လုံခြုံရေး အကြောင်းပြချက်ဖြင့် ရခိုင်မြောက်ပိုင်းက မြို့နယ် ၉ မြို့နယ်နှင့် တခြား မြို့နယ်များမှ ကျေးရွာအုပ်စုများကို ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) က ထုတ်ပြန်ခဲ့သည်။
ထို ကော်မရှင် ထုတ်ပြန်ချက်အရ ရခိုင်တောင်ပိုင်းမြို့နယ်များ ဖြစ်သည့် သံတွဲ ၊ ဂွ ၊ မာန်အောင်၊ ရမ်းဗြဲ စသည့် မြို့နယ် ၄ ခု တွင်သာ တမြို့နယ်လုံး လွတ်လွတ်ကျွတ်ကျွတ် ရွေးကောက်ပွဲ ကျင်းပနိုင်တော့မည်ဖြစ်ကာ ယင်းမြို့နယ်များသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၏ အောင်မြေတခုဖြစ်ခဲ့သလို ရခိုင်ပါတီများ အနိုင်မရရှိခဲ့သော နယ်မြေများလည်း ဖြစ် သည်။
သို့သော်လည်း လက်ရှိ အခြေအနေတွင် ရခိုင်မြောက်ပိုင်းတွင် ရွေးကောက်ပွဲ မလုပ်နိုင်သည့်အတွက် အဆိုပါ တောင်ပိုင်း မြို့နယ်များတွင် ရခိုင်အမျိုးသား ပါတီ (ANP) က အင်တိုက် အားတိုက် မဲဆွယ်စည်းရုံးခြင်း၊ လူထောင်ချီ ဝန်းရံ အင်အား ပြခြင်းများဖြင့် တချိန်က ထောက်ခံမှု မရရှိခဲ့သည့် ယင်းမြို့နယ်များတွင် ရခိုင်အမျိုးသား ပါတီက အောင်ပွဲဆင်ရန် အား ထုတ်လုံးပန်းကာ ပြည်နယ် အစိုးရ အာဏာရယူရန်နှင့် ပြည်နယ်လွှတ်တော်ကို ထိန်းကျောင်းရန်ပါ မျှော်မှန်းထားသည်။
ထိုသို့သော အခြေအနေများနှင့် ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီမှ နိုင်ငံရေး မူဝါဒရေးရာ ကော်မတီဝင်လည်းဖြစ်၊ စစ် တွေမြို့နယ် မဲဆန္ဒနယ်မှ အမျိုးသား ကိုယ်စားလှယ်လောင်းလည်း ဖြစ်သူ ဦးထွန်းအောင်ကျော်အား ဧရာဝတီ သတင်း ဌာမှ အကြီးတန်း သတင်းထောက် မင်းအောင်ခိုင်က တွေ့ဆုံ မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။
မေး။ ။ ရခိုင်မြောက်ပိုင်း မဲဆန္ဒနယ်များကို ရွေးကောက်ပွဲ ဖျက်သိမ်းလိုက်တဲ့အပေါ် ANP အနေနဲ့ ဘာပြောချင်လဲ။
ဖြေ။ ။ ရခိုင်အမျိုးသား ပါတီဟာ ရခိုင်ပြည်နယ်မှာ အမျိုးသား အကျိုးစီးပွားအတွက် လိုအပ်ချက်တွေကို နိုင်ငံရေးနည်း လမ်းနဲ့ ကူညီမြှင့်တင်ပေးဖို့အတွက် ရည်ရွယ်ပြီးတော့ ဖွဲ့စည်းထားတဲ့ နိုင်ငံရေးပါတီတခုဖြစ်တယ်။ ၂၀၁၀ မှာလည်း ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ အနေနဲ့ စတင်ပြီးတော့ ဒီမိုကရေစီလမ်းကို လျှောက်လှမ်းလာတယ်။ ရခိုင်ပြည်နယ် မှာ အများဆုံး အနိုင်ရတဲ့ နိုင်ငံရေးပါတီတခု ဖြစ်ခဲ့တယ်။ မြို့နယ်တိုင်းမှာ ကန့်သတ်ခြင်း မခံရဘဲနဲ့ ပြည်သူတွေကလည်း နိုင်ငံသား တယောက်ရဲ့ ရပိုင်ခွင့် အခွင့်အရေးအရ မဲထည့်ပေးတာကြောင့် နိုင်တယ်။
၂၀၁၅ မှာလည်း အဲဒီ အတိုင်းပဲ။ အဲဒီတုန်းကလည်း ရခိုင်ပြည်နယ်မှာ ရှိတဲ့ ၁၇ မြို့နယ်လုံး ဘာကန့်သတ်ချက်မှ မရှိဘဲ ရခိုင်ပြည်သူတွေဟာလည်း ပြည်ထောင်စုဆိုတဲ့ မြန်မာနိုင်ငံမှာ တခြားတိုင်းရင်းသား ညီအစ်ကို မောင်နှမတွေလို တန်းတူ မဲပေးနိုင်ခွင့် ရခဲ့တယ်။ နိုင်ငံသားအခွင့်အရေး ကို အပြည့်အဝ ရရှိခဲ့တယ်။ အခု၂၀၂၀ မှာကျတော့ ဒီ အမျိုးသား ဒီမိုကရေ စီ အဖွဲ့ချုပ် (NLD) ပါတီ၊ ၂၀၁၀ မှာ နဝတ စစ်အစိုးရ၊ ၂၀၁၅ မှာ ဦးသိန်းစိန် သမ္မတ အုပ်ချုပ်တဲ့ ကြံ့ခိုင်ရေးပါတီ အစိုးရ အ ခု ၂၀၂၀ မှာ အရပ်သားပြည်သူစစ်စစ်ကတင်မြှောက်တဲ့ ဒီမိုကရေစီပြည်သူ့ အစိုးရ လက်ထက်မှာကျမှ ကျနော်တို့ ရခိုင် က စစ်တွေ၊ မောင်တော၊ မြောက်ဦး ခရိုင် ၃ ခုမှာ ၁၀ မြို့နယ် ရှိတဲ့ကြားထဲက စစ်တွေမြို့နယ်တခုကိုပဲ ချန်လှပ်ပြီးတော့ ကျန်တဲ့ ၉ မြို့နယ်ကို လုံခြုံရေးကို အကြောင်းပြပြီးတော့ ရွေးကောက်ပွဲ မလုပ်နိုင်လို့ ပိတ်ပင်လိုက်တာဟာ ကျနော်တို့ အနေနဲ့ တရားမျှတမှု မရှိဘူးလို့ မြင်တယ်။
ရခိုင်မှာ တိုက်ပွဲ လုံးဝ မရှိတဲ့ ပေါက်တောမြို့နယ်ကို တမြို့နယ်လုံး ဖယ်လိုက်တယ်။ နောက်ပြီးတော့ မောင်တော တို့လို တိုက်ပွဲ မရှိတဲ့နေရာတွေကို တမြို့နယ်လုံး ဖယ်လိုက်တာဟာ ရွေးကောက်ပွဲမှာ ANP ပါတီနဲ့ ယှဉ်ပြိုင်လိုက်လို့ လုံးဝ ရှုံး မယ်ထင်တဲ့ မြို့နယ်တွေကို နိုင်ငံရေးသိက္ခာကို မထောက်ဘဲ ရက်ရက်စက်စက် ပယ်ချလိုက်တာဟာ လုံးဝ တရားမျှတမှု မရှိဘူးလို့ မြင်တယ်။
မေး။ ။ အခုလို ရွေးကောက်ပွဲ ဖျက်သိမ်းလိုက်တော့ ကိုယ်စားလှယ်လောင်း အရေအတွက်ရော ဘယ်လောက် နစ်နာ ဆုံးရှုံးခဲ့ရလဲ။
ဖြေ။ ။ ဒီ ၉ မြို့နယ်မှာ အမျိုးသား လွှတ်တော် ၅ ယောက်၊ ပြည်သူ့လွှတ်တော် ၉ ယောက်၊ ပြည်ထောင်စု အဆင့် ၁၄ ယောက်ပေါ့။ နောက်ပြီး ပြည်နယ်လွှတ်တော် တမြို့နယ်မှာ၂ ယောက် ဆိုရင် ၁၈ ယောက် ပေါင်း ၃၂ ယောက်လောက် ပါတီအတွက် ဆုံးရှုံးသွားတယ်။
မေး။ ။ တနေ့က ကော်မရှင်နဲ့ တွေ့ဆုံပြီးတော့ တချို့မြို့နယ်တွေမှာ ရွေးကောက်ပွဲ ပြန်လည် ကျင်းပနိုင်ဖို့ တွေ့ဆုံပွဲ မှာ ANP က တင်ပြဆွေးနွေးတဲ့ အကြောင်းအရာတွေကိုလည်း သိပါရစေ။
ဖြေ။ ။ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်ကို ဒီလို တရားမျှတမှု မရှိဘဲနဲ့ မြို့နယ်ပေါင်း ၉ မြို့နယ် ဖျက်သိမ်းတာ။ နောက် ပြီးတော့ ရခိုင်ပြည်နယ်မှာရှိတဲ့ ရခိုင်အမျိုးသား ပါတီအတွက် ရွေးကောက်ပွဲ လုပ်ရင် မဲအပြည့်အဝ ရရှိနိုင်တဲ့ ဒေသတွေ ကို ဖျက်သိမ်းလိုက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ရခိုင်အမျိုးသားပါတီက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဆီကို တော့ တင်ပြခြင်း မရှိဘူူး။ သို့သော် ဒီလို မမျှတတဲ့ကိစ္စကို ANP ကနေပြီးတော့ ပြောဖို့ တာဝန်ရှိတဲ့အတွက် ရခိုင်ပြည် နယ် ရွေးကောက်ပွဲ ကော်မရှင်ကို တင်ပြပြီးတော့ ပြန်သုံးသပ်သင့်တယ် ဆိုပြီးတော့ စာတင်ထားတာ ရှိခဲ့တယ်။
ဒါကြောင့် ပြည်နယ် ရွေးကော်က ရွေးကောက်ပွဲ ဖျန်ဖြေရေး ကော်မတီအပါအဝင် နိုင်ငံရေးပါတီတွေ၊ ဌာနဆိုင်ရာ အကြီး အကဲတွေပါတဲ့ အစည်းအဝေးကို ခေါ်ယူတဲ့အတွက် အဓိကတော့ ကျနော်တို့ပါတီက တင်ပြထားတဲ့ ပြန်လည်သုံးသပ်ဖို့စာ ကို အဓိကထားလို့ ဆွေးနွေးကြတယ်။ ကျနော်တို့ကလည်း ခုနက ပြောခဲ့သလို တိုက်ပွဲပြင်းထန်တဲ့ ပလက်ဝမြို့နယ်ကို တောင် ရွေးကောက်ပွဲ ကျင်းပနိုင်ပြီးတော့ ဒီကမြို့နယ်တွေကို ရွေးကောက်ပွဲပြန်လို့ ကျင်းပ ပေးသင့်တယ်လို့ ပြောခဲ့တာ။
သို့သော် အဲဒီဘက်က တင်ပြလာတာက ဥပမာ မြောက်ဦးမြို့နယ်မှာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ၉၀ ကျော် နုတ်ထွက် ထားတယ်။ မင်းပြားမှာ ၇၀ ကျော် နုတ်ထွက်ထားတယ်။ မြေပုံ ၄၀ ကျော် နုတ်ထွက်ထားတယ်။ ဆိုပြီးတော့ တင်ပြတဲ့ အတွက်ကြောင့် ရပ်ကွက် ကျေးရွာတွေမှာ တာဝန်ခံမှု တာဝန်ယူမှု မရှိတဲ့ နေရာတွေကို ဘာမှ လုံခြုံရေး အာမခံချက် ရှိ တဲ့ မြို့နယ်တွေလို့ မသတ်မှတ်နိုင်တဲ့အတွက် အဲဒီမြို့နယ်တွေမှာ ရွေးကောက်ပွဲ လုပ်နိုင်မှာမဟုတ်ဘူးလို့ ပြောတယ်။
ဒါကြောင့် ဒီမြို့နယ်တွေကို တင်ပြရင်လည်း ဘာမှအကျိုးရှိမှာ မဟုတ်ဆိုပြီးတော့ ဖြစ်နိုင်ခြေရှိတဲ့ မြို့နယ်တွေကိုသုံးသပ်ပြီးတော့ ဆွေးနွေးပေးပါ ဆိုပြီးတော့ ပြည်နယ် ရွေးကော်အဖွဲ့ဝင်အားလုံးကို သုံးသပ်ဆွေးနွေးဖို့ ခိုင်းတဲ့အခါမှာ အများ သဘောတူညီချက်အရ စစ်တွေမြို့နယ်က ပယ်ဖျက်ထားတဲ့ ကျေးရွာအုပ်စု ၄ ခု၊ နောက် မောင်တောမြို့ပေါ်နဲ့ တောင် ပိုင်း၊ ပေါက်တောမြို့နယ် တခုလုံးနဲ့ တောင်ကုတ်က ကျေးရွာအုပ်စုတွေကို ပြန်လုပ်သင့်တယ်လို့ အစည်းအဝေး သဘော တူညီချက်ယူပြီးတော့ ပြည်နယ်က လုံခြုံရေး ကော်မတီ အစည်းအဝေးမှာ တင်ပြသွားမယ် ဆိုပြီး ဆုံးဖြတ်ခဲ့ကြတာ ရှိ တယ်။
မေး။ ။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက ရခိုင်ပါတီတွေ အနိုင်မရခဲ့တဲ့ သံတွဲ၊ တောင်ကုတ်၊ ဂွ၊ မာန်အောင်စတဲ့ နေရာတွေ ကို ANP က လက်ရှိမှာ အလုံးအရင်း ချီတက်ပြီးတော့ အင်အားပြတာတွေ တွေ့ရတယ်။ ပြည်သူတွေကလည်း ဝန်းရံတာရှိတယ်။ အဲဒီမြို့နယ်တွေမှာ ANP ပါတီရဲ့ အောင်နိုင်ရေး အခြေအနေ ဘယ်လို အလားအလာရှိလဲ။
ဖြေ။ ။ ကျနော်တို့က ၂၀၁၅ မှာလည်း ကတိပေးခဲ့တယ်။ ရခိုင်ပြည်နယ်မှာ ကျနော်တို့သာ အများဆုံး အနိုင်ရတယ်ဆိုရင် ပြည်သူတွေရဲ့ လက်ရှိ ခံစားနေရတဲ့ ဒုက္ခ၊ သုခတွေကို နိုင်ငံရေး ပြဿနာတွေကို ပြည်သူတွေ အကျိုးအတွက် ဖြေရှင်း ဆောင်ရွက်ဖို့နေရာမှာ အုပ်ချုပ်ရေး အာဏာ လိုအပ်တယ်။ အုပ်ချုပ်ရေး အာဏာ မရှိဘဲ၊ အမတ်ဖြစ်ရုံနဲ့ ပြည်သူတွေရဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ကတိပေးခဲ့တယ်။
အမတ်အားလုံး အနိုင်ရခဲ့ရင် ရခိုင်ပြည်နယ်မှာ ပြည်နယ် အစိုးရဖြစ်အောင် ရွေးကောက်ပွဲ လုပ်မယ်ဆိုပြီးတော့ တပြည် နယ်လုံး ၂၃ ယောက် အများဆုံးနိုင်တဲ့အတွက်ကြောင့် အစိုးရကို ပြည်နယ်အစိုးရ ဖွဲ့ဖို့ တောင်းဆိုခဲ့တယ်။ ၁/၂၀၁၆ သဘောထားကြေညာချက်နဲ့ တောင်းဆိုခဲ့တယ်။ တကယ်လို့ အစိုးရ ဖွဲ့ခွင့်မရဆိုရင် မည်သည့်နေရာကိုမှ အစိုးရ ပေး တာ လက်ခံမယ် မဟုတ်ဘဲ အတိုက်အခံနဲ့ နေမယ်ဆိုပြီးတော့ တရားဝင် တောင်းဆိုခဲ့တာ။
အဲဒီတုန်းက ကျနော်တို့ အများဆုံး အနိုင်ရခဲ့ရင်လည်း အစိုးရ ဖွဲ့ခွင့်မရဘဲ တပြည်လုံး အနိုင်ရတဲ့ NLD ကပဲ ဦးညီပု ကို ဝန်ကြီးချုပ်ခန့်ပြီးတော့ ပြည်နယ်အစိုးရ ၅ နှစ်တာကို ဖြတ်သန်းတဲ့ အချိန်မှာ သိကြတဲ့အတိုင်းပဲ။ ပြည်ခိုင်ဖြိုးအစိုးရ အုပ် ချုပ်ခဲ့တဲ့ အချိန်မှာ ပြင်းထန်ဆိုးဝါးတဲ့ ပြည်သူတွေရဲ့ ဒုက္ခကို မတွေ့ခဲ့ရဘူး။ အခု ၂၀၁၅ နဲ့ ၂၀၂၀ မှာ ရခိုင်ပြည်သူတွေရဲ့ ကျေးရွာတွေ၊ အိုးအိမ်တွေ မီးရှို့ဖျက်ဆီးခံရတာတွေ ရွာပေါင်း ၄၀ လောက် ရှိတယ်။
နောက်ပြီး လယ်ယာမြေဧက၂၀၀၀၀ လောက်ကို လုံးဝ ထွန်ယက်ခြင်း မပြုနိုင်တဲ့ ကိစ္စတွေ၊ ပြည်သူ ၂ သိန်းခွဲလောက် မိမိ တို့ရဲ့ ဥစ္စာပစ္စည်းတွေကို စွန့်ကာ အဝတ်တထည် ကိုယ်တခုနဲ့ ထွက်ပြေးကြရတယ်။ နောက် အဆိုးဝါးဆုံးက ရခိုင်မှာ စီး ပွားရေး ပြိုလဲတာကြောင့် စားဝတ်နေရေး အခက်အခဲ တော်တော် ရှိတယ်။ စစ်တွေမြို့ပေါ်မှာတောင် စစ်ဘေးရှောင်စခန်း ၂၂ ခု ရှိတယ်။ ဒါကြောင့် လယ်ယာ၊ ကျွဲနွား ဆုံးရှုံးခြင်းတွေ ရှိတယ်။ နောက်တခါ ပြန်လည်ထူထောင်ဖို့ လုံးဝခက်ခဲသွား တော့ ကြေကွဲစရာတွေ တွေ့ရတယ်။
အဲဒီကိစ္စတွေကို ကျနော်တို့ ရခိုင်တွေရဲ့ ဒုက္ခတွေကို ရခိုင်ကပဲ ဖြေရှင်းဆိုတဲ့အတွက် ပြည်နယ်အစိုးရကို ရခိုင်ပဲဖြစ်သင့်တယ်လို့ ခံယူတဲ့အတွက် ကျနော်တို့ ၅ နှစ်တာကာလမှာ ရခိုင်ပြည်နယ်ရှိ ခရိုင် ၅ ခုကိုလည်း စည်းရုံးတယ်။ တည်ဆောက် တယ်။ ဘာကြောင့်လဲဆိုတော့ ဒီရွေးကောက်ပွဲ ရလဒ်မှာ ၁၇ မြို့နယ်စလုံး ANP က အောင်ပွဲဆင်ပြီးတော့ ပြည်နယ် လွှတ် တော်ကို လွတ်လပ်စွာ လုပ်နိုင်ရင် ရခိုင်ပြည်နယ် အစိုးရကို ဖွဲ့နိုင်ဖို့ ဆိုပြီးတော့ ခံယူချက်နဲ့ တည်ဆောက်ခဲ့တာ။
အခု ၉ မြို့နယ်ကို ပယ်လိုက်ရင်လည်း ကျနော်တို့ တည်ဆောက်ထားတဲ့ အင်အားတွေနဲ့ အစိုးရက ရွေးကောက်ပွဲ မလုပ် နိုင်လို့ ပြောထားတဲ့အပေါ်မှာ သံတွဲ၊ ကျောက်ဖြူခရိုင်က လူတွေ ကျနော်တို့ရဲ့ သွေးသားရင်း စိတ်ဓာတ်တွေက မခံချင် စိတ်တွေ ပေါ်ပေါက်လာပြီးတော့ ဆထက်ထမ်းပိုး ANP ကို ထောက်ခံလာတာကို တွေ့မြင်လာရတယ်။
မေး။ ။ ရခိုင်တောင်ပိုင်းက မြို့နယ်တွေမှာ ANP က အနိုင်အရခဲ့ရင် ရခိုင့်နိုင်ငံရေးက ဘယ်လိုပြောင်းလဲသွားမယ်လို့ မျှော် မှန်းထားလဲ။
ဖြေ။ ။ ANP ကသာ ရွေးကောက်ပွဲမှာ နေရာတိုင်းနိုင်ခဲ့ရင် ပြည်နယ်အစိုးရ ဖွဲ့နိုင်ဖို့ အင်အားတရပ်ပဲ ဖြစ်တယ်။ နောက် တပ်က၂၅ ရာခိုင်နှုန်း ပါဝင်တယ်ဆိုရင်လည်း အနိုင်ရရှိတဲ့ ပြည်နယ် လွှတ်တော်မှာ ၈ မြို့နယ်က ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ၁၆ ယောက်ထဲက ဦးဖိုးစံဟာ သူရဲ့သားက AA ကို ကူးပြောင်းသွားတယ်လို့ ပြောဆိုချက်နဲ့ ကျနော်တို့ ဒီ ရွေးကောက်ပွဲမှာ ကန့်ကွက်ခံရတာဟာ တနေရာ လစ်လပ်သွားတာပေါ့။ နောက် တောင်ကုတ် ပြည်နယ်လွှတ်တော် မဲ ဆန္ဒနယ် တခုလုံး ANP အတွက် အလားအလာကောင်းတဲ့ မဲဆန္ဒနယ်လည်း ပယ်ဖျက်ခံရတဲ့အတွက် ကျနော်တို့မှာ ၂ နေ ရာ လစ်လပ်သွားတယ်။
ဒါကြောင့် ကျန် ၁၄ ယောက်က အပြည့်နိုင်မှ ၁၄ ယောက်ပဲ တက်နိုင်မယ်။ ဒါကြောင့် အချိုးကျ တပ်မတော်သား ကိုယ်စား လှယ်ဟာ ၅ ယောက် ဖြစ်လာမယ်။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် ပြည်နယ်လွှတ်တော်မှာ နေရာအားလုံးကို အနိုင်ရရှိရင် ပြည် နယ်အစိုးရ ဖွဲ့ဖို့အတွက် အလားအလာ အများကြီး ကောင်းတယ်။ ပြည်နယ် လွှတ်တော်ကိုလည်း အရင် ၂၀၁၅ ကလို အင် တိုက်အားတိုက်နဲ့ လုပ်နိုင်မယ်။
မေး ။ ။ ANP က အမတ်အရေအတွက် အများဆုံး အနိုင်ရရှိပြီး လွှတ်တော်နဲ့ အစိုးရပိုင်းမှာ ဆောင်ရွက်ခွင့်တွေရမယ် ဆို ရင် လက်ရှိ ရခိုင်မှာဖြစ်နေတဲ့ စစ်ရေး ပဋိပက္ခတွေကို ဘယ်လိုပုံစံ လျော့ကျအောင် ဖြေရှင်းနိုင်ဖို့အတွက် ရည်မှန်းချက် တွေ ရှိလဲ။
ဖြေ။ ။ ရခိုင်အမျိုးသားပါတီက ရခိုင်အစိုးရ၊ လွှတ်တော်မှာ လွတ်လွတ်ကျွတ်ကျွတ် ထိန်းချုပ်နိုင်ရင်တော့ ပထမဆုံးလုပ်ရမယ့် အလုပ်က ပြည်သူတွေရဲ့ စားဝတ်နေရေးအတွက် အရင် လုပ်ရမယ်။ အခု ပြည်သူလူထု ၃ ပုံ ၂ ပုံလောက်က စားဝတ် နေရေး အခက်အခဲ ဖြစ်နေတယ်။ ဒါကို ပထမဆုံး ဖြေရှင်းရမယ်။ နောက်တခုက ရခိုင်မှာက လယ်ယာလုပ်ငန်းကို အများစု လုပ်ကြတာ။ အခု လယ်ယာဧကတွေ မလုပ်ကိုင်နိုင်ဘဲ ဆုံးရှုံးနေတာရှိတဲ့အတွက် စားဝတ်နေရေး အခက်အခဲ ဖြစ်လာနိုင် တယ်။ ဒါကြောင့် ဒီလယ်တွေကို လုံခြုံမှု အာမခံချက်အပြည်နဲ့ လုပ်ကိုင်နိုင်အောင် ဖြေရှင်းပေးရမယ့် တာဝန်ရှိတယ်။ ဒီဟာ တွေကို လုပ်နိုင်ဖို့အတွက် ရခိုင်ဒေသမှာ ပြည်သူတွေ တည်ငြိမ်ပြီး ငြိမ်းချမ်းရေး ရဖို့ လိုတယ်။
ဒါကြောင့် ကျနော်တို့မှာ ပြည်နယ် အစိုးရ၊ ပြည်နယ် လွှတ်တော်ဖြစ်လာရင် တာဝန်ခံမှုရှိဖို့အတွက် ဘက်တဖက်ကို မဟုတ် ဘဲနဲ့ ပြည်သူအားလုံးရဲ့ မျက်နှာကို ရှေးရှုပြီးတော့ နှစ်ဖက်စလုံးကို ငြိမ်းချမ်းရေး စားပွဲဝိုင်းကို မရောက် ရောက်အောင် နိုင်ငံ ရေးနည်းအရ တွန်းအားပေးဖို့ တာဝန်ဟာ ပြည်နယ်အစိုးရရဲ့တာဝန်ပဲ ဖြစ်တယ်။ ဘယ်သူ့မျက်နှာကိုမှ မထောက်ဘဲနဲ့ ပြည်သူရဲ့မျက်နှာကို ထောက်ပြီး ဒုက္ခအများအပြား ခံစားနေရတာတွေ အသက်၊ အိုးအိမ်စည်းစိမ် ပျက်စီးသွားတဲ့ ဒုက္ခကို အမြန်ဆုံး အဆုံးသတ်ဖို့အတွက် ငြိမ်းချမ်းရေးကို တွန်းအားပေးရမယ်။ ဒါကြောင့် ပြည်နယ်အစိုးရ လုပ်ခွင့်ရရှိမယ်ဆိုရင် အားလုံး ဘက်ညီမျှအောင် တိုက်တွန်းသွားမယ်။
မေး။ ။ ပြီးခဲ့တဲ့၂၀၁၅ ရွေးကောက်ပွဲတုန်းက ရခိုင်အမျိုးသားပါတီက ပြည်နယ်မှာ အများဆုံး အနိုင်ရရှိခဲ့တယ်။ အခု ရွေး ကောက်ပွဲမှာလည်း အနိုင်ရရှိသွားမယ်ဆိုရင် ဖွဲ့စည်းပုံအရ သမ္မတရဲ့ လုပ်ပိုင်ခွင့်အရ လက်ရှိ အာဏာရပါတီက တဦး တယောက်ကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်သွားရင်ရော ANP ပါတီဘာတွေ ဆက်လုပ်မလဲ။
ဖြေ ။ ။ လူအများစုက နိုင်ငံရေးကို သေချာ မသုံးသပ်ဘဲ အခုလိုပဲ ဆက်ပြီးတော့ အနိုင်ရသူက အစိုးရဖွဲ့နိုင်ဖို့လို့ အများ ကြီးက ဒီလိုပဲ ထင်ကြတယ်။ သို့သော် ANP က မြန်မာနိုင်ငံမှာ တတိယအများဆုံး အနိုင်ရခဲ့တဲ့ ပါတီ ဖြစ်ခဲ့တယ်။ ဒီ ပါတီ မှာ နိုင်ငံရေးအရ အတွေ့အကြုံရှိတဲ့ ခေါင်းဆောင်တွေလည်း အများကြီး ပါဝင်နေတယ်။ ဒါကြောင့် ကျနော်တို့ မြင်တဲ့ အမြင်က NLD ဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲကလို တောင်ပြိုကမ်းပြို မနိုင် နိုင်တော့ဘူး။ ဒီရွေးကောက်ပွဲ ရလဒ်က ညွန့် ပေါင်း အစိုးရလည်း ဖြစ်လာနိုင်တဲ့ အခြေအနေရှိတယ်။
တကယ်လို့ ညွန့်ပေါင်း အစိုးရဖြစ်သွားရင် တိုင်းရင်းသားပါတီတွေ ရဲ့ အခန်းကဏ္ဍဟာ အလွန်အရေးပါတဲ့ ထိပ်တန်းနေရာ က ရှိနေမယ်။ ဒါကြောင့် ကျနော်တို့အနေနဲ့ ပြည်ထောင်စု လွှတ်တော်မှာ ညွန့်ပေါင်းအစိုးရ ဖြစ်သွားရင် ရခိုင်ပြည်နယ် လွှတ်တော်မှာလည်း အများစု အနိုင်ရခဲ့ရင် ရခိုင်ပြည်နယ်အစိုးရ ဖွဲ့နိုင်ဖို့အတွက် အလွန်တရာ မျှော်လင့်ချက်ရှိတဲ့ အခြေ အနေတခုလို့ ကျနော်တို့ သုံးသပ်တယ်။
မေး။ ။ ရခိုင်ပြည်နယ်ထဲက ပါတီတွေဖြစ်တဲ့ AFP၊ ALD တို့ကလည်း အထိုက်အလျှောက် အနိုင်ရလာခဲ့ရင် လွှတ်တော်နဲ့ အစိုးရအဖွဲ့ ဖွဲ့ကြတဲ့အခါမှ အဲဒီ ပါတီတွေနဲ့ ဘယ်လို အပေးအယူ လုပ်ပြီး ပေါင်းစပ်ညှိနှိုင်းသွားမလဲ။
ဖြေ။ ။ လွှတ်တော်တို့၊ အစိုးရတို့ ဖွဲ့စည်းတဲ့အခါ အပေးအယူ ညှိနှိုင်းဖို့ ဆိုတာကတော့ အစိုးရ ဖွဲ့စည်းနိုင်ဖို့ လိုအပ်တယ်။ ဥပမာ အစိုးရ ဖွဲ့စည်းနိုင်ဖို့အတွက် မဲနဲ့ ရွေးချယ်ကြတဲ့အခါ လိုအပ်တဲ့ မဲအရေအတွက် အခြေအနေ ပေါ်ပေါက်လာပြီးမှ သာ တခြားလူတွေနဲ့ ညှိနှိုင်းသင့်ရင် ညှိရမယ်။ ကျနော်တို့ အနိုင်ရ မဲအရေအတွက်သာနေရင်တော့ တခြားလူနဲ့ ညှိနှိုင်း စရာ မလိုဘူး။ မဲအရေအတွက် မပြည့်ရင်တော့ မိမိတို့ ရခိုင်ပြည်သူတွေ အကျိုးအတွက် ညှိနှိုင်းသင့်ရင်တော့ ညှိနှိုင်းရ လိမ့်မယ်။
မေး။ ။ တကယ်လို့ AFP၊ ALD ပါတီထဲက အမတ်တွေ ထွက်ပေါ်လာလို့ရှိရင် ဒီမိုကရေစီ ယဉ်ကျေးမှုအရ သူတို့နဲ့ ပေါင်း စပ်ပြီးတော့ လွှတ်တော်၊ အစိုးရ အခင်းအကျင်းမှာ ရခိုင်နိုင်ငံရေးကို ဘယ်ပုံစံ ဆက်လျှောက် သွားမှာလဲ။
ဖြေ။ ။ ကျနော်တို့ကတော့ ဒီမိုကရေစီ ယဉ်ကျေးမှုအရ အားလုံး ရခိုင်သားတွေကို အချိန်မရွေး ခေါ်ယူ ညှိနှိုင်းတိုင်ပင်ဖို့ အတွက် ကျနော်တို့ ပါတီက အဆင်အသင့် ရှိနေတယ်။ ဘာဖြစ်လို့လဲဆိုရင် ကျနော်တို့ ပါတီက ပုဂ္ဂိုလ်တဦး တယောက် ကိုလည်းကောင်း၊ ပါတီအဖွဲ့အစည်း တခုကိုလည်းကောင်း တိုက်ခိုက်မှု၊ ဝေဖန်မှု ဘယ်သောအခါမှ မရှိခဲ့ဘူး။ ကျနော်တို့က မိမိတို့ ရခိုင်အမျိုးသားတွေအတွက် အကျိုးပြုချင်တဲ့ဆန္ဒနဲ့ ဘာပြဿနာမှ မရှိဘဲ ကိုယ်တို့ရဲ့ နိုင်ငံရေး ရည်မှန်းချက်တွေ ကို တစိုက်မတ်မတ် သွားနေတာ။ ဒါကြောင့်မို့ လိုအပ်ရင် အမျိုးသားအကျိုးစီးပွားအတွက် လက်ကမ်းကြိုဆိုဖို့ အဆင်သင့် ပါ။
မေး။ ။ လက်ရှိ ရခိုင်စစ်ရေးပဋိပက္ခတွေမှာ တပ်မတော်နဲ့ AA တို့ရဲ့ နှစ်ဖက် ဖမ်းဆီးခြင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ခံနေရတဲ့အခါမှာ တပ်မတော်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုပဲ ANP က ထောက်ပြ ဝေဖန်ပြီးတော့ AA ရဲ့ ချိုး ဖောက်မှုကိုတော့ လျစ်လျူရှုထားတယ် ဆိုပြီးတော့လည်း ပြောဆိုမှုတွေ ရှိနေတယ်။ အဲဒီ အပေါ်မှာ ဘာပြောချင်လဲ။
ဖြေ။ ။ ကျနော်တို့ကတော့ ရခိုင်အမျိုးသား အကျိုးစီးပွားကိုပဲ ရှေးရှုတယ်။ ကျနော်တို့ ဝေဖန် ထောက်ပြတာတွေကလည်း အထင်နဲ့ ပြောနေတာ မဟုတ်ဘူး။ အထူးသဖြင့် လူကိုယ်တိုင် ကျနော်တို့ကို သတင်းပေးပြီးတော့ အသိပေး တင်ပြလာတဲ့ အချက်အလက်တွေပဲ ဖြစ်တယ်။ ဥပမာ ဘယ်သူကတော့ ဘယ်လို နစ်နာတယ်။ ဘယ်ကျေးရွာမှာ ဘယ်လို လက်နက်ကြီး ကျည် ကျလို့ ထိခိုက် သေဆုံးတယ်။ နောက်ပြီး ဘယ်အဖွဲ့က ဘယ်ရွာမှာ ဖမ်းသွားတယ် ဆိုတာကို အချက်အလက်တွေ အပေါ်မှာ မူတည်ပြီးတော့ အများသိအောင် ထုတ်ပြန်တာ။ သက်ဆိုင်ရာ လူ့အခွင့်အရေး ကော်မရှင်၊ သမ္မတတို့ အတိုင် ပင်ခံ တို့ကို တရားဝင် အသိပေးပြီး တင်ပြတာ ဖြစ်တယ်။
အဲဒီမှာ မိသားစုဝင်တွေ သက်ဆိုင်ရာ မြို့နယ်က ပါတီဝင်တွေပြောပြချက်တွေပဲ တင်ပြတာ ဖြစ်တယ်။ ဘယ်လက်နက်ကိုင် အဖွဲ့အစည်းက ဖြစ်တယ် ဆိုတာကို သက်သေ မခိုင်လုံရင်တော့ ကျနော်တို့ မပြောနိုင်ဘူး။ သက်သေ အထောက်အထား ခိုင်လုံမှု ရှိရင်တော့ ပြည်သူအကျိုးအတွက် ရှေ့က မားမားမတ်မတ် ကာကွယ်ရမယ်။ ဆိုတာက ကျနော်တို့ပါတီ ခံယူထား တာက သက်သေ ခိုင်လုံရင်တော့ ဘယ်သူ့မျက်နှာကိုမှ မထောက်ဘဲ ပြောဆိုဖို့ အဆင်သင့် ရှိပါတယ်။ သက်သေ မရှိရင် တော့ ကျနော်တို့ မပြောနိုင်ဘူး။
မေး။ ။ ဘာများ ဖြည့်စွက် ပြောချင်ပါသေးလဲ။
ဖြေ။ ။ ရခိုင်အပါအဝင် ပြည်ထောင်စု မြန်မာနိုင်ငံ တခုလုံးက တိုင်းရင်းသား ပြည်သူတွေဟာ ဒုက္ခအမျိုးမျိုးနဲ့၊ အထူး သဖြင့် အာဆီယံနိုင်ငံတွေနဲ့ ယှဉ်လိုက်ရင်တောင်မှ မြန်မာနိုင်ငံဟာ စီးပွားရေးအားဖြင့် အလွန်တရာ နိမ့်ကျတဲ့ နိုင်ငံတခု ဖြစ်နေပြီ။ ဒီလို စီးပွားရေး နိမ့်ကျတဲ့ အခြေအနေ ဖြစ်တဲ့ အတွက်လည်း နိုင်ငံသားအားလုံးဟာ စားဝတ်နေရေး မပြေလည် ဘဲ တချို့လူ လက်တဆုပ်စာကလွဲလို့ ပြည်သူအများစုဟာ ငတ်မွတ်ခြင်း၊ လူ့ဘဝ အာမခံချက် မရှိခြင်း၊ လူမှုဘဝနိမ့်ကျ ခြင်းစတဲ့ အခက်အခဲတွေကို ရင်ဆိုင်နေရတယ်။ အဓိက အကြောင်းအရာကတော့ လက်နက်ကိုင် ပဋိပက္ခ ရှိနေသမျှ ကျနော်တို့မှာ ဘဝ အာမခံချက် မရှိရင် နိုင်ငံရေး ပြဿနာတွေနဲ့ ရင်ဆိုင်ရမယ်။
အထူးသဖြင့် ကျနော်တို့ ရခိုင်ပြည်နယ်မှာ ပြင်းထန်တဲ့ တိုက်ပွဲတွေကြောင့် ဆိုးဝါးတဲ့ဒဏ်တွေကို ပြည်သူတွေ တိုက်ရိုက်ခံ စားနေရတယ်။ ဒါကြောင့် ကျနော့်အနေနဲ့ တိုက်ပွဲတွေ ရပ်စဲပြီးတော့ ငြိမ်းချမ်းရေး စားပွဲပေါ်မှာ တိုင်းရင်းသား ညီအစ်ကို တွေပါလို့ ဟန်ဆောင် ပြောဆိုခြင်း မဟုတ်ဘဲနဲ့ နှစ်ပေါင်း ၇၀ လုံး တိုင်းရင်းသားတို့က အမြဲ ပြောနေကြတဲ့ တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ဖက်ဒရယ်ပြည်ထောင်စု စစ်မှန်စွာ ပေါ်ပေါက်ရေးဆိုတဲ့ မူတွေကို တာဝန်ရှိတဲ့ တပ်မတော်၊ အစိုးရ အဖွဲ့အစည်းနဲ့ အခြားတာဝန်ရှိတဲ့ အဖွဲ့အစည်းတွေက ညှိနှိုင်းတိုင်ပင် လိုက်လျောနိုင်ခဲ့ရင် ဒီပြဿနာတွေရဲ့ ၉၀ ရာခိုင် နှုန်းဟာ အဆင်ပြေသွားမှာ ဖြစ်တယ်။
ဒါကြောင့် ကျနော်တို့ကတော့ ဘက်ပေါင်းစုံကို မေတ္တာ ရပ်ခံချင်တယ်။ ဒီလက်နက်ကိုင် ပဋိပက္ခတွေကို အတတ်နိုင်ဆုံး ရပ်စဲပြီးတော့ ငြိမ်းချမ်းရေး စားပွဲဝိုင်းပေါ်မှာ ပြည်သူတွေရဲ့ မျက်နှာကို ထောက်ထားပြီးတော့ အမြန်ဆုံး ဆွေးနွေးကြပါ လို့ ပြောချင်တယ်။
You may also like these stories:
AA ဖမ်းသွားသည့် ရသေ့တောင် မြို့မိ မြို့ဖ ၂ ဦးအနက်မှ ၁ ဦးပြန်လွတ်လာ
မေယုမြစ်ထဲတွင် ICRC ထောက်ပံ့ရေး ရေယာဉ် ပစ်ခတ်ခံရ၍ ၁ ဦးသေဆုံး
ရွေးကောက်ပွဲ မကျင်းပနိုင်သည့် ရခိုင် ၄ မြို့နယ်ကိစ္စ ပြန်သုံးသပ်ရန် ပြည်ထောင်စုသို့ တင်