တချို့ မချောမွေ့မှုတွေကို နားလည်ပေးဖို့လိုတယ်

ထက်ခေါင်လင်း
မြန်မာနိုင်ငံ လူငယ်ရေးရာ ကော်မတီ အတွင်းရေးမှူး ကိုဒီငြိမ်းလင်း
Want create site? Find Free WordPress Themes and plugins.

ရန်ကုန်မြို့ရှိ ကွာရန်တင်း စင်တာတခု ဖြစ်တဲ့ ရိုးမရိပ်သာ စင်တာမှာ ကိုဗစ်ပိုးတွေ့လူနာများ နဲ့ Quarantine ဝင်နေ ကြရသူများကို ရောနှောထားမှု၊ Quarantine စင်တာများတွင် အစားအသောက် အဆင်မပြေမှု၊ အခန်းတခုထဲတွင် လူအများအပြား ထားရှိမှု စတဲ့ အခြေအနေတွေကြောင့် ပြောဆိုဝေဖန်မှုတွေက မြင့်တက်နေပါတယ်။

ထို့အတွက် ယခုလိုဝေဖန်မှုနှင့်ပတ်သက်ပြီး ရိုးမရိပ်သာစင်တာမှာ လုပ်အားပေး နေကြတဲ့ မြန်မာနိုင်ငံ လူငယ်ရေးရာ ကော်မတီ အတွင်းရေးမှူး ကိုဒီငြိမ်းလင်းကို ဧရာဝတီ သတင်းထောက် ထက်ခေါင်လင်းက မေးမြန်းခဲ့ပါတယ်။

မေး။ ။ လက်ရှိအချိန်မှာ Quarantine စင်တာတွေမှာ လုပ်အားပေး လုပ်ကိုင်နေတဲ့ လူငယ်တွေ ဘယ်လောက် အထိရှိသလဲ။

ဖြေ။ ။ COVID စဖြစ်တဲ့ မတ်လထဲက ဒီနေ့အချိန်အထိ လုပ်အားပေးလူငယ် ၉ဝဝ ကျော်နဲ့ Quarantine စင်တာပေါင်း ၃ဝ၄ ခုမှာ ကျနော်တို့ လုပ်ပေးနေတယ်။ အခုဆို ဆေးရုံတွေမှာပါ လုပ်ပေးနေပြီ။ အသစ်ဆောက်နေတဲ့ သုဝဏ္ဏ ဆေးရုံမှာ ဆို ၃၄ ယောက်။ ရန်ကင်းမှာလည်း ဆေးရုံထပ်ဆောက်မယ်လို့ပြောလို့ ကျနော်တို့ လုပ်အားပေး လူငယ်တွေ ထပ်စုနေ ပါတယ်။

လူပြောများနေတဲ့ ဒဂုံဆိပ်ကမ်းက ရိုးမရိပ်သာစင်တာမှာဆို လူပေါင်း ၁ဝဝ လောက်အထိ ဖြည့်ပေးဖို့ ကျနော်တို့ လုပ် ဆောင်နေပါတယ်။ ရန်ကုန်မှာ Quarantine စင်တာ ၁၆ ခုနဲ့ ဆေးရုံ ၂ ခုတို့မှာ ကျနော်တို့လူငယ်တွေ ၃ဝဝ လောက်အထိ တာဝန်ယူ လုပ်ပေးနေပါတယ်။

မေး။ ။ အခု Quarantine စင်တာတွေမှာဝင်နေကြရသူတွေတချို့က ကွာရန်တင်းဝင်ချိန်မှာ အဆင်မပြေမှုတွေကြောင့် ဆိုပြီး စောဒကတက်မှုတွေ အများအပြားတွေ့နေရတယ်။ ဘယ်သူ့အပေါ်မှာ တာဝန်ရှိသလဲ။

ဖြေ။ ။ အဓိက ကိုင်တွယ်ဖြေရှင်းနေတာတော့ ကျန်းမာရေးဘက်က တာဝန်ခံပေါ့။ စောဒတက်တာတွေကတော့ လာမှာပဲ။ လူများတဲ့အတွက် ပေါင်းစုံလာမှာပဲ။ အဲဒီလိုလာလို့လည်း သူတို့ကို အပြစ်သွားတင်လို့မရဘူး။ အိမ်မှာနေသလောက်တော့ စားရေးသောက်ရေးက အဆင်ပြေမှာမဟုတ်ဘူး။ ကျနော်တို့ လုပ်အားပေးတွေအနေနဲ့က သူတို့လိုအပ်တာတွေ လုပ်ပေး တယ်။ တခြားစီမံတာကတော့ တိုင်းဒေသကြီး အစိုးရဘက်က စီမံဆောင်ရွက်တာပါ။

ပြောဆိုခံရတာ ကျနော်တို့ လစ်ဟင်းမှုလည်း ရှိကောင်းရှိမှာပဲ။ အစိုးရမှာလည်း ရှိကောင်းရှိမှာပဲ။ လူနာတွေက ထပ်တိုး လာနေတာကိုး။ တချို့နေရာတွေ လစ်ဟာမှုတော့ ရှိမှာပဲ။ အဲဒီဟာတွေကို ဘယ်လိုပိုကောင်းအောင် လုပ်မယ်ဆိုတဲ့ အကြံပြုတာမျိုးဆို ပိုသင့်တော်တာပေါ့။

ဒါမှလည်း ကျနော်တို့ ဖြေရှင်းပေးလို့ရမှာပေါ့။ အရမ်းပေါက်ကွဲပြနေလို့ ပြဿနာက ပြီးတာမှမဟုတ်တာ။ စင်တာမှာ နေရတဲ့သူတွေမှာလည်း တာဝန်ရှိသလို အစိုးရ၊ ကျနော်တို့ လုပ်အားပေး အားလုံးအပေါ်မှာ တာဝန်ရှိတယ်။

မေး။ ။ Quarantine ဝင်ကြရသူတွေ၊ COVID လူနာတွေနဲ့ အနီးကပ်ဆုံး ဆက်ဆံရတာက လုပ်အားပေးလူငယ်တွေ ဖြစ်နေတော့ အဲဒီအပေါ်မှာ ဘာပြောချင်လဲ။

ဖြေ။ ။ ကျနော်တို့တွေက စောင့်ကြည့်လူနာတွေနဲ့ အနီးကပ်ဆုံး ဆက်ဆံရတဲ့ လူတွေဖြစ်တဲ့အတွက် ကျနော်တို့ဆီပဲ စောဒက တက်ကြတယ်။ တချို့ကိစ္စတွေကြ ကျနော်တို့ဖြေရှင်းပေးလို့ရတယ်။ တချို့ဟာတွေကြတော့ အဆင့်ဆင့်ကို တင်ပြဆွေးနွေးရတာတွေ ရှိတယ်။

ဥပမာ ထမင်းလာပို့တာ နောက်ကျတာတို့ဆို ကျနော်တို့က အထက်ကို ပြန်ပြောရတယ်။ ထမင်းလာပို့တဲ့နေရာကို။ မနက်စာဆို ၆ နာရီခွဲလောက် နောက်ဆုံး လာပို့ရတယ်။ နေ့လည်စာဆို ၁၁ နာရီလောက်လာပို့ရတယ်။ ညစာကို ညနေ ၅ နာရီနောက်ဆုံးလောက် လာပို့ရတယ်။ အဲဒီတော့မှ ကျနော်တို့က အခန်းတွေကို လိုက်ပြန်ပို့ဖို့ လွယ်ကူတယ်။

ကျန်းမာရေးအပိုင်းက တိုင်းကျန်းမာရေး အပိုင်းကပဲ စီစဉ်တာ။ စင်တာမှာ ရှိတဲ့ဆရာဝန်တွေက ကုသပေးလို့မရဘူး။ ပြဿနာတွေဖြစ်တိုင်း ကျနော်တို့လုပ်အားပေးတွေကပဲ ဖြေရှင်းပေးရတာများတယ်။ ကျနော်တို့ပဲ အပြောအဆိုခံရတာပေါ့။

မေး။ ။ ဒီလိုတွေ ကြုံတွေ့နေရတော့ ရင်ဆိုင်ရတဲ့ အခက်အခဲက ဘာတွေဖြစ်မလဲဗျ။

ဖြေ။ ။ ကျနော်တို့ လုပ်အားပေးတွေကတော့ ကျနော်တို့တာဝန်ကို ဆက်လက်လုပ်နေပါဦးမှာပါ။ ကျနော်တို့က ဒီ COVID ကို တတ်နိုင်သမျှ တိုက်ထုတ်ဖို့ ရည်ရွယ်ထားတယ်။ သူတို့ပြောဆိုဆို၊ ဆဲဆဲ ကျနော်တို့ ပြုံးပြုံးလေးနဲ့ နေမှာပါပဲ။ အခုပြောတာ မြေပြင်ရဲ့ လက်ရှိအနေအထားကိုမှ အသေးစိတ် သူတို့မသိကြပါဘူး။

ကျနော်တို့ကပဲ ဒီကိစ္စတွေကို ကိုင်တွယ် ဖြေရှင်းနေတယ်လို့ ထင်နေကြတာပါ။ အဲဒီတော့ လုပ်အားပေးတွေရဲ့ မိသားစု တွေက အထင်မြင်လွဲတာတွေ အပေါ်မှာ စိုးရိမ်မှုတော့ ရှိကြတာပေါ့။ အစောကြီးထဲက ကျနော်တို့ လုပ်အားပေးတွေဆိုတာ ဘာရပါစေလို့ဆိုတဲ့ မျှော်လင့်ချက် ဘာမှမရှိဘူး။ လုပ်စရာရှိတာ ကျနော်တို့က ဆက်ကူညီဖေးမပေးနေမှာပဲ။

မေး။ ။ ရိုးမရိပ်သာဆို အခု အဆင်မပြေမှုတွေနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ တော်တော်လေး ဖြစ်လာပြီ။ အဲဒီအပေါ် ဘာပြောချင်လဲ။

ဖြေ။ ။ အဓိက နေရာမလောက်ငှတဲ့ ပြဿနာပဲ။ COVID တွေ့ရှိလူနာနဲ့ Quarantine ဝင်နေရသူတွေ ရောထားတဲ့ဟာက ကျန်းမာရေးက စီမံခန့်ခွဲရတာပါ။ နေရာမလောက်တော့ အဲဒီလိုတွေ ဖြစ်လာတာ။ အခုတော့ အစိုးရက အမြန်ဖြေရှင်း နိုင်အောင်တော့ လုပ်နေတယ်။

မေး။ ။ အခုလို Quarantine စင်တာတွေရဲ့ စီမံခန့်ခွဲတာနဲ့ ပတ်သက်ပြီး အဆင်မပြေမှုတွေရှိတယ်ဆိုပြီး ပြောနေကြတော့ ကွာရန်တင်း ဝင်ကြရမယ်ဆိုတဲ့ သူတချို့ ကြောက်ရွံ့မှုတွေ ဖြစ်နေကြတာအပေါ် ဘာပြောချင်လဲ။

ဖြေ။ ။ အဲဒါက မြေပြင်မှာ တကယ်ကိုကြုံနေရတာ။ နဂိုထဲက ဒီဟာကို ကြောက်နေတဲ့အထဲ အဆင်မပြေမှုတွေ ကြုံရမှာ စိုးရိမ်တာရှိ။ ကြောက်နေလို့တော့ ဒီပြဿနာက ပြီးမှာမှမဟုတ်တာ။ ပထမဖြစ်စတုန်းက ပြည်တော်ပြန်တွေပဲ ဖြစ်ခဲ့ကြ တာ။ အဲဒီမှာ ထိန်းချုပ်ခွဲထားနိုင်တယ်။

အခုမှာ တလဆိုတဲ့ ကာလဆိုတဲ့ ကာလလေးမှာပဲ ၃ ထောင်ကျော်အထိ ထပ်ထပ်တိုးနေတာ။ နေရာအထိုင်အခင်းက ပြဿနာဖြစ်နေရော။ အစိုးရအနေနဲ့ လုပ်သင့်တာက တချို့ COVID လူနာတွေနဲ့ ထိတွေ့ခဲ့သူတွေကို ဘယ်လိုပုံစံ ထားမှာလဲ။ အိမ်မှာပဲ ဆက်ထားမှာလား။ တချို့ပြောတာက ဒီစင်တာ လာနေမှ ကူးမလား ပြောနေကြတာ။

ဒါကို အစိုးရနဲ့ ကျန်ုးမာရေးဝန်ကြီးဌာနက ပြန်သုံးသပ်ဖို့လိုတယ်။ အဲဒီလို စင်တာမှာနေတဲ့သူတွေအနေနဲ့လည်း အိမ်မှာ နေသလိုတော့ မဟုတ်ဘူးဆိုတာ သဘောပေါက်ဖို့တော့ လိုတယ်။ တချို့ မချောမွေ့မှုတွေကို နားလည်ပေးဖို့လိုတယ်။

မေး။ ။ အခု ရန်ကုန်အပါအဝင် COVID လူနာတွေအတွက် နေရာမလုံလောက်တာတွေ ဖြစ်နေတယ်လို့ သိရတယ်။ ဒါကိုရော ဘာပြောချင်လဲ။

ဖြေ။ ။ နေရာမလုံလောက်တယ်ဆိုတာမှာ ၂ ပိုင်းရှိတယ်။ ကျနော်တို့ ကုသရေးဆေးရုံတွေမှာလည်း နေရာက အကန့် အသတ်ရှိတယ်။ Quarantine ဝင်ပြီး သူတို့အဖြေရမှ နေရာပြောင်းရတာလည်း ရှိတယ်။ ဒါပေမယ့် သံသယလူနာ မဟုတ်ပေမယ့် Quarantine ထားဖို့မှာတော့ ကျနော်တို့မှာ ပေးဖို့ အခက်အခဲက ရှိနေဆဲပဲ။

သံသယလူနာဆိုတာ ကျနော်တို့က သူတို့ကို Positive လူနာမဟုတ်တော့ ကုသရေးဘက်ကို ပြောင်းပေးဖို့က အဆင် မပြေဘူး။ အနံ့၊ အရသာ မရတာဆိုတဲ့ မှတ်ချက်တခုထဲနဲ့ အဲဒီလူတွေကို ပြောင်းပေးလို့ မရဘူး။ အဲဒီလူတွေကို ဘယ်သွားထားရမလဲဆိုတာက အခက်အခဲပဲ။

အဲဒီလူတွေက ဆေးရုံ၊ ဆေးခန်းကို သွားပြမယ်ဆိုရင်တောင်မှ Quarantine ဝင်ခိုင်းဖို့ကို တခါတည်း လုပ်လို့က မရဘူး။ သေသေချာချာ စစ်ဆေးမယ်၊ လိုအပ်တာတွေ စစ်ဆေးမယ်ဆိုပြီးမှ လုပ်လို့ရတာ။ သူတို့ ရလဒ်ထွက်လာမှသာ ကျနော် တို့က သူတို့ကို Quarantine ဝင်ခိုင်းရမလား၊ ကုသဆောင်ပို့ရမလား လုပ်လို့ရမှာ။

မေး။ ။ ရန်ကုန်တိုင်း ဝန်ကြီးချုပ်လာသွားတယ်။ သူကိုရော ဘာတွေတင်ပြလိုက်လဲ။ ဘာတွေ သူက လုပ်ပေးမယ် ပြောလဲ။ ကျန်းမာရေး ဝန်ကြီးဌာနက ပြည်ထောင်စု ဝန်ကြီးနဲ့ရော အစည်းအဝေး လုပ်ခဲ့တယ်ဆိုတော့လေ။

ဖြေ။ ။ အခု လိုအပ်နေတဲ့ ကုသဆောင်တွေကို ဖြည့်ဆည်းပေးမလို့တော့ သိရတယ်။ Positive လူနာတွေကို ကုသရေး မြန်ဆန်အောင် လုပ်ပေးမယ်ပေါ့။ နောက်ပြီး အခု ပြဿနာတက်နေတဲ့ Quarantine ဝင်နေရသူတွေနဲ့ COVID လူနာတွေ ရောထားတဲ့ဟာကိုလည်း အမြန်ဆုံး ရွှေ့ပြောင်းပေးဖို့ လုပ်ပေးမယ်ပေါ့။

နောက်ပြီး တခုရှိတာက Positive တွေ့ရှိတယ်ဆိုတဲ့ လူနာတွေနဲ့ အတူနေနေရပြီး အဖြေမရသေးဘူး ဆိုတာက တယောက်နဲ့ တယောက် အဖြေထွက်တာချင်းက မတူဘူးဗျ။ အခု ကျနော်တို့က Positive အဖြေထွက်လာပြီ ဆိုတာနဲ့ အဲဒီလူကို ကုသဆောင်ကို ပြောင်းဖို့ကို လုပ်ပေးနေပါတယ်။ ဒီလူက Positive ဖြစ်တယ်ဆိုတာနဲ့ အဖြေမရသေးသူတွေနဲ့ ခွဲထားဖို့ လုပ်နေပါတယ်။ အဲဒီအတွက်လည်း အစိုးရဘက်က စီစဉ်နေပါတယ်။ ကျနော်တို့ကလည်း ဒီကိစ္စကို တင်ပြ ထားတယ်။

You may also like these stories:

အစိုးရ ထောက်ပံ့သည့် ငွေကြေးအပေါ် မှန်ကန်စွာ ဆောင်ရွက်ခြင်းမရှိက အရေးယူမည်

Stay Home အမိန့်အောက်က ရန်ကုန်

ရိုးမရိပ်သာစင်တာ လိုအပ်ချက်များ အမြန် ဖြေရှင်းမည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ကတိပေး

Did you find apk for android? You can find new Free Android Games and apps.
Loading