၂၀၂၀ ရွေးကောက်ပွဲကို နိုဝင်ဘာလမှာ ဆက်ပြီး ကျင်းပသွားမှာ ဖြစ်ပြီး လတ်တလောမှာ ရွှေ့ ဆိုင်းဖို့ မရှိသေးဘူးလို့ UEC ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က မနေ့က အွန်လိုင်းက ပြုလုပ်တဲ့ ဆွေးနွေးပွဲတခုမှာ ပြောဆိုခဲ့ပါတယ်။ ရွေးကောက်ပွဲ အတွက် လိုအပ်တာတွေ ဆက်လက် ပြင်ဆင်ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။
တချိန်တည်းမှာပဲ မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါပိုး ကူးစက်ပျံ့နှံ့မှုတွေက အရင်ကထက် ပိုဆိုးလာတဲ့ အခြေအနေမှာ ရှိသလို လူသေဆုံးမှုတွေလည်း ဆက်တိုက်ရှိနေတာပါ။ ဒီနေ့ စက်တင်ဘာလ ၂၀ ရက်နေ့ မနက်ပိုင်းမှာဆိုရင် ကူးစက်ခံရသူ ၃၉၃ ဦးအထိ ရှိပါတယ်။ ဒီလို အခြေအနေတွေမှာ မြန်မာပြည်သူတွေ မဲထွက်ပေးရဲမှာပါလား။
အဲဒါကြောင့် လာမယ့် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလမှာ ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲမှာ ပြည်သူတွေ မဲထွက်ပေးရဲပါ့မလား ဆိုတာ သိရှိနိုင်ဖို့ ဧရာဝတီ သတင်းဌာန၊ နေပြည်တော်ရုံးခွဲက သတင်းထောက် ကျော်မျိုးနဲ့ သီဟလွင်တို့က တနိုင်ငံလုံးမှာ ရှိတဲ့ မဲဆန္ဒရှင်တွေဆီကို ဆက်သွယ်မေးမြန်းထားပါတယ်။
ဦးပြည့်ဖြိုး (အရောင်းအဝယ်)
သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့
မဲကတော့ ပေးချင်တယ်။ ထွက်တော့မပေးရဲဘူး။ ဘာလို့လည်းဆိုတော့ အိမ်မှာလည်း ကလေးငယ်လေးက ရှိတယ်လေ။ ကလေးငယ်လေးက အခုက ၈ လ တယောက် ရှိတယ်။ ၅ နှစ် တယောက်ရှိတယ်ဆိုတော့ မဲထွက်ပေးရမှာတော့ ခဲယဉ်းမှာ ပေါ့။ ပြန်ငြိမ်သွားတယ်ဆိုရင်တော့ တမျိုးပေါ့။ အခုက သင်္ကကျွန်းမြို့နယ်မှာ အရမ်းဆိုးနေတာ အဲဒါကြောင့် ထွက်ပေးဖို့ တော့ ခဲယဉ်းပါတယ်။
မဲပေးမယ်ဆိုရင် ဘယ်လိုမျိုးပုံစံမျိုးနဲ့ ပေးခိုင်းမှာလဲ။ အရင်တုန်းက ပုံစံမျိုးနဲ့ဆိုရင်တော့ မလွယ်ဘူးလေ။ လူစု လူဝေးကြီး လိုဖြစ်သွားမှာပေါ့။ အချိန်များများ ယူပြီးတော့ပဲ တအိမ်ချင်းကို လိုက်ပြီးတော့ပဲ မဲကောက်မလား၊ ဘယ်လို ပုံစံမျိုးနဲ့တော့ လုပ်ဦးမလဲတော့ မသိဘူး။ ဒီလိုပုံစံမျိုးနဲ့ ဒီအတိုင်းကြီးပဲ ဆိုရင်တော့ မလွယ်ဘူး။
အိမ်နံပါတ် အလိုက်ချင်းစီကို ဘယ်ချိန်မှာ ဘယ်သူဆိုပြီး အဲဒီလိုမျိုးအချိန်နဲ့ခွဲပြီးလုပ်ရင်တော့ ကောင်းမယ်ထင်ပါတယ်။ ဘာလို့လည်းဆိုတော့ ဟိုမှာ လူစုလူဝေးကြီးလည်း မဖြစ်သွားအောင်လေ။ ပြီးတော့ အကိုတို့ ရပ်ကွက်ထဲမှာက ပိုတောင် များနေတာ။ ဒီနေ့တောင်မှ ၂ ယောက်လာခေါ်သွားတယ်။ သူတို့က ဆေးဆိုင်ကဆိုတော့ ထိစပ်တဲ့လူက အများကြီး ရှိဦး မှာလေ၊ ဆေးရောင်းတဲ့လူဆိုတော့။ အဲဒီလိုမျိုးပေါ့။ အချိန်ပိုင်းလိုက် အချိန်ပိုင်းအလိုက် ဘယ်လိုပြောမလဲ။ ဒီကနေ့ ၁၀ အိမ်လာ၊ ၁၀အိမ် တစုလောက်ပေါ့။ ၁၀ ယောက်ထွက်၊ အယောက် ၂၀ ထွက် အဲဒီလို တစုတစုချင်းစီ ဆိုရင်တော့ ပိုကောင်းမလား မသိဘူး။
ရောဂါနည်းသွားမယ်ဆိုရင်တော့ မဲကတော့ပေးချင်တာပဲလေ။ ကိုယ်ကြိုက်တဲ့ အသင်းအဖွဲ့ ပါတီတခုခုကိုတော့ မဲက ပေး ချင်တာပဲ။ ရောဂါတွေနည်းသွားမယ် ရပ်ကွက်ထဲမှာကူးစက်တာတွေနည်းသွားမယ် Quarantine နည်းသွားမယ်ဆိုရင် တော့တမျိုးပေါ့။ အခုလောလောဆယ် ပုံစံအတိုင်း အနေထားအရတော့ မလွယ်ပါဘူး၊ မပေးဘဲ နေရင်တောင် နေဦးမှာ။
အကိုတို့တောင် အိမ်မှာဆိုရင် အိမ်ရှေ့မှာ ပြူတစ်ပြူတစ်လေးတွေပဲ ဘယ်သူမှလည်း အပြင်မထွက်ကြဘူး။ လမ်းဆိုရင် ရှင်းနေတာပဲ အရင်တုန်းက ညဘက်ကြီးတွေကျနေတာပဲ နေခင်းဘက်တောင် ဘယ်သူမှ မရှိဘူး။ အိမ်ထဲမှာပဲ အကုန် နေကြတာ။ ၁ အိမ် ၁ ယောက်တောင်မှ တော်ရုံတန်ရုံ သိပ်ထွက်ကြတာမဟုတ်ဘူး။ ဒီကြားထဲအဲဒီမှာ Lock Down တွေ လာချသွားတဲ့ အိမ်တွေဆို ပိုဆိုးတယ်။ အလှူရှင်လာရင်တောင်မှ သိပ်ပြီးတော့ သွားမယူကြဘူးဆိုတော့ မဲပေးဖို့က ခဲယဉ်းကြမှာ။
ဦးသီဟ (စတိုးဆိုင် ပိုင်ရှင်)
မန္တလေးမြို့ ၊ မန္တလေးတိုင်း
စိုးရိမ်စိတ်မရှိဘူး။ ကျနော်ကတော့ မဲထွက်ပေးမှာ။ မဲရုံတွေ ကော်မရှင်အဖွဲ့ကနေ သူတို့ဘယ်လိုတွေ လုပ်ထားသလဲ ပေါ့ဗျာ။ ကျန်းမာရေးအတွက် ဘာတွေလုပ်ပေးထားလဲပေါ့။ ကျနော်တို့ကတော့ ကျနော်တို့ သတ်မှတ်တဲ့ နေရာတိုင်း သွားမယ်။ ကျနော်တို့မှာ Mask တပ်မယ်။ Face shield တပ်မယ်။ ကျနော်တို့သွားမယ်။ ကျနော်တော့ အဲဒီလိုပဲ ဆုံးဖြတ် ထားတယ်။ ကျနော့်ကိုယ်တိုင်တော့ Save ဖြစ်အောင်သွားမယ်။ ကျနော့်မိသားစုရောပေါ့နော်။ အကုန်လုံး လုပ်ထားတာဗျ လက်အိတ်ကစပေါ့။ မဲပေးခါနီးကျမှ လက်အိတ်မဝတ်ရဘူးဆိုလည်း ဟိုရောက်မှ ချွတ်မယ်။
ကျနော်တို့ကတော့ ဒီနိုင်ငံရေးကိုတော့ သိပ်နားမလည်ဘူး။ မဲမပေးဘူးဆိုရင် ဖြစ်လာမယ့် အကျိုးဆက်လေးတွေတော့ နည်းနည်းကြောက်တယ်။ ဒါပွင့်ပွင့်လင်းလင်းပြောတာ။ ရွေးကောက်ပွဲ မဖြစ်ဘူးဆိုရင် ဒါကတော့ ကျနော်တို့က ထဲထဲဝင်ဝင် မရှိတော့ အပြင်မှာက ကာလုံခေါ်မယ် ပြန်ပြီးတော့အာဏာသိမ်းမယ်။ အဲတာကြီးကိုတော့ မလိုလားဘူး။ မဲပေးလိုက်တဲ့အတွက်တော့ ဘယ်လိုခေါ်မလဲ ရှုံးတာနိုင်တာက ပဓာနပေါ့။ ကျနော်တို့ကတော့ ပေးဖြစ်အောင်ပေးမယ်။ ကြောက်တာကတော့ လူတိုင်းကကြောက်တာပဲဗျာ။ ဒါပေမယ့် စည်းနဲ့ကမ်းနဲ့သွားရင်တော့ ကြောက်စရာမရှိဘူးလို့ မြင်တယ်ဗျ။ ကိုယ့်ဘက်ကနေ လုံလုံခြုံခြုံ အကာကွယ်လေးလုပ်ပြီးသွားမယ် ကျနော်အဲဒီလိုဆုံးဖြတ်ထားတယ်။
မဲပေးမယ်ဆိုရင်တော့ မပေးမယ့်သူလည်းရှိကောင်းရှိမယ်။ ပေးမယ့်သူတွေကတော့ လာကြမှာပဲ၊ အုံနဲ့ကျင်းနဲ့။ အုံနဲ့ကျင်းနဲ့ လာမယ်ဆိုရင် သူတို့ဘက်ကနေ တာဝန်ရှိတဲ့ လူကြီးတွေကနေ နေရာသတ်မှတ်တာ သော်လည်းကောင်း၊ အချိန်လေး သတ်မှတ်တာ သော်လည်းကောင်း လုပ်ပေးသင့်တယ်။
ဥပမာ တန်းစီတဲ့လူတွေ အပူချိန်တိုင်းတဲ့ဟာမျိုး ကျန်းမာရေး စစ်ဆေးမှုလေးတွေ မစခင်ကတည်းက တန်းစီနေတဲ့ အချိန် ကတည်းက ကျန်းမာရေးစစ်ဆေးမှုလေးတွေ လုပ်ပေးသင့် တယ်။ မဲပေးဖို့တော့ပြောချင်တယ်။ မဲလာပေးဖို့ပေါ့နော်။ ဘယ် သူ့ကိုပေးတာ မပေးတာကတော့ ကိုယ့်ရဲ့ဆန္ဒပဲလေ၊ မဲပေးဖြစ်အောင်ပေးဖို့တော့ ပြောချင်ပါတယ်။
ဒေါ်မိုးမိုး (စက်ချုပ်လုပ်ငန်း)
ပြည်မြို့ ၊ ပဲခူးတိုင်း
မဲထည့်ရမယ့်ရက်က တကယ်လို့ မရွှေ့ဘူး၊ အဲဒီရက်ပဲ တကယ်လို့ ထည့်ရမယ် ဆိုရင်လည်းပဲ ထည့်မယ်။ ထည့်မယ် ဆို တာက ကိုယ့်ဟာကိုယ်လည်း Save ဖြစ်အောင်လုပ်သွားပြီးမှ ထည့်မှာပေါ့နော်။ ဘာဖြစ်လို့လည်းဆိုတော့ ကိုယ့်ကြောင့် ၁ မဲ ကိုယ်ပေးချင်တဲ့လူအတွက် ၁ မဲ မဆုံးရှုံးချင်ဘူး။ အဲဒီတော့ တကယ်လို့ ရွေးကောက်ပွဲရက် မရွှေ့ဘူးဆိုလည်း သွားပေး မယ်။
အမှန်တကယ်မှာတော့ ဒီလောက် အခြေအနေကြီးမှာ ရွေးကောက်ပွဲရက်ကို ရွှေ့ပေးသင့်တယ်။ ရွှေ့ပေးစေချင်တယ် ဆိုတာ လည်း တကယ်လို့ လူ ၁၀၀ မှာ ၅၀ လောက်လာပေးရင်တောင် ကံကောင်းပေါ့နော်။ အဲလောက်ထိအောင် လာပေးနိုင်မှာ မဟုတ်တော့ဘူး။ တချို့တွေက မထွက်ကြတော့ဘူး။ ဈေးသွားဝယ်တာက ငါ့ကိုယ်စားဝယ်ခဲ့ပါဆိုပြီး ထည့်ပေးလိုက်လို့ ရတာလေ။ မဲကျတော့ ငါ့အစား နင်ထည့်ခဲ့လို့ ထည့်ခိုင်းလိုက်လို့ မရဘူး။
အဲဒီတော့ မဲအရေအတွက်လျော့သွားမယ်။ ဆုံးရှုံးသွားမယ်။ ကိုယ်ပေးချင်တဲ့ကို ဆန္ဒရရှိတဲ့လူကို ပေးဖို့အခွင့်အရေးက လျော့သွားလိမ့်မယ်။ အဲဒီတော့ အကုန်လုံးပေးနိုင်တဲ့အချိန်တခုကျခါမှ ရွေးကောက်ပွဲကိုရွှေ့ပြီးတော့ လုပ်မယ်ဆိုရင်တော့ ပိုပြီးအဆင်ပြေနိုင်လိမ့်မယ်။
ဦးသန်းရွှေ (ကျပန်း)
မင်းတုန်းမြို့ ၊ မကွေးတိုင်း
လောလောဆယ်အရ ဆိုရင်တော့ စိုရိမ်စိတ်ရှိသေးတာပေါ့။ အောက်တိုဘာလောက်ဆိုရင်တော့ ဒီစိုးရိမ်စိတ်တွေ လျော့ သွားမယ်လို့ထင်တယ်။ ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်အရပဲ ပေးရမယ်ဆိုရင်လည်း ပေးဖို့က အဆင်သင့်ပါပဲ။ ကျန်းမာရေး ဝန်ကြီးဌာနက လမ်းညွှန်ချက်တွေနဲ့အညီတော့ ပြည်သူထုက လိုက်နာပြီး ခပ်ခွာခွာနေပြီးတော့ပဲ မဲပေးရဖို့ပါပဲ။
အပြောင်းအလဲဖြစ်ဖို့ ပြည်သူတွေအတွက် အကောင်းဆုံးဖြစ်နိုင်ထင်လို့ မဲထင်လို့ မဲပေးရတာ။ ရောဂါကတော့ ပုံသေ မရှိတဲ့အတွက် အခြေအနေနဲ့ အချိန်အခါအရ အဲဒီအချိန်ရောက်မယ်ဆိုရင်တော့ ရောဂါပိုးက ထိန်းချုပ်နိုင်မယ်လို့ လည်းထင်တယ်။ မဲပေးဖို့က တော်တော်အရေးကြီးတယ်။
ဦးဆန်းညွှန့် (ကားဆရာ)
ပုသိမ်မြို့ ၊ ဧရာဝတီတိုင်း
မဲကတော့ ပေးတော့ပေးရမှာပေါ့လေ။ ရောဂါတွေကလည်း ပျံ့နှံ့နေတယ်ဆိုတော့ ကိုယ့်ဟာကို အကာအကွယ် လုပ်ပြီး ပေးရမှာပေါ့။ အခြေအနေလေးတော့ စောင့်ကြည့်ရမှာပေါ့။ ဒီရောဂါတွေက တိုးများ တိုးလာမလား၊ လျော့များ လျော့သွား မလားပေါ့။ သိပ်တအားကြီး တိုးလာမယ်ဆိုရင်တော့လည်း ပြည်သူတွေအနေနဲ့ကတော့ လူစုလူဝေးရှိတဲ့နေရာသွားဖို့ နည်းနည်း အခက်ခဲရှိတာပေါ့နော်။ အကယ်၍ ဒီဟာကနေ ပြန်ပြီးတော့ လျော့သွားမယ်ဆိုရင်တော့ ပထမ ကိုဗစ် ကာလ ပုံစံမျိုးလောက်ဖြစ်သွားမယ်ဆိုရင်တော့လည်း ရွေးကောက်ပွဲက မဲသွားထည့်လို့ ရပါတယ်။
ဖြစ်နိုင်မယ်ဆိုရင်တော့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ထားသလိုပေါ့နော်။ သွားလာတဲ့ပြည်သူတွေကလည်း နှာခေါင်း စည်းလေးတပ်မယ်။ တယောက်နဲ့ တယောက် ၆ ပေ ခွာမယ်။ ခွာပြီးတော့ အဲဒီလို သွားလာပြီးတော့ စနစ်တကျ ထည့်မယ် ဆိုရင်တော့ ရမှာပေါ့နော်။ လူကြီးပိုင်းတွေကလည်း ကျန်းမာရေးဌာနရော အုပ်ချုပ်ရေးပိုင်းတွေကရော စနစ်တကျ စီစဉ် ပေးမယ်ဆိုရင်တော့ အဆင်ပြေမယ်ထင်တယ်။
လောလောဆယ် စိုးရိမ်ရတာတော့ ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့ပေါ့ နောက်တခုဘာလည်းဆိုတော့ ရေရှည်ကြာ လာမယ်ဆိုရင် ဘေးပယောဂတွေနဲ့ အနှောက်အယှက်တွေနဲ့ ပြဿနာတွေများဖြစ်လာနိုင်မလားပေါ့။ အခုတောင်မှ မဲဆွယ်ကာလတွေမှာ ပြဿနာတွေအမျိုးမျိုးဖြစ်နေတာလေ။ ရည်ရှည်ကြာလာမယ်ဆိုရင် တဦးနဲ့တဦး ပဋိပက္ခတွေ ဖြစ်လာမယ်ဆိုရင်တော့ မကောင်းဘူး။
အမှန်တကယ်ကတော့ ဒါကတော့ ပြည်သူအားလုံးမှာ တာဝန်ရှိတာပဲလေ။ ကိုယ့်တာဝန်ကိုယ်ကျေအောင်တော့ လုပ်ကြ ရမှာပဲ။ ခုချိန်မှာတော့ ကိုယ်ကြိုက်တဲ့ပါတီ ကိုယ်ထည့်ပေါ့။ အေးဆေးဆေးဆေးနဲ့ ပြည်သူက ကိုယ်ကြိုက်ရာပါတီကို ကိုယ်မဲထည့်လို့ရရင် အကောင်းဆုံးပေါ့။
ကိုဇော်သူရိန်ထွန်း (ကွန်ပြူတာ လုပ်ငန်း)
မုံရွာမြို့ ၊ စစ်ကိုင်းတိုင်း
လက်ရှိနှုန်းထားအတိုင်း သွားနေမယ်၊ ကူးနေမယ်၊ ပျံ့ ပွားနေမယ်ဆိုရင် ကျနော်တို့ကတော့ နိုဝင်ဘာ ၈ ရက်နေ့မှာတော့ မဲသွားမပေးတော့ဘူး။ ကျနော့် မိသားစု အစီအစဉ်ကတော့ ကြိုတင်မဲပေးမှာပေါ့။ ကော်မရှင်ကိုလည်း ကျနော်တို့က တိုက်တွန်းချင်တာက ပြည်သူ့လွှတ်တော်ပုဒ်မ ၄၅ (ခ)မှာလည်း အတိအလင်း ပြဌာန်းထားပြီးသားလေ။
ရွေးကောက်ပွဲနေ့မှာ သူကခရီးသွားစရာရှိတဲ့ လူဆိုလို့ရှိရင် ကြိုတင်မဲပေးလို့ရတယ်ဆိုပြီး ပြဌာန်းထားတယ်ပေါ့နော်။ အဲဒီတော့ ခရီးသွားစရာ ရှိရှိ မရှိရှိ ဒါကတော့ ရွေးကောက်ပွဲနေ့မှာ လူစုလူဝေးနဲ့မဲပေးရင် အန္တရာယ် အများကြီး ရှိတာ ဆိုတော့ ကော်မရှင်အနေနဲ့ ရွေးကောက်ပွဲနေ့မှာ မဲသွားပေးရမှာ စိုးရိမ်တဲ့လူတွေအတွက် ကြိုတင်မဲပေးဖို့အတွက် အစီအစဉ်တခု ဆောင်ရွက်ပေးသင့်တယ်လို့ မြင်တယ်။
မဲကတော့ ကြားဖြတ်ရွေးကောက်ပွဲလိုပဲဖြစ်မယ်။ အဓိကကတော့ ပါတီအမာခံရှိတယ်လေ။ အမာခံတွေကတော့ နိုင်မှ ဖြစ်မယ်ဆိုတဲ့ အသိနဲ့ မဲပေးမယ်။ အစတကည်းကမှ ဘယ်ပါတီ ပေးလို့ပေးရမှန်း မသိတဲ့လူတွေ ဒါမဟုတ် မဲပေးချင်စိတ် မရှိတဲ့သူတွေကတော့ မဲပေးမှာမဟုတ်တော့ဘူး။ ဒီတခေါက်ကတော့ မဲပေးတဲ့ရာခိုင်နှုန်းကတော့ ၂၀၁၅ နဲ့ ယှဉ်ရင်တော့ ဆိုးဆိုးရွားရွား ထိုးကျသွားဖို့မြင်တယ်။
မဲရုံနဲ့မဲလာပေးမယ့်အရေအတွက်နဲ့ အချိုးအစားပေါ့။ အဲဒီအချိုးအစားက သူက မဲရုံတရုံကို လူ ၂၀၀၀ နဲ့ ၃၀၀၀ ဝန်းကျင် ကြားလောက်ကို တွက်ပြီးမှ သူတို့က မဲရုံကိုသတ်မှတ် ပြီးသွားပြီ။ အဲဒီတော့ ကျန်းမာရေး အစီအမံတွေ ဘယ်လောက်ပဲ လုပ်လုပ်ပေါ့။ အစီအမံလုပ်မယ်ဆိုရင် မဲရုံမှာ လူတွေက ၁ ယောက်နဲ့ ၁ ယောက် ၆ ပေခြားရမှာ၂၀၁၅ ကိုး။ ၆ ပေ ခြားရမှာ ဆိုတော့ ကျနော်တို့ ၂၀၁၅ အတွေ့အကြုံ ၂၀၁၇ အတွေ့အကြုံအရကတော့ အရင်တုန်းက လူတန်းရှည်ကြီး ပူးကပ်ပြီးမှ ပေးတာတောင်မှ တချို့မဲရုံတွေဆိုရင် ညနေထိ မဲပေးတာ မပြီးတာတွေရှိတယ်။
အခုလိုမျိုး ဒီတခေါက်မှာ ၁ ယောက်နဲ့ ၁ ယောက် ၆ ပေခြားပြီးတော့ မဲပေးတာ ဘာညာလုပ်မယ်ဆိုရင် ကျန်းမာရေး အတွက်တော့ သင့်တော်ကောင်းသင့်တော်မယ်။ ကိုဗစ်အတွက် ကာကွယ်မှု ရကောင်းရမယ် သို့ပေမယ့် မဲပေးတာတွေ မပြီးတဲ့ကိစ္စဖြစ်လာနိုင်တယ်။ ကျနော်တို့ကတော့ ကျန်းမာရေးအစီအမံတွေဘာတွေနဲ့ သေချာစီစဉ်ပါ့မယ် မဲလာပေးကြပါ ဆိုတာထက် ကျနော်တို့က ကြိုတင်မဲကိုပဲ သဘောကျတယ်။ ကြိုတင်မဲက ကုန်ကျစရိတ်လည်း အနည်းဆုံး ပြီးတော့ ဖြစ်လာနိုင်တဲ့ အန္တရာယ်လည်း အနည်းဆုံးလို့ ယူဆတယ်။
ဦးတင်မျိုးအောင်
သံဖြူဇရပ်မြို့နယ်၊ မွန်ပြည်နယ်
ပြောရမယ် ဆိုရင်တော့ ကျန်းမာရေးက ပိုရေးကြီးတာပေါ့။ တဘက်ကလည်း မဖြစ်မနေ လုပ်ရမယ့်ပွဲ ရွေးကောက်ပွဲ ဖြစ်နေတာပေါ့။ သူတို့ ဘယ်လောက်ထိ Systematically ကျမလဲဆိုတာလည်း ကျနော်တို့ကြည့်ရမယ်။ ဥပမာ ကျောင်း တွေမှာလို စနစ်တကျ ၆ ပေအကွာ တန်းစီပြီးသွားမလား။ အရင်ကလိုပဲ သောင်းပြောင်းပြီး ပေးသွားမလားဆိုတာ ဒါက တကယ့်ကို စဉ်းစားတွေးခေါ်ရမယ့် အချက်ပါပဲ။ ပေးမပေးဆိုတာကတော့ ပြည်သူတွေက အခုအချိန်မှာ အထိတ်တလန့် ဖြစ်နေတဲ့အချိန်မှာတော့ ကျနော်တို့တော်တော်ကြီးတော့ အားနည်းချက်တွေတော့ တွေ့ရပါတယ်။
အပွင့်အလင်းဆုံးပြောရရင် တတ်နိုင်သလောက် နောက်ဆုတ်စေချင်တယ်။ အဲဒီရဲ့ ဆိုးချက်က ဘာဖြစ်သွားမလဲပေါ့။ ရွေး ကောက်ပွဲ ရွှေ့လို့ရရင် ရွှေ့ ပိုကောင်းတာပေါ့။ ဒါပေမယ့် ပေါ်လစီပိုင်းဆိုင်ရာ ဘယ်လောက်ထိ ထိခိုက်သွားမလဲ ဆိုတာ တော့ အစိုးရနဲ့ တပ်မတော်ရဲ့ကြားမှာ ဘာတွေအခက်အခဲရှိမလဲပေါ့။ အချုပ်အခြာအာဏာနဲ့ ပတ်သက်လို့ပေါ့။ ဒါကတော့ ကျနော်ကတော့ ရွှေ့စေချင်တဲ့ဆန္ဒရှိတာ အမှန်ပဲ။
ရောဂါအခြေအနေကတော့ ဆိုးရွားလာမယ်ဆိုရင် ကျနော်တို့ကတော့ သိပ်ပြီးတော့ ရွေးချယ်စရာမရှိဘူး။ အိမ်မှာပဲ နေရမှာ ပဲ။ လက်ရှိအနေအထားထက်ကို လျော့သွားမယ်၊ ကြပ်မတ်ထိန်းချုပ်နိုင်ရင်တော့လည်း ကျနော်တို့မဲသွားပေးရမှာပေါ့။ ပြည်သူတယောက်အနေနဲ့ အဲဒီလိုတော့ စဉ်းစားထားတယ်။ အထူးမှာချင်တာကတော့ တတ်နိုင်တာက အရေးကြီးဆုံး ကတော့ဗျာ၊ ရောဂါက အသက်တရပ်ကဲ့သို့ ပိုပြီးအရေးကြီးတယ်လို့ ယူဆပါတယ်။
ဦးတူးမိုင် (ကချင် လူငယ်)
မြစ်ကြီးနားမြို့ ၊ ကချင်ပြည်နယ်
ကျနော့်အနေနဲ့ ရွေးကောက်ပွဲကို မဲထည့်ဖို့ရည်ရွယ်ထားတယ်။ ကိုဗစ် ဒုတိယလှိုင်းဖြစ်တာကျတော့ ဒီလောက်ထိ စိုးရိမ် စရာ လိုတဲ့အပိုင်းထဲမှာတော့ မပါဘူး။ ကျနော့်အမြင်မှာဆိုရင်တော့ Political တခုအနေနဲ့ပဲ ကျနော်မြင်တယ်။ အဲဒီတော့ ထည့်သင့်တယ်။ ဒါကြောက်စရာလိုတဲ့ကိစ္စမဟုတ်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့ နိုင်ငံရဲ့ ဖွဲ့စည်းပုံဥပဒေအရ ရွေးကောက်ပွဲကို မလုပ်ဘူးဆိုရင် ကျနော်တို့ရဲ့ ဒီနောက်မှာ ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေလည်း ရှိကောင်း ရှိလာနိုင် တယ်ပေါ့နော်။ နိုင်ငံရေးမှာ မတည်ငြိမ်မှုတွေလည်း ဖြစ်လာနိုင်တယ်ပေါ့။
အဲတာကြောင့် ကျနော့်အမြင်မှာဆိုရင် ထည့်သင့်တယ်လို့ ကျနော်ထင်တယ်။ တချို့နိုင်ငံတွေမှာလည်း ဒီလို ဒုတိယလှိုင်း မှာတောင်မဟုတ်ဘူး။ ပထမလှိုင်း အရမ်းဆိုးနေတဲ့အချိန်မှာတောင်မှ သူတို့က ရွေးကောက်ပွဲကို ကောင်းမွန်စွာ လုပ်နိုင် တာပဲ။ ကျနော်တို့မြန်မာနိုင်ငံလည်း လုပ်နိုင်ရမယ်။ ကျနော်တို့ အနေနဲ့လည်း ထည့်နိုင်ရမယ်။ အဲဒီလိုပဲ ကျနော်မြင်ပါ တယ်။
ရောဂါကူးစက်မှာကတော့ စိုးရိမ်တယ်။ ဒါပေမယ့် မကူးအောင်လည်း ကြိုတင်ကာကွယ်တဲ့နည်းတွေနဲ့ ရွေးကောက်ပွဲ ကော် မရှင်ကနေပြီးတော့ လုပ်ပေးဖို့ အဲဒီလိုမျိုး အစီအစဉ် ဖြစ်စေချင်တယ်။ ဘာကြောင့်ဆိုရင် ၂၀၁၅ တုန်းက မဲပေးတဲ့ သူတွေ ဆိုရင်လည်း တန်းစီနေတာ အဲဒီလိုဖြစ်တဲ့အခါကျတော့ အဲဒီတခုလည်းမြင်မိတယ်။ ဒါပေမယ့် ရွေးကောက်ပွဲ ကော်မရှင် ကနေပြီးတော့ သူက ရောဂါပတ်သက်ပြီးတော့ မဲရုံကို ဘယ်လိုဖွဲ့မယ်ဆိုတာတွေ ထုတ်ပြန်တဲ့ဟာတွေတော့ မရှိသေးဘူး။ အဲဒီတော့ ရောဂါကူးစက်မှာတော့ ကြောက်တယ်။ ဒါပေမယ့် ရောဂါမကူးစိုက်နိုင်အောင် Social Distancing ထည့်နိုင် အောင်တော့ လိုချင်တယ်။
ပြည်သူလူထုကလည်းရွေးကောက်ပွဲမှာ ရောဂါကြောင့်ပဲ ကြောက်နေပြီးတော့ မဲမပေးဘူးဆိုရင် ပြည်သူလူထုက အများ ကြီး နစ်နာစေတယ်။ ပြည်သူလူထုရဲ့ အခွင့်အရေးတရပ် ဆုံးရှုံးသွားနိုင်တယ်လို့ ကျနော်မြင်တယ်။ အဲဒါကြောင့်မိုလို့ ပြည်သူလူထုတွေ များသောအားဖြင့် လူငယ်တွေပေါ့။ လူငယ်တွေက ပိုပြီးတော့ကြောက်ကြတာ။ အဲဒီတော့ လူငယ်တွေ မကြောက်ဖို့နဲ့ မဲထည့်ဖို့ အတွက်ကို ပထမအချက်ပြောချင်တယ်။ အုပ်ချုပ်ရေးဘက်ဘက်ကို ပြန်ပြီးတော့ကြည့်မယ်ဆိုရင် ခုနက ကျနော်ပြောသလို မဲရုံ (၁) ကို ဘယ်အချိန်ကနေ ဘယ်အချိန်၊ အိမ်နံပါတ်ဘယ်လောက်ကနေ ညဘယ်လောက်ထိ လာပါဆိုတာမျိုး Social Distancing အဲဒီလိုမျိုးလုပ်ပေးရင်လည်းကောင်းတယ်။ တတိယအချက်ကတော့ မဲသွားပေးတဲ့ လူတွေကလည်း ကိုယ့်ကျန်းမာရေးအရ တခါသုံးလက်အိတ်တို့ နှာခေါင်းစည်းတို့ Faceshied တို့ သုံးပြီးတော့ သွားပေးရင်လည်းကောင်းတယ်။
ဦးရွှေဖော်စိန် (ခမီတိုင်းရင်းသား)
ပုဏ္ဏားကျွန်းမြို့နယ်၊ ရခိုင်ပြည်နယ်
ကျနော် တဦးချင်းအနေနဲ့ မဲပေးဖို့တော့ အခက်အခဲတော့ မရှိဘူး။ မဲပေးစာရင်းမှာလည်း ပါတယ်။ မဲပေးပိုင်ခွင့်လည်း ရှိ တယ်။ နောက်ပြီးတော့ မြို့ပေါ်မှာ နေတဲ့အခါကျလို့ရှိရင် ကျနော့်တဦးတည်းအနေနဲ့ကတော့ ပြဿနာမရှိဘူး။ ဒါပေမယ့် ရှိတဲ့ ပြဿနာက ကျနော်တို့က ဘယ်ပါတီကိုပေးမလဲ၊ နောက်ပြီးတော့ ဘယ်လွှတ်တော် ကိုယ်စားလှယ် အမတ်လောင်း ကို ရွေးချယ်ပြီးပေးမလဲဆိုတာ ကျနော်တို့အတွက် မရေမရာဖြစ်နေတယ်။
ဘာကြောင့်လည်းဆိုတော့ ကျနော်တို့ အားကိုးရမယ့်လွှတ်တော်ကိုယ်စားလှယ်တွေရယ် နောက်ပြီး ကျနော်တို့ အားကိုး ရမယ့်ပါတီဆိုတာ ကျနော်တို့အတွက်ဘာမှ ယုံကြည်လောက်တဲ့ အတိုင်းအတာအထိကို ရွေးချယ်လို့မရသေးဘူး။ လက်ရှိ အနေအထားအရဆိုရင် ဘယ်ပါတီကိုမှ အယုံအကြည်မရှိဘူး။ အဲဒီအတွက် မဲပေးဖို့က သိပ်မသေချာဘူး ကျနော်တို့ အတွက်။
လက်ရှိအနေအထားမှာ ကိုဗစ်ရောဂါကူးစက်လာတာကတမျိုး နောက်ပြီး ရခိုင်ပြည်မှာ စစ်ရေးပဋိပက္ခတွေ ပိုပြီး ပြင်းထန် လာတာက တကြောင်း အဲဒီတော့ ကျနော်တို့က လူထုရဲ့အခြေခံလိုအပ်ချက်တွေနဲ့ လွှတ်တော် ကိုယ်စား လှယ်တွေရဲ့ အပြောင်းအလဲတွေအပေါ်မှာ ပြည်သူလူထုနဲ့ဘယ်လောက်ထိတွေ့မှုရှိလဲဆိုတဲ့ အာမခံချက်တခုကို သူတို့ဘက်က တစုံတရာမှ လုပ်ဆောင်ချက်တွေ ဘာတခုမှမရှိတဲ့အတွက် ကျနော်တို့က နဂိုကတည်းက ယုံကြည်မှုမရှိတဲ့ ပြည်သူ အနေနဲ့ဆိုလို့ရှိရင် အခုဒီလက်တွေ့ဘဝမှာ ဘယ်သူ့ကိုပေးမယ်ဆိုတာ ကျနော်တို့အတွက် ဘယ်တော့မှ သံဓိဌာန် ချထားတာမရှိဘူး။
အောက်ခြေအဆင့်မှာ ပြည်သူလူထုအနေနဲ့ ဒီမဲပေးရမယ့်ဥစ္စာကို သူတို့က စိတ်ဝင်စားဖို့က ဘယ်လိုဆိုရမလဲ ၄၅ ရခိုင်နှုန်း အဲဒီလောက်ပဲရှိတယ်။
စိတ်ဝင်စားမှုက အလွန်တရာမှ နည်းတယ်လို့ ပြောရမယ်။ တကယ်လို့မလွဲသာမရှောင်သာလာလို့ မဲပေးတယ်ဆိုလို့ရှိရင် အဲဒီအချိန်ကာလအတောအတွင်းမှာ ဘယ်သူက ကိုယ့်အတွက် အကျိုးအမြတ်တခုလုပ်ပေးနိုင်မလဲ ဆိုတဲ့အပေါ်မှာ မူတည်ပြီးတော့ ပြည်သူက ရွေးချယ်ကြလိမ့်မယ်။
ဦးရှိုင်းနေမွန်း (အစိုးရ ဝန်ထမ်း)
အင်းစိန်မြို့နယ်၊ ရန်ကုန်တိုင်း
မဲပေးဖို့ကတော့ စိတ်ကူးရှိပါတယ်။ သို့သော်လည်း ကိုဗစ်ကာလမှာတော့ ကျန်းမာရေးအခြေအနေအရ ကျန်းမာရေး ဝန် ကြီးရဲ့ လမ်းညွှန်မှုအတိုင်း ဆောင်ရွက်ရမှာပေါ့နော်။ တကယ်လို့ သူတို့က ခွင့်ပြုတယ်ဆိုရင် ကျနော်တို့က သွားပေးဖို့ အဆင်သင့်ပါပဲခင်ဗျ။
ဘယ်လိုယုံကြည်မှုနဲ့ ပေးမလဲဆိုတော့ ကျန်းမာရေးနဲ့ ပြောရမယ်ဆိုရင် မညီညွှတ်ဘူးပေါ့နော်။ ပိုးမွှားဆိုတာက မြင်ရတာ မဟုတ်ဘူးလေ။ တယောက်နဲ့တယောက်က ပိုးရှိတယ် မရှိဘူးဆိုတာကလည်း မသိရပါဘူး။ သို့သော်လည်း တယောက်နဲ့ တယောက် လေးပေအကွာ ငါးပေအကွာ၊ စိတ်ချရတဲ့ Mask တွေ အကာအကွယ်တွေ ယူဆောင်ပြီးတော့ သွားပေးမှာပါ ခင်ဗျ။
ကိုဗစ်ရောဂါနဲ့ပတ်သက်ပြီး စိုးရိမ်မှုကတော့ အများကြီးရှိတယ်။ ရှိသော်ငြားလည်း ကျနော်တို့တိုင်းပြည်မှာ စားဝတ်နေရေး က အဆင်မပြေကြတော့ ရှိတဲ့ကြားက တချို့ ရုန်းကန်ပြီး ထွက်ပြီး လုပ်နေကြတာ၊ မဖြစ်မနေ လိုင်းကား တိုးစီးရတာတွေ ရှိတယ်။ ငတ်ပြီး အသေမခံနိုင်လို့ ထွက်ပြီး အလုပ်လုပ်နေကြရတာတွေ ရှိတယ်။ ခါတိုင်းထက်စာရင် ကိုယ်က ဆင်ဆင်ခြင်ခြင်နေဖို့ အရေးကြီးတာပေါ့နော်။
ဦးနန္ဒကျော် (မန်နေဂျင်းဒါရိုက်တာ)
ဇေယျာအိမ်ခြံမြေလုပ်ငန်း၊ နေပြည်တော်
ဖြစ်နိုင်ရင်တော့ ရက်ရွေ့တာကောင်းတာပေါ့။ ထိတွေ့မှုတွေ မဖြစ်ဘူးလို့ ပြောလို့မရဘူးပေါ့။ လူပေါင်းသန်းပေါင်းများစွာ ထွက်လာမှာကိုး။ စိုးရိမ်ရတယ်။
ဂျပန်တို့ စင်္ကာပူတို့ ကိုရီးယားတို့တော့ ရွေးတယ်ပေါ့။ ဂျပန်တို့ စင်္ကာပူတို့လုပ်တော့ သူတို့ လုပ်ဖြစ်အောင် လုပ်မယ်ပေါ့။ ရောဂါက ဒီ ၁၅ ရက် အတွင်းမှာ ထိန်းမရရင် နောက် ၁၅ရက်တိုးမယ်။ နောက် ၁၅ရက်မရရင် နောက် ၁၅ ရက်တိုးဦးမှာ ဆိုတော့ သေချာတာကတော့ ဒီ ၁၅ ရက်အတွင်းက မလျော့သေးတော့ နောက် ၁၅ ရက် တိုးမှာ ၊ စောင့်ကြည့် ၁၅ ရက် အတွင်းမှာ မတိုးဘူးဆိုမှ ဖြေလျော့မှာလေ။ အဲဒီတော့ ရွေးကောက်ပွဲကြားထဲမှာ ကူးစက်မှုက ဖြစ်နေဦးမယ် ခန့်မှန်းရတယ် ပေါ့နော်။
အဲဒါကို ရွေးကောက်ပွဲကြီးကို ရေးကြီးသုတ်ပျာမလုပ်ဘဲနဲ့ တိုင်တိုင်ပင်ပင် ညှိညှိနှိုင်းနှိုင်း ကာလတခုကို နှစ်ကုန်လောက် အထိ၊ ကိုဗစ်ပိုး ငြိမ်တဲ့အထိ ၊ ကာကွယ်ဆေးပေါ်တဲ့အထိ နည်းနည်း ဆွဲဆန့်ချင်တာပါ။ ကာကွယ်ဆေးက အမေရိကန် ရော၊ ရုရှားရော၊ တရုတ်ရော ပေါ်သလောက်ဖြစ်နေပြီလေ။ တတိယအဆင့် ရောက်နေပြီဆိုတော့ နောက်တလ နှစ်လ လောက်ဆို ထူးခြားလာမှာပါ။ နည်းနည်းစောင့်စေချင်တာပေါ့။ တို့အမြင်ကတော့ နှစ်ကုန်လောက်မှ ရွေးကောက်ပွဲကို ကျင်းပစေချင်တာပေါ့။ ဒါပေမယ့် ဒီကြားထဲ မဖြစ်မနေ ဖြစ်အောင် လုပ်မယ်ဆိုရင် စိုးရိမ်ရပါတယ်။ စိုးရိမ်ရတဲ့ ကြားထဲကပဲ တို့နိုင်ငံအတွက် အကာအကွယ်တွေနဲ့ ထွက်ပြီး မဲပေးရမှာပေါ့။
ဦးကျော်သူရ (ဒုဥက္ကဋ္ဌ၊ မျှဝေသောလက်များပရဟိတအသင်း)
ပျဉ်းမနားမြို့နယ်၊ နေပြည်တော်
အခု ကိုဗစ်ကာလထဲမှာပဲ ကိုရီးယားနိုင်ငံဆိုရင် မဲပေးသွားတဲ့ပုံစံတွေ ရှိတယ်ပေါ့နော်။ ဒါက သူတို့နိုင်ငံမှာက တော်တော် ဖြစ်နေတဲ့အချိန်မှာကို မဲဆွယ်တာတို့ ဘာတို့နဲ့ပတ်သက်ပြီး လုပ်တာလဲရှိတယ်။ ကျနော်တို့က အခုအချိန်က မဲဆန္ဒပေးမယ် ဆိုရင် ဘယ်လိုဖြစ်လာဦးမလဲ ကြည့်လို့ မရသေးဘူးပေါ့နော်။
ပြဿနာက ဘာလဲဆိုတော့ အဲဒီအချိန်မှာ တအားနဲ့ ဆိုးနေရင်တော့ အခြေအနေတမျိုးပေါ့။ တအားနဲ့ မဆိုးဘူး ဆိုရင် တော့ ကျနော်တို့က ပေးရမှာပဲပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အခုလက်ရှိအနေအထားနဲ့ဆိုရင် ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံသား တယောက်အနေနဲ့က မဲပေးဆိုရင် ကျနော်တို့က ထွက်ပေးရမှာဘဲ။ ဒါက နိုင်ငံတော်က ဆုံးဖြတ်ပေါ့။ အဓိက ကတော့ လူအသက်တွေနဲ့ လောင်းကြးထပ်ရမယ့် အခြေအနေ မရောက်ပါစေနဲ့လို့ပဲ ဆုတောင်းရမှာပါပဲ။
ဦးအောင်မျိုးဝင်း (ပြည်ပရောက်မဲဆန္ဒရှင်)
ဂင်ဘိုမြို့၊ တောင်ကိုရီးယားနိုင်ငံ
တောင်ကိုရီးယားမှာတော့ အောက်တိုဘာလ ၂ရက်နေ့ကနေစပြီး မဲပေးခွင့်ရှိတယ်ဆိုပြီး ကြေငြာထားပါပြီခင်ဗျ။ မဲသွား ပေးမယ်ဆိုရင် Mask တပ်ပြီး ကာကွယ်မှုတွေနဲ့ သွားပေးမယ်လို့ စဉ်းစားထားတယ်ခင်ဗျ။ သူငယ်ချင်း အသိမိတ်ဆွေ တွေထဲမှာက များသောအားဖြင့် မဲသွားပေးမယ့် လူက များပါတယ်။ တချို့တလေကတော့ ကျန်းမာရေး စိုးရိမ်လို့ မဲ သွားမပေးဘူးလို့တော့ ပြောကြတယ်။
ရွေးကောက်ပွဲနဲ့ပတ်သက်ရင် ပြည်ပရောက်နိုင်ငံသားအနေနဲ့ ကျနော် အရင် ၂၀၁၅ တုန်းက တကြိမ်၊ လာမယ့် ၂၀၂၀ ရှေ့လဆိုရင် တကြိမ် မဲပေးခွင့်ရမယ်ပေါ့နော်။ ဒီတခေါက် မဲပေးရမယ့်အခါကတော့ ကိုဗစ် ၁၉ နဲ့ ကြုံနေတော့ လူတွေက စိုးရိမ်မှုတွေ ကိုယ်စီရှိကြတယ်။ ကျနော်လည်း စိုးရိမ်တာပေါ့နော်။ ရောဂါကူးစက်မှာ ကြောက်ကြတယ်။ အခု လောလောဆယ် စိတ်ပိုင်းဖြတ်ထားတာကတော့ ပေးမယ်ပေါ့နော်။ ဘယ်လိုပဲဖြစ်ဖြစ် ကျန်းမာရေးနဲ့အညီ သွားမယ်။ သံရုံကလည်း ဒီနိုင်ငံက ကျန်းမာရေးဥပဒေနဲ့အညီ လူစုလူဝေးကို အကောင်းဆုံးဖြစ်အောင် စီစဉ်မယ်လို့ ယုံကြည်တယ်ပေါ့နော်။
ဒေါ်မေစုလှိုင် (အစိုးရဝန်ထမ်း)
ပျဉ်းမနားမြို့နယ်၊ နေပြည်တော်
စိုးရိမ်ပူပန်မှုတော့ ရှိတာပေါ့။ ဘာဖြစ်လို့လည်းဆိုတော့ မဲရုံမှာ တံဆိပ် နှိပ်တာရှိတယ်၊ ထုတာရှိတယ်ဆိုတော့။ သူတို့ ပြော သလို ခြောက်ပေအကွာနေတာတို့ Mask တပ်သွားမယ်။ လက်ဆေးဂျယ်သုံးမယ်ဆိုရင် အဲဒီလောက်ကြီးတော့လည်း စိုးရိမ် စရာမရှိဘူးလို့ ထင်တယ်။ မပေးဘဲတော့ မနေပါဘူး။ သွားတော့ ပေးရမှာပေါ့။ ဒါ အရေကြီးတဲ့ကိစ္စ၊ မပေးလိုက်ရင် ကိုယ့် အတွက် အခွင့်အရေးတခု ဆုံးရှုံးသွားမှာပေါ့။
မဲရုံတွေ အနေနဲ့လဲ အန္တရာယ်ကင်းကင်းပဲ လုပ်ပေးမှာဘဲ၊ သူတို့ကလည်း ဒါအရေးကြီးတယ်။ ဒါအကုန်လုံးနဲ့ ဆိုင်တယ်ဆို တော့၊ တယောက်ယောက်မှာပါလာရင် သူတို့ကိုလည်း ကူးမှာပဲလေ။ သူတို့ ဒီဟာကြီးကို အန္တရာယ်ကင်းအောင် လုပ်စေ ချင်တယ်လို့ ပြောနေစရာတောင် မလိုပါဘူး။ သူတို့က လုပ်ပေးမှာပဲလို့ ထင်တယ်။ ကိုယ်ကလည်း ကိုယ့်ဘာသာ Mask တွေဘာတွေ တပ်ပြီး ကိုယ့်အကာအကွယ်နဲ့ ကိုယ်သွားမှာပဲ။ သူတို့ကလည်း လုပ်ထားပေးမှာပါ။ လုပ်လည်း လုပ်ပေး စေချင်ပါတယ်။
ဦးညီညီမိုး (မျိုးဆက်သစ်/ရှမ်းပြည် အရပ်ဘက်အဖွဲ့အစည်း)
တောင်ကြီးမြို့ မြို့နယ်၊ ရှမ်းပြည်နယ်
ရွေးကောက်ပွဲနဲ့ ကိုဗစ်ကိစ္စကို ပြောမယ်ဆိုရင် အခုလက်ရှိ ဒုတိယလှိုင်းနဲ့ ပတ်သက်လို့တော့ ရှမ်းပြည်နယ်လို့တော့ မ ဟုတ်ဘူး။ မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးက စိုးရိမ်ထိတ်လန့်မှုတော့ရှိမှာပဲ။ ဘာလို့လဲဆိုတာ့ ရောဂါက ကူးစက်မှုလည်း မြန်တယ်။ အသေအပျောက်နှုန်းကလည်း တရက်တရက် မြင့်တက်လာတာပေါ့နော်။ ဒီရောဂါရဲ့ ကူးစက်မှု ပြင်းထန်မှု အနေ အထား အပေါ်မှာတော့ ကျနော်တို့တွေ အားလုံး စိုးရိမ်စိတ်ကတော့ရှိကြတယ်။
ဘယ်လိုပဲဖြစ်ဖြစ် မဲပေးရမယ်ဆိုရင်တော့ နိုင်ငံသားတယောက်အနေနဲ့ မဲပေးရမယ့် တာဝန်ရှိတယ်လေ။ ဒါပေမယ့် မဲသွားပေးမယ့်အချိန်မှာ တဘက်မှာ ပြင်းထန်တဲ့ ကိုဗစ်ရောဂါ ဖြစ်နေတယ်။ ကူးစက်မှု မြန်နေတဲ့အပေါ်မှာ ဘယ်လောက် အထိ အကာအကွယ် ဖြစ်နိုင်မလဲ။ ဒါက အရေးကြီး ထည့်သွင်းစဉ်းစားရမယ့်ကိစ္စပေါ့နော်။ အခုလာမယ့် ရွေးကောက်ပွဲမှာ အရေးကြီးဆုံး ထည့်သွင်းစဉ်းစားရမယ့်ကိစ္စက ကိုဗစ်ရောဂါ ကာကွယ်ရေး မပြန့်ပွားရေး၊ အဲဒီဟာနဲ့ ပတ်သက်လို့ လုံလောက်တဲ့ အစီအမံကို ရွေးကောက်ပွဲကော်မရှင်က တနိုင်ငံလုံးအတွက် ဘယ်လိုအာမခံချက်တွေပေးပြီလဲ၊ ဘယ်လိုစနစ်တွေ ရှိတယ်ဆိုတာ ကြေငြာချက်တွေ ထုတ်ပြီလဲ။ အခုအထိတော့ ကျနော်လည်း မြင်လဲ မမြင်ရသေးဘူး။ တွေ့လည်း မတွေ့ရသေးဘူး။ အဲဒီအပေါ်မှာတော့ နိုင်ငံသားတယောက်အနေနဲ့ ကျနော်မဲပေးဖို့ စိုးရိမ်ချက်ရှိတယ်ဗျ။
ကျနော့် ပုဂ္ဂိုလ်ရေး တယောက်ထဲ အနေနဲ့ဆိုရင် သဘောက ကိုဗစ်ရောဂါနဲ့ပတ်သက်လို့ ကျနော့်အတွက် လုံခြုံမှုမရှိဘူးလို့ စိတ်ပိုင်းဆိုင်ရာ ခံစားမိတယ်ဆိုရင် ကျနော်က ဒီမဲကို ထွက်ပေးဖို့ အစီအစဉ်ရှိမှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုရင် ဒါက အရေးကြီးတယ်လေ။ တဘက်မှာ န်ိုင်ငံသား တယောက်ရဲ့ မဲပေးခွင့် ဆုံးရှုံးသွားတာပေါ့။ ကျနော် မဲပေးချင်ရဲ့ သားနဲ့ မဲပေးခွင့် မရတာက မဲပေးဖို့ လုံလောက်တဲ့ ကျန်းမာရေးကာကွယ် စောင့်ရှောက်မှုနဲ့ ပတ်သက်လို့ရှိရင် ဘာမှ စိတ်ချရတဲ့ အနေအထား မရှိရင်တော့ ကျနော့်အနေနဲ့ အသက်စွန့်ပြီး မဲပေးဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ဘူးပေါ့နော်။
You may also like these stories:
မဲဆွယ်ဟောပြောခြင်းရုပ်သံ ရိုက်ကူးရန် အဆင်မပြေပါက UEC နှင့် ညှိနှိုင်းနိုင်
NLD ကို မဲပေးသင့်သည့်အချက် ဒေါ်အောင်ဆန်းစုကြည် ထုတ်ပြော
ရွေးကောက်ပွဲ ရွှေ့ဆိုင်းရန် သင့်၊ မသင့် သူတို့အမြင်