားချက်တွေရှိတယ်။ ပြည်သူတွေမှာလည်း စိုးရိမ်ချက်ရှိတယ်။ သူတို့ အိမ်တွေမှာ စုဝေးမယ်ဆိုရင်လည်း သူတို့လက်မခံချင်ဘူး။ အဲဒါတွေ အခက်အခဲတွေရှိတယ်။
(ရွေးကောက်ပွဲ) ရွေ့လိုက်မလားဆိုရင်လည်း ဒီလိုရွေ့လိုက်မှ ပိုဆိုးလာမယ့်အခြေအနေ Lock Down အခြေအနေ နဲ့သွားတိုးနေရင် ပိုဆိုးလာမယ်။
(ရွေးကောက်ပွဲ) ရွေ့လိုက်မလားဆိုရင်လည်း ဒီလိုရွေ့လိုက်မှ ပိုဆိုးလာမယ့်အခြေအနေ Lock Down အခြေအနေ နဲ့သွားတိုးနေရင် ပိုဆိုးလာမယ်။ မရွေ့ဘူးဆိုပြန်ရင်လည်း တနိုင်ငံလုံး အကျူံးဝင်တဲ့ ကဏ္ဍရပ်နဲ့ မျှတမှုကို ကျမတို့ မဖော်ဆောင်ပေးနိုင်ဘူး။
အခုကတော့ အစိုးရပိုင်း အနေနဲ့ကတော့ သူတို့ကတော့ အစိုးရ အလုပ်ဆောင်ရွက်ရင်းနဲ့ Hall တွေမှာ သွားလာနေတာ တွေ့တယ်။ တိုက်ရိုက် မစည်းရုံးနိုင်ဘူးဆိုရင် သွယ်ဝိုက်သောနည်းအားဖြင့် စည်းရုံးနိုင်တယ်။ လူထုနဲ့ တွေ့ နိုင်တယ်။ ကျမတို့ကျတော့ အင်မတန် ခက်ခဲတယ်။ အိမ်တွေမှာ လိုက်တွေ့ဖို့ဆိုတာလည်း ၆ ပေ အကွာဆိုတော့ လူ ၁၀ ယောက် တောင် ထိုင်ဖို့အတွက် အခက်အခဲရှိတယ်။ အင်တာနက် အွန်လိုင်းနဲ့ လုပ်မယ်ဆိုလည်း ကျမတို့ ကချင်ပြည်နယ်က တချို့ အင်တာနက် အွန်လိုင်းလို့ မပြောနဲ့ ဖုန်းတောင်မရတဲ့နေရာတွေ ကျမတို့ဆီမှာ ရှိတယ်။
မြို့ထဲမှာလည်း ကိုဗစ်အတွက် အလုပ်အကိုင်ရှားပါးတယ်။ စားဝတ်နေရေး ကျပ်တည်းတဲ့ အချိန်တွေမှာ ဒီလိုမျိုး အွန်လိုင်း သုံးဖို့ ပိုက်ဆံက ရှိမနေဘူး။ နိုင်ငံရေးကို ဘယ်သူမှ စိတ်ဝင်တစား မရှိကြဘူး။ နောက်တခုက ကျမတို့က မဲပေးတဲ့ အချိန် လည်းပဲ ကိုဗစ်ကူးမှာကြောက်လို့ မသွားတာတကြောင်း၊ ကိုယ့်ရဲ့အခက်အခဲတွေကြောင့် မသွားတာ တကြောင်းပေါ့နော်၊ ရောဂါတွေရော၊ စီးပွားရေးတွေရော ကိုယ်ပိုင်အခက်အခဲ စားဖို့သောက်ဖို့ အခက်အခဲတွေရှိနေတဲ့အတွက် အခက်အခဲအမျိုးမျိုးကြောင့် မဲသွားမထည့်မယ့်သူတွေလည်း အများကြီးရှိတယ်ပေါ့နော်။
ရွေးကောက်ပွဲ နောက်ဆုတ်ဖို့လည်း အခြေအနေ ပိုဆိုးလာမလား၊ နိုင်ငံတကာကို ကြည့်ရင်လည်း ဒီဟာက အခုချိန်ထိ ဆေးလည်းမရှိသေးဘူးပေါ့နော်။ ကိုဗစ်ကလည်း ရှိနေဦးမှာဆိုတော့ ပိုဆိုးတဲ့အခြေအနေ ရောက်လာမလား။ ကျမတို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးထားတဲ့ ဥပဒေတွေအရ လွှတ်တော်သက်တမ်း ၅ နှစ်ပဲ ဆိုတော့ ဇန်နဝါရီ ၃၁ ရက်မှာ လွှတ်တော်သက်တမ်းကုန်မှာဆိုတော့ ဖေဖော်ဝါရီလမှာ စနိုင်ရမှာ။ ဒါမှ နောက်အစိုးရကို ဖွဲ့ နိုင်မှာဆိုတဲ့အခါကျတော့ တကယ်လို့ အဲဒီအပေါ်မှာ (ရွေးကောက်ပွဲ) မလုပ်နိုင်ဘူးဆိုရင် ကမောက်ကမတွေဖြစ်မှာ၊ ဥပဒေနဲ့ မညီတဲ့ ကမောက် ကမတွေ ဘယ်လိုဆက်လုပ်ရမှန်းမသိတဲ့ အခက်အခဲတွေ အဲဒါတွေရှိမှာလည်း စိုးရိမ်ပါတယ်ရှင့်။
ဦးရဲထွန်း (လွှတ်တော်ကိုယ်စားလှယ်ဟောင်း)
နိုင်ငံရေးလေ့လာသုံးသပ်သူ
ပထမဦးဆုံးအနေနဲ့ကတော့ လက်ရှိအခြေအနေအရ ကျနော်တို့နိုင်ငံမှာ ဖြစ်နေတဲ့ အနေအထားက ကိုဗစ် – ၁၉ ရောဂါက အရမ်းဆိုးနေတယ်လို့ ကျနော်က မယူဆဘူး။ တချို့ဒေသတွေက လွဲလို့ပေါ့။ ရန်ကုန်တို့ ရခိုင်ပြည်နယ်တို့က လွဲလို့ပေါ့။ ကျန်တဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး အားလုံးမှာက ဒီလောက်ကြီးမဆိုးဘူး။ ကျနော်တို့က တကမာ္ဘလုံးမှာ ဖြစ်နေတဲ့ နိုင်ငံ တွေရဲ့ စာရင်းနဲ့ နှိုင်းယှဉ်ကြည့်ချက်အရ သိပ်ဆိုးလှတာ မဟုတ်သေးဘူး။ အခုအနေအထားမှာ အချက်အလက်တွေအရ လာမယ့် နိုဝင်ဘာလမှာ လုပ်မယ်ဆိုရင် လုပ်နိုင်တယ်။ လုပ်သင့်တယ်လို့ ယူဆတယ်။
ဘာဖြစ်လို့လဲဆိုရင် တကယ်လို့ (ရွေးကောက်ပွဲ) ရွေ့ဆိုင်းမယ်ဆိုရင် ရွေ့ဆိုင်းလိုက်ပြီးတဲ့အခါ ဒီရောဂါအခြေအနေက ထိန်းချုပ်နိုင်မှာလား။ ပိုပြီး အခြေအနေကောင်းလာမှာလား။ ဘယ်သူမှ မပြောနိုင်ဘူး။ ပိုဆိုးသွားတာလည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်။ ရောဂါအနေအထားက ထိန်းလို့မရတော့ဘူးဆိုရင် Outbreak ဖြစ်သွားရင်တော့ ဘာမှ လုပ်လို့မရတော့ဘူး။ နိုင်သလောက်ပဲလုပ်၊ ကူးတာလည်း ထပ်ကူးနေမှာ။ သေတဲ့လူလည်း သေနေမှာပဲပေါ့နော်။ ကာကွယ်ဆေးပဲ မျှော်ရုံရှိ တာပေါ့။
ဒါကြောင့် မသေချာ မရေရာတဲ့ အနေအထားအောက်မှာ အခုအခြေအနေက ရွေးကောက်ပွဲက ရွေ့ဆိုင်းစရာမလိုဘူးလို့ ယူဆတယ်။ သို့သော် ထူးခြားချက်အရ ရခိုင်တို့ ရန်ကုန်တိုင်းတို့မှာ ရပ်ဆိုင်းဖို့ အနေအထားရှိတယ်ဆိုရင်တော့ ဒေသ အချို့ကို ကွက်ပြီး ရပ်ဆိုင်းတာ လုပ်လို့ရတယ်။ ဒါက အခြေခံဥပဒေမှာလည်း ၃၉၉ (င) မှာလည်း ပြဌာန်းထားတယ်။ ရွေးကောက်ပွဲ ဥပဒေမှာလည်း ပြဌာန်းထားတာရှိတယ်။
ဒါပေမယ့် တနိုင်ငံလုံး ရွေးကောက်ပွဲ ရွေ့ဆိုင်းပစ်ဖို့ ဆိုတာကတော့ အခြေခံဥပဒေမှာ ပြဌာန်းထားတာ မရှိဘူး။ အဲဒါကို ရွေ့မယ်ဆိုရင် လွှတ်တော်ရဲ့ သက်တမ်းတို့၊ အစိုးရအဖွဲ့ရဲ့ သက်တမ်းတို့ အဲဒါတွေကလည်း အခြေခံဥပဒေနဲ့ မကိုက် ညီတော့ဘူး ဖြစ်သွားနိုင်တာပေါ့။
ဒါပေမယ့် တနိုင်ငံလုံး ရွေးကောက်ပွဲ ရွေ့ဆိုင်းပစ်ဖို့ ဆိုတာကတော့ အခြေခံဥပဒေမှာ ပြဌာန်းထားတာ မရှိဘူး။ အဲဒါကို ရွေ့မယ်ဆိုရင် လွှတ်တော်ရဲ့ သက်တမ်းတို့၊ အစိုးရအဖွဲ့ရဲ့ သက်တမ်းတို့ အဲဒါတွေကလည်း အခြေခံဥပဒေနဲ့ မကိုက် ညီတော့ဘူး ဖြစ်သွားနိုင်တာပေါ့။ မကိုက်ညီဘူးဖြစ်သွားရင် လွှတ်တော်သက်တမ်း ၅ နှစ်တို့ ဆိုတာတွေကို ကိုက်ညီ အောင်၊ အခြေခံ ဥပဒေကိုလည်း မဆန့်ကျင်အောင်၊ ကျနော်တို့က ရွေးကောက်ပွဲ ရွေ့ဆိုင်းမယ့်ကိစ္စကို ဥပဒေ တရပ်ပြဌာန်းဖို့ လိုလိမ့်မယ်။
ပြဌာန်းတဲ့အခါမှာလည်း ရွေးကောက်ပွဲ တနိုင်ငံလုံး ရွေ့ဆိုင်းဖို့အတွက် ရက်အကန့်အသတ်နဲ့ပေါ့။ အခြေခံဥပဒေမှာက အရေးပေါ်ကာလ နိုင်ငံတော်သမ္မတကနေ ကာလုံခေါ်ပြီးတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အာဏာလွှဲအပ်တာ တောင်မှ ကာလအကန့်အသတ်နဲ့ ပေးတာ၊ ဒီလိုရွေးကောက်ပွဲ ရွေ့ဆိုင်းတာကိုလည်း ကာလအကန့်အသတ်လေးနဲ့ ပေးမှရမှာ။ အဲဒါကတော့ အခြေခံဥပဒေကို ပြင်စရာမလိုဘဲနဲ့ ဥပဒေပြဌာန်းပြီးတဲ့အခါ အဲဒီဥပဒေက အခြေခံဥပဒေကို မဆန့်ကျင်တဲ့အောက်မှာ ဘယ်နှစ်လရွေ့မလဲဆိုတာ စဉ်းစားပြီး ထည့်သင့်တယ်လို့ ထင်တယ်။
ဦးဖေသန်း (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)
ရခိုင် အမျိုးသားပါတီ
ကျနော်တို့ရခိုင်ပြည်နယ်ရဲ့ထူးခြားတဲ့အခြေအနေအရဆိုတော့ ဒါကရွေးကောက်ပွဲကော်မရှင်က ဘယ်မြို့နယ်တွေကို မ လုပ်ဘူး။ လုပ်မယ်ဆိုတာကို မကြေညာသေးတဲ့အခါမှာတော့ ကျနော်တို့ဘက်ကလည်း ဒါကိုတခေါက်လောက်တော့ စောင့်ကြည့်ချင်တယ်။ ဒါပေမယ့် ခြုံပြီးတော့ ပြောရရင်တော့ ရခိုင်ပြည်နယ်မှာလည်း စစ်ပွဲတွေဖြစ်နေတယ်။ တနိုင်ငံလုံး မှာလည်း ကိုဗစ်အန္တရာယ်ရှိနေတယ် ဆိုတဲ့အခါမှာ ပြည်သူတွေက မဲပေးဖို့ စိတ်ဝင်စားမှု အားနည်းနေတယ်။ ဒီပြဿနာက နောက် ၂ လနီးပါးလောက်အတွင်းမှာ ရွေးကောက်ပွဲမတိုင်ခင်ကာလလေးမှာ ဘယ်လောက်ထိကျယ်ကျယ်ပြန့်ပြန့် ဒီရောဂါပိုးတွေ ဖြစ်လာမယ်၊ စစ်ပွဲတွေဖြစ်လာမယ်ဆိုတာ ကျနော်တို့လည်း မှန်းဆရခက်တယ်။ အဲဒီအပေါ်မှာ လူထုရဲ့စိတ်ပါဝင်စားမှုက ပိုပြီးတော့အားလျော့သွားနိုင်တယ်လို့ ကျနော်ထင်တယ်
လွှတ် တော် မရှိတဲ့ကာလတခုကိုတော့ ကျနော်တို့ ရင်ဆိုင်သွားရမှာဖြစ်တဲ့အတွက်နဲ့ ဒါတော့ နိုင်ငံရေးအရပြောရင် သိပ်မကောင်းဘူး။ ဒါပေမယ့် ပြည်သူလူထုရဲ့ စိတ်ဝင်စားမှု အားနည်းနေတဲ့အချိန်အခါမှာ လုပ်တဲ့ရွေးကောက်ပွဲဟာလည်း မအောင်မြင်နိုင်ဘူး။ ပြီးတော့ သမိုင်းမှတ်တမ်းလည်းမကောင်းနိုင်ဘူးပေါ့နော်။
ဒီတော့ ရွေးကောက်ပွဲကိုဆုတ်မယ်ဆိုရင် ဘာဖြစ်မလဲဆိုတော့ လွှတ်တော်ခေါ်ယူဖို့ကာလနဲ့ အစိုးရဖွဲ့စည်းဖို့ကာလက မသေချာတော့ဘူး။ မသေချာတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရတော့ လွှတ်တော်ဥက္ကဌ ဒုဥက္ကဌများရယ်၊ အစိုးရဖွဲ့တော့ ကျန်မှာပေါ့။ လွှတ်တော်ကြီးကတော့ ၅ နှစ်သက်တမ်းပြည့်ရင် အလိုလို သူ့ဟာသူ ပျက်သွားလိမ့်မယ်။ ဆိုတော့ လွှတ် တော် မရှိတဲ့ကာလတခုကိုတော့ ကျနော်တို့ ရင်ဆိုင်သွားရမှာဖြစ်တဲ့အတွက်နဲ့ ဒါတော့ နိုင်ငံရေးအရပြောရင် သိပ်မကောင်းဘူး။ ဒါပေမယ့် ပြည်သူလူထုရဲ့ စိတ်ဝင်စားမှု အားနည်းနေတဲ့အချိန်အခါမှာ လုပ်တဲ့ရွေးကောက်ပွဲဟာလည်း မအောင်မြင်နိုင်ဘူး။ ပြီးတော့ သမိုင်းမှတ်တမ်းလည်းမကောင်းနိုင်ဘူးပေါ့နော်။
ရခိုင်ပြည်နယ်မှာတော့ တပြည်နယ်လုံး ရောဂါပိုးက တိုးနေတယ်။ ဒီဘက်မြောက်ပိုင်းမှာလည်း တိုက်ပွဲတွေဖြစ်နေတော့ လူထုက ရွေးကောက်ပွဲမှာ အာရုံသိပ်မရှိဘူး။ ဒါပေမယ့် ကျနော်တို့ကတော့ ရွေးကောက်ပွဲ မရှိဘဲ ဆိုရင်တော့ လွှတ်တော် တွေက မရှိဘူး ဖြစ်သွားမှာဆိုတော့ နိုင်ငံရေးအရမကောင်းဘူး။ ပြည်မမှာလည်းပဲ အခုရက် ၂၀ လောက်မှာကို ဒီရောဂါ ပိုးကူးစက်မှုက တအားမြန်လာတယ်ဆိုတော့ နောက်တလကျော်ကျော်အချိန်ကာလမှာ ဘယ်လောက်ထိဖြစ်လာမယ် ဘယ်နေရာဖြစ်လာမယ်၊ ဘယ်လောက်ထိ ရောဂါကျယ်ပြန့်လာမယ်ဆိုတာ ကျနော်တို့မှန်းဆလို့မရဘူး။
အဲဒီအချိန်မှာ ရွေးကောက်ပွဲကော်မရှင်က ဒါကို အနီးကပ်ကျမှ မလုပ်ဘူးဆိုရင်လည်းပဲ လုပ်ထားတဲ့ကိစ္စတွေ ပိုက်ဆံ အကုန်အကျကိစ္စတွေ အလုပ်များတဲ့ကိစ္စတွေ စည်းရုံးရေးကိစ္စတွေက အများကြီး ဒီဘက်မှာလည်း အချိန်ကုန် လူပန်း ဖြစ်နေတဲ့ကာလ နောက်တကြိမ်ပြန်ပြီးတော့ လုပ်ဖို့ဆိုတာတောင်မှ ဒါသူတို့မှာ အခက်အခဲရှိတဲ့ကာလ ဆိုတော့ ဒါတွေ ကတော့ အတိအကျတော့မပြောချင်ဘူး။ ဒါပေမယ့် လာမယ့် ၁ လလောက်အတွင်းမှာ အခြေအနေ ဘယ်လောက် ဆိုးလာမလဲဆိုတဲ့အပေါ်မှာ အစိုးရက ဆုံးဖြတ်သင့်တယ်လို့ ကျနော်မြင်တယ်။
စိုင်းရဲကျော်စွာမြင့် (အမှုဆောင် ဒါရိုက်တာ)
ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့
ပထမဦးဆုံးစဉ်းစားရမှာကတော့ ကိုဗစ်-၁၉ ကာလမှာ ကျင်းပတဲ့ရွေးကောက်ပွဲဟာ ဒီမိုကရေစီစံနှုန်းတွေကို ဘယ်လောက် အာမခံချက်ပေးနိုင်မလဲဆိုတာဟာက ပထမဆုံး စဉ်းစားဖို့ လိုတယ်။ ဆိုတော့ ရွှေ့သည်ဖြစ်စေ ဆက်လုပ်သည်ဖြစ်စေ ကိုဗစ် ၁၉ ဖြစ်တဲ့အတွက်ကြောင့်မိုလို့ ရွေးကောက်ပွဲရဲ့ ဒီမိုကရေစီစံနှုန်းတွေကို ကျနော်တို့က ပစ်ပယ်လို့မရဘူး။ နိုင်ငံသားတွေ လွပ်လွပ်လပ်လပ်မဲပေးခွင့်ရဖို့ လုံခြုံစိတ်ချရတဲ့မဲပေးပတ်ဝန်းကျင်ရဖို့ လိုအပ်တဲ့ သတင်း အချက်အလက် တွေ ရရှိဖို့ အဲဒီဟာတွေပေါ့။ နောက်တခုကကျတော့ နိုင်ငံရေးပါတီတိုင်းကနေ သူတို့ရဲ့ မဲဆန္ဒရှင်တွေဆီကို သူတို့ရဲ့ မူဝါဒ တွေ လုပ်ငန်းစဉ်တွေ မဲဆွယ်စည်းရုံးရေး သတင်းစကားတွေ တန်းတူညီမျှစွာရောက်ရှိနိုင်ဖို့ အဲဒါတွေကတော့ အခြေခံ အကျဆုံး အာမခံချက်တွေပေးဖို့လိုတယ်။ အဲတာကတော့ ပထမဆုံးစဉ်စားချက်ပေါ့လေ။
ဒီနှုန်းအတိုင်းသာသွားမယ် ဒီထက်ပိုများလာမယ်ဆိုရင် ရွေးကောက်ပွဲမှာ မဲပေးတဲ့သူ ရာခိုင်နှုန်းက စိတ်ပူစရာကောင်းတဲ့ အထဲမှာ ပါတယ်။
နောက်တခုကတော့ လက်ရှိအနေအထားမှာ ကူးစက်တဲ့နှုန်းကလည်း တနေ့ တနေ့မှာ အရင်ကနဲ့ နှိုင်းယှဉ်မယ် ရွေး ကောက်ပွဲကို လုပ်မယ်လို့ ဆုံးဖြတ်ခဲ့တဲ့ ကြေညာခဲ့တဲ့အချိန်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် များလာတာကိုတွေ့ရတယ်။ ဆိုတော့ ဒီနှုန်းအတိုင်းသာသွားမယ် ဒီထက်ပိုများလာမယ်ဆိုရင် ရွေးကောက်ပွဲမှာ မဲပေးတဲ့သူ ရာခိုင်နှုန်းက စိတ်ပူစရာကောင်းတဲ့ အထဲမှာ ပါတယ်။
ဆိုတော့ ကျနော်ခုနကပြောသလိုပဲ ဒီကာလမှာ ကျင်းပတဲ့ရွေးကောက်ပွဲကို ဘယ်လိုကျင်းပနိုင်မလဲဆိုတာကို ကျနော်တို့ အနေနဲ့ ဘယ်လိုအကြံပေးချင်လဲဆိုရင် နိုင်ငံရေးပါတီတွေနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကြား နောက်ပြီးတော့မှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ တခြား ကျန်းမာရေးဝန်ကြီးဌာနတွေနဲ့ စပြီးတော့မှ အသေးစိတ် စဆွေးနွေးဖို့ ကောင်းတယ်လို့ ယူဆတယ်။ Discussion စလုပ်သင့်ပြီလို့ ယူဆတယ် အဲတာက အရေးကြီးဆုံးပဲ။
တကယ်လို့ ဆက်လုပ်မယ်ဆိုလို့ရှိရင်လဲ နိုင်ငံရေးပါတီတွေအနေနဲ့ သူတို့ရဲ့အခွင့်အရေးတွေကို ဘယ်လိုအာမခံချက်ရမလဲ သူတို့ဘယ်လိုလုပ်နိုင်မလဲ သူတို့ကရော ဒီလိုအခြေအနေမျိုးကနေဖြစ်လာတဲ့ရလဒ်တွေကိုလက်ခံမလား၊ ကျနော်တို့ လက် ခံကြမယ်ဆိုတဲ့ဟာမျိုးပေါ့ဗျာ။ အဲတာကိုသဘောတူညီချက်ရရှိရမယ်၊ နိုင်ငံရေးအရသဘောတူညီချက်ပေါ့ဗျာ။ အဲဒီဟာရဖို့လိုတယ်။
နောက်ဆုတ်မယ်ဆိုရင် နိုင်ငံရေးအရ သဘောတူညီချက်ရရှိဖို့လိုတယ်။ ဘယ်တော့ပြန်လုပ်မလဲ ဒါကြောင့်မိုလို့ ဘာတွေ ပြန်ပေးမလဲ။ ဆိုလိုတဲ့သဘောက မဲဆွယ်စည်းရုံးရေးတွေမရှိတော့ဘူးဆိုရင် ဘယ်လိုပြန်လုပ်မလဲ မဲဆွယ်စည်းရုံးရေးကို ရက်တိုမလား၊ ရက်ရွှေ့မလား၊ အဲတာမျိုးတွေက ဆွေးနွေးဖို့ကောင်းတယ်လို့ ယူဆတယ်။ ဒါနိုင်ငံရေးဆိုင်ရာ ပြဿနာ ဖြစ်သွားပြီ။ ကြီးမားတဲ့ ရွေးကောက်ပွဲကိုပါ ကျော်လွန်တဲ့ နိုင်ငံရေးဆိုင်ရာ ပြဿနာပိုဖြစ်လာပြီ။ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးမှု ဖြစ်လာပြီ။ ဒါကြောင့်မိုလို့ ကျနော်တို့က ဆွေးနွေးသင့်တယ်လို့ တိုက်တွန်းတာ။
ဦးမင်းမင်း (ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်သူ)
သံလွင်ခက်အဖွဲ့
ဒီလိုအခြေအနေမျိုးမှာတော့ လောလောဆယ်က ရောဂါကလည်းပဲ ကူးစက်ခံရသူကလည်း တိုးလာတယ်။ နောက်ပြီး သေဆုံးတဲ့ အရေအတွက်လည်း တဖြည်းဖြည်းတိုးလာတယ်ဆိုတော့ ဒီလိုအခြေအနေမျိုးမှာဆိုရင်တော့ ရွေးကောက်ပွဲက ရွှေ့သင့်တယ်။ ရွှေ့သင့်တာက ရောဂါကြောင့်လည်းဖြစ်သလို နောက်ပြီးတော့ ရောဂါကူးစက်မှုဖြစ်နေတဲ့ ကာလမှာ နိုင်ငံ ရေး ပါတီတွေကလည်း တန်းတူညီမျှ မဲဆွယ်စည်းရုံးခွင့်ဆိုတာက ရှိမှာမဟုတ်ဘူး။
ဘယ်လိုပဲ စဉ်းစားကြည့်ကြည့် လက်ရှိအာဏာရပါတီကတော့ ပိုပြီးတော့ အခွင့်အလမ်းတွေပိုသာတာပေါ့။ အဲဒီတော့ တန်း တူညီမျှ မဲဆွယ်စည်းရုံးခွင့် မရှိရင်တော့လည်းပဲ ဒီရွေးကောက်ပွဲက လွပ်လပ်ပြီး တရားမျှတပါတယ်လို့ဆိုစေဦးတော့ စောစောကပြောသလို နိုင်ငံရေးပါတီတွေရဲ့ ယှဉ်ပြိုင်မှု မဲဆွယ်စည်းရုံးရေးအခန်းကဏ္ဍမှာတော့ အခန်းကွာဟချက်တွေ ကြီးနေမှာပါ။
ကျန်းမာရေးအတွက်လည်းပဲ အခုလက်ရှိအခြေအနေမှာတော့ ရောဂါကူးစက်တဲ့သူကော သေဆုံးတဲ့နှုန်းရောက တိုးတိုး လာတာပဲ ရှိတာလေ။ အကယ်၍ ဒီအတိုင်းပဲဆက်သွားမယ်ဆိုရင် ပိုပြီးတော့များလာရင် နောက်ပြီးတော့ မဲဆွယ် စည်းရုံး တဲ့ အခြေအနေမှာလည်းပဲ အခုတွေ့နေရတာပေါ့နော်။ နိုင်ငံရေးပါတီတွေက တကယ့်တကယ်ပြောရင်တော့ သေသေ ချာချာနဲ့ ကျန်းမာရေးအလေးထားပြီးတော့ မဲဆွယ်စည်းရုံးတာက တော်တော်အရေအတွက် နည်းလွန်းတယ်။
ရွေးကောက်ပွဲရွှေ့မယ်ဆိုရင်တော့ နိုင်ငံရေးပါတီတွေနဲ့ သက်ဆိုင်တဲ့အဖွဲ့အစည်းတွေနဲ့ အစိုးရက ညှိုနှိုင်းတိုင်ပင်ပြီးတော့ ရွှေ့ရင်ရွှေ့ဖို့လိုတာပေါ့နော်။ ဘယ်အချိန်ထိရွှေ့မလဲဆိုရင် ရောဂါလုံးဝထိန်းချုပ်နိုင်တဲ့အခြေအနေထိ အဲဒီလိုမျိုး ရွှေ့ဖို့ လို မှာပေါ့။ နောက်ပြီးတော့ ရွေးကောက်ပွဲရွှေ့လိုက်တာနဲ့ တပြိုက်နက်တည်း မဲဆွယ်စည်းရုံးတဲ့အချိန်တွေကိုလည်းပဲ ရွှေ့ ပြီးသားဖြစ်သွားမှာပေါ့။
ရွေးကောက်ပွဲရွှေ့မယ်ဆိုရင်တော့ နိုင်ငံရေးပါတီတွေနဲ့ သက်ဆိုင်တဲ့အဖွဲ့အစည်းတွေနဲ့ အစိုးရက ညှိုနှိုင်းတိုင်ပင်ပြီးတော့ ရွှေ့ရင်ရွှေ့ဖို့လိုတာပေါ့နော်။ ဘယ်အချိန်ထိရွှေ့မလဲဆိုရင် ရောဂါလုံးဝထိန်းချုပ်နိုင်တဲ့အခြေအနေထိ အဲဒီလိုမျိုး ရွှေ့ဖို့ လို မှာပေါ့။ နောက်ပြီးတော့ ရွေးကောက်ပွဲရွှေ့လိုက်တာနဲ့ တပြိုက်နက်တည်း မဲဆွယ်စည်းရုံးတဲ့အချိန်တွေကိုလည်းပဲ ရွှေ့ ပြီးသားဖြစ်သွားမှာပေါ့။ အဲဒီတော့ အခုချိန်မှာ မဲဆွယ်စည်းရုံးနေတဲ့ကာလမှာဆိုရင် ကျန်းမာရေးအသိနဲ့ မဲဆွယ် စည်းရုံးတာမျိုးတွေမလုပ်တာတွေရှိတယ်။ အဲတာတွေလည်း ဟန့်တားပြီးသာဖြစ်သွားမှာပေါ့။
အစိုးရက နိုင်ငံရေးပါတီတွေနဲ့ ပေါင်းစပ်ညှိုနှိုင်းပြီးတော့ပဲ တိုင်ပင်ပြီးတော့လုပ်ရမှာပဲ။ ဒါပေမယ့်လို့ ရွှေ့မလား မရွှေ့လား ဆိုတာက နောက်လာမယ့် ရောဂါပြဿနာတွေအပေါ်မှာ မူတည်မယ်။ သေချာတာတော့ မြန်မာနိုင်ငံအနေနဲ့က လောလော ဆယ်မှာ ရောဂါကိုထိန်းချုပ်နိုင်တဲ့အခြေအနေ မရှိသေးတာတော့ သေချာတယ်။
ဒေါက်တာ အောင်မျိုး (တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း)
ရန်ကုန်မြို့
တသီးပုဂ္ဂလကတော့ ပိုတောင်ရွှေ့စေချင်တာပေါ့နော်။ ပိုရွှေ့စေချင်တာက အကြောင်း ၂ ချက်ရှိတယ်။ ပထမ ၁ ချက်က ကျနော်တို့ တသီးပုဂ္ဂလတွေရဲ့ လုပ်ဆောင်နိုင်မှုကို တိုက်ရိုက်ကြီးထိခိုက်သွားတာပါ။ ပါတီဆိုတာက သူ့ လူအုပ်စု ရှိတယ် လေ။ တသီးပုဂ္ဂလအနေနဲ့ကျတော့ သူက ခြေတံလက်တံမရှည်ဘူးလေ။ ကျနော်တို့ဟာပဲ ကျနော်တို့ လူထုကြားထဲမှာ သွားလာပြောဆိုရမှာလေ။ ဒါ ၁ ချက်ပေါ့။ ဒါကကျနော်တို့ရဲ့ လုပ်နိုင်စွမ်းတွေကို ထိခိုက်သွားတာပေါ့နော် ဒီတခုကြောင့် ကျနော်တို့က မကြိုက်ဘူးပေါ့နော်။
လူတွေက လက်ရှိမှာ ကျန်းမာရေးအတွက် ဒီလောက် စိတ်ညစ်နေရတဲ့ အချိန်မှာ ကျနော်တို့က အောင်နိုင်ရေးအတွက်ကို လုပ်နေရတာဟာ တခါတလေကျတော့ ကျနော်ဟာ ရှက်လာတယ်။
ဒုတိယ ၁ ချက်ကတော့ ကျင့်ဝတ်ပိုင်းပေါ့နော်။ လူတွေက လက်ရှိမှာ ကျန်းမာရေးအတွက် ဒီလောက် စိတ်ညစ်နေရတဲ့ အချိန်မှာ ကျနော်တို့က အောင်နိုင်ရေးအတွက်ကို လုပ်နေရတာဟာ တခါတလေကျတော့ ကျနော်ဟာ ရှက်လာတယ်။ ရှက်လာတယ်ဆိုတာက ရှက်တဲ့စိတ်ကို ကိုယ်ရှက်လို့ ကျန်တဲ့သူတွေက ရှက်လားဆိုတော့ မရှက်ဘူး။ သွားလာနေကြတာ တခါတည်း မဲတွေဆွယ်နေကြတာ မြင်လို့တောင်မကောင်းဘူး။ အခုဟာက အကူးမြန်တဲ့အခါကျတော့ ကျနော်တို့က စိုးရိမ်နေရတယ်။
အဲဒီလိုအနေထားမျိုးမှာ ကျနော်တို့က ဥပမာပါစို့ နည်းနည်းလေး ထိန်းချုပ်လို့ရသွားမယ့်အချိန်၊ နောက်ကို နည်းနည်းလေး ပေါ့။ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့လည်း မဆန့်ကျင်ဘူး။ ဥပမာ တလ နှစ်လလောက် နောက်ကျလိုက်လို့ ဘာမှမဖြစ်ဘူး ပေါ့ နော်။ တတ်နိုင်သမျှတော့နောက်ဆုတ်လိုက်ပေါ့။
နောက်ဆုတ်လို့မရဘူး ဒီထက်အခြေအနေကျော်လို့ရှိရင်တော့ Constitu-tional Crisis ပေါ့။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အကြပ်အတည်းဖြစ်လာနိုင်တယ်ဆိုတဲ့အထိတော့ မသွားဘူး ပေါ့ဗျာ။ ကျနော်ပြောချင်တာက လုံး၀ကြီး မလုပ်ဖို့လည်းပြောချင်တာမဟုတ်ဘူး။ အကြာကြီး နောက်ဆုတ်ဖို့လည်း ပြောတာ မဟုတ်ဘူး။
ဒါကြောင့်မိုလို့ ၁ လ သို့မဟုတ် ၂ လ သို့မဟုတ် စောင့်လို့မှ အခြေအနေတွေ မတည်ငြိမ်ဘူးဆိုတော့လည်း မတတ် နိုင်ဘူးဆိုတဲ့ အပိုင်းကလည်း တပိုင်းပေါ့။ တောင်ကိုရီးယား ဒီလိုပဲလုပ်သွားတာပဲဆိုပြီး လုပ်ရမှာပေါ့။ ကျနော့်သဘောအရတော့ အချက် ၂ ချက်အရ ကျနော်တို့က နောက်ကို ၁ လတန်သည် ၂ လတန်သည်တော့ ရွှေ့သင့် တယ်လို့ ကျနော်က အဲလိုပဲပြောချင်ပါတယ်။
ဦးသန်းဌေး (ဥက္ကဌ)
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီ
မိဘပြည်သူများခင်ဗျာ ကျင်းပတော့မယ့် အထွေထွေရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီတွေရဲ့ ရုပ်သံလွှင့် ဟောပြော မှုအစီအစဉ်တွေ စနေပါပြီ။ ကျနော်ကိုယ်တိုင်လည်း ပါတီဥက္ကဌတယောက်၊ ကိုယ်စားလှယ်လောင်း တယောက် ဖြစ်နေတဲ့ အတွက် ပြည်သူလူထုကို မျက်နှာပူစွာနဲ့ပဲ ဒီအစီအစဉ်မှာ ပါဝင်ထားရပါတယ်။
စက်တင်ဘာ ၁၀ ရက်နေ့ နောက် ပိုင်းဆိုရင် နေ့စဉ်ကူးစက်မှု ၂၀၀ ကျော်လောက်ထိ စံချိန်တင်လာတဲ့အချိန်မှာ လုပ်တဲ့ရွေးကောက်ပွဲ မပြိုင် ပြန်ရင်လည်း မပြိုင်တဲ့သူပဲ တဖက်သတ် နစ်နာပြီးတော့ အခွင့်အရေး ယူတတ်သူက နိုင်ငံကိုပါ ခြယ်လှယ်ခွင့်ရသွားမယ့် အခြေအနေမျိုး ဖြစ်နေတဲ့အတွက် မျက်နှာပူပူနဲပဲ ရိုက်ကူးထုတ်လွှင့်မှုတွေ လုပ်လိုက်ရတာကို အားနာမိပါတယ်။
ကပ်ရောဂါဘေးဆိုးကြီး တကမ္ဘာလုံးကို ကူးစက်ပျံ့နှံ့ပြီး ကျနော်တို့ မြန်မာနိုင်ငံမှာတော့ စက်တင်ဘာ ၁၀ ရက်နေ့ နောက် ပိုင်းဆိုရင် နေ့စဉ်ကူးစက်မှု ၂၀၀ ကျော်လောက်ထိ စံချိန်တင်လာတဲ့အချိန်မှာ လုပ်တဲ့ရွေးကောက်ပွဲ မပြိုင် ပြန်ရင်လည်း မပြိုင်တဲ့သူပဲ တဖက်သတ် နစ်နာပြီးတော့ အခွင့်အရေး ယူတတ်သူက နိုင်ငံကိုပါ ခြယ်လှယ်ခွင့်ရသွားမယ့် အခြေအနေမျိုး ဖြစ်နေတဲ့အတွက် မျက်နှာပူပူနဲပဲ ရိုက်ကူးထုတ်လွှင့်မှုတွေ လုပ်လိုက်ရတာကို အားနာမိပါတယ်။
ဒါပေမယ့် ကျနော့်ပါတီကိုယ်စားလှယ်တွေကို မဲပေးဖို့ဆိုတဲ့ အတ္တလောဘနဲ့ယှဉ်တဲ့ တောင်းဆိုတင်ပြမှု မပါဘဲ တိုင်းပြည်နဲ့ လူမျိုးအတွက် လုပ်သင့် ဖြစ်သင့်တာတွေကိုပဲ တင်ပြထားပါတယ်။ ပြည်သူ့အသက် ပြည်သူ့ကျန်းမာရေးကို အလေးထား ပြီးတော့ အဲဒီရွေးကောက်ပွဲကြီးကို ရွှေ့ဆိုင်းမယ်ဆိုရင်တောင် ကျနော်တို့ ဝမ်းမြောက်စွာ လက်ခံပြီး ပူးပေါင်း ဆောင်ရွက်ရ မှာ ဖြစ်ပါကြောင်း လေးစားစွာကြိုတင် အစီအရင်ခံပါတယ် ခင်ဗျာ။
မိဘပြည်သူများ ကပ်ရောဂါဘေးဆိုးကြီးကနေ ကင်းဝေးကြပါစေ ကျန်းမာချမ်းသာကြပါစေခင်ဗျာ။
စိုင်းထွန်းအေး (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ ချုပ်
လာ့မယ့် ၂၀၂၀ ရွေးကောက်ပွဲက ကိုဗစ်ကပ်ရောဂါနဲ့ လာပြီး တိုက်ဆိုင်နေတဲ့ အချိန်ကာလဖြစ်နေတယ်။ အဲဒီတော့ ကိုယ် စားလှယ်လောင်းတွေအနေနဲ့ နိုင်ငံရေးပါတီတွေအနေနဲ့ မဲဆွယ်စည်းရုံးတဲ့နေရာတွေမှာလည်း အကန့်အသတ်တွေ ဖြစ် တယ်၊ အခက်အခဲတွေဖြစ်တာတွေတော့ မှန်တယ်။ တဘက်မှာလည်း နိုင်ငံရေးပါတီငယ်တွေက ဒီရွေးကောက်ပွဲဟာ ဒီလိုမျိုးအခက်အခဲတွေရှိတဲ့အတွက် ရွေးကောက်ပွဲကို ပြန်လည်ရွှေ့ဆိုင်းဖို့ သူတို့က အကြံပြုကြတာတွေလည်းရှိတယ်။
အဲဒီအခါကျတော့ ဒီလက်ရှိအနေအထားရ ကျနော်တို့ နိုင်ငံရဲ့ ကိုဗစ်ဖြစ်ပွားမှုနှုန်းဟာ အခြားနိုင်ငံတွေနဲ့ ယှဉ်မယ် ဆိုရင် တော့ ကျနော်တို့ဟာ နည်းနေတဲ့ အနေအထားရှိတယ်။ အဲဒီတော့ ဒါထိန်းချုပ်နိုင်သေးတဲ့အနေအထားရှိတယ်ပေါ့။ အဲဒီ အနေအထားမှာ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းဖို့ဆိုတာကလည်း ရွေးကောက်ပွဲကော်မရှင်အနေနဲ့ သိပ်ပြီးမှ ထည့်သွင်း စဉ်စားမယ်လို့ ကျနော်တို့က မယူဆဘူး။
တဘက်မှာလည်း ရွေးကောက်ပွဲကို ရွှေ့ဆိုင်းခြင်းအားဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကနေပြီးမှ အဲဒီလို ပြဌာန်းထားတဲ့ဟာ တွေကလည်း ဘယ်လိုပြောမလဲဆိုရင် တိကျရေရာမှုမရှိတဲ့အခါကျတော့ ဒါတွေလည်း ဥပဒေပိုင်းဆိုင်ရာအရမှာလည်း အခက်အခဲရှိနိုင်တယ်။ လတ်တလောအနေအထား သုံးသပ်မယ်ဆိုရင်တော့ ရွေးကောက်ပွဲကတော့ ရွှေ့ဆိုင်းဖို့ တောင်းဆိုနေကြပေမယ့် ရွေးကောက်ပွဲကို ဆက်လက်ကျင်းပသွားမယ်လို့တော့ ကျနော်တို့က အဲဒီလိုပဲထင်မြင်ယူဆပါတယ်။
ရွေးကောက်ပွဲကတော့ နိုင်ငံတနိုင်ငံရဲ့ အစိုးရတရပ်ကို တင်ပြတဲ့ဖြစ်စဉ်ဆိုတော့ အစိုးရတရပ် အသစ်ပေါ်လာဖို့ကတော့ ရွေးကောက်ပွဲကို ကျင်းပဖို့တော့ လိုမယ်။
ရွေးကောက်ပွဲကတော့ နိုင်ငံတနိုင်ငံရဲ့ အစိုးရတရပ်ကို တင်ပြတဲ့ဖြစ်စဉ်ဆိုတော့ အစိုးရတရပ် အသစ်ပေါ်လာဖို့ကတော့ ရွေးကောက်ပွဲကို ကျင်းပဖို့တော့ လိုမယ်။ အဲဒီတော့ လတ်တလောအနေနဲ့ ရောဂါဖြစ်ပွားမှုနှုန်း အခြေအနေအရ ဆိုရင်တော့ ရွေးကောက်ပွဲကို ဆက်လက်ကျင်းပသွားမယ်လို့ အဲဒီလိုပဲ မြင်တယ်။
ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ အမိန့်တွေ ညွှန်ကြားစာတွေလည်းရှိတယ်။ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားတဲ့ အမိန့်တွေ ညွှန်ကြားစာတွေလည်းရှိတယ်။ အဲဒီအနေအထားမှာဆိုတော့ မဲဆွယ်စည်းရုံးရတာတော့ အကန့်အသတ်ဖြစ်တယ်။ အဲဒီ မဲဆွယ်စည်းရုံးမှုကို အကြောင်းပြုပြီးမှ ဥပဒေကြောင်းအရ အရေးယူခံရမယ့် ပုံစံမျိုးတွေကို ကျနော်တို့စိုးရိမ်တယ်။
ဆိုလိုတာက ကိုယ်စားလှယ်လောင်းတယောက်ဟာ ဥပမာ လူ ၅၀ ပဲခွင့်ပြုတာကို သူက လူ ၆၀ လောက်ဖြစ်သွားမှာတို့၊ တချို့နေရာတွေမှာ နှာခေါင်းစည်းမလုံလောက်လို့ ဒီအတိုင်းမဲဆွယ်စည်းရုံးမိတာတို့ အဲဒီလိုမျိုး အသေးအဖွဲလေးတွေနဲ့ ကိုယ်စားလှယ်လောင်းရဲ့ အရည်အချင်းတွေကို သွားပြီးထိခိုက်စေမယ့်ဟာမျိုးတွေဖြစ်မှာကို ကျနော်တို့က စိုးရိမ်တယ်။
ကိုဗစ်ကာလဖြစ်နေတဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအနေနဲ့တော့ အများကြီးအခက်အခဲဖြစ်စေတယ်။ ပြည်သူလူထုနဲ့ထိတွေ့တဲ့နေရာမှာ ကျနော်တို့က အများကြီး အားစိုက်ရတယ်။ အများကြီး အချိန်ပေးရတဲ့ သဘောမျိုးတွေ ဖြစ်သွားတယ်။ ကြားထဲမှာ ရွေးကောက်ပွဲကော်မရှင်က ညွှန်ကြားချက်တွေက အဆက်မပြတ်ထုတ်နေတော့ ဒါတွေကြည့် ပြီးမှ လုပ်ရတဲ့အခါကျတော့ ကျနော်တို့ရဲ့ မဲဆွယ်စည်းရုံးတဲ့ ပုံစံတွေက သိပ်ပြီးမှ လွပ်လပ်မှုမရှိတဲ့သဘောမျိုး ကျနော်တို့က အဲလိုခံစားရတယ်။
You may also like these stories:
ကသာနှင့်ဝန်းသိုတွင် NLD ပါတီက မဲဆွယ်ခြင်းလုပ်ငန်း ယာယီရပ်ဆိုင်းထား
ကိုဗစ်လှိုင်းကြားက ရွေးကောက်ပွဲ လုံခြုံစိတ်ချရမလား