၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း ၁၁၄၃ ဦး နဲ့ ကိုယ်စားလှယ်လောင်း ဒုတိယ အ များဆုံး ပါတီအနေနဲ့ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ(UDP) (ခေါ်) နှင်းဆီပါတီက ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
UDP ပါတီအနေနဲ့ ကိုယ်စားလှယ်လောင်း ဒုတိယအများဆုံးရှိ အင်အားကြီးပါတီ တရပ်အဖြစ် ပေါ်ထွက်လာခဲ့ပေးမယ့် ပါတီကို အဓိက ထောက်ပံ့ပေးနေတဲ့ ဥက္ကဋ္ဌ ဖြစ်သူ ဦးကျော်မြင့် (ခ) မိုက်ကယ်ဟွာဟူနှင့် ပတ်သက်လို့ ဝေဖန်မှုတွေ မြင့်တက်လာခဲ့ပြီး မေးခွန်းထုတ်မှုတွေ ရှိလာ ခဲ့ပါတယ်။
ပါတီဥက္ကဋ္ဌ ဦးကျော်မြင့်သည် UWSA“ဝ” တပ်ဖွဲ့နှင့် ပတ်သက်ဖူးကာ စစ်အစိုးရလက်ထက်က ၎င်း၏ မြန်မာကျုံယွမ် ကုမ္ပဏီကို အမည်ပျက်စာရင်းသွင်းကာ ၎င်းအား ထောင်ဒဏ်ချမှတ်ခဲ့ပြီးနောက် ထွက်ပြေးလွတ်မြောက်ကာ အမေရိကန်နှင့် ကနေဒါတို့တွင် အခြေချပြီး စီးပွားရေးလုပ်ငန်းများတွင် အငြင်းပွားမှုများ ဖြစ်ကာ တရားရုံးက ငွေဒဏ် ပြစ်ဒဏ်ချခံရသူ အဖြစ် လူသိများသူဖြစ်ပါတယ်။
ထို့နောက် ၂၀၁၀ ရွေးကောက်ပွဲမှ စ၍ UDP ပါတီကို မှတ်ပုံတင်ခဲ့ပြီး ယခုလာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ပါတီဥက္ကဋ္ဌရဲ့ ကုမ္ပဏီတခုက တဆင့် ပါတီစည်းရုံးရေးတွေကို ငွေကြေးပုံအော သုံးစွဲကာ ဆောင်ရွက်နေမှုတွေနဲ့ ပတ်သက်လို့လည်း ဝေဖန်ထောက်ပြမှုတွေ ရှိနေတဲ့အတွက် ပါတီက ဆောင်ရွက်နေတဲ့ အခြေအနေတွေကို UDP ပါတီ၊ ဗဟိုတွဲဖက် အထွေထွေအတွင်းရေးမှူး ဦးကျော်စွာထက်ဦးနဲ့ ဧရာဝတီသတင်းဌာနက တွေ့ဆုံမေးမြန်းထားပါတယ်။
မေး ။ ။ ပါတီကို ဘယ်တုန်းက စတင် တည်ထောင်တာလဲ။ ယခုနှစ် ဝင်ပြိုင်မယ့် ကိုယ်စားလှယ် အရေအတွက် ဘယ်လောက်ရှိပါသလဲ။
ဖြေ ။ ။ ကျနော်တို့ ပါတီကို ၂၀၀၇ ခုနှစ် စက်တင်ဘာ ၉ ရက်နေ့မှာ ကနေဒါနိုင်ငံ ဗန်ကူးဗာမြို့မှာ စတင်တည် ထောင်ခဲ့ တာ ဖြစ် တယ်။ ပါတီရဲ့ ရည်ရွယ်ချက်တွေကတော့ ပြည်သူကိုယ်တိုင် အစိုးရဖြစ်ရမယ်၊ ပြည်သူ့အာဏာ ပြည်သူ့လက်မှာ တည်မြဲရမယ်၊ ပြည်သူ့ဘဝ မြှင့်တင်နိုင်ရမယ်။ ဒီရည်ရွယ်ချက်တွေနဲ့ စတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။
ပါတီတည်ထောင်ပြီး နောက်မှာ ဥက္ကဋ္ဌကြီးက အဲဒီအချိန်တုန်းက မြန်မာနိုင်ငံမှာ ဝန်ကြီးချုပ်လုပ်နေတဲ့ ဗိုလ်ချုပ်ကြီး သိန်းစိန်ဆီကို စာပို့ပါတယ်။ ဘယ်လိုပို့လဲဆိုရင် ကျနော်တို့ မြန်မာပြည်မှာ ပါတီစုံဒီမိုကရေစီ စနစ်နဲ့ သွားမယ်ဆိုရင် ပါတီကို တရားဝင်မှတ်ပုံတင်မယ် ဆိုပြီး အကြောင်းကြားစာပို့တယ်။
၅ နှစ်အတွင်းမှာ မြန်မာနိုင်ငံကို စင်္ကာပူနိုင်ငံထက်သာအောင် ဆောင်ရွက်ပေးမယ်။ တနိုင်ငံလုံးမှာ အဆင့်မြင့် အဝေးပြေး လမ်း တွေရှိအောင် ဆောင်ရွက်ပေးမယ်။
အဲဒီတုန်းက ဒီမှာ အခြေခံဥပဒေ ရေးဆွဲနေဆဲ ကာလဖြစ်တဲ့အတွက် အခြေခံဥပဒေ ရေးဆွဲပြီးတဲ့အချိန်ကျရင် ပြန်လည် အကြောင်းပြန်ပါ့မယ် ဆိုပြီးတော့ ဗိုလ်ချုပ်ကြီးသိန်းစိန်ကနေ ပြန်လည် အကြောင်းပြန်လာခဲ့ပါတယ်။ ၂၀၁၀ ခုနှစ် အခြေခံ ဥပဒေ ရေးဆွဲပြီးချိန်မှာ ကျနော်တို့ ပါတီကို မြန်မာနိုင်ငံမှာ တရားဝင်မှတ်ပုံတင်ပါတယ်။ ပါတီရဲ့ မှတ်ပုံတင် အမှတ်စဉ်က ၁၆ ပါ။
နောက်တခုက ကျနော်တို့ရဲ့ အန္တိမ ရည်ရွယ်ချက်အတိုင်းပဲ ယခု ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲမှာ ကျနော်တို့ဆီက ဝင်ပြိုင် မယ့် ကိုယ်စားလှယ်လောင်း အားလုံးဟာ တကယ့်နယ်ခံတွေ၊ ဒေသခံတွေနဲ့ ဝင်ပြိုင်တာဖြစ်တယ်။ ပါတီဗဟိုကနေ မိုးကျရွှေကိုယ်တွေ စေလွှတ်ထားတဲ့သူ တယောက်မှ မပါပါဘူး။ သက်ဆိုင်ရာ မြို့နယ်ပါတီအဖွဲ့တွေ၊ ရပ်ကျေးတွေရဲ့ ရွေး ချယ်မှု အတိုင်းပဲ ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ပါတီရဲ့ ကိုယ်စားလှယ်လောင်း ဦးရေက ၁၁၄၃ ဦးရှိပါတယ်။ အမျိုးသမီးက ၃၀ ရာခိုင်နှုန်းကျော် ပါပါတယ်။
မေး ။ ။ ပါတီ ကိုယ်စားလှယ်လောင်း အင်အား ဒီလောက်ကျယ်ပြန့်လာတာ ဘာကြောင့်လို့ထင်လဲ။
ဖြေ ။ ။ ၂၀၁၀ တုန်းကတော့ ကျနော်တို့ နည်းတယ်။ ၂၀၁၅ မှာတော့ ၄၄ ဦးရှိတယ်။ အခု ၂၀၂၀ မှာ ဘာလို့ အရမ်း ပျံ့နှံ့ အောင်မြင်လာလဲဆိုရင် ကျနော်တို့ရဲ့ လမ်းစဉ် ရည်ရွယ်ချက်တွေကို ပြည်သူလက်ခံလို့ပဲလို့ ပြောရမှာပဲ။ နိုင်ငံရေး လုပ်တယ်ဆိုတာ ပြည်သူက လက်မခံရင် ဘယ်သူမှ လုပ်လို့မရဘူး။
မေး ။ ။ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းတွေရဲ့ အသုံးစရိတ်ကို ပါတီက ဘယ်လိုထောက်ပံ့ထားသလဲ။
ဖြေ ။ ။ ကိုယ်စားလှယ်လောင်းတွေရဲ့ အသုံးစရိတ်နဲ့ ပတ်သက်ပြီး ဒီဘက်မှာ ပုံမှန် ဟိုအရင်ကတည်းက စတင် တည်ထောင် ကတည်းက ပါတီအောင်နိုင်ရေးအတွက်ဆိုပြီး သုံးစွဲနေတာတွေ ရှိပါတယ်။ အခုမှ အထူးတလည် ထပြီးတော့ လုပ်တာတော့ မရှိပါဘူး။ ကိုယ်စားလှယ်လောင်းတွေအားလုံးကလည်း သူတို့ရဲ့ စိတ်အားထက်သန်မှု အပြည့်နဲ့ ဝင်ရောက် ယှဉ်ပြိုင်ကြတာဖြစ်တယ်။ အဓိက ကျနော်တို့လိုချင်တဲ့အချက်က ဒီ ၁၂ ချက်ပါပဲ။
၅ နှစ်အတွင်းမှာ မြန်မာနိုင်ငံကို စင်္ကာပူနိုင်ငံထက်သာအောင် ဆောင်ရွက်ပေးမယ်။ တနိုင်ငံလုံးမှာ အဆင့်မြင့် အဝေးပြေး လမ်း တွေရှိအောင် ဆောင်ရွက်ပေးမယ်။ ရွာတွေမှာ ကတ္တရာလမ်းရှိအောင် ဆောင်ရွက်ပေးမယ်။ လျှပ်စစ်မီးတွေ မပြတ် အောင် လုပ်ပေးမယ်။ ရင်းနှီးမြှုပ်နှံသူတွေ၊ စက်ရုံထောင်မယ့်သူတွေကို အဓိကထား ဆောင်ရွက်ပေးမယ်။ ရန်ကုန်နဲ့ မန္တလေး မြို့ထဲ ယာဉ်ပိတ်ဆို့မှု မရှိကြောင်း ဖြေရှင်းပေးမယ်။
မီးရထားလမ်းတွေကို နိုင်ငံတကာအဆင့်မှီ မီးရထားလမ်းတွေ ဖြစ်အောင် လုပ်ပေးမယ်။ မြန်မာနိုင်ငံသားတွေ နေထိုင်မှုဘဝ မြှင့်တင်ရေးအတွက် ၅ နှစ် အတွင်းကို နိုင်ငံသားတဦးချင်း တနေ့ဝင်ငွေ ကျပ်တသောင်း၊ တလ ငွေ ၃ သိန်းနှုန်းရအောင် လုပ်ပေးမယ်။
နောက်တခုက ပါတီတွင်းမှာ သူရဲကောင်းဝါဒကို မကျင့်သုံးဘူး။ တဦးကောင်း တယောက်ကောင်း မဟုတ်ဘူး။ အကုန်လုံး စုပေါင်းပြီးတော့ ကိုယ့်တိုင်းပြည်အတွက် လုပ်မယ်ဆိုတဲ့သူတွေကြီးပဲ၊ ပြည်သူစစ်စစ်တွေပေါ့ဗျာ။
ရင်းနှီးမြှုပ်နှံမှု လာလုပ်မယ့်သူတွေကို မြေ နှစ်အကန့်အသတ်နဲ့ ငှားရမ်းတာ၊ ဝယ်ယူတာ၊ တိုက်ခန်း၊ ကွန်ဒိုဝယ်ယူခွင့်တွေ ဆောင်ရွက်ပေးသွားမယ့်အပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမယ့် လုပ်ငန်းတွေ ဦးစားပေး အကောင်အထည်ဖော် ဆောင်ရွက် သွားမယ်။ လုပ်ငန်းရှင်တွေရဲ့ အခွန်လျော့ချပေးမယ်၊ တောင်သူလယ်သမားတွေရဲ့ အခွန်ကင်း လွတ်ခွင့်ရအောင် လုပ်ပေး မယ်။ စိုက်ပျိုးမယ့်သူတွေလည်း အစိုးရ အထောက်အပံ့ရအောင် လုပ်ပေးမယ်။ ဝယ်ယူတဲ့ပြည်သူတွေ အနေနဲ့လည်း အခု ပေးနေရတဲ့ အထွေထွေအကျိုးဆောင်ခွန် ၅ ရာခိုင်နှုန်း ကင်းလွတ်ခွင့်ရအောင် ဆောင်ရွက်ပေးမယ်။
အရေးကြီးဆုံးကတော့ တိုင်းပြည်မှာ ဒီမိုကရေစီစနစ် ထွန်းကားဖို့ဆိုရင် ပြည်သူတွေက အစိုးရကို ထိန်းကျောင်း နိုင်ဖို့ လိုတယ်။ ဒါကြောင့် နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ဥပဒေပုဒ်မတွေကို ပယ်ဖျက်မယ်။ ဒါမှသာလျှင် ပြည်သူကိုယ်တိုင် အစိုးရကို ထိန်းကျောင်းနိုင်မယ်၊ ပြည်သူကိုယ်တိုင် အစိုးရဖြစ်မယ်။
နောက်ပြီး ၁၂ နှစ်အောက် ကလေးတွေ နေထိုင်မှုကိစ္စအဝဝကို နိုင်ငံတော်က ဆောင်ရွက်ပေးမယ်။ ဒါကလည်း ၁၂ အောက်ကလေးတွေက လက်ဖက်ရည်ဆိုင်တွေ၊ ပန်းရောင်းနေရတာ တွေ တွေ့နေရတယ်။ သူတို့ကျောင်းသွားနိုင်ဖို့ သူတို့မိသားစုတွေဟာ အထောက်အပံ့ မရှိရင် သူတို့မသွားနိုင်ဘူး။ အဲဒီ တော့ အနာဂတ်အတွက် နိုင်ငံမှာ ပညာတတ်တွေ ပေါများလာဖို့ ဆောင်ရွက်တာ ဖြစ်တယ်။ နောက်တခု မူကြိုတန်းကနေ ၁၀ တန်းအထိ အခမဲ့ဖြစ်အောင် ဆောင်ရွက်ပေးမယ်။
မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ အမြဲတမ်းနေထိုင်ခွင့် ရှိတဲ့သူတွေကို အခမဲ့ ဆေးကုသခွင့်ရအောင် ဆောင်ရွက်ပေးမယ်။ မြန်မာ နိုင်ငံသားနဲ့ အမြဲတမ်းနေထိုင်ခွင့်ရှိတဲ့သူတွေကို အသက် ၆၀ နဲ့ အထက်ရှိတဲ့သူတိုင်း နိုင်ငံတော်ကနေ ထောက်ပံ့ကြေး ရအောင် ဆောင်ရွက်ပေးမယ်။
အဲဒီ ၁၂ ချက်က ကျနော်တို့ ပါတီဥက္ကဌကြီးက တကယ့်ကို တာဝန်ယူမှု တာဝန်ခံမှုအပြည့်နဲ့ ကတိပြုထားတာဖြစ်တယ်။ ကျနော်တို့ ၅ နှစ်တာ ကာလအတွင်းမှာ ဒါတွေဖြစ်အောင်လုပ်မယ်၊ မဖြစ်ဘူးဆိုရင် ကျနော်တို့ပါတီဥက္ကဋ္ဌကြီးက သူ့ကို ထောင်ဒဏ်အပြစ်ပေးပါ၊ ကျနော်တို့ရဲ့ ပါတီဆိုင်းဘုတ်တွေကိုလည်း မီးရှို့ပြီးတော့ ရိုက်ချိုးပစ်နိုင်ပါတယ် ဆိုပြီးတော့ ကတိပေးထားတယ်။
နောက်တခုက ပါတီတွင်းမှာ သူရဲကောင်းဝါဒကို မကျင့်သုံးဘူး။ တဦးကောင်း တယောက်ကောင်း မဟုတ်ဘူး။ အကုန်လုံး စုပေါင်းပြီးတော့ ကိုယ့်တိုင်းပြည်အတွက် လုပ်မယ်ဆိုတဲ့သူတွေကြီးပဲ၊ ပြည်သူစစ်စစ်တွေပေါ့ဗျာ။
မေး ။ ။ ပါတီစည်းရုံးရေးတွေကို ပုံမှန်ထောက်ပံ့တာရှိတယ် သိရတယ်။ ရပ်ကျေးအဆင့်ဆို ၁ သိန်း၊ မြို့နယ် ဆို ၂ သိန်းပေါ့။ ပါတီအနေနဲ့ ဘယ်လိုမူနဲ့ ထောက်ပံ့နေတာလဲ။
ဖြေ ။ ။ ဒါက ဒီလိုရှိတယ်ဗျ။ ရပ်ကျေးစည်းရုံးရေးမှူးတွေ၊ မြို့နယ်စည်းရုံးရေးမှူးတွေကို ပါတီက ထောက်ပံ့တာ မဟုတ် ပါဘူး။ တကယ်တမ်း ပြောရရင် ဒီကနေ ထောက်ပံ့တယ်ဆိုတာက ကျနော်တို့ ဥက္ကဋ္ဌကြီးရဲ့ တခြားစီးပွားရေးလုပ်ငန်း၊ အဲဒီ က နေပြီးတော့ နိုင်ငံရေးသမားတွေ၊ ဒီမှာရှိနေတဲ့သူတွေ သွားရေးလာရေး လမ်းစရိတ် အဆင်ပြေအောင်အတွက် ထောက် ပံ့ပေးတာဖြစ်တယ်။
ကိုယ်စားလှယ်လောင်းတွေအတွက် အထောက်အပံ့ရှိလား၊ မရှိလား ဆိုတာတော့ လောလောဆယ် မှာ ကျနော်တို့ ဆီကနေ ဘာလုပ်ပေးလဲဆိုရင် အာမခံငွေကြေး (ရွေးကောက်ပွဲ ကော်မရှင်ထံ ပေးသွင်းရသည့် ကိုယ်စား လှယ်လောင်း အာမခံငွေ)တွေ သွင်းပေးတယ်။ ဒါမျိုးတွေ လုပ်ပေးနေပါတယ်။ မဲဆွယ်စည်းရုံးရေး အသုံးစရိတ်အနေနဲ့ ကတော့ ကိုယ့်ဘာသာကိုယ် အားလုံးစုပေါင်းပြီးတော့ အချက် ၁၂ ချက် ကိုလိုချင်တဲ့စိတ်နဲ့ ကြိုးစားရုန်းကန်နေကြပါတယ်။
နောက်တခုကလည်း ပါတီဝင်အင်အား ၆ သန်း လောက် ရှိပြီးတော့ လူထုထောက်ခံမှုကို ရင်ထဲကို တော်တော်ပြည့်ပြည့်ဝဝ ရောက်နေတဲ့ ပါတီဖြစ်နေတဲ့အခါကျတော့ မလိုလားအပ်သော ပုဂ္ဂိုလ်တွေကနေ တော်တော်လေး တိုက်ခိုက်လာတာ တွေ့ရတယ်။
မေး ။ ။ ဥက္ကဋ္ဌရဲ့ လုပ်ငန်းတွေက ထောက်ပံ့တယ်ဆိုတော့ အပြင်လုပ်ငန်းတွေနဲ့ ပါတီလုပ်ငန်းတွေ ဘယ်လိုချိတ်ဆက် နေတာလဲ။ Myanmar Kyaw လုပ်ငန်းကနေ ထောက်ပံ့နေတယ်ဆိုတာကိုလည်း ရှင်းပြပေးပါဦး။
ဖြေ ။ ။ ကျနော်တို့ ပါတီနဲ့ Myanmar Kyaw ကုမ္ပဏီနဲ့ လုပ်ငန်းချိတ်ဆက်မှုကတော့ မရှိဘူးခင်ဗျ။ မရှိဘူး။ ပါတီက နိုင်ငံရေး သီးသန့်ပဲသွားတယ်။ ပါတီက စီးပွားရေးလည်း မလုပ်ဘူး။ ပါတီရဲ့ အန္တိမ ရည်ရွယ်ချက်ဖြစ်တဲ့ ပြည်သူကိုယ်တိုင် အစိုးရဖြစ်ရေး။ ပြည်သူ့အာဏာ ပြည့်သူလက်မှာ တည်ရေး၊ ပြည်သူ့ဘဝ မြှင့်တင်ရေးပေါ့၊ နောက်ပြီး ကျနော်တို့လိုချင်တဲ့ ၁၂ ချက်၊ ဒါကိုပဲ ဦးတည်ပြီးသွားတယ်။
မေး ။ ။ Myanmar Kyaw ကုမ္ပဏီကနေ လုပ်ငန်းသဘောအရ ငွေကြေးထုတ်ယူထားတဲ့သူတွေက ပါတီစည်းရုံးရေး လုပ်ပေးရတယ်ဆိုတာကရော။
ဖြေ ။ ။ မရှိပါဘူးခင်ဗျ။ ဒါမျိုးတွေ။ အခုဆိုရင် မြို့နယ်၊ ရပ်ကျေးစည်းရုံးရေးမှူးတွေက သူတို့ သဘောဆန္ဒနဲ့ တိုင်းပြည် ကောင်းစေချင်တဲ့အတွက် အကုန်လုံး တက်ညီလက်ညီ လုပ်နေတဲ့သူတွေချည်းပဲ။ အဲဒီလို ပစ္စည်းပေါင်နှံပြီး လုပ်တဲ့သူ တယောက်မှ မပါဘူးခင်ဗျာ။ နောက်တခုက ပါတီမှာ ခရိုင်အဖွဲ့အစည်းမရှိဘူး။ ခရိုင်မထားဘူး။
မေး ။ ။ ပါတီဥက္ကဋ္ဌ ဦးကျော်မြင့် ပိုင်ဆိုင်တဲ့ Myanmar Kyaw ကုမ္ပဏီကနေပဲ ပါတီကုန်ကျစရိတ်တွေ အကုန် ကျခံနေတာ ဆိုတာ ဟုတ်ပါသလား။
ဖြေ ။ ။ အဲဒါတော့ Myanmar Kyaw ကုမ္ပဏီမှာ CEO ဆိုတာရှိပါတယ်။ သူကနေပဲ သွားနေတာပေါ့။ ငွေကြေး အသုံးစရိတ်တွေ ဘာတွေတော့ ကျနော်တို့မသိဘူး။ ကျနော်တို့က နိုင်ငံရေးပဲ လုပ်နေတာဆိုတော့ ငွေကြေးတွေ၊ ဘာတွေနဲ့ မပတ်သက်ဘူး။
မေး ။ ။ ပါတီ ဥက္ကဋ္ဌရဲ့ ငွေကြေးပိုင်း သုံးစွဲမှုနဲ့ ပတ်သက်လို့ မေးခွန်းထုတ်မှုတွေ ရှိလာတော့ ပါတီအနေနဲ့ ဘာ များပြောချင်ပါသလဲ။
ဖြေ ။ ။ ဒါက ပြောရရင် ကောလာဟလတွေ အများကြီးပါလာတာ ကျနော်တို့တွေ့ရတယ်။ ဒီနေ့ဒီအချိန်မှာ ကျ နော်တို့ ပါတီက ကိုယ်စားလှယ်လောင်း ဒုတိယအများဆုံးပါတီ ဖြစ်နေတယ်။ နောက်တခုကလည်း ပါတီဝင်အင်အား ၆ သန်း လောက် ရှိပြီးတော့ လူထုထောက်ခံမှုကို ရင်ထဲကို တော်တော်ပြည့်ပြည့်ဝဝ ရောက်နေတဲ့ ပါတီဖြစ်နေတဲ့အခါကျတော့ မလိုလားအပ်သော ပုဂ္ဂိုလ်တွေကနေ တော်တော်လေး တိုက်ခိုက်လာတာ တွေ့ရတယ်။
အဲဒီတော့ ဥက္ကဋ္ဌကြီး ချမှတ် ပေးထားတဲ့ ကျနော်တို့ရဲ့ လမ်းစဉ်ဖြစ်တဲ့ ဘယ်သူ့ကိုမှ မတိုက်ခိုက်နဲ့၊ ဘယ်သူ့ကိုမှ မစော်ကားနဲ့ ။ ကိုယ့်ကိုပြောလာ ရင်လည်း အေးအေးဆေးဆေး အပြုံးမပျက် ပြန်တုံ့ပြန်။ ဒို့သွားနေတာ ဒို့လမ်းကြောင်း နဲ့ ဒို့သွားနေတယ်။ ကျနော်တို့ လိုချင်တာ ရည်ရွယ်ချက် ၁၂ ချက်ပဲ။ ဒီအချက်တွေကိုသာ ဥက္ကဋ္ဌကြီးလိုမျိုး အာမခံချက်၊ ကတိကဝတ်အပြည့်အဝ ပေးနိုင်မယ့် အဖွဲ့အစည်း ပေါ်ပေါက်ခဲ့မယ်ဆိုရင် ဒီနေ့ UDP ပါတီကို ဖျက်သိမ်းလိုက်ပါ။
ကျနော်တို့ နိုင်ငံရေးလမ်းစဉ်အတိုင်းပဲ သန့်သန့်လေးသွားတယ်။ ဒီနေရာမှာ ကျနော်တို့ကို တိုက်ခိုက်လာတယ်၊ များ လာတယ်။ တချို့ အရမ်းကို လွန်ကျွံလာတယ်ဆိုရင်တော့ နေရာတိုင်းမှာတော့ အကန့်အသတ် ရှိပါတယ်။ အရမ်း လွန်လာပြီ ဆိုရင်တော့ တရားဥပဒေကြောင်းအရပဲ ဆက်သွားမယ်။
သူ့မြို့နယ် သူ့ဟာသူ တည်ဆောက်ပြီး ယှဉ်ပြိုင်တဲ့ ပုဂ္ဂိုလ်တွေပဲဖြစ်တယ်။ ပါတီနိုင်တာလို့ ပြောတာထက် ပြည်သူ နိုင်တာလို့ ပြောရမယ်။
မေး ။ ။ ဥက္ကဋ္ဌ ဦးကျော်မြင့်နဲ့ ပတ်သက်လို့ရော ဘယ်လောက်အထိ သိထားသလဲ။
ဖြေ ။ ။ ဥက္ကဋ္ဌကြီးအကြောင်း ပြောပြရမယ်ဆိုရင် ၁၉၆၇ ခုနှစ် သူ့အသက် ၁၆ နှစ်သားလောက် ကတည်းက ရဲ ဘော် သုံးကျိပ်ဝင်ဖြစ်တဲ့ သခင်ကျော်ဇော၊ ဗိုလ်ချုပ်ကျော်ဇောပေါ့၊ အတူတူ နိုင်ငံရေးလုပ်ငန်းစဉ်တွေကို စပြီးလုပ်ခဲ့တယ်။ ၁၉၈၉ ခုနှစ်ကနေစပြီး မြန်မာပြည်ရဲ့ ပြည်တွင်းငြိမ်းချမ်းရေ ရရှိဖို့ ဦးစီးပြီးတော့ လုပ်ပေးခဲ့တဲ့ ငြိမ်းချမ်းရေး ခေါင်းဆောင် တယောက်လည်း ဖြစ်တယ်။
အဲဒီနောက်ပိုင်းမှာ သူ ဟားဗတ်တက္ကသိုလ်ကို သွားတယ်၊ အဲဒီမှာ Professional Business Financial Class ကိုတက်ရောက်အောင်မြင်တယ်။ အောင်မြင်ပြီးတဲ့အခါ အမေရိကားမှာ ရှိတဲ့ Management Public Listing Company မှာ ဥက္ကဋ္ဌ၊ CEO တာဝန်တွေယူခဲ့ပါတယ်။ အဲဒီတော့ ကျနော်တို့ ဥက္ကဋ္ဌက နိုင်ငံရေးမှာရော၊ စီးပွားရေး မှာရော အတွေ့အကြုံတွေ အများကြီးရှိခဲ့တဲ့ ပုဂ္ဂိုလ်တဦးဖြစ်ပါတယ်။
မေး။ ။ ဒီမှာ ကုမ္ပဏီထောင်ရင်း ငွေကြေးဆိုင်ရာ အငြင်းပွားမှုဖြစ်ပြီး ထောင်ကျဖူးထားတယ်။ ထောင်ကနေ ထွက်ပြေး ပြီး လွတ်မြောက်သွားတယ်ဆိုတာရော သိထားလား။
ဖြေ ။ ။ ဒါတွေက ဒီလိုဗျ။ ပြောရမယ်ဆိုရင် ရုပ်ပြတခုပေါ့ဗျာ။ ဒါတွေက တချိန်တုန်း ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ရှိ တယ်။ အဲဒီအချိန်တုန်းက ပါတီဥက္ကဋ္ဌကြီးက ပြောလိုက်တယ်။ တိုင်းပြည်ဆိုတာ အစိုးရရှိရမယ်။ နယက၊ နဝတ က အစိုးရ လို့ နာမည်မခံထားဘူး။ အစိုးရဖြစ်ဖို့အတွက် ၁၉၉၀ ရွေးကောက်ပွဲရလဒ်နဲ့ ပေါင်းစပ်ပြီးတော့ လုပ်သင့်ပါတယ်ဆိုတာ ပြောလိုက်တော့ ဒီအပေါ်မှာ ဥက္ကဋ္ဌကြီးကို ကုမ္ပဏီ အငြင်းပွားမှုမဟုတ်ပါဘူး။ ပုဒ်မ ၅(ည) ပါ၊ နိုင်ငံရေးအမှုပါ။ အဲဒါနဲ့ တရားစွဲခံရတာပါ။ နောက်ပိုင်းဆက်ဖြစ်တာက ပုဒ်မ ၅(ည) နဲ့ အစွဲခံရရင် အဲဒီတုန်းက သိတဲ့အတိုင်းပဲလေ။ နိုင်ငံရေး ပြစ်မှုဆိုရင် ထောင်ကျတာပဲ၊ ဒါပါပဲ။
မေး ။ ။ ပါတီဥက္ကဋ္ဌရဲ့ အကျဉ်းထောင်က ထွက်ပြေးတဲ့ မှတ်တမ်းတွေ ရှိထားခဲ့တော့ ပါတီတည်ထောင်ခွင့်ကို ဘယ်လိုဆောင်ရွက်ခဲ့သလဲ၊ ဘယ်လိုညှိနှိုင်းမှုတွေရှိခဲ့သလဲ။
ဖြေ ။ ။ ပါတီတည်ထောင်ခွင့်က ဒီမှာ အခြေခံဥပဒေရှိတယ်၊ ပါတီတည်ထောင်ခွင့်ဥပဒေ ရှိတယ်။ ဥပဒေနဲ့ အ ညီ ဖြစ်လို့သာ ကျနော်တို့ ပါတီ တည်ထောင်ခွင့်ရတာပေါ့။ ဥပဒေနဲ့မညီရင် ပါတီတည်ထောင်ခွင့် ဘယ်ရမလဲ။ ကျနော်တို့ ဥပဒေဘောင်ထဲကနေပဲ လုပ်တာပါပဲ၊ တခြားညှိနှိုင်းတာတွေတော့ မရှိပါဘူး။ အဓိကတော့ ပါတီတည် ထောင်ခွင့် ရတယ်ဆိုတာ ဥပဒေနဲ့အညီဆောင်ရွက်လို့ ဒီနေ့ဒီအချိန်အထိ ရပ်တည်လို့ရနေတာပေါ့။
နိုင်ငံရေးမှာတော့ ပြောရမယ်ဆိုရင် ကတိကဝတ်ရှိတယ်။ အဲဒီအချိန်တုန်းက ပါတီစုံဒီမိုကရေစီ စနစ်ကိုသွားဖို့ဆိုတာ တိုင်းပြည် ငြိမ်းချမ်းဖို့လိုတယ်ဆိုပြီးတော့ တပ်ဘက်က ခေါင်းဆောင်တွေက ဥက္ကဋ္ဌကြီးကို အကြောင်းပြချက် ပေးတာပေါ့။
အဲဒါဆိုရင် ကောင်းပြီ၊ တိုင်းပြည်ငြိမ်းချမ်းရေးရအောင် လုပ်ပေးမယ်။ ခင်ဗျာတို့ တိုင်းပြည်ကို ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်အောင် လုပ်ပေးပါဆိုပြီးတော့ ဒီ ကတိကဝတ်တွေနဲ့ ငြိမ်းချမ်းအောင် လုပ်ပေးခဲ့တာ ဖြစ်ပါတယ်။ တခြားသော ကျန်တဲ့ အပိုင်းမှာ မရှိပါဘူး။ အပြင်မှာ ပြောနေကြသလို ခုချိန်အထိ အဆက်အဆံ ရှိနေတာမျိုးတွေ ကျနော်တို့မှာ မရှိ ပါဘူး။
မေး ။ ။ ဥက္ကဋ္ဌနဲ့ ပတ်သက်လို့ မူးယစ်ဆေးကိစ္စ ပြောဆိုကြတာလည်း ရှိတော့ ပါတီအနေနဲ့ ဘာများပြောချင်သေးလဲ။
ဖြေ ။ ။ မူးယစ်ဆေးနဲ့ ပတ်သက်တာက ကျနော်တို့ ဥက္ကဋ္ဌကြီး မဟုတ်ဘူးဗျ။ သဘောပြောရရင် မြန်မာပြည် မှာ နာမည် ဆင်တူတာတွေက အများကြီးရှိတာပဲ။ ဥက္ကဋ္ဌကြီးက နိုင်ငံရေး သန့်သန့်ကိုပဲ လျှောက်ခဲ့တာဖြစ်ပါတယ်။
မေး ။ ။ ၂၀၂၀ ရွေးကောက်ပွဲမှာ ပါတီက ဘယ်လောက်အနိုင်ရမယ် ခန့်မှန်းထားလဲ။
ဖြေ ။ ။ ဘယ်လောက်အနိုင်ရဖို့ မှန်းထားလဲဆိုရင် ၈၀ ရာခိုင်နှုန်းကျော်ကျော်လောက် ကျနော်တို့မှန်းတယ်။ ဘာကြောင့် မှန်းလဲဆိုရင် ကျနော်တို့ရဲ့ ကိုယ်စားလှယ်လောင်းတွေဟာ မိုးကျရွှေကိုယ်တွေ တယောက်မှ မပါဘူး။ သူ့မြို့နယ် သူ့ဟာသူ တည်ဆောက်ပြီး ယှဉ်ပြိုင်တဲ့ ပုဂ္ဂိုလ်တွေပဲဖြစ်တယ်။ ပါတီနိုင်တာလို့ ပြောတာထက် ပြည်သူ နိုင်တာလို့ ပြောရမယ်။
You may also like these stories:
“သမ္မတဆိုတာက တော်ရုံတန်ရုံလူ လုပ်လို့တော့ ဖြစ်တဲ့ကိစ္စမျိုး မဟုတ်ဘူး”
“အစိုးရဖွဲ့ဖို့ ယုံယုံကြည်ကြည်နဲ့ကို အလုပ်လုပ်နေပါတယ်”
ကိုဗစ်-၁၉ ရောဂါ လုပ်ငန်းစဉ်တွေဟာ အမျိုးသားရေးကိစ္စဖြစ်လို့ ပူးပေါင်းဆောင်ရွက်မယ်