မြန်မာနိုင်ငံမှပထမဦးဆုံး ပိုင်ဆိုင်သည့် ရုရှားနိုင်ငံလုပ် အိန္ဒိယနိုင်ငံမှဝယ်ယူထားသည့် ရေငုပ်သင်္ဘော ဖြစ်သည့် Type 877 EKM အမျိုးအစား၊ Kilo-class submarine တစီးသည် မနေ့က ရန်ကုန်မြစ်ဝ အနီးသို့ ပြန်လည် ဝင်ရောက်လာခဲ့ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကြည့်ရူ့ စစ်ဆေးခဲ့သည်ကို တွေ့ ရသည်။
ယခုလို ရေငုပ်သင်္ဘော ကို ပိုင်ဆိုင်နိုင်ရန် ဆယ်စုနှစ်ပေါင်းများစွာကြာအောင် ကြံ့ စည်၊ စိတ်ကူး၊ ကြိုးစားခဲ့ရသည်ဟု ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင်က စစ်ရေယာဉ် မုတ္တမပေါ်တွင် ပြောဆိုခဲ့ပြီး ရေကြောင်းတိုက်ပွဲများကို ရဲဝံ့စွာ ဆင်နွဲနိုင်ရန် ရေငုပ်သင်္ဘော ကို မင်းရဲသိင်္ခသူဟု အမည်ပေးထားကြောင်းလည်း ပြောဆိုခဲ့သည်။
မြန်မာ၏ ဒေသတွင်း ပြိုင်ဘက် ဘင်္ဂလားဒေ့ရှ်ကလည်း တရုတ်လုပ် Type 053H3 အမျိုးအစား(နေတိုးအခေါ်) Jiangwei II ဖရီဂိတ်စစ်သင်္ဘော ၂စီးကို တရုတ်နိုင်ငံထံမှ လွှဲပြောင်းရယူထားပြီး ဖြစ်သည်။
မြန်မာက ယခု စတင်ပိုင်ဆိုင်သည့် ရေငုပ်သင်္ဘော ၏ စွမ်းဆောင်ရည် အပါအဝင် ၎င်းနှင့် သက်ဆိုင်သော အချက်အလက် များကို ဧရာဝတီသတင်းဌာနမှ နေပြည်တော် သတင်းထောက် ထက်နိုင်ဇော်က တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ် ချုပ် ဇော်မင်းထွန်းကို ဆက်သွယ် မေးမြန်းထားပါသည်။
မေး ။ ။ ရေငုပ်သင်္ဘောကြီး ဖြစ်မြောက်ဖို့ တပ်မတော်အနေနဲ့ ဘယ်လောက် ကြိုးစားအားထုတ်ခဲ့ရလဲဆိုတာ အရင်ဆုံး သိချင်ပါတယ်။
ဖြေ ။ ။ အဓိကကတော့ ဒီရေငုပ်သင်္ဘောနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ကြိုးစားခဲ့တာပေါ့နော်။ တပ်မတော် ကာကွယ် ရေး ဦးစီးချုပ်က ပြောသွားတယ်။ ဆယ်စုနှစ်နဲ့ချီပြီဆိုတာ ပြောသွားပါတယ်။ ကြိုးစားခဲ့တာ ၂၀၀၁ ခုနှစ်ကတည်းက ကြိုး စားခဲ့တာ ဖြစ်တယ်။ သမိုင်းကြောင်း ပြန်ပြောရရင်တော့ နည်းနည်းတော့ ရှည်ပါတယ်။ ၂၀၀၁ ခုနှစ်ကတည်းက စတင် ကြိုးစားခဲ့တာ ဖြစ်တယ်။
ကြိုးစားခဲ့တဲ့အခါမှာ ကျနော်တို့ အနေနဲ့က ရေငုပ်သင်္ဘော ဝယ်ယူဖို့ကို ၃ နိုင်ငံလောက်နဲ့ အဲဒီကြားထဲမှာ ညှိနှိုင်းခဲ့တယ်။ ရေငုပ်သင်္ဘော တစင်း ဝယ်ယူဖို့ဆိုတာလည်း ကျနော်တို့လို့ နိုင်ငံအနေနဲ့လည်း ခက်ခဲပါတယ်။ ရေငုပ်သင်္ဘော တစင်း ဝယ်ယူဖို့တောင်မှ ခက်ခဲတယ်။ ခက်ခဲတယ်ဆိုတာ ပိတ်ဆို့မှုတွေ ကြားထဲကနေ ဝယ်ယူလို့ ရရှိအောင် ကြိုးစားရတာပေါ့။
အဲဒီရေငုပ်သင်္ဘော ဝယ်ယူဖို့ ခက်ခဲတာထက် ပိုပြီးခက်ခဲတာက ရေငုပ်သင်္ဘော အတွက် လေ့ကျင့်ဖို့ ပိုခက်တယ်။ လေ့ ကျင့်ဖို့ ပိုခက်တယ်ဆိုတာ ရေငုပ်သင်္ဘောက ပိုက်ဆံရှိရင် ပြောရရင်တော့ စစ်လက်နက်ပစ္စည်းလိုပဲ သူတို့ တောင်းတဲ့ ဈေးနှုန်းအတိုင်း ပေးမယ်ဆိုရင် ဝယ်ယူလို့ ရနိုင်တယ်။ ဒီရေငုပ်သင်္ဘောကို ကိုယ်တိုင်မောင်းနှင်နိုင်ဖို့ ရေငုပ်သင်္ဘောနဲ့ ကိုယ်တိုင် စစ်ဆင်ရေး ပြုလုပ်နိုင်ဖို့ ရေငုပ်သင်္ဘောမှာပါတဲ့ လက်နက်တွေကို ကျွမ်းကျင်ဖို့ ရေငုပ်သင်္ဘောမှာပါတဲ့ Sonar (အသံလှိုင်းနှင့် ရေအောက် အရာဝတ္ထုတို့၏ တည်နေရာကို ရှာဖွေသည့် ကိရိယာ) အပါအဝင် သူရဲ့ Facilities တွေကို သုံးနိုင်ဖို့ကိုကတော့ ပိုပြီးတော့ ခက်ခဲပါတယ်။
ရေပေါ်မှာ မောင်းတဲ့သင်္ဘောနဲ့ ဘယ်လိုမှ မတူပါဘူး။ ပြောရရင်တော့ ၂၀၀၁ ခုနှစ်ကတည်းက စတင်ပြီး ကြိုးစားခဲ့တယ်။ ၂၀၀၅ ခုနှစ်မှာ စတင်ပြီး အကောင်အထည်ဖော်လာတယ်လို့ ပြောရမှာပေါ့။ ၂၀၀၅ ခုနှစ်မှာတော့ ဆွေးနွေးခဲ့တဲ့ နိုင်ငံတွေ ထဲကနေ သွားကြည့်ခဲ့တဲ့နိုင်ငံတွေကမှ အိန္ဒိယနိုင်ငံက ရေငုပ်သင်္ဘောတစင်းဟာ မြန်မာ့ရေပိုင်နက်ထဲမှာပဲ လာပြီးတော့ ရေငုပ်သင်္ဘောနဲ့ပတ်သက်တဲ့ ကိစ္စတွေကိုလာပြီး လေ့ကျင့်တယ်။ လေ့ကျင်တဲ့ဟာမှာ မြန်မာတပ်မတော်က တပ်ဖွဲ့ဝင်တွေ က ကျနော်တို့နည်း၊ ကျနော်တို့ဟန်နဲ့ ကြိုတင်ပြီး လေ့ကျင့်ထားတဲ့ ရေတပ်ဖွဲ့ဝင်တွေပါ ပူးပေါင်းပါဝင်ပြီး ရေငုပ် သင်္ဘော ပေါ်အထိတက်ပြီး လေ့ကျင့်ခဲ့တယ်။
နိုင်ငံတနိုင်ငံအနေနဲ့က သူ့ရေငုပ်သင်္ဘောပေါ်မှာ တက်ပြီးတော့ တခြား နိုင်ငံက တပ်ဖွဲ့ဝင်တွေကို ရေငုပ်သင်္ဘောကို ကမ်းခြေမှာကပ်ပြီး လာကြည့်တာတို့ အထဲဝင်ပြီး လေ့လာတာတို့တောင် မပြောဘူး။ သူခုတ်မောင်းနေတဲ့အချိန်မှာ ရေအောက်မှာ ဝင်ပြီးခုတ်မောင်းနေတဲ့အခါမှာ လေ့လာနိုင်ဖို့ဆိုတာတော့ တော်တော်လေး ခဲယဉ်းတယ်။ တော်တော်ကို ဆက်ဆံရေးကောင်းမှ တော်တော်ကို စိတ်ချယုံကြည်မှ လုပ်ခွင့်ပေးတာဖြစ်တယ်။ ၂၀၀၅ ခုနှစ်မှာ ကျနော်တို့ စလေ့လာ ပါပြီ။ အဲဒီမှာပြီး ၂၀၀၅ ခုနှစ်မှာ မြန်မာနိုင်ငံ ရေပိုက်နက်အတွင်းမှာ လေ့ကျင့်တဲ့အခါမှာ မြန်မာ့ တပ်မတော်က စစ်သည် တွေ အရာရှိစစ်သည်တွေပါ တက်ပြီး စတင်လေ့လာခဲ့တယ်။
ရေငုပ်သင်္ဘောအကြောင်း စတင်ပြီး လေ့ကျင့်ခဲ့တယ်။ လေ့ကျင့်ခဲ့တဲ့နေရာမှာ အဲဒီမှာတော့ အခုအချိန်ထိ တာဝန် ထမ်း ဆောင်နေတဲ့ အရာရှိတွေ ရှိပါတယ်။ ခေါင်းဆောင်ကတော့ အခု စစ်ဦးစီးအရာရှိချုပ်(ရေ)ဖြစ်နေတဲ့ ဒုတိယဗိုလ်ချုပ်ကြီး မိုးအောင်ပေါ့။ အဲဒီတုန်းက ဒုတိယဗိုလ်ချုပ်ကြီးမိုးအောင်က ဒုတိယ ဗိုလ်မှူးကြီးပဲ ရှိပါသေးတယ်။ သူတို့နဲ့စပြီး ကျနော်တို့ ၂၀၀၅ ခုနှစ်ကတည်းက လုပ်ခဲ့တယ်။ ဝယ်ယူနိုင်ရေးအတွက် ဆွေးနွေးခဲ့တယ်။
ဒီတော့ အဲဒီမှာလည်း ဒီအိန္ဒိယနိုင်ငံတင် မဟုတ်ဘူး ကျန်တဲ့နိုင်ငံတွေမှာလည်း လေ့လာခဲ့ပါတယ်။ လေ့လာခဲ့တဲ့အချိန်မှာ သင့်တော်မှုတို့ ဈေးနှုန်း အမျိုးမျိုးတို့က ရှိနေတာပေါ့လေ။ ဒါတွေကိုချိန်ဆပြီးတော့ ကျနော်တို့က လေ့လာခဲ့တယ်။ ရေငုပ် သင်္ဘောပေါ်မှာ တက်လိုက်လေ့လာလိုက်နဲ့ အဲဒီလိုလုပ်လာခဲ့တာ ၂၀၀၇ နှစ်လောက်မှာ စတင်ပြီးတော့ ရေငုပ်သင်္ဘောနဲ့ ပတ်သက်တဲ့ လေ့ကျင့်ရေးကို အပြည့်အဝပေးနိုင်ဖို့အတွက် အရာရှိစစ်သည်တွေကို အိန္ဒိယကို လွှတ်တယ်။
အရာရှိစစ်သည် ရာနဲ့ချီပြီးတော့ ကျနော်တို့ လေ့ကျင့်ခဲ့တယ်။ အဲဒီလိုမျိုး လေ့ကျင့်ခွင့်ရဖို့ဆိုတာကလည်း ရေငုပ်သင်္ဘော သင်တန်းကျောင်းတကျောင်းမှာ လေ့ကျင့်ခွင့်ရဖို့ဆိုတာကလည်း အလကားတော့ ရတာ မဟုတ်ပါဘူး။ ကျနော်တို့အနေနဲ့ အဲဒီ Training ကုန်ကျစရိတ်က ရေငုပ်သင်္ဘောတန်ဖိုးထက် ပိုတောင်ကြီးပါသေးတယ်။ Training လုပ်ဖို့အတွက် ကျနော် တို့ အလကားသွားပြီး လေ့ကျင့်လို့ရတာ မဟုတ်ဘူး။ ဒါလည်း ပိုက်ဆံရှိတိုင်းလည်း လေ့ကျင့်လိုရတာ လေ့လာလို့ မရဘူး။ အဲဒီနိုင်ငံကလည်းခွင့်ပြုမှ၊ အဲဒီနိုင်ငံခွင့်ပြုမပြုဆိုတာကလည်း စိတ်ချယုံကြည်ရမှုနဲ့ဆက်ဆံရေးအပေါ်မှာ မူတည်တယ်။
မေး ။ ။ ဘာဖြစ်လို့ ဗိုလ်ချုပ်တို့အနေနဲ့ အိန္ဒိယနိုင်ငံကို ရွေးချယ်ခဲ့ရတာလဲ။
ဖြေ ။ ။ ကျနော်တို့ အိန္ဒိယနဲ့ပတ်သက်ပြီး ပြောမယ်ဆိုရင် ၂၀၀၅ မှာ ကျနော်တို့ တက်ရောက်ပြီး လေ့လာနေပြီ။ အဲဒီရဲ့ ရှေ့မှာရှိတဲ့ ၂၀၁၂၊ ၁၃ ခုနှစ်မှာ အခု လက်ရှိတပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့က ၂၀၁၂- ၁၃ လောက်မှာ သူ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဘဝမှာပဲ အိန္ဒိယကို သွားတယ်။ ရေငုပ် သင်္ဘော နဲ့ ပတ်သက်ပြီးတော့ ဝယ်နိုင်မယ့် ရေငုပ် သင်္ဘောတွေပေါ့ အိန္ဒိယကနေပြီးတော့ ဝယ်ယူနိုင်မယ့် ရေငုပ်သင်္ဘောတွေကို ကျနော်တို့ လိုက်ပြီး ကြည့်တယ်။
ကြည့်ပြီးတော့ Training ကိစ္စတွေ စုံစမ်းခဲ့တယ်။ ၂၀၁၅ မှာလည်း တခါထပ်သွားတယ်။ စုံစမ်းခဲ့တယ်။ ၂၀၁၇ မှာ ခုနက ပြောတဲ့ Training တွေ စပေးတယ်။ ပေးပြီးတော့ ဒါကျနော်တို့ ရရှိလာတယ်။ အဲဒီမှာ အိန္ဒိယမှာ ကျနော်တို့ လေ့ကျင့်ခဲ့တာ။ အခု မြန်မာနိုင်ငံထဲရောက်ပြီးမှ လေ့ကျင့်ခဲ့တာရော လက်ရှိ ရေငုပ်သင်္ဘောနဲ့ ကျနော်တို့ အကြိမ် ၁၀၀ ကျော်လောက် ရေအောက်ကို ငုပ်လျှိုးပြီး အိန္ဒိယ သမုဒ္ဒရာတခွင်မှာ မြန်မာတပ်မတော်က ရေငုပ်သင်္ဘောတပ်ဖွဲ့ဝင်တွေပါ ပါဝင်ပြီးတော့ ကျနော်တို့ ဆောင်ရွက်ခဲ့ပြီးပြီ။
အဲဒီလိုဆောင်ရွက်တဲ့အခါမှာတော့ ကျနော်တို့က တစတစနဲ့ ကိုယ်ဘာသာကိုယ်မောင်းနှင်နိုင်အောင် ကိုယ့်ဘာသာကိုယ် လက်နက်ပစ်နိုင်အောင်လုပ်တယ်။ နောက်ဆုံးမှာ သူတို့ဆီမှာတော့ ကျနော်တို့ကိုယ်တိုင်လည်း မြန်မာရေတပ်သားတွေ ကိုယ်တိုင်မောင်းနှင်နိုင်ပြီး လက်နက်ပစ်လွှတ်နိုင်တဲ့အဆင့်ထိ အိန္ဒိယသမုဒ္ဒရာထဲမှာလည်း ရေငုပ်သင်္ဘောတွေ အဓိက လက်နက်ဖြစ်တဲ့ တော်ပီဒိုလက်နက် စမ်းသပ်ပစ်ခတ်မှုတွေ အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပြီးမှ လွှဲပြောင်းရယူထားတာ။
အိန္ဒိယကို ရွေးချယ်ရတဲ့ အဓိက အချက်ကတော့ ကျနော်တို့ ရေငုပ်သင်္ဘောပိုင်ဆိုင်ဖို့တွက် ၂၀၀၁ ခုနှစ်ကစပြီး ကြိုးစား တဲ့အခါမှာ နိုင်ငံ ၃ နိုင်ငံလောက်နဲ့ ကြိုးစားခဲ့ပါတယ်။ အိန္ဒိယနဲ့တော့ အဆင်ပြေတယ်။ နောက်တခုက ပိုပြီး အရေးကြီး တာက ရေငုပ်သင်္ဘောရဲ့ Quality ပေါ့။ ရေငုပ်သင်္ဘောရဲ့ Facilities နဲ့ပတ်သက်ပြီး အဓိက အရေးကြီးပါတယ်။ ရေငုပ် သင်္ဘောရဲ့ Facilities ဆိုတာက ရေငုပ်သင်္ဘောတွေသည် သူက သူရဲ့ အချိန်မှန် ပြင်ဆင်မှု ဇယား ရှိတယ်။
သင်္ဘော လိုပြောရရင် ဒေါက်တင်ရတာရှိတယ်။ ဒေါက်တင်ပြီး ပြင်ဆင်တာ ရှိတယ်။ အနည်းဆုံးတော့ တနှစ်ကိုတကြိမ် ပြင်ဆင်ရတယ်။ တနှစ်ကို တကြိမ်ပြင်ဆင်ရတဲ့အခါမှာ ဒီပြင် ရေငုတ်သင်္ဘောပိုင်ဆိုင်တဲ့ နိုင်ငံကနေ ဝယ်မယ်ဆိုလို့ရှိရင် အဲဒီရေငုပ်သင်္ဘော ကို သူကပြင်ဆင်ဖို့အတွက် ဝေးလွန်းတဲ့ နိုင်ငံကနေဝယ်တယ်ဆိုရင် ဝေးလွန်းတဲ့ နိုင်ငံအတွက်က သင်္ဘောသည် ပင်လယ်ပြင်မှာ ခုတ်မောင်းလို့ မရတော့ဘူး။ သင်္ဘောတစင်းထပ် ခေါ်ရတယ်။
အဲဒီသင်္ဘောပေါ်မှာတင်ပြီးမှ အဲဒီနိုင်ငံထိသွားပြင်ရမယ်။ အခုက အိန္ဒိယကနေဝယ်လိုက်တဲ့အတွက်ကြောင့် သူတို့က ပြင်စရာရှိပြီဆိုရင် ပြင်စရာရှိတဲ့အချိန်ကျတော့ အိန္ဒိယကို ကျနော်တို့ Training လည်း ရတယ်။ အိန္ဒိယ သမုဒ္ဒရာကို ဖြတ်ပြီးတော့ ဒီရေငုပ်သင်္ဘောနဲ့မောင်းသွား ဟိုမှာ ပြင်ပြန်လာတယ်။ လေ့ကျင့်တယ် ပြင်တယ်။ ဒီအကျိုးကျေးဇူးတွေ ရတဲ့အတွက် ကျနော်တို့က ဝယ်တာ။
မေး – အဓိက သူက ဘယ်လိုတာဝန်တွေကို ထမ်းဆောင်မှာလဲ။
အဓိကကတော့ ရေငုပ်သင်္ဘောဆိုတဲ့ဟာက ဒီဟာကို မပြောခင်မှာ ကျနော်တို့ ဝယ်လိုက်တဲ့ Kilo-class Submarine ပတ်သက်ပြီး ပြောချင်တယ်။ ဒီ Kilo-class Submarine မြန်မာနိုင်ငံက ဝယ်လိုက်တဲ့ဟာက Type 877 EKM အမျိုးအစား ဖြစ်တယ်။ Kilo-class Diesel Electric Under Submarine ပေါ့နော်။ သူ့ရဲ့ အဓိက အားသာချက်ကတော့ Silent Killer ပဲ။ သူ့ကို ထောက်လှမ်းနိုင်ဖို့ တော်တော် ခက်ပါတယ်။ ရေအောက်မှာ သူ့ကို ထောက်လှမ်းနိုင်ဖို့ တော်တော်ခက်တယ်။
ဥပမာတခုပြောရင် အိန္ဒိယရေတပ်နဲ့ အမေရိကန်ရေတပ်နဲ့ သူတို့ ပူးပေါင်းစစ်ဆင်ရေး လုပ်ခဲ့ဖူးတယ်။ အိန္ဒိယ သမုဒ္ဒရာ ထဲမှာပဲ လေ့ကျင့်ခဲ့ဖူးတယ်။ အမေရိကန်တွေက အိန္ဒိယရဲ့ သုံးသပ်ချက်တွေအရ အမေရိကန် တော်တော် အံ့သြရတယ်။ တော်တော်အံ့သြရတယ်ဆိုတာက ဒီ Kilo-class အခု ကျနော်တို့ လက်ရှိ သုံးနေတဲ့ Kilo-class ရေငုပ်သင်္ဘောက အမေရိကန် သင်္ဘောတွေ ရေပေါ် သင်္ဘောတွေနားကို ချဉ်းကပ်တယ်။
ရေပေါ်က ရေငုပ် သင်္ဘော ၤတွေကလည်း Sonar ကိရိယာတွေနဲ့ ထောက်လှမ်းတယ်။ ထောက်လှမ်းတဲ့အခါမှာ ရေငုပ် သင်္ဘော ဘယ်နေရာမှာ ရှိမှန်းတောင်မှ သူတို့ထောက်လှမ်းလို့ မရဘူး။ နောက်ဆုံးဘယ်လောက် အကွာအဝေးကျမှသူတို့ ထောက် လှမ်းလို့ ရတုန်းဆိုတော့ ၃ ကီလိုမီတာ။ မီတာ ၃၀၀၀ အကွာအဝေးကို ရေငုပ်သင်္ဘော ကပ်လာမှ စတင် ထောက်လှမ်းမိ တယ်လို့ ပြောပါတယ်။ အဲဒီ ၃ ကီလိုမီတာအကွာအဝေးဆိုရင် ရေငုပ်သင်္ဘောက တပ်ထားတဲ့ တော်ပီဒိုလက်နက်တွေ ပစ်လွှတ်ပြီး ဖြစ်တယ်။ တော်ပီဒို လက်နက်မီတဲ့ အကွာအဝေးရဲ့ အောက်ကိုတောင် ရောက်နေသေးတယ်။
တော်ပီဒိုလက်နက်သည် ၅ ကီလိုမီတာ ၁၀ ကီလိုမီတာလောက်က နေပြီးတော့ သူတို့က စပြီးတော့ပစ်လွှတ်လို့ ရတယ်။ အဲဒါကြောင့်မို့ သူတို့က ထောက်လှမ်းလို့မရခင်ကို အပစ်ခံရမယ့် ရေငုပ် သင်္ဘော ရှိတယ်။ ရုရှားရဲ့ ကီလို ရေငုပ် သင်္ဘော ၤတွေရဲ့ အဓိက အားသာချက်က အဲဒါ ဖြစ်တယ်။ အဲဒါကြောင့်မိုလို့သူက ဘယ်နေရာမှာ သူတို့သုံးမလဲဆိုရင် အဓိကကတော့ ကျနော်တို့ပင်လယ်ပြင်မှာ ရေငုပ်သင်္ဘောတစင်းရှိနေပြီဆိုတာနဲ့ ဘယ်လိုပဲပြောပြော ကျနော်တို့ရဲ့ ရေပိုင်နက်ထဲကို ကျူးကျော်ဝင်ရောက်လာမယ့်လူတွေက ဒီရေငုပ်သင်္ဘော ဘယ်နေရာမှာရှိနေမှန်း သူတို့မသိဘူး။
ဒီရေငုပ်သင်္ဘောနဲ့ ပတ်သက်ပြီးတော့ စုံစမ်းထောက်လှမ်းဖို့ခက်တယ်။ ရေငုပ်သင်္ဘောနဲ့ပတ်သက်ပြီးတော့ ကျူးကျော်နေ တဲ့ သူကို လိုက်လံချေမှုန်းဖို့ ရေငုပ်သင်္ဘောနောက်က လိုက်လာမှန်းလည်း သိမှာ မဟုတ်ဘူး။ ရေငုပ်သင်္ဘော ဘယ်နေ ရာရှိ မှန်းလည်းသိမှာ မဟုတ်တဲ့အတွက် ဒီဟာသည် ဝင်ရောက်ဖို့ဆိုတဲ့ဟာကို သူတို့ တော်တော်ကို စဉ်းစားရတော့မယ့် အနေအထား ဖြစ်လာတယ်။ စဉ်းစားရမယ့် အနေအထားဖြစ်လာတော့ ဒီဟာတွေကို သုံးမယ့်နေရာဟာ ကျနော်တို့ ရေပိုင် နက်သည် ကျနော်တို့ရဲ့ မြန်မာနိုင်ငံရဲ့ ကမ်းရိုးတန်းရှည်သည် ရေမိုင် ၁၃၀၀ ကျော် ရှိပါတယ်။
ဒီကျနော်တို့ အခုဝယ်လိုက်တဲ့ Kilo-class အမျိုးအစား ရေငုပ်သင်္ဘောသည် ရေထဲမှာ ၄၅ ရက်တိတိ နေနိုင်တယ်။ ပြီးရင် အဝေးဆုံး ခုတ်မောင်းနိုင်တဲ့ အကွာအဝေးက ရေမိုင် ၆၅၈၄ မိုင် ဖြစ်တယ်။ ဒါကိုသုံးသပ်ကြည့်လို့ရှိရင် တွေ့နိုင်ပါတယ်။ ကျနော်တို့ ကမ်းရိုးတန်းအရှည်သည် ၁၃၀၀ ရေမိုင် ရှိတယ်။ ကျနော်တို့ သင်္ဘောခုတ်မောင်းနိုင်တဲ့ အကွာအဝေးသည် ရေမိုင် ၆၅၀၀ ကျော်ရှိပါတယ်။
တဆက်တည်း ခုတ်မောင်းနိုင်တဲ့ အကွာအဝေး ရေမိုင် ၆၅၀၀ ကျော်ရှိတယ်။ ဒီလောက်ဆိုရင် စစ်နဲ့ပတ်သက်လို့ သုံးသပ် တတ်တဲ့သူတွေ အနေနဲ့ ဒီရေငုပ်သင်္ဘောရဲ့အသုံးဝင်မှုကို သိနိုင်မှာဖြစ်တယ်။ အဲလိုမျိုးဖြစ်တဲ့ အတွက်ကြောင့်မိုလို့ ပင်လယ်ပြင် ဆိုတာသည် ပင်လယ်ပြင် ကာကွယ်ရေး တခုတည်း စစ်ရေးအမြင်အရ ကာကွယ်ရေး တခုတည်း မကဘူး။ ပင်လယ်ပြင်မှာ ကျနော်တို့ သယံဇာတတွေနဲ့ ပတ်သက်ပြီး သီးသန့် စီးပွားရေးဇုံတွေနဲ့ ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ကာကွယ်နိုင်မယ်လို့ ပြောချင်တယ်။
မေး ။ ။ လူဘယ်လောက်လိုက်လို့ရလဲ။ နည်းပညာအားဖြင့် ဘယ်လောက် အဆင့်မြင့်လဲ။ ကျနေ်ာတို့ အိမ်နီးချင်း ဘင်္ဂ လားဒေ့ရှ်နဲ့ နှိုင်းယှဉ်ရင် ဘယ်လို ကွာခြားလဲ။
ဖြေ ။ ။ ရေအောက်ကို မီတာ ၅၀၀ အကွာအဝေးအထိ သူက ငုပ်လျှိုးနိုင်တယ်။ လူလိုက်ပါနိုင်မှုအနေအထားကတော့ ဒီဟာနဲ့ပတ်သက်ပြီး လူဦးရေ ၅၀ ကျော်လောက်ထိ လိုက်ပါနိုင်ပါတယ်။ အဲဒီမှာမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ နှိုင်းယှဉ်ချက် ပေါ့နော်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည်လည်း မှန်ပါတယ်။ Ming-class အမျိုးအစား ရေငုပ် သင်္ဘော ၂ စင်း ပိုင်ဆိုင်ထားပါ တယ်။ Ming-class အမျိုးအစား ရေငုပ်သင်္ဘောဆိုတာ ကျနော်တို့ အခုပိုင်ဆိုင်ထားတဲ့ Kilo-class အမျိုးအစားထက်ရှေ့က မျိုးဆက် ၂ ဆက်လောက် နောက်ကျတဲ့ ရေငုပ်သင်္ဘောဖြစ်ပါတယ်။
အခု ကျနော်တို့သိထားတဲ့ သတင်းတွေအရ ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ Ming-class အမျိုးအစား ရေငုပ် သင်္ဘော ရဲ့ ရေအောက် ငုပ်လျှိုးနိုင်မှုက မီတာ ၃၀၀ လို့ ကျနော်တို့ သိထားပါတယ်။ ဒါအများဆုံးအသုံးပြုနိုင်မယ့် မီတာ ၃၀၀ ပေါ့နော်။ လက်တွေ့ မှာတော့ မီတာ ၅၀ အောက်ငုပ်ဖို့ အခက်အခဲရှိတယ်ဆိုတာ ကျနော်တို့သိထားရတယ်။ အဲဒီ မီတာ ၅၀ အောက် ဆိုရင် သူတို့က ရေငုပ် သင်္ဘော တစင်းရဲ့ အဓိကလိုအပ်ချက်ကတော့ သူက ရေအောက်ကို ငုပ်လျှိုးနိုင်ပြီးတော့ အသံပေါ့နော် သူ့ရဲ့ အသံကို ထောက်လှမ်းဖို့ မရဖို့ပဲ အရေးကြီးပါတယ်။ ထောက်လှမ်းဖို့ မရဖို့က သူ့ရဲ့ လက်နက်ပါပဲ။ ဒါကြောင့်မိုလို့ ရေငုပ် သ င်္ဘောတွေကို Silent Killer လို့ သူက ခေါ်ခြင်း ဖြစ်တယ်။ စစ်အသုံးအနှုန်းမှာ။ အဲဒီလိုမျိုး မငုပ်နိုင်ဘူးဆိုလို့ရှိရင် ဒီ Solar ကိရိယာနဲ့တောင်မှ ထောက်လှမ်းနိုင်တာ။ မဟုတ်ဘူး၊ လေယာဉ်ကနေပြီးတော့ ရာသီဥတုသာယာချိန်မှာ ပင်လယ်ပြင်မှာ လေယာဉ်ပေါ်ကနေပြီးတော့ ကြည့်လိုက်မယ်ပေါ့။
အကြမ်းဖျင်း စုံစမ်းထောက်လှမ်းရင်တောင်မှပဲ ပင်လယ်အောက်မှာ မီတာ ၄၀ လောက်နီးပါး ငုပ်လျိူးနေတဲ့ သူရဲ့ပုံရိပ်ကို အပေါ်ကနေ မြင်ရပါတယ်။ Solar ကိရိယာတွေနဲ့ကတော့ ပိုပြီးထောက်လှမ်းလို့ ရတာပေါ့နော်။ အပေါ်က နေမြင်တဲ့အခါ မှာတော့ ဒါသည် ဝေလငါး ဖြစ်မလား။ ငါးအကြီး တကောင်ဖြစ်မလား၊ ရေငုပ် သင်္ဘော ဘာဖြစ်မလား။ ခွဲခြားလို့ မရဘူး ရေအောက်မှာတော့ ကြီးမားတဲ့အရာဝတ္တု တခုရှိတယ်။ ဆိုတော့ မီတာ ၄၀ လောက်မှာတင် တွေ့ နိုင်တယ်။
ကျနော်တို့လက်ရှိဝယ်တဲ့ ရေငုပ်သင်္ဘောသည် လက်ရှိမှာလည်း ကျနော်တို့ အိန္ဒိယနဲ့ မြန်မာနိုင်ငံကို အသွားအပြန်ပေါ့ နော်။ အိန္ဒိယနဲ့ မြန်မာနိုင်ငံအကွာအဝေး ပင်လယ်ပြင်ကို မီတာ ၅၀၀ ငုပ်လျှိုးပြီးတော့ အသွားအပြန်လုပ်ခဲ့တာ ၅ ကြိမ်ရှိပြီ ဖြစ်တယ်။ စမ်းသပ်ခဲ့ပြီးပြီ။ အဲဒီလောက် အကွာအဝေးကို။ ဘယ်လိုမှ ထောက်လှမ်းလို့ မရတဲ့ဟာမျိုး ဖြစ်တယ်။
ကျနော်တို့ Kilo-class သည် Silent Killer လို့ခေါ်တာလည်းမပြောနဲ့ သူတို့ရဲ့ အသံသည် တော်တော်ကို ထောက်လှမ်းနိုင်ဖို့ ခက်ပါတယ်။ ခုနကပြောတဲ့ ကမ္ဘာမှာ တိုးတက်ပါတယ်ဆိုတဲ့ အမေရိကန်တောင်မှပဲ သူတို့လက်တွေ့ စမ်းသပ်တဲ့အခါမှာ ဒါ အိန္ဒိယနဲ့ အမေရိကန်နဲ့ လက်တွေ့ ပူးပေါင်းလေ့ကျင်းခန်းအရ သူ့သင်္ဘောနားကို ၃ ကီလိုမီတာ၊ ၄ ကီလီုမီတာ အကွာမှ သိ ရတယ်။ အဲဒီလိုမျိုး အခြေအနေမျိုးတော့ ရှိပါတယ်။
မေး ။ ။ ဒါဆိုရင် မြန်မာက ဘင်္ဂလားဒေ့ရှ် ရေငုပ် သင်္ဘော ထက် အပြတ်သာတယ်ဆိုတဲ့ သဘောပေါ့နော်။
ဖြေ ။ ။ ကျနော်တို့ ရေငုပ် သင်္ဘော က ဘင်္ဂလားဒေ့ရှ်ထက် အပြတ်ကို သာပါတယ်။ ပြောမယ်ဆိုရင်တော့ နှိုင်းစရာ ဥပမာကတော့ ပြောဖို့အတွက် အတော်ရှားသေးတယ်။ တူတော့ မတူပါဘူး။ ရေငုပ်သင်္ဘောရှိတယ်ဆိုတိုင်းလည်း ထော်လာဂျီ ၂ စင်းနဲ့ မာစီးဒီး ၁ စင်း ကွာသလို ကွာတယ်လို့ ပြောရမှာပေါ့။
ဆက်ပြောရမယ်ဆိုရင် အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ Frigate စစ်သင်္ဘောကို အစအဆုံး ကိုယ်တိုင် ဆောက်ပြီး တော့ အစအဆုံး ကိုယ်တိုင် ရေချနိုင်တာက ကျနော်တို့ အိမ်နီးချင်းနိုင်ငံတွေထဲမှာ မြန်မာ့တပ်မတော်ပဲ ရှိသေးတယ်လို့ လေ့လာ သိရှိရတယ်။ ဘာကြောင့် အဲဒီလို လုပ်နိုင်တာလဲဆိုရင် ကျနော်တို့ တပ်မတော်ရဲ့ ရည်ရွယ်ချက်သည် အစက တည်းက တပ်မတော်အကြီးအကဲတွေက ပိုက်ဆံရှိလို့ ဝယ်နိုင်တာကို အလေးမထားဘူး။ ပိုက်ဆံရှိလို့ ဝယ်နိုင်တယ်။ ဝယ်လိုက်ပြီဆိုရင် သူနဲ့ပတ်သက်တဲ့ ပညာရပ်ပါ ရအောင်ယူမယ်ဆိုတဲ့ ဟာမျိုးရှိတယ်။
ဒါကြောင့်မလို့ ကျနော်တို့ တပ်မတော်အနေနဲ့က ရေပေါ်သင်္ဘောတွေဆိုရင် ကိုယ်တိုင်ဆောက်နိုင်တဲ့ဟာတွေ ရှိတယ်။ တချို Facilities တွေတော့ ဝယ်ရတာပေါ့။ အပေါ်မှာ တပ်ဆင်တဲ့ လက်နက်တွေ၊ ခေတ်မီတဲ့ လက်နက်တွေကတော့ ကျနော်တို့ ဝယ်ရတုန်းပဲ ရှိသေးတယ်။ ဒါပေမယ့် သင်္ဘောဆောက်လုပ်ခြင်း အတတ်ပညာမှာတော့ ကျနော်တို့ အနေနဲ့က Frigate စစ်သင်္ဘောတွေအထိ ကိုယ်တိုင် ဆောက်လုပ်၊ ကိုယ်တိုင်ရေချ ကိုယ်တိုင် လုပ်နိုင်တဲ့ အနေအထား ရောက်ရှိ နေပြီ ဖြစ်တယ်။
အဲဒီလို လုပ်ခြင်းအားဖြင့် ဘာသက်သာလဲဆိုတော့ Frigate စစ်သင်္ဘောတစီးကို ပြည်ပကနေ ဝယ်တဲ့အစား ကိုယ့် ဘာသာ အကုန်ကျခံဆောက်လို့ရှိရင် ကျနော်တို့ ပညာလည်း ရတယ်။ ဒါ့အပြင် တစင်းကို ငါးစင်းလောက်နဲ့ ညီမျှတယ်။ အပြင်က ဝယ်တဲ့ တစင်းသည် ကိုယ့်နိုင်ငံထဲမှာ ၅ စင်းလောက် ဆောက်လို့ရတယ်။ အဲဒါမျိုး ကျနော်တို့ ဆောင်ရွက်တာ ဖြစ်တယ်။
မေး ။ ။ ဒီရေငုပ် သင်္ဘော က ဘတ်ဂျက် ဘယ်လို ရတာလဲ။ တချို့ကလည်း NLD အစိုးရလက်ထက် ရောက်မှ ဝယ်နိုင်တဲ့ သဘောမျိုး ပြောတာတွေလည်း ရှိတယ်။ အခု ပြောပုံအရဆိုရင်တော့ ကြိုတင်ပြင်ဆင်ထားတဲ့ သဘောလည်း တွေ့ ရတော့ ဘယ်လိုမျိုးလဲ။
ဖြေ။ ။ အဲဒါနဲ့ပတ်သက်ပြီး ဒီဟာတွေသည် အရင်ကတည်းက စခဲ့တဲ့ဟာတွေ ဖြစ်ပါတယ်။ ကျနော်ပြောခဲ့သလိုပဲ ရေငုပ်သင်္ဘော ဝယ်တာထက် Training စရိတ်က ပိုကုန်ပါတယ်။ Training သည် ဘယ်ကစခဲ့သလဲဆိုတော့ ဒီ ၂၀၀၅ ကတည်းကတိုင် ဒီဟာနဲ့ပတ်သက်ပြီး Training တွေ စခဲ့တာဖြစ်ပါတယ်။ အခုအချိန်အထိဆို တွက်ကြည့်ပေါ့။
Training ကာလ ဘယ်လောက်ကြာသွားပြီလဲ။ အဲဒီအထဲကတိုင် သဘောတူညီမှု ယူခဲ့တာဖြစ်တယ်။ ဒီသင်္ဘောကြီးကို ကျ နော်တို့က ဒီအတိုင်း လက်ပြောင်း လက်လွှဲယူခဲ့တာ မဟုတ်ဘူး။ ဒီသင်္ဘောကြီးက ကျနော်တို့နိုင်ငံက ယူမယ်ဆိုရင် ကျနော်တို့ နိုင်ငံနဲ့ ကိုက်တဲ့ဟာတွေ တပ်ဖို့၊ ကျနော်တို့နိုင်ငံနဲ့ ကိုက်တဲ့ အမျိုးအစားတွေ ပြုပြင်ပြောင်းလဲဖို့၊ ဒီသင်္ဘောကို ပြန်လည်ပြုပြင်ဖို့ဆိုတာက လွန်ခဲ့တဲ့ ၆ နှစ် ၇ နှစ်ကတိုင် စတင်ခဲ့တာဖြစ်တယ်။ အဲဒီကတည်းက ငွေကြေး ကုန်ကျမှု တွေက ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ပိုက်ဆံရှိလို့ အခုချက်ချင်း ကောက်ဝယ်ဆိုတာက မဟုတ်ပါဘူး။
မေး ။ ။ အဲဒါဆိုရင် အခု တစီးပေါ့နော်။ နောက်ထပ် တစီးဝယ်ဖို့ရော ရှိသေးလား။ ဘယ်လို ဆက်ပြီး စီစဉ် ဆောင်ရွက်သွားဖို့ ရှိမလဲ။
ဖြေ ။ ။ ကျနော်တို့အနေနဲ့က ဒါနဲ့ ပတ်သက်ပြီး နောက်ထပ် Training တွေ ဆောင်ရွက်နေတာတွေ ရှိပါတယ်။ အိန္ဒိယ နိုင်ငံတင် မကပဲ ဒီအပြင် နိုင်ငံ ၁ နိုင်ငံမှာလည်း Training တွေ ဆောင်ရွက်နေတာ ရှိပါတယ်။ ဒါလည်း ၂ နှစ်၊ ၃ နှစ် လောက် ရှိပါပြီ။ Training တွေ Advanced Training တွေပေါ့နော်။ ဆောင်ရွက်နေတာ ရှိတယ်။ ပြီးရင် ဒီဟာနဲ့ ပတ် သက်ပြီးတော့ကျ ရေငုပ်သင်္ဘောတပ်ဖွဲ့၊ ဒီတစင်းကို အခြေခံပြီး ရေငုပ်သင်္ဘောတပ်ဖွဲ့ တည်ထောင်ဖို့အတွက်လည်း ရည်မှန်းချက်များ အစီအစဉ်များလည်း ရှိပြီး ဖြစ်ပါတယ်။
အခုဝယ်လိုက်တာက TYPE 877 EKM အမျိုးအစား၊ တော်ပီဒိုသည် Wire guided ဖြစ်ပါတယ်။ Wire guided ဆိုတာက ပြောရမယ်ဆိုရင် ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ မူလဟာက တော်ပီဒိုကို ပစ်လိုက်ရင်၊ သေချာချိန်ပြီး ပစ်လိုက်တယ် အဲဒီ တော်ပီ ဒိုကို လိုက်ထိန်းလို့ မရတော့ဘူး။ ပစ်လွှတ်ပြီးရင် ပြီးပြီ။
Wire guided တော်ပီဒိုဆိုတာက တော်ပီဒိုရဲ့ နောက်မှာ ဝါယာကြိုးပါတယ်။ အဲဒီဝါယာကြိုးကတဆင့် တော်ပီဒိုကို ကိုယ်လို သလို ထိန်းလို့ရတယ်။ ဘယ်ကွေ့လို့ရတယ်။ ညာကွေ့လို့ ရတယ်။ ပစ်မှတ်ကို မရောက်မခြင်း ထိန်းသွားလို့ရတယ်။ အဲဒါကို ဆိုလိုခြင်း ဖြစ်တယ်။
ပစ်ပြီးတာနဲ့ ပြီးသွားတာ မဟုတ်ဘူး။ ပစ်ပြီးတာနဲ့ ထိချင်ထိ မထိချင်နေ မဟုတ်ဘူး။ ပစ်ပြီးတာနဲ့ ပစ်ကတည်း ကလည်း စချိန်ပြီး ပစ်လိုက်တယ်။ ဟိုဘက် ရန်သူ့စစ်ရေယာဉ်က ကိုယ်ချိန်ဆထားသလို ရှေ့သွားနေတာ မဟုတ်ဘဲနဲ့ နောက်ကို ရွေ့သွားတယ်ဆိုရင်လည်း Wired Guided က လိုက်ထိန်းပေးလို့ရတယ်။ ဘယ်ကွေ့ ညာကွေ့ အထက်တက် အောက်ဆင်း အဲဒီလို လုပ်လို့ရတဲ့ဟာမျိုး ဖြစ်တယ်။
မေး ။ ။ ဘာလို့ မင်းရဲသိင်္ခသူ ဆိုတဲ့ နာမည်ကို ပေးရတာလဲ။
ဖြေ ။ ။ မင်းရဲသိင်္ခသူ ဆိုတာကတော့ သမိုင်းထဲမှာ ရှိပြီး ဖြစ်ပါတယ်။ ဘွဲ့နာမည် ဖြစ်တယ်။ အဲဒီအပေါ်မှာ မသိကြမှာ စိုးလို့ တက်ရေးနေကြတာ ရှိပါတယ်။ မင်းရဲသိင်္ခသူဆိုတဲ့ နာမည်က မြန်မာနိုင်ငံမှာရှိတဲ့ သူရဲကောင်းပေါ့နော်။ သူရဲကောင်း ရဲ့ ဘွဲ့အရည်အချင်း ဖြစ်ပါတယ်။ မင်းရဲသိင်္ခသူဆိုတာက နာမည်ထက် ဘွဲ့ပေါ့နော်။ စစ်တိုက်ရာမှာ ထူးချွန်တဲ့သူတွေကို ရှေးဘုရင်တွေပေးတဲ့ ဘွဲ့အမည် ဖြစ်တယ်။
မေး ။ ။ အခုလို ရေငုပ်သင်္ဘော ပိုင်တဲ့အတွက် တပ်မတော်(ရေ)အတွက် ဘာတွေ တိုးတက်ပြောင်းလဲလာတယ်လို့ ပြောနိုင်သလဲ။
ဖြေ ။ ။ ကျနော်တို့ကတော့ တပ်မတော်(ရေ)ရဲ့ စစ်ဆင်ရေးမှာ ၃ မျိုး ရှိတယ်။ နံပါတ်တစ်ကတော့ ရေပေါ် စစ်ဆင်ရေး ပေါ့။ ရေပေါ် စစ်ဆင်ရေးဆိုတာ ဝေဟင်ကနေ ရေပြင်စစ်ဆင်ရေးပေါ့။ အဓိကကတော့ လေတပ်ကနေ လုပ်လို့ရတာ ရှိ တယ်။ ပြီးရင် ရေတပ်ဖွဲ့ပိုင်တဲ့ လေတပ်တွေကနေ လုပ်လို့ ရတာရှိတယ်။ ဒါတွေကတော့ ကျနော်တို့ဆီမှာက တပ်မတော် (လေ)ရဲ့ စွမ်းအင် မြင့်တင်ထားတဲ့အတွက် မြန်မာနိုင်ငံအနေနဲ့ ရေပြင်အပေါ်က စစ်ဆင်ရေးကို ဆောင်ရွက်နိုင်တဲ့ စွမ်းရည် က ရှိပြီး ဖြစ်တယ်။
နောက်ပြီး ရေပြင်စစ်ဆင်ရေးပေါ့။ ရေပြင်စစ်ဆင်ရေးကျ သဘောၤတွေက လုပ်မှာပေါ့။ ဒါတွေလည်း ဆောင်ရွက်ထားတယ်။ ကျနော်တို့ လိုနေတာ ရေအောက် စစ်ဆင်ရေး၊ ရေအောက် စစ်ဆင်ရေးကို ကျနော်တို့ မလုပ်နိုင်သေးဘူး။ ဒီအလွှာ သုံးလွှာလုံးကို လုပ်နိုင်မှ တပ်မတော်(ရေ) ဆိုတာက ပြီးပြည့်စုံတာ ဖြစ်တယ်။
ခေတ်မီတောင့်တင်းတဲ့ တပ်မတော်ဖြစ်လာတာ ဖြစ်တယ်။ အခုအချိန်မှာတော့ ဒီသင်္ဘောကို ပိုင်တဲ့အတွက် ရေပေါ် စစ် ဆင်ရေး၊ ရေပြင်စစ်ဆင်ရေး၊ ရေအောက်စစ်ဆင်ရေး အလွှာ ၃ လွှာ စလုံးကို ဆောင်ရွက်နိုင်ပြီဖြစ်တယ်။
ဒီရေငုပ်သင်္ဘောဟာ တကယ့်ခေတ်မီနိုင်ငံကြီးတွေတောင်မှ စုံစမ်းထောက်လှမ်းဖို့ ခက်တာဖြစ်တဲ့အတွက် ဒီရေငုပ် သင်္ဘောကို ပိုင်ဆိုင်ခြင်းအားဖြင့် တော်ရုံတန်ရုံ ရန်ပြု ကျူးကျော်ချင်တဲ့သူတွေအနေနဲ့ ဒီရေပြင်ပိုင်နက်ကို ကျူးကျော်ဖို့ ဆိုတာကို တော်တော်ကို စဉ်းစားရမှာဖြစ်ပါတယ်။
စစ်မတိုက်ဘဲနဲ့ ရန်သူက မိမိရဲ့ အင်အားကို ကြည့်ပြီးတော့ စစ်မတိုက်ရဲအောင်၊ သူ့ကိုတော့ သွားမစနဲ့ဆိုတဲ့ အယူအဆမျိုး ဖြစ်လာအောင် လုပ်နိုင်ဖို့ဆိုတာက စွမ်းရည်ထက်မြက်တာ ပိုင်ဆိုင်ထားမှ ဖြစ်တယ်။ ဒါကြောင့်မိုလို့ ကျနော်တို့အနေနဲ့ ဒီရေအောက်စစ်ဆင်ရေးကို ဆောင်ရွက်လာနိုင်တဲ့အခါမှာ ဒီစွမ်းရည်တွေကို ပိုင်ဆိုင်လာမှာ ဖြစ်တယ်။
ပြီးရင် ကျနော်တို့အနေနဲ့က မြန်မာနိုင်ငံရဲ့ စီးပွားရေးဇုန်တွေပေါ့ ။ သီးသန့်စီးပွားရေးဇုန်အထိ တိုးမြင့်ပြီး ကာကွယ်နိုင်မှာ။ ဘာကြောင့်လဲဆိုတော့ လက်တွေ့စမ်းသပ်ခဲ့ပြီး ဖြစ်တယ်။ အိန္ဒိယနဲ့ မြန်မာနိုင်ငံနဲ့ကြားမှာ အခုရေငုပ်သင်္ဘောက ၅ ကြိမ် လောက် အသွားအပြန် လုပ်ခဲ့ပြီး ဖြစ်တယ်။ ဒါကြောင့် စီးပွားရေးဇုန် နယ်မြေအထိ စိုးမိုးဖို့ဆိုတာက သိပ်ပြီး ခက်ခဲတဲ့ အကြောင်းအရာတော့ မဟုတ်ပါဘူး။
မေး ။ ။ ရေငုပ်သင်္ဘောပါတဲ့ စစ်ရေးလေ့ကျင့်ခန်းကို ဘယ်နေရာမှာ ဆောင်ရွက်ခဲ့တာပါလဲ။ တပ်ချုပ်ကိုယ်တိုင်လည်း တက်ရောက်ခဲ့တာလည်း တွေ့ ရလို့ပါ။
ဖြေ ။ ။ ရေငုပ်သင်္ဘောနဲ့ အတူ စစ်ရေးလေ့ကျင့်ဖို့ ရေယာဉ် ၁၂ စင်းနဲ့ ဆောင်ရွက်ခဲ့တယ်။ အဲဒါကတော့ ကိုကိုးကျွန်းနဲ့ ရန်ကုန်မြစ်ဝအကြားမှာ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ၁၂ရက်ကနေ ၁၅ ရက်နေ့အထိ လုပ်ခဲ့တယ်။ မနေ့က ၁၅ ရက်နေ့ ကတော့ လေ့ကျင့်ခန်း ပြီးလို့မိုလို့။ ရေငုပ်သင်္ဘော အပါအဝင် ရေတပ်စခန်းဌာနချုပ်ကို ပြန်ဝင်လာတာ ဖြစ်တယ်။ ပြန်ဝင် လာတဲ့ အချိန်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ သွားရောက်ပြီး ဂုဏ်ပြုစကား ပြောကြားခဲ့တယ်။ လေ့ကျင့်ခန်း နဲ့ ပတ်သက်ပြီး စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။
You may also like these stories:
တရုတ်နဲ့ ဝေးရာ နေရန် ဘင်္ဂလားဒေ့ရှ်ကို အမေရိကန် မြှူဆွယ်
မြန်မာပြည်တွင် စစ်သုံ့ပန်းများအား ရောင်းကုန်ပြုလုပ်ခြင်း
မြန်မာပါဝင်သည့် Caucasus-2020 စစ်ရေးလေ့ကျင့်မှု စတင်