မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ကန်နီကျေးရွာမှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ စည်းရုံးရေးမှူး ဦးမြင့်နိုင် ရဲ့ နေအိမ်ကို လူအုပ်စုနဲ့ ဝိုင်းဝန်းဖျက်ဆီးခဲ့တဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ်။
ဒီဖြစ်စဉ်မှာ နိုင်ငံရေးအရ တိုက်ခိုက်မှုအဖြစ် ထုတ်ဖော်ပြောကြားသူတွေရှိသလို တဖက်ကလည်း ဦးမြင့်နိုင် အနေနဲ့ ညအချိန် ပါတီအောင်နိုင်ရေးသီချင်းတွေ ကျယ်လောင်စွာဖွင့်ရာက သွားရောက်တားမြစ်ရင်း ရန်ဖြစ် ပြဿနာ တက်ခဲ့ကြတာဖြစ်တယ်လို့လည်း ဆိုကြပါတယ်။
ဖြစ်စဉ်အတွင်းမှာ ပြဿနာစတင်ဖြစ်ပွားသူ ကိုနေဝင်းဘက်မှ လူဦးရေ ၁၀၀ ဝန်ကျင်ပါဝင်တဲ့ လူအုပ်စုနဲ့ ဦးမြင့်နိုင်ရဲ့ နေအိမ်နဲ့ မော်တော်ယာဉ်တွေကို ဖျက်ဆီးခဲ့ကြသလို အခင်းဖြစ်ပွားခဲ့တဲ့ညမှာ လာရောက်ဖြေရှင်းပေးတဲ့ ပခုက္ကူခရိုင် ရဲတပ်ဖွဲ့မှူးကားနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးကားတွေကို ခဲတွေနဲ့ ဝိုင်းထုခဲ့ကြလို့လည်း ယာဉ်တွေပျက်စီးမှု ရှိခဲ့ပါတယ်။
ဒီအတွက် မြို့နယ်အုပ်ချုပ်ရေးမှူးက တရားလိုလုပ်ပြီး ခဲနဲ့ဝိုင်းထုရာမှာ ပါဝင်ခဲ့တဲ့ ၃၂ ဦးကို အမှုဖွင့်ခဲ့ပြီး လတ်တလော ၁၉ ဦးဖမ်းမိကာ ပခုက္ကူထောင်အချုပ်မှာ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
အခင်းဖြစ်စဉ်မှာလည်း ဒဏ်ရာရရှိခဲ့တဲ့ ကိုနေဝင်းအား လက်ယက်မတိုက်နယ်ဆေးရုံကတဆင့် ပခုက္ကူခ ရိုင်ဆေးရုံးမှာ လွှဲပြောင်းကုသလျှက်ရှိတယ်လို့ သိရပြီး နှစ်ဖက်စလုံးကလည်း အပြန်အလှန်အမှုဖွင့် လုပ်ဆောင်နေကြတယ်လို့သိရပါတယ်။

ယခုဖြစ်စဉ်နဲ့ပတ်သက်လို့ အခင်းဖြစ်ပွားတဲ့ညက ကိုယ်တိုင်သွားရောက် ဖြေရှင်းခဲ့တဲ့ မြိုင်မြို့နယ်၊ အုပ်ချုပ်ရေးမှူး ဦးသန့်စင်ခိုင်ကို ဧရာဝတီ အကြီးတန်း သတင်းထောက် ထွန်းထွန်း က ဆက်သွယ်ခဲ့ပြီး ဖြစ်စဉ်အခြေအနေတွေ၊ မျက်မြင်ကြုံတွေ့ခဲ့ရတဲ့ အခြေအနေတွေကို မေးမြန်းခဲ့ပါတယ်။
မေး ။ ။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး လက်ရှိ အရေးယူဆောင်ရွက်ထားတဲ့ အခြေအနေလေး ရှင်းပြပေးပါဦး။
ဖြေ ။ ။ ဖြစ်စဉ်မှာ (ပခုက္ကူ) ခရိုင်ရဲတပ်ဖွဲ့မှူးကားနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးကားပေါ့။ ခဲတွေနဲ့ပစ်ပေါက်တော့ ပျက်စီးမှုတွေ ရှိသွားတယ်။ နောက်တခု လမ်းမီး နှစ်လုံးလည်း ဖျက်စီးခံရတယ်ပေါ့။ အဲ့ဒါကြောင့် ကျနော်တို့ ပြည် သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေးအက်ဥပဒေ ပုဒ်မ ၆(၁) နဲ့ အမှုဖွင့်တယ်။ အားလုံး ၃၂ ဦးကို အမှုဖွင့်တဲ့ အ ခြေအနေမှာ ၁၉ ဦးကတော့ ဖမ်းဆီးရမိပါပြီ။ ကျန်တဲ့ ၁၃ ဦး ကျန်သေးတာပေါ့။ သူတို့ကိုလည်း ဆက်လက်ပြီးတော့ ဥပဒေအရ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။
ကျနော်ကတော့ နိုင်ငံတော်အစိုးရကိုယ်စားအမှုဖွင့်တာပေါ့။ ကျန်တဲ့လုပ်ငန်းစဉ်တွေကို ရဲတပ်ဖွဲ့က ဆက်ပြီး ဆောင်ရွက်သွားမှာဖြစ်လို့ ကျနော့်အနေနဲ့ ပြောလို့တော့ မရသေးပါဘူး။

လက်ရှိဖမ်းဆီးထားတဲ့ ၁၉ ဦးကိုလည်း မြိုင်မြို့နယ်တရားရုံးမှာ ချုပ်ရီမန် ရယူပြီး အချုပ်နဲ့ ထိန်းသိမ်းထားတာ ပေါ့၊ ဒါပေမယ့် မြိုင်မြို့မရဲစခန်းက အချုပ်ခန်းကလည်း နေရာအခက်အခဲရှိတဲ့အတွက် အောက်တိုဘာ ၅ ရက်နေ့ ညနေပိုင်းမှာ ပခုက္ကူထောင်အချုပ်ကို ပို့ဆောင်ပြီး ထိန်းသိမ်းထားပါတယ်။
မေး ။ ။ အိမ်ရှင်ဖြစ်တဲ့ ဦးမြင့်နိုင်ကလည်း အမှုဖွင့်ထားတယ်လို့သိရတယ်။ ဘာပုဒ်မတွေနဲ့ ဖွင့်ထားလဲ သိပါသလား။
ဖြေ ။ ။ ကာယကံရှင်ဘက်လည်း ပုဒ်မလေးခုနဲ့ အမှုဖွင့်တယ်လို့သိရတယ်။ အကျိုးဖျက်စီးမှုတို့၊ နေအိမ်အတွင်း ကျူးကျော်ဝင်ရောက်မှုတို့ စတဲ့ ဒီလိုပုဒ်မတွေနဲ့ပေါ့။ တဖက်က ကိုနေဝင်းတို့ ဘက်ကလည်း အမှုပြန်ဖွင့် မယ်လို့ ကြားထားပါတယ်။ အခုထိတော့ ကျနော့်ဆီ တိတိကျကျ မရောက်သေးတော့ ဘာတွေနဲ့ဖွင့်မလဲ မသိသေးပါဘူး။
မေး ။ ။ ဖြစ်စဉ်ကို ဘယ်အချိန်မှာ စပြီးတော့ သိခဲ့လဲ။ ရောက်သွားတဲ့အချိန်မှာရော ဘယ်လို အခြေအနေမျိုး တွေ့ခဲ့ရလဲ။
ဖြေ ။ ။ ကျနော် ည ၈ နာရီလောက်မှာစသိတယ်။ သိတော့ အခြေအနေမေးတော့ ဝင်ပြီးဓားနဲ့ခုတ်တဲ့ ကောင်လေးက ကိုမြင့်နိုင်ရဲ့ အိမ်ထဲမှာရောက်နေတယ်။ ရဲတပ်ဖွဲ့ဝင် ၄ ဦးကလည်းရှိတယ်။ ကျနော့်ရဲ့ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးလည်း ရှိတယ်ပေါ့နော်။ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ကာယကံရှင်နဲ့ ဒီကောင်လေးနဲ့ကို ခေါ်ပြီး တော့ ရဲစခန်းမှာရှင်းဖို့၊ လင်းကတော ရဲစခန်းမှာရှင်းဖို့ လုပ်နေတဲ့အချိန်မှာ လူအုပ်စု ၂၀ လောက်က ဒီကောင်လေးကို ထုတ်ပေးဖို့ဆိုပြီး အိမ်အပြင်ဘက်က ဝိုင်ဝန်းအော်ဟစ်ပြီးတော့ ခဲတွေဘာတွေနဲ့ ထုတယ်ပေါ့။

ထုတဲ့အခါကျတော့ လူအုပ်စုက တဖြေးဖြေး များများလာတော့ ရဲတပ်ဖွဲ့ဝင်အင်အား ထပ်ပြီးတော့ ဖြည့်ဖို့ လိုမယ် ဆိုပြီးတော့ မြိုင်စခန်းရဲအင်အားတွေနဲ့ ထပ်ဖြည့်တယ်။ ကျနော်တို့ အဲ့ဒီအချိန် ၈ နာရီခွဲလောက် ရောက်သွားတယ်။ ရောက်သွားတော့ ဒီကောင်လေး (ကိုနေဝင်း) ကိုတော့ ကန်နီရွာကပဲ နာရေးကူညီမှုအသင်းကားနဲ့ လက်ယက်မ တိုက်နယ်ဆေးရုံးကို ခေါ်သွားမယ့်အချိန်ပေါ့။ ကျနော်တို့ရောက်သွားတယ်။
အဲ့ဒီမှာ လူအုပ်စုကလည်း ၁၀၀၊ ၁၂၀ လောက်ဖြစ်နေတော့ ဒီလူအုပ်စုကို ရဲတပ်ဖွဲ့ဝင် အင်အားနဲ့တား။ တားပြီးတော့ လူအုပ်စုထဲက ခေါင်းဆောင် တယောက် နှစ်ယောက်နဲ့ ကျနော်တို့ ညှိနှိုင်းတယ်။ သူတို့က ပြောတာကျတော့ ကိုမြင့်နိုင်ကို ဖမ်းပေးပါပေါ့။ ဟုတ်ပြီ- အဲဒါဆိုရင်လည်း ကိုမြင့်နိုင်ကို ဖမ်းပြီး ကျနော်တို့နဲ့ခေါ်သွားမယ်ပေါ့။ အဲ့မှာ ကိုမြင့်နိုင်ဆီသွားတာပေါ့။ အဲ့ဒီမှာ လမ်းကြားလေးက ပေ ၂၀၀ လောက်ရှိတယ်။ ဒီလမ်းကြားထဲကို ခင်ဗျားတို့ တယောက်မှ မဝင်နဲ့ပေါ့။ ရတယ်- သူကလည်း ဝင်မလာဘူးပေါ့။
အဲ့ဒီလိုနဲ့ ကျနော်တို့ ကိုမြင့်နိုင်တို့ မိသားစုကိုခေါ်တယ်။ သူတို့မိသားစု ၅ ဦးကို ကျနော့်ကားပေါ်ကို တင်ပေါ့။ ဒီအ ချိန်မှာ ဒီလူအုပ်စုက လမ်းကြားထဲကို ဝင်လာတယ်။ သူတို့ကို ပြန်တားထားတဲ့အချိန်မှာ ခရိုင်ရဲတပ်ဖွဲ့မှူးကားက ရောက်လာရော။ အဲ့မှာ လူ(ရဲ)အင်အားလဲထပ်ဖြည့်ပြီး ခရိုင်ရဲတပ်ဖွဲ့မှူးကားက ကျနော့ကားရှေ့ကို ထိုးရပ်ပြီးတော့ လူအုပ်စုကို တားထားပြီးတော့ ကျနော်တို့ ကားနှစ်စီးထွက်တာပေါ့။ အဲ့ဒီအချိန်မှာပဲ လူအုပ်စုက ခဲနဲ့ဝိုင်းထု တာပဲ။ ထုတော့ ကားတွေ ပျက်စီးမှုတွေဖြစ်တာပေါ့။
မေး ။ ။ ရောက်သွားတဲ့အချိန်မှာ ကိုနေဝင်းရဲ့ ဒဏ်ရာအခြေအနေကို ဘယ်လိုတွေ့ရလဲ။ စကားပြောနိုင်သေးလား။
ဖြေ ။ ။ မဟုတ်ဘူးဗျ၊ ဘယ်လိုပြောမလဲ။ လူသာမန်ပဲ။ စကားပြောနိုင်တယ်။ နာမည်လဲ မမေ့ဘူး၊ အကောင်း ပဲ။ ဘာကြောင့်လဲဆိုတော့ ကိုနေဝင်းက ကိုမြင့်နိုင်ရဲ့ အိမ်ဝိုင်းထဲကနေ အပြင်ဘက်ကို ထွက်ပြေးတာ။ ကျနော်မ ရောက်ခင်မှာ ဖြစ်တာပေါ့။ မြေပြင်စုံစမ်းမေးမြန်လို့ သိရတာပေါ့။ ပြေးတော့ ရှိနေတဲ့ ရဲတပ်ဖွဲ့ဝင် ၄ ယောက်က လိုက်ပြီးတော့ မပြေးနဲ့၊ လက်ယက်မမှာ ဆေးစာနဲ့ဘာနဲ့ လုပ်ဖို့ပေါ့နော်။ သို့သော်လည်း သူကထွက်ပြေးတော့ သူ့ ကိုပြန်ခေါ်၊ ခေါ်ပြီးတော့ ဆေးရုံသွားဖို့ ကန်နီက နာရေးကူညီမှုကားပေါ်တင်။ တင်တော့ အဲ့ဒီ ကားပေါ်ကနေပဲ ထပ်ပြီးတော့ ဆင်းသေးတယ်၊ အဲ့ကောင်လေးက။ အဲ့တော့ မဟုတ်ဘူး-ရဲဆေးစာနဲ့ ဆေးရုံမှာ ဆေးကုရမှာပေါ့၊ ပြောပြတယ်။ အဲ့ဒီကား ထွက်မယ့်အချိန်မှာပဲ ကျနော်တို့က ရောက်တာ။ အဲ့အချိန်က ပုံမှန်ပဲပေါ့၊ ဒီကောင်လေး ကောင်းပါတယ်။ ပြောနိုင်ဆိုနိုင်ပါတယ်။

မေး ။ ။ ဒီဖြစ်စဉ်ဟာ ပါတီအောင်နိုင်ရေးသီချင်းတွေကို ညအချိန်မတော် အသံချဲ့စက်တွေနဲ့ ဖွင့်ရာကနေ တားမြစ်ရင်း ဖြစ်ကြတာလို့ ပြောကြတယ်။ ဒါကို အုပ်ချုပ်ရေးပိုင်းဘက်က ဘယ်လိုသိထားလဲ။
ဖြေ ။ ။ ကျနော်တို့ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဖြစ်တဲ့ဖြစ်စဉ်ကတော့ ဓားနဲ့ဝင်ခုတ်တယ်၊ ပြီးတော့ လူအုပ် စုနဲ့ ဒီလိုတွေ ဆက်ဖြစ်ကြတယ်ပေါ့နော်။ အဲ့လောက်သိထားတာပေါ့။ သူက(ကိုမြင့်နိုင်) ပါတီ (NLD) ရဲ့ မြို့နယ် အ လုပ်အမှုဆောင်လည်း ဖြစ်တယ်၊ စည်းရုံးရေးတာဝန်ခံလည်းဖြစ်တော့ ပါတီသီချင်းတွေဖွင့်တာက ရှိကောင်းရှိမှာပါ။ ဒါကိုမူတည်ပြီးဖြစ်တယ်လို့တော့ ဆိုလိုလို့ မရဘူးပေါ့။
ဘာကြောင့်လဲဆိုတော့ အခုချိန်မှာ မဲဆွယ်စည်းရုံးရေး ကာလဆိုတော့ ပါတီတိုင်း၊ ပါတီတိုင်းက မဲဆွယ်စည်းရုံးကြတာဆိုတော့ သီချင်းဖွင့်တာတွေက အကုန်လုံး ရှိကြမှာပဲပေါ့။ ဥပဒေနဲ့အညီ အသံချဲ့စက်တွေ ဖွင့်ဖို့ပဲ လိုတာပေါ့။ အဲ့ဒီတော့ ဒီကိစ္စအပေါ်မှာ မူတည်ပြီးဖြစ်တယ်လို့တော့ တပ်အပ်ကြီး ပြောလို့မရဘူးပေါ့။ နောက်တခုက ဘာလို့လဲဆိုတော့ လူအုပ်စုက စနစ်တကျဖြစ်တဲ့ ပုံစံမျိုး ဖြစ်လာတော့ အဖျက်အမှောင့်ကို ကြိုတင်ကြံစည်တဲ့ ပုံစံမျိုးဖြစ်လာတာပေါ့နော်။
မေး ။ ။ စနစ်တကျ လုပ်တဲ့ပုံစံမျိုးဆိုတာ ဘယ်အချက်တွေကြောင့် ပြောနိုင်တာပါလဲ။
ဖြေ ။ ။ ဘာလို့လဲဆိုတော့ ဘီယာပုလင်းထဲ ဓာတ်ဆီထည့်၊ မီးစာထည့်ပြီးတော့ မီးရှို့ပြီး ကိုမြင့်နိုင်ရဲ့ အိမ် ခေါင်မိုးပေါ်ကို ပစ်တင်တယ်။ မီးလောင်တာပေါ့။ သို့သော်လည်း အိမ်က RC တိုက်ဖြစ်ပြီးတော့ ခေါင်မိုးကလည်း သွပ်ပြားတွေဖြစ်လို့ မီးကူးစက်လောင်ကျွမ်းမှုတော့ မရှိဘူးပေါ့။ ပစ်တင်တဲ့ဟာပဲ မီးလောင်တာပေါ့။

မေး ။ ။ အခုလက်ရှိ ပြဿနာဖြစ်တဲ့ ကိုနေဝင်းကပဲ ၂၀၁၅ ခုနှစ်တုန်းက ဦးမြင့်နိုင်ကို လှံနဲ့ထိုးဖူးတယ်လို့ သိရတယ်။ ဒါကိုရော ဘယ်လိုသိထားတာများရှိသေးလဲ။
ဖြေ ။ ။ အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျနော်တို့ သိထားတာကတော့ ဒီကောင်လေး (ကိုနေဝင်း) က ကိုမြင့်နိုင်ကို ၂၀၁၅ တုန်းကလည်း လှံနဲ့ထိုးဖူးတယ်။ သို့သော်လည်း ပြောပလောက်တဲ့ ဒဏ်ရာမရတဲ့အတွက် တစုံတရာအမှု ဖွင့် အရေးယူခဲ့တာမျိုးတော့ မရှိဘူးပေါ့နော်။ တိုင်ကြားမှုလည်း မရှိခဲ့ဘူးပေါ့။
မေး ။ ။ ကန်နီရွာရဲ့ အိမ်ခြေနဲ့ လူဦးရေးကရော ဘယ်လောက်ရှိလဲ။ ဖြစ်စဉ်မှာပါဝင်ခဲ့တာက တရွားလုံးလား၊ အုပ်စုတခုအနေနဲ့ပဲလား။ ဘယ်လိုမြင်ခဲ့လဲ။
ဖြေ ။ ။ အိမ်ခြေက စုစုပေါင်း ၄၅၀ ကျော်ပေါ့။ လူဦးရေ ၁၇၀၀၊ ၁၈၀၀ လောက်ရှိတဲ့ ရွာကြီးပါ။ တရွားလုံး အ တိုင်းအတာနဲ့တော့ မဟုတ်ဘူး။ လူတစုကပဲ အမြန်၊ စနစ်တကျဆောင်ရွက်တဲ့ ပုံစံမျိုးဖြစ်တာပေါ့။ ဘာကြောင့် တုန်း ဆိုတော့၊ ဘာတွေထပ်ဆင့်ပြီး သိရလဲဆိုတော့ ခုနပြောသလို မီးလောင်စေတဲ့ဗုံးလိုဟာ နှစ်လုံးလောက် ပစ်တယ်၊ နောက်ဆူပူအကြမ်းဖက်မှု၊ အိမ်ကိုဖျက်ဆီးတဲ့အချိန်မှာ ပထမဦးဆုံး လုပ်တဲ့အလုပ်တွေက လမ်းမီးတိုင် တွေကို ဖျက်ဆီးတယ်။
ကိုမြင့်နိုင် အိမ်ရှေ့မှာ လမ်းမီးတခုရှိတယ်။ နောက်ပြီး ကတ္တရာလမ်းပေါ်မှာလည်း လမ်းမီး တခုရှိတယ်။ ကိုမြင့်နိုင်အိမ်နဲ့ ကတ္တရာလမ်းကြားမှာလည်း လမ်းမီတိုင် ၂ တိုင်ပေါ့။ စုစုပေါင်း လမ်းမီးတိုင် ၃ တိုင် ရှိတယ်ပဲဆိုကြပါဆို့။ အဲ့ထဲက အရေးကြီးတဲ့ ကတ္တရာလမ်းပေါ်က လမ်းမီးကို ဖျက်ဆီးတယ်။ အိမ်ရှေ့က လမ်းမီး ကို ဖျက်ဆီးတယ်။ အိမ်ထဲကို ဝင်တဲ့အခါကျတော့ အိမ်ကလျှပ်စစ်မီးတွေ ထွန်းထားတော့ မီတာ မိန်းခလုတ်ကို အရင်ဖျက်ဆီးတယ်။ မီးမှောင်အောင် လုပ်လိုက်ပြီးတော့ ခုနကလို ဖျက်ဆီးတာတွေ၊ ပြုတာတွေ ဆောင်ရွက်တာ ဖြစ်တဲ့အတွက် ဒါဟာ စနစ်တကျ ဆောင်ရွက်တယ်လို့ ကျနော်တို့က ယူဆတယ်။ ကြိုတင်ကြံစည်တယ်လို့လည်း ယူဆတယ်။

မေး ။ ။ ဒီလိုဖျက်ဆီးတဲ့အချိန်မှာ ရဲတပ်ဖွဲ့ဝင်တွေ ရောက်နေပြီဆိုတော့ ဘာကြောင့် မတားခဲ့သလဲ။ ဘယ်လို အခြေအနေကြောင့်လဲ။
ဖြေ ။ ။ ဘယ်လိုအခြေအနေလဲဆိုတော့ ကိုမြင့်နိုင် မိသားစုကို ကျနော့်ကားနဲ့ ခရိုင်ရဲတပ်ဖွဲ့မှူးကားနဲ့က မြိုင် ကိုခေါ်သွားတာပေါ့။ လမ်းကြားကနေ ကတ္တရာလမ်းပေါ်ရောက်တော့ ဒီလူအုပ်စုက တားတယ်။ တားတော့ လူအုပ်စုကို ခွဲထွက်ပြီးတော့ မြိုင်မြို့ပေါ်ကို ခေါ်သွားတာပေါ့။ ခေါ်သွားတဲ့အချိန်မှာ ဒီလူလုပ်စုက လမ်းကြားထဲကနေ ဝင်ပြီးတော့ ဖျက်ဆီးတာပေါ့။ အဲ့တော့ ရဲတပ်ဖွဲ့ဝင်တွေက နောက်ကနေလိုက်ပြီး ဖျက်ဆီးတဲ့သူတွေကို ကာကွယ်တားဆီးတာတွေ လုပ်ခဲ့ပါတယ်။
မေး ။ ။ ဆိုလိုတဲ့ သဘောက ရဲတပ်ဖွဲ့အင်အားနဲ့ မထိန်းနိုင်ခဲ့တာလား။ ပျက်စီးမှုက အများကြီးတွေ့ရပါတယ်။
ဖြေ ။ ။ ဒါက ကိုမြင့်နိုင်တို့ မိသားစုကို ခေါ်ထုတ်တဲ့အချိန်မှာ သူတို့လဲပါတော့ လုံခြုံရေးတွေ လုပ်နေရတဲ့အ ချိန်မှာ လမ်းကြားထဲကို လူအုပ်စု ဝင်သွားတဲ့သဘောပေါ့။
မေး ။ ။ ဆေးရုံမှာ ကုသမှုခံယူနေတဲ့ ကိုနေဝင်းရဲ့ ကျန်းမာရေးအခြေအနေကရော ဘယ်လိုရှိပါသေးလဲ။
ဖြေ ။ ။ ကိုနေဝင်းက အောက်တိုဘာ ၃ ရက်နေ့ ညတုန်းက လက်ယက်မဆေးရုံကို ရောက်တယ်။ အဲ့ဒီမှာ ကု နေတုန်း ၄ ရက်နေ့ နေ့လည်ပိုင်းမှာ ကာယကံရှင်တွေဘက်က ပခုက္ကူခရိုင်ဆေးရုံးမှာ သွားရောက်ကုချင်ပါတယ်လို့ တောင်းဆိုလို့ လက်ယက်မဆေးရုံက တာဝန်ခံဆေးရုံးအုပ်ကိုပြောတော့ ဒီမှာလည်း ကုလို့ရတယ်လို့ ပြောတယ်။ ဆန္ဒရှိလို့ သွားကုချင်တယ်ဆိုရင်လည်း လွှဲစာရေးပေးပါ့မယ်ဆိုပြီး လွှဲစာရေးပေးတဲ့အတွက် ညနေပိုင်းမှာ ပခုက္ကူခရိုင်ဆေးရုံးကို သွားကုကြတယ်ပေါ့။ ကိုနေဝင်းရဲ့ လတ်တလော ကျန်းမာရေးအခြေအနေကတော့ ကျနော်လည်း မစုံစမ်းရသေးပါဘူး။
မေး ။ ။ ဒီဖြစ်ကို နိုင်ငံရေးတိုက်ခိုက်မှုအဖြစ် ပြောကြတာရှိသလို နှစ်ဖက်စလုံးကလည်း သူ့အမြင်၊ ကိုယ့်အမြင် ပြောနေကြတာတွေအပေါ်မှာ အုပ်ချုပ်ရေး တာဝန်ရှိသူအနေနဲ့ရော ဘယ်လိုထင်မြင်ပါသလဲ။
ဖြေ ။ ။ ကျနော့အမြင်ကတော့ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး ဆောင်ရွက်တဲ့နေရာမှာ ဒီလို ဖြစ်တာနဲ့ပတ်သက်ပြီးတော့ ဥပဒေကြောင်းအရ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမှာပေါ့နော်။ ဒီလိုဖြစ်စဉ်မျိုးလဲ ကျနော်တို့ မဖြစ်အောင် ကာကွယ်ရမှာပေါ့။ ကာကွယ်ဖို့ကလည်း ပြည်သူတွေ ပူးပေါင်းဆောင် ရွက်မှ ဖြစ်မယ့်အတွက် ပြည်သူတဦးချင်းစီက ဝိုင်းဝန်ကာကွယ်ပေးကြပါလို့ပဲ ကျနော့အနေနဲ့ တောင်းဆိုချင်ပါ တယ်။

မေး ။ ။ ဒီဖြစ်စဉ်ရဲ့ အကြောင်းအရာတခုအနေနဲ့ ဖြစ်နေတဲ့ အသံချဲ့စက်ဖွင့်တဲ့ကိစ္စပေါ့၊ ဒီအတွက် ဦးမြင့်နိုင် က အသံချဲ့စက်တွေ ဘာတွေဖွင့်ဖို့ ခွင့်ပြုချက်ယူထားသလား၊ အုပ်ချုပ်ရေးဘက်ရော ဘယ်လိုခွင့်ပြုထားသလဲ။
ဖြေ ။ ။ ဟုတ်ပါတယ်။ သူမှမဟုတ်ပါဘူး၊ နိုင်ငံရေးပါတီတွေက စည်းရုံးမယ့် စည်းရုံးရေးမှူး အားလုံးက ဖွင့်မယ်ဆိုရင် သက်ဆိုင်ရာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတွေဆီမှာ လျှောက်လွှာတင်ရပါတယ်။ အုပ်ချုပ်ရေးမှူး တွေက မှတ်ချက်နဲ့ ခွင့်ပြုမိန့်ကို ပေးပါတယ်။ ကိုမြင့်နိုင်လည်း အုပ်ချုပ်ရေးမှူးဆီမှာ ဥပဒေနဲ့အညီ ခွင့်ပြုချက် တင်တယ်။ ခွင့်ပြုချက်ထုတ်ပေးထားတယ်ပေါ့။
မေး ။ ။ ခွင့်ပြုချက်ကို ဘယ်လိုစည်းကမ်းချက်တွေနဲ့ ထုတ်ပေးသလဲ။
ဖြေ ။ ။ ပုံမှန်အားဖြင့် ကျနော်တို့က မနက် ၆ နာရီကနေ ည ၉ နာရီအတွင်းပေါ့။ အဲ့ဒီမှာ လိုအပ်လို့ သက်ဆိုင် ရာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးက၊ တာဝန်ရှိသူက လိုအပ်လို့ ပိတ်ခိုင်းတယ်ဆိုရင် ပိတ်ရမယ်ပေါ့။ မနာခံဘူးဆိုရင် ကျနော်တို့ တရားစွဲမယ်။ နောက်တခုက ဆဲရေးတိုင်းထွာ ညစ်ညမ်းမယ်၊ တဦးနဲ့တဦး ပုတ်ခတ်တဲ့ စကားလုံး အသုံးအနှုန်းတွေ မပြောရဘူး၊ မလုပ်ရဘူးဆိုပြီးတော့ စည်းကမ်းချက်တွေထဲ ထည့်ထားပါတယ်။
You may also like these stories:
မြိုင်မြို့နယ် NLD စည်းရုံးရေးမှူးအိမ် အုပ်စုဖွဲ့တိုက်ခိုက်ခံရမှု ၁၉ ဦး ဖမ်းဆီးထား
တနိုင်းက တပ်ကြိုတင်မဲများ ပြန်စိစစ်ပေးရန် NLD အမတ်များတောင်းဆို