နေပြည်တော် ပြည်ထောင်စု နယ်မြေတွင် အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်(NLD) ပါတီက ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၈ နေရာနှင့် အမျိုးသား လွှတ်တော် မဲဆန္ဒနယ် ၂ နေရာတို့တွင် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲကလည်း ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်ကလွဲ၍ ကျန်သည့် မဲဆန္ဒနယ် ၉ နေရာစလုံးတွင် NLD ပါတီက အနိုင်ရရှိခဲ့သည်။ ထိုစဉ်က မဲဆန္ဒနယ် ၁၀ ခု စလုံးတွင် ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ပြီး ပုဗ္ဗသိရီ မြို့နယ် ပြည်သူလွှတ်တော်နေရာတွင် ကဗျာဆရာ ဦးရည်မွန်(ခ)မောင်တင်သစ်က ကာကွယ်ရေးဝန်ကြီးဟောင်း၊ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးဝေလွင်ကို မဲအနည်းငယ်ဖြင့် ကပ်၍ အနိုင်ရရှိခဲ့သည်။
ယခု ၂၀၂၀ ရွေးကောက်ပွဲတွင်လည်း ယင်း ပုဗ္ဗသီရိမြို့နယ် မဲဆန္ဒနယ်မှာ ရွေးကောက်ပွဲ အပြိုင်အဆိုင် မဲဆွယ်မှုများဖြင့် အကြိတ်အနယ် ရှိလှသဖြင့် NLD မှ ဦးရည်မွန်(ခ)မောင်တင်သစ်နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီမှ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးဝေလွင်တို့ တွေ့ ဆုံမေးမြန်းနိုင်ရန် ကြိုးစားခဲ့ရာ NLD ဘက်က တွေ့ ဆုံမေးမြန်းခွင့်ပြုခဲ့သည်။
ထို့ကြောင့် ပုဗ္ဗသီရိမြို့ နယ် ပြည်သူ့လွှတ်တော်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် NLD ပါတီမှ လွှတ်တော် ကိုယ်စားလှယ် လောင်း ဦးရည်မွန်(ခ)မောင်တင်သစ်ကို ဧရာဝတီမှ သတင်းထောက် ထက်နိုင်ဇော်က သွားရောက် တွေ့ ဆုံ မေးမြန်း ထားပါသည်။
မေး ။ ။ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရပြီးတော့ ကိုယ်ရွေးချယ်ခဲ့တဲ့ ဒေသအတွက်၊ နိုင်ငံအတွက် လွှတ်တော် အတွင်းအပြင်မှာ ဘယ်လိုဆောင်ရွက်ခဲ့လဲဆိုတာ ပထမဆုံး သိချင်ပါတယ်။
ဖြေ ။ ။ လွှတ်တော်တွင်းမှာတော့ ကျနော်တို့ လွှတ်တော်ကပေးအပ်တဲ့တာဝန်တွေလည်း ရှိတာပေါ့နော်။ ပုံမှန်ဆိုရင် တော့ ကျနော်က သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကော်မတီဝင်ပေါ့။ ဒီကော်မတီအနေနဲ့ လုပ်ခဲ့ရတာ တွေလည်း ရှိတယ်ပေါ့။ ကျနော်က ၂၁ ရာစု ပင်လုံညီလာခံမှာလည်း လုံခြုံရေးကဏ္ဍလုပ်ငန်း ကော်မတီဝင် ဒီတာဝန် လည်း ထမ်းဆောင်ရတာရှိမယ်။ နောက် ၄၅ ဦး ကော်မတီလို့ လူသိများတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပူးပေါင်း ကော်မ တီပေါ့၊ ဒီကော်မတီမှလည်း အဖွဲ့ဝင်အနေနဲ့ တာဝန်ယူခဲ့ရတာတွေ ရှိတယ်ပေ့ါ။ ဒါတော့ လွှတ်တော်တွင်း ဆောင်ရွက်ချက် ပေါ့။
ကိုယ့်မဲဆန္ဒနယ်နဲ့ပတ်သက်ရင်လည်း ပြီးခဲ့တဲ့ ငါးနှစ်အတွင်းမှာ အဓိက ဦးစားပေးလုပ်ခဲ့ရတာတော့ အခြေခံ အဆောက် အဦပိုင်း လိုအပ်ချက်တွေ ဖြည့်ဆည်းနိုင်ဖို့ပေါ့။ ဒါကိုတော့ ကျနော်တို့ အဓိကထား လုပ်ရတယ်ပေါ့။ အဓိကကတော့ လမ်းပေါ့။ ကျနော်တို့ အဓိကရတဲ့ ဘတ်ဂျက်ရာခိုင်နှုန်း အများစုကို လမ်းတွေ တည်ဆောက်ရေးမှာ သုံးခဲ့ရတယ်။ ကွန် ကရက်လမ်းကို စာရင်းချုပ် ကြည့်တော့ ၅ နှစ်အတွင်း ၅၅ မိုင်ကျော် ခင်းနိုင်ခဲ့တယ်။ မြေသားလမ်းပေါ့။ ဒီမှာတော့ ရိဇာလမ်း ခေါ်တယ်။ ရိဇာလမ်းလည်း ၆၆ မိုင်ကျော်ဆိုတော့ လမ်းကြီးပဲ နှစ်ရပ်ပေါင်း မယ်ဆိုရင် မိုင် ၁၀၀ ကျော်ပေါ့။ ဒါတွေလုပ်ဆောင်ခဲ့တာရှိမယ်။
ထူးထူးခြားခြားအနေနဲ့ဆိုရင် ၂၀၁၉ -၂၀၂၀ မှာ ပုဗ္ဗသီရိ တမြို့နယ်လုံးပေါ့။ ရပ်ကွက် ကျေးရွာအားလုံး လျှပ်စစ်မီး ရောက် သွားပြီ။ တမြို့နယ်လုံး မီးလင်းတဲ့နှစ်လို့ ပြောလို့ရတယ်ပေါ့။ ဒါလည်း ကျနော်တို့အတွက်တော့ အမှတ်အသားတခုလို့ ပြောရမှာ။ နောက် သောက်ရေသုံးရေပေါ့။ ဒါကိုလည်း ဦးစားပေးအစီအစဉ်တခုအနေနဲ့ လုပ်တယ်။ ကျေးရွာတွေရော ရပ်ကွက်တွေရောပေါ့။ ကျေးရွာတချို့မှာ နွေရာသီရေရှားတဲ့ ရွာတွေရှိတယ်။ ရေရှားလို့ နွေရာသီဆိုရင် ရေသွားလှူရတဲ့ ရွာတွေပေါ့နော်။ ဒီရွာတွေ သောက်ရေ၊ သုံးရေ ဖူလုံရေး ဒါကိုလည်း အစီအစဉ် အမျိုးမျိုးနဲ့ ကျနော်တို့ လုပ်တယ်။
စက်ရေတွင်းတွေလည်း ပြီးခဲ့တဲ့ ၅ နှစ်အတွင်းမှာ တွင်းပေါင်း ၃၀ ကျော် တမြို့နယ်လုံးတူးခဲ့တာ တွေရှိတယ်ပေါ့။
မြို့ပေါ်ရပ်ကွက်ပေါ့။ ကျနော်တို့ အခုရောက်နေတဲ့ မင်္ဂလာဒီပ အပါအဝင် ရပ်ကွက်တွေအတွက်တော့ ကျနော်တို့ ဘာတခု လုပ်ခဲ့ရသလဲဆိုရင် ရေစစ်ကန်တခု ကျနော်တို့လုပ်ခဲ့ရတယ်။ အရင်က ဒီဘက်မှာ အပေါ်မှာ ဆည်တွေ ရှိတယ်လေ။ ဒီ ဆည်က သိုလှောင်ထားတဲ့ရေတွေကို တိုက်ရိုက်နေအိမ်တွေကို ဖြန်ဖြူးပေးနေရတဲ့ အခြေအနေပေါ့။ ဒါကို ကျနော်တို့က ရေကိုသန့်စင်ပြီးတော့မှ စစ်ပြီးတော့မှ ရေပေးနိုင်ဖို့အတွက် ရေစစ်ကန်တခုပေါ့။ ဒီလုပ်ငန်းအတွက်တင်ကို သိန်း ၆၀၀၀ ဝန်းကျင်လောက်သုံးပြီး လုပ်ခဲ့ရတာမျိုး ရှိတယ်။ ပြန်ပြီးတော့ချုပ်ကြည့်မယ်ဆိုရင် ပုဗ္ဗသီရိအနေနဲ့လည်း တနှစ်ထက် တနှစ်မြို့နယ်ဖွံ့ဖြိုးရေးလုပ်နိုင်အောင် နိုင်ငံတော် ဘဏ္ဍာကနေပြီးတော့ ပိုပြီး တနှစ်ထက် တနှစ်ရတယ်ပေါ့ဗျာ။
ကျနော် လွှတ်တော်ကိုယ်စားလှယ်စတာဝန်ယူတဲ့နှစ်ဆိုရင် နေပြည်တော်ကောင်စီဘတ်ဂျက်ပေါ့။ ကျနော်တို့က နေပြည် တော်ဆိုတော့ နေပြည်တော်ဘတ်ဂျက်ကနေ အဓိကဖွံ့ ဖြိုးရေး လုပ်ရတာကိုး။ အဲဒီတော့ကောင်စီဘတ်ဂျက်ကဆိုရင် ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ် စဖြစ်တဲ့နှစ်မှာ သန်း ၂၇၀ ကျော်ပဲ ကျနော်တို့ ရခဲ့တယ်။ ၁၆ – ၁၇ (၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်)မှာ။ ဒုတိယနှစ်ကျတော့ နည်းနည်းတောင် လျော့သွားတယ်။ သန်း ၂၂၀ ကျော်၊ တတိယမြောက်နှစ်ကနေ စပြီး ကျနော်တို့ နဂိုရတဲ့ ဘတ်ဂျက်ရဲ့ ၁၀ ဆကျော်ပေါ့။ တတိယနှစ်မှာ သန်း ၂၆၀၀ ကျော်ရတယ်။ စတုတ္ထနှစ်ကျတော့ ပိုပြီးတော့တောင် အဆပေါင်းများစွာပေါ့။ သန်း ၇၀၀၀ ကျော်ရခဲ့တယ်။ အခုပဉ္စမနှစ်မှာ သန်း ၆၀၀၀ကျော် ကျနော်တို့ ရပြီးသားပေါ့။
အဲအရင်က တနှစ်မှာ သန်း ၂၀၀ ကျော်ကနေပြီး သန်း ၆၀၀၀ ကျော် ၇၀၀၀ ကျော်ရတယ်ဆိုတဲ့ အခြေအနေပေါ့နော်။ ကျ နော်တို့ နှိုင်းယှဉ်ကြည့်လို့ ရတယ်။ ကိုယ့်မြို့နယ်လိုအပ်တဲ့ အခြေခံအဆောက်အဦပိုင်း ပိုပြီးတော့ ဖြည့်ဆည်းနိုင်ခဲ့တဲ့ သဘောရှိပါတယ်။
မေး ။ ။ အခု ဒီတခေါက် ရွေးကောက်ပွဲမှာ ပြိုင်ဘက်လို့ ပြောရင် အဓိက ပြိုင်ဘက်က ဘယ်သူဖြစ်လာမလဲ။ ၂၀၁၅ တုန်းဆိုရင် ကြံ့ခိုင်ရေးပါတီက ဗိုလ်ချုပ်ကြီးတယောက်ကို မဲအနည်းငယ်ပဲ ကပ်ပြီး နိုင်ခဲ့တာ။ အခုတခေါက်မှာရော လွယ်ပါ့မလား။ ဘယ်လောက် ပြိုင်ဆိုင်မှုတွေ ပြင်းထန်မလဲ။
ဖြေ ။ ။ ပြင်းထန်တယ်ဆိုတဲ့ အခြေအနေက ၂၀၁၅ တုန်းကဆိုရင်တော့ မှန်ပါတယ်။ အခု ၂၀၂၀ အခြေအနေကတော့ ၂၀၁၅ လို ပြင်းထန်မှုမျိုးတော့ မရှိတော့ဘူးလို့ ကျနော် အဲဒီလိုတော့ မှန်းပါတယ်။ ဘာကြောင့်လည်း ဒီ ၅ နှစ်အတွင်းမှာ ပြည်သူတွေရဲ့ အမြင်တွေလည်း အများကြီး ပြောင်းလာတယ်။ အထူးသဖြင့် အမေ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီ အပေါ်မှာ ပြည်သူတို့ရဲ့ အသိအမှတ်ပြုမှုပေါ့။ ဒါက သိသိသာသာ တိုးတက်လာပြီဆိုတော့ ၁၅ တုန်းကလို ပြိုင်ဆိုင်မှု ပြင်းထန်မယ့် သဘောတော့ မရှိတော့ဘူးလို့ ကျနော် မြင်ပါတယ်။
မေး ။ ။ တပ်မဲတွေ၊ ကြိုတင်မဲတွေနဲ့ ပတ်သက်ပြီးတော့ရော စိတ်ပူရတာမျိုး ရှိလား။
ဖြေ ။ ။ ဒါတွေကတော့ သတိထားရမယ့်ကိစ္စတွေထဲမှာတော့ ပါတာပေါ့။ နောက်ဆုံး အခြေအနေအရဆိုရင် အခု အ သက် ၆၀ ကျော်တွေ အခု အောက်တိုဘာ ၂၉ ရက်နေ့ကနေစပြီး ကြိုတင်မဲပေးရမယ့် အခြေအနေပေါ့။ ဒီနှစ်က ကြိုတင် မဲပေးမယ့်ရက်က အောက်တိုဘာ ၂၉ ရက်နေ့ကနေပြီးတော့ နိုဝင်ဘာ ၅ ရက်နေ့အထိ ၈ ရက် ကြာမယ့် ကြိုတင်မဲပေးတဲ့ ရက်ပေါ့။ ကျနော်တို့ပါတီ ကျနော်တို့ရဲဘော်တွေအနေနဲ့ကတော့ ပိုပြီးတော့ လုံ့လစိုက်ရမယ့် သဘောတော့ ဖြစ်လာတာ ပေါ့။
ဒီကြိုတင်မဲပေးတဲ့ အချိန်တွေမှာလည်း ကိုယ်က ဒီအပေါ်မှာအာရုံစိုက်ထားဖို့ ဒီအပေါ်မှာအချိန်ပေးနိုင်ဖို့ ဒါတွေ အခုက တည်းက ကျနော်တို့ ပြင်ဆင်နေရပြီပေါ့။ ဒါကတော့ကျနော်တို့ တကယ်လည်း တရားမျှတဲ့ လွပ်လပ်တဲ့ ရွေးကောက်ပွဲ တခု ဖြစ်ဖို့ပေါ့။ ကျနော်တို့ဘက်ကတော့ အပြည့်အ၀ ပူးပေါင်းဆောင်ရွက်သွားမှာပါပဲ။
မေး ။ ။ ပုဗ္ဗသိရီမြို့နယ်က မဲဆန္ဒနယ်ရှင်တွေက ဦးရည်မွန်ကို ဘာကြောင့် မဲပေးသင့်တာလဲ။
ဖြေ ။ ။ ဘာကြောင့် ပေးသင့်သလဲဆိုတော့ ကျနော်ကိုယ်တိုင်ကလည်း ဒီနယ်သားတဦးပဲဗျာ။ ဒီနယ်သားတဦးဖြစ် တယ်။ ကျနော်လည်း ပြောပါတယ်။ ကျနော် လုပ်ပိုင်ခွင့် တာဝန်ယူခွင့်ရတဲ့ အခြေအနေမှာ ကိုယ့်မြို့နယ်ကိုယ့်နယ် ဖွံ့ ဖြိုး တိုးတက်ရေး စွမ်းနိုင်သမျှ လက်ကုန် ကျနော်တို့ လုပ်မှာပဲ။ ဒါဟာ ကျနော်က မဲရဖို့ မဲဆွယ်တဲ့ သဘောကို မဟုတ်ဘူး။ ကျနော် လုပ်ရမယ့် အလုပ်အနေနဲ့ ကျနော် အကောင်းဆုံး လုပ်မယ်။ ဒါကတချက်ပေါ့။ ဒါက ကိုယ့်မြို့နယ် ကိုယ်မြို့နယ် သား ကိုယ်စားလှယ်လောင်းတဦး ဖြစ်နေတဲ့အချက်။
အဲဒီထက် အရေးကြီးတာကတော့ ကျနော်တို့ တနိုင်ငံလုံးအတိုင်းအတာကနေဆိုလည်း သိတယ်လေ။ NLD ရဲ့ ရွေး ကောက်ပွဲ ကြွေးကြော်သံဆိုရင်လည်း အောင်လံခိုင်ဖို့ မဲပေးစို့ပေါ့ဗျာ။ ဒါကျနော်တို့ခေတ် ကျနော်တို့ယူရမယ့် တာဝန်ပဲ။ ဒီအောင်လံ၊ ဒီမိုကရေစီအောင်လံ၊ ပြည်သူ့အောင်လံ ပိုပြီးတော့ခိုင်ဖို့မြဲဖို့။ ဟုတ်တယ်မလား။ ကျနော်တို့ မြို့တိုင်း နယ်တိုင်း မှာ ဒီအောင်လံကို လက်ဆင့်ကမ်းပေးသွားမယ့် ကိုယ်စားလှယ်လောင်းတွေ ဆက်ပြီးတော့ ပြည်သူတွေအနေနဲ့ တာဝန်ပေး အပ်ဖို့ လိုလိမ့်မယ်။ အရေးကြီးတာတော့ တနိုင်ငံလုံးရဲ့ ဒီမိုကရေစီ အပြောင်းအလဲအတွက်ကို ဒါဟာ ၂၀၂၀ မှာ NLD ကိုယ် စားလှယ်လောင်းတွေကို ပြည်သူတွေအနေနဲ့ မဲပေးသင့်တဲ့ အခြေအနေပါ။ ကျနော်တော့ ဒီလိုပဲ ပြောချင်ပါတယ်။
မေး ။ ။ အခုရွေးကောက်ပွဲက ပုံမှန် အခြေအနေ မဟုတ်ဘဲနဲ့ ကိုဗစ်ကာလမှာ ကျင်းပရတဲ့ ရွေးကောက်ပွဲတခု ဖြစ်တယ်။ ဒီလို ကာလမှာ မဲဆွယ်စည်းရုံးရတဲ့ အခါ ကိုယ်စားလှယ်လောင်းတယောက်အနေနဲ့ ဘယ်လို အခက်အခဲတွေ ရှိလဲ။
ဖြေ ။ ။ အဓိကကတော့ ကျနော်တို့ တော်တော်ချုပ်တည်းပြီး လုပ်ရတဲ့သဘောပေါ့။ အဓိကတော့ ကိုယ့်မဲဆန္ဒရှင် ပြည် သူတွေပေါ့ဗျာ။ ကျနော်တို့ဆိုရင် တော်တော်ကို မေတ္တာရပ်ခံထားရတာ။ တကြိမ်နဲ့မရ၊ နှစ်ကြိမ်နဲ့မရ၊ အကြိမ်ကြိမ် မေတ္တာရပ်ခံထားရတယ်ပေါ့။ ဒီနေ့ဆိုရင် မဲဆွယ်စည်းရုံးတဲ့ အစီအစဉ် ခင်ဗျားတို့တွေ့လိမ့်မယ်။ လူ ၂၀ ဝန်းကျင်ပဲ မြို့နယ်ကလာတယ်။ အဓိက ကျနော်တို့ မဲပေးပုံမဲပေးနည်း ရှင်းပြမယ်။ ကိုယ်စားလှယ်လောင်းက သူ့ရဲ့မဲဆန္ဒရှင်တွေနဲ့ တွေ့ဆုံ စကားပြောမယ်။ ကျနော်တို့ နည်းနည်းနဲ့ ကျဲကျဲဝိုင်းတဲ့နှစ်ပဲ။
အဲဒီမှာကျနော်တို့ တချို့ ပါတီဝင်တွေက ကျနော်တို့ အားလုံးလည်းသိတယ်လေ။ ဒီနှစ်က ပါတီက တော်တော်၊ ပြည်သူက ကဲကဲလို့ကို ပြောတဲ့နှစ်ကိုး။ ဟုတ်တယ်မလား။ ပြည် သူတွေကကို ရှေ့ကနေထွက်ပြီးတော့မှ စည်းရုံးပေးနေတာ။ စည်းရုံး ပေးချင်တာ။ ဒါကိုကျနော်တို့က ကိုဗစ်ကာလ ဖြစ်နေ တော့ ဒီဆန္ဒလေးကိုတော့ အတတ်နိုင်ဆုံး ချုပ်တည်းထားပေးပါ။ ကျနော်တို့ မေတ္တာရပ်ခံနေရတဲ့ သဘောပေါ့။ ဒီဟာပဲ ကျနော်တို့ ရှိပါတယ်။
မေး ။ ။ ၂၀၁၅ မှာလည်း ရွေးကောက်ပွဲနိုင်တော့ ပေးခဲ့တဲ့ ကတိကဝတ်တွေ ရှိခဲ့မှာပေါ့။ အခု ၂၀၂၀ မှာရော ပြည်သူ လူထုကို ဘယ်လို ကတိကဝတ်တွေ ပေးမှာလဲ။
ဖြေ ။ ။ ကတိကဝတ် ဆိုတာထက်ပေါ့။ ပြီးခဲ့တဲ့ ၅ နှစ်မှာလည်း အစီအစဉ်တချို့ ၊ အိုင်ဒီယာတချို့ ရှိတယ်ပေါ့။ ကိုယ့် မြို့နယ် အပါအဝင် နေပြည်တော် ဖွံ့ ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်တဲ့ အစီအစဉ်တွေ ရှိတယ်။ သို့သော် လက်တွေ့ အ ကောင်အထည် မဖော်နိုင်တာတွေလည်း အမြောက်အများ ကျန်နေသေးတယ်။ ဒါတွေဟာ ၂၀၂၀ အလွန် မျှော်မှန်းချက် ဖြစ်တာပေါ့နော်။ အဓိကျနော်တို့ဘာလုပ်ရမလဲဆိုရင် ဒေသခံပြည်သူတွေအတွက် အလုပ်အကိုင်တွေဖန်တီးပေးနိုင်ဖို့ပေါ့။
ဒါတော့ လာမယ့် ၅ နှစ်မှာ အဓိကအလုပ်တခု ဖြစ်လိမ့်မယ်လို့ ထင်တယ်ပေါ့နော်။ အဲဒီမှာတော့ ကဏ္ဍတိုင်းပေါ့ စိုက်ပျိုး ရေး ကဏ္ဍလည်း ပိုကောင်းအောင်လုပ်ရမှာတွေ ရှိမယ်။ မွေးမြူရေးကဏ္ဍမှာလည်း အားပေးရမှာတွေ ရှိမယ်။ ပြီးရင် SME လိုလုပ်ငန်းမျိုးတွေပေါ့။ ဒါတွေလည်း ထွန်းကားလာအောင် မြှင့်တင်ပေးရမှာတွေရှိလိမ့်မယ်။ အထူးသဖြင့်တော့ အားလုံး လည်း သိတဲ့အတိုင်းပဲ NLD အစိုးရကလည်း နေပြည်တော်ကို ပညာရေးမြို့တော်တခုဖြစ်ဖို့ ရည်ရွယ်တာကိုး။ ပညာရေး မြို့တော်တခုလက်တွေ့ ဖြစ်လာဖို့ အဲဒီအထဲမှာကျနော်တို့မြို့နယ်မှာလည်း ပြည်တွင်း၊ ပြည်ပ အစိုးရ ပုဂ္ဂလိက တက္ကသိုလ် တွေ ကောလိပ်တွေ ပေါ်လာဖို့ ဆက်ပြီးတော့ ကြိုးစားရမှာတွေတော့ ရှိလိမ့်မယ်။
မေး ။ ။ အခု ကိုဗစ်ကာလမှာ ကျင်းပရမယ့် ရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ ဘယ်လောက် မျှော်လင့်ထားလဲ။
ဖြေ ။ ။ ကျနော်တော့ မျှော်လင့်ပါတယ်။ ကျနော်တို့ ၉၉ ရာခိုင်နှုန်း လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လိမ့် မယ်လို့ မျှော်လင့်ပါတယ်။
မေး ။ ။ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာဆိုရင် ဝေဖန်ကြတာက ကိုယ်စားလှယ်လောင်းတွေရဲ့ အရည်အချင်းထက် ပါတီပုံရိပ်ပေါ့။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံရိပ်ကြောင့် နိုင်တယ်ဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိတာပေါ့။ အခုအခြေ အနေမှာရော ဘာပြောချင်လဲ။
ဖြေ ။ ။ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအရကို အကန့်အသတ်က ဘာလည်းဆိုတော့ ပြည်သူတွေအနေနဲ့ ကိုယ်စားလှယ် လောင်းကို ဦးစားပေးရွေးချယ်လို့ မရသေးတဲ့ အခြေအနေပဲဗျာ။ ယုတ်စွအဆုံး ကိုယ့်မြို့နယ် လာအရွေးခံတဲ့ ကိုယ်စား လှယ်လောင်း သိပ်မကြိုက်ဘူးဆိုရင်တောင်မှ ပါတီကိုပဲ ရွေးချယ်ရမယ်ဆိုတာကတော့ ဒါမလွှဲမရှောင်သာတဲ့ကိစ္စ။ ၂၀၀၈ ကပေးထားတဲ့ အခြေအနေပဲလေ။
သို့သော်ကျနော်တို့ပြောနိုင်တာကတော့ NLD ဟာ အစိုးရပါတီတခုဖြစ်ပြီ။ အာဏာရပါတီဖြစ်ပြီ အစိုးရတာဝန်ရော လွှတ် တော်တာဝန်ရော ထမ်းဆောင်ခဲ့ဖူးပြီးတော့ အတွေ့အကြုံရှိတဲ့သူတွေလည်း အမြောက်အများ ရှိနေပြီပေါ့။ အခု ၂၀၂၁ နောက်ပိုင်း ၅ နှစ် သက်တမ်းမှာကတော့ ပိုပြီးတော့ကောင်းအောင် ယခင်အတွေ့အကြုံများ အခြေခံပြီးတော့ NLD အနေနဲ့ အလုပ်လုပ်လိမ့်မယ်လို့တော့ ကျနော်တို့ မျှော်လင့်ပါတယ်။
မေး ။ ။ ၂၀၁၅ နောက်ပိုင်းမှာ ဘယ်လို အခင်းအကျင်းတွေ ပြောင်းလဲသွားလဲ။ ဥပမာ နေပြည်တော်မှာ ဆိုရင် ဗိုလ်ချုပ် ကြေးရုပ်ကြီးတွေ ပေါ်လာတယ်ပေါ့လေ။ ပြည်သူတွေရဲ့ လုံခြုံမှုပေါ့။ ဘာတွေ ပြောင်းလဲသွားလဲ။
ဖြေ ။ ။ အဓိကတော့ ကျနော်တို့လည်း အမေဒေါ်အောင်ဆန်းစုကြည်လည်း ပြောပါတယ်။ NLD ပြီးခဲ့တဲ့ ၅ နှစ် အတွင်း မှာ သိသိသာသာဆောင်ရွက်နိုင်ခဲ့တာကတော့ လူတွေရဲ့အကြောက်တရားကို လျှောချပေးနိုင်ခဲ့တဲ့ အခြေအနေပေါ့။ ဒါက ကျနော်တို့ အောက်ခြေမှာလည်း ကျနော်တို့ လက်တွေ့ တွေ့ နိုင်မြင်နိုင်တဲ့ကိစ္စပဲဗျာ။
ကျနော်လည်း မဲဆွယ်စည်းရုံးရေးတွေလုပ်ရင်းနဲ့ ပြည်သူတွေနဲ့ထိတွေ့တယ်။ မေးမြန်းကြည့်တယ်ပေါ့။ အဲတော့ ပြော မယ်ဆိုရင် ပြည်သူတွေဟာ ဘယ်သူ့မှ ကြောက်စရာ မလိုတော့ဘူး။ အစိုးရကလည်း ဥပဒေနဲ့အညီ တရား ဥပဒေ စိုးမိုးရေးကိုပဲ ဦးစားပေးပြီးတော့ လုပ်နေတာဖြစ်တဲ့အတွက် အစိုးရဌာနဆိုင်ရာ ဆိုတာကလည်း ဥပဒေနဲ့အညီပဲ လုပ်
ရတယ်ဆိုတာ ကျနော်တို့ပြည်သူတွေ သိလာပြီ။
ပြည်သူတွေကိုယ်တိုင်လည်း ဒီအခြေအနေကိုပိုပြီးတော့ နှစ်သက်လိုလားတယ်ဆိုတာ ပိုပြီးတော့ သိသာ ထင်ရှား လာ တာပေါ့။ ပြည်သူတွေ ကိုယ်တိုင်ကလည်း ဒီမိုကရေစီက အာဏာရှင်စနစ်ထက် မနှိုင်းမယှဉ်အပ်အောင်ကို ကောင်းမြတ် ဆီလျော်တယ် ဒီလိုမျိုး အသိအမြင်ရှိနေပြီ။ ဒါကတော့ ကျနော်တို့ ပြီးခဲ့တဲ့ ၅ နှစ်အတွင်းမှာ အထင်ရှားဆုံး၊ အသိသာဆုံး အပြောင်းအလဲတခုလို့ ပြောလို့ရတာပေါ့။
You may also like these stories:
တောင်ကုတ်ကိုယ်စားလှယ်လောင်းများ အဖမ်းခံရမှုအပေါ် အမြင်များ
ကျန်တဲ့ အာမခံ စနစ်တွေကို ဆက်လက် အကောင်အထည်ဖော်ဖို့ ရှိတယ်
လုပ်ကြံခံရနိုင်တဲ့ လမ်းပဲရှိတော့တယ်