လာမည့် နိုဝင်ဘာလ ၈ ရက်တွင်၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ ကျင်းပတော့မည် ဖြစ်သည်။ သို့သော်လည်း ‘ဝ’ ဒေသ ရှိ ၅ မြို့နယ်၊ ပလက်ဝနှင့် ရခိုင်ပြည်နယ်တို့တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခြေ မရှိသည့် မြို့နယ်အချို့ရှိနေကြောင်း ပြည် ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) ဘက်က ပြောဆိုထားသည်။
စစ်ရေး ပဋိပက္ခ ရှိနေသည့်အတွက် လုံခြုံရေး အခြေအနေအရ ရခိုင်၌ မကျင်းပနိုင်သည့် မဲဆန္ဒနယ်များကို ရွေးကောက်ပွဲ နီးလာချိန်တွင် ထုတ်ပြန် ကြေညာသွားမည်ဟု UEC မှ ပြောဆိုထားသော်လည်း ယခုအချိန်ထိ တရားဝင် ထုတ်ပြန်ခြင်း မရှိသေးသည့်အတွက် ကိုယ်စားလှယ်လောင်းများအနေဖြင့် မကျင်းပနိုင်သည့် မြို့နယ်များထဲတွင် မိမိ မဲဆန္ဒနယ် ပါဝင် ခဲ့ပါက လက်ရှိ မဲဆွယ်နေသည့် လုပ်ငန်းများမှာ အခက်အခဲ ဖြစ်စေနိုင်မည် ဖြစ်ကြောင်းသိရသည်။
ထို့ကြောင့် UEC အနေဖြင့် အမြန်ဆုံး ကြေညာပေးရန် လိုအပ်ကြောင်း နိုင်ငံရေးပါတီများနှင့် လွှတ်တော် ကိုယ်စားလှယ် လောင်းများက လိုလားနေကြသည်။
ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့(ခွဲ)မှ အတွင်းရေးမှူး ဦးသူရိန်ထွဋ် ကတော့ နယ်မြေလုံခြုံရေး အခြေအနေ များကို ကာကွယ်ရေး၊ ပြည်ထဲရေးအပြင် ပြည်ထောင်စု အစိုးရတို့ထံမှ အချက်အလက် ရယူကာ ရွေးကောက်ပွဲ လုပ်သင့်/ မသင့် ကို ရွေးကောက်ပွဲ ကော်မရှင်မှ ဆုံးဖြတ်ပြီး မကြာခင် ထုတ်ပြန်ကြေညာပေးသွားမည် ဖြစ်ကြောင်း ဧရာဝတီသို့ ပြော ဆိုထားသည်။
အဆိုပါ အကြောင်းအရာများနှင့် ပတ်သက်၍ ရခိုင်မြောက်ပိုင်း စစ်ရေးပဋိပက္ခများ ရှိနေသည့် ဒေသမှ ရွေးကောက်ပွဲ ဝင် ရောက် ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ အခက်အခဲ၊ စိန်ခေါ်မှုနှင့် ၎င်းတို့၏ လိုအပ်ချက်များကို ဧရာဝတီက မေးမြန်းထားသည်။
ဒေါ်ခင်စောဝေ
ရခိုင် အမျိုးသားပါတီ (ANP)
ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း၊ ရသေ့တောင်မြို့နယ်
ကျမတို့ လောလောဆယ်မှာ ကိုဗစ်နဲ့ ပတ်သက်လို့ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ချက်တွေကို လိုက်နာနေရတယ်။ နေအိမ်တွေကိုတောင် လက်ကမ်းစာစောင် မဝေရဘူး။ နောက်ပြီးတော့ ရသေ့တောင်မှာက ပိုးတွေ့လူနာတွေလည်း ရှိလာ နေတယ်။ ဒါကြောင့် မဲဆွယ်စည်းရုံးရေးကာလမှာ ဗီနိုင်းလောက်ပဲ ထောင်နိုင်တယ်။ ဒါတောင် တချို့နေရာတွေမှာ မထောင်ဘူး။ တိုက်ပွဲတွေက ပိုပြီး ပြင်းထန်မှုကြောင့် နယ်တွေတောင် သွားပြီး မစည်းရုံးနိုင်ဘူး။
ရခိုင် ၆ မြို့နယ် လောက်တော့ ရွေးကောက်ပွဲ မဖြစ်ဘူး ဆိုပြီးတော့လည်း သတင်းတွေ ကြားနေရတယ်။ ဒါကြောင့် အစိုးရ ဘက်က ကြေညာရင် ကျမတို့ မြို့နယ်ကတော့ မပါသလောက် ဖြစ်ဖို့ များနေတယ်။ မြို့ပေါ်မှာပဲ လုပ်ဖို့ဆိုရင်လည်း ရွေး ကော်ရဲ့ သဘောပေါ့။ ရွေးကောက်ပွဲကို ကျင်းပ ပေးမယ်ဆိုပြီးတော့ အခုက မဖြစ်တော့ဘူးဆိုရင် ကျမတို့မှာ အခု လုပ် ထားတာတွေက အချိန်၊ ငွေကုန်၊ လူပင်ပန်းတယ်။ အခက်အခဲတွေ အများကြီးနဲ့ လုပ်ထားရတာပေါ့။ ကျတို့ အခုက ရှေ့ တိုး ရမလား။ နောက်ဆုတ် ရမလား ဆိုတဲ့ အခက်အခဲတွေနဲ့ ဖြစ်နေတာ။
ဒါကြောင့် ရွေးကော်ကလည်း လုံခြုံရေးကို စောင့်ကြည့်နေတဲ့ သဘော။ ဒါကြောင့် ပြည်ထောင်စု ရွေးကော်အနေနဲ့ ရွေး ကောက်ပွဲ မလုပ်ဖြစ်မယ့် နေရာတွေကို အမြန်ဆုံး ထုတ်ပြန်ပေးစေချင်တယ်။ အခုဆိုရင် ရွေးကောက်ပွဲ ကျင်းပဖို့လည်း ရက်ပေါင်း၂၀ ကျော်လောက်ပဲ ရှိပြီလေ။ ဒါကြောင့် ဘယ်အချိန်မှာ ကြေညာမလဲ ကိုပဲ စောင့်နေရတာ။ ဒါကြောင့် အချိန် မဆွဲထားဘဲနဲ့ အမြန်ဆုံး ထုတ်ပြန်ပေးဖို့ တိုက်တွန်းချင်တယ်။
ဦးကျော်ဇောဦး
ဒု- ဥက္ကဋ္ဌ
ရခိုင့်ဦးဆောင်ပါတီ (AFP)
ရွေးကောက်ပွဲ ကျင်းပဖို့က ရက်ပေါင်း၂၀ ကျော်လောက်ပဲ လိုတော့ပြီလေ။ ဆိုတော့ အခုအချိန်မှာ ရွေးကောက်ပွဲ လုပ် ဖြစ်မယ်၊ မလုပ်ဖြစ်တဲ့ မြို့နယ်တွေကို ရှင်းရှင်းလင်း ပြောသင့်တဲ့ အချိန်ကာလကို ရောက်နေပြီလေ။ အဲဒီလို မပြောဘဲနဲ့ အနီးကပ် ရက်ပိုင်းကလေး ကပ်ပြီးမှ ပြောတာတွေကတော့ မဖြစ်သင့်တဲ့ ကိစ္စပေါ့။ လူတွေကို အရူးလုပ်သလို ဖြစ်တာပေါ့။ မြို့နယ် တချို့မှာ ရွေးကောက်ပွဲ မဖြစ်ခဲ့ရင် ပါတီတွေထက် တိုင်းပြည်နဲ့ လူမျိုးတွေအတွက် နစ်နာတယ်။ အစိုးရအနေနဲ့ လုပ်ထုံးလုပ်နည်းတွေ အရမ်း လွဲနေတယ်။ အခု အချိန်အထိ ဒီကိစ္စကို မထုတ်ပြန်သေးတာဟာ မကောင်းဘူး။
ဒေါက်တာ စန်းရွှေ
ဥက္ကဋ္ဌ
ရခိုင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)
ရွေးကောက်ပွဲရဲ့ ဥပဒေအရဆိုရင် မဲဆန္ဒနယ်တွေကို ရွှေ့ပြောင်းဖို့ ရပ်ဆိုင်းဖို့ဆိုရင် တလလောက် ကြိုတင်ပြီး ကြေညာရ မယ်။ အဲဒီလို ကြေညာမှ ပါတီအသီးသီးက ရွေးကောက်ပွဲ ဝင်မယ့် ကိုယ်စားလှယ်လောင်းတွေကလည်း ပြင်ဆင်ဖို့ အချိန် ရမယ်။ အခုခါတော့ ပြင်ဆင်ဖို့ ရှိနေရင်လည်း မတင်မကျ ဖြစ်နေကြတယ်။ အခုထိ ရွေးကော်က မကြေညာသေးတော့ ကျင်းပဖို့ ဖြစ် မဖြစ်ကို မသိရတာက တချို့ မြို့နယ်က ကိုယ်စားလှယ်လောင်းတွေအတွက် အခက်အခဲ တွေ့နေတာ။ ဒါကြောင့် ရွေးကောက်ပွဲ လုပ်/မလုပ်ကို အမြန်ဆုံး ထုတ်ပြန်ပေးသင့်ပြီ။ ဒါမှ ကျနော်တို့ ပါတီအပြင် တခြားပါတီတွေက လည်း ပြတ်ပြတ်သားသား ဆုံးဖြတ်ပြီးတော့ နောက်ဆုတ်စရာ အားထည့်စရာတွေ ပြင်လို့ရမယ်။
ဦးမျိုးကျော်
အတွင်းရေးမှူး၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) ပါတီ
UEC ကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲ ကျင်းပဖို့ ၁၀ ရက် ၁၅ ရက်လောက်မှ ကြေညာမယ် ဆိုပြီးတော့ ပြော ထားတာ ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟိုတုန်းကလည်း အဲဒီလိုပဲ ကြေညာခဲ့တာ။ မနေ့ကတော ဦးလှသိန်းက အင်တာ ဗျူး တခုမှာလည်း မကြာသောအချိန်မှာ အဲဒီကိစ္စကို ကြေညာပေးပါမယ် ဆိုပြီးတော့ ပြောထားတာကို တွေ့လိုက်တယ်။ အခု ဒီလို မကြေညာသေးတဲ့အတွက် ရခိုင်မှာ ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေမှာ ကျတော့ ကမ်ပိန်းတွေ စတဲ့ မဲဆွယ် စည်းရုံးရေး လုပ်ငန်းစဉ်တွေမှာ ရွေးကောက်ပွဲ လုပ်၊ မလုပ်ကို မသိရတဲ့အခါ အချိန်၊ ငွေ၊ ပင်ပန်းတာတွေ ရှိတာ ပေါ့လေ။ ဒါကြောင့် မကြာမီ ထုတ်ပြန်ပေးဖို့ မျှော်လင့်တယ်။
ဦးအောင်သောင်းရွှေ
တသီးပုဂ္ဂလ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း၊ ဘူးသီးတောင်မြို့နယ်
ဒီနေ့အထိ မကျင်းပနိုင်တဲ့ မြို့နယ်တွေ မကြေညာသေးတာဟာ ရိုးသားမှု မရှိလို့ ပြောချင်တာ။ နောက်တခါ ကိုဗစ်ကို အကြောင်းပြပြီး လုပ်နေတာလည်း ရှိတယ်။ နောက်တခုက ရခိုင်ပြည်မှာ ရွေးကောက်ပွဲ ကျင်းပ နိုင်ဖို့အတွက် ထွေအုပ်တို့ လုံခြုံရေး အဖွဲ့တို့ဆီက Recommend တောင်းထားတာလည်း ရှိတယ်လို့ တပ်မတော်က ပြောထားတာလည်း ရှိတယ်။ ဒါတွေကို ဒီဒေသအခြေအနေအရ ပြန်သုံးသပ်ရင်တော့ သူတို့က တပ်မိသားစု အပါဝင် နယ်ခြားစောင့် မဲတွေကို ကြိုတင်ပေးထားပြီးပြီ။
ဒေသခံတွေက စစ်ဘေး ဒုက္ခသည်တွေအဖြစ် ရှိတာကြောင့် မဲစာရင်းမှာ ပါမပါ ကိုတောင် မကြည့်နိုင်ကြဘူး။ ဒါကြောင့် မဲရုံတွေကို ရွှေ့ပြောင်းပေးရမယ်။ နယ်စွန်နယ်ဖျားမှာ လုံခြုံရေးအရ မလုပ်နိုင်လို့ ပြောတာ မှန်ကန်ပေမယ့် လည်း သူတို့တွေက မြို့ပေါ်မှာ ရောက်နေတဲ့သူတွေကို မဲရုံဖွင့်ပြီး မကျင်းပနိုင် ဆိုရင်တော့ ဒါက ခွဲခြားပြီး လုပ်တာ ဖြစ်တယ်။
နောက်တခုက တိုင်းရင်းသားတွေ အများစု နေထိုင်ပြီး လုံခြုံရေးကောင်းတဲ့ နေရာတွေ ဖြစ်ရင်တောင် ထွေအုပ်နဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ဒီနေရာကို လုံခြုံရေး မပေးနိုင်ပါလို့ ပြောလိုက်တာနဲ့ အချိန်မရွေး သူတို့လိုချင်တဲ့ နေရာတွေကို ချန်လှပ် ထားခဲ့လို့ ရတယ်။ ဒါကြောင့် မဲဆန္ဒရှင်ပြည်သူတို့ အချိန်မရွေး မဲပေးခွင့် ဆုံးရှုံးနိုင်တယ်။
တဖက်မှာ တပ်အင်အားစု၊ ကာကွယ်ရေး၊ အစိုးရ အင်အားစုတွေကကျတော့ မဲအပြည့်အဝ ပေးလို့ရတယ်။ တဖက်မှာ တိုင်းရင်းသား ပြည်သူတွေက မဲပေးနိုင်ဖို့ အခွင့်အလမ်း နည်းပါးနေတယ်။ ဒါတွေကို အစိုးရက ပွင့်လင်းမြင်သာမှု ဖြစ် အောင် ဒီနေ့အထိ ချမပြနိုင်တာဟာ ရည်ရွယ်ချက်၊ ရှိရှိနဲ့ တမင်တကာ လုပ်နေတယ်လို့ ပြောလိုတယ်။
You may also like these stories:
စစ်ပွဲ၊ ကိုဗစ်နှင့် ရခိုင်ပြည်နယ် ရွေးကောက်ပွဲ အလားအလာ
ရခိုင်တွင် ကြိုတင်မဲပေးသူ ၉ ထောင်ကျော်အနက် တပ်မဲ ၈၀၀၀ ကျော်ရှိ
လုံခြုံရေး တာဝန်ယူနိုင်တဲ့ စစ်ရှောင်စခန်းတိုင်းမှာ ယာယီ မဲရုံတွေ ဆောက်သွားမယ်