ပြည်ပနိုင်ငံအသီးသီးမှာ ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ အောက်တိုဘာ ၁ ရက်နေ့ကနေစပြီး ၂၀၂၀ အ ထွေထွေ ရွေးကောက်ပွဲအတွက် ကြိုတင်မဲတွေ စပေးကြတော့မှာဖြစ်ပါတယ်။ ပြည်ပမှ ကြိုတင်မဲပေးရန်အတွက် ပုံစံ-၁၅ လျှောက်ထားသူ ၁၀၉,၄၇၀ ဦးနဲ့ မဲစာရင်းမှာ အမည်စာရင်းမပါတဲ့ အတွက် ထည့်သွင်းပေးရန် ပုံစံ- ၃ နဲ့လျှောက်ထားသူ ဦးရေဟာ ၃၇၅၉ ဦး ရှိခဲ့ပေမယ့် အမှန်တကယ် မဲပေးခွင့်ရှိသူ စာရင်းမှာ ၁၀၁,၅၂၆ ဦးသာရှိတယ်လို့ သိရပါတယ်။
ယင်းသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံခြားရေးဝန်ကြီးဌာနထံသို့ စက်တင်ဘာ ၂၅ ရက်နေ့ အပြီးသတ် လွှဲပြောင်းပေးတဲ့စာရင်းအရ ကွာခြားသွားတဲ့ လူဦးရေး ၈၀၀၀ ခန့်အနေနဲ့ မဲပေးခွင့်ရရန် မသေချာသေးကြောင်း သိရပါ တယ်။
မဲပေးခွင့်ရှိသူတွေရဲ့ ကြိုတင်မဲလက်မှတ်နဲ့ စာအိတ်တွေကိုတော့ နိုင်ငံခြားရေး ဝန်ကြီးဌာနကနေ သက်ဆိုင်ရာ နိုင်ငံ တွေက မြန်မာသံရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးနဲ့ အမြဲတမ်းကိုယ်စားလှယ်ရုံးတွေဆီ ပေးပို့ထားပြီဖြစ်ကြောင်းလည်း နိုင်ငံခြား ရေးဝန်ကြီးဌာနထံက သိရပါတယ်။
ယခုလို အခြေအနေတွေနဲ့ ပတ်သက်လို့ ပြည်ပရောက် ကြိုတင်မဲပေးရေး လုပ်ငန်းစဉ်တွေအပေါ် နိုင်ငံခြားရေးဝန်ကြီး ဌာနရဲ့ ဆောင်ရွက်ထားမှုတွေနဲ့ ပတ်သက်ပြီး စီမံကိန်းနှင့်စီမံရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးဝင်းထံ ဧရာဝတီသတင်းဌာနမှ အကြီးတန်းသတင်းထောက်ထွန်းထွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။
မေး ။ ။ ပြည်ပကနေ ကြိုတင်မဲပေးဖို့ လျှောက်ထားတဲ့သူတွေထဲက လူဦးရေ ၈၀၀၀ လောက်ကို ရွေးကောက်ပွဲ ကော်မရှင်ရဲ့ အတည်ပြုစိစစ်ပြီးစာရင်မှာ မပါဝင်တော့တာ ဘယ်လိုကြောင့်များပါလဲ။
ဖြေ ။ ။ ဒါကတော့ ကျနော်တို့ မေးမြန်းချက်အရ ပုံစံ-၁၅ လျှောက်ထားတဲ့သူတိုင်းက ပြည်ပကနေ ကြိုတင်ဆန္ဒမဲ ပေးဖို့ တောင်းဆိုခြင်းဖြစ်ပါတယ်။ ဒီလိုတောင်းဆိုတဲ့နေရာမှာ သက်ဆိုင်ရာ ရွေးကောက်ပွဲ ရပ်/ကျေး ကော်မရှင်တွေက နေ စိစစ်ပြီးတော့ ပြန်ပြီးတော့ မဲပေးဖို့ ဖြည့်သွင်းထားချက်တွေ မှန်ကန်တယ်ဆိုပြီး ပြန်ပေးခြင်းဖြစ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ပြောတာပေါ့။
ကျနော်တို့ရဲ့ တာဝန်ကတော့ ပြည်ပက မြန်မာသံရုံးတွေက စိစစ်ပြီးတော့ ပေးပို့လာတဲ့ ပုံစံ -၁၅ တွေကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို ပို့ပေးတယ်။ သူတို့ကနေတဆင့် ကော်မရှင်ခွဲတွေကို ပို့ပေးပြီး စိစစ်ပြီးတော့ ရလာတဲ့ ဟာတွေပေါ့။ ဒီအထဲကမှ လိပ်စာမမှန်လို့ ပြန်ပို့ပေးပါဆိုတာတွေကိုလည်း သက်ဆိုင်ရာ သံရုံးတွေကို ပြန်ပြီးတော့ အကြောင်းကြားပါတယ်။
အဓိက ဘာလဲဆိုတော့ ရပ်/ကျေး ကော်မရှင်တွေကနေ စိစစ်ပြီးတော့ ဒီရပ်ကွက်မှာနေတာ မှန်တယ်၊ မဲပေးပိုင်ခွင့်ရှိတယ်၊ အထောက်အထားတွေ မှန်ပါတယ်ဆိုတဲ့သူတွေကို ကျနော်တို့ဆီ ပြန်ပေးခြင်းဖြစ်တယ်။ ဒါတွေကိုလည်း လက်ခံပြီးတော့ သက်ဆိုင်ရာမြန်မာသံရုံးတွေကို ပေးပို့ထားပြီးဖြစ်ပါတယ်။
မေး ။ ။ ဒါကစိစစ်ပြီးတဲ့ဟာပေါ့နော်၊ နောက်တခုက ပထမမဲစာရင်းမှာ အမည်မပါလို့ ပုံစံ-၃ နဲ့ လျှောက်ထားတဲ့သူ တွေကရော ဘယ်လိုဖြစ်မလဲ၊ ဒီမှာက ဒုတိယအကြိမ်မဲစာရင်းကလည်း မကြေညာနိုင်သေးတော့ အချိန်ကွာဟမှုကြောင့် မဲမပေးရတော့မှာ စိုးရိမ်နေတာတွေ ရှိကြပါတယ်။
ဖြေ ။ ။ အဲဒါကို ကျနော်ပြောပါမယ်။ ခုနပြောတဲ့အထဲက မေးလို့ဖြေကြား သိရှိရတာတွေကို ပြောခြင်းဖြစ်ပါတယ်။ ဆိုလိုတာကတော့ ပုံစံ-၃ နဲ့ လျှောက်တဲ့သူတွေကိုလည်း ရပ်/ကျေး ကော်မရှင်တွေက စိစစ်ပါတယ်။ စိစစ်ပြီးတော့ သူတို့ ထည့်ပေးထားတာ ဖြစ်ပါတယ်။ အဲဒါကြောင့် တချို့နေရာမှာ ပုံစံ-၁၅ လျှောက်တာ မရှိပေမယ့်၊ ပုံစံ-၃ နဲ့လျှောက်ပြီး မှန် ကန်လို့ ထည့်ပေးထားတဲ့သူတွေလည်း ရှိပါတယ်။ တသတ်မှတ်တည်း ထင်သွားမှာစိုးလို့ပေါ့။ အခုဏက ပုံစံ-၁၅ ပေးတဲ့ အရေ အတွက်သည် ဥပမာ- ၁၀၀ ဆိုပါစို့၊ ပြန်ရတာက ၉၀ ပေါ့။ အဲဒီ ၉၀ ထဲမှာ ပုံစံ-၁၅ ကိုပဲ အခြေခံထားတာ မဟုတ်ပါဘူး။ ပုံစံ-၃ နဲ့ ပေးလို့ ရတဲ့ဟာတွေလည်း ပါပါတယ်။
သို့သော် ပုံစံ- ၁၅ လျှောက်ပေမယ့် မပါတဲ့သူတွေလည်း ပါပါတယ်။ ပြန်ရ ထားတဲ့ဟာတွေထဲမှာ ပုံစံ-၃ နဲ့ လျှောက်ထားတဲ့သူတွေ အကုန်လုံးကိုလည်း စိစစ်ထားပြီးသားလို့ နားလည်ပါတယ်။ ဒါကတော့ ကျနော်တို့ ရွေးကောက်ပွဲကော်မရှင်က သိရှိထားတဲ့အတိုင်းပဲဖြစ်ပါတယ်။

မေး ။ ။ ပုံစံ-၃ နဲ့ လျှောက်ထားတဲ့သူတွေက မဲပေးခွင့်မရမှာ စိုးရိမ်နေတာတွေ ရှိနေတော့ အဲဒီအပေါ် ဘယ်လို ရှင်းပြချင်ပါသလဲ။
ဖြေ ။ ။ သူတို့ကို ပယ်မထားပါဘူး။ ပါပါတယ်။ သို့သော် အဓိကကတော့ ကျနော့်အမြင်က ဆန္ဒမဲပေးလိုတဲ့သူတွေ အနေနဲ့ ပြည့်စုံမှန်ကန်စွာ ဖြည့်စွက်ထားတယ်ဆိုရင်တော့ မဲပေးခွင့် အပြည့်အဝရရှိတယ်ဆိုတာ ကျနော် နားလည်ထား ပါတယ်။ ဒါကတော့ မြို့နယ်၊ ရပ်/ကျေး ရွေးကောက်ပွဲကော်မရှင်တွေက စိစစ်ရတာဖြစ်ပါတယ်။
မြန်မာသံရုံးများကတော့ မဲပေးခွင့်ရှိသူတွေ အကုန်လုံး မဲပေးနိုင်အောင်တော့ အတတ်နိုင်ဆုံးတော့ ပို့ပေးတယ်။ ဒီအပေါ်မှာ အချိန်ကန့်သတ်ချက် တွေလည်း ရှိတယ်။ အတတ်နိုင်ဆုံး အကောင်းဆုံးဆောင်ရွက်ထားတယ်ဆိုတာ ပြောချင်ပါတယ်။ ရွေးကောက်ပွဲ ကော်မရှင် ကလည်း အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ထားတယ်လို့ ကျနော်တို့ လက်ခံထားပါတယ်။
မေး ။ ။ ဒီနှစ်ရွေးကောက်ပွဲက အရင်ထက်စာရင် မဲပေးဖို့ ရက်တွေတိုးထားတာလည်း တွေ့ရပါတယ်။ အဲဒီအပေါ် ပြောပြပေးပါဦး။
ဖြေ ။ ။ ဟုတ်ပါတယ်။ အများကြီးကွာပါတယ်ခင်ဗျာ။ မဲဆန္ဒရှင် ဦးရေလည်း တခြားစီဖြစ်သွားတယ်လေ။ ၅ ဆ လောက်ဖြစ်သွားတယ်ပေါ့။
မေး ။ ။ မဲရုံခွဲတွေထားဖို့ သက်ဆိုင်ရာနိုင်ငံတွေနဲ့ ညှိနှိုင်းခဲ့တဲ့တာလေးတွေလည်း ရှင်းပြပါဦး။
ဖြေ ။ ။ ပြည်ပမှာ ကျနော်တို့က မဲရုံခွဲတွေဖွင့်တယ်ဆိုတာက ဒီလိုဆောင်ရွက်ချင်တယ်ဆိုတာကို သက်ဆိုင်ရာ နိုင်ငံ၊ အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်က အဓိက အလိုအပ်ဆုံးပေါ့။ အဲဒါ ရပြီဆိုမှ ကျနော်တို့က ဆောင်ရွက်ပေးနိုင်တာပါ။ ဒါ ကြောင့်မလို့ သက်ဆိုင်ရာ နေရာတချို့မှာ မဲရုံခွဲတွေ သွားရောက်ပြီး ဆောင်ရွက်နိုင်တဲ့ နိုင်ငံတချို့ရှိသလို မဆောင်ရွက် နိုင်တဲ့ နိုင်ငံတွေလည်း ရှိပါတယ်။
ဟန်ဂေရီဆိုရင် သံရုံးမရှိပေမယ့် မဲရုံခွဲဖွင့်တာတို့၊ အက်စ်ဝါတီနီ(ဆွာဇီလန်)နိုင်ငံမှာဆိုရင်လည်း သံရုံးမရှိပေမယ့် မဲရုံခွဲ ဖွင့်တယ်၊ ဂျပန်ဆိုရင် သံရုံးက တိုကျိုမှာဆိုပေမယ့် နာဂိုယာ မဲရုံခွဲဖွင့်တာတို့၊ လန်ဒန်မှာ ရှိတဲ့သံရုံးဆိုရင်လည်း သူက နေ အိုင်ယာလန်၊ဒိန်းမတ်၊ ဆွီဒင်တို့မှာ မဲရုံခွဲတွေ ဖွင့်နိုင်တယ်၊ အမေရိကန်မှာရှိတဲ့ သံရုံးဆိုရင်လည်း ဝါရှင်တန်မှာ ဆိုပေမယ့် မဲရုံခွဲကို ဖို့ဝိန်းမြို့မှာ ဖွင့်နိုင်တာတို့၊ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမှာရှိတဲ့ သံရုံးဆိုရင်လည်း ဟိုချီမင်းမြို့မှာ မဲရုံခွဲ သွားဖွင့်ပေးနိုင် ခဲ့တယ်လေ။
ဒါတွေက တတ်နိုင်သမျှ ဆောင်ရွက်တာပေါ့။ သက်ဆိုင်ရာနိုင်ငံတွေက ခွင့်မပြုတာတွေ လည်းရှိတာပေါ့။ ဒါကတော့ သူများနိုင်ငံထဲမှာ နိုင်ငံရေးကိစ္စ ဆောင်ရွက်မယ် ဆိုရင် သက်ဆိုင်ရာနိုင်ငံရဲ့ ခွင့်ပြုချက်က လိုလို့ဖြစ်ပါတယ်။
ဘန်ကောက်ဆိုရင်လည်း ပွင့်ပွင့်လင်းလင်းပြောရရင် မဟာချိုင်တို့ ဘာတို့မှာ မဲရုံဖွင့်ပေးဖို့ ကြိုးစားခဲ့သော်လည်း မဖွင့်နိုင် တဲ့ အတွက်ကြောင့် ဘန်ကောက်မှာ မဲရုံခွဲလေး ၃ ခုဖွင့်မယ်။ စင်္ကာပူဆိုလည်း သံရုံပြင်ပမှာ ဘယ်လိုမှ ဖွင့်ခွင့်မပေးဘူး။ ကွာလာလမ်ပူဆိုရင်လည်း ထိုနည်းလည်းကောင်းပဲ။
မေး ။ ။ အဓိကတော့ လူဦးရေးလည်း အများဆုံးရှိနေတဲ့ ထိုင်းပေါ့နော်၊ အဲဒီမှာ မဲရုံခွဲထားပေးဖို့ ဘယ်လိုအချက် ကြောင့် မဖြစ်ခဲ့တာလဲပေါ့။
ဖြေ ။ ။ အဲဒါကတော့ ဘန်ကောက်မှာရှိတဲ့ ကျနော်တို့ မြန်မာသံရုံးက အဓိက အကြီးဆုံး ဆောင်ရွက်တာပေါ့။ သိ တာကတော့ သက်ဆိုင်ရာ ပြည်နယ်ရဲ့ အစိုးရအာဏာပိုင်တွေကတော့ လုံခြုံရေးအရ ခွင့်ပြုပေးနိုင်မှု လိုပါတယ်။ လုပ် မယ်ဆိုတဲ့ နေရာတွေကနေ ခွင့်ပြုချက်တွေ တောင်းခံရတယ်။ အဲဒီလို တောင်းခံတဲ့နေရာမှာ မရတာပါ။ ကျနော်တို့က ခွင့်ပြုလို့ရမယ်ဆိုရင် အများကြီး ဖွင့်ပေးမှာပါ။
သို့သော်လည်း သံရုံး(ဘန်ကောက်)အနေနဲ့လည်း အတတ်နိုင်ဆုံး ကြိုးစား ပါတယ်။ မရတဲ့အတွက်ကြောင့် တတ်နိုင် သလောက် သံရုံးတနေရာတည်း မဟုတ်ဘဲ သံရုံး အသစ်နဲ့ အဟောင်းနေရာမှာ မဲရုံခွဲ ၃ ခုဖွင့်လှစ်ပြီးတော့ သက်ဆိုင်ရာ ပြည်နယ်တွေကနေ လာကြပြီးပေးနိုင်အောင် လုပ်ထားတာပါ။ ထိုင်းနိုင်ငံကနေ ပုံစံ-၁၅ နဲ့လျှောက်ထားပြီး မဲပေးပိုင်ခွင့် ရှိသူတွေ မဲပေးနိုင်အောင် သံရုံးက စောင့်နေမှာဖြစ်ပါတယ်။
မေး ။ ။ သံရုံးတချို့က ဆွေးနွေးစဉ်းစားခဲ့တာပေါ့။ စာတိုက်ကနေ မဲပေးဖို့ဆိုတာ၊ ဒါက ဘာကြောင့် မဖြစ်ခဲ့တာပါလဲ။
ဖြေ ။ ။ ဟုတ်ပါတယ်။ ကျနော်တို့က ရွေးကောက်ပွဲကော်မရှင်က ထုတ်ထားတဲ့ နည်းဥပဒေတွေရှိတယ်လေ။ ဆိုလို တာက မဲရုံကို လာရောက်ပြီးတော့ မဲပေးရမယ်ဆိုတဲ့ ဥပဒေမှာ ပြဌာန်းချက်ရှိတယ်။ သူတို့ကလည်း စိစစ်ပြီးတော့ မဲလက် မှတ် ထုတ်ပေးရမယ်ဆိုတဲ့ဟာတွေ ရှိပါတယ်။ ထုတ်ပြန်ထားတဲ့ နည်းဥပဒေတွေအရလည်း စာတိုက်ကနေ ပေးမယ်ဆိုရင် မှန်ကန်တဲ့ ဆန္ဒမဲဖြစ်ဖို့ဆိုတဲ့ အကြောင်းအချက်လေးတွေ ရှိမှာပေါ့။
အဲ့ဒါတော့ ကျနော်တို့ မဲပေးလိုတယ်ဆို ရင် သက်ဆိုင် ရာ မဲရုံဖွင့်လှစ်နိုင်တယ် ဆိုတဲ့နေရာမှာ မဲပေးခြင်း၊ မျက်မြင် ရှေ့မှောက်မှာ သူ့ရဲ့ လွတ်လပ်စွာမဲပေးပိုင်ခွင့် မထိခိုက်ဘဲနဲ့ လျှို့ဝှက်မဲ ပေးနိုင်တယ်လေ၊ အဲဒါကြောင့်ပါ။ ကျနော့်အနေနဲ့ ဒီလိုပဲမြင်ပါတယ်။
မေး ။ ။ အခုဆိုရင် ပြည်ပကြိုတင်မဲတွေ ပေးကြတော့မှာပေါ့နော်၊ အဲဒီမှာ မဲပေးခွင့်ရှိသူတွေ မဲပေးခွင့်မဆုံးရှုံးစေဖို့ နဲ့ ပေးလိုက်တဲ့မဲတွေ သက်ဆိုင်ရာ မဲဆန္ဒနယ်ဆီ တိတိကျကျ ပြန်ရောက်ဖို့ ဘယ်လိုအာမခံချက်မျိုး ပေးနိုင်ပါသလဲ။
ဖြေ ။ ။ ပြည်ပမှာ မဲပေးတဲ့လုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ ကျနော်တို့မှာ အတွေ့အကြုံ အများကြီး ရှိပြီးသားပါ၊ ၂၀၁၅ ရွေးကောက်ပွဲ ရှိတယ်။ ဒီကြားထဲမှာ ကြားဖြတ်ရွေးကောက်ပွဲတွေရှိတယ်။ မြန်မာသံရုံမှာရှိသော ဝန်ထမ်းများအားလုံး အတွေ့အကြုံ ရှိပြီးသား ဖြစ်သလို အဓိက အရေးကြီးဆုံးကတော့ ဒီကနေပြီးတော့ လိုအပ်တဲ့ ညွှန်ကြားချက်တွေကို တိ တိကျကျ ပေးပြီးတော့ ဘယ်လိုလိုက်နာဆောင်ရွက်ပါ။ အခုလိုမျိုး ကိုဗစ်ကာလမှာ လေကြောင်းခရီးစဉ်တွေ ရပ်နေတဲ့ ကာလမှာတောင် ကျနော်တို့ နည်းလမ်းရှာပြီးတော့ မြန်မာသံရုံးတွေ အကုန်လုံးကို အချိန်မီ ရောက်ရှိအောင် ဆောင် ရွက်နိုင်တဲ့ အနေအထားရှိပါတယ်။
ထိုနည်းတူစွာပဲ သက်ဆိုင်ရာနိုင်ငံတွေက သံရုံးတွေမှာ မဲပေးပြီးတဲ့အခါမှာလည်း သူတို့သည်လည်း သတ်မှတ်အချိန် အတွင်း မှီအောင် သတ်မှတ်ချက်တွေအတိုင်း ထုပ်ပိုးပြီးတော့ ကျနော်တို့ဆီကို ပြန်ပို့ပေးမှာ ဖြစ်ပါတယ်။ ဒီအတွက်ကို ဘာမှစိုးရိမ် ပူပန်စရာ အကြောင်း မရှိဘူးဆိုတာ ကျနော်ပြောလိုပါတယ်။
မေး ။ ။ ၂၀၁၅ တုန်းကတော့ မဲလက်မှတ်တွေ နိုင်ငံမှားပြီး ပါသွားတဲ့ဖြစ်စဉ်တွေလည်း ရှိခဲ့တော့ ဒါမျိုး ဖြစ်လာရင် ဘယ်လိုစီစဉ်မလဲ ခင်ဗျာ။
ဖြေ ။ ။ အဲဒီတုန်းကတော့ ဟုတ်တယ်။ ရှိခဲ့တာလေးတွေရှိတယ်။ အဲဒီမှာတော့ အချိန်ရဲ့ ကန့်သတ်ချက်ပေါ့။ သို့ သော်လည်း မြန်မာသံရုံးများသည် မှားပြီးရောက်လာတဲ့ မဲလက်မှတ်တွေကို ချက်ချင်းပြန်ပို့ပြီးတော့ မဲပေးခွင့်မဆုံးရှုံးရ အောင် ဆောင်ရွက်ပေးခဲ့တာလည်း ရှိပါတယ်။
မေး ။ ။ သံရုံးအသီးသီးကနေ ကြိုတင်မဲထည့်ပြီးတဲ့ မဲလက်မှတ်တွေကို ဘယ်နေ့အရောက်ပြန်ပို့ရမလဲ သတ်မှတ် ချက်ရှိပါသလား။
ဖြေ ။ ။ ရှိပါတယ်။ ကျနော်တို့ သတ်မှတ်ထားပါတယ်။ ကျနော်တို့သည် အောက်တိုဘာ ၂၈ ရက်နေ့မှာ ရွေး ကောက်ပွဲ ကော်မရှင်ကို ပြန်ပြီးတော့ အပြီးပေးရမှာပေါ့။ သက်ဆိုင်ရာ သံရုံးတွေကတော့ မဲပေးရမယ့်ရက်ကို သူတို့ဘာ သာ သူတို့မှာရှိတဲ့ လူဦးရေ၊ မဲပေးရမယ့် အခြေအနေတွေနဲ့ တွက်ချက်ပြီး ရက်သတ်မှတ်ကြတာပေါ့။ နိုင်ငံသားတွေက လည်း မဲလာရောက်ပေးနိုင်အောင် ရုံးပိတ်တဲ့ရက်မျိုး စတာတွေကို ချိန်ဆပြီးမှ သံရုံးတွေက ရက်သတ်မှတ်ခြင်း ဖြစ်ပါ တယ်။ မဲပေးပြီးတာနဲ့ သတ်မှတ်ချက်တွေအတိုင်း ထုပ်ပိုးပြီး စာရင်းပြုစုပြီး ကျနော်တို့ဆီ ပြန်ပို့ပေးမှာဖြစ်ပါတယ်။ ကျ နော်တို့သည် နောက်ဆုံးအချိန်အထိ ရောက်ရှိလာတဲ့ဟာတွေကို ရွေးကောက်ပွဲကော်မရှင်ကို ပြန်လည်ပေးပို့သွားမှာ ဖြစ်ပါတယ်။
မေး ။ ။ အခုက ကိုဗစ်-၁၉ ကပ်ရောဂါ ကာလလည်းဖြစ်တော့ မဲဆန္ဒရှင်တွေကို ဘာများသတိပေးချင်တာ ရှိပါသ လဲ။
ဖြေ ။ ။ ဒါကတော့ အရေးကြီးဆုံးအချက်ပါပဲ၊ သက်ဆိုင်ရာနိုင်ငံတွေရဲ့ ကျန်းမာရေးဆိုင်ရာ၊ ကိုဗစ်ကာလမှာ ပြ ဌာန်းထားချက်တွေကို လုံးဝ အတိအကျလိုက်နာပြီးတော့ပဲ ဆောင်ရွက်ရမှာပဲဖြစ်ပါတယ်။ ထိုနည်းတူစွာပဲ ကျနော်တို့ နိုင်ငံ ကနေ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအရ မဲရုံထဲမှာ ဒီလိုပဲ ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ အဓိကတော့ သူများနိုင်ငံမှာဖြစ်တော့ သူတို့ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းဘောင်အတွင်းကနေပဲ ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။
မေး ။ ။ မဲပေးကြမယ့် ပြည်ပရောက် မြန်မာနိုင်ငံသားတွေကို ဘာများပြောလိုတာရှိပါသေးလဲ။
ဖြေ ။ ။ ကျနော့်အနေနဲ့ ပြောလိုတာကတော့ ပုံစံ-၁၅ နဲ့လျှောက်ထားပြီး မဲပေးခွင့်ရှိသူတွေကို ပြန်လည်ပေးပို့ထားပြီ ဖြစ်တဲ့အတွက်ကြောင့် ပြည်ပမှာရှိသော မဲဆန္ဒရှင်တွေအနေနဲ့ မိမိတို့ရဲ့ ဆန္ဒမဲပေးပိုင်ခွင့်ဆိုတဲ့အခွင့်အရေးကို အပြည့်အဝ အသုံးချပြီးတော့ မိမိတို့ရဲ့ ဆန္ဒမဲများကို သွားရောက်ပေးကြပါလို့ပဲ တိုက်တွန်းချင်ပါတယ်။
You may also like these stories:
၅ နှစ်အတွင်း မြန်မာနိုင်ငံကို စင်္ကာပူနိုင်ငံထက် သာအောင် ဆောင်ရွက်ပေးမယ်
ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်တချို့ ချန်ခဲ့ဖွယ်ရှိ
ပြည်ပရောက် ကြိုတင်မဲ ပေးလိုသူ ၃ ဆခန့်များလာ