ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦးသည် ဥက္ကဋ္ဌ တာဝန်မှ နုတ်ထွက်မည်ဟု စက်တင်ဘာ ၂၇ ရက်နေ့ထုတ် 7 Day သတင်းစာတွင် ကြော်ငြာထည့်သွင်း ကြေညာခဲ့သည်။
ဦးခွန်ထွန်းဦးသည် ကျန်းမာရေးအခြေအနေနှင့် မိသားစုအရေးကိစ္စများ ဆောင်ရွက်ရန် ရှိနေပြီး ပါတီတာဝန်များကို မျိုးဆက်သစ်များထံ လက်ဆင့်ကမ်းရန် ရည်ရွယ်ကာ နှုတ်ထွက်သည်ဟုဆိုခြင်း ဖြစ်နိုင်ကြောင်း SNLD ပါတီထံမှ သိရသည်။
ဦးခွန်ထွန်းဦးသည် SNLD ပါတီကို စတင်ထူထောင်ခဲ့သူလည်းဖြစ်ပြီး ပါတီ ဥက္ကဋ္ဌအဖြစ် နှစ်ပေါင်း ၃၀ ကျော် တာဝန် ယူခဲ့ သူလည်း ဖြစ်ကာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရာတွင် ထင်ရှားသည့် တိုင်းရင်းသား နိုင်ငံရေး ခေါင်းဆောင် ၁ ဦး လည်း ဖြစ်သည်။
၎င်းနှုတ်ထွက်ရခြင်းနှင့်ပတ်သက်၍ မည်ကဲ့သို့ ရှုမြင်သည်ကို သိရှိနိုင်ရန် နိုင်ငံရေးပါတီ အချို့အား ဧရာဝတီ သတင်း ထောက် ဇင်လင်းထက်နှင့် ဆလိုင်းသန့်စင်တို့က ဆက်သွယ်မေးမြန်းထားသည်များအား စုစည်းဖော်ပြလိုက်ပါသည်။
ဦးစိုင်းကျော်ညွန့် (ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) – တွဲဖက်အတွင်းရေးမှူး ၁)

တခြားအထွေအထူးအကြောင်းတော့ မရှိပါဘူး။ ကျနော်တို့ပါတီမှာက ခေါင်းဆောင်တွေ အကုန်လုံးက တက်ညီ အလုပ် လုပ်ကြတာလေ။ ဒါမျိုး ပါတီတွင်းပြဿနာရယ်တော့ မရှိပါဘူး။ ကျနော်တို့ သူ့ကို ကျနော်တို့ လူငယ်အဖွဲ့တွေ တခါတလေ ပေါ့။ ကျနော်အပါအဝင် သွားတွေ့ရင်တော့ သူနည်းနည်းပါးပါး နားချင်ပြီ။ ပြုချင်ပြီလို့ ပြောတာကြားဖူးပါတယ်။ ဒီလိုမျိုး လုပ်တာတော့ ကျနော်တို့လည်း သတင်းထဲတွေ့မှ သိတာလေ။
လက်ရှိအချိန်အထိ သူက ကျနော်တို့ ဥက္ကဋ္ဌပဲလေ။ သူနုတ်ထွက်မယ်ဆိုတဲ့ကိစ္စက ဗဟိုအလုပ်အမှုဆောင်ကော်မတီ၊ ဗဟို ကော်မတီမှာ ဆွေးနွေးပြီးမှ ဆုံးဖြတ်ရမယ့် ကိစ္စဖြစ်ပါတယ်။ ဆွေးနွေးဖို့တော့ ခက်ပါတယ်။ အွန်လိုင်းမှာ လုပ်တယ် ဆိုတာ ကလည်း ဒီလိုကိစ္စက ပေါ့ပျက်ပျက်လုပ်လို့ရတဲ့ ကိစ္စလည်း မဟုတ်ဘူးလေ။ ကျနော်တို့ အတတ်နိုင်ဆုံး အကောင်းဆုံး လုပ်ဆောင်သွားမယ်လို့ ပြောချင်ပါတယ်။
ပါတီမှာတော့ ကြီးကြီးမားမားတော့ သက်ရောက်မှုတော့ မရှိပါဘူး။ သူတို့ကလည်း ဥက္ကဋ္ဌကို ဥက္ကဋ္ဌအဖြစ်ပဲ ခံယူထား တယ်လေ။ နည်းနည်းပါးပါးတော့ စိတ်ပိုင်းဆိုင်ရာမှာ အားငယ်တာတော့ ရှိကောင်းရှိမှာပေါ့။ ဒါပေမယ့် သူတို့ ကျော်လွှား နိုင်ပါတယ်။ တောက်လျှောက်လည်း ကျနော်တို့ပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရော၊ မြို့နယ်က စည်းရုံး ရေးမှူးတွေရော အလုပ်လုပ်နေပါတယ်။ မြို့တော်တော်များများမှာ ကျနော်တို့ ဆက်လှုပ်ရှားနေပါတယ်။ ဘာမှ ကြီးကြီး မားမား ပြောင်းလဲမှု မရှိနိုင်ပါဘူး။
ဦးမျိုးကျော် (ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီ အထွေထွေအတွင်းရေးမှူး)

ဒီကာလမှာ အဲဒီလိုမျိုး နှုတ်ထွက်မယ်လို့ ကြေညာတာက သဘောမကျဘူးပေါ့ဗျာ။ ဒါပေမယ့် ဥက္ကဋ္ဌကြီး ဦးခွန်ထွန်းဦး နားချင်ပြီလို့ ပြောတာကတော့ အစောကြီးကတည်းက ကျနော်လည်း ကြားပါတယ်။ ဘာပဲဖြစ်ဖြစ် အသက်အရွယ်ရယ် ကျန်းမာရေး အခြေအနေအရရယ် ကျနော်တို့ မျှော်မှန်းထားတဲ့ ဒီမိုကရေစီလမ်းကြောင်းအတွက် နိုင်ငံရေးထဲမှာ နှစ်ရှည် လများ လုပ်လာတယ်။ ဒါပေမယ့် တကယ် ဒီမိုကရေစီလမ်းကြောင်းကို သွားပြီဆိုတဲ့ နေရာမှာ ကျနော်တို့ နဂိုမူလ မျှော်မှန်း ထားသလို အနေအထားမျိုး မဟုတ်ဘူးလေ။ အဲဒီကြားမှာလည်း စိတ်ပျက်လက်ပျက်ဖြစ်တာလည်း ဖြစ်နိုင်တာပေါ့ဗျာ။ အဲဒါတွေကို သည်းမခံနိုင်ဘူး ဆိုတာက ကိုယ့် ခန္ဓာကိုယ်မှာ ဖြစ်တဲ့ အသက်ကြီးမှုရယ် ကျန်းမာရေးချွတ်ယွင်းမှုရယ်။ ဒါတွေကြောင့်လို့ပဲ ကျနော့်အနေနဲ့ ထင်ပါတယ်။
ဦးရဲထွန်း (သီပေါ) (နိုင်ငံရေးလေ့လာသုံးသပ်သူ)

ဒီလိုရွေးကောက်ပွဲနားနီးတဲ့ အချိန်မှာတော့ နှုတ်ထွက်တာ မဖြစ်သင့်ဘူးလေ။ ပါတီက အေးအေးဆေးဆေး အောင်ပွဲရတဲ့ အချိန်မှာ အစည်းအဝေးတွေဘာတွေ လုပ်ပြီးတော့ပဲ ဖြစ်ဖြစ်၊ ပါတီညီလာခံတို့ဘာတို့ ပြီးတော့မှ နှုတ်ထွက်တာဆိုရင်တော့ တမျိုးပေါ့။
တခြားတော့ မပြောတတ်ဘူး။ ကျနော်တို့ မျှော်လင့်တာက ရှမ်း ၂ ပါတီ ကွဲနေတဲ့ ကိစ္စက ထိပ်သီးခေါင်းဆောင် ၂ ယောက် သဘောထားကွဲလွဲတာက အဓိကဖြစ်နေတော့ သူမရှိတော့ရင် ပါတီပေါင်းစည်းတာများ ချောမွေ့နိုင်မလားပေါ့။ ဒါလည်း မျှော်လင့်မိတာပေါ့။ သိပ်တော့ မသေချာပါဘူး။ မျှော်လင့်မိတာပေါ့။ အဲဒီလိုပေါင်းစည်းနိုင်ရင်တော့ ရှမ်းလူထုအတွက်က ဝမ်းအသာဆုံးဖြစ်မှာပေါ့။
မုံရွာအောင်ရှင် (NLD ဗဟိုပြန်ကြားရေးကော်မတီအတွင်းရေးမှူး)

ကျနော်ကတော့ သူနှုတ်ထွက်တဲ့ကိစ္စကို ပွင့်ပွင့်လင်းလင်းပြောရရင် မနှုတ်ထွက်စေချင်ဘူးဗျ။ ဘာကြောင့်လဲဆိုတော့ သူက ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ထူထောင်တဲ့ အထဲမှာလည်း ပါခဲ့တယ်။ အထူးသဖြင့် NLD ရဲ့ အကြပ်အတည်း ကာလတွေမှာ ကျနော်တို့နဲ့ အတူလက်တွဲလုပ်ခဲ့တဲ့ ခေါင်းဆောင်ဗျ။ ကျနော်တို့နဲ့ အတူဝန်းရံခဲ့တဲ့ ခေါင်း ဆောင်လေ။ ကျနော်တို့ အဲဒါကို အသိအမှတ်ပြုပါတယ်။ မေ့လို့လည်းမရဘူး။
အဲဒါက သူ့ရဲ့ ရပ်တည်ချက်ပဲ။ ဥပမာ ဆိုပါစို့ ။ ပထမအကြိမ် အမျိုးသားညီလာခံကို ကျနော်တို့ နှုတ်ထွက်တယ်။ သပိတ် မှောက်တယ် ဆိုပါစို့ ။ မကြာဘူး သူတို့လည်း ကျနော်တို့နဲ့ အတူ ထွက်လာခဲ့တာပေါ့။ နောက်တခါ ၂၀၁၀ ရွေးကောက်ပွဲ မှာ သူတို့လည်း မဝင်ဘူးဗျ။ နောက်တခါ CRPP (NLD နှင့် တိုင်းရင်းသား မဟာမိတ် ပါတီများ စုဖွဲ့ထားသော ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ ) မှာလည်း အတူတူပဲ ပါခဲ့တာဆိုတော့ အဲဒါကို ကျနော်တို့မမေ့ဘူးဗျ။ ဒီလိုရပ်တည်ချက်ရှိတဲ့ ခေါင်းဆောင်မျိုး နှုတ်ထွက်တာ မဖြစ်သင့်ဘူး။
သူနှုတ်ထွက်တာက သူ့ပါတီအတွက်လည်း ထိခိုက်နစ်နာတယ်။ သူ့လူမျိုးစုအတွက်လည်း နစ်နာတယ်။ ဒီမိုကရေစီ အတွက်လည်း နစ်နာတယ်။ ကျနော်ကတော့ ဒီလိုပဲပြောချင်ပါတယ်။
သူနှုတ်ထွက်တာက သူ့ပါတီအတွက်လည်း ထိခိုက်နစ်နာတယ်။ သူ့လူမျိုးစုအတွက်လည်း နစ်နာတယ်။ ဒီမိုကရေစီ အတွက်လည်း နစ်နာတယ်။ ကျနော်ကတော့ ဒီလိုပဲပြောချင်ပါတယ်။ ဆက်ပြီးတော့ နေစေချင်တယ်။ လူရဲ့ ခန္ဓာကိုယ် ရုပ်ပိုင်းအရ မစွမ်းဆောင်နိုင်ရင်တောင် စိတ်ဓာတ်ပိုင်း အရ သူက အားပေးလို့ရတယ်။ စွမ်းဆောင်လို့ရတယ်။ ကျနော်က တော့ အဲဒီလိုပဲ မြင်ပါတယ်။
ဦးမင်းဇေယျ (ပြည်သူ့ပါတီ ဒုတိယဥက္ကဋ္ဌ)

ပုဂ္ဂိုလ်ရေးအရ ပြောမယ်ဆိုရင် အန်ကယ် ဦးခွန်ထွန်းဦးဟာ ကျနော်တို့အတွက် လေးစားစရာ အားကိုးယုံကြည် ထိုက်စရာ တိုင်းရင်းသားခေါင်းဆောင် တယောက်ပါ။ ဒါပေမယ့် သူတို့ပါတီ အတွင်းရေးပိုင်းကိုတော့ မသိဘူးပေါ့နော်။ တဖက်မှာ လည်း ကိုယ်ချင်းစာစိတ်နဲ့ တွေးတာက နှစ်ပေါင်း ၃၀ ကျော် နိုင်ငံရေးလောကမှာ တိုင်းရင်းသား နိုင်ငံရေးခေါင်းဆောင် တယောက်အနေနဲ့ ဖြတ်သန်းခဲ့တဲ့အခါမှာ သူ့မှာလည်းပဲ စိန်ခေါ်မှုတွေ၊ အခက်အခဲအကြပ်အတည်းတွေ ရှိမှာပဲလေ။ အသက်အရွယ်ကလည်း နည်းနည်းကြီးလာပြီပေါ့နော်။ အဲဒီတော့ သူ့မှာဖြစ်ပေါ်နေတဲ့ ဖိအားအမျိုးမျိုးကို ကိုယ်ချင်းစာ ပါတယ်။
ဒါပေမယ့် ပုဂ္ဂိုလ်ရေးအရပဲပြောပြော လက်ရှိနိုင်ငံရေး အခင်းအကျင်းအရပဲ ပြောပြော သူ့လိုအစဉ်အလာလည်းရှိ သမိုင်း ကြောင်းလည်း ကောင်းတဲ့ တိုင်းရင်းသားခေါင်းဆောင်တယောက် အနေနဲ့ နိုင်ငံရေးလောက ကနေပြီးတော့ လောလော ဆယ် အနားယူသွားတာမျိုးတော့ မဖြစ်စေချင်သေးဘူး။ သူတတ်စွမ်းသလောက် ပါဝင်စေချင်ပါသေးတယ်။ အန်ကယ် ဦးခွန်ထွန်းဦး SNLD ဥက္ကဋ္ဌနေရာက နှုတ်ထွက်တယ်ဆိုတဲ့ ကိစ္စအပေါ် ပုဂ္ဂိုလ်ရေး အရရော၊ အဖွဲ့အစည်းရေးအရရော၊ တိုင်းရင်းသားရေးအရရော၊ လက်ရှိ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေ အရရော စိတ်မကောင်းဘူးလို့ပဲ အလေးအနက် ပြောချင်ပါတယ်။ ထို့အတူပဲ ဒီသတင်းမှားပါစေ၊ အန်ကယ် ဦးခွန်ထွန်းဦး အနေနဲ့ ကျနော်တို့တိုင်းရင်းသားတွေ၊ ရှမ်းတိုင်းရင်း သားတွေရော ကျန်တဲ့တိုင်းရင်းသားတွေ အတွက်ရော ဆက်လက်ပြီးတော့ ပါဝင်စွမ်းဆောင်ပေးနိုင်ဖို့လည်း မျှော်လင့်ပါတယ်။
ဦးဒေးဗစ်လှမြင့် – ဥက္ကဋ္ဌ (ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဒီမိုကရက်တစ်ပါတီ – UNDP)

ကျနော်တို့အနေနဲ့ကတော့ အန်ကယ် ဦးခွန်ထွန်းဦးကို အနားမယူစေချင်သေးဘူးခင်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ တိုင်းရင်း သားတွေထဲမှာ သူ့အနေနဲ့ နှစ်ပေါင်း ၃၀ ကျော်ကြာ နိုင်ငံရေးနယ်ပယ်မှာ ခိုင်ခိုင်မာမာ ရပ်တည်ခဲ့တယ်။ တကယ်ပဲ တိုင်းရင်းသား အရေး၊ ဖက်ဒရယ်အရေးနဲ့ ဒီမိုကရေစီအရေးတို့မှာ လုံးဝကို မှန်မှန်ကန်ကန် ပြတ်ပြတ်သားသား ရပ်တည် ခဲ့တဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တယ်။ ဒီလိုပုဂ္ဂိုလ်မျိုးတယောက်အနေနဲ့ လက်ရှိ နိုင်ငံရေးကာလမှာတော့ သူ့အနေနဲ့ ရပ်တည် စေချင်တယ်။ ကျနော်တို့ကတော့ အနားမယူစေချင်ဘူး။ ကျနော်တို့နိုင်ငံမှာ ခေါင်းဆောင်ကောင်းတွေ အများကြီး လိုအပ် တယ်။ လက်ရှိအနေအထားက နိုင်ငံက အပြောင်းအလဲကို မရောက်သေးဘူး။ ကျနော်တို့ လျှောက်ခဲ့တဲ့ခရီးက လမ်းမဆုံး သေးဘူး။ ဒီလိုအနေအထား မှာ အန်ကယ် ဦးခွန်ထွန်းဦးလိုပုဂ္ဂိုလ်မျိုးတွေ ကျနော်တို့နိုင်ငံမှာ အများကြီးလိုအပ်တယ်။
နိုင်ငံရေးအရဆိုရင် အန်ကယ်ဦးခွန်ထွန်းဦး မပါတော့ရင် အတိုင်းအတာတစ်ခုအထိ ထိခိုက်နိုင်တယ်။ တိုင်းရင်းသား အရေးမှာ တိုင်းရင်းသားခေါင်းဆောင်ကြီး တယောက်အနေနဲ့ အခုဆိုရင် ကျနော်တို့ မြင်ရတွေ့ရသလောက်က အရေး တော်ပုံ ကာလ တလျှောက်လုံးကို ဖြတ်သန်းလာခဲ့တဲ့ ပုဂ္ဂိုလ်ထဲမှာဆိုရင် ခိုင်ခိုင်မာမာ ရပ်တည်တာ လူနည်းစုပဲ ရှိတော့ တယ်။ ဒီလိုလူနည်းစုပဲ ရှိတဲ့အချိန် သူကအနားယူသွားတယ်ဆိုတဲ့အခါကျတော့ တိုင်းရင်းသားတွေရဲ့ နိုင်ငံရေးမှာ၊ တိုင်းရင်းသား အရေးမှာ အတိုင်းအတာတခုအထိတော့ အားနည်းနည်းလျော့မယ်လို့ မြင်ပါတယ်။
ကျနော်တို့ကတော့ ဦးခွန်ထွန်းဦးကို တိုင်းရင်းသားခေါင်းဆောင် တယောက်အနေနဲ့ လေးစားကြည်ညိုတယ်။ အားလည်း အားထားတယ်။ အားလည်း အားကိုးပါတယ်။ ဒါကြောင့် ကျနော့်အနေနဲ့ကတော့ အန်ကယ်ဦးခွန်ထွန်းဦးကို အနားမယူ စေချင်ဘူး၊ ဒီလိုမျိုး မဖြစ်စေချင်ဘူး ပေါ့ဗျာ။
You may also like these stories:
ရွေးကောက်ပွဲ မတရားခဲ့ရင် တပ်ချုပ်ကို ကူညီဖြေရှင်းပေးဖို့ အတိုက်အခံပါတီများ သွားပြော
“မဖြစ်သင့် မဖြစ်ထိုက်တာ မဖြစ်အောင်”ဆောင်ရွက်နေသည်ဟု ဗိုလ်ချုပ်မှူးကြီး ပြော