၂၀၂၀ – ၂၀၂၁ ပညာသင်နှစ်တွင် ကိုဗစ်ရောဂါ ဖြစ်ပွားမှုကြောင့် အထက်တန်း Grade-10 နှင့် 11 ကို ၁ လခန့်သာ ဖွင့်လှစ်ခွင့်ရခဲ့သည် မှအပ အခြေခံပညာအတန်း အားလုံးမှာ လုံးဝဖွင့်လှစ်ခွင့်မရခဲ့ပေ။ လက်ရှိ ကိုဗစ်ဒုတိယလှိုင်းမှာလည်း ကူးစက်မှု မြင့်မားနေဆဲဖြစ်သဖြင့် ကျောင်းများဖွင့်လှစ်နိုင်ရန်မှာ လုံးဝမသေချာ မရေရာသည့် အခြေအနေတွင် ရှိနေသည်။
ထို့ကြောင့် ကျောင်းသားများ၏ ပညာသင်ခွင့်မဆုံးရှုံးစေရန် ပညာရေးဝန်ကြီးဌာန အနေဖြင့် မည်သို့ ဆောင်ရွက်ရန် စီစဉ်နေသည်ကို သိရှိနိုင်ရန် အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းကို ဧရာဝတီသတင်းထောက် သဇင်လှိုင်က ဆက်သွယ်မေးမြန်းထားပါသည်။
မေး ။ ။ Myanmar Education Channel ရုပ်သံလိုင်း တခုကို ထုတ်လွှင့်ပြီး ကျောင်းသားတွေအတွက် သင်ခန်းစာတွေ ပို့ချမယ်လို့ သိရပါတယ်။ အဲဒါက ဘယ်လိုပုံစံမျိုး လုပ်မှာလဲရှင့်။
ဖြေ ။ ။ Myanmar Education Channel ၊ Free to Air MRTV တို့ မြဝတီတို့ Skynet Free to Air Channel တွေက နေပြီးတော့ ထုတ်လွှင့်ဖို့ပေါ့။ ဒါကတော့ TV Channel ပေါ့။ လျှပ်စစ်မီးရှိတယ်၊ TV ရှိတယ်ဆိုရင် လေ့လာလို့ ရအောင်ပေါ့။ နောက်တခုက ရန်ကုန်လို၊ မန္တလေးတို့လို မြို့ကြီးတွေမှာ အင်တာနက် ရတဲ့ နေရာတွေကျတော့ အရင်ထုတ်လွှင့်နေကျ Myanmar Digital Education Platform (MDEP) အဲဒီကနေပြီး အွန်လိုင်းကနေ သွားတာက တနည်းပေါ့။ နောက်ပြီး TV လည်းမရှိ လျှပ်စစ်လည်း မရှိဘူးဆိုရင် ဆိုလာနဲ့ အားသွင်းလို့ရတဲ့ DBE Box တွေနဲ့ သွားမယ်။ Radio Talk လို့ခေါ်တဲ့ ရေဒီယိုကနေလည်း သင်ခန်းစာတွေ ထုတ်လွှင့်မယ်ပေါ့။ ဒါက ထုတ်လွှင့်မယ့် နည်းလမ်း ၄ သွယ်ပေါ့။
မေး ။ ။ ထုတ်လွှင့်သင်ကြားမှုက ဘယ်အတန်းတွေ ဖြစ်မလဲရှင့်။
ဖြေ ။ ။ KG ကနေ Grade 11 အထိ အကုန်လုံး၊ အတန်းစုံ၊ ဘာသာစုံပေါ့။ ဘာသာစုံထဲမှာမှ ဘယ်သင်ခန်းစာတွေ ကိုတော့ အလေးထားပြီး ထုတ်လွှင့်မယ် ဆိုတာမျိုး စဉ်းစားကြဦးမှာပေါ့။ ရှေ့တပတ် ၊ နှစ်ပတ်ထဲမှာညှိဖို့ ရှိပါတယ်။ သင်ခန်းစာတွေကို အရင်ညှိရမယ် ပြီးမှ သင်ခန်းစာတွေ ပြုစုရမယ်၊ အသံသွင်းရမယ်၊ ရိုက်ကူးရမယ်၊ Digitization လုပ်ရမယ်။ လုပ်ပြီးတော့မှ ထုတ်လွှင့်မှုတွေ လုပ်မယ်ပေါ့။ လက်တလော ရှိနေတဲ့ Grade-10 နဲ့ Grade-11 နဲ့ ပတ်သက်တဲ့ Lessons Video တွေကို ထုတ်လွှင့်ဖို့တော့ ရှိပါတယ်။
မေး ။ ။ ထုတ်လွှင့်မှုကို ဘယ်တော့ စနိုင်မလဲ။
ဖြေ ။ ။ ဒီလထဲမှာတော့ ကြိုးစားမယ်ပေါ့။ MRTV လိုနေရာမျိုးဆိုရင် အများစု ကြည့်နိုင်တဲ့ နေရာမျိုးပေါ့။ ပြည်ထောင်စု ဝန်ကြီး ရုံးက လမ်းညွှန်ထားတာတော့ နာရီဝက်စာလောက် ဒါကို သက်သက်ထုတ်လွှင့်နိုင်ဖို့ မေတ္တာရပ်ခံဖို့ပေါ့။ ဝန်ကြီး ဌာန အချင်းချင်း ညှိနှိုင်းတာတွေ လုပ်ရဦးမှာပေါ့။ အမြန်ဆုံးတော့ လုပ်ရမှာပေါ့။
မေး ။ ။ ဒီလို သင်ခန်းစာ ထုတ်လွှင့်မှု အစီအစဉ်ကို လုပ်ရတဲ့ ရည်ရွယ်ချက်ကိုလည်း ရှင်းပြပေးပါဦး။
ဖြေ ။ ။ ရည်ရွယ်ချက်ကတော့ ကိုဗစ်ဖြစ်လို့ ကျောင်းတွေ ပိတ်ထားရတယ်။ ကိုဗစ်ပြီးမှ ဖွင့်မယ်ဆိုရင် ဘယ်တော့ပြီးမယ် ဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး။ ကိုဗစ်ပြီးမှပဲ ကျောင်းတွေကို ပြန်ဖွင့်ပြီးတော့ ကလေးတွေ ပညာသင်ယူရမယ် ဆိုရင် ကလေးတွေနဲ့ ပညာရေးနဲ့က လုံးဝ အဆက်ပြတ်သွားမယ်။ ကိုဗစ်ကြောင့် ကျောင်းပုံမှန်မဖွင့်နိုင်ခင် စပ်ကြားမှာတော့ ကျောင်းသူ၊ ကျောင်းသားတွေ သင်ယူမှု အခွင့်အလမ်း မဆုံးရှုံးအောင် အဆက်ပြတ်မသွားအောင် လုပ်တာပဲ ဖြစ်တယ်။
စာမေးပွဲဖြေတာကျတော့ စားမေးပွဲ တခုစစ်ဆေးနိုင်ဖို့ ဆိုရင်တော့ စစ်ဆေးနိုင်လောက်တဲ့ သင်ယူမှု အတိုင်းအတာ ရှိရ ဦးမယ်။ သင်ယူမှု အတိုင်းအတာ တခုရှိဖို့ ဆိုတာကတော့ ပုံမှန် စာသင်ကြားမှုပေါ့။ ကျောင်းဖွင့်ပြီး စာသင်ကြားတဲ့ အခြေ အနေမျိုးမှာပဲ ပုံမှန်သင်ယူမှုက ရမှာဆိုတော့။ အခုကလည်း အားလုံး သိတဲ့အတိုင်းပဲ ကျောင်းဖွင့်နိုင်ဖို့ ဆိုတာ ကိုဗစ် အပေါ် မူတည်နေတယ်။ ဒီတိုင်းပဲ ကိုဗစ် ဒုက္ခပေးသလောက် ငုံ့ခံနေမှာလား၊ သူ့ကို မှန်မှန်ကန်ကန်နဲ့ ရင်ဆိုင်မလား ဆိုတာကို စဉ်းစားဖို့တော့ လိုလာတာပေါ့။ အဲဒါကြောင့်မလို့ ကျောင်းတွေကလည်း ပုံမှန်ကတော့ မဖွင့်နိုင်သေးဘူး။
မဖွင့်နိုင်သေးတဲ့ ကာလအတွင်းမှာ ဒီတိုင်းထားမယ်ဆိုရင် သိပြီးသား စာတွေလည်း ပျောက်ထွက်သွားမယ်၊ ပျောက်ရုံတင် မကဘူး ကကြီးကနေစပြီး ပြန်သင်ရမယ်ဆိုရင် ဘယ်လိုမှ အဆင်မပြေကြတော့ဘူး။ ကျနော်တို့က ရာနှုန်းပြည့်တော့ ဘယ်လိုမှ မျှော်မှန်းလို့ မရဘူး။ ၅၀ ရာခိုင်နှုန်းဖြစ်စေ ၊ ၃၀ ရာခိုင်နှုန်း ဖြစ်စေ ၊ ၂၀ ရာခိုင်နှုန်းပဲ ဖြစ်စေ ရနိုင်သလောက် ရအောင်ဆိုပြီး သင်ယူမှုကို အဆက်မပြတ်သွားအောင် ကြိုးစားတာပေါ့။ plan တွေ ရှိပြီးသား ဒါပေမယ့် လုပ်လို့မရနိုင်တဲ့ အနေအထားတွေကြောင့်မလို့ မဖြစ်သေးတာ။ အခုပဲ အောက်တိုဘာ ရောက်နေပြီ။ ပုံမှန်ကျောင်းဖွင့်တဲ့ လ ဆိုရင် ၄ လ ကျော် ဖွင့်ပြီးတဲ့ ကာလဖြစ်ရမယ့်အစား ၊ ခါတိုင်းဆိုရင် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ အတွက် ဖောင်တောင် တင်နေရတဲ့ ကာလရောက်နေပြီ။
နိုင်ငံတော်ကလည်း အရမ်းကြိုးစားပါတယ်။ အထူးသဖြင့် ကျန်းမာရေးဝန်ထမ်းတွေ အရမ်းကို ပင်ပန်းကြတယ်။ ကိုယ် ကိုယ်တိုင် ကူးစက်ခံပြီးတော့ ကိုဗစ်ကြီးကို ရင်ဆိုင်နေကြတဲ့ အခါမှာ ဒီဘက်မှာ ကျောင်းဖွင့်နိုင်ဖို့ ဆိုတာ လတ်တလော ကတော့ ဘယ်လိုမှကို အဆင်မပြေနိုင်ဘူး။ ဒါကြီးကလည်း ဘယ်လောက်ထိ သွားနေမလဲဆိုတာ ဘယ်သူမှ မသိဘူး။ ကြာသွားရင် ကလေးနဲ့ စာနဲ့ အဆက်ပြတ်သွားမှာစိုးလို့ ရနိုင်သလောက် နည်းနဲ့ သူတို့ကို စာနဲ့ထိတွေ့နိုင်အောင် လုပ် တယ်။
မေး ။ ။ အခုလိုသင်ကြားမှုကရော အကုန်လုံးကို လွှမ်းခြုံနိုင်ပါ့မလား။ တချို့ဆို TV မရှိတဲ့ မိသားစုတွေတောင် ရှိတဲ့အခါ ကျတော့။
ဖြေ ။ ။ ကွာဟမှုကတော့ ရှိမှာပဲ။ သဘာဝကိုက တထပ်တည်းတူတဲ့ ၂ ယောက် ရှိမှမရှိတာ။ အခွင့်အရေး ဆိုတာလည်း တူတာ ဘယ်တော့မှ မရှိဘူး။ ဒါကြောင့် တူအောင်လုပ်တယ် ဆိုတာတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ မျှအောင်ပဲ လုပ်လို့ ရမယ်။ ကိုဗစ်မဖြစ်ခင်ကတောင် အကုန်လုံးလွှမ်းခြုံနိုင်ဖို့က ဖြစ်မှ မဖြစ်ခဲ့တာ။ ရန်ကုန်၊ မန္တလေးလို့ မြို့မျိုးက သက်သက် ဟိုး ခေါင်လန်ဖူးလို မြို့မျိုးကျတော့ တချို့နေရာတွေမှာ ဆရာတောင် မရှိဘူး။ ပူတာအိုတို့ ၊ ခေါင်လန်ဖူးတို့ဆို ဆရာ၊ ဆရာ မ မရှိတော့ ရှိတဲ့ ပြည်သူ့ရဲ့တပ်ဖွဲ့က ပုဂ္ဂိုလ်တွေ၊ ထွေအုပ်က လူတွေတို့က ဝင်သင်ပေးတာတွေ အများကြီးရှိတယ်။
မေး ။ ။ ရှေ့မှာပြောခဲ့သလိုပါပဲ ကိုဗစ်ကာလလည်း ဘယ်တော့ပြီးမယ် ဆိုတာ မသိတော့ ရေရှည်အတွက် ပညာရေးစနစ် ကို ဘယ်လိုသွားဖို့ ပြင်ဆင်ထားလဲ။
ဖြေ ။ ။ ရေရှည်ကတော့ အင်တာနက်ရတဲ့ နေရာတွေကျတော့ အင်တာနက်နဲ့ သွားမှာပေါ့။ အင်တာနက် မရတဲ့ နေရာကျ တော့ TV တွေနဲ့ သွားမယ်။ TV တောင်မှ မရှိဘူးဆိုရင်တော့ Radio လောက်တော့ ဝယ်ပေါ့။ လေးထောင်၊ ငါးထောင် လောက်တော့ အိမ်တိုင်းလိုလို တတ်နိုင်ပါတယ်။ နိုင်ငံတော်ချည်းပဲ အပြစ်ပုံချနေလို့ မရဘူးပေါ့။ ကိုယ့်ဘက်ကလည်း ကိုယ့်ရဲ့သားသမီး ပညာရေးအတွက် ဘယ်လိုဆောင်ရွက်ပေးမလဲ ဆိုတဲ့ စိတ်မျိုးတော့ မိဘတွေမှာ ရှိရမှာပေါ့။
တချို့လက်လှမ်းမီတဲ့ မိဘတွေဆို သူတို့သားသမီးကို အွန်လိုင်းတွေနဲ့ သင်တာတွေ ရှိနေတာပဲ။ တတ်နိုင်တဲ့သူတွေက အွန်လိုင်းနဲ့ သင်တဲ့ အချိန် အွန်လိုင်းမရှိတဲ့ နေရာတွေမှာ ကလေးတွေ ဘာလုပ်နေကြမလဲ။ ရန်ကုန်လို မန္တလေးတို့လို မြို့တွေမှာတောင် အွန်းလိုင်းရတဲ့သူတွေက အွန်းလိုင်းနဲ့ သင်နေတဲ့ ရာခိုင်နှုန်းက သေးသေးလေးပဲ ရှိတာပါ။ နယ်စပ်ဒေသ တွေက ဆိုရင်တော့ ဝေလာဝေးပြီပေါ့။ ဒါကြောင့်မလို့ အွန်လိုင်းပဲဖြစ်စေ၊ Radio Talk ပဲဖြစ်စေ၊ DBE Box နဲ့ပဲဖြစ်ဖြစ် ကျောင်းသူကျောင်းသားတွေ သင်ယူတယ် ဆိုရင် ဆရာ၊ ဆရာမတွေကလည်း ဘယ်လိုနည်းနဲ့ ကူညီပေးရမလဲ၊ ထောက်ပံ့ပေး ရမလဲ ဆိုတာ စဉ်းစားဖို့ လိုအပ်တာပေါ့။
မေး ။ ။ ဒါဆိုရင် အခုပြောတဲ့နည်းလမ်းတွေက ရေရှည်သွားဖို့အတွက် ခြေလှမ်းအစပေါ့။
ဖြေ ။ ။ ဟုတ်တယ်။ ရေရှည်က ဒီလိုပဲ သွားရတော့မှာ။ အဲဒီကြားထဲမှာမှ သူ့အသက်အရွယ်နဲ့ ကိုက်ညီတဲ့ အတန်းမျိုးကို သင်ပေးတာလည်း ဖြစ်ကောင်းဖြစ်လာမှာပေါ့။ အခုလည်း Long Term Plan/ Short Term Plan တွေ တင်ထားတယ်။ ပြန်ကျလာပြီဆိုရင် အဲဒါတွေကိုလည်း အမြန်ဆုံးတော့ အကောင်အထည်ဖော်မှာပေါ့။ ကလေးတွေက တခုမဟုတ် တခု သင်ယူနေမှု အမြဲရှိတယ်လေ။ ပညာရေးပတ်သက်တာ တခုခု မသင်ယူဘူးဆိုရင် တခြားဟာတွေ သင်ယူကြတော့မှာ။ အဲဒီလိုဆို လွဲကုန်ပြီပေါ့။
မေး ။ ။ သင်ကြားမှုအပိုင်းမှာ သင်ရိုးကို အကုန်မသင်ဘဲ ဆရာတို့ သင်သင့်တယ်ထင်တဲ့ သင်ခန်းစာကိုပဲ သင်ကြားမှာ မျိုးလား။
ဖြေ ။ ။ ဟုတ်တယ်။ ဖွင့်ခဲ့တဲ့ Grade-10 ၊ 11 ညှိနှိုင်းပြီးသား ဖြစ်တယ်။ ကျောင်းတဝက်ဖွင့်မယ် ဆိုပြီး ညှိနှိုင်းထားတာ ပေါ့။ အခုကတော့ တဝက်ဖွင့်နိုင်ဖို့တောင် မလွယ်တော့ဘူး။ နိုင်ငံတော်ကလည်းပဲ အကုန်လုံးကို ဘက်စုံစဉ်းစား ပြီးတော့မှ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက်ကို အရင်စဉ်းစားပြီးမှ ဒါတွေ လုပ်နေရတာပေါ့။
မေး ။ ။ Free to Air လိုင်းတွေကနေပြီးတော့ ကျောင်းသားတွေအတွက်တင်မကဘူး။ ဆရာ၊ ဆရာမတွေအတွက်လည်း Guideline တွေ လွှင့်မယ်ဆိုတာကရော ဟုတ်လားရှင့်။
ဖြေ ။ ။ အဲဒါတွေက လွှင့်မယ်။ ဆရာတို့ Plan ထဲမှာ အကုန်ပါပြီးသား ဆရာ၊ ဆရာမ Guideline ဆိုတာက အကယ်လို့ သင်ယူသူ ကျောင်းသူကျောင်းသားက တခုခုနဲ့ ပတ်သက်လို့ မေးမယ်၊ မြန်းမယ်ဆိုရင် သူကလည်း ဘယ်လိုတွေ အကူအညီ ပေးရမလဲဆိုတာ ဆရာ၊ ဆရာမတွေရော၊ မိဘတွေရော Guideline တွေ ထွက်မယ်။ ထွက်ပြီးရင် TV တို့ မီဒီယာတို့ကနေ ထုတ်လွှင့်မယ်။
အခုက ဆရာ၊ ဆရာမတင်မရတော့ဘူး။ မိဘတွေ၊ ပြည်သူတွေ ပေါင်းပြီး အကုန်လုံးပါမှ။ သူများနိုင်ငံတွေဆို အကုန်လုံး ပါနေကြတာပဲလေ။ ဆရာတို့နိုင်ငံနဲ့ ဖိလစ်ပိုင်ပဲ ဘာမှမလုပ်နိုင်သေးတာ။ ထိုင်းဆိုရင် ပုံမှန်ကျောင်းကို ရောဂါကူးတယ် ဆိုရင် အဲဒီကျောင်းကို ပိတ်ပြီး ကျန်တဲ့ကျောင်း ပုံမှန်ဖွင့်တယ်။ ကူးတဲ့ ကျောင်းလည်း ပစ်မထားဘူး။ အွန်လိုင်းနဲ့ သွားတယ်။ ပြောလို့သာ ပြောနေတာ ဒီနိုင်ငံမှာ ဖုန်းမရှိတဲ့နေရာ၊ ဖုန်းမမိတဲ့ နေရာ တော်တော်တော့ ရှားသွားပြီ။
ပညာရေးနဲ့ ပတ်သက်လို့ အွန်လိုင်းသုံးရတော့မယ် ဆိုရင် Free ရအောင် ညှိနှိုင်းနေတယ်။ အခုဆိုရင် Myanmar Digital Education Platform (MDEP) ကနေ ပေးတာရှိတယ်။ အဲဒါဆို တယ်လီနောရော၊ အော်ရီဒူးရော။ အမ်ပီတီရော၊ မိုင်တဲလ် ရော လေးခုစလုံးက Data Free ရတယ်။ ဒါပေမယ့် ဆရာ၊ ဆရာမတွေ သင်တန်း Grade 4, 7, 10 သင်တန်းတုန်းက ဆရာ၊ ဆရာမ လေးသိန်းလောက် သုံးကြတယ်။ သင်တန်းလည်း ပြီးရော မရှိတော့ဘူး။ အဲဒီသင်တန်းနဲ့ ပတ်သက်လို့ သုံးရင်တော့ Data Free Charges ရတယ်။ အဲဒီလိုပဲ ကလေးတွေကို သင်ယူရတော့မယ်ဆိုရင် Zero Data ဖြစ်အောင် ညှိနှိုင်းပြီး သွားမှာပေါ့။
မေး ။ ။ မိဘတွေအတွက် Guideline ပါ ပါသွားမှာပေါ့။
ဖြေ ။ ။ ပါသွားမယ်။ UNICEF နဲ့ ပေါင်းပြီးတော့ မူကြမ်းတောင်ပို့ထားတယ်။ တပတ်၊ တပတ်ကို တကြိမ်လောက် သူတို့နဲ့ ညှိပြီး ဆွေးနွေးနေတာရှိတယ်။ အဲဒါထွက်လာရင် အိုကေသွားမယ်။ ဝန်ကြီးဌာနရဲ့ အတည်ပြုချက်ရပြီဆိုရင် အရင်ဦးဆုံး ဒါတွေကို ထုတ်လွှင့်တော့မယ်။ ထုတ်လွှင့်တော့မယ်ဆိုရင် အရင်ဦးဆုံးက ကလေးတွေရဲ့ လက်ထဲမှာ ပုံနှိပ်စာအုပ် ရောက်အောင် လုပ်ရဦးမယ်။ ပုံနှိပ်စာအုပ်ကတော့ ဖွင့်ပြီးသားဖြစ်တဲ့ Grade 10 နဲ့ 11 က ရောက်ပြီးသား။ အလယ်တန်း တွေ၊ မူလတန်းတွေက မဖွင့်လိုက်တဲ့ အခါကျတော့ သူတို့လက်ထဲမှာ ဘာစာအုပ်မှ မရှိဘူး။ ဘာစာအုပ်မှ မရှိဘဲနဲ့ ဘယ်က သင်သင် အလကားပဲ။ ဒါကြောင့် စာအုပ်တွေကို ကလေးလက်ထဲ ရောက်အောင်လုပ်ရဦးမယ်။
ကိုဗစ်ဖြစ်တဲ့အခါကျတော့ ကလေးလက်ထဲ စာအုပ်ရောက်ဖို့တောင်မှ တော်တော်လေးကို စဉ်းစားရဦးမှာ။ လူစုလူဝေး မဖြစ်ဖို့၊ ထိတွေ့မှုမရှိဖို့၊ ရောဂါကို ကာကွယ်နိုင်ဖို့ အများကြီး လုပ်ရဦးမှာ။ ဒါလည်းပဲ ဌာနမျိုးစုံ၊ ညှိနှိုင်းပြီး ဆောင်ရွက်မှ အဆင်ပြေမှာ။ ဥပမာ ဒီအိမ်မှာ ၄ တန်းက တယောက်ရှိတယ်။ ရှစ်တန်းက တယောက်ရှိတယ်ဆိုတာကို နာမည်နဲ့ တကွ ပေါ့။ အဲဒီလိုပေးနိုင်အောင် လုပ်ရမယ်။ ကျောင်းသူ၊ ကျောင်းသား ၁၀ သန်းလောက်ရှိတယ်။ ၁၀ သန်းလောက်မှာ Grade 10, 11 က စုစုပေါင်းမှ ၁ သန်း၊ ၂ သန်းလောက်ပဲ ရှိတယ်။ ကျန်တဲ့ ၈ သန်းကျော် ၉ သန်းနီးပါးလောက် ဝေရဦးမယ်။ အဲဒါတွေလည်း ခွင့်ပြုချက် တောင်းထားတုန်းပဲ ရှိသေးတယ်။
ဒီကာလက ကိုဗစ်ကာလဖြစ်တဲ့အတွက်ကြောင့်မို့ အန္တရာယ်ကင်းအောင်ပဲ နိုင်ငံတော်က စဉ်းစားတဲ့အခါ ခုထိတော့ ကျ မလာသေးဘူး။ ခွင့်ပြုချက် ကျလာပြီ ဆိုရင် စာအုပ်တွေကို ကလေးတွေ လက်ထဲရောက်အောင်ပေးမယ်။ ပြီးတော့မှ မိဘတွေ၊ ဆရာတွေ၊ ကျောင်းသူ၊ ကျောင်းသားတွေ ဘာလုပ်ရမယ်ဆိုတဲ့ Guideline ကို TV တို့၊ Radio တို့၊ Facebook တို့က ထုတ်လွှင့်ပေးမယ်။ ပြီးရင် သင်ခန်းစာတွေ ထုတ်လွှင့်မယ်။ ထုတ်လွှင့်တဲ့အခါ ဘယ်အတန်းရဲ့ ဘယ်ဘာသာ၊ ဘယ် သင်ခန်းစာကို ထုတ်လွှင့်မယ်ဆိုတာကိုလည်း အများပြည်သူသိအောင် ပြောရမယ်။ ကလေးက အဲဒီအချိန်မှာ သိပြီးတော့ သူတို့ စာအုပ်လေးတွေနဲ့ လေ့လာမယ်။
လေ့လာတဲ့အခါ မိဘတွေက ကိုယ့်သား ၊ သမီး တကယ် လေ့လာသင်ယူနေတာ ဖြစ်ရဲ့လားဆိုတာ ကြပ်မတ်ပေးရမယ်။ တကယ်လေ့လာသင်ယူတဲ့ အခါ အခက်အခဲကရှိမှာ။ ရှိတဲ့အခက်အခဲကို ဆရာ၊ ဆရာမနဲ့ ချိတ်ဆက်ပြီးတော့မှ မေးမြန်းရ မယ်။ အကူအညီတောင်းရမယ်။ ဒါမှမဟုတ် ကိုယ့်မိသားစုထဲမှာ ဒါကို ရှင်းလင်းပေးနိုင်မယ့်သူရှိရင်လည်း ကူညီထောက်ပံ့ ရမယ်။ မိဘအများစုကတော့ ဒီအချိန်မှာ စီးပွားရေးအခက်အခဲတွေ အများကြီးရှိတဲ့အတွက်ကြောင့် မို့လို့ အကုန် အလုပ် လုပ်နေရတာတော့ ရှိတာပေါ့။ ဒါပေမယ့် အခုက မိဘတွေအနေနဲ့ ကိုယ့်သားသမီးကို အချိန်ပိုပေးပြီးတော့ ကြီးကြပ်ဖို့တော့ လိုအပ်တာပေါ့။
မေး ။ ။ အခု ဆရာပြောသွားတဲ့အဆင့်တွေ အတိုင်းဆို အတော်လေး အချိန်ယူ လုပ်ရဦးမယ့် အခြေအနေပေါ့။ အောက်တိုဘာလ ထဲ အဆင်ပြေပါ့မလား။
ဖြေ ။ ။ အောက်တိုဘာ နောက်ဆုံးပတ်လောက်တော့ နောက်အကျဆုံး မှန်းထားတယ်။ အများကြီး အများကြီး ကြိုးစား ရဦးမယ်။ အတန်းကလည်း သိတဲ့အတိုင်းပဲ KG ကနေ Grade 11 အထိ ရှိတယ်။ ဘာသာရပ်ကလည်း အများကြီးပဲ၊ တချို့ ဘာသာရပ်တွေက Online ကသင်ယူလို့မရဘူး။ TV ကနေ သင်ယူလို့မရဘူး။ Radio ကနေ သင်ယူလို့မရဘူး ဆိုတာ မျိုးကျ လျှော့ချရဦးမယ်။ ဒါကြောင့်မို့ ဦးစားပေး ဘာသာရပ်က ဘာတွေ သင်မလဲ။
ဦးစားပေး ဘာသာရပ်ထဲမှာမှ ဦးစားပေး သင်ခန်းစာက ဘာတွေသင်မလဲဆိုတာ ညှိနှိုင်းရဦးမှာ။ အများကြီးအဆင့်တွေ လုပ်ရဦးမှာ။ သူများတွေပြောသလို Facebook ကနေ Live လွှင့်သလောက်တော့ မလွယ်ဘူးပေါ့ကွယ်။ တချို့ကတော့ ပြောတာအလွယ်လေး လုပ်ရမှာက အများကြီး အများကြီး စဉ်းစားပြီး လုပ်ရဦးမှာပေါ့။
You may also like these stories:
တိုင်းရင်းသားပါတီတွေ အားကောင်းဖို့ လိုတယ်
မဲပေးပိုင်ခွင့် ရှိသူတွေ မဲပေးနိုင်အောင် သံရုံးက စောင့်နေမှာပါ
၂၀၂၀ ရွေးကောက်ပွဲနှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတို့၏ အသံ