ကိုဗစ်ပိုးတွေ့လူနာများကို သွေးရည်ကြည်ကုထုံးဖြင့် ကုသမှုမှာ ရာခိုင်နှုန်းအားဖြင့် မြင့်မြင့်မားမား အောင်မြင်မှု ရှိနေ သော်လည်း ကိုဗစ် ရောဂါ ဖြစ်ပွားသူ ဆက်တိုက်မြင့်မားလာနေသည်နှင့်အမျှ လူနာများကို ကုသနိုင်မည့် သွေးရည်ကြည် မှာ လိုအပ်ချက် ရှိလာသည်။
သွေးရည်ကြည်ကို ဖုန်းနံပါတ် ၀၉-၅၁ ၃၀၄၁၈၊ ၀၉-၅၄ ၀၂၀၉၈၊ ၀၉-၉၆၅၁၃၀၄၁၈ တို့ကို ဆက်သွယ် လှူဒါန်းနိုင်ကြောင်း လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တရားဝင်ထုတ်ပြန်ထားပြီးဖြစ်သည်။
သို့ဖြစ်ရာ မည်သည့်အခြေအနေတွင် သွေးရည်ကြည်ကုထုံးဖြင့် ကုသသည်နှင့် သွေးရည်ကြည်မည်မျှ လိုအပ်ချက် ရှိနေ သည်တို့ကို သိရှိနိုင်ရန်အတွက် သွေးရည်ကြည်ကုထုံး ကော်မတီဥက္ကဋ္ဌ၊ သွေးရောဂါ အထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာရဲမြကို ဧရာဝတီသတင်းထောက် သဇင်လှိုင်က ဆက်သွယ်မေးမြန်းထားပါသည်။
မေး ။ ။ ပြီးခဲ့တဲ့ ရက်က ကျန်းမာရေးဝန်ကြီးဌာနက သွေးရည်ကြည် အလှူရှင်ဖိတ်ခေါ်မှု လုပ်တာတွေ့တော့ လတ်တလော မှာ သွေးရည်ကြည် လိုအပ်ချက်က ဘယ်လောက်မြင့်မားလာလဲဆိုတာ သိချင်ပါတယ်ရှင့်။
ဖြေ ။ ။ သွင်းဖို့လိုတဲ့ လူနာက နေ့တိုင်းနေ့တိုင်း ရှိနေတယ်။ တစ်နေ့ကို အနည်းဆုံး ၄၊ ၅၊ ၆ ယောက်က အမြဲတမ်း ရှိရှိနေတယ်ပေါ့။ အလှူရှင်တွေ ပိုရရင် ပိုပြီးတော့ အဆင်ပြေတာပေါ့။ အခုကတော့ ပြန်ကောင်းသွားတဲ့ လူတွေကို တဦးချင်း ဆက်သွယ်ပြီးတော့ အလှူခံနေတာပေါ့။ လှူကြပါတယ်။ တစ်ခါတလေတော့ လူတိုင်းက မလှူနိုင်ဘူးပေါ့။
တချို့လည်း ရန်ကုန်မှာ မရှိတဲ့လူ ရှိတယ်၊ တချို့လည်း အသက်ကြီးတဲ့ လူတွေ ရှိတယ်ပေါ့။ ကျနော်တို့ ကြိုးစားရှာ တာတော့ တနေ့သုံး တနေ့ရှာ ဖြစ်နေတာပေါ့။ လူနာတွေကလည်း ဆက်တိုက်လာနေတာ ဆိုတော့ လာပြီး လှူမယ် ဆိုရင်တော့ ကျနော်တို့ အနေနဲ့ ပိုပြီး အဆင်ပြေသွားမှာပေါ့။
အခုကတော့ မိုးလင်းလာရင် နေ့တိုင်းနေ့တိုင်း ထွက်ရှာရတာပေါ့။ ဒီနေ့အတွက် ဘယ်နှယောက်လိုမလဲ၊ ဖုန်းဆက်၊ သူတို့ကို ကိုယ်တိုင်အလှူခံ အဲဒီလို လုပ်တာပေါ့။ သွေးလှူဘဏ်မှာ လှူသလို လာလှူနိုင်ရင်တော့ ကျနော်တို့ ဖုန်းနံ ပါတ်တွေ ပေးထားပါတယ်။
ဆက်သွယ်ပြီးတော့ Appointment ပေးရင်တော့ သက်သောင့်သက်သာနဲ့ မစောင့်မဆိုင်းဘဲ အကုန်လုပ်လို့ရတာပေါ့။ ရတော့ ရနေတယ် ဒါပေမယ့် နည်းနည်းလေး ခက်ခဲတာပေါ့။ တနေ့စာ အတွက် တနေ့ လိုက်ရှာရတော့လေ။ ဖိတ်ခေါ် လိုက်တော့ ဆက်သွယ်မယ်ဆိုရင် ကျနော်တို့ နည်းနည်း အဆင်ပြေသွားတာပေါ့။
မေး ။ ။ သွေးရည်ကြည် အလှူခံတဲ့ ဖိတ်ခေါ်ချက်မှာ ပြန်လည်ပျောက်ကင်းပြီး ၂၈ ရက် နောက်ပိုင်းဆိုတော့ ဒုတိယ လှိုင်းမှာ ကူးစက်သူတွေက ပြန်လှူလို့ရတဲ့ အခြေအနေရှိပြီလား။
ဖြေ ။ ။ ရှိပြီပေါ့။ စက်တင်ဘာ ၁၉ ရက် အရှေ့ပိုင်းက လူတွေဆို အကုန်ပြန်လှူလို့ ရနေပြီ။
မေး ။ ။ ဒုတိယလှိုင်းဖြစ်တုန်းက လှုတွေပါ လှူလို့ရပြီဆိုတော့ လှူနိုင်တဲ့ လူဦးရေ အရေအတွက်က ပိုးများလာပြီပေါ့။
ဖြေ ။ ။ ကြည့်လိုက်မယ်ဆိုရင်တော့ များလာမယ့် အနေအထားရှိတယ်။ ပကတိ နေကောင်းသွားပြီး ၂၈ ရက်ဆိုတော့ ၄ ပတ်ထားလိုက်ပါတော့။ ၁ လလောက်ဆိုရင် စလှူလို့ရပြီ။ ၁ လ ၊ ၂ လ၊ ၃ လ လောက်ထိ ဆက်တိုက် လှူသွားလို့ရတယ်။ ဒုတိယတကြိမ်၊ တတိအကြိမ် ဆက်လှူသွားလို့ရတာပေါ့။ ပထမလှိုင်းက လူတွေကတော့ လှူတာတွေ ရှိတယ်။ တဖက်က လည်း သူတို့သွေးထဲမှာ ပဋိပစ္စည်း အလုံအလောက် ရှိ၊ မရှိကိုလည်း ကျနော်တို့ စမ်းကြည့်တာပေါ့။ များသောအားဖြင့် ရှိတယ်။ ပဋိပစ္စည်း သိပ်မထွက်တဲ့ လူလည်းရှိတယ်။ ၄ လ နောက်ပိုင်းမှာဆိုရင်တော့ နည်းနည်းကျသွားတာ ရှိတယ်။ အခုကတော့ နေထိုင်ကောင်းပြီးတော့ ဆေးရုံဆင်းပြီး ၂၈ ရက်တိတိ နေကောင်းပြီ ဆိုရင် စပြီးလှူနိုင်ပြီ။
မေး ။ ။ သွေးရည်ကြည် ကုထုံးနဲ့ လက်ရှိ ဘယ်နှစ်ဦးထိ ကုသပေးနေလဲ။ အခြေအနေဘယ်လိုရှိလဲရှင့်။
ဖြေ ။ ။ ကျနော်တို့ ကုပေးတာ အယောက် ၁၀၀ ကျော်ပြီ ဒီနေ့ဒီရက်အထိ။ တချို့ကျတော့ ၂ ထုပ် သွင်းရတယ်။ အထူး သဖြင့် ရောဂါ သိပ်များတယ်ဆိုရင် ၂ ထုပ်သွင်းရတာပေါ့။ အဲဒီတော့ လိုနေတယ်။ ဒါကြောင့် ကျနော်တို့ စက်နဲ့ ထုတ် တယ်။
စက်နဲ့ထုတ်တယ် ဆိုရင် သွေးရည်ကြည်ကို ၄၀၀ စီစီကနေ ၆၀၀ စီစီလောက် ထုတ်ယူလိုက်တယ်။ သွေးနီဥတွေ အကုန် ပြန်သွင်းပေးလိုက်ရင် သူက သွေးအားလုံးဝ မနည်းဘူး။ သွေးရည်ကြည် ၁ ထုပ်ကို ၂၀၀ စီစီ ထည့်တယ်။ တခါ သုံးရင် ၁ ထုပ်ပေါ့။ ရောဂါ သိပ်များတဲ့လူကျရင် ၂ ထုပ် နောက်တနေ့ တခါထပ်သွင်းတယ်ပေါ့။
လှူတဲ့လူကလည်း သွေးရည်ကြည်ကိုပဲ လှူတော့ သွေးနီဥက ပြန်သွင်းပေးလိုက်တော့ သွေးအား မလျော့နည်းသွားဘူး။ ၂ ပတ်ကနေ ၄ ပတ်မှာ နောက်တခေါက် ပြန်လှူလို့ရတယ်။ ၃ ကြိမ်လောက်လှူလို့ရတဲ့ သဘောပေါ့။ အထူးသဖြင့် ကျန်းမာ နေတယ်၊ ကိုယ်အလေးချိန်လည်း ပြည့်တယ်ဆိုရင် လှူဖို့ ကောင်းတာပေါ့နော်။ အင်မတန်ကိုမှ သွေးရည်က တန်ဖိုး ရှိတယ်။ ကုသတဲ့ နေရာမှာ တော်တော်လေး အထောက်အကူ ဖြစ်ပါတယ်။
မေး ။ ။ ရှေ့ရက်က ဆရာတို့ပြောတာ သိရသလောက်ဆို ၇၃ ရာခိုင်နှုန်းလောက် အထိ အောင်မြင်တယ်လို့ သိရပါတယ်။ အခုက ဘယ်လောက် ရာခိုင်နှုန်းဖြစ်မလဲရှင့်။
ဖြေ ။ ။ ဒီနေ့ အထိဆို ၈၀ ရာခိုင်နှုန်းလောက်က သက်သာလာတာ ရှိတယ်။ ဒီနေ့စာရင်း အထိဆိုရင် အားလုံး ၁၁၀ ရှိပြီ သွင်းထားတာ။ အဲဒီထဲမှာ ၈၀ ရာခိုင်နှုန်းက သက်သာနေပြီ။
မေး ။ ။ သွေးရည်ကြည်ကုထုံးနဲ့ ကုသတဲ့အခါ ဘယ်လိုလူတွေကို ဦးစားပေးကုသတာလဲဆိုတာ ရှင်းပြပေးပါဦးရှင့်။
ဖြေ ။ ။ အဓိကတော့ ရောဂါလက္ခဏာများတဲ့ လူတွေ ကုသတာပေါ့။ ၈၀ ရာခိုင်နှုန်းလောက်က သူ့ဘာသာ ပြန်ကောင်း သွားကြတာ။ ရောဂါပိုး ကူးစက်မှာစိုးလို့သာ Isolation လုပ်ထားရတာ။ ၈၀ ရာခိုင်နှုန်းလောက်က ၁ ရက်၊ ၂ ရက် ဖျားတယ်၊ ချောင်းဆိုးတယ်၊ အနံ့ပျောက်တယ်။ ပြီးရင် ပြန်ကောင်းသွားတယ်။ ၂၀ ရာခိုင်နှုန်းလောက်ကတော့ ပိုဆိုးတယ်။ အထူးသဖြင့် ဝေဘာဂီဆေးရုံတို့ တောင်ဥက္ကလာပ ဆေးရုံတို့ဆိုရင် နည်းနည်းလေး ရောဂါများတဲ့လူတွေ သွင်းတာပေါ့။
ဒီနေ့ အထိဆို ၈၀ ရာခိုင်နှုန်းလောက်က သက်သာလာတာ ရှိတယ်။ ဒီနေ့စာရင်း အထိဆိုရင် အားလုံး ၁၁၀ ရှိပြီ သွင်းထားတာ။ အဲဒီထဲမှာ ၈၀ ရာခိုင်နှုန်းက သက်သာနေပြီ။
ကျနော်တို့ သတ်မှတ်ထားတာတွေ ရှိတာပေါ့။ အောက်ဆီဂျင်နှုန်းက ဘယ်လောက်ကျလဲပေါ့။ သာမန်မဟုတ်တော့ဘူး သူစပြီး မောလာတဲ့ အခါ သူအောက်ဆီဂျင်တွေ ကျလာပြီ သို့မဟုတ် ဓာတ်မှန်ရိုက်လိုက်တဲ့ အခါ ဓာတ်မှန်မှာ အဆုတ် ရောင်တာ ဘယ်လောက်များလာပြီ။ အဲဒီလို အချက်တွေ သတ်မှတ်ထားတာ ရှိတယ်။ ရောဂါပြင်းထန်တဲ့ နှုန်းကို တိုင်းတာ တွေ ရှိတယ်။ အဲဒါတွေ အကုန်လုံးကိုကြည့်ပြီး သတ်မှတ်တာပေါ့။
သိပ်အဆိုးကြီး၊ သိပ်နောက်ကျနေရင်လည်း ထိရောက်မှုတော့ မရှိဘူး။ ကျနော်တို့ကတော့ ပေးတာပဲပေါ့။ ရလို့ရငြား။ အကောင်းဆုံး အချိန်ကတော့ ရောဂါကြီး သိပ်မပြင်းထန်တဲ့ အချိန် အကောင်းဆုံးပဲ။ ဆေးရုံကို တတ်နိုင်သလောက် စောစောရောက်ရင် စောင့်ကြည့်လို့ရတယ်။ လိုရင်လိုချင်းကို သွင်းလိုက်လို့ရတယ်။
ကျနော်တို့က ဓာတ်မှန်ရိုက်တယ်၊ သွေးထဲက အောက်ဆီဂျင်ကို အမြဲတိုင်းတယ်။ သွေးဖြူဥ၊ သွေးနီဥ ဘယ်လောက်ရှိလဲ တိုင်းတယ်။ နောက် ရောဂါပြင်းထန်မှုကို တိုင်းတာတဲ့ သွေးစမ်းသပ်မှုတွေ ရှိတယ်။ ဒါတွေအားလုံးကို ချိန်ပြီးတော့ ရောဂါ နည်းနည်းများတဲ့ လူတွေကို ပေးတယ်။
သိပ်ဆိုးတဲ့သူတွေကိုလည်း ပေးတော့ပေးတယ်။ သိပ်ဆိုးတဲ့သူ သိပ်နောက်ကျတဲ့ သူကျတော့ နည်းနည်း ခက်ခဲတာပေါ့။
ဒါကြောင့် အောင်မြင်မှုနှုန်းက ၈၀ ရာခိုင်နှုန်းလို့ ပြောတာ။ ပထမလှိုင်းတုန်းက ၈ ယောက်ကုတယ်။ အဲဒီ ၈ ယောက်တုန်း က ဆိုရင် ၈ ယောက်စလုံးက ကောင်းသွားတယ်။ ဒီတခါကတော့ ရောဂါ သိပ်ပြင်းထန်တဲ့ လူတွေလည်းပါတယ်။ သိပ် အသက်ကြီးတဲ့ လူတွေလည်း ပါတယ်။ အသက်ကြီးတဲ့ လူတွေက နဂိုကတည်းက ဆီးချိုရောဂါ၊ သွေးတိုးရောဂါ ၊ နှလုံး ရောဂါတွေ တွဲဖြစ်တော့ အဲဒီမှာ ကုရတာ ခက်တာ။
မေး ။ ။ လက်ရှိက သေဆုံးမှုတွေလည်း ရှိနေတော့။ ဆရာအပေါ်မှာ ပြောတဲ့အချက်တွေနဲ့ ဆက်စပ်သွားမလား။
ဖြေ ။ ။ ဆက်စပ်တယ်။ သက်ဆိုင်တယ်။ ဥပမာဆိုပါစို့ ကျောက်ကပ်လုံးဝပျက်စီးနေတဲ့ လူနာတွေရှိတယ်။ ပုံမှန်ကိုလည်း ကျောက်ကပ်ဆေးနေတာပဲ။ ဆီးက လုံးဝမထွက်တော့ဘူး။ သူတို့ဆိုရင် ကျနော်တို့ အတွေ့အကြုံအရ တော်တော်လေးကို ခက်တယ်။ ဒီမှာရောက်ရင်လည်း ဆေးရုံက ကျောက်ကပ်ကို ဆက်ဆေးပေးတယ်။ တတ်နိုင်သမျှ ဆေးတွေလည်း ပေး တယ်။ သွေးရည်ကြည်လည်း ပေးတယ်။ ဒါပေမယ့် ကျောက်ကပ်ကလုံးဝ ပျက်စီးနေတယ်။ အဲဒီထဲမှာ အသက်ငယ်တဲ့ လူငယ်လေးတွေတောင်ပါတယ်။ အသက်ကြီးတဲ့ လူတွေထဲမှာလည်း ပါတယ်။ အဲဒီလူတွေ ကိုဗစ်ကူးပြီး ရောဂါပြင်းထန် လာတဲ့ အခါကျတော့ အဲဒီမှာ မမီလိုက်တာမျိုးတွေ ရှိတယ်။ အဲဒါမျိုးတွေပါ။
မေး ။ ။ ဒီလိုဆို အခြေအနေဆိုးရွားတဲ့ သူတွေကို နောက်ဆုံးအချိန်အထိ သွေးရည်ကြည်ကုထုံးကတော့ ပေးတာပေါ့။
ဖြေ ။ ။ တတ်နိုင်သလောက်တော့ ကြိုးစားတာပေါ့။ ချိန်ရတာပေါ့ဗျာ။ တခါတလေကျတော့လည်း ချင့်ချိန်ရတာပေါ့။ နှလုံးရောဂါရှိတဲ့သူတွေ သိပ်ပြင်းထန်တာတွေ ရှိတော့ အဲဒါတွေကိုလည်း အရင်ကုရတာတွေ၊ မမီလိုက်တာတွေ ရှိတာပေါ့။
အထူးသဖြင့် အသက်ကြီးတဲ့သူတွေကျတော့ ခက်တာပေါ့။ ရောဂါအခံတွေ ရှိနေတာပေါ့။ တချို့ဆို ကင်ဆာနဲ့။ ကျနော်တို့ တတ်နိုင်သလောက်တော့ ကြိုးစားကြည့်ပေးတယ်။ ဒါကြောင့်လည်း ၁၀၀ ရာခိုင်နှုန်း မရတာပေါ့။
ဘယ်လောက်ဆိုးဆိုး ဆိုပြီးတော့ တကယ်လို့ ရလိုရငြားဆိုပြီး ကယ်ရတာပေါ့။ တခုရှိတာ ကျနော်တို့ လူတိုင်းကို မကု ဘူး။ ရောဂါလက္ခဏာ မပြင်းတဲ့သူတွေ မကုဘူး။ ကျနော်တို့ ချိန်ဆပြီး ကုပါတယ်။ နောက်တခုက ဒါပေးလိုက်လို့ လုံးဝ ပျောက်သွားမယ်ဆိုပြီး အဲဒီလိုလည်း မဟုတ်ဘူး။ ဒါပေးလိုက်တော့ တော်တော်လေး အထောက်အကူပြုသွားတယ်။
ကောင်းတယ်၊ မကောင်းတယ်ဆိုတာ သူ့ရဲ့ ရောဂါအခြေခံ လက္ခဏာပေါ်လည်း မူတည်တယ်။ သူ့ဆီ ရောဂါပိုး ဘယ် လောက်များများ ဝင်ထားလဲ ပေါ်မူတည်တယ်။ တခြား ဆေးကလည်း တိတိပပ မရှိတဲ့အချိန်မှာ ဒီဟာက ရောဂါကုဖို့ တော်တော်လေးကို အထောက်အကူပြုတဲ့ ကုသမှု တခုဖြစ်လာတာပေါ့။
မေး ။ ။ ဒီကုထုံးနဲ့ပတ်သက်ပြီး အဓိကကျတဲ့ အခက်အခဲတွေ စိန်ခေါ်မှုတွေက ဘာဖြစ်မလဲ။
ဖြေ ။ ။ ဆေးရုံကို အချိန်မီရောက်ဖို့ ပါပဲ။ နှစ်ခုရှိတယ် တခုက အချိန်မီဆေးရုံရောက်ဖို့၊ တချို့ကလည်း အိမ်မှာကောင်းလို့ ကောင်းငြားနဲ့ နေတာပေါ့။ နောက်တခုက အခြေခံရောဂါတွေကို ထိန်းထားနိုင်ဖို့ အရေးကြီးတယ်။ ဒါပေမယ့် အဓိကတော့ အချိန်မီရောက်ဖို့ သိပ်အရေးကြီးတယ်။
ဟိုတနေ့က သတင်းစာထဲမှာလည်း ပါတယ်။ ၁၉ ရာခိုင်နှုန်းက ဆေးရုံကို မရောက်ခင်ကတည်းက ဆုံးနေပြီဆိုတာ။ ဆေးရုံရောက်ပြီးမှ တစ်ရက်အတွင်း၊ နှစ်ရက်အတွက် ဆုံးတဲ့သူတွေလည်း အများကြီးပဲ။ အဲဒီဟာ ပြဿနာဖြစ်နေတာ။
မေး ။ ။ အခုလိုကမာ္ဘလုံးဆိုင်ရာ ကပ်ဘေးဖြစ်နေချိန်မှာ ကျန်းမာရေးဆိုင်ရာ ကဏ္ဍအသီးသီးကနေ ကျွမ်းကျင် ပညာရှင်တွေ လိုအပ်နေတော့ ဒီနိုင်ငံမှာရော ဆရာတို့လို ပညာရှင်တွေ လုံလောက်မှုရှိရဲ့လားရှင့်။
ဖြေ ။ ။ ဘယ်တိုင်းပြည်မှာမှ လုံလောက်တဲ့ အခြေအနေမရှိဘူး။ ဘာလို့လဲဆိုတော့ လှိုင်းအနေနဲ့ လာလို့။ ပုံမှန် တဦးချင်း လာတယ် ဆိုရင်တော့ အေးအေးဆေးဆေးပေါ့။ အခုဟာက လှိုင်းအနေနဲ့လာတော့ လုံလောက်မှု မရှိဘူးလို့ ပြောတာ။ ကျနော်တို့ တိုင်းပြည်တင်မဟုတ်ဘူး၊ အမေရိကန်နိုင်ငံ၊ UK နိုင်ငံ၊ EU နိုင်ငံစတဲ့ နိုင်ငံတွေ အားလုံးမှာ အဲဒီလိုမျိုးပဲ။ လှိုင်း အနေနဲ့ ဝုန်း၊ ဝုန်းနဲ့ဝင်လာတာကြောင့် အခြေအနေဆိုးတာ။
ဒါကြောင့် ကျနော်တို့က ကာကွယ်တဲ့နေရာမှာ အရေးကြီးတာ။ လူတိုင်း၊ လူတိုင်းက ဂရုစိုက်ဖို့လိုတာ။ အထူးသဖြင့် လူငယ်ပိုင်းက များသောအားဖြင့် သိပ်ပြီး ကြီးကြီးကျယ်ကျယ် မဖြစ် ကြဘူး။ ဖြစ်တဲ့သူလည်း ရှိတာပေါ့။ ဒါပေမယ့် နည်းတာပေါ့။ အဲဒီတော့ ပေါ့ကြတာပေါ့။ ပေါ့တော့ ကိုယ်ကနေတဆင့် ကိုယ့်အိမ်က လူကြီးတွေ ကူးတာ။
ကျနော်တို့ တိုင်းပြည်တင်မဟုတ်ဘူး၊ အမေရိကန်နိုင်ငံ၊ UK နိုင်ငံ၊ EU နိုင်ငံစတဲ့ နိုင်ငံတွေ အားလုံးမှာ အဲဒီလိုမျိုးပဲ။ လှိုင်း အနေနဲ့ ဝုန်း၊ ဝုန်းနဲ့ဝင်လာတာကြောင့် အခြေအနေဆိုးတာ။
အထူးသဖြင့် လူကြီးတွေက ဘယ်မှ သွားတာလည်း မဟုတ်ဘူး။ လူငယ်တွေ အိမ်ပြန်လာပြီး ပါလာတာ။ အဲဒီလိုဖြစ်တာ။ အဲဒါကြောင့် ပြည်သူလူထုပါမှ အောင်မြင်မယ်လို့ ပြောတာ။ တနေ့ တနေ့ ဖြစ်တဲ့ နှုန်းကများတယ်။ အဲဒီမှာ လူထူထပ်တဲ့ နေရာမှာ ကူးတာ။ တယောက်မကျန် ဒါကို သတိနဲ့ ကာကွယ်နေဖို့ လိုတယ်။ အချင်းချင်းတောင်မှ ယုံကြည်စိတ်မချရဘူး။
အတူတူ ထမင်းစားနေရာကနေ နောက်တနေ့က သူက ဖြစ်နေပြီဆို ကိုယ်ကပါ တခါတည်း သံသယလူနာတွေ ဘာတွေ ဖြစ်သွားရော။ အဓိက က အဲဒါပါပဲ။ သာမန်အခြေအနေက ဘာမှမဖြစ်ဘူး။ ခုက လှိုင်းသဘောနဲ့ လာတော့ နိုင်ငံတိုင်းမှာ တွေ့ကြုံရတာ အဲဒါပဲ။ ဗြုန်းခနဲကြီး ဝင်လာတော့ ဆေးရုံမှာ ကုတင်မလောက်။ ဘာမလောက် ဖြစ်တာ။ သာမန်အချိန်ဆို ဆေးရုံမှာ ကုတင်က ပိုနေတာ။
မေး ။ ။ သွေးရည်ကြည်နဲ့ ပတ်သက်ပြီး ပြည်သူလူထုကို ဘာများပြောချင်သေးလဲ။
ဖြေ ။ ။ အဓိက ကောင်းသွားတဲ့ လူတွေပါပဲ။ သွေးရည်ကြည်လှူဖို့ ကျနော်တို့ ဖိတ်ခေါ်ပါတယ်။ ရောဂါ ပြင်းထန်တဲ့ လူတွေအတွက် ရောဂါ ပျောက်ကင်းဖို့ကို သူတို့ ကူညီပေးနိုင်တဲ့အတွက် အင်မတန်ကောင်းတဲ့ အလှူပေါ့။ အရမ်း ကောင်း တယ်။ အရမ်းတန်ဖိုးရှိတယ်။ မွန်မြတ်တယ်။ သာမန် သွေးလှူတာနဲ့တောင် မတူဘူးလေ။ အဲဒီတော့ လှူပေးကြဖို့ တိုက်တွန်းပါတယ်။ ကျနော်တို့ရဲ့ နိုင်ငံခေါင်းဆောင်တွေ ကိုယ်တိုင်လည်း ဒါတွေကို တိုက်တွန်းတယ်။
ကိုယ်က ကုသိုလ်ကံမကောင်းလို့ ရောဂါဖြစ်သွားသည့်တိုင် ပြန်ကောင်းလာတဲ့သူတွေက ဒါကိုလှူလိုက်ခြင်းအားဖြင့် သူ့မှာ တိုင်းဆလို့ မရတဲ့ ကုသိုလ်မျိုး၊ တိုင်းဆလို့ မရအောင် အကျိုးပြုတာမျိုးပေါ့။
အခုဆိုကောင်းသွားတဲ့သူတွေ တော်တော် လေးကို များလာပါပြီ။ ကျနော်တို့ကလည်း သွေးရည်ကြည်လှူတဲ့လူ အစစအရာရာ အဆင်ပြေအောင် ဆောင်ရွက် ပေးပါ တယ်။ နေရာတောင်မှ သီးသန့်ပေါ့။ သူတို့ကို ဆေးသုတေသနဌာနမှာ သီးသန့်အခန်း တခုလုပ်ပေးပြီး အဆင်ပြေအောင် လုပ်ပေးနေပါတယ်။
You may also like these stories: