ကရင်နီအမျိုးသားတိုးတက်ရေး ပါတီ (KNPP) က ကယားပြည်နယ်မှာ ရှိတဲ့ ပြည်သူတွေ အနေနဲ့ ၂၀၂၀ ခုနှစ်၊ အထွေထွေ ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီထက် ဒေသခံ ကယားပါတီတွေကို မဲပေးဖို့ ပြောဆိုပါတယ်။
KNPP အနေနဲ့ ကယားပါတီတွေအပေါ် ထောက်ခံရတဲ့ အကြောင်းအရင်း နဲ့ ရွေးကောက်ပွဲနောက်ပိုင်း အာဏာရလာမယ့် အစိုးရသစ်အပေါ် မျှော်လင့်ချက်တွေနဲ့ပတ်သက်လို့ ဧရာဝတီ အကြီးတန်း သတင်းထောက် နန်းလွင်နှင်းပွင့်က KNPP ရဲ့ အထွေထွေ အတွင်းရေးမှူး ဦးရွှေမျိုးသန့်ကို ဆက်သွယ်မေးမြန်းထားပါတယ်။
မေး။ ။ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးနေတဲ့ ကာလမှာ ကိုယ်စားလှယ်လောင်းတွေက ကျေးရွာတွေထိ စည်းရုံးရေး ဆင်းနေတာ ဆိုတော့ အောက်ခြေတပ်ဖွဲ့တွေကို ရွေးကောက်ပွဲနဲ့ ပတ်သက်ရင် ဘယ်လိုညွှန်ကြားထားပါသလဲ။
ဖြေ ။ ။ ရွေးကောက်ပွဲနဲ့ ပတ်သက်ရင် ပြည်သူတွေ မဲပေးနိုင်ဖို့ ရွေးကောက်ပွဲဆိုတာ အရေးကြီးတယ်ဆိုတာ ကျနော်တို့ လက်ခံတယ်။ ပြည်သူတွေ အားလုံးမဲပေးဖို့ လိုအပ်တယ်ဆိုတာလည်း ကျနော်တို့ သဘောတူတယ်။ ပွင့်ပွင့် လင်းလင်း ပြောရမယ်ဆိုရင် တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့တော့ ကျနော်တို့ လိုလားတယ်။ ဒီအပေါ်မှာ ကျနော်တို့ နယ်မြေထဲ ကျနော်တို့ ထိန်းချုပ်တဲ့နေရာတွေထဲ သွားလာရင် တချို့ကျတော့ ကော်မရှင်တွေက သူတို့ မဲပစ္စည်းတွေ ထားတာဆိုရင် လုံခြုံရေးနဲ့သွားရတယ်။ အဲဒီလိုဆိုရင် ကျနော်တို့ကတော့ တနယ်လုံးကို ခွင့်ပြုတယ်။ ဥပမာ ကျနော်တို့ တချို့နေရာတွေက ကျနော်တို့တပ်ဖွဲ့ဝင်တွေ ရှိတယ်။ အဲဒီလိုနေရာတွေဆိုရင်တော့ ဘယ်နေ့ ဘယ်ရက်မှာ သွားမယ်။ ဘယ်လမ်းကြောင်းတွေကို သွားမယ်၊ လုံခြုံရေးတပ်ဖွဲ့ဝင် အင်အား ဘယ်လောက်နဲ့သွားမယ်ဆိုတာမျိုးကိုတော့ အကြောင်းကြားပြီး သွားပါလို့၊ ကျန်တာတော့ ကျနော်တို့ ခွင့်ပြုပါတယ်လို့ ကျနော်တို့ အောက်တိုဘာ ၁၅ ရက်ကပဲ စာထုတ်ပေးလိုက်ပါတယ်။ ကျနော်တို့မှာက ပြည်ထဲရေးနဲ့ကာကွယ်ရေးဆိုပြီး တပ်ဖွဲ့ဝင်က ၂ မျိုးရှိတယ်။ အကုန်လုံး ကိုလည်း စာဖြန့်ပါမယ်။ သက်ဆိုင်ရာ တာဝန်ရှိတဲ့ ခေါင်းဆောင်တွေကိုလည်း ကျနော်တို့ အသိပေးလိုက်ပါပြီ။
မေး ။ ။ ရွေးကောက်ပွဲကာလ အတောအတွင်းမှာ တပ်မတော်ဘက်က တပ်အင်အားတိုးလာတာ၊ စစ်ရေးလှုပ်ရှားမှု အခြေအနေရော ဘယ်လို ရှိပါသလဲ။
ဖြေ။ ။ ရှိပါတယ်။ ရှိတယ်ဆိုတာက နေရာမှာ အင်အားတိုးချလာတာတွေလည်း တွေ့ပါတယ်။ အကြောင်း ၂ မျိုး ရှိတယ်လို့တော့ ကျနော်တို့ သိရတယ်။ တပိုင်းကတော့ ရွေးကောက်ပွဲ ကာလ တည်ငြိမ်မှုပေါ့။ နောက်တပိုင်းကတော့ တပ်ဖွဲ့ဝင်တွေ မဲပေးနိုင်ရေးနဲ့ ဆိုင်တယ်လို့ သိရပါတယ်။ အဲဒီအပေါ် အခြေခံပြီး နယ်မြေအပေါ် တာဝန်ရှိသူတွေက ကျနော်တို့ကို အသိပေးပါတယ်။ ရွေးကောက်ပွဲ ကာလကို တည်ငြိမ်အေးချမ်းရေးနဲ့ သူတို့ မဲပေးဖို့ ဆိုတဲ့ အကြောင်း ၂ ချက် တော့ သိရပါတယ်။
တဖက်မှာ သူတို့က တရားဝင် အကြောင်းကြားထားတော့ ကျနော်တို့လည်း သူ့နေရာသူနေ၊ ကိုယ့်နေရာ ကိုယ်နေပေါ့။ လက်ရှိမှာတော့ တဖက်နဲ့ တဖက် တင်းမာစရာတော့ မရှိပါဘူး။ တဖက်ရှိတဲ့ နေရာကို တဖက်က အင်အားနဲ့ ဝင်ရောက် လာတယ် ဆိုရင်တော့ မပြောတတ်ဘူး။ အခုကတော့ သူ့နေရာ သူနေ၊ ကိုယ့်နေရာ ကိုယ်နေဆိုတော့ ပြဿနာ မရှိပါဘူး။
မေး ။ ။ ရွေးကောက်ပွဲ ကာလမှာ တပ်မတော်၊ တပ်ဖွဲ့တွေ အင်အားတိုးလာတာကို တချို့ပြည်နယ်က ကိုယ်စားလှယ် လောင်းတွေက ဝေဖန်ကြတာရှိတယ်။ ရက် ၉၀ နဲ့ မဲလက်မှတ်တွေ များလာတယ်ဆိုပြီးပေါ့။ ကယားမှာရော တပ်မတော် ဘက်က အင်အားတွေတိုးလာတယ်ဆိုတော့ ဘယ်လို သုံးသပ်ချက် တွေ ရှိပါသလဲ။
ဖြေ။ ။ ကျနော်တို့ သိရသလောက်ကတော့ မူလမဲပေးပိုင်ခွင့်ရဲ့ ၂ ဆ မြင့်တတ်လာတာကိုတော့ တွေ့ရတယ်။ ကျနော်တို့ မြင်တာကတော့ တချို့ မဲဆန္ဒနယ်တွေက လူဦးရေ နည်းပါးတယ်။ အဲဒီလို နယ်မြေတွေမှာ တစုံတရာ သက်ရောက်မှု ရှိနိုင်တယ်လို့ကျနော်တို့မြင်တယ်။ ကျနော်တို့ တွေးတော့ တွေးမိပါတယ်။ ဒါပေမယ့် ပွင့်ပွင့်လင်းလင်း ပြောရရင် ကျနော်တို့က သက်ဆိုင်ရာနိုင်ငံရေးပါတီ လမ်းကြောင်း မဟုတ်တော့ ကျနော်တို့ အနေနဲ့ကတော့ ပြောဖို့ ခက်ပါတယ်။
အခုက သူတို့ တပ်မိသားစုဝင် အပါအဝင်ဆို ၅၀၀၀ ကျော် ဝန်းကျင်ထိ တိုးလာတဲ့ သဘောပါ။ နဂိုက ကျနော်တို့ ခန့်မှန်း တွက်ချက်ထားတာ ဆိုရင် ၃၀၀၀ ပတ်ဝန်းကျင်ပဲရှိတာပေါ့။ အခုက ၅၅၀၀ လောက်ထိ တိုးလာတဲ့ သဘောဖြစ်ပါတယ်။
မေး။ ။ ဒီနှစ်မှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အချို့က ဒေသခံ ကိုယ့်လူမျိုးပါတီကို မဲပေးဖို့စည်းရုံး ပြောဆိုတာတွေ တွေ့ရတယ်။ KNPP အနေနဲ့ရော ဘယ်လို အခြေအနေ ရှိပါသလဲ။
ဖြေ။ ။ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် တိုင်းရင်းသားလက်နက်ကိုင်က တိုင်းရင်းသားပါတီကို ထောက်ခံတာက တရားမျှတပါတယ်။ သူ့မှာ ထောက်ခံစရာ သူနဲ့သက်ဆိုင်တဲ့ တိုင်းရင်းသား အချင်းချင်းပဲရှိမှာပေါ့နော်။ ဒါပေမယ့် အတင်း အကြပ် လူထု ဆန္ဒမပါပဲ အတင်းအကြပ် ထည့်ပါ၊ ပြုပါတို့ကတော့ ကျနော်တို့က မလုပ်ပါဘူး။ မူအားဖြင့်ကတော့ ကျနော် တို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဖြစ်တဲ့ အတွက်ကြောင့် အားနည်းတဲ့ တိုင်းရင်းသားပါတီကို ထောက်ခံရမှာ ကျနော် တို့ရဲ့ တာဝန်ပါပဲ။
ကျနော်တို့က လက်တွေ့ အစိုးရ နှစ်ဆက်လုံးကို ဖြတ်သန်းခဲ့ရတယ်။ တကယ်အားမနာတမ်း ယှဉ်ပြောရရင် ပြီးခဲ့တဲ့ အစိုးရကတောင် ကျနော်တို့နဲ့ အဆက်အဆံ လုပ်သေးတယ်။ ဒီအစိုးရ လက်ထက်မှာ ဒီမိုကရေစီအစိုးရလည်း ပြောတယ်။ ကျနော်တို့ကိုယ်တိုင်က သူတို့ကို မဲပေးပါ။ သူတို့ အနိုင်ရသင့်တယ်ဆိုပြီး ဝန်းရံပေးခဲ့တယ်။ ဒါပေမယ့် ကျနော်တို့ကို လှည့် မကြည့်ဘူးဗျ။ ပစ်ထားခဲ့တယ်။
အဲဒီတော့ ကျနော်တို့က အားမနာတမ်းဝေဖန်ရရင် ပြီးခဲ့တဲ့ အစိုးရလောက်တောင် အဆင် မပြေဘူး ဒီအစိုးရကလေ။ ဒါကတော့ နိုင်ငံရေးအရ အားနာစရာမလိုဘူး။ တည့်တည့်ပြောရမယ့် ကိစ္စပေါ့။ ဒါ့ကြောင့် နောင်လာမယ့် အစိုးရကတော့ ကျနော်တို့နဲ့ဆက်ဆံရေး အဆင်ပြေတဲ့ တိုင်းရင်းသားပါတီတွေ အားကောင်းကောင်းနဲ့ ပါလာနိုင်တဲ့ အခြေအနေကို ကျနော်တို့ လိုချင်တယ်။ ဒါမှလည်း ငြိမ်းချမ်းရေးက ပိုပြီး လက်တွေ့ ကျလာမယ်။ ဒီအစိုးရနဲ့ ဒီအတိုင်းဆက်သွားမယ်ဆိုရင် ငြိမ်းချမ်းရေးက နောက်ဆုတ်သွားစရာပဲရှိတယ်။ ရှေ့ဆက်တိုးစရာလည်းမရှိဘူး။
မေး။ ။ ဒါနဲ့ တဆက်တည်း မေးချင်ပါတယ်။ ငြိမ်းချမ်းရေးအတွက် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ချုပ်ဆိုဖို့ လာမယ့် အစိုးရသစ်မှာ ညှိနှိုင်းကြမယ်ဆိုရင် KNPP က ဘယ်လိုအခြေအနေ၊ ညှိနှိုင်းမှုကို လိုချင်တာပါလဲ။
ဖြေ ။ ။ NCA မှာ အဓိက ကျနော်တို့ ထောက်ပြနေတဲ့ အပိုင်းက တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးလို့ ပြောတဲ့ အတွက် တကယ်လက်နက်ကိုင်ထားတဲ့ လူတွေနဲ့ တကယ်ငြိမ်းချမ်းရေးကို ဆောင်ကျဉ်းနိုင်မယ့် အင်အားစုတွေ ပါဖို့ လိုပါတယ်။ အခု သွားနေတဲ့ အုပ်စုတွေက လက်နက်ကိုင်အင်အားကို ရာခိုင်နှုန်းနဲ့ တွက်ကြည့်မယ်ဆိုရင် အခု လက်မှတ်ထိုးထားတဲ့ အဖွဲ့က ၃၀ ရာခိုင်နှုန်းလောက်ပဲရှိတယ်။ တကယ်တမ်း လက်နက်ကိုင်ထားပြီး အပြင်မှာ ကျန်ခဲ့တာက ၇၀ ရာခိုင်နှုန်း လောက် ရှိတယ်။ ဒီလူတွေနဲ့ သေချာ မညှိမနှိုင်းဘဲနဲ့ ရသလောက်နဲ့ သွားမယ်ဆိုရင် ဘယ်လိုှမှ မဖြစ်နိုင်ဘူး။
ကျနော်တို့ တောက်လျှောက် ပြောလာခဲ့တယ်။ အားလုံး သေသေချာချာ ညှိညှိနှိုင်းနှိုင်းနဲ့ အတူတကွ သွားရအောင်၊ အားလုံး ပါဝင်ရေးကို ကြိုးစားပြီး ညှိပါ။ နောက်တခုက တနိုင်ငံလုံး အပစ်ရပ်ရေး လက်မှတ်ထိုးတယ်ဆိုတာက နိုင်ငံရေး အရ မျှော်လင့်ချက် ကြီးကြီးမားမား ထားပြီးတော့ နိုင်ငံရေးအကူးအပြောင်းအတွက် ပါဝင်ဆောင်ရွက်နိုင်မယ် ဆိုပြီး လက်မှတ်ထိုးကြရမှာပါ။ တကယ်တမ်း ပြောရင် အခု လက်မှတ် ထိုးထားတဲ့ ၁၀ ဖွဲ့နဲ့ လုပ်နေကိုင်နေတဲ့ ကိစ္စတွေကလည်း ဘာမှ ကျေနပ်အားရ လောက်စရာ ဖြစ်မလာဘူး။ အချို့စည်းကမ်းချက်တွေကိုလည်း တကယ် မလိုက်နာနိုင်ကြဘူး။ သေချာ ပြန်ညှိကြဖို့ လိုပါတယ်။
နောက်တက်လာမယ့် အစိုးရလက်ထက်မှာ တပ်ရော အစိုးရရော တိုင်းရင်းသားလက်နက်ကိုင်ရော ပြန်ပြီးတော့မှ သေချာ လိုက်နာနိုင်မယ့် အခင်းအကျင်း၊ နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်တဲ့ အခါမှာလည်း ပိုပြီး လက်တွေ့ကျအောင် စနစ်တကျ ပိုဖြစ်အောင် နိုင်ငံရေးမူဘောင်တွေ ရေးဆွဲဖို့ ဒါတွေကို ပြင်ရဦးမယ်။ ကျနော်တို့က ဒါကို ကြည့်ဖို့ လိုသေးတယ်။ ကျနော်တို့ ပြည်နယ်မှာ ဖြေရှင်းလို့ မပြီးသေးတဲ့ ပြဿနာတွေ ရှိသေးတယ်။ ဒါတွေလည်း ဖြေရှင်းဖို့ လိုတယ်။ အားလုံးပြေလည်မှပဲပေါ့။ ကျနော်တို့က မျှော်လင့်ချက်လေး တစုံတရာ တပိုင်းတစလေးနဲ့ လက်မှတ် ထိုးတာမျိုး မဟုတ်ဘဲ အားလုံးစိတ်ကျေနပ်မှု ရှိရှိနဲ့ ပြည်သူလူထု ထောက်ခံမှုနဲ့ လိုအပ်တဲ့ အခင်းအကျင်းတွေ ပြင်ဆင်ပြီး ပြောကြဆိုကြ လုပ်ကြကိုင်ကြတဲ့ အဆင့်ကိုတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
မေး။ ။ ပြည်နယ်မှာ ဖြေရှင်းလို့ မပြီးသေးတဲ့ ပြဿနာတွေဆိုတာက ဘယ်အကြောင်းအရာတွေကို ဆိုလိုတာပါလဲ။
ဖြေ။ ။ ကျနော်တို့ ရဲဘော်တွေ အသတ်ခံလိုက်ရတဲ့ ကိစ္စပါ။ အခုထိ ဟိုကရှင်းမလို ဒီက ရှင်းမလိုနဲ့ ဟိုရွှေ့ ဒီရွှေ့နဲ့ လုပ်နေတာတွေက အခုထိကို မရှင်းရသေးဘူး။ အဲဒီလို ကိစ္စမျိုးတွေ နောက်တခုက တောင်သူလယ်သမားနဲ့ တပ်နဲ့ အမှု ရင်ဆိုင်နေရတဲ့ ကိစ္စတွေပါ။ ဒါတွေက ကျနော်တို့ကတော့ လူထုဘက်ကနေပဲ ကြည့်ရမယ်။ လူထုက တောက်လျှောက် ဖိနှိပ်ခံနေရရင် ကျနော်တို့က ငြိမ်းချမ်းရေးပါတယ်ဆိုတဲ့ ပုံစံနဲ့ ဘယ်လို လက်မှတ်ထိုးမှာလဲ။
အလားတူအရင်တုန်းက အစိုးရနဲ့ လူငယ်တွေ အရပ်ဘက်အဖွဲ့အစည်းတွေ လူထုကြားမှာ ဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်ကြေးရုပ် ကိစ္စ တွေက ပြေပြေလည်လည်နဲ့ ပြီးသွားတာတွေ မဟုတ်ဘူး။ တဖက်သတ် သြဇာအာဏာနဲ့ ဖိနှိပ်လိုက်ပြီး ကန့်ကွက်တာ တွေကို ရပ်ဆိုင်းအောင် လုပ်လိုက်တဲ့ သဘောပဲ ရှိတယ်။ ကျေကျေနပ်နပ်နဲ့ ပြီးလိုက်တဲ့ ကိစ္စတော့ မဟုတ်ဘူး။ အလား တူ တခြားပြဿနာတွေ လည်း ရှိတယ်။ ဒီလိုကိစ္စတွေကို ဆိုလိုတာ ဖြစ်ပါတယ်။ ပြည်နယ်မှာ ရှိတဲ့ လူထုက တအုံ့ နွေးနွေးနဲ့ ဖြစ်နေတယ်။ ကျနော်တို့ ပြည်နယ်မှာဆိုရင် NLD ကိုထောက်ခံမှု ကျဆင်းလာတာက ဒါတွေရဲ့ ရလာဒ်ပါပဲ။
မေး ။ ။ တကယ်လို့ အစိုးရသစ် လက်ထက်မှာ အခုပြောတဲ့ ပြဿနာတွေကို ဖြေရှင်းပေးမယ်ဆိုရင် KNPP က NCA ထိုးမှာလား။ ဒါမှမဟုတ် မြောက်ပိုင်းက လက်နက်ကိုင်တပ်ဖွဲ့တွေ တောင်းဆိုသလို အပစ်ရပ်စာချုပ်သစ် တခုကိုရော မျှော်လင့်တာရှိပါသလား။
ဖြေ။ ။ ကျနော်တို့က နှစ်ပိုင်းခွဲပြီး စဉ်းစားပါတယ်။ တဖက်က ပြည်နယ်မှာ ရှိတဲ့ ပြဿနာတွေ ပြေလည်ဖို့ လိုသလို နောက်တပိုင်းကတော့ ပိုပြီး ပုံရိပ်ချဲ့ကြည့်မယ်ဆိုရင် အားလုံးပါဖို့ လိုတယ် ဆိုတဲ့ နေရာမှာလည်း ကျနော်တို့ လက်နက် ကိုင် အင်အားစုတွေ ကြားမှာလည်း ဘုံရည်မှန်းချက် အကြီးကြီးမှာ တူပေမယ့် သွားပုံသွားနည်း၊ လုပ်ထုံးလုပ်နည်းတွေကတော့ ကွဲတာရှိပါတယ်။ အဲဒါတွေအပေါ်မှာ တဖက်မှာလည်း မြောက်ပိုင်းအဖွဲ့တွေ စာချုပ်အသစ် သဘော တင်ပြပေမယ့် ဒါက သူတို့ အယူအဆ၊ သူတို့ အခြေအနေနဲ့ ကိုက်ညီတာမျိုးပေါ့။ ဝတို့ မိုင်းလားတို့လည်း ပါတာကိုး။ ကျနော်တို့ကျတော့ NCA စာချုပ်ကို ညှိတုန်းကလည်း ကျနော်တို့ ပါတယ်။ ၂၀၁၅ အထိ ကျနော်တို့ ဝင်ညှိခဲ့တယ်။
NCA စာချုပ်က အထဲမှာ ရေးထားတဲ့ ဖော်ပြထားတဲ့ အပိုဒ်တွေကို တကယ်ပဲ နှစ်ဦးနှစ်ဖက်က ကျေကျေလည်လည်နဲ့ စေတနာ ကောင်းကောင်းနဲ့ အဓိပ္ဗာယ်ကို အတူတကွ ဖွင့်ဆိုမယ်ဆိုရင် မဖြစ်နိုင်စရာ မရှိဘူး။ အလုပ်ဖြစ်တယ်။ ဒါပေမယ့် စာချုပ်ပါ အချက်အလက်တွေကို ကိုယ့်ဘာသာကိုယ် အဓိပ္ပာယ်ဖွင့်ပြီး ကိုယ့်စည်းကမ်းချက်တွေ ကိုယ်ဖွင့်တော့ စာချုပ် ပေါ်မှာ လက်မှတ်ထိုးပေမယ့် ပြန်ညှိလို့မရတဲ့ ပြဿနာတွေ ဖြစ်ကြတယ်။
မြောက်ပိုင်းအဖွဲ့ကတော့ သူလိုအပ်လို့ တင်ပြတယ်ဆိုပေမယ့် နောက်ပိုင်းမှာ စာချုပ်သစ်နဲ့ ပတ်သတ်လို့ တင်ပြတဲ့ အပေါ်မှာ နောက်ပိုင်းမှာတော့ တွန်းတွန်းတိုက်တိုက် မတွေ့ရဘူးပေါ့။ ကျနော်တို့ကတော့ NCA စာချုပ်မှာ အထဲမှာ ရေးတာက လူတိုင်းက စေတနာနဲ့ သေချာစဉ်းစားပြီး တကယ်လုပ်ရင် အဲ့စာချုပ်က အလုပ်ဖြစ်တယ်။ ပြဿနာက ကိုယ်လိုရာ အဓိပ္ပာယ်ဖွင့်ပြီး လိုသလို ဆုံးဖြတ်နေကြလို့ ဖြစ်ပါတယ်။
မေး။ ။ ရွေးကောက်ပွဲပြီးနောက် အာဏာရလာမယ့် အစိုးရသစ်ကို တိုင်းရင်းသားအရေး၊ ငြိမ်းချမ်းရေးနဲ့ပတ်သက်ရင် ဘာတွေအကြံပြုချင်ပါသလဲ။
ဖြေ။ ။ NCA စာချုပ်မှာ မှားခဲ့တဲ့ အမှားက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်ဆံရေး တည်ဆောက်တဲ့ နေရာမှာ ပြည်ထောင်စုအစိုးရရဲ့အခန်းကဏ္ဍ ပျောက်နေတယ်။ တခါတလေ ပြည်ထောင်စု ညီလာခံ ဆိုတာက ၆ လ ၁ ကြိမ် ပြောပေမယ့် ၁ နှစ်မှ ၁ ကြိမ်တို့ ကြာသွားတယ်။ ကြားထဲမှာ တိုင်းရင်းသား လက်နက်ကိုင်တွေ ဆိုတာ ပြည်နယ် အလိုက် အခြေစိုက်ကြတာ။ ပြည်နယ်မှာ ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ကြတော့ ပြည်နယ် အစိုးရရဲ့ mandate က အဲဒီလောက် မရှိဘူး။ ပြီးခဲ့တဲ့ အစိုးရလက်ထက်တုန်းက နမူနာယူစရာ ကောင်းတဲ့ ဥပမာက ပြည်ထောင်စု ဝန်ကြီးတွေကို Focal Person တွေနဲ့ ချိတ်ထားပေးတာ။ တဖွဲ့ချင်းက ဖြစ်တဲ့ပြဿနာတွေကို ပြောလို့ရတယ်။
ပြည်ထောင်စုအစိုးရကလည်း လှိုက်လှိုက်လှဲလှဲ ဝင်ပြီး ဖြေရှင်းကူတယ်။ ဒီအစိုးရကျတော့ ပြည်နယ်မှာလည်း လုပ်ပိုင်ခွင့် မပေးထားဘူး။ ပြည်ထောင်စုအစိုးရကလည်း သူနဲ့ မဆိုင်သလိုနေတယ်။ ပါဝါကလည်း အရမ်းကို ဗဟိုချုပ်ကိုင်မှု ဖြစ် တယ်။ တဦးတယောက်ကပဲ ပါဝါကို ကိုင်ထားတော့ အလယ်အလတ်မှာ ရှိတဲ့ အဆင့်ပေါ့၊ အလယ်အလတ်ဆိုတာ ပြည်ထောင်စုအဆင့်ကို ပြောတာ ဖြစ်ပါတယ်။ သူတို့က ဖြေရှင်းရမယ့် ပြဿနာတွေ ငြိမ်းချမ်းရေး ညီလာခံ မတိုင်ခင် စပ်ကြားမှာ ဖြစ်နေတဲ့ ပြဿနာတွေ၊ ပြည်နယ်မှာ ငြိမ်းချမ်းရေး တည်ငြိမ်ရေးအတွက် ပြဿနာတွေ ဖြေရှင်းဖို့က ဒီအစိုးရ လက်ထက်မှာ ပျောက်သွားတယ်။
အဓိက ဘာ့ကြောင့်လဲ ဆိုတော့ NLD အစိုးရက တိုင်းရင်းသားတွေနဲ့ မဆက်ဆံလို့ပဲ။ NRPC က လူလောက်နဲ့ပဲ ဆက်ဆံတော့ တဖက်မှာ ပြည်နယ်တွေရဲ့ စီမံခန့်ခွဲဖို့ ကိစ္စတွေက ပြည်ထောင်စုနဲ့ တိုက်ရိုက် ဖြေရှင်းရမယ့် ကိစ္စတွေ ပြည်ထောင်စုကနေ ပြည်နယ်ကို ဆင်းပြီးတော့ ဝန်ကြီးဌာနဆိုင်ရာ အလိုက် စီမံခန့်ခွဲရမယ့် ကိစ္စတွေ ဌာနဆိုင်ရာ အရေးတွေပေါ့။ ဒီအခန်းကဏ္ဍတွေက လုံးဝ ပျောက်နေတယ်။
လာမယ့် အစိုးရသစ်မှာ တကယ်လို့ တိုင်းရင်းသားပါတီ တွေက ပြည်ထောင်စု အစိုးရ ၊ ပြည်ထောင်စုလွှတ်တော်မှာ ပါဝင်လာတဲ့ အနေအထားရှိရင် တိုင်းရင်းသားလက်နက်ကိုင်နဲ့ တိုင်းရင်းသားတွေက ပြည်ထောင်စုအဆင့် ပဲဖြစ်ဖြစ် လွှတ်တော်ကပဲ ဖြစ်ဖြစ် ဆက်ဆံရေးက ပိုကောင်းမွန် နိုင်တယ်လို့ ကျနော်မြင်တယ်။ အာဏာရပါတီတခုကနေပြီး စီမံခန့်ခွဲတာထက်စာရင် အားလုံးပေါင်းလို့ သင်းလို့ရတဲ့ ညွှန့်ပေါင်းအစိုးရ လိုမျိုး၊ တိုင်းရင်းသားပါတီတွေရော ပြည်မပါတီရော အချိုးကျစွာ ဖွဲ့ထားပြီးတော့ အထူးသဖြင့် တိုင်းရင်းသားတွေ အရေးကို တန်ဖိုးထားပြီး ပြည်ထောင်စုအဆင့်နဲ့ သေချာ ချိတ်ဆက်ပြီး ငြိမ်းချမ်းရေးကို သေချာ အကောင်အထည်ဖော်တဲ့ အစိုးရကိုပဲ ကျနော်တို့ လိုချင်ပါတယ်။
You may also like these stories:
ရခိုင်၌ ရွေးကောက်ပွဲ မကျင်းပနိုင်သည့်နယ်များ မထုတ်ပြန်သေးခြင်း ကိုယ်စားလှယ်လောင်းများ ဝေဖန်
“ပြည်သူတွေဟာ ဘယ်သူ့မှ ကြောက်စရာ မလိုတော့ဘူး”
တောင်ကုတ်ကိုယ်စားလှယ်လောင်းများ အဖမ်းခံရမှုအပေါ် အမြင်များ