ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) ပါတီမှ တောင်ကုတ်မြို့နယ်၊ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဒေါ်နီနီမေမြင့်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမင်းအောင်နှင့် အမျိုးသား လွှတ်တော် ကိုယ် စားလှယ်လောင်း ဒေါ်ချစ်ချစ်ချောတို့သည် ၎င်းတို့၏ မဲဆန္ဒနယ် တောင်ကုတ်မြို့နယ်ရှိ ဖောင်းခါးရွာတွင် လက်နက်ကိုင် အဖွဲ့ တခု၏ ဖမ်းဆီးမှုကို ခံခဲ့ရသည်။
ဖမ်းဆီးခံရသည့် အချိန်တွင် ၎င်းတို့မှာ ရိုက်နှက်ခံရသလို ကြိုးတုပ်ပြီး ခေါ်ဆောင်သွားခြင်းလည်း ခံခဲ့ရကြောင်း မြေပြင်မှ မျက်မြင်များကို ကိုးကားပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့ မှ နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်းက ဧရာဝတီသို့ ပြောဆိုထား သည်။ ထို့ပြင် ရက္ခိုင့်စစ်တပ်(AA)၏ လက်ချက် ဖြစ်နိုင်ကြောင်းလည်း ဆိုသည်။
မည်သည့်အဖွဲ့ က ဖမ်းဆီးသည်ဖြစ်စေ ရခိုင်ပြည်နယ်နှင့် စစ်မက်ဖြစ်ပွားရာဒေသ အသီးသီးရှိ အရပ်ဘက် နိုင်ငံရေးသမား များ၏ လုံခြုံရေးနှင့် ပတ်သက်၍ စိုးရိမ်စရာ ကောင်းသော အခြေအနေမျိုး ဖြစ်သည်။
မိမိနှင့် အမြင်မတူပါက တောဥပဒေ (Jungle Law) ပုံစံ ဖြေရှင်းမှုမျိုးကို လူ့အဖွဲ့ အစည်းက အားမပေးသင့်သလို လူ အ ချင်းချင်း လက်နက်အားကိုးဖြင့် အနိုင်ကျင့်သည့် လုပ်ရပ်မျိုးကိုလည်း လက်မခံသင့်ဆိုသည့် အမြင်များလည်း ရှိသလို ကိုယ့်လူထိမှ ဒီလောက်နာတတ်ရသလားဟု ပြောဆိုသူများလည်း ရှိနေသည်။
ထို့ကြောင့် ယခုလို ရခိုင်ပြည်နယ် တောင်ပိုင်းမှ လွှတ်တော် ကိုယ်စားလှယ်လောင်းများ အကြမ်းဖက် ဖမ်းဆီးခံရသည့် ဖြစ် စဉ်အပေါ် ရခိုင်နိုင်ငံရေးသမားများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်း ခေါင်ဆောင်တချို့နှင့် လေ့လာစောင့်ကြည့် သူများ၏ အမြင်များကို ဧရာဝတီ သတင်းထောက်များက ဆက်သွယ်မေးမြန်းပြီး အပြည့်အစုံ ပြန်လည် ဖော်ပြလိုက်ပါသ ည်။
မုံရွာအောင်ရှင် (ပြန်ကြားရေး ဗဟို အတွင်းရေးမှူး)
အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်
ဒီလို ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ကိစ္စကို လုံးဝလက်မခံဘူး။ ရှုံ့ချတယ်။ ဖမ်းဆီးခေါ်ဆောင်သွားခံရတဲ့ ပုဂ္ဂိုလ်တွေကို အမြန် ဆုံးပြန်လွှတ်ပါ။ ကျန်းကျန်းမာမာနဲ့ ခြွင်းချက်မရှိ ပြန်လွှတ်ပါ။ ဒီဟာကိုပဲ ကျနော် အရင်ဆုံး ပြောနိုင်ပါတယ်။ ထပ်ပြီးတော့ လုပ်ရမယ့် ကိစ္စကတော့ CEC ကပဲ အားလုံးနဲ့ တိုင်ပင်ပြီးတော့ ဒီကိစ္စကို ဆက်ပြီးတော့ လုပ်နေတယ်လို့ သိရပါတယ်။
ဒါက မကောင်းပါဘူးဗျ။ အထူးသဖြင့်တော့ ရွေးကောက်ပွဲနီးလာတဲ့အခါမှာ ရွေးကောက်ပွဲအတွက် လုံခြုံရေး စိတ်မချရဘူး ဆိုတဲ့ ပုံစံမျိုးတွေ ဖြစ်အောင် လုပ်တယ်လို့ပဲ ယူဆပါတယ်။ ဒီလို လုပ်လိုက်တဲ့ အတွက်ကြောင့် ဘယ်သူ့မှ အကျိုး မရှိပါဘူး။
အထူးသဖြင့် လုပ်တဲ့ အဖွဲ့အစည်းအတွက် ပိုပြီးတော့တောင် အကျိုး မရှိသေးတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလို လုပ်တဲ့ အတွက်ကြောင့် ပြည်သူလူထုရဲ့ ဆန့်ကျင်မှုကို သူတို့ ခံရမှာပဲ။ သူတို့လုပ်နေတဲ့ သူတို့အဖွဲ့အစည်းရဲ့ ရည်မှန်းချက်တွေ လည်း ဒီဟာ လုပ်လိုက်တဲ့အတွက်ကြောင့် အောင်မြင်မှာ မဟုတ်ပါဘူး။ အဲဒီလိုပဲ ပြောချင်ပါတယ်။
ဦးဖေသန်း (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)
ရခိုင်အမျိုးသားပါတီ
သတင်းကတော့ ကျနော်တို့လည်း တွေ့တယ်။ တွေ့တယ်ဆိုတာက ဘယ်သူတွေက အဲဒီလို သူတို့ကို ဖမ်းဆီး ခေါ်ဆောင် သွားသလဲဆိုတာကို ဟိုဘက်ကလည်း ကြေညာချက် မထုတ်ဘူးဆိုတော့ ကျနော်တို့ ဘယ်သူလုပ်တယ်ဆိုတာတော့ ပြော ရခက်တယ်။ ဘာကြောင့်လုပ်တာလည်းဆိုတာ သူတို့ပဲ သိလိမ့်မယ်။ ရွေးကောက်ပွဲကာလမျိုးမှာ ဒီလိုဖြစ်တာတော့ ရွေး ကောက်ပွဲအတွက်မကောင်းဘူး။ ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ် ဆိုတာတော့ မပြောလိုဘူး။ ဘာလို့လည်း ဆိုတော့ သူတို့ရဲ့ အကြောင်းပြချက်နဲ့ သူတို့ ရှိမှာပေါ့။ ဒါပေမယ့် ဒီလိုဖြစ်သွားရတာတော့ ရွေးကောက်ပွဲအတွက် သိပ်ပြီးတော့ မ ကောင်းဘူးပေါ့နော်။ အဲဒါလေးတော့ ကျနော်တို့ ပြောချင်တယ်။
ဘာကြောင့်ဖမ်းတယ်။ ဘယ်သူတွေ ဖမ်းတယ်ဆိုတာ ကျနော်တို့က အတည်ပြုလို့ မရသေးဘူးလေ။ ခြုံပြီးတော့ ပြောချင် တာကတော့ ရွေးကောက်ပွဲမတိုင်ခင်ပေါ့၊ ဒီလိုဖြစ်သွားတာတော့ ရှေ့သွားမယ့် ခရီးလမ်းမှာ နည်းနည်း အခက်အခဲတော့ ရှိတာပေါ့။ ဒါပေမယ့် ကျနော်တို့က ဘယ်သူဖမ်းတယ်၊ ဘာ့ကြောင့်ဖမ်းတယ်ဆိုတာကို မသိဘဲနဲ့တော့ ကျနော်တို့ သဘော ထားမှတ်ချက်ပေးရင်တော့ တဘက်ကို စောင်းသွားမှာလည်း စိုးရိမ်တယ်။
ဒါကြောင့် ဒီလိုဖြစ်တာတော့ ဒါရွေးကောက်ပွဲအတွက် မကောင်းတဲ့လုပ်ရပ်တခုလို့ မြင်တယ်။ မကောင်းတဲ့လုပ်ရပ်ဆိုတာ ရွေးကောက်ပွဲကို ထိခိုက်နိုင်တယ်ပေါ့ဗျာ။ အဲဒါလေးတော့ ကျနော်ပြောလို့ရတယ်။ ဒါပေမယ့် တဘက်ဘက်က ဒါဟာ သူ တို့လက်ချက်ပါလို့ ပြောလာရင်တော့ တမျိုးပေါ့နော်။ ဒါတွေ ကျနော်တို့လည်း စိတ်ဝင်စားတယ် နားထောင်နေတယ်။ ဘယ်အဖွဲ့ က ဖမ်းတာလဲ ဘာကြောင့်ဖမ်းတာလည်းဆိုတာ သူတို့ဘက်က တခုခုက ဖမ်းတဲ့အဖွဲ့က တာဝန်ခံမှု တာဝန်ယူ မှုနဲ့ ကြေညာချက်ထုတ်လာတဲ့အခါမှာတော့ ကျနော်တို့ ပြောလို့ရမှာပေါ့။
ဦးအောင်သောင်းရွှေ (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
ဘူးသီးတောင်မြို့နယ်၊ ရခိုင်ပြည်နယ်
လွှတ်တော်ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးသမားတွေ မလုံခြုံဘူး။ ဖမ်းဆီးခံရတယ်ဆိုတာက အခုမှ မဟုတ်ဘူး။ ဒီအစိုးရ တက်ပြီး မကြာမီမှာပဲ အဖမ်းခံရတာတွေ ရှိတယ်။ ဒေါက်တာအေးမောင်တို့ကို ဖမ်းတုန်းက ဘာမှ မပြောဘဲ အခုမှ ထွက် ပြောလာတယ်ဆိုတာမျိုးက မျှတမှု မရှိဘူး။ ဒေါက်တာ အေးမောင်ဆိုရင် လွှတ်တော်ကိုယ်စားလှယ်လည်း ဖြစ်တယ်။ ရခိုင်တိုင်းရင်းသားတွေရဲ့ ခေါင်းဆောင်တယောက်လည်း ဖြစ်တယ်။
သူ့ကို ဖမ်းကတည်းက ဒီလူတွေက မီးမောင်းထိုးပြသင့်တယ်။ သူ့လူကိုဖမ်းမှ၊ ဟိုလူကိုဖမ်းမှ မဟုတ်ဘူး။ နိုင်ငံရေးလုပ်တဲ့ နိုင်ငံရေးသမားတိုင်းကို အကာအကွယ် ပေးနိုင်ရမယ်။ အိမ်မဲ မဲဆန္ဒနယ်က ဒေါ်သန္တာတင်သွင်းတဲ့ နိုင်ငံရေးသမား တွေကို အကာအကွယ်ပေးရေး ပဋိညာဉ်စာချုပ်ကို လွှတ်တော်မှာ တင်တုန်းကလည်း ကျနော်တို့ ပါဝင်ဆွေးနွေးခဲ့တယ်။ အဲဒီ ကိစ္စကို လွှတ်တော်မှာ တင်ပြီးနွေးဆွေးခဲ့တုန်းကလည်း အတည်မပြုနိုင်ခဲ့ဘူး။
ဆိုတော့ ဒီမိုကရေစီအစိုးရလို့ ပြောတယ်။ ဒီမိုကရေစီ ပြည်သူ့အစိုးရလို့ ကြွေးကြော်နေတဲ့ ဒီ NLD အစိုးရ လက်ထက်မှာ နိုင်ငံရေးသမားတွေ လွတ်လပ်စွာ နိုင်ငံရေး လုပ်လို့ မရဘူး။ နောက်ပြီးတော့ နိုင်ငံရေးသမားတွေကို ဖမ်းတယ်ဆိုတာ အ လွန်တရာမှ ရှက်ဖို့ ကောင်းတယ်။ အဲဒီအတွက်ကြောင့် နိုင်ငံရေးသမားတွေကို ကာကွယ်ပေးဖို့ လွတ်တော်မှာ တင်ပြီး လက်မှတ်ထိုးဖို့ဟာကိုတောင် အတည်မပြုနိုင်ခဲ့ဘူး။ အဲဒီလိုမျိုး လွှတ်တော်မှာ မလုပ်နိုင်ခဲ့လို့လည်း ဒီလို ဖြစ်တယ်လို့ ထောက်ပြလို့ ရတယ်။ အဲဒီအတွက်ကြောင့် ဒီနေ့ အချိန်မှာ နိုင်ငံရေးသမားတွေကို ဖမ်းတယ်။ ဘာညာ ဆိုပြီး ဘက်လိုက်ပြီး ပြောနေမဲ့ အစား ဘယ်သူတွေပင် ဖြစ်ဖြစ်၊ ဘယ်အဖွဲ့အစည်းက ဖြစ်ဖြစ် ကာကွယ်ပေးဖို့ လိုတယ်။
ကာကွယ်ပေးနိုင်ဖို့ လိုတယ်။ ချင်းပဲ ဖြစ်ဖြစ်၊ ရခိုင်ပဲ ဖြစ်ဖြစ်၊ အများစု အနိုင်ရတဲ့ ပါတီက ဖြစ်ဖြစ်၊ အနည်းစု အနိုင်ရတဲ့ ပါတီက ဖြစ်ဖြစ် အားလုံး တပြေးညီ ဖြစ်ဖို့ လိုတယ်။ အဲဒီအတွက်ကြောင့် ဒီနေ့ ဒီလိုဖြစ်တာဟာ ဒီမိုကရေစီနိုင်ငံ မဟုတ် ဘူး။ ဒီမိုကရေစီ အစစ်မှန် မဟုတ်လို့ ဒီလို ဖြစ်တာလို့ ကျနော် အနေနဲ့ ပြောလိုပါတယ်။
ဒေါ်စောမြရာဇာလင်း (ဒု-ခေါင်းဆောင်/ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့)
ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ
ကျမတို့ကတော့ တိုင်းပြည်ငြိမ်းချမ်းစေချင်တယ်။ အကြောက်တရား လွမ်းပိုးပြီးတော့ ဟိုကို စိုးရိမ်ရ၊ ဒီကို စိုးရိမ်ရဆိုတဲ့ အ နေအထားမျိုးကိုသာ ဖြစ်လာမယ်ဆိုရင် စိတ်မငြိမ်းချမ်းမှုတွေ အများကြီး ဖြစ်လာနိုင်ပါတယ်။ အခုက ကျမအနေနဲ့ ပြော ချင်တာက လက်နက်ချင်း ရန်သူကြားမှာ အမျိုးသမီး၊ ရဟန်း၊ သံအဖွဲ့ ဆိုတဲ့ ပုဂ္ဂိိုလ်တွေက နိုင်ငံတကာ ဥပဒေအရ လည်း ဖမ်းဆီးချုပ်နှောင်မှုက လွတ်သင့်တဲ့ ပုဂ္ဂိုလ်တွေထဲမှာ ပါဝင်ပါတယ်။ တဘက်မှာ ကြည့်လိုက်တော့လည်း အမျိုးသမီး လွတ်တော် ကိုယ်စားလှယ်တွေ ဖြစ်တယ်။
အဲဒီအတွက်ကြောင့် ကျမအနေနဲ့တော့ ဒီလိုမျိုးတွေ မဖြစ်သင့်လို့ ထင်မြင်ပါတယ်။ အကယ်၍ သူတို့ကို မေးစရာ၊ မြန်းစရာ ရှိလို့ ခေါ်သွားတယ်ဆိုရင်လည်း ကျန်းကျန်းမာမာနဲ့ ပြန်ရောက်လာပါစေလို့ ဆုတောင်းပါတယ်။ ဆိုတော့ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအတွက်တော့ လူတိုင်းက စိတ်ထက်ထက်သန်သန်နဲ့ ကြိုးစား လုပ်ဆောင်နေကြတယ်ဆိုတာတော့ မည်သူ တယောက်မှ ငြင်းဆန်လို့ရမှာ မဟုတ်ဘူး။
သို့သော် ကျမအနေနဲ့ ထပ်ပြီး ပြောချင်တာ ဒီမိုကရေစီစနစ်ကို တက်လှမ်းနေတဲ့ အခြေအနေမျိုးတွေ ဆိတ်သုန်းသွားပြီး တော့ စစ်ကိုစစ်နဲ့သာလျှင် အစုန်အဆန်စီးတဲ့ အနေအထားမျိုး ရောက်သွားရင်တော့ တိုင်းပြည်အတွက် အများကြီး နစ်နာ နိုင်တယ်လို့ သုံးသပ်ပါတယ်။
အဲဒီအတွက်နဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်နေတဲ့ သူတယောက်ဖြစ်တဲ့ ကျမအနေနဲ့ကတော့ အေးချမ်းသာယာဖို့ အရေးကို အားလုံး ဦးတည် ဆောင်ရွက်နိုင်ကြပါစေလို့ ဆုတောင်းပါတယ်။ ပြဿနာ ဟူသမျှကို အားလုံး စားပွဲဝိုင်းမှာ ဖြေရှင်းနိုင်ဖို့ လိုပါတယ်။ တပြည်လုံး အပစ်ခတ် ရပ်စဲဖို့ လိုပါတယ်။ ပြဿနာ ဖြစ်လာရတာလည်း ကိုယ့်၏ ရပိုင်ခွင့်၊ ကိုယ့်လူမျိုးရဲ့ ရပိုင်ခွင့် ဆုံးရှုံးမှုတွေ အပေါ်မှ ဒီပြည်တွင်း စစ်ပွဲဟာ သက်ဆိုးရှည်လာရခြင်း ဖြစ်ပါတယ်။
နောက်တချက်က ရခိုင်ပြည်နယ်ထဲက နေ့စဉ်နဲ့ အမျှ အကြောင်းအမျိုးမျိုးကြောင့် သေဆုံးနေတာတွေရှိတယ်။ ပြည်သူတွေ မထိခိုက်အောင် အတွက်လည်း အဖွဲ့အစည်းတိုင်းက ကြိုးပမ်းဆောင်ရွက်ပြီး လုပ်ဆောင်ကြဖို့ တိုက်တွန်း ပြောကြားချင်ပါ တယ်။
ဦးဦးလှစော (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
ရခိုင်အမျိုးသားပါတီ
ကိုယ်စားလှယ် ၃ ယောက်ဖမ်းတဲ့အပေါ် ကျနော်ကတော့ ကြီးကျယ်တဲ့ကိစ္စလို့ မမြင်ဘူး။ ဒါက စစ်ပွဲဖြစ်ပွားနေတဲ့နေရာ၊ တရား ဥပဒေ စိုးမိုးမှုမရှိတဲ့ဒေသ၊ စီမံခန့်ခွဲမှု ညံ့ဖျင်းတယ်။ လူထုကို ကိုယ်စားမပြုတဲ့ လူတွေ အုပ်ချုပ်နေတဲ့ ဒေသတခုမှာ ဒီလိုဘဲ ဖြစ်ကြလိမ့်မယ်။ နှစ်ဘက်စလုံး လုပ်နေကြတယ်။ ဒေါက်တာအေးမောင်ကို စာပေ ဟောပြောပွဲလုပ်တာနဲ့ နိုင်ငံ ပုန်ကန်မှုနဲ့ ထောင်အနှစ် ၂၀ ချလိုက်တဲ့အခါ ရခိုင်ပြည်နယ်ထဲက NLD တွေ တယောက်မှ မပြောပါလား။
အခုက ဖမ်းတာ ပဲ ရှိသေးတယ်။ သူတို့ ဘာတွေလုပ်ထားတယ်။ ဘာကြောင့်ဖမ်းတယ်။ မနက်ဖြန် လွတ်ချင်လည်း လွတ် လာမယ်။ ပြန် လွတ်လာတဲ့အခါ ဦးဝှေ့တင်းလို ပျော်ပြီးတော့ အားလုံး အဆင်ပြေတယ်။ ပြောလာချင်လည်း ပြောလာလိမ့် မယ်။ အဲဒီဟာကို တခါလည်း အော်ကြီးဟစ်ကျယ် ပြောနေကြတယ်။
ဒေါက်တာအေးမောင်ကို ရက်ရက်စက်စက် လုပ်ပစ်လိုက်တာကျတော့ ပြောမယ့်လူ မရှိကြဘူး။ မြောက်ဦးတို့ ကျောက် တော်တို့မှာ ရခိုင်အရပ်သားတွေကို ဒီတိုင်းတရားလက်လွတ် သတ်ပစ်တာကျတော့ NLD ပါတီက တခွန်းတောင်မှ မပြော ကြပါလား။
ဆလိုင်းထက်နီ (လက်ထောက်အထွေထွေအတွင်းရေးမှူး)
ချင်းအမျိုးသားတပ်ဦး (CNF)
အဲ့ဒီကိစ္စက ကျနော်တို့လည်း ကြားပါတယ်။ ရွေးကောက်ပွဲကာလမှာ ကိုယ်စားလှယ်လောင်းတွေကို လက်နက်ကိုင် တစု က အဲဒီလို လုပ်တယ်ဆိုတာက ဘာလက်နက်ကိုင်လဲ။ အဲဒီလက်နက်ကိုင်က ဘာမူဝါဒ ရှိလဲ။ ဥပမာ ဒီရွေးကောက်ပွဲ ကိုယ်စားလှယ်တွေနဲ့ သူတို့ပုဂ္ဂိုလ်ရေးအရ ဖြစ်ဖြစ် နိုင်ငံရေး ခံယူချက် မတူညီမှုကြောင့်ပဲဖြစ်ဖြစ် တခုခုကြောင့် အဲ့လို ဖြစ်သလားဆိုတာကတော့ စဉ်းစားစရာ ဖြစ်ပါတယ်။
ဘယ်လိုပဲ ဖြစ်နေဖြစ်နေ ဒီလွှတ်တော်ကိုယ်စားလှယ်၊ ပြည်သူလူထုက ရွေးကောက်ထားတဲ့ ကိုယ်စားလှယ်လောင်းကို အဲ လို လုပ်တာမျိုးက မဖြစ်သင့်ဘူး။ တဖက်မှာ ကြည့်လိုက်ရင် ပြည်သူလူထုကို မလေးစားရာ ကျတယ်။ သူတို့ရဲ့ ပြည်သူ လူ ထုက တင်မြှောက်မယ့် ကိုယ်စားလှယ်တွေကို မလေးစားရာ ကျတယ်။ ဒီလုပ်ရပ်က တကယ်ကတော့ အကြမ်းဖက်မှု တခုလို့ပဲ ကျနော်တို့ ပြောလို့ ရပါတယ်။ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းပဲ ဖြစ်ဖြစ်ပါ။ ဒါက အကြမ်းဖက်တဲ့ မဖြစ်သင့်တဲ့ လုပ်ရပ်လို့ ကျနော် သုံးသပ်ပါတယ်။
ရွေးကောက်ပွဲက စစ်မက်ပဋိပက္ခဖြစ်ပြီး မတည်ငြိမ်တဲ့ နေရာဖြစ်ဖြစ် တည်ငြိမ်ပြီးသား နေရာပဲ ဖြစ်ဖြစ် အကောင်းဆုံး ဖြစ်အောင် အဆင်ပြေဆုံးဖြစ်အောင် ပြည်သူလူထုကို လေးစားရမယ်။ ပြည်သူလူထုကို အနာတရဖြစ်အောင် ခြိမ်း ခြောက်တာ ကိုယ့်အဖွဲ့အစည်းအကျိုး တခုခုရအောင်ဆိုတာမျိုး လုပ်ပြီးတော့မှ ဒေသတည်ငြိမ်မှုကို နှောင့်ယှက် ဖျက် ဆီးတာမျိုးကတော့ ကျနော်တို့ CNF အနေနဲ့ကတော့ လက်မခံနိုင်ပါဘူး။ ကျနော်တို့ ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝ ကိစ္စဆိုလည်း အလေးထားပြီး စိုးရိမ်ပါတယ်။ စစ်မက် ပဋိပက္ခတွေ နှစ်ဖက်ရပ်တန့်ပြီး ရွေးကောက်ပွဲ လုပ်မယ့် နေရာ အားလုံးမှာ တည်တည်ငြိမ်ငြိမ်နဲ့ ဖြစ်စေချင်တယ်။ အဲဒါက ကျနော်တို့ CNF ရဲ့ သဘောထားဆန္ဒ အမှန်ပါ။
ဗိုလ်မှူး မိုင်းအိုက်ကျော် (ပြန်ကြားရေး တာဝန်ခံ)
တအန်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA)
ကျနော်တို့ကတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံအောက်မှာ ကျင်းပမယ့် ရွေးကောက်ပွဲကို မထောက်ခံဘူး။ ဒါပေမယ့် လူထုရဲ့ ဒီမိုကရေစီ နည်းကျကျ လူထုဆန္ဒအရ လွတ်လွတ်လပ်လပ် မဲပေးပိုင်ခွင့် ရှိတယ်။ ပါတီတွေ စည်းရုံးလှုပ်ရှားတာကိုလည်း ကျနော်တို့က ဝင်ရောက်ဟန့်တားမှာ မဟုတ်သလို အားပေးမှာလည်း မဟုတ်ဘူး။ ရွေးကောက်ပွဲနဲ့ ဆိုင်တာက လူထုဆန္ဒ နဲ့ပဲ ဆိုင်တယ်။ ကျန်တဲ့ ပါတီတွေဟာကတော့ ဘာမှ မထောက်ခံဘူး။ ထောက်လည်း မထောက်ခံဘူး။ ဝင်ရောက် ဟန့် တားမှာလည်း မဟုတ်ဘူး။
ရခိုင်မှာ ဖြစ်တဲ့ကိစ္စကတော့ ကျနော်တို့က သုံးသပ်စရာ မရှိဘူး။ ဘာ့ကြောင့် ဖမ်းဆီးသလဲဆိုတဲ့ ကိစ္စကိုလည်း ကျနော် တို့က အသေးစိတ် မသိဘူးလေ။ ဘာ့ကြောင့် ဖမ်းလဲ ကျနော်တို့ မသိဘူး။ အကြောင်းအရင်းကို ကျနော်တို့ မသိပါဘူး။
AA နဲ့က ကျနော်တို့က စစ်ရေးနဲ့ နိုင်ငံရေးမှာတော့ မဟာမိတ်ပါ။ ဒါပေမယ့် ဖမ်းဆီးတဲ့နေရာမှာတော့ ကျနော်တို့က မဟာ မိတ် မဟုတ်ပါဘူးခဗျ။ ကျနော်တို့ ရပ်တည်ချက်ကတော့ စောစောက ကျနော်တို့ ပြောပြီးပါပြီ။ သဘောထားက ဒီလောက် ပါပဲ။ ကျန်တာကတော့ ကျနော်တို့ မသိဘူး။ မှတ်ချက်ပေးစရာလည်း မရှိပါဘူး။ သူက ဘာအကြောင်းနဲ့ ဘယ်လိုကိစ္စနဲ့ ဆောင်ရွက်တယ်ဆိုတာလည်း ကျနော်တို့က မသိပါဘူး။
ဦးရွှေမျိုးသန့် (အထွေထွေအတွင်းရေးမှူး)
ကရင်နီ အမျိုးသား တိုးတတ်ရေးပါတီ(KNPP)
လက်နက်ကိုင်တော်လှန်ရေးဆိုတာ ကျနော်တို့ အမြင်ကတော့ ကိုယ့်ရဲ့ အမျိုးသားရေး အပေါ်မှာ နိုင်ငံရေးအရ ပြုပြင် ပြောင်းလဲဖို့ အမျိုးသားအခွင့်အရေးအတွက် ပွင့်ပွင့်လင်းလင်းပြောရင် တချို့က စားပွဲဝိုင်းမှာ ဆွေးနွေးချင်ပေမယ့် ဆွေးနွေးဖို့ မရတာ၊ ဒါမှမဟုတ် အရာမရောက်တဲ့ အခါမှာ တဆင့်ခုန်ကူး လိုက်ရတဲ့ တော်လှန်ရေးအဆင့်ပေါ့။
ဒါပေမယ့် ဘယ်လိုပဲ ဖြစ်ဖြစ် လက်နက်ကိုင်ထားတယ်ဆိုရင် အမျိုးသားရေးအတွက် နိုင်ငံရေးလှုပ်ရှားမှု လုပ်တယ်ဆိုရင် တဖက်မှာနိုင်ငံရေး အမြင်မတူလို့ ခေါ်ယူညှိနှိုင်းတယ်ဆိုတာမျိုးတော့ လုပ်လို့ရတာပေါ့။ ဟိုနေ့က လူမြင်ကွင်းမှာ ရိုက်နှက် ဖမ်းဆီးသွားတယ်ဆိုတာ ကျနော်တို့ကတော့ မမြင်လိုက်ရဘူး။ တကယ်လို့ ဖြစ်ခဲ့တာဆိုရင် ဒါက မသင့်တော်ပါဘူး။ သူတို့ လည်း နိုင်ငံရေးပါတီတခုကို ကိုယ်စားပြုပြီးတော့ သွားလာနေတဲ့ ပုဂ္ဂိုလ်ဆိုတော့ လိုအပ်ရင် နိုင်ငံရေးအရ အပြန်အလှန် ပြောဆိုဆွေးနွေး လုပ်ရမှာပေါ့။ လုပ်လို့ ရနိုင်ပါတယ်။
ကျနော်တို့ အမြင်ကတော့ ရခိုင်က သူတို့အနေနဲ့ နိုင်ငံရေး လိုအပ်ချက်အတွက် ရွေးကောက်ပွဲကနေ တစုံတရာ အဖြေ ထုတ်လို့ ရနိုင်တယ်လို့မြင်ပါတယ်။ တဖက်မှာ မိမိရဲ့ လိုအပ်ချက်အရ နယ်မြေအခြေအနေအရ လက်နက်ကိုင်ရဲ့ လမ်းစဉ် က ရှိပေမယ့် ကျနော်တို့ တိုင်းရင်းသားတွေက ပြည်နယ်အနှံ့ အနိုင်ရရင်လည်း နိုင်ငံရေးမှာ တစုံတရာ အရေးဆိုမှုက အခွင့်အရေး တစုံတရာ ရှိနိုင်တဲ့ အတွက်ကြောင့် ကျနော့်အနေနဲ့ကတော့ ရွေးကောက်ပွဲကာလကတော့ လက်နက်ကိုင် ပဋိပက္ခကို နည်းနည်းလျော့ချပြီးတော့မှ နှစ်ဖက်လုံးက လျော့ပြီးတော့မှ ရခိုင်မှာ ရွေးကောက်ပွဲ ဖြစ်မြောက်တာကို မြင်ချင်ပါတယ်။
ပြည်ထောင်စုကိစ္စတွေကို အကောင်အထည်ဖော်တဲ့အခါမှာ ရခိုင်အပါအဝင် တခြားတိုင်းရင်းသားတွေ တစုံတရာ နေရာ ရလာရင် ကျနော်တို့ တွေးနေတဲ့ အမျိုုးသား ပြန်လည်ရင်ကြားစေ့ရေးကို လက်တွေ့ပိုကျမယ့် ညွှန့်ပေါင်း အစိုးရလိုမျိုး လွှတ်တော်မှာ တိုင်းရင်းသားတွေ ပိုရောက်လာရင် ပြောချင်တာက ပြည်မပါတီကို စာရင်းထဲ ထည့်မတွက်ပါဘူး။
ပြည်မပါတီက သူတို့ ပြည်မ မူဝါဒအတိုင်း ရပ်တည်တာ တိုင်းရင်းသားပါတီထဲက တိုင်းရင်းသားတွေ ပြည်ထောင်စု လွှတ် တော်ထဲ ရောက်သွားခြင်းက အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးကို ပိုပြီး လက်တွေ့ကျကျ အကောင် အ ထည် ဖော်ဖို့ ဖြစ်နိုင်တယ်။ ကျနော့်အနေနဲ့ကတော့ ရွေးကောက်ပွဲကာလ အတွင်းလေးကတော့ ရခိုင်မှာ ရွေးကောက်ပွဲ အဆင်ပြေပြေလုပ်ခွင့်ရသွားရင်တော့ ကျနော်တို့ မျှော်မှန်းတဲ့ လမ်းကြောင်း ပေါ်လာမလားလို့ ဒီလိုပဲ တွေးပါတယ်။
ဦးရဲထွန်း (လွှတ်တော်ကိုယ်စားလှယ်ဟောင်း)
နိုင်ငံရေး လေ့လာသုံးသပ်သူ
AA ကတော့ တော်တော်ထူးခြားတာပဲဗျ။ ကျနော်တို့ ရှမ်းပြည်မြောက်ပိုင်းတို့ ဒီဘက်တွေမှာ ဒီလိုလက်နက်ကိုင် NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေရော မထိုးရသေးတဲ့ အဖွဲ့တွေရော ရှိတယ်။ ရှမ်းပြည်မြောက်ပိုင်း အရှေ့ပိုင်း တောင်ပိုင်းပဲ ဖြစ်ဖြစ် ကချင်ပြည်နယ်တို့ ဘာတို့ဖြစ်ဖြစ် နောက်တပြည်လုံး ဆိုကြပါစို့၊ ဘယ်လက်နက်ကိုင် အဖွဲ့အစည်းကမှ အဲဒီလို သူတို့နဲ့ အမြင်မတူတဲ့ နိုင်ငံရေးပါတီပဲဖြစ်စေ နိုင်ငံရေး သဘောထား မတိုက်ဆိုင်တဲ့ အရပ်ဘက် အဖွဲ့အစည်းတွေကိုပဲ ဖြစ်စေ ဘာမှအန္တရာယ်မပေးကြဘူးဗျ။
AA ကတော့ ဒီလိုလုပ်ရပ်တွေကြောင့်လည်း အစိုးရက အကြမ်းဖက်အဖွဲ့အစည်းလို့ သတ်မှတ်တာပေါ့။ အဲဒီတော့ ထိုက် တန်တယ်လို့ ပြောရမှာပေါ့။ အစိုးရကပါ အကြမ်းဖက် အဖွဲ့အစည်းလို့ သတ်မှတ်လိုက်တဲ့အခါကျတော့ လွန်များ လွန်သွား သလားပေါ့နော်။ အဲလိုသတ်မှတ်တာ မှန်ရဲ့လားပေါ့။ သံသယဖြစ်နေတဲ့ ဥစ္စာတွေက မလွန်ဘူးဆိုတဲ့ ကောက်ချက်တခု တော့ ရလာတာပေါ့လေ။
အမှန်ကတော့ သူတို့ရည်မှန်းချက်အတိုင်း အဲဒီနေရာမှာ ခြေကုတ်ယူနိုင်ဖို့နဲ့ အစိုးရနဲ့ တပ်မတော်ရဲ့ အသိအမှတ်ပြုတာ ကိုခံရဖို့ဆိုရင် သူတို့စစ်ရေး ရည်မှန်းချက် သက်သက်အတွက်ပဲ လက်နက်ကိုင်တပ်ဖွဲ့ အချင်းချင်း တိုက်တာခိုက်တာ အဲဒါပဲ လုပ်သင့်တယ်။ လက်နက် မကိုင်ထားတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ နိုင်ငံရေးအဖွဲ့အစည်းတွေ လူမှုရေး အဖွဲ့ အစည်းတွေ လူပုဂ္ဂိုလ်တွေကိုသူတို့က အန္တရာယ်မပြုသင့်ဘူး။
အထူးသဖြင့်တော့ ဒီလိုရွေးကောက်ပွဲကာလမှာ ဒီဘက်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကတော့ တိတိ ကျကျ ကြားနေမယ်ဆိုတာမျိုး ကြေညာတာပေါ့နော်။ တိတိကျကျ ကြားနေမယ်ဆိုတော့ အဓိပ္ပါယ်က သူတို့ လွှမ်းမိုး ထားတဲ့ ဒေသတွေတောင်မှ လာပြီးတော့ မဲဆွယ်စည်းရုံးတာ ဟောပြောတာလုပ်လို့ ရတယ်။
ကျနော်တို့လည်း ၂၀၁၅ တုန်းက လွပ်လွပ်လပ်လပ် ရဲရဲတင်းတင်း ဟောပြောတာပဲလေ။ အဲဒီလိုဆိုတော့ ဘာပဲဖြစ်ဖြစ် ဒါ က အပြုသဘောလည်း ဆောင်တာပေါ့နော်။ နောက်တခုက အခု ငြိမ်းချမ်းရေးဖြစ်စဉ်ကို သွားနေတဲ့အခါမှလည်း ဖြစ် လည်း ဖြစ်သင့်တာပေါ့။ ဒါကြောင့်မိုလို့ ဒီအဖွဲ့အစည်းတွေကိုလည်း အစိုးရနဲ့တပ်မတော်က အကြမ်းဖက် အဖွဲ့အစည်း အဖြစ် မသတ်မှတ်တာပေါ့လေ။
ဒေါက်တာအောင်မျိုး (တသီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း)
နိုင်ငံရေးလေ့လာသုံးသပ်သူ
ပထမဆုံးအချက်ကတော့ NLD ပဲဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ် ဘယ်လွှတ်တော်အမတ်ကိုမှ ဒီလိုမျိုး လုပ်သွားတယ် ဆိုတာ တော့ မကောင်းဘူး။ ဒါကတော့ ရှင်းပါတယ်။ အကြမ်းဖက်မှုတွေ အားလုံးကို ကျနော်တို့ ဆန့်ကျင်တယ်။
နောက်တခု စဉ်းစားဖို့ကောင်းတာက အခု အဖမ်းခံသွားရတဲ့ NLD အမတ်တွေအနေနဲ့ကလည်း ကိုယ့်လုံခြုံရေးကို ကိုယ် သတိပြုသင့်တယ်။ နောက်တခုက NLD ပါတီကြီးအနေနဲ့ကလည်း ဒီအချက်နဲ့ပတ်သက်ပြီး နည်းနည်း စဉ်းစားစေချင် တယ်။ သူတို့က စစ်တပ်နဲ့ EAOs လက်နက်ကိုင်တွေရဲ့ ကြားထဲမှာ ကြားနေပုံစံမျိုး ရပ်တည်ချက်ကြီးဟာ သိပ်ကို မှားပြီးတော့ ရပ်တည်ချက်အရ သူတို့ကို သူပုန်တွေက ခွင့်လွှတ်လိမ့်မယ်၊ နားလည်လိမ့်မယ်လို့ ယူဆနေပုံရတယ်။
ဒီအချက်ဟာ နိုင်ငံကို အုပ်ချုပ်နေတဲ့ ပါတီတခု အဖွဲ့အစည်းတခုအနေနဲ့ အင်မတန်မှကို မှားယွင်းပြီးတော့ အင်မတန်မှကို ဆိုးရွားတဲ့ Misconcept ပေါ့။ အဲဒီတော့ စစ်တပ်ဟာ အချုပ်အခြာအာဏာကို ကိုယ်စားပြုတယ်။ စစ်တပ်က ဘာပဲပြော ပြော အချုပ်အခြာအာဏာအောက်မှာ နေရတယ်။ စစ်တပ်က သူ့မှားလို့ရှိရင် အချုပ်အခြာအာဏာ ၃ ရပ်စလုံးက သူ့ကို ဝေဖန်နိုင်တယ်။ ပြစ်တင်နိုင်တယ်။ အရေးယူနိုင်တယ်။ ရှုံ့ချနိုင်တယ်ပေါ့နော်။
EAOs ဆိုတာက အချုပ်အခြာအာဏာကို လက်မခံလို့ တွန်းလှန်နေတဲ့သူတွေ ဆိုတာကို နိုင်ငံရေးပါတီတွေအားလုံးက ဒီကိစ္စကို သိသင့်တယ်။ ဒါကြောင့်မို့ သူတို့ကို ငါ့ကိုတော့ မလုပ်ပါဘူးဆိုတော့ သဘောမျိုး ထားလိုက်တာက သိပ်ပြီး မှားတယ်။ အစကတည်းက လုံခြုံရေးအရ စိတ်မချရဘူးဆိုလို့ရှိရင် သွားဖို့လာဖို့နေရာမှာ လုံခြုံရေးကိစ္စစီစဉ်ဖို့၊ ရဲတို့ ဘာတို့ကအစပေါ့နော်။ အထူးသဖြင့် အာဏာရပါတီဖြစ်တဲ့အတွက် ရဲတို့ အစောင့်တို့ ဘာတို့ လိုအပ်တယ်ပေါ့နော်။
အဖြူရောင်ဒေသကတော့ မလိုဘူးပေါ့ဗျာ။ နည်းနည်းညိုနေပြီဆိုရင်တော့ လုံခြုံရေးကို ဂရုစိုက်သင့်တယ်။ အခုလို စိတ်မချရတဲ့နေရာမျိုးမှာ မဲရုံတောင် မထောင်သင့်ဘူး။ မထောင်သင့်တဲ့အတွက် မဲဆွယ်စည်းရုံးစရာလည်း မလိုဘူး။ ဒီနေရာမှာတော့ လက်ရှိ အာဏာရပါတီကြီးအနေနဲ့ သူ့ရဲ့ မှားယွင်းနေတဲ့ EAOs နဲ့ ပတ်သက်တဲ့ သူ့ရဲ့ အယူအဆကို ပြောင်းရတော့မယ်။
နိုင်ငံရေးပါတီတွေအားလုံးကလည်း သူပုန်ဆိုတာ အချုပ်အခြာအာဏာကို ဆန့်ကျင်နေတဲ့သူဆိုတာကို သိပြီးတော့ ယုံစားလို့မရဘူးဆိုတာကို အခုဖြစ်စဉ်က သက်သေပြနေတယ်လို့ ထင်ပါတယ်။
ကိုယ့်တသီးပုဂ္ဂလပဲ ဖမ်းဖမ်း၊ NLD ပဲ ဖမ်းဖမ်း၊ ကြံ့ခိုင်ရေးပဲ ဖမ်းဖမ်း၊ ရခိုင်ပါတီပဲ ဖမ်းဖမ်း၊ ကချင်ပဲ ဖမ်းဖမ်း။ ပါတီ ဦး တည်ချက်ခြင်း မတူတူ၊ နိုင်ငံရေး ရပ်တည်ချက်ခြင်း တူတူ မတူတူပေါ့နော်။ ကျနော်တို့သွားနေတဲ့ လမ်းကြောင်းက ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ အတူတူ လျှောက်လှမ်းနေတာဖြစ်တဲ့အတွက် ဒီကိစ္စနဲ့ပတ်သက်လို့ အင်မတန်မှကို အစကတည်းက ဒီလူတွေကို လက်မခံတဲ့သူဆိုတော့ ဆိုးဆိုးဝါးဝါး ပြင်ပြင်းထန်ထန်ကြီးကို ရှုံ့ချရမယ်။
နောက်ပြီး တပ်မတော်အနေနဲ့လည်း ဘာပဲပြောပြော စစ်တပ်ကလည်း လုပ်မှာပါပဲ။ ဒီလူတွေ ကယ်ဆယ်ရေးဘာညာ ဒါက တော့ လုပ်မှာပါပဲ။ အဲဒါနဲ့ပတ်သက်ပြီးတော့ လူထုအနေနဲ့လည်း ကျယ်ကျယ်ပြန့်ပြန့် သဘောပေါက်စေချင်ပါတယ်။ ဒါမျိုးလုပ်ရပ်တွေကို အားမပေးဖို့၊ အခုဟာက သူတို့အားပေးလို့ ဒီလိုဖြစ်တာလေ။
လူထုက မသိချင်ဟန်ဆောင်နေလို့၊ လူထု သတင်းမရလို့ ဖြစ်တာ၊ နောက်တခုက ရခိုင်မှာ NLD ပါတီကို မုန်းတဲ့သူတွေ ရှိ လိမ့်မယ်။ ရှိလည်း ရှိပါတယ်။ အဲလိုလူမျိုးတွေကလည်း သူ့ဘာသာ မုန်းမုန်း မမုန်းမုန်း ဒီလူတွေအားလုံး (အဖမ်းခံရသူ လွှတ်တော်ကိုယ်စားလှယ်များ) ဟာ ဒီမိုကရေစီရဲ့ ကိုယ်စားလှယ်တွေဆိုတာကို ပြည်သူလူထု အားလုံးလည်း သဘောပေါက်သင့်တယ်လို့ ပြောချင်ပါတယ်။
You may also like these stories:
တပ်မိသားစုဝင်များ ပါတီနိုင်ငံရေး မလုပ်ရန် ထုတ်ပြန်ထားဟု တပ်မတော်ပြော
အာဏာရ NLD ပါတီ၏ မဲဆွယ်မှု ကိုဗစ် စည်းကမ်းချက်များနှင့် မညီဟု ကြံ့ခိုင်ရေး ဥက္ကဌ ပြော
ပလက်ဝရှိ AA လှုပ်ရှားရာ နယ်မြေများ၌ ရွေးကောက်ပွဲ ကျင်းပရန် မသေချာ