နိုဝင်ဘာ ၈ ရက်၌ ကျင်းပမည့်၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်နယ်အသီးသီးရှိ တိုင်းရင်းသား ပါတီများမှ ဝါရင့် နိုင်ငံရေးသမားများ အပြင် မျက်နှာသစ် အမျိုးသမီး ကိုယ်စားလှယ်လောင်းများလည်း ဝင်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ် သည်။
အမျိုးသမီး မျက်နှာသစ် ကိုယ်စားလှယ်လောင်းများ အနေဖြင့် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ရခြင်း၏ ရည်ရွယ်ချက်၊ သက် ဆိုင်ရာ ဒေသများအတွက် လုပ်ဆောင်ပေးလိုသည့် ကတိကဝတ်များနှင့် ပတ်သက်၍ ဧရာဝတီ အကြီးတန်း သတင်း ထောက် နန်းလွင်နှင်းပွင့်မှ အမျိုးသမီး ကိုယ်စားလှယ်လောင်း အချို့ကို ဆက်သွယ် မေးမြန်းထားသည်။
ဒေါ်နန်းခမ်းချို
ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း၊ ဆီဆိုင်မြို့နယ်
ပြည်ထောင်စု ပအိုဝ်း အမျိုးသား အဖွဲ့ချုပ် ပါတီ (UPNO)
ကျမသာ ဆီဆိုင်မြို့ရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အနေနဲ့ အနိုင်ရရှိခဲ့မယ်ဆိုရင် ရည်ရွယ်ချက်က ၄ ခု ရှိပါတယ်။ အဓိက ကတော့ ကျမလည်း တိုင်းရင်းသူ တယောက် ဖြစ်တယ်။ ဆီဆိုင်မှာက လူမျိုး တမျိုးတည်း ရှိတာ မဟုတ်ဘူး။ ပအို့ဝ်တွေလည်း ရှိတယ်။ ရှမ်း၊ လီဆူ၊ ကယန်း၊ ချင်းတွေ အများကြီး ရှိတယ်။ ဗမာတိုင်းရင်းသားတွေလည်း ရှိတယ်။ များ သောအားဖြင့် တိုင်းရင်းသားတွေ လက်နက်ကိုင်ပြီး ဘာလို့ တော်လှန်နေလဲဆိုတော့ တိုင်းရင်းသား အခွင့်အရေး အရမ်း ဆုံးရှုံးနေတယ်။ တိုင်းရင်းသားတွေရဲ့ နယ်မြေတွေမှာ ဖိနှိပ်မှုတွေ အများကြီး ရှိနေတယ်။
အကယ်၍ ကျမ အနိုင်ရရှိခဲ့မယ်ဆိုရင် ကိုယ့်လူနည်းစု တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်ပေးတဲ့ ဥပဒေ တွေ တော်တော်များများ ပေါ်ထွန်းလာအောင် ကျမ ကြိုးစားချင်တယ်။ ဥပမာ- မြေယာဥပဒေကို ပြန်ကြည့်လိုက်မယ် ဆို ရင် တိုင်းရင်းသားတွေကို ကာကွယ်ပေးတဲ့ အချက်က တော်တော် နည်းတယ်။ ပြုလိုက်တဲ့ ဥပဒေ တော်တော်များများက တိုင်းရင်းသားတွေရဲ့ ဒေသမှာ မကိုက်ညီတာတွေ အရမ်းများတယ်။ တိုင်းရင်းသားတွေရဲ့ ဓလေ့ထုံးတမ်းတွေကို ကာကွယ် ပေးပြီး အခွင့်အရေးတွေကို အကာကွယ်ပေးတဲ့ ဥပဒေတွေ ပေါ်ထွန်းလာအောင် ကျမ ကြိုးစားချင်တယ်။ ဒါက တချက်ပါ။
နောက်တချက်က ကျမက လူငယ်ဖြစ်တယ်။ အမျိုးသမီးလည်း ဖြစ်တယ်။ ကျမတို့ရဲ့ ပအို့ဝ်မှာဆိုရင် ဓလေ့ထုံးတမ်း အရမ်း ကြီးတယ်။ ကျမတို့ နိုင်ငံရေးလို့ ပြောရင် အမျိုးသမီးတွေရဲ့အရေးကိုလည်း ချန်လှပ်ထားလို့ မရဘူး။ ဒီမိုကရေစီမှာ လူအများစုရဲ့ သဘောနဲ့ အုပ်ချုုပ်တယ်ဆိုပေမယ့် လူနည်းစုရဲ့ အခွင့်အရေးကို ကာကွယ်ပေးရတယ်။ မြန်မာနိုင်ငံကို ပြန်ကြည့်ရင် အမျိုးသမီးရဲ့ ဦးရေသည် အမျိုးသားတွေထက် ထက်ဝက်ကျော်တောင် ရှိတယ်။ လူနည်းစု မဟုတ်ဘဲ လူများစု ဖြစ်နေတဲ့ အမျိုးသမီးတွေတောင်မှ အသံကို ကိုယ်စားပြုပေးမှုက အရမ်း နည်းတယ်။
ဥပမာ ကျမတို့ရဲ့ ပအို့ဝ် အမျိုးသမီးဆိုရင် ပြန်ကြည့်လိုက်ရင် ရပ်ရွာ အစည်းအဝေးမှာတောင် သိပ်မတက်ကြဘူး။ တက် မယ်ဆိုရင်တောင် ဆွေးနွေးတာတွေ မရှိဘူး။ ဒီတိုင်းလေး လာပြီး နားထောင်နေတာပဲ ရှိတယ်။ နောက်တခုက ရပ်ရွာရဲ့ အခြေအနေမှာ ရွာသူကြီး ဖြစ်တဲ့ အမျိုးသမီး လုံးဝ မရှိဘူး။ သမိုင်းတလျှောက်ပဲ လုံးဝ မရှိခဲ့ဘူး။ အုပ်ချုပ်ရေးမှူးလည်း အမျိုးသမီး မရှိဘူး။ ပြီးခဲ့တဲ့ ကိုယ်စားလှယ်တွေမှာလည်း အမျိုးသမီး တယောက်မှ ပါမနေဘူး။ အကယ်၍ ကျမသာ ကိုယ် စားလှယ်အဖြစ် ရွေးခံရမယ်ဆိုရင် ဆီဆိုင်မြို့က အမျိုးသမီး အရေးကိုလည်း ကိုယ်စားပြု လုပ်ဆောင်ပေးချင်ပါတယ်။
အမျိုးသမီးတွေ အကြမ်းဖက်ခံရတဲ့ ကိစ္စတွေမှာဆိုရင် ကျမတို့ ရပ်ရွာမှာက ပြဿနာလို့ မမြင်နေတာက တချက်ပါ။ အမျိုး သမီးတွေကို တကယ် ကာကွယ်ပေးတဲ့ ဥပဒေတွေ ပေါ်လာအောင်လည်း ကျမ ကြိုးစားချင်တယ်။ နောက် ဒေသရဲ့ လို အပ်ချက်အရ ကြည့်မယ်ဆိုရင်လည်း ကျမ ရည်ရွယ်ချက် ၄ ခုက အပေါ်က ပြောတဲ့၂ ချက်လည်း ပါပါတယ်။ နောက် တိုင်း ရင်းသား ဒေသတွေမှာ မူးယစ်ဆေးကလည်း ပြဿနာကြီးပါ။ ဒီပြသနာကိုလည်း ထိထိရောက်ရောက် လုပ်ဆောင်နေတာ တွေ မရှိဘူး။
အထူးသဖြင့် လူငယ်တွေ မူးယစ်နွံထဲ နစ်နေတာကို သူတို့ဘဝ ဖွံ့ဖြိုးတိုးတက်အောင်လည်း ကြိုးစားပေးချင်တယ်။ နောက် တခုက ပညာရေးပါ။ ကျမတို့ ဆီဆိုင်မှာ ရွာပေါင်း ၃၂၂ ရွာ ရှိပါတယ်။ အခြေခံ မူလတန်းကျောင်းက ၁၅၀ ကျော် ရှိပါ တယ်။ အလယ်တန်းကျောင်း အပါအဝင် လယ်ခွဲက စုစုပေါင်းက ၁၈ ကျောင်း လောက်ပဲ ရှိတယ်။ ရွာပေါင်း ၃၂၂ ရွာမှာ ၁၈ ကျောင်းပဲ ရှိပါတယ်။ တရွာနဲ့တရွာက အရမ်း အလှမ်းဝေးတယ်။ လမ်းပန်းဆက်သွယ်ရေးရော လုံခြုံရေးရော မကောင်း တဲ့ ဒေသ ဖြစ်ပါတယ်။ အညိုရောင်နယ်မြေ ဖြစ်နေသေးတယ်။ ပညာရေးပိုင်းရဲ့လက်လှမ်းမီမှုက လိုနေသေးတယ်။ ဒါကို လည်း ကျမ ကြိုးစားပြီး လုပ်ဆောင်ပေးချင်ပါတယ်။
နောက်တချက်က တိုင်းရင်းသား နယ်မြေမှ မဟုတ်ဘူး။ စိုက်ပျိုးရေးကို ကျမတို့နိုင်ငံက အဓိက လုပ်ကိုင်ကြတယ်။ ကျမတို့ ပအို့ဝ် ဒေသမှာလည်း တောင်သူတွေ များတယ်။ အဓိက မြေကိုပဲ အားကိုးပြီးတော့ အသက်မွေးဝမ်းကျောင်းနေကြတယ်။ မြေသည် တောင်သူတွေရဲ့ အသက်သွေးကြောပါ။ လက်ရှိ ဆီဆိုင်မှာဆိုရင် မြေဧကပေါင်း ၅ သိန်းကျော်ထဲမှာ တောင်သူ တွေ စိုက်တာက ၇ သောင်းကျော်ပဲ ရှိပါတယ်။ မြို့နဲ့ လမ်းဧရိယာ သုံးတာက စုစုပေါင်း ၈သောင်း ကျော်ပဲ ရှိပါတယ်။ ကျန်တဲ့ မြေတော်တော်များများသည် မြေလွတ်မြေရိုင်းနဲ့ သစ်တောမြေပဲ ဖြစ်ပါတယ်။
နောက်စိုက်ပျိုးမြေထဲမှာမှ သိမ်းခံရတဲ့ သိမ်းမြေက ၂၀၀၀ ကျော် ရှိပါတယ်။ တောင်သူတွေ အဓိက စိုက်ပျိုးနေတဲ့ မြေက အရမ်းနည်းနေတယ်။ တော်တော်များများက မြေလွတ်မြေရိုင်းတွေ ဖြစ်ကုန်တယ်။ ဒေသရဲ့ အခြေအနေကို ပြန်ကြည့်ရင် မြေလွတ်မြေရိုင်းက ပြန်မရှိနေပါဘူး။ ကျမသာ ကိုယ်စားလှယ် ဖြစ်ခဲ့မယ်ဆိုရင် တောင်သူတွေ ကိုယ့်မြေကို စိတ်တိုင်းကျ ကိုယ့်မြေမှာ ကိုယ်ကြိုက်တာကို စိုက်နိုင်အောင် သူတို့ကို တကယ်ကာကွယ်ပေးတဲ့ ဥပဒေ ပေါ်ထွန်းလာအောင် ကျမ လုပ် ဆောင်ပေးချင်ပါတယ်။
မြေယာ၊ ပညာရေး ကဏ္ဍ၊ မူးယစ်ဆေးဝါးနဲ့ လူငယ်၊ အမျိုးသမီး ၊ ဒီ၄ ချက်ကို ကျမ လုပ်ဆောင်ပေးပါမယ်။ လိုအပ်တဲ့ ဥပဒေတွေ ပေါ်လာပြီး ထိရောက်အောင်လည်း ကျမ စွမ်းဆောင်ပေးချင်ပါတယ်။
မိစန္ဒာနန်
ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၁)၊ ကျိုက်မရောမြို့နယ်
မွန်ညီညွတ်ရေး ပါတီ (MUP)
ကျမမှာက အဓိက ရည်ရွယ်ချက်၂ ချက် ရှိပါတယ်။ ပထမ တချက်က ဒေသခံတွေရဲ့အခက်အခဲတွေကို လက်တွဲပြီး အတူ ရင်ဆိုင်မယ်။ ပြည်သူရဲ့ အသံက လွှတ်တော်ရဲ့ အသံ ဖြစ်ဖို့ပါ။ ဒုတိယ အချက်ကတော့ ပထမ တချက်ထဲမှာပဲ ကျမတို့ ဒေ သမှာ မူးယစ်ဆေးက အဓိကပစ်မှတ် လူငယ်တွေကို ဖြစ်နေတယ်။ လူငယ်တွေရဲ့၇၀ ရာခိုင်နှုန်းက မူးယစ်ဆေးသုံးနေကြ တယ်။ အဓိက မူးယစ်ဆေး သုံးစွဲမှု လျော့ကျအောင် ပြည်သူနဲ့ လက်တွဲပြီး ပပျောက်အောင် ကျမတို့ မလုပ်နိုင်ရင်တောင် လျော့ကျသွားအောင် ဘယ်လို နည်းလမ်းတွေနဲ့ လုပ်မလဲ။ လွှတ်တော်ဘက်ကရော ဘာတွေ ပံ့ပိုးကူညီနိုင်မလဲ ဆိုတာက တော့ တချက်ပါ။
နောက်တချက်က ကျတော့ ကျမတို့ ကျိုက်မရောမှာ မိုးကြီးရင် ရေကြီးပါတယ်။ သဘာဝ ပတ်ဝန်းကျင်ပိုင်းပေါ့။ အဲဒါကို ရော ဘယ်လို ကာကွယ်မှုတွေ လုပ်မလဲ။ ဒီရာသီဥတုတွေကြောင့် စပါးတွေ စိုက်ရတာ တော်တော် ခက်တယ်။ စိုက်ပျိုးရေး ကဏ္ဍတွေလည်း အခက်အခဲ ဖြစ်တယ်။ ဒါကို ပြည်သူကို ဘယ်လို ပံ့ပိုးနိုင်မလဲပေါ့။ နောက် သဘာဝ ပတ်ဝန်းကျင်က ကျိုက်မရော မြို့နယ်၊ အထ္ထရံ မြစ်ဘေးမှာနေတဲ့ ရွာတွေက မြစ်ကမ်းနံဘေးမှာနေတဲ့ ရွာတွေက ဘိလပ်မြေစက်ရုံက ထုတ် လာတဲ့ အညစ်အကြေးတွေ ဒဏ်ကို ခံနေရတယ်။ ဒါတွေကိုလည်း ပြည်သူတွေနဲ့ ရပ်တည်ပြီး ဘိလပ်မြေစက်ရုံမှာ သုံးနေ တဲ့ လောင်စာဆီကို ကျောက်မီးသွေးအစား အခြား လောင်စာဆီကို အသုံးပြုဖို့ အဆိုတင်သွင်းဖို့ ရည်ရွယ်ထားပါတယ်။
နိုင်ငံရေးထဲမှာ အမျိုးသမီးတွေ ပါဝင်နှုန်းပါအောင်၊ နောက်တချက်က အမျိုးသမီးတွေ စိတ်ဝင်စားလာအောင် လွှတ်တော် ထဲမှာ အမျိုးသမီးအသံတွေ များများ ပါလာအောင်လည်း လုပ်ဆောင်ဖို့ ရှိပါတယ်။ အမျိုးသမီးတွေ နိုင်ငံရေးကဏ္ဍတွေမှာ ပိုပါဝင်လာအောင်လည်း လုပ်ဆောင်ဖို့ ရှိပါတယ်။ ဘာလို့လဲဆိုတော့ နိုင်ငံရေးမှာ အမျိုးသားတွေပဲ ပိုများတယ်။ ကျမက ပါတီမှာလည်း လူငယ်တာဝန်ခံ ဖြစ်ပါတယ်။ အဲဒါကြောင့် အမျိုးသမီးလူငယ်တွေလည်း ပါဝင်ဖို့ ကြိုးစားသွားပါမယ်။
ကျမတို့ မွန်မှာက အမျိုးသမီးအဖွဲ့တွေလည်း အများကြီး ရှိပါတယ်။ ဒါပေမယ့် နိုင်ငံရေးမှာကျတော့ ပါဝင်ဖို့က စိန်ခေါ်မှု အကြီးကြီး ရှိပါတယ်။ အမျိုးသမီး ပါဝင်နှုန်းက အရမ်း အားနည်းတယ်။ နိုင်ငံရေးကို စိတ်ဝင်စားအောင် အများကြီး လုပ်ဖို့ လိုတယ်။ လက်တွဲခေါ်ဖို့ လိုတယ်။ အဓိက ဆုံးဖြတ်ချက်ချတဲ့ နေရာတွေမှာလည်း အရေးကြီးတယ်။ အမျိုးသမီးတွေ ပါဝင် နိုင်အောင်ပါ။ ဒါကလည်း စိန်ခေါ်မှုကြီး တခုပါ။ အဓိက အမျိုးသမီးတွေ ပါဝင်လာရင် အမျိုးသမီးတွေက အမျိုးသားတွေ ထက် ပိုသဘောထားကြီးတယ်။ မိခင်စိတ်ရှိလို့ ပိုစိတ်ရှည်တယ်။ ငြိမ်းချမ်းရေးပိုင်း ဆိုရင်လည်း ပိုထိရောက်မှု ရှိမယ်။ ဆုံး ဖြတ်ချက်တွေ ချရင်လည်း ညှာတာမှု၊ ငဲ့ညာမှု ရှိမယ်။ အမျိုးသမီးတွေ ပါလာရင် ငြိမ်းချမ်းရေးလည်း ပိုအားကောင်းလာ မယ်လို့ ထင်ပါတယ်။
ဆိုင်းနူးပန်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း၊ မြစ်ကြီးနားမြို့နယ်
ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP)
အရင်တုန်းကတော့ ကျမက ပြိုင်ဖို့ အစီအစဉ် မရှိဘူး။ ကျမက လူငယ်တယောက်လည်း ဖြစ်တယ်။ ကချင် တိုင်းရင်းသူ တယောက်လည်း ဖြစ်တယ်။ စစ်ဘေးရှောင်တဦးလည်း ဖြစ်တယ်ဆိုတော့၂၀၁၂ ကနေ အခု၂၀၂၀ အထိ လူငယ်အရေး၊ စစ်ဘေးရှောင်အရေးကို ကျမတို့ လှုပ်ရှားခဲ့တော့ ဒီမှာ ကြန့်ကြာတာတွေ ဖိနှိပ်မှုတွေ အများကြီး ကြုံခဲ့ရတယ်။ ကျမတို့ လူငယ်အသံက လွှတ်တော်မှာ လိုအပ်တယ်။ နောက် အမျိုးသမီးအရေးနဲ့ ပတ်သက်ပြီး အမျိုးသမီးတွေ ကိုယ်တိုင်က လွှတ်တော်မှာ ရောက်ဖို့ လိုအပ်တယ်။
ကိုယ်ကိုယ်တိုင်လည်း စစ်ဘေးရှောင် တဦး ဖြစ်တော့ စစ်ရဲ့ခါးသီးမှု ဒဏ်ကို ကျမ ခံခဲ့ရတယ်။ ဒီလိုမျိုး စစ်ဘေးရှောင် ပြည် သူတွေရဲ့ အသံက လွှတ်တော်မှာ ပြောဆိုပေးနိုင်တာတွေက မတွေ့ရဘူး။ မြန်မာနိုင်ငံမှာက ၃၀ နဲ့ ၄၀ ကြား ရာခိုင်နှုန်းက လူငယ်တွေ ဖြစ်တယ်။ ဒါပေမယ့် လူငယ်တွေရဲ့ပညာရေး၊ ကျန်းမာရေးက ဖွံံ့ဖြိုးတိုးတက်မှုတွေ မရှိဘူး။ ကျမတို့ ကချင် ပြည်နယ်မှာလည်း ထိုနည်းလည်းကောင်းပဲ။ နောက်ပြီး မြန်မာနိုင်ငံမှာ အမျိုးသမီးက၂၈ သန်းကျော် ရှိတယ်။ အမျိုးသ ားက၂၅ သန်းကျော် ရှိတယ်။၂၈ သန်း ဆိုတာက ၅၀ ရာခိုင်နှုန်းကျော် ဖြစ်ပါတယ်။
ဒီလောက်ထိ လူဦးရေ ပမာဏ များပေမယ့် အမျိုးသမီးတွေရဲ့ မူဝါဒရေးရာ ဆိုတာ မြန်မာနိုင်ငံမှာ မရှိသေးဘူး။ အမျိုးသမီး ဆိုတဲ့ အခါမှာ မိခင်နဲ့ကလေး စောင့်ရှောက်မှုတော့ ရှိတယ်။ ဒါပေမယ့် ဒါက အုပ်စုတစုတည်း အတွက် ဖြစ်နေတယ်။ တကယ် ကျမတို့ လိုချင်တာက ကလေးကနေ အသက်ကြီးတဲ့ အဘွားထိ အကျုံးဝင်ရမယ်။
နောက် အထူးအလေးပေးရမယ့် အမျိုးသမီးတွေ ရှိတယ်။ အဓမ္မပြုကျင့်ခံရတဲ့ အမှုတွေပေါ့။ ကျမတို့ကချင်ပြည်နယ် ဆိုရင် တရုတ်ဘက်မှာ ရောင်းစားခံရတာ၊ အဓမ္မကျင့်ခံရတာ၊ ရွှေ့ပြောင်းလုပ်သားတွေ ဒါတွေကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါ တယ်။ အမျိုးသမီးအရေးနဲ့ ပတ်သက်လို့ ဖွံ့ဖြိုတိုးတက်ရေးတွေ လုပ်ဆောင်ပါမယ်။ နောက်ပြည်မ ပါတီတွေက တိုင်းရင်း သားအရေးနဲ့ ပတ်သက်ပြီး ပြောဆိုတာတွေ၊ နောက် သူတို့ပါတီရဲ့ မူဝါဒမှာကို တိုင်းရင်းသားအရေးနဲ့ ပတ်သက်ရင် မူဝါဒ တွေ မရှိတာကို တွေ့ရတော့ ကျမကိုယ်တိုင် တိုင်းရင်းသူတဦး ဖြစ်လို့ ခံစားရပါတယ်။
ကျမတို့ လိုချင်တဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်၊ တန်းတူရေးတွေက အခုထိ နှစ်ပေါင်း ၇၀ ကျော်လာပြီ ပြည် တွင်းစစ်ကလည်း မရပ်သေးဘူး။ ကျမတို့ တိုင်းရင်းသားတွေရဲ့ ပြဿနာကို ကိုယ်တိုင် ဖြေရှင်းဖို့ လွှတ်တော်မှာ ကျမတို့ ကိုယ်တိုင် ရောက်ပြီး အသံထွက်လာမှ ရမယ်ဆိုတာ ဖြစ်လာပါတယ်။ လွှတ်တော်မှာ အမတ်တွေ ရှိပေမယ့် ကချင်ပြည် နယ်က အရေးကို သိပ် လုပ်ဆောင်နိုင်တာ မတွေ့ရဘူး။ ဒီတော့ ကျမတို့ ပြည်နယ်သူ ပြည်နယ်သား ကိုယ်တိုင် ပါဝင်မှ လုပ်ဆောင်နိုင်ပါမယ်။ ဒီဟာတွေရဲ့ တွန်းအားပေးမှုကြောင့် ကျမက လွှတ်တော် နိုင်ငံရေးမှာ တရားဝင် ပါဝင်လာတာပါ။
ကျမက ပါတီကနေ ရွေးကောက်ပွဲ ကြေညာစာတမ်းလည်း ရှိတယ်။ တဖက်မှာ ကျမသာ လွှတ်တော် ကိုယ်စားလှယ် ဖြစ်လာရင် လုပ်မယ့် မူဝါဒတွေ ထားရှိထားပါတယ်။ ပထမ တချက်က လူငယ်တွေနဲ့ ပတ်သက်ပြီး လူငယ်မူဝါဒ ရေးရာ ကိစ္စကို လုပ်ဆောင်ပါမယ်။ ဒုတိယက ဘတ်ဂျတ် ခွဲဝေသုံးစွဲမှုကို မြှင့်တင်ဖို့ပါ။ ကျမတို့ ကချင်ပြည်နယ်က ကျောက်စိမ်း ထွက်တဲ့ ဒေသ ဖြစ်တယ်။ Global Witness ရဲ့ အစီရင်ခံစာကို ကြည့်လိုက်တဲ့အခါမှာလည်း တနိုင်ငံလုံးရဲ့ GDP ၄၀ ရာ ခိုင်နှုန်းက ကျောက်စိမ်းကနေ ထွက်နေတာ သွားတွေ့ရတယ်။
ဒီတော့ ဒီလောက်ထိ များတဲ့ ငွေပမာဏတွေက အမျိုးသား စီမံကိန်းတွေ ဆိုရင်လည်း နေပြည်တော်၊ ရန်ကုန်၊ မန္တလေးတို့ မှာပဲ လုပ်နေတဲ့ အပိုင်းတွေ တွေ့ရတယ်။ ကျမတို့ ကချင်ပြည်နယ်မှာ ကျတော့ မူဝါဒက အများကြီးပဲ။ ဒါပေမယ့် အခန်း ကဏ္ဍမျိုးစုံမှာတော့ ချွတ်ခြုံကျနေတာ တွေ့ရတယ်။ ကျမတို့ရဲ့ ဘတ်ဂျက်ခွဲဝေ သုံးစွဲမှုကို မြှင့်တင်နိုင်အောင် အခု ရတာ ထက် ၃ ဆ ရအောင် ကြိုးပမ်း လုပ်ဆောင်ပါမယ်။
နောက်တချက်က ကျမတို့ အမြဲပြောနေတဲ့ ငြိမ်းချမ်းရေးပါ။ စစ်ဘေးရှောင်တွေ အိမ်ပြန်တဲ့အခါ လူ့ဂုဏ်သိက္ခာနဲ့ အိမ် ရောက်တဲ့အခါလည်း အဆောက်အအုံတွေ ရှိဖို့ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ နိုင်ငံရေးနဲ့ စစ်ရေး အာ မခံချက်တွေ ရှိအောင် လုပ်ဖို့ ရှိပါတယ်။ နောက် နံပါတ် ၅ အချက်က ဖွဲ့စည်းပုံ ပြင်ဆင်ရေးပါ။ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပတ် သက်ရင် ပြည်မပါတီတွေရော ပြည်နယ်ပါတီတွေရောက အများကြီး ပြောနေကြပါတယ်။ ကျမတို့ကတော့ တပါတီတည်း ရဲ့ ဖွဲ့စည်းပုံ မဖြစ်စေရဘူး။ တိုင်းရင်းသားတွေ အားလုံး လိုချင်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ တန်းတူညီမျှ အုပ်ချုပ်ခွင့်တွေ ရှိတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ဖွဲ့စည်းပုံကို ရအောင် ကြိုးစားပါမယ်။
နောက်ဆုံးအချက်ကတော့ လာဘ်ပေးလာဘ်ယူ ကိစ္စပါ။ ကျမတု့ိ နိုင်ငံ၊ ပြည်နယ် ဖွံ့ဖြိုးတိုးတက်ဖို့ အထူးအလေးထားပြီး လုပ်ဆောင်ရမယ့် အချက်ပါ။ ကျမက ဒါတွေကို အဓိက လုပ်သွားဖို့ ရည်ရွယ်ချက် ရှိပါတယ်။
အယ်ဗလင်း
ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) ကိုယ်စားလှယ်လောင်း၊ ဖရူဆိုမြို့နယ်
ကယားပြည်နယ် ဒီမိုကရက်တစ် ပါတီ (KySDP)
ကျမက အရင်က တက်ကြွလှုပ်ရှားသူအဖြစ် ပါဝင် လှုပ်ရှားတယ်။ ဒီ ၅ နှစ်တာကာလမှာ NLD ရဲ့ အုပ်ချုပ်ရေးပုံကိုလည်း အများကြီး လေ့လာပါတယ်။ လေ့လာတော့ တိုင်းရင်းသား ဒေသတွေမှာ အပြောင်းအလဲ တခုဖြစ်ဖို့ တစုံတခု လုပ်ရတော့ မယ်။ တကယ် ပြင်ဆင်တဲ့ ကာလတွေလည်း လုံလုံလောက်လောက် ရှိနေပြီ။ တရားဝင် အခွင့်အရေးတွေကို ဥပဒေ လမ်း ကြောင်းကနေ လုပ်နိုင်ဖို့ ပါတီနိုင်ငံရေးကို ဝင်ပြီး အရွေးခံဖို့ ဆုံးဖြတ်ခဲ့တာပါ။
ကျမရဲ့ ဒေသက အရမ်းပဲ ဝေးလံခေါင်ဖျားတယ်။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတယ်။ လူနေထိုင်မှုကလည်း ကျန်တဲ့သူ တွေထက် အဆင့်နိမ့်တယ်။ ဒီအပေါ်မှာ အများကြီး လုပ်ရမယ်လို့ ယုံကြည်တယ်။ တဦးချင်း ဦးဆောင်မှုကို မလုပ်ဘဲ ဒေ သခံတွေ ဦးဆောင်မှုနဲ့ပဲ ဒေသကို ပြောင်းလဲအောင် လုပ်မယ်။ ဥပမာ ပြည်နယ်ရဲ့ ဘတ်ဂျက်၊ ရသုံးမှန်းခြေ ဘယ်လောက် ရှိလဲ။ ကိုယ့်ပြည်နယ်မှာ ဦးစားပေး (၁)၊ (၂)က ဘာတွေလဲ ဆိုတာတွေကို ဖွံ့ဖြိုးရေး အစီအစဉ်တွေကို ပြည်သူတွေနဲ့ ဆွဲ မယ်။ နည်းပညာ အထောက်အကူ ပြုပေးမယ်။ သူတို့ ဆုံးဖြတ်ချက် ချထားတဲ့ Master Plan ကိုပဲ ကျမက လွှတ်တော်ကို သယ်သွားပြီး တကယ့် မျှတတဲ့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေ လုပ်ဖို့ ဦးဆောင်သွားမယ်။
တဖက်မှာလည်း ဒေသမှာက ခေါင်းဆောင်တွေ ရှားပါးတယ်။ အဓိက အကြောင်းအရင်းက ပညာရေးနဲ့ ကျန်းမာရေးမှာ တော်တော်လေး ချွတ်ခြုံကျနေလို့ လူငယ်တွေရဲ့ ခေါင်းဆောင်မှုတွေ ဖွံ့ဖြိုးမှုတွေက ပိတ်နေတာ ဖြစ်တယ်။ ပညာရေးကို အခြေခံပြီး ကလေးသူငယ်နဲ့ လူငယ်တွေ ပိုပြီးတော့ ပညာရေးမှာ လေ့လာလိုက်စား နိုင်အောင် ပိုပြီးတော့ စိတ်ဝင်စားစရာ ပညာရေးကဏ္ဍ အနေနဲ့ ဖော်ဆောင်သွားမယ်။
လေ့လာတဲ့ အရာတွေကို မျှဝေပြီး တိုးတက်နိုင်တဲ့ အခွင့်အလမ်းကို ရှာပေးရင် ပညာရေးမှာ ပိုပြီး စိတ်ဝင်စားလာနိုင်မယ်။ လူငယ်တွေလည်း ပိုပါဝင်လာနိုင်မယ်။ ပညာရေးနဲ့ ကျန်းမာရေးကို ကျမက ဦးဆောင် ဆောင်ရွက်ချင်တယ်။ ဝေးလံခေါင် ဖျားတဲ့ ဒေသဖြစ်လို့ ပညာရေးနဲ့ ကျန်းမာရေးကို ထိထိမိမိ ရရှိအောင်ကို ကျမ ကြိုးစားမယ်။
နောက်တခုက နိုင်ငံရေးမှာ အမျိုးသမီးတွေ ပါလာတာနဲ့အမျှ အမျိုးသမီးတွေရဲ့ ခံစားခွင့်၊ လက်ရှိ အခြေအနေကို ဥပဒေ လမ်းကြောင်းနဲ့ ပြောနိုင်တာလည်း ပိုများသွားလိမ့်မယ်။ ဥပဒေ လမ်းကြောင်းမှာ အမျိုးသမီးတွေနဲ့ ပတ်သက်တဲ့ အခွင့် အလမ်း၊ အခွင့်အရေးတွေကို ဥပဒေ ပြုနိုင်ပြီဆိုရင် ကျန်တာကတော့ တော်တော်လေးကို အောက်ပိုင်းမှာကိုယ့်ရဲ့ နည်းနာ နဲ့ သွားလာနိုင်မယ့် အခြေအနေ ဖြစ်ပါတယ်။ အများစုဖြစ်တဲ့ အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေ ဥပဒေထဲ လွှတ်တော် ထဲမှာ ပါသွားရင် ပြုပြင်ပြောင်းလဲရေးတွေ အများကြီး လုပ်သွားနိုင်မယ်လို့ ကျမအနေနဲ့ ယုံကြည်ပါတယ်။
နောက်ကျမက အမျိုးသမီးတွေအတွက် မူဝါဒ ချထားပေးတဲ့ နိုင်ငံရေးပါတီတွေ အကြောင်းကို လေ့လာဖြစ်တယ်။ အမျိုး သမီးတွေကို အများကြီး ခေါ်ပြီး လေ့လာမှုတွေ လုပ်ကြတယ်။ တချို့နေရာမှာ ပါတီတချို့က အမျိုးသမီး ပါဝင်ရမယ် ဆိုတဲ့ မူဝါဒ တကြောင်းပဲ ရှိတယ်။ ဗျူဟာအနေနဲ့ ဘယ်လို အောင်နိုင်ခြေ ရှိတဲ့နေရာမှာ ရည်ရွယ်ချက်ရှိရှိ နဲ့သူတို့ကို ဘယ်လို သွင်းထားမယ် ဆိုတဲ့ ဗျူဟာ လုံးဝ မရှိဘူး။ အများစုကို တွေ့ရပါတယ်။ ပြောရမယ်ဆိုရင် အများစုက ဗျူဟာ မရှိဘူး။
ကျမတို့အနေနဲ့ ကယားပြည်နယ် ဒီမိုကရက်တစ် ပါတီကတော့ အိမ်ဖြည့်ဆိုတာထက်ကို ဒေသအပေါ် မူတည်ပြီး ဒေသက အောက်ခြေက အဆိုပြုပေးတဲ့ ကိုယ်စားလှယ်လောင်းတွေကို ပါတီက ဆုံးဖြတ်ချက် ချပေးရတာဆိုတော့ အခြားပါတီတွေ နဲ့ ကွဲပါတယ်။ ကျမတို့ပါတီမှာတော့ အိမ်ဖြည့်ရုံ အမျိုးသမီးတွေကို ထည့်တယ်ဆိုတာ မရှိပါဘူး။ သို့ပေမယ့် အမျိုးသမီး တွေ ရာခိုင်နှုန်းပြည့်ပြည့် ပါဝင်လာဖို့ ဗျူဟာကျကျ ရေးဆွဲထားတာကတော့ တော်တော်လေးကို အားနည်းနေပါသေး တယ်။
ဒေါ်နန်းစေးဟွာ
ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် (၁) ကိုယ်စားလှယ်လောင်း၊ ဘားအံမြို့နယ်
ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ (KNDP)
အမျိုးသမီးတွေဆိုတာ မီးဖိုချောင်မှာ ကိုယ့်ကိုယ်ကိုယ် အိမ်ရှင်မအနေနဲ့ပဲ တာဝန်ရှိတယ်လို့ ထင်ကြတယ်။ ကျမတို့က အမျိုးသားတွေနဲ့ တန်းတူ နိုင်ငံရေးတွေမှာ ပါဝင်နိုင်တယ် ဆိုတာလည်း သိစေချင်တာ တချက်ပါ။ နောက်တချက်က အမျိုး သမီးတွေ နိုင်ငံရေးမှာ ပါဝင်လာခြင်းအားဖြင့် အမျိုးသမီးတွေရဲ့ အခွင့်အရေး၊ ကလေးသူငယ်တွေရဲ့ အခွင့်အရေး၊ ငြိမ်း ချမ်းရေး ဒါတွေကို ပိုပြီး ပြောနိုင်ဆိုနိုင်မယ်လို့ ကျမအနေနဲ့ ယူဆတယ်။ အဲဒါကြောင့် ဒီအခွင့်အရေးတွေကို တောင်းဆို နိုင်ဖို့ ကိုယ်တိုင်ကိုယ်ကျ ပါဝင်နိုင်ဖို့ လွှတ်တော်အတွက် ဝင်အရွေးခံရခြင်း ဖြစ်ပါတယ်။
နိုင်ငံရေးမှာ အမျိုးသမီးတွေ ပါဝင်ခြင်း၊ မပါဝင်ခြင်းက ကွာခြားမှု အရမ်း သိသာပါတယ်။ အမျိုးသမီးတွေ ပါဝင်လာခြင်း အားဖြင့် ဒီအမျိုးသမီးအရေးနဲ့ အမျိုးသမီးတွေ အကြမ်းဖက်ခံရတာမျိုးတွေ ပိုလုပ်နိုင်မယ်။ အမျိုးသမီးတွေအတွက် အကြမ်း ဖက်ခံရရင် ကာကွယ်တားဆီးမှုနဲ့ အရေးယူပေးနိုင်မယ့် ဥပဒေတွေ ပြဋ္ဌာန်းထားပြီး ဖြစ်ပေမယ့် တကယ့်ကို ထိရောက်တဲ့ ဥပဒေ ကျေကျေနပ်နပ်ဟာ မရှိပါဘူး။ ပိုပြီး ထိရောက်တဲ့ ပြစ်မှုပြစ်ဒဏ် ဖြစ်ဖို့ တောင်းဆိုမယ်။ အမျိုးသမီးတယောက်က လွှတ်တော်ကို ရောက်လာပြီဆိုရင် သူ့ရဲ့ပြည်နယ်ဒေသမှာ အမျိုးသမီးတွေ ဘဝ လုံခြုံမှုရဖို့ စစ်ရေးပဋိပက္ခကြောင့် အမျိုး သမီးတွေ ထိခိုက်ရမှုကိုလည်း ကျမတို့ ပြောခွင့်၊ တင်ပြခွင့် ရမယ်။ နောက် အလုပ်အကိုင် အခွင့်အလမ်းပေါ့။
အမျိုးသမီးတွေက တန်းတူ အခွင့်အရေး ရပါတယ်လို့ နိုင်ငံတော် ပြဋ္ဌာန်းချက်တွေမှာ ပါပြီးသားဖြစ်ပေမယ့် တကယ့် တကယ် အမျိုးသမီးတွေက နောက်တလှမ်း ဆုတ်ပြီး နေနေရတာ ရှိပါတယ်။ ကျမတို့က ဘာသာရေးမှာ တန်းတူကိုတော့ မဆိုလိုပါဘူး။ အလုပ်အကိုင် အခွင့်အလမ်းမှာ အမျိုးသမီးတွေက အမျိုးသားတွေထက် အားသွန်ခွန်စိုက် လုပ်ပေမယ့် တက္ကသိုလ် တက်တာကအစ အမှတ်တွေကို အမျိုးသမီးကိုကျ အများကြီး ခွာထားတာ တွေ့ရတယ်။ တန်းတူ အခွင့်အရေး တွေ ပေးသင့်တယ်။ ကျမတို့က တောင်းဆိုရမှာပဲ။ ၅ နှစ် တကြိမ် တက်လာမယ့် အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ် တွေက ဒါတွေကို တောင်းဆိုရမှာပဲ။
အမျိုးသမီးဖြစ်လို့ ခွဲခြားခံရတာလည်း ကြုံဖူးပါတယ်။ ကျမတို့အနေနဲ့ ကိုယ်စားလှယ်လောင်း ရွေးချယ်တဲ့အခါမှာ အမျိုး သားတွေကို ပိုပြီး ဦးစာပေး ရွေးချယ်တယ်။ အမျိုးသမီးကိုကျ သူတို့ မဝင်ချင်တဲ့ နေရာကို ပေးပြိုင်တယ်။ ခံစားရတယ်။ ကျမဆိုလည်း မဲဆန္ဒနယ် ဦးစားပေး(၁) တင်လိုက်တယ်။ ကျမ မရဘူး။ သူများရတယ်။ ဆိုတော့ သူတို့ ပါတီ မူဝါဒထဲမှာ တန်းတူ အခွင့်အရေးရှိတယ်။ ပြောပေမယ့် အဲဒီနေရာမှာ ရှိကိုရှိနေတယ်။ ကျမ ခံစားရတာပါ။ ကျမက ဘားအံ ပြည်နယ် မဲဆန္ဒနယ် (၁) ကိုယ်စားလှယ်လောင်းပါ။
အစကတော့ ကျမရဲ့ဇာတိမြေ ဖြစ်တဲ့ မဲဆန္ဒနယ် (၂)ကို ရွေးထားတာပါ။ (၂)ကို ရွေးခဲ့ပေမယ့် (၁) ကို ပြန်ရောက်တာက ကျမတို့ ပြိုင်ဘက်လို့ သတ်မှတ်ခံရတဲ့ နေရာက အမျိုးသားတွေက အမျိုးသမီးနဲ့ မပြိုင်ချင်ဘူး။ အဲဒါကြောင့် ဒီဘက်ကို ဝင်ပြိုင်ရခြင်း ဖြစ်ပါတယ်။ အခုကျတော့ ကျမတို့က ဝန်ပိုလေးတာပေါ့။ ကျမရဲ့ မဲဆန္ဒနယ်နဲ့စာရင်တော့ ဝန်ပိုလေးတာပေါ့။ ဒါပေမယ့် လူထုတွေက ကိုယ့်ကို မဲပေးလို့ပဲ လိုအပ်တာဆိုတော့ ကျမအတွက် ခက်တော့ မခက်ခဲလောက်ပါဘူး။
မိုင်လင်းလင်းထွန်း
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း၊ မတူပီမြို့နယ်
ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ (CNLD)
ကျမက ချင်းပြည်နယ် ဖွံ့ဖြိုးရေးကို အရမ်းလုပ်ချင်တယ်။ အပြင်ကနေ လုပ်တော့ သိပ်အဆင်မပြေဘူး။ မူဘောင်တွေက ကန့်သတ်ချက်တွေ ရှိတယ်။ ကျမအနေနဲ့ လွှတ်တော်ထဲမှာ ဝင်ပါရင် ဒီထက်မက ပိုလုပ်နိုင်မယ်လို့ ယုံကြည်တယ်။ လူငယ်အသံ၊ အမျိုးသမီးတယောက်ရဲ့ အသံက လွှတ်တော်ထဲမှာ လိုအပ်တယ်လို့ ကျမ ထင်တယ်။ လိုအပ်တယ်လို့ ထင် လို့ ရွေးကောက်ပွဲကို ကျမ ဝင်ပြိုင်တာပါ။ ဒါပေမယ့် ကျမတို့ ချင်းပြည်နယ်မှာ ဖွံ့ဖြိုးရေးပိုင်းက တအား လိုအပ်နေတယ်။ နောက် ပညာရေးကဏ္ဍပါ။ ဒီမှာက တအားကို အခြေအနေ ဆိုးနေတာပါ။ ကျမဆိုလည်း တတ်နိုင်သလောက် ပညာရေး ကဏ္ဍမှာ ဆရာ၊ ဆရာမတွေရဲ့ စွမ်းရည်မြှင့်တင်ရေးအတွက် တောက်လျှောက် သင်တန်းတွေ လိုက်ပေးဖြစ်ပါတယ်။
ကျမတို့ပြည်နယ်က ဖွံ့ဖြိုးရေးအတွက် လိုအပ်နေတဲ့ ပြည်နယ်တခုပါ။ အထူးသဖြင့် ကျမ ရွေးကောက်ပွဲမှာနိုင်ရင် ကျမ လုပ် ပေးချင်တာက ပညာရေးကဏ္ဍကို သေသေချာချာ လုပ်ချင်ပါတယ်။ ကျမတို့ဘက်မှာက ပညာရေး အခြေအနေက အရမ်း ဆိုးလို့ပါ။ ဒေသအခြေအနေကြောင့်လည်း ဒါမျိုး ဖြစ်တာ ဖြစ်နိုင်ပါတယ်။ ကျမက မူဝါဒပိုင်းမှာ ပြုပြင်ပြောင်းလဲဖို့အတွက် သွားချင်ပါတယ်။
နောက်တခုက အမျိုးသမီးနဲ့ လူငယ်ကဏ္ဍပါ။ ဒီဘက်က လူငယ်တွေမှာ ဘွဲ့ရတယ် အလုပ်မရှိဘူး။ ဒီလိုကဏ္ဍတွေကို ပြုပြင်ပြောင်းလဲဖို့လုပ်ချင်ပါတယ်။ နောက် အမျိုးသမီး အခွင့်အရေးပါ။ ချင်းပြည်နယ်မှာက ကျမတို့ရဲ့ ရိုးရာထုံးတမ်းဓလေ့ ဆိုင်ရာ ဥပဒေတွေကြောင့် အမွေရမယ့်နေရာမှာ အမျိုးသမီး မိန်းကလေးဖြစ်လို့ မရတာတွေက အခုထိ ရှိပါတယ်။ နောက် တခုက အမျိုးသမီးနဲ့ အမျိုးသား အိမ်ထောင်ကွဲရင်လည်း ရပိုင်ခွင့်တွေကို မရတာတွေ ရှိပါတယ်။ ရသင့်သလောက် မရ တာတွေကို ကျမတို့က ဥပဒေတွေ ထပ်ပြင်ပေးရင် ကောင်းမယ်။ ဒီ အစီအစဉ်တွေတော့ ရှိပါတယ်။
အခု မဲဆွယ်စည်းရုံးတဲ့ ကာလမှာတော့ ကျမအတွက် အဆင်မပြေတာ ရှိတယ်။ အခု ရက်ပေါင်း ၆၀ ရတဲ့အထဲမှာ မတူပီ မြို့နယ်က ရွာပေါင်းက ၁၀၀ ကျော်တယ်။ အဲဒီ ၁၀၀ ကျော်ကို ရက်ပေါင်း ၆၀ နဲ့ ပြေးရတာပေါ့။ နောက်တရွာနဲ့တရွာက အနည်းဆုံး ၁၀ မိုင်ကနေ မိုင် ၃၀ ထိ ဝေးတယ်။ မိုးရာသီဖြစ်တော့ လမ်းပန်းဆက်သွယ်ရေး ခက်တယ်။ ဒီနေ့ဆို ကျမ ၂ ရွာဝင်တော့ လမ်းက အင်မတန်မှ ဆိုးတယ်။ ကားလည်း သွားမရတော့ ရွံ့ဗွက်ကြားမှာ ဆိုင်ကယ်နဲ့ သွားရတယ်။ ဖုန်းက လည်း လိုင်းမကောင်းလို့ မမိလို့ ကြိုဆက် မရဘူး။ ကျမတို့ ရောက်သွားမှ ဘယ်သူမှ မရှိဘူး။ အကုန်လုံးက တောင်ယာ သွားကုန်ကြပြီ။ အခုက တောင်ယာချိန်လည်း ဖြစ်တော့ ကျမတို့က သွားရင်တောင် လူမရှိတာတွေက အခက်အခဲ ရှိပါ တယ်။
You may also like these stories:
၂၀၂၀ ရွေးကောက်ပွဲတွင် NLD အမျိုးသမီးကိုယ်စားလှယ်လောင်း ပါဝင်နှုန်း တိုးလာ