မကြာမီ ကျင်းပတော့မည့် ၂၀၂၀ ရွေးကောက်ပွဲအတွက် နေပြည်တော်တွင် ပါတီများအကြား မဲဆွယ်စည်းရုံးမှုများဖြင့် ပြိုင်ဆိုင်မှု ပြင်းထန်လျက်ရှိသည်။ လက်ရှိ အာဏာရ NLD ပါတီ၊ အတိုက်အခံ ကြံ့ခိုင်ရေးပါတီ အပြင် အခြား ပါတီ တို့ကလည်း ဝင်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။
ထို့ကြောင့် အာဏာရပါတီ၏ နေပြည်တော် ရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့ ဝင်လည်းဖြစ် နေပြည်တော် ပြည်ထောင်စု နယ်မြေ NLD ပါတီ ဥက္ကဌလည်း ဖြစ်သူ ဦးမင်းသူကို ဧရာဝတီ သတင်းဌာန နေပြည်တော် သတင်းထောက် ထက်နိုင်ဇော် က သွားရောက် တွေ့ ဆုံ မေးမြန်းထားပါသည်။
ဦးမင်းသူက နေပြည်တော်၏ လက်ရှိ နိုင်ငံရေး အခြေအနေ၊ NLD ပါတီ အာဏာရလာပြီး ပြောင်းလဲလာသည့် နေပြည် တော် အခြေအနေ၊ ရွေးကောက်ပွဲကာလအတွင်း ပါတီများ၏ ပြိုင်ဆိုင်မှု၊ နေပြည်တော်က မြေယာမှုခင်းများအကြောင်း၊ ကိုဗစ်ကာလ မဲဆွယ်ရမှု အနေအထားများအကြောင်း ဧရာဝတီသို့ ပြောပြထားပါသည်။
မေး ။ ။ ပထမဆုံး သိချင်တာကတော့ ဦးမင်းသူက နေပြည်တော်ကို ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲမှာ ရောက်လာ တယ်။ အဲဒီတုန်းက နေပြည်တော်ရဲ့ အခင်းအကျင်းပေါ့နော်။ အဲဒီတုန်းက ဘာတွေ စမြင်ခဲ့ရလဲ။ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အခြေအနေတွေပေါ။ အဲဒါကို အရင်ဆုံးစပြီး သိချင်ပါတယ်။
ဖြေ ။ ။ အဓိကကတော့ နေပြည်တော် စရောက်လာတဲ့ အချိန်မှာ နေပြည်တော်က မြို့သစ်လည်း ဖြစ်တယ်။ မြို့သစ်ဖြစ် မြို့တော်အဖြစ် တည်ဆောက်ထားတာ မှန်သော်လည်း ရောက်ရောက်ချင်းမှာ ဘာကို တွေ့ရလည်းဆိုတော့ လူမနေတဲ့ တိုက်တွေအိမ်တွေ၊ ကားအသွားအလာ အင်မတန်မှရှင်းတဲ့ လမ်းကျယ်ကြီးတွေ မြန်မာပြည်မှာ အကျယ်ဆုံး လမ်းတွေခင်း ထားတာ။ ဒါပေမယ့် အဲဒီလမ်းတွေပေါ်မှာ ကားတွေ၊ ယာဉ်တွေ၊ ဆိုင်ကယ်စသဖြင့် တွေ့ရခဲတယ်။ အဲဒီလိုပဲ လူနေအိမ်ရာ တွေ အဆောက်အဦတွေကတော့ အများကြီးပေါ့လေ။ ဒါပေမယ့် လူနေတဲ့အရိပ်အယောင်တွေ မတွေ့ရတဲ့ အနေအထား။ တနည်းအားဖြင့် Ghost City (တစ္တေ မြို့နော်)လို့တောင် အဲဒီလိုတောင် ပြောတာ။ ဒါအားလုံး သတ်မှတ်ထားတဲ့ ပုံစံမျိုး ဖြစ်တယ်။
ရာသီဥတုကတော့ မြန်မာပြည် အလယ်ပိုင်း ဖြစ်တယ်။ မိုးတော့ ရွာတယ်။ ဒါပေမယ့် ပူပြင်းခြောက်သွေ့တယ်။ အဲဒီအချိန် မှာ သစ်ပင်ပန်းမန်တွေကလည်း မရှိသေးဘူး။ မရှိသေးတော့ အများပြောကြတဲ့ နေပူတော်ကြီးလိုလည်း ဖြစ်နေတာပေါ့ လေ။ အဲဒီအချိန်မှာ ကျနော့်အနေနဲ့ကတော့ အကျဉ်းထောင်ထဲက ထွက်ပြီးစအချိန်မှာ လွှတ်တော်ကိုယ်စားလှယ် တ ယောက်အနေနဲ့ အဖွဲ့ ချုပ်က တာဝန်ပေးတဲ့အတွက် ကြားဖြတ်ရွေးကောက်ပွဲ တကယ့် နွေရာသီ ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက်ကို မဲဆွယ်စည်းရုံးချိန်၊ အကျဉ်းထောင်ထဲက ၂၀၁၂ ဇန်နဝါရီ ၁၃ ရက်နေ့မှာ လွတ် တယ်။ တောက်လျောက်ပဲ ဒီဧပြီလ ၁ ရက်နေ့မှာကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲကို ညီမငယ် ဒေါ်စန္ဒာမင်း ညီငယ် တွေ ဖြစ်ကြတဲ့ ဦးနိုင်ငံလင်းနဲ့ ဦးဖြိုးဇေယျာသော်တို့နဲ့အတူ ဝင်ရောက်ယှဉ်ပြိုင်ဖို့ တာဝန်ပေးခံရတယ်ပေါ့။
အဲဒီအချိန်မှာ ကျေးရွာတွေကိုသွားတဲ့အချိန်မှာ ကျေးရွာတွေမှာက နေပြည်တော်တည်ဆောက်ရေးကာလရဲ့ အရှိန်အရ ကွာဟချက်က ဝန်ထမ်းတပိုင်းက မြို့ ပြဖြစ်တဲ့အတွက် ဝန်ထမ်းတွေရဲ့ စီမံခန့်ခွဲမှုအပိုင်းနဲ့ ကျေးရွာတွေမှာနေတဲ့ အဲဒီ အချိန်က ကိုယ့်မဲဆန္ဒနယ် ဥတ္တရသီရိ ဖြစ်တယ်။ အဲဒီမှာနေတဲ့သူတွေ ဆက်ဆံမှု ပေါင်းသင်းမှုမှာ အရမ်းကို ကွာဟနေ တယ်။ ဝန်ထမ်းတွေဆိုရင် အစိုးရပိုင်းဖြစ်တယ် ဝန်ထမ်းတွေနဲ့ထိတွေ့မှုလည်း မရှိဘူး။ အထူးသဖြင့် အာဏာပိုင် အဖွဲ့အစည်းတွေနဲ့ ဆိုရင် လုံးလုံးကင်းနေတယ်။
ကျေးရွာတွေမှာ ဒီလိုအခြေအနေမျိုးမဟုတ်ဘူး။ ပြောချင်တာက လူမှုရေး ကွာဟချက်တွေ များပြားလွန်းတဲ့ အခြေအနေ မျိုးကို တွေ့ရတယ်ပေါ့လေ။ ဒါတော့ လူမှုရေးအခြေအနေနဲ့ လမ်းပန်းဆက်သွယ်ရေး အခြေအနေတွေ မြို့ ပြအခြေအနေ တောနဲ့မြို့ ကွာဟချက် အရမ်းကြီးတယ်ဆိုတာကိုပြောချင်တာပါ။
မေး ။ ။ ၂၀၁၂ ကြားဖြတ်မှာ NLD နိုင်တယ်။ အကိုတို့ လွှတ်တော်ထဲမှာ အလုပ်လုပ်တယ်ပေါ့နော်။ ဒီကာလရှိမယ်။ ၂၀၁၅ မှာ NLD အာဏာရတယ်။ နေပြည်တော်မှာ ဘယ်လိုအပြောင်းအလဲတွေ ရှိလာလဲ။ အခု လက်ရှိ အခြေအနေ အထိပေါ့လေ။
ဖြေ ။ ။ အဓိကကတော့ အကိုတို့တတွေ ဒီမှာရှိတဲ့အချိန်၊ ပြီးတော့လွှတ်တော်ထဲကို အမေစု ခေါင်းဆောင်ပြီးတော့မှ ကျန်တဲ့ NLD ကိုယ်စားလှယ် ၄၃ ယောက်ရောက်လာတဲ့ အချိန်ကစပြီးမှ ဒီကိုယ်တို့အပါအဝင် ကျနော်တို့ခေါင်းဆောင်နဲ့ သက်ဆိုင်ရာ နေပြည်တော်နယ်မြေမှာ ပြည်သူနဲ့ထိတွေ့မှုက အရမ်းများတယ်။ အာဏာရ အစိုးရအဖွဲ့ မဟုတ်ပေမယ့် ပြည် သူနဲ့ထိတွေ့မှုက အာဏာရအစိုးရ အဖွဲ့ထက်တောင် ပိုပြီးမှ ထိတွေ့တယ်လို့ ပြောလို့ရတယ်။ အဲဒီမှာ ပြည်သူရဲ့ တုန့်ပြန်မှု တွေ ပြည်သူရဲ့ လေးစားမှု၊ ချစ်ခင်မှုပေါ့။ မေတ္တာပေါ့၊ အဲဒါကတော့ တော့်တော့်ကို ရပါတယ်။
အဲဒါကြောင့် ၂၀၁၃ မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ဟောပြောပွဲ အမေစုတို့ အဲဒီတုန်းက ယခု သမ္မတကြီး ဦးဝင်းမြင့်တို့ အခု ဆရာ ဦးအောင်ကြည်ညွှန့်တို့နဲ့ ဒါဟောပြောပွဲတွေလုပ်တယ်။ နောက် ၄၃၆ ပြင်ဆင်ရေး လက်မှတ် ရေး ထိုးတဲ့ ကမ်ပိန်းတွေ နေပြည်တော်မှာပဲ အစပြုပြီးတော့မှ ဒါတောက်လျောက်လုပ်ခဲ့ကြတယ်။ လုပ်တဲ့အချိန်မှာ အဖွဲ့ချုပ် ရဲ့ ခေါင်းဆောင်ပိုင်းဖြစ်တဲ့ အမေစုကိုယ်တိုင်ဆင်းပြီးမှ ၈ မြို့နယ်လုံးကိုပတ်ပြီးမှ ဟောပြောပွဲ ဆွေးနွေးပွဲတွေ လုပ်တယ်။
ကိုယ်စားလှယ်တွေလည်း လက်မှတ်ကောက်ယူရေးအတွက်ကို နယ်ခံပြည်သူလူထုကိုပေါ့လေ။ တကယ်တန်းကျတော့ ပါတီ အဖွဲ့ဝင်ထက်စာရင် ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုက အရမ်းအားကြီးပြီးမှ NLD နဲ့ နေပြည်တော် လူထုနဲ့ဟာ အရမ်းနီးစပ်ခဲ့တယ်။
အဲဒီလိုပဲ ကိုယ်တို့လည်း နယ်မြေတွေကို ကိုယ်ကျေးရွာ၊ ကိုယ့်အိမ်မှတ်ပြီးမှ ထိတွေ့ဆက်ဆံတယ်။ တနည်းအားဖြင့် လွှတ်တော်ကိုယ်စားလှယ်ဆိုပေမယ့် အပေါ်ကလာတာမဟုတ်ဘဲ ပြည်သူ့ကြားကလာတာဆိုတော့ ပြည်သူ့ အသိအမှတ် ပြုတယ်။ ပြည်သူ့အသံ နားထောင်တယ်။ ပြည်သူ့ ခံစားချက်တွေကို မှတ်သားတယ်။ နစ်နာချက်တွေ မှတ်သားတယ်။ လွှတ်တော်ထဲနဲ့တကွ လွှတ်တော်ပြင်ပ ကော်မတီရေးရာဆိုင်ရာတွေမှာ အများကြီး ဆောင်ရွက်တယ်။
အထူးသဖြင့် နေပြည်တော် တည်ဆောက်ရေးကာလမှာ ဆုံးရှုံးခဲ့ရတဲ့ လယ်မြေယာသိမ်းကိစ္စတွေမှာ ဒါတွေ အထူး ဆောင် ရွက်ခဲ့တဲ့အတွက် ပြောင်းသွားတာကတော့ ၂၀၁၅ နောက်ပိုင်းမှာ ပြည်သူတွေဟာ စိုးရိမ်ကြောင့်ကျမှုက လွတ်သွားတယ် ဆိုတာ အထင်အရှား တွေ့ရတယ်။ ကြောက်ရွံ့ ခြင်း ကင်းသွားပြီ။ အခုဒီ NLD ကို မဲပေးလိုက်တဲ့အတွက် NLD အစိုးရ ဖြစ် တယ်။ NLD အစိုးရအပေါ် စိုးရွံ့မှု၊ ကြောက်ရွံ့ မှု၊ လုံးဝမရှိဘူး။ တို့နစ်နာမှုတွေကို ဥပဒေအတိုင်း တင်ပြနိုင်အောင် ပြောပြ နိုင်အောင် ခံစားခွင့်တွေ နစ်နာမှုအရ ပြန်ရနိုင်အောင် ဒါတွေလုပ်ပေးနိုင်တဲ့အတွက် ပြောင်းလဲမှုကတော့ အဓိက ပြည်သူ နစ်နာမှုတွေကို ရဲရဲတင်ပြလို့ရသလို ပြည်သူတွေ ကြောက်ရွံ့ စိုးရွံ့စိတ်နဲ့နေရတဲ့ အခြေနေမျိုးကတော့ လွန်မြောက်သွားပြီ လို့ ပြောလို့ရပါတယ်။
မေး ။ ။ ခုနက ပြောတဲ့လယ်မြေကိစ္စတွေကရော အခု အစိုးရလက်ထက်မှာ တကယ်ရော ဖြစ်ဖြစ်မြောက်မြောက် နစ်နာတဲ့သူတွေဆီကို အကုန်ရောက်အောင် ရှင်းပေးနိုင်ခဲ့ရဲ့လား။ ဘယ်လိုအခက်အခဲ အတားဆီးမှုတွေ ရှိခဲ့လဲ။
ဖြေ ။ ။ အမှန်ကတော့ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် လယ်ယာမြေသိမ်းတာ နှစ်မျိုး ရှိတယ်။ သိမ်းတဲ့ဟာက သူက အရပ်သား အခု ဝန်ကြီးဌာနတွေနဲ့ နေပြည်တော် တည်ဆောက်ရေးအတွက် လိုအပ်တဲ့ ဒီအထူးစီမံကိန်း အခုတော့ နေ ပြည်တော် ကောင်စီ ခေါ်တာပေါ့။ အဲဒီလို နေပြည်တော်ကောင်စီက နေပြည်တော် အထူး တည်ဆောက်ရေး စီမံကိန်းက နေပြီးတော့မှ လယ်ယာမြေတွေသိမ်းဆည်းပြီးမှ တည်ဆောက်ရေးတွေ ဆောင်ရွက်တယ်။

ဆောင်ရွက်ပြီးမှ ဝန်ကြီးရုံးတွေဆောက်တယ်။ ဝန်ထမ်းအိမ်ယာတွေဆောက်ပေးတယ်။ မြို့သစ်တွေ ရပ်ကွက်တွေကို ကျေး ရွာတွေကို ရွှေ့ပြောင်းတာပဲဖြစ်ဖြစ် စုပြီးမှဖြစ်ဖြစ် ရပ်ကွက်တွေဖော်ပေးတယ်။ နောက်ဆက်သွယ်ရေးလမ်းတွေဖောက် တယ်။ အဲဒါကတော့ မြို့ ပြရဲ့ လိုအပ်ချက်အရ သိမ်းတာ ရှိသလို အဲဒီအချိန် ကာကွယ်ရေးအရ လိုအပ်တဲ့ သိမ်းဆည်း မြေတွေကိုပေါ့လေ။ အထူးသဖြင့် တောင်ပေါ်တို့ ဒီရဲ့ ကျေးရွာတွေမှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ရုံးစိုက်ရာ မြို့တော်လည်းဖြစ်တဲ့အတွက် တပ်မတော်က သိမ်းဆည်းတဲ့မြေဆိုပြီးမှ နှစ်မျိုးပေါ့လေ။
တစ်မျိုးက အရပ်ဘက်ဝန်ကြီးဌာနတွေ အတွက်သိမ်းတဲ့ မြေနဲ့ဒီ တပ်မတော်ကသိမ်းဆည်းတဲ့မြေ နှစ်ခု ကွဲတယ်။ အရပ် ဘက်ဆိုင်ရာ အခု လယ်ယာမြေနဲ့ အခြားမြေများသိမ်းဆည်းခံရမှုစိစစ်ရေးကော်မတီတွေ အဆင့်ဆင်ပေါ်လာတယ်။ ဗဟို အဆင့်ကစပြီးမှ တိုင်းဒေသကြီး/ပြည်နယ် နေပြည်တော်ကောင်စီအဆင့်၊ ခရိုင် မြို့နယ် ရပ်ကျေးအဆင့်ဆင့် စိစစ်မှုတွေ လုပ်တဲ့အချိန်ကျတော့ NLD လက်ထဲမှာ သိမ်းဆည်းတာတော့ မရှိဘူး။ အရင်သိမ်းဆည်းထားတဲ့အချိန်မှာ နိုင်ငံတော် အတွက် အမှန်တကယ် အကျိုးရှိတဲ့မြေတွေအပေါ်မှာတော့ လက်ရှိအသုံးချနေတာရှိသလို အဲဒီအတွက်လည်း လျော်ကြေး နစ်နာကြေးတွေကို အဲဒီအချိန်တုန်းက သတ်မှတ်ချက်တွေနဲ့ပေးခဲ့တာရှိတယ်။
အထူးသဖြင့် လယ်ယာမြေဆိုရင် စာရင်းပေါက် လယ်ယာမြေဆိုရင် မြေပုံမှာ စာရင်းမှာ မြေစာရင်းပေါက်လေ။ အဲဒီစာရင်း အရတော့ ဒီနေပြည်တော်မှာဆိုရင်တော့ အားလုံးနီးနီးဟာ လယ်မြေစာရင်းပေါက် မြေစာရင်းရဲ့ လယ်ယာမြေ စာရင်းတွေ ကတော့ ရာနှုန်းပြည့် နီးနီးပေးပြီးပြီလို့ ပြောလို့ရတယ်။ သို့သော်လည်း တချို့နေရာ သစ်တောနယ်တို့ မြေလွတ်မြေလပ်တို့ မြေလွတ်မြေလပ်ဆိုပေမယ့် အစဉ်အဆက် စိုက်ပျိုးခဲ့တာ ရှိတယ်။
အဲဒီအပေါ်မှာတော့ စာရင်းပြန်ဖော်ဖို့ခက်နေတာတွေတော့ ရှိခဲ့တယ်။ တတ်နိုင်သမျှတော့ ပေးခဲ့တာတွေ ရှိပေမယ့် ကျန်ခဲ့ တဲ့ အပိုင်းတွေတော့ အခုချိန်ထိ ရှင်းနေရတုန်းပဲ ဒါတိတိကျကျပြောရင်တော့ အရပ်ဘက်ဆိုင်ရာ သိမ်းဆည်းမြေတွေက တော့ အားလုံးနီးနီး လျော်ကြေးပေးပြီးပြီလိုပြောတယ်။ တပ်သိမ်းမြေနဲ့ကျတော့ နည်းနည်း ပြဿနာရှိတာက ဒါက မြေ လွတ်ဖြစ်ခဲ့တာ ဒါမှမဟုတ် သစ်တောမြေ ဖြစ်ခဲ့တယ်။ သစ်တောဝန်ကြီးဌာနကနေပြီးမှ တပ်ကရယူပြီးမှ တပ်နယ်မြေဆိုင် ရာ တည်ဆောက်ရေးတွေ လုပ်တယ်ပေါ့။
အဲဒီအတွက်ကျတော့ နဂိုမူလတောင်သူတွေနဲ့ အချင်းများနေတာတွေ ရှိတယ်။ အငြင်းပွားနေတာ ရှိတယ်။ သစ်တောမြေ ထဲမှာ လူနေထိုင်ရာ မဟုတ်တဲ့အတွက် ဒီအတွက်ကို သူတို့ လျော်ကြေးပေးစရာ မလိုဘူးဆိုတဲ့ အယူအဆမျိုးပေါ့လေ။ အဲဒါတွေ တွေ့တဲ့အခါကျတော့ ဒီနယ်မြေနဲ့ပတ်သက်ရင်တော့ တပ်သိမ်းမြေတွေနဲ့ပတ်သက်ရင်တော့ စွန့်လွှတ်မှု အနေ အထားရယ် လျော်ကြေးပေးမှုအနေအထားတွေတော့ ကျန်ရှိကောင်းကျန်ရှိနေပါတယ်။
မေး။ ။ရွေးကောက်ပွဲဘက်ကို ဆက်ချင်ပါတယ်။ ၂၀၁၅ မှာ NLD က နေပြည်တော်မှာ နေရာ အကုန်နီးပါး နိုင်တယ်။ အခုအခြေအနေမှာရော NLD အောင်နိုင်ရေးပေါ့နော်။ ၁၀ နေရာမှာ အမျိုးသား လွှတ်တော် ၂ နေရာနဲ့ ၁၀ နေရာရှိမှာပေါ့။ ဘယ်နေရာတွေကတော့ ပြိုင်ဆိုင်မှုပြင်းထန်မယ်၊ ဘယ်နေရာတွေကတော့ ယုံကြည်စိတ်ချလို့ရမယ်ပေါ့။ ဘယ်လို သုံး သပ်ချင်လဲ။ ခြုံငုံြ့ပီးတော့ပေါ့။
ဖြေ ။ ။ အဓိကကတော့ အားလုံးကတော့ ကျနော်တို့အောင်နိုင်ရေးအတွက်ကတော့ အခုလို ဒီအချိန်အခါမှာ ကြိုးစားပြီး မှ လုပ်ဆောင်ရမှာပဲ။ ပြောချင်တာက ဘယ်နေရာနိုင်ခဲ့လို့ ဘယ်နေရာရှုံးခဲ့လို့ဆိုတဲ့ ပုံစံမျိုးတော့မဟုတ်ဘူး သို့သော် ၁၀ နေရာလုံး NLD နိုင်အောင် ကြိုးစားနေတယ်။ ဒီနိုင်ဖို့အတွက်ကလည်း ပြည်သူ့အတွက်ဖြစ်တယ်ဆိုတာကို ကျနော်တို့ ခေါင်းဆောင် အမေစုကိုယ်တိုင်က ပြောခဲ့ပြီးသားဖြစ်တယ်လေ။
ပြည်သူ့အောင်နိုင်ရေးအတွက်ဖြစ်တယ်။ နိုင်ငံ့ အောင်နိုင်ရေးအတွက် တနည်းအားဖြင့် ပြောရရင် ဒီမိုကရေစီ ခိုင်မာဖို့ အ တွက် နေပြည်တော်မှာ ကျနော်တို့ ၁၀ နေရာလုံးနိုင်မှ ဖြစ်မယ်။ ဥပမာပြောရရင်တော့ ကေသရာဇာ ခြင်္သေ့မင်းတို့ မည် သည် သားကောင်ကိုအုပ်တဲ့နေရာမှာ ကြီးသည်ငယ်သည် မရွေးဘူး။ လုံ့လ ဝိရိယ အားထုတ်ရတဲ့ ပုံစံနဲ့ အပြင်းအထန် အားထုတ်နေတယ်။
မေး။ ။ အခုကိုဗစ်ကာလမှာ ပါတီအနေနဲ့ အောင်နိုင်ရေးလှုပ်ရှားမှုတွေ မရပ်မနား လုပ်နေတာ တွေ့ရတယ်။ အဲဒီတော့ ရွေးကောက်ပွဲ အနိုင်ရရေးအတွက်က ဒီလိုကာလမှာ ပါတီ အနေနဲ့ ဘယ်လို အခက်အခဲတွေ ရှိလဲ။
ဖြေ ။ ။ အဲဒါကတော့ ထူးခြားချက်အနေနဲ့ ပြောရမှာပေါ့။ အခုအောင်နိုင်ရေးတွေကို NLD အဖွဲ့ဝင် အဆင့်ဆင့်တွေ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေတင် မကဘူး။ အခု ရွေးကောက်ပွဲကာလမှာ ဖွဲ့စည်းထားတဲ့ အောင်နိုင်ရေး အဖွဲ့တင် မကဘူး။ အထူးသဖြင့် ဝန်းရံပြည်သူဆိုတဲ့ အင်အားစုတွေက ဒီ NLD ကို ထောက်ခံပေးတဲ့ အင်အားစုက ဒီတချိန်မှာ ဒီအောင်နိုင်ရေး မဲဆွယ်ကာလမှာ ထူးထူးခြားခြားပေါ်လာတာ။ ဘယ်အခြေအနေမျိုးနဲ့မှ မတူဘူး။ အရင်က သတ်မှတ် ထားတဲ့ အောင်နိုင် ရေး အဖွဲ့ဝင်တွေရဲ့ အဆင့်ဆင့် အဖွဲ့ဝင်တွေက လွှတ်တော်ကိုယ်စားလှယ်လောင်းရဲ့ ရွေးကောက်ပွဲ ကိုယ်စားလှယ်တွေ ဒါတွေပဲ လှုပ်ရှားခဲ့တာ။ သတ်မှတ်ချက် အနေအထားအရလည်း ကန့်သတ်တာ မဟုတ်ပေမယ့် ဒီရဲ့ဘဏ္ဍာရေး အခြေအနေအရ ကန့်သတ်ထားတာတွေလည်းရှိတယ်။
အခုတကြိမ်မှာတော့။ အခုက ကိုဗစ်ဖြစ်နေတယ်။ ကိုဗစ်ဖြစ်နေတဲ့အချိန်မှာ ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ မဲဆွယ်စည်းရုံးရေးဆိုင်ရာ သတ်မှတ်ချက်တွေ ရှိတယ်။ အဲဒါကို အပြည့်အဝလိုက်နာရတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ချမှတ်ထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ သတ်မှတ်ချက်တွေပေါ့လေ။ ဒါကတော့ ပုံမှန်ရွေးကောက်ပွဲတိုင်း ကျင့် သုံးနေရတဲ့ ကိုယ်မဲဆွယ်မယ့်နေရာကို ကြိုတင်တင်ပြရတာတို့ အချိန်တွေရက်တွေ ကြိုပေးရတာတို့ လုပ်ရမယ့် အစီအစဉ်တွေ တင်ပြရတာတို့ ရှိတယ်။
အဲဒါတွေအတွက်ကတော့ ပုံမှန်လုပ်နိုင်ပေမယ့် ဒီလိုတွဲပြီးမှ စောစောက အရင် ဒီရွေးကောက်ပွဲကာလမှာ အထူးသဖြင့် လူ စုလူဝေး မဲဆွယ်ဟောပြောတဲ့နေရာမှာ တတ်နိုင်သမျှ လူများအောင်လုပ်ရတယ်။ အဲဒီအခါကျတော့ စောစောက ကိုဗစ်ကာ လ ဖြစ်တဲ့အတွက် သတ်မှတ်ချက်စည်းမျဉ်းစဉ်းကမ်းနဲ့ ကိုက်ညီအောင်လုပ်ရတယ်။ တတ်နိုင်သမျှ Social Distancing ရအောင် လုပ်ရတယ်။
လူဦးရေ ၃၀၊ လူဦးရေ ၅၀ ထက်မပိုတဲ့ အင်အားစုကို ချဲရတယ်။ တနည်းအားဖြင့် ကွင်းပြင်တခုလို ခေါ်ပြီးမှ ဒါမှမဟုတ် အိမ်ဝိုင်းတခုကိုခေါ်ပြီးမှ အစုလိုက်အပြုံလိုက် ဟောလို့ မရဘူး။ ပြီးတော့ ဟောမယ်ပြောမယ် ဆွေးနွေးမယ် ဆိုရင်လည်း စောစောက အကာကွယ်ပစ္စည်းဆိုင်ရာ Mask တို့ Face Shield တို့ မျက်နှာကာတို့ လက်အိတ်တို့ စသဖြင့် ဒါတွေက ထိတွေ့မှု အနည်း ဆုံးဖြစ်အောင် ဆောင်ရွက်တယ်။
အဲဒီအနေအထားမှာ ဒီတကြိမ်မှာတော့ Voter Education ခေါ်တဲ့ မဲဆန္ဒပြုမှု ပြုတတ်အောင် တံဆိပ်ထုတဲ့ လုပ်ငန်းတွေ ကလည်း တွဲလာတဲ့အချိန်ကျတော့ အစိုးရက Social Distancing အရ ကိုဗစ်ကာကွယ်ရေးအရ သတ်မှတ်ထားတဲ့ ပစ္စည်း တွေနဲ့ ဆောင်ရွက်ရတာ ရှိတယ်။
အဲဒီတော့ ဒီဟာတွေကတော့ ကျနော်တို့ကိုယ်တိုင်လည်း လိုက်နာနေရတယ်။ ကျင့်လည်း ကျင့်သုံးနေရတယ်။ ဒါကြောင့် တရားမျှတတဲ့ ရွေးကောက်ပွဲအတွက်ကို ကိုဗစ်စည်းကမ်း သတ်မှတ်ချက်နဲ့အညီ ဆောင်ရွက်ရတာကတော့ မဖြစ်မနေ ဆောင်ရွက်ရတယ်။ ကိုဗစ်ကာလမှာ ဖြစ်ပေမယ့် ဒီရွေးကောက်ပွဲက ရပ်ထားလို့မရဘူး။ ကိုဗစ်ကာကွယ်ရေးအတွက် အ ရေးကြီးသလို ရွေးကောက်ပွဲကျင်းပနိုင်ရေးနဲ့ ရွေးကောက်ပွဲကိုဖြတ်သန်းနိုင်ရေးကလည်း အရေးကြီးတဲ့အတွက်ကို ဒီနှစ် ခုကို ကန့်သတ်ထားတဲ့ကြားထဲကနေ ဖြစ်အောင်လုပ်နေရတယ်လို့ ပြောလို့ရတယ်။
စောစောက ဝန်းရံလာတဲ့ ပြည်သူအတွက်ကိုတော့ ထိန်းချုပ်ဖို့ အရမ်းခက်ခဲတဲ့အတွက် မေတ္တာရပ်ခံချက်အနေနဲ့ပဲ ရွေး ကောက်ပွဲ အောင်နိုင်ရေးကို ဦးတည်ဖို့ မေတ္တာရပ်ခံပြီးမှ အင်အားပြမှု စနစ်တကျနဲ့ ကိုဗစ်ကာကွယ်ရေး သတ်မှတ်ချက် အတိုင်းဆောင်ရွက်ဖို့ပဲ မေတ္တာရပ်ခံထားတာတွေ တွေ့ပါတယ်။ ပါတီအဆင့်ဆင့် ရွေးကောက်ပွဲကိုယ်စားလှယ်တွေနဲ့ ရွေးကောက်ခံမယ့် ကိုယ်စားလှယ်လောင်းတွေနဲ့ အောင်နိုင်ရေးအဖွဲ့ဝင်တွေကတော့ သက်ဆိုင်ရာ ပါတီအဖွဲ့ဝင်တွေ ကတော့ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းကိုအတိအကျ လိုက်နာပြီးမှ ကျော်လွန်ပြီးမှ ဆောင်ရွက်လို့ မရဘူး။
မေး ။ ။ နေပြည်တော်မှာ တခြားမဲဆန္ဒနယ်တွေနဲ့မတူတဲ့ ထူးခြားချက်ဆိုရင် ဘာကိုပြောလို့ရလဲ။ ဥပမာ နေပြည်တော် မှာ အတိုက်အခံပါတီက ဗိုလ်ချုပ်ကြီးတွေ ပြန်ပြိုင်တယ်။ နေပြည်တော်ကို ခြေကုတ်ပြန်ယူတဲ့ သဘောမျိုး တွေ့ရတယ်။ ဟိုဘက်က ပါတီဥက္ကဌကိုယ်တိုင်ကလည်း ဇေယျာသီရိက ပြိုင်တာကိုး။ အဲဒီတော့ ဘယ်လိုစိန်ခေါ်မှုတွေရှိလဲ။
ဥပမာ တပ်မတော်တပ်ရင်းတပ်ဖွဲ့တွေလည်း များတယ်။ တပ်ရင်းတပ်ဖွဲ့ရဲ့ မဲအများစုကလည်း ၂၀၁၅ ရွေးကောက်ပွဲ အတွေ့ အကြုံတွေအရ ပါတီကြီးတခုတည်းကိုပဲ ထည့်တဲ့မဲတွေကများတယ် သုသေသနတွေအရပေါ့။ အဲဒီတော့ ဒီလိုမျိုး ဗိုလ်ချုပ် ကြီးတွေနဲ့ ယှဉ်ပြိုင်ရတဲ့အပေါ် နောက်ကြိုတင်မဲတွေ တပ်မဲတွေရှိနိုင်တဲ့ အပေါ်မှာရော ဘာပြောချင်လဲ၊ ဘယ်လိုစိန်ခေါ်မှု တွေရှိလဲ။
ဖြေ ။ ။ ဒီလို အစိုးရ အရာရှိကြီးတွေနဲ့ ရင်ဆိုင်ရတာတော့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ ကတည်းကပါ။ ဒီဟာ အ တွက်ကတော့ ပြိုင်ဘက်အပေါ်မှာတော့ သူဟာ ဘာဖြစ်တယ် ဘယ်သူဖြစ်တယ် ဘာဖြစ်တယ်ဆိုတာကို အာရုံ သိပ်မရှိပါ ဘူး။ အဓိက ပြည်သူကို ဘယ်လောက်ထိကိုယ်စားပြုနိုင်မလဲ။ ပြည်သူကိုမျက်နှာမူပြီးမှ ပြည်သူကို ကိုယ့်ရဲ့ ပါတီမူဝါဒ ဆိုင်ရာကိစ္စ ကိုယ့်ရဲ့ ကိုယ်စားလှယ်လောင်းတဦးချင်းရဲ့ ပြည်သူအပေါ် ကျိုးနွံမှု၊ နာခံမှု ဒါကို အဓိကထားတာ။
စောစောပိုင်းက နေပြည်တော်မှာ တခြားနေရာတွေဟာ ပြတ်ပြတ်သားသားနိုင်ခဲ့တယ်။ ၂၀၁၂၊ ၂၀၁၅ မှာတော့ နည်းနည်း လေးကွာခြားချက် ကျဉ်းသွားတယ်။ အဲဒီမှာ ၁၀ နေရာဖြစ်တဲ့အတွက်လည်း အောင်နိုင်ရေးဆိုင်ရာ လုပ်ဆောင်ရမယ့် မဲရုံ ကိုယ်စားလှယ်သင်တန်းတို့ နောက်ရွေးကောက်ပွဲဆိုင်ရာ ဥပဒေသင်တန်းတို့ ဒီအပေါ်မှာ အဲဒီအချိန်၊ အဲဒီအခါတုန်းက ဒီအပေါ်မှာ ဖြည့်ဆည်းနိုင်မှု အားနည်းခဲ့တယ်။ ဒါတော့ ဒီဘက်ကအနေနဲ့ ပြန်သုံးသပ်တာပေါ့လေ။
စောစောက တပ်မဲရုံတွေများတဲ့ ဇေယျာသီရိလိုမျိုး၊ အဲဒီအချိန်မှာ မဲပေးမယ့် ဦးရေအနေအထားအရ အဲဒီအချိန်တုန်းက လည်း ၆ သောင်းကျော် ၇ သောင်းလောက်ရ ှိတယ်။ ဒီတကြိမ်မှာတော့ ၈ သောင်းလောက် ရှိတယ်ပေါ့လေ။ အဲဒီအချိန်မှာ ထူးခြားတာက ဘာလည်းဆိုတော့ တပ်မဲရုံတွေကို မဲရုံကိုယ်စားလှယ် ပို့နိုင်ဖို့က အရမ်းခက်တယ်။ မဲရုံကိုယ်စားလှယ် ပါတီ အနေနဲ့ပြောရမယ်ဆိုရင် မဲရုံတခုကို ၂ယောက် အနည်းဆုံး ပို့ရတယ်။ အမျိုးသားလွှတ်တော် ၂ ယောက်၊ ပြည်သူ့လွှတ် တော် ၂ ယောက်။ ဒါပေမယ့် အဲဒီမဲရုံတွေကို ၁ ယောက်မှ မပို့နိုင်ဘူး။ ဝင်ခွင့်လည်း မရခဲ့ဘူး။
အဲဒီအချိန်မှာ ကြိုတင်မဲကောက်ခံတဲ့ အနေအထားတွေကစ ကြိုတင်သိခွင့် မရဘူး။ ဘယ်အချိန်မှာ ကြိုတင်မဲ ကောက် မယ်ဆိုတဲ့ဟာပဲ သိတယ်။ ဒါပေမယ့် ဘယ်ကိုသွားကောက်မှာလဲ။ တပ်ထဲသွား ကောက်မယ်ဆိုတဲ့ကိစ္စမျိုး ဘယ်လိုမှ ဒီက လိုက်ပါခွင့်မရဘူး။ ဥပဒေအရဆိုရင် ခွင့်ပြုရမယ်။ ဒါတွေလစ်ဟာမှု ရှိတယ်။ အဲဒီတော့ ပြောချင်တာက ဇေယျာသီရိလိုမျိုး ဆိုရင် ဥပမာပေးလို့ရတယ်။ မဲပေးနိုင်တဲ့ဦးရေက စာရင်းသာရှိတာ သွားပေးနိုင်တဲ့လူတွေက ရပ်ကွက်ထဲ ကျေးရွာတွေမှာ ဆိုရင် အရမ်းနည်းတယ်။
သို့သော်တပ်မဲရုံမှာတော့ သတ်မှတ်ထားတဲ့ မဲပေးရမယ့် ဦးရေဟာ ၁၅၀၀။ မဲပေးသွားတာက ၁၆၀၀၊ ၁၇၀၀ ဆိုပြီးမှ ဒါပုံစံ အဲဒီအချိန်မှာ မဲရုံ ၂ ရုံ ၃ ရုံရဲ့ အနေအထားတွေက ပုံစံ ၁၉ ခေါ်တဲ့ ဒီရွေးကောက်ပွဲ မဲရုံတွေရဲ့ အခြေအနေ တွေ့ရှိရတယ်။ ဒါပေမယ့် မဲအရေအတွက်က ၁၅၀၀၀ လောက် ပြတ်သွားတယ်။ အဲဒီရုံတွေနဲ့လုပ်ရင် ဟိုဟာနှုတ်လိုက်ရုံနဲ့ကိုက ပြောချင် တာက ပိုတဲ့မဲရုံတွေနဲ့ အရှုံးအနိုင် မဖြစ်နိုင်ဘူး။ ကန့်ကွက်မှုထက် ဒါကိုမှတ်တမ်းတင်ပြီး စောစောက Research ပြုတဲ့ နေရာမှာ အဓိကထားတယ်။
အဲဒီမှာမဲရုံတွေဟာ ဟိုပြောချင်တာက တပ်တွင်းမဲရုံတွေဟာ လိုအပ်တာထက်မှ ပိုပြီးမဲပေးတာများတယ်။ ဒီပြင်ပမဲရုံတွေက ရှိသလောက်တောင် လာမပေးဘူး။ အဲဒီကွာခြားချက်က ဒီအရှုံးအနိုင်ကို တမျိုးဖြစ်သွားတဲ့သဘော။ ဒီတကြိမ်တော့ ဒါကို ကြပ်ကြပ်တည်းတည်းကို သင်းခန်းစာယူမယ်။ မဲရုံတိုင်းအခု ဇေယျာသီရိမှာ ၇၄ ရုံ ရှိတယ်။ ၇၄ ရုံတိုင်းကို မဲရုံ ကိုယ်စား လှယ်တွေ ထားနိုင်အောင် သင်တန်းတွေပေးတယ်။ လုပ်နည်းလုပ်ဟန်တွေ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေ ပေးတယ်။
မဲရုံမှတ်တမ်းတင်မှုကစ ပုံစံ ၁၆ တို့ ပုံစံ ၁၉ တို့ဆိုတာ အရမ်းကြီးတဲ့ ဒီမဲရေအတွက်စာရင်းရေးတဲ့နေရာတွေ အဲဒါကို အထူးဆောင်ရွက်မှာပါ။ ဆောင်ရွက်တယ်ဆိုရင် ယုံကြည်ပါတယ်။ ပြည်သူများရင်တော့ မဲပေးတဲ့များရင် ဒီနေရာဟာ မှန်ကန်တဲ့မဲရေတွက်မှုမှန်ရင်တော့ ဒါပြန်လည်အနိုင်ရမယ်လို့ မှတ်လို့ရတာပေါ့။ ဒါတွေကတော့ နည်းပညာပိုင်းဆိုင်ရာပေါ့။ အဲဒါကိုအဓိကထားပါတယ်။
မေး ။ ။ အဲဒါကတော့ ဇေယျာသီရိပေါ့နော်။ ပုဗ္ဗသီရိဆိုလည်း ဦးဝေလွင်တို့က ပြီးခဲ့တဲ့ ၂၀၁၅ မှာ မဲ ၁၇၆ လား။ ၂၀၀ ဝန်းကျင်လောက်နဲ့ ကပ်နိုင်တာဆိုတော့ အခုအခြေအနေမှာရော ဘယ်လိုဖြစ်နိုင်လဲ။
ဖြေ ။ ။ စောစောက ကျနော်ပြောပြီလေ။ ဒီအခြေအနေမျိုး မဖြစ်အောင် စောစောက ဟိုဘက်က ကာကွယ်ရေး ဦးစီးချုပ် ရုံး၊ ဒီဘက်က နေပြည်တော်တိုင်း စစ်ဌာနချုပ်နယ်မြေ။ အဲဒီတော့ နိုင်တာတောင် ကံကောင်းလှပြီလို့ ပြောလို့ရတယ်ပေါ့။ ဒါပေမယ့် စောစောက မဲရုံစိစစ်နိုင်တယ်ထား၊ မဲရုံထားနိုင်တဲ့ထား၊ စောစောက ဒီပုံစံ ၁၆၊ ၁၉၊ သွင်းနိုင်တဲ့ အနေအထား တွေ မရှိခဲ့ဘူး။ မရှိခဲ့ရင် ဒီဟာအပေါ်မှာ ဟိုဥစ္စာ လုပ်တာတော့ မဟုတ်ဘူး။ သို့သော်လည်း ဒီအနေအထားမျိုးကို အခုကျ တော့ ဥပဒေအရ မဲရုံတွေကို တပ်အပြင်ဘက်ထုတ်လိုက်တဲ့အချိန်မှာ ဒီအခြေအနေမျိုးဆိုရင် ဒါကိုလုံခြုံရေးအရရော ဒီ ဘက်က မဲရုံ တရားမျှတပြီးမှ စေစောက မဲရေတွက်မှုမှန်အောင် စာရင်းသွင်းနိုင်တာမှန်အောင် သေသေချာချာ လုပ်နိုင်မယ် ဆိုရင်တော့ အရှုံးအနိုင်ဟာ ပြတ်သားသွားမယ်လို့ ပြောလို့ရပါတယ်။
မေး ။ ။ အခု ဒီကိုဗစ်ကာလမှာ NLD ပါတီအနေနဲ့လည်း အောင်နိုင်ရေးလှည့်တာတွေ ရှိတာပေါ့နော်။ အဲဒီမှာ ကားကို ခဲနဲ့ ပေါက်ခံရတာတို့ ပါတီ တီရှပ်ဝတ်တဲ့သူတွေ ရန်ဖြစ်တာတို့၊ နောက်ဆိုင်းဘုတ်ဖျက်ဆီးခံရတာတွေ ရှိတယ်လေ။ အခု လို ပဋိပက္ခတွေ မဖြစ်အောင် နည်းအောင် အောင်နိုင်ရေးကို ဦးဆောင်နေတဲ့သူတယောက်အနေနဲ့ ဘာပြောချင်လဲ။
ဖြေ ။ ။ အဓိကကတော့ သတ်မှတ်ထားတဲ့ ဥပဒေ လိုက်နာဖို့ပဲ။ ဒီလိုမဲပေးမှု ဆန္ဒပျက်ပြားအောင် အကြမ်းဖက်တာ၊ ခြိမ်း ခြောက်တာ၊ ဖျက်ဆီးတာ၊ ခဲပေါက်တာ စတဲ့ အဲဒါတွေဟာ ဥပဒေအရ သတ်မှတ်ထားပြီးသား ဖြစ်တယ်။ အဲဒါတွေ လုံး၀ လုပ်ခွင့်မပေးဘူး။ လုပ်တာနဲ့ အနည်းဆုံး ထောင်ဒဏ် တနှစ်တို့လို သတ်မှတ်ထားတဲ့ ဥစ္စာပေါ့။ အများဆုံး ထောင်ဒဏ် တနှစ် အနည်းဆုံး ဒဏ်ငွေဘယ်လောက်ပေါ့။ ဒါမျိုးတွေ ဒဏ်ဆောင်ရမယ်။ အတိအကျ ပြဌာန်းထားပြီးသား။
အဲဒီအတိုင်းကို ဆောင်ရွက်မယ့် အဖွဲ့အစည်းတွေဘက်က လိုအပ်ချက်ရှိတယ်။ ပြီးတော့ ဒီဖြစ်စဉ်တွေဟာ အခုမှဖြစ်တာ မဟုတ်ဘူး။ ၂၀၁၂ မှာ ကိုယ်ပထမဆုံး စကြုံရတာက ဥတ္တရသီရိ၊ ဘုရားထောင်ကျေးရွာမှာ ဆိုင်းဘုတ်ဖျက်ဆီးခံရတယ်။ နောက်အောင်သုခကျေးရွာမှာ ဒေါ်စန္ဒာမင်းရဲ့ နေရာတွေ အဲဒီနေရာတွေ ဖျက်ဆီးခံရတယ်။ ကိုယ်ကိုယ်တိုင်လည်း အရင် ဆုံးစပြီးမှ ဒီကြာဖြတ်ရွေးကောက်ပွဲမှာ မှတ်မိတယ်ဆိုရင် လောက်လေးခွနဲ့ အပစ်ခံရတာ ကိုယ့်ကိုရည်ရွယ်ပြီးမှ ပစ်တယ်။
အဲဒီမှာ အောင်နိုင်ရေး အဖွဲ့ဝင် အမျိုးသမီး ကလေးမလေး တယောက်ကို ထိမှန်သွားတယ်။ အဲဒီအတွက်လည်း သက်သေ သက္ကရနဲ့ ရှိခဲ့တာ။ ဒါနဲ့ပတ်သက်ပြီးမှ ဆွေးနွေးတဲ့ အချိန်မှာတော့ ဒီရဲ့သတ်မှတ်ထားတဲ့ ဥပဒေအရ အမှုဖွင့်တာပဲ။ ဒါပေ မယ့် ဖမ်းမမိတာက တမျိုး ရှာလို့မရတာနဲ့ ဒီအမှုတွေဟာ အမှုသာ ဖွင့်လှစ်ထားတာ ဒီအပေါ်မှာ တရားခံ မမိတဲ့ အနေ အထားမျိုးတွေရှိတယ်။ အခုကျတော့လည် တချို့တရားခံတွေမိတာ ဖျက်ဆီးတာ အဲဒီအခါကျတော့ သက်ဆိုင်ရာ ဥပဒေအရ သွားနေတာတွေ ရှိတာပေါ့လေ။
ဇေယျာသီရိမှာဆိုရင် အခုရွေးကောက်ပွဲ စစချင်းကိုယ်တို့ ဆိုင်းဘုတ် ဖျက်ဆီးခံရတယ်။ တကယ့် လူမမယ် ၁၇၊ ၁၈၊ ၁၆ ဝန်းကျင် ဒီလူငယ်တွေ ဖြစ်တယ်။ အဲဒီအပေါ်မှာလည်း ကိုယ်စားလှယ်တွေက ဖျောင်းဖျတယ်။ ကျနော်တို့ အကြီးအကဲ တွေရဲ့ လမ်းညွှန်ချက်နဲ့ ဒီကလေးတွေ ဒါမျိုး ဖျက်ဆီးတဲ့စိတ်မျိုး မဖြစ်အောင် အဓိက ထားတယ်။ ဘေးကြောင့် မဟုတ်ဘဲနဲ့ မိမိ စိတ်ထဲမှာဆိုရင် သာမန် ဖြူစင်ရိုးသားတဲ့ လူငယ်တွေအနေနဲ့ ဒါဖြစ်စရာ အကြောင်းတော့ မရှိဘူး။
အဲဒီအပေါ်မှာတော့ ဥပဒေက ဥပဒေအတိုင်းပဲ သွားမယ်။ သို့သော် နှစ်သိမ့်မှုနဲ့ ဖေးမမှုကိုတော့ အမြဲတမ်း လုပ်မယ်။ အရင် တုန်းက အဲဒီအစိုးရ ပါတီကို ထိဖို့ မလွယ်ဘူး။ အစိုးရ ဖြစ်နေလို့ အခုက အစိုးရပါတီပါ ခံရတာလည်း ရှိသလို တချို့က ဒီဘက်က ဖြစ်နေတယ်။ ဒါကြောင့် ဒီဟာကတော့ ပြည်သူ့အစိုးရမှာတော့ ဒီမိုကရေစီနိုင်ငံတွေရဲ့ အနေအထားအရတော့ အားပြိုင်မှုပြင်းထန်လာရင် ဒီဟာတွေကတော့ဖြစ်တဲ့သဘာဝရှိတယ်။ ဒါပေမယ့် ဥပဒေနဲ့ ထိန်းကြောင်းတယ်ဆိုရင် အတန် ငယ် လျော့သွားမယ်။ ဘာနဲ့ အလားတူလည်းဆိုရင် ကျနော်တို့ ဒီဘောလုံးပွဲတွေပဲ ပြိုင်ပြီဆိုရင် ဒီအချိန်မှာ အသည်း အ သန် ပြိုင်တဲ့အချိန် ဘောလုံးပွဲတွေက ညီအကိုချင်းဖြစ်ပါစေ။ တရွာနဲ့တရွာ အမျိုးချင်း ဖြစ်ပါစေ။ ဒီရဲ့ ကစားတဲ့ နိုင်လိုတဲ့ ပြင်းပြတဲ့ဆန္ဒတွေဟာ အားကစားပွဲ အဲဒီချိန်မှာ သူတို့ခံစားချက်တွေက အရမ်းပေါက်ကွဲလာတယ်။
ပေါက်ကွဲပြီးမှ စောစောက ဒါနိုင်ငံတကာမှာ ဘယ်လောက် လုံခြုံရေးနဲ့ချထားတဲ့ ဘောလုံးပွဲဖြစ်သလို ဘောလုံးပွဲတွေမှာ ခိုက်ရန် ဖြစ်ပွားတာတို့ ထိန်းသိမ်းရခက်တာတို့ ဖြစ်သလို ဒီရွေးကောက်ပွဲကာလမှာ ဒီမိုကရေစီ နိုင်ငံကြီးလို့ပြောလို့ရတဲ အန္ဒိယတို့လိုမျိုး ထိုင်းတို့လိုမျိုး ဒါတွေကဖြစ်နေတာပဲ။ ဒါပေမယ့် အများစု မဖြစ်ရအောင် ထိန်းချုပ် ရတယ်။ ဒါတွေကြောင့် ရွေးကောက်ပွဲ ပျက်သွားတဲ့ အနေအထားမျိုး မဖြစ်အောင်တော့ အဓိက သတ်မှတ်ထားတဲ့ ဥပဒေအတိုင်း ဆောင်ရွက်သွား ရမှာပဲမြင်ပါတယ်။

မေး ။ ။ကိုဗစ်ကာလမှာ လုပ်ရမယ့် ရွေးကောက်ပွဲ Free and Fair ဖြစ်ဖို့ ဘယ်လောက်လောက် မျှော်လင့်ထားလဲ။
ဖြေ ။ ။ ကိုဗစ်ကာလမှာဆိုရင် Free and Fair ဖြစ်ဖို့ဆိုတာ ရှင်းရှင်း ပြောရရင် အရင်တုန်းကလည်း ကိုယ်တို့ အတိုက် အခံပါတီပေါ့လေ။ အတိုက်အခံပါတီလို့ ပြောရတဲ့ ဒီNLD အနေနဲ့လည်း ဒီကြားထဲကပဲ လုပ်ခဲ့ရတာပဲ။ ဘယ်လောက် ကန့် သတ်ကန့်သတ် ပြည်သူ့ထောက်ခံမှုရှိရင် ဒီကိစ္စက ကြောက်စရာမလိုဘူး။ Free and Fair ဖြစ်၊ မဖြစ်ဆိုတာ သူတို့ရဲ့ သက် ဆိုင်ရာ ပါတီတွေနေနဲ့ သတ်မှတ်တာပဲ ရှိတယ်။ အဓိက ပြည်သူကနေ ဒီကိစ္စကို ဆုံးဖြတ်ပေးနေတာပဲ။
ဘာဖြစ်လို့လည်းဆိုတော့ ပြည်သူကသာ Free and Fair မဖြစ်ဘူး ဆိုရင် ဒီကိစ္စမှာ သူတို့ပါဝင်စရာ အကြောင်း မရှိဘူး။ အခုအချိန်ပါဝင်မှုက အရမ်းကြီး တက်ကြွနေလွန်းတာကို ပိုတောင်ပိုနေတယ်။ အဲတာကြောင့် Free and Fair ဖြစ်၊ မဖြစ် ဆိုတာ သူတို့ရဲ့ ကန့်သတ်ချက်တာ ဖြစ်တယ်။ လက်ရှိအနေအထားအရတော့ မောင်ရင်တို့သတင်းထောက်တွေလည်း အခု ခါတိုင်း သတင်းယူရတာထက်စာရင် ကန့်သတ်ချက်က ကိုဗစ်ကန့်သတ်ချက်ရှိတယ်။ ဒါပေမယ့် ဒီကြားထဲက ရအောင် ယူကြတာပဲ။ ရအောင်ပြောခိုင်းနေရတာပဲ ဖြစ်နေရတာပဲ။ အရင်လောက် မေးခွင့်ပြုခွင့် ဒီလောက်ခွင့်မသာခဲ့ဘူးလေ။ အရမ်း ခက်ခဲတယ်။
NLD ပါတီနဲ့ဆိုရင် အလုပ်များလို့သာ ကိုယ်တို့က ပြောဆိုခွင့်တွေဘာတွေက နည်းနည်းသိပ် မလုပ်တာ။ တကယ်တန်း တော့ ဒီကိစ္စနဲ့ပတ်သက်ရင် လွပ်လပ်ခွင့်ကတော့ အပြည့်ရှိပြီးသားလေ။ အရင်တုန်းက ဒါမျိုးမှမဟုတ်တာ။ အစိုးရဘက် ဆိုရင် ပြောရအရမ်းခက်တယ်။ ကိုယ်ကသာ လိုချင်တဲ့ သတင်းအနေအထားအရသာ ယူရသာခက်လို့သာကိုး။ ဒါပေမယ့် ကြိုးစား အားထုတ်မှုနဲ့က ကိုလုပ်နိုင်သလောက်က အကုန်လုံးကရတာပဲ။ ဒီနေ့သတင်းမီဒီယာကိစ္စကလည်း Free and Fair ဖြစ်တဲ့အပေါ်မှာ သုံးသပ်လို့ရပါတယ်။ တချို့ မီဒီယာကြီးတခုဆိုရင် သိသိသာသာကို အစိုးရကို လုံး၀ NLD အစိုးရ ပြန်မဖြစ်ရေး အတွက်ကို ဦးတည်နေတဲ့ အနေအထားမျိုး သိသိသာသာ တွေ့နေရတာပဲ။ အဲဒီတော့ ဒီကိစ္စနဲ့ပတ်သက်လို့ မီဒီယာရဲ့ လွတ်လပ်ခွင့်အရ တကယ်ထုတ်ဝေခွင့် ရထားတဲ့အတွက် ဘာမှပြောစရာ မရှိဘူး။ ဒါပေမယ့် အဲဒါကို ပြည်သူက ဆုံးဖြတ်သွားမှာပဲ။
မေး ။ ။ ဦးမင်းသူ အနေနဲ့ ဖြည့်စွက်ပြောချင်တာရှိရင်လည်း ပြောပေးပါဦး။
ဖြေ ။ ။ ဒီတခါ အောင်နိုင်ရေးက NLD အောင်နိုင်ရေး သက်သက် မဟုတ်တော့ဘူး။ ဝန်းရံပြည်သူလို့ ပြောတဲ့ ဝန်းရံ သူတွေ၊ ဝန်းရံပြည်သူရဲ့ အားက အရမ်းကြီးမားလွန်းအားတယ်။ အနာဂတ်အတွက်ကို ရည်မှန်းထားတဲ့ လူငယ်တွေရဲ့ နိုင်ငံရေးအပေါ်စိတ်ဝင်စားမှုက စောစောက ဒီကာလမှာ အကြောက်တရား ပျောက်လာတာနဲ့အမျှ ဒါတွေက လူငယ်တွေရဲ့ နိုင်ငံရေး ပါဝင်မှုဟာ အရမ်းပြင်းထန်တယ်။ အရမ်းတက်ကြွတယ်။ အရမ်းလုပ်လုပ်ပေးနိုင်တယ်။
ဒါကြောင့် ဒီဝန်းရံပြည်သူရဲ့အားဟာ ဒီတကြိမ်မှာတော့။ ဒါအခုလက်ရှိကြုံနေရတဲ့ ၂၀၂၀ ရွေးကောက်ပွဲကတော့ ဝန်းရံ ပြည်သူတွေရဲ့အားကြောင့် ထူးခြားချက်က ဖြစ်နေတယ်။ အောင်မြင်ရင်တောင် ပြည်သူ့အားကြောင့် ဆိုတဲ့ဥစ္စာ ကျနော်တို့ အမေစုပြောသလိုပဲ။ ပြည်သူ့အားကြောင့်။ ပြည်သူနဲ့အတူတသားတည်းဖြစ်လို့သာ ဒီလိုရတယ်ဆိုတာကိုပြောလို့ရတယ်။
နေပြည်တော်အနေနဲ့ နည်းနည်းထူးခြားတာက ဘာလည်းဆိုတော့ နေပြည်တော် ဒေသခံဟာ တိုင်းရင်းသားတွေ ရှိတယ် ဆိုတာကို လူတိုင်းမေ့နေတယ်။ နေပြည်တော်ရဲ့ အရှေ့ဘက်တောင်တန်းကြီးမှာ ကြည့်လိုက်တာနဲ့ အဲဒီမှာ ကျေးရွာပေါင်း ၅၉ ရွာ ရှိတယ်။ အဲဒီမှာ ကယန်း၊ ကရင် အထူးသဖြင့် ကယန်းတိုင်းရင်းသားတွေ အများဆုံးဖြစ်ပြီးမှ ကရင်နဲ့ ပအို့ဝ်နဲ့ ကရင်ဖြူ နောက်ရှမ်း ဒီတိုင်းရင်းသားတွေရှိသလို အနောက်ဘက်ခြမ်းအချို့မှာဆိုရင် ချင်းတိုင်းရင်းသားတွေရှိတယ်။
ကရင်တိုင်းရင်းသားတွေ ရှိတယ်။ ရခိုင်တိုင်းရင်းသားတွေရှိတယ်။ ဒီဟာတွေက ဒီတိုင်းရင်းသားတွေ အနေအထားနဲ့ ကိုယ်တို့တောင်ပေါ်တွေ ရောက်အောင်သွားတယ်။ အနောက်ဘက်ဆိုရင်လည်း အရင်လမ်းမပေါက်ခဲ့တဲ့ရွာတွေ အခု လမ်းပေါက်သွားပြီ။ လမ်းပေါက်သွားပြီးမှ အရင် မီးမရတဲ့ရွာတွေ NEP မီးတွေ ရပြီ။ နောက်စောစောက ဒီဗွက်လမ်း ပေါ့လေ။ ဗွက်တောလမ်းတွေက အခုကွန်ကရက်လမ်းတွေ အခိုင်အမာဖြစ်သွားပြီ။ အဲတာတွေဟာ ဒီဒေသဖွံ့ဖြိုးရေးနဲ့ ဆောင်ရွက်တဲ့အချိန်မှာ ဒီနေပြည်တော်ဒေသခံတိုင်းရင်းသားတွေရဲ့ အားပေးမှုလည်း အခိုင်အမာ ရထားပြီလို့ ပြောလို့ရတယ်။
ဒါကြောင့် နေပြည်တော်အနေနဲ့ကတော့ စောစောကအနာဂတ်အတွက်လူငယ်တွေရယ် နေပြည်တော် ဒေသခံ တိုင်းရင်း သားတွေရယ် တိုင်းရင်းသားတွေစိတ်ထဲမှာ တလျောက်လုံး ဒီမှာနေခဲ့တော့ ဒီဖက်ဒရယ်ဆိုတဲ့ ပေါင်းစည်းရေးအတွက်က သိပ်ကြီး ပြောစရာတောင် မလိုဘူး။ ပြည်နယ်တခုအနေနဲ့မဟုတ်ဘဲနဲ့ သူတို့ရဲ့စိတ်ထဲမှာ ဒေသခံ တိုင်းရင်းသားတွေရဲ့ ရင် ထဲမှာ ကိုယ်လည်းတိုင်းရင်းသားဖြစ်တဲ့အတွက် စစ်မှန်တဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် အလားအလာကောင်း အများကြီးရှိနေတယ်ဆိုတာ ပြောလို့ရတယ်။
အဲဒီမှာ တခြားပါတီတွေ တခြားဥစ္စာတွေကိုတော့ ပုတ်ခတ်ချင်တာ မဟုတ်ဘူး။ အဲဒီပေါင်းစည်းခြင်းဆိုတဲ့ ဖက်ဒရယ် တန်း တူညီမျှမှုနဲ့ ဖွံ့ ဖြိုးတိုးတက်မှုနဲ့ အတူအချိုးကျ ညီနိုင်မယ့် အခြေအနေမျိုးတွေဟာ ငြိမ်းချမ်းရေးသဘောမျိုးပေါ့လေ။ ငြိမ်း ချမ်းရေး ရလာရင်ပိုပြီးမှဖြစ်လာမယ်။ အဲဒီအတွက်လည်း အဖွဲ့ချုပ်ရဲ့ မူတွေမှာ ငြိမ်းချမ်းရေးနဲ့တိုင်းရင်းသားအရေးကို အထူးဆောင်ရွက်သွားမယ်ဆိုပြီးမှ ဒါသတ်မှတ်ချက် အရေးကြီး ၃ ချက်မှာ နံပါတ် ၁ အချက်အနေနဲ့ ပါခဲ့ပါတယ်။
ဒါကြောင့် အဓိကတော့ အဖွဲ့ချုပ်ရဲ့ ၂၀၂၀ ရွေးကောက်ပွဲကြေငြာစာတမ်းမှာပါတဲ့ အဓိကသုံးချက်ဖြစ်တဲ့ တိုင်းရင်းသား အရေးနဲ့ငြိမ်းချမ်းရေးကို အဓိကထား ဆောင်ရွက်သွားမယ်။ နောက်စစ်မှန်တဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကို အခြေခံတဲ့ အခြေခံဥပဒပေါ်ပေါက်ရေးကို ဦးတည်သွားမယ်။ နောက်နိုင်ငံသားအားလုံးရဲ့ ဖွံ့ ဖြိုးတိုးတက်မှု လုံခြုံတဲ့ ဘ၀ ဖြစ်အောင် ဆောင်ရွက်သွားမယ်ဆိုတာ ချုပ်ပြီးမှ ဒီအချက်သုံးချက်ဟာ အဓိကအနေနဲ့ ဆောင်ရွက်သွားမယ်ဆိုတာကို အားလုံးသိပေးချင်ပါတယ်။
နေပြည်တော် သတင်းထောက် ကျော်မျိုးနှင့် သီဟလွင် ပူးပေါင်း ရေးသားသည်။
You may also like these stories:
ငြိမ်းချမ်းရေး တည်ငြိမ်ရေး ပြဿနာတွေ ဖြေရှင်းဖို့ ဒီအစိုးရ လက်ထက်မှာ ပျောက်သွားတယ်
ရခိုင်၌ ရွေးကောက်ပွဲ မကျင်းပနိုင်သည့်နယ်များ မထုတ်ပြန်သေးခြင်း ကိုယ်စားလှယ်လောင်းများ ဝေဖန်
“ပြည်သူတွေဟာ ဘယ်သူ့မှ ကြောက်စရာ မလိုတော့ဘူး”